အပိုင်း (၆)
ရှီချန်အန်းသည် ရှောင်းချင်းယန့်၏ ကိုယ်ရေးကိုယ်တာသုံး အစေခံမိန်းကလေးနှစ်ဦးအား တွေ့၍ ဆုလက်ဆောင်များ ပေးပြီးသည်နှင့် သူတို့နှစ်ဦးအား ပြန်လွှတ်လိုက်သည်။ သူတို့နှင့် မည့်သည့်အကြောင်းအရာများအား စကားရှာ၍ပြောရမည်အား သူ အမှန်ပင် မသိချေ။
"သခင်လေး...အဲ့ဒီနှစ်ယောက်က သခင်လေးကို စေ့စေ့တောင် မကြည့်ရဲဘူး...ကြည့်ရတာ ဝမ်ရယ်က သူတို့ကို မျက်နှာသာမပေးတဲ့ပုံပဲ...သူတို့ကို မကြိုက်တာ သေချာတယ်...ကျွန်မတို့ စိုးရိမ်စရာမလိုတော့ဘူး...''
ရှီချန်အန်းတွင် အစေခံမိန်းကလေးနှစ်ဦးရှိသည်မှာ မှန်သော်လည်း သူ့အပါးတွင် အမြဲလိုနီးပါး ခစားရသူမှာ ချွန်းယွီ ဖြစ်သည်။ တုန်းရွှယ်မှာမူ ပင်ကိုစရိုက်ကပင် အလေးအနက်တွေးတတ်သူဖြစ်ပြီး ပြုံးပြုံးရွှင်ရွှင်နေလေ့လဲမရှိပေ။ သူတို့ အရင်နေခဲ့သော ရွာငယ်လေးတွင်က ပြဿနာမရှိခဲ့ပေမယ့် ယခု ဝမ်ရယ်အိမ်တော်သို့ ရောက်ရှိလာခဲ့ချိန်တွင်တော့ သူတို့၏ အပြောအဆို၊ အပြုအမူတို့အပြင် မျက်နှာအမူအရာများပါ သေချာဂရုစိုက်ရန် လိုအပ်ပေသည်။ ရှီချန်အန်းအနေဖြင့် တုန်းရွှယ်၏စရိုက်လက္ခဏာကြောင့် တစုံတရာ ပြဿနာဖြစ်လာမည်အား စိုးရိမ်မိသည်။ ထို့ကြောင့် ဘာမှဖြစ်မလာခင်ကပင် တုန်းရွှယ်အား ကြိုတင်၍ စားဖိုဆောင်ရှိအလုပ်များသာ ကိုင်တွယ်ဆောင်ရွက်ရန် စေလွှတ်ထားပြီးဖြစ်သည်။ ထိုမှသာ အပြင်လူ ဧည့်သည်များလာသည့်အချိန်တွင် သူမ ထွက်လာ၍ သူ့အား ကူညီလုပ်ဆောင်ပေးရန် မလိုတော့ပေ။
ယခုအချိန်အထိ တခစ်ခစ်ရယ်ကာ သဘောကျနေသော ချွန်းယွီအားကြည့်ရင်း ရှီချန်အန်း၏မျက်နှာတွင် အပြုံးတပွင့် ပွင့်လန်းလာပြီး နောက်ထပ်တကြိမ် သတိပေးစကား ပြောလိုက်သည်။
"ချွန်းယွီ...ငါ မင်းကို အစကတည်းက သတိပေးထားတယ်မလား...ဒီနေရာက ဝမ်ရယ်အိမ်တော်လို့...ငါတို့အိမ် မဟုတ်ဘူးလို့....အစစ အရာရာ စကားရော အပြုအမူတွေပါ သေချာသတိထားပြီး ထိန်းသိမ်းရမယ်ဆိုတာကို...ပြီးတော့ ခုနက မင်းပြောလိုက်တဲ့စကားမျိုး နောက်တခါ ထပ်မပြောမိစေနဲ့...ဝမ်ရယ် သဘောကျမှာ မဟုတ်ဘူး...''
ရှီချန်အန်းအနေဖြင့် အေးအေးချမ်းချမ်း၊ တည်တည်ငြိမ်ငြိမ်ဖြင့် ဘဝကိုဖြတ်သန်းသွားရန်သာ အလိုရှိပေသည်။ ဒါပေါ့..အကယ်၍ သူသာ လက်ရှိ သူ၏အဆင့်အတန်း၊ အခြေအနေတို့အား အသုံးပြု၍ သူ၏မိခင်အတွက် လက်တုံ့ပြန်ပေးနိုင်ပါက ပို၍ကောင်းပေလိမ့်မည်ပေါ့...။ ထိုကိစ္စမှတပါး အခြားကိစ္စ၊ အချင်းအရာတို့သည် သူ့အတွက် အရေးပါခြင်းမရှိပေ။
"အင်းပါ...သိပါတယ်...ဒါပေမယ့် သခင်လေး...သခင်လေးက အခု ဝမ်ရယ်နဲ့လဲ လက်ထပ်ပြီးပြီ...တကယ်လို့ ကျွန်မတို့သာ နေ့ရက်တိုင်းကို အေးအေးချမ်းချမ်းဖြတ်သန်းဖို့ဆိုရင် ဝမ်ရယ် မျက်နှာသာပေးခံရဖို့ ကြိုးစားဖို့တော့လိုမယ်နော်...အဲ့ဒါကြောင့်မို့လို့ ဝမ်ရယ် ဘာတွေကို သဘောကျလဲဆိုတာ သေချာ လေ့လာစုံစမ်းဖို့တော့ လိုလိမ့်မယ်...''
ယောကျ်ားတွေက တပ်မက်စိတ် တဏှာကြီးကြတာပဲ။ သခင်လေးက ဒီလောက် ချောမောပြီး လှလှပပလေး ကြီးပြင်းလာတဲ့သူပဲဟာကို။ ဝမ်ရယ် သဘောကျမှာတော့ အသေအချာပဲ။ ဒီစကားတွေကိုတော့ ချွန်းယွီ နှုတ်မှထွက်၍ မပြောရဲပေ။ သူမသာ ပြောမိလိုက်ပါက သခင်လေး ဒေါသထွက် စိတ်ဆိုးတော့မည်မှာ သေချာပေသည်။
"မင်း...ဒီကလေးမကတော့လေ...ပြောလေ ပြောလေ ပါးစပ်က ပေါက်ကရတွေပဲ ထွက်လာတော့တာပဲ...ငါက သုံးတောင်ဝတ် ယောကျ်ားသားစစ်စစ်...ပြီးတော့ ပညာရှိ ဆုံးမစာတွေ၊ ကျင့်ဝတ်စာအုပ်တွေ ဖတ်ပြီးကြီးပြင်းလာတဲ့သူ...ငါ အခု ဝမ်ရယ်နဲ့ လက်ထပ်ထားတယ်ဆိုဦးတော့...အဲ့ဒီတော့ ဘာဖြစ်လဲ...ဘာလဲ...ငါက မိန်းမတယောက်ရဲ့ ခန္ဓာကိုယ်အဖြစ် ပြောင်းလဲပေးသွားရမှာလား...ပြီးတော့ ဟိုမောင်းမဆောင်က မိန်းမတွေဆီသွားပြီး မနာလို သဝန်ကြောင်တတ်တဲ့မိန်းမအဖြစ် သွားနေပြရမှာလား...''
ရှီချန်အန်း၏မျက်နှာသည် မကြုံစဖူး မည်းမှောင်၍လာသည်။ သူ၏မျက်နှာကိုပင် အောက်စိုက်ကာ ထားလိုက်သေးလေသည်။ ချွန်းယွီ မည်သည့်စကားကိုမှ ထပ်၍ မပြောဝ့ံတော့ပေ။ အလျင်အမြန် မဟုတ်ရပါဘူးဟူ၍သာ ပြန်ပြောနိုင်ပေတော့သည်။
ရှီချန်အန်းသည် ရှောင်းချင်းယန့်နှင့်အတူ ညစာစားရသည့် ညနေအချိန်များအား အကြောက်ဆုံးပင်ဖြစ်သည်။ ညအချိန်များတွင်လည်း သူတို့နှစ်ယောက် အတူမအိပ်ကြဘူးဆိုပေမယ့် ထိတ်လန့်စိုးရိမ်စိတ်ကတော့ ရှိနေမြဲပင်။ ယခုရက်ပိုင်းများတွင် သူ နေ၍ထိုင်၍ သိပ်မကောင်းလှပေ။ ညနေစောင်းလာသည်နှင့်အမျှ ချောင်းစဆိုးလာလေ့ရှိသည်။ ရှောင်းချင်းယန့် နိုးသွားမည်အား စိုးရိမ်ရသောကြောင့် သူ ချောင်းဆိုးချင်လာသည့်အချိန်တိုင်း သူ၏ပါးစပ်အား လက်ဖြင့်အုပ်ကာ အသံထွက်မလာစေရန် ကြိုးပမ်းနေရပေလေသည်။
ရှောင်းချင်းယန့် ညစာလာစားမည့်အချိန်အား စောင့်နေရင်း ရှောင်းချင်းယန့်အား မည်သို့ပြော၍ခွင့်တောင်းရလေမည်အား ရှီချန်အန်း စဉ်းစား၍နေသည်။ သူ မနက်ဖြန် အပြင်ထွက်ရန်လိုသည်။ ရှီမိသားစုထံမှ ပြန်လည် လက်လွှဲရယူထားသော ဈေးဆိုင်များစွာတို့အတွက် သူ ထိုဆိုင်များအား စီမံခန့်ခွဲနေသူတို့အား သွားရောက်တွေ့ဆုံရန် လိုအပ်ပေသည်။ ထိုသူတို့အား သူတို့၏ပိုင်ရှင် အသစ်ပြောင်းသွားကြောင်း အသိပေးရန် လိုအပ်ပေသည်။ နောင်လာမည့်ကာလများတွင် ဆိုင်အားလုံး၏ စာရင်းစာအုပ်များနှင့် ကုန်ပစ္စည်းလက်ခံစာရွက်များသည် ဝမ်ရယ်အိမ်တော်သို့ ရောက်ရှိလာရန် လိုအပ်ပေသည်။
"သခင်လေး...ဝမ်ရယ် ရောက်လာပြီ...''
ရှောင်းချင်းယန့် ရောက်လာသည်နှင့် ရှီချန်အန်း အလျင်အမြန် ထကာ ကြိုဆို နှုတ်ဆက်လိုက်သည်။ ရှီချန်အန်း မူလက ရှောင်းချင်းယန့်မှ သူ့အား အစားအသောက်ပြင်ဆင်ဆက်သကာ ဟင်းထည့်ပေးဟု ပြောလာမည်အား စောင့်ဆိုင်းနေသော်လည်း ရှောင်းချင်းယန့်သည် မည်သည့်စကားတခွန်းမျှ မဆိုဘဲ တိတ်ဆိတ်စွာ စားနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ရှီချန်အန်းခမျာ ရှောင်းချင်းယန့်နှင့်အတူ ထိုင်ကာ ညစာပဲ စားရမည်လား။ သို့တည်းမဟုတ် ရှောင်းချင်းယန့် ဘေးတွင်ပဲရပ်၍ ဟင်းထည့်ပေးကာ စောင့်ဆိုင်းနေရမည်လား သေချာမသိတော့ပေ။ သူ ပြောချင်သည့်စကားများအား အတွေးထဲတွင် အကြိမ်ရေများစွာ စီစဉ်လေ့ကျင့်ပြီးသည့်အခါတွင်တော့ ရှီချန်အန်း စတင် စကားဆိုလိုက်လေသည်။
"ဝမ်ရယ်....ကျွန်တော်....သာမန်နေ့ရက်မျိုးတွေမှာ အပြင်ထွက်လို့ရမလား..."
သာမန်မိသားစုတစု၏ သာမန်တရားဝင်ဇနီးသည်တဦးသည် အပြင်ထွက်ခွင့်ရှိကြောင်း ရှီချန်အန်း သိပြီးသားဖြစ်သည်။ ကိုယ်လုပ်တော်များသာ အပြင်ထွက်ရန် သူမတို့၏သခင် ယောကျ်ားဖြစ်သူ၏မိခင် သို့မဟုတ် အိမ်အကြီးအကဲတဦးဦးထံမှ ခွင့်ပြုချက်ရရန်လိုသကဲ့သို့ အနောက်မှ လူအချို့ လိုက်ပါစောင့်ရှောက်ရန် လိုအပ်ပေသည်။ သူသည် ရှောင်းချင်းယန့်၏ တရားဝင်ဇနီးမယားဆိုသော်လည်း ယောကျ်ားတဦးသာ ဖြစ်ပေသည်။ အကယ်၍များ ရှောင်းချင်းယန့်သာ သူ အပြင်ထွက်ချင်တာက လူတွေ ရှောင်းချင်းယန့်အပေါ် လက်ညှိုးထိုးကဲ့ရဲ့အောင်၊ လူတွေကြား အရှက်ရစရာဖြစ်အောင် လုပ်ချင်လို့ဆိုပြီး သံသယဝင်ခဲ့ရင် ဘယ်လိုလုပ်မလဲ။ ဘာပဲပြောပြော လူဆိုတာက မကောင်းတဲ့ကိစ္စ၊ အရာ မှန်သမျှကို ကွယ်ဝှက်ထားချင်ကြတာပဲမဟုတ်လား။
"ဝမ်ရယ်...ကျွန်တော် အပြင်ထွက်ပြီး လုပ်ဆောင်ရမယ့် ကိစ္စတချို့ ရှိလို့ပါ...ကျွန်တော့်ဖခင်ကလည်း သာမန်အဆင့်လေး အမတ်ငယ်တဦးပါ...ကျွန်တော်ကို သိတဲ့သူလည်း တယောက်မှ မရှိပါဘူး....ဝမ်ရယ် စိတ်ချလို့ရပါတယ်....."
“ပန်ဝမ် ဘာမှ စိတ်ပူနေစရာ မရှိဘူး...”
"....ကျေးဇူးတင်ပါတယ် ဝမ်ရယ်''
ရှောင်းချင်းယန့်နှင့် စကားပြောဆိုသည့်အခါများတွင် သူ့ကိုယ်သူအား မည်သို့ခေါ်ဝေါ်သုံးစွဲရမည်အား ရှီချန်အန်း ဘယ်လိုပဲ စဉ်းစား စဉ်းစား အဖြေမထွက်ပေ။ သူ့တွင် ရာထူးရာခံဟူ၍လည်း မရှိ။ ကြီးကျယ်မြင့်မြတ်လှပါသည်ဆိုသော မိသားစုတခုမှ ဆင်းသက်လာသောသူတဦးလည်း မဟုတ်။ တော်ဝင်ဘွဲ့တခုခု ချီးမြှင့်ခြင်းခံထားရခြင်း၊ ပိုင်ဆိုင်ထားခြင်းဟူ၍လည်း မရှိပြန်။ ပြီးတော့ မိန်းမတယောက်လည်း မဟုတ်သေးပေ။ သူ့ကိုယ်သူ လက်အောက်ငယ်သားတဦးကဲ့သို့ ''ကျွန်တော်မျိုး (ချန်)''ဟူ၍ ဆက်လက်သုံးစွဲနေ၍မရသလို မိန်းမတယောက်ကဲ့သို့ ''ကျွန်တော်မျိုးမ၊ ကျွန်မ (ချန်နွီ)''ဟူ၍လည်း သူ မသုံးနှုန်းနိုင်ပေ။ ထို့ကြောင့် သူ့ကိုယ်သူ ''ကျွန်တော်''ဟုသာ တိုက်ရိုက် ခေါ်ကြည့်လိုက်ပြီး ရှောင်းချင်းယန့် မည်သို့တုန့်ပြန်လာမည်အား စောင့်ကြည့်လိုက်သည်။
ယခု ရှောင်းချင်းယန့်ထံမှ ကန့်ကွက်တုံ့ပြန်လာမှုမရှိသည်ကို ကြည့်ရတာတော့ အဆင်ပြေပုံရသည်။ ဒါဆို ရှေ့လျောက် သူ ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်ပူစရာမရှိတော့။
ထိုတညလုံး ရှီချန်အန်း အိပ်မပျော်နိုင်ပေ။ သူ စိုးရိမ်စရာကိစ္စရှိ၍တော့ မဟုတ်။ စိတ်လှုပ်ရှား၍နေပြီး ထိုကြောင့်ပင် အိပ်မပျော်နိုင်ခြင်းဖြစ်သည်။ ရှီမိသားစုအား ယခုအချိန်အထိ ထောက်ပံ့ကျွေးမွေးထားသည့် စီးပွားရေး လုပ်ငန်းအားလုံးသည် သူ၏မိခင် ချန်ထားခဲ့သည့်လုပ်ငန်းများဖြစ်ကြောင်း ရှီချန်အန်း သိသည်။ သူ၏ဖခင်သည် သာမန်အဆင့်လေး အမတ်ငယ်တဦးဖြစ်သည့်အပြင် သူ တာဝန်ကျသည့်ဌာနသည်လည်း အကိျုးအမြတ်များစွာ ရနိုင်သည့်ဌာနမျိုး မဟုတ်ပေ။ ထိုကြောင့် သူ၏ထိုအရာရှိငယ်လစာလေးဖြင့် ရှီမိသားစု တစုလုံးအား ကျွေးမွေးထောက်ပံ့ထားသည်ဆိုသည်မှာ ဖြစ်နိုင်ပါမည်လား။
သူတို့တွေသည် သူ၏မိခင်ပိုင်ဆိုင်သည့်ပစ္စည်း၊ စည်းစိမ်များအား နှစ်ပေါင်းများစွာ စံစားသုံးစွဲလာခဲ့ပြီးတာတောင်မှ မိခင်ဖြစ်သူအပေါ် အနိုင်ကျင့်နှိပ်စက်စော်ကားခဲ့ကြသေးသည်။ အခုတော့ သူတို့တွေ သိချိန်တန်ပြီ။ သူတို့ ယခုအချိန်အထိ စည်းစိမ်ခံပြီးနေလာခဲ့ရတာဟာ ဘယ်သူ့ကျေးဇူးကြောင့်လဲဆိုတာ...။ သူတို့၏မိခင်ဖြစ်သူအားသတ်ခဲ့တဲ့ လက်နှစ်စုံဟာ အခုတော့ သူတို့ရဲ့ နေ့ရက်ကောင်းတွေကို အဆုံးသတ်တော့မယ့် လက်နှစ်စုံဖြစ်လာတော့မယ်ဆိုတာ...။
နောက်တနေ့...မနက်အစောကြီးကပင် ရှီချန်အန်း နိုးနှင့်နေပြီ။ သူ မူလက ရှောင်းချင်းယန့် မနက်စာစားပြီးသည်အထိ စောင့်ပြီးမှ အပြင်ထွက်ရန်ပင်။ သို့ပေမယ့် ရှောင်းချင်းယန့်သည် မနက်အစောကြီးကပင် အပြင်ထွက်သွားလေသည်။ ကြည့်ရသည်မှာ အရေးကြီးကိစ္စတခုခု ရှိသည့်ပုံပင်။
ရှောင်းချင်းယန့် ထွက်သွားပြီး သိပ်မကြာခင်ပင် ရှီချန်အန်းလည်း အပြင်ထွက်လာခဲ့လိုက်သည်။ သူ ချွန်းယွီနှင့် ယန်မောမော့အား အိမ်တော်တွင်ချန်ထားခဲ့ပြီး တုန်းရွှယ်တဦးသာ သူနှင့်အတူ ခေါ်လာခဲ့သည်။ တုန်းရွှယ်သည် ရိုးရာကိုယ်ခံပညာတချို့အား တတ်မြောက်သူဖြစ်ပေရာ သူမအားခေါ်လာခြင်းက ရှီချန်အန်းအတွက် ပို၍အဆင်ပြေပေသည်။
"သခင်လေး...ကျွန်မတို့ ရှိသမျှနေရာတွေ အကုန်လုံးသွားရမှာလား...အဲ့ဒါဆိုရင် မနက်ဖြန်လည်း အလုပ်တွေမပြီးမချင်း အပြင်ထွက်ဖို့ လိုဦးမယ်...ပြီးတော့ တခြားနေရာတွေလည်း သွားကြည့်ဖို့လည်း ရှိသေးတယ်...ကျွန်မ တွက်ကြည့်တာတောင်မှ အကုန်လုံးပြီးဖို့ဆိုရင် ရက်တော်တော်ကြာ လိုဦးမှာ...အဲ့ဒီလောက်ကြီးကျတော့ ဝမ်ရယ်က ခွင့်ပြုပါ့မလား..."
ဝမ်ဖေး အပြင်ထွက်မည်ဆိုသောကြောင့် အိမ်တော်မှ အိမ်တော်ထိန်းသည် မြင်းလှည်း အဆင်သင့်ပြင်ဆင်ပေးထားပြီး ဖြစ်သည်။ မြို့တော်ရှိ လမ်းမများသည် ကျယ်ဝန်းလှသောကြောင့် သူတို့၏မြင်းလှည်းသည် လမ်းသွားလမ်းလာတို့အပေါ် အနှောင့်အယှက် မဖြစ်ပေ။ လှည်းပြတင်းပေါက်မှ ခန်းစီးစအားမ၍ စည်းကားလှသော မြို့တော်၏လမ်းမများအား ကြည့်နေသော တုန်းရွှယ်သည် အစကတော့ အပြင်ထွက်လာခွင့်ရသောကြောင့် ပျော်ရွှင်နေခဲ့သေးသည်။ သို့သော် သူမဘာသာ ဝမ်ရယ်၏စိတ်အခြေအနေအပေါ် ပြောဆိုမိသွားပြီးချိန်မှာတော့ သူမ စိတ်ပျက်မိသွားသည်။ သူမ၏ သခင်လေးသည် သန်မာ ကြီးကျယ်သော ယောကျ်ားတယောက်၊ ဇနီးမယားတယောက်အား လက်ထပ်ယူပြီး သားသမီးများစွာရရှိပြီး မိသားစု၏ စည်းစိမ်နှင့် နာမည် ဂုဏ်သတင်းတိုးတက်အောင်လုပ်ပြီး တမလွန်မှ သခင်မကြီး ဂုဏ်ယူဝင့်ကြွားရအောင် လုပ်ဆောင်ရမည့်သူ ဖြစ်ရမှာပင်။ အခုတော့ အပြင်ထွက်ရန်အရေးကိုပင် တခြားသူတဦး၏ ခွင့်ပြုချက်ရရှိရန် လိုအပ်သောသူတဦး ဖြစ်နေလေသည်။ အဲ့ဒီတခြားသူတဦးသည် မည်မျှပင် တော်ဝင်မင်းသားကြီးတဦးပင် ဖြစ်နေစေဦးတော့ သူမကတော့ သူမ၏သခင်လေးဘက်မှသာ နစ်နာလှပေသည်ဟု ထင်မိသည်။
တုန်းရွှယ် တွေးနေသည့်အတွေးများအား မသိသည့် ရှီချန်အန်းကတော့ သူမအား သူ၏အစီအစဉ်များအား အကြမ်းဖျင်း ရှင်းပြလေသည်။
"တကယ်လို့သာ အဲ့ဒီဆိုင်တွေအကုန်လုံးသာ ငါ သွားနေရရင် ငါပဲ ပင်ပန်းရမှာပေါ့...ဒီနေ့တော့ မြို့တော်ထဲ ပတ်ကြည့်ပြီး ဦးစားပေးတွေ့ရမယ့်လူတချို့ကိုပဲ တွေ့ကြတာပေါ့...ပြီးတော့မှ သူတို့ကိုပဲ တခြားသူတွေကို တဆင့်အကြောင်းကြားခိုင်းလိုက်မယ်...ရက်တရက် သတ်မှတ်ပြီး သူတို့ကို....အင်း သူတို့ကို ဝမ်ရယ်အိမ်တော်ကို လာတွေ့ခိုင်းလိုက်....အား..."
သူ ပြော၍မှမပြီးသေး မြင်းလှည်းသည် ရုတ်တရက် ရပ်လိုက်သဖြင့် ရှီချန်အန်း ယိုင်ထိုးကာ လဲကျသွားမတပ်ပင်။ ကံကောင်းစွာပင် သူ့အား တုန်းရွှယ်မှ လှမ်းထိန်းလိုက်နိုင်ခဲ့သည်။
ဖမ်းဆုပ်လိုက်သည့် တုန်းရွှယ်၏လက်များမှ အားတို့ကြောင့် ရှီချန်အန်း၏စိတ်နှလုံးတွင် အံ့သြမှုတို့ ပိုသွားခဲ့သည်။ တုန်းရွှယ်လို မိန်းကလေးငယ်တဦးက ဤမျှ သန်မာနေလိမ့်မည်ဟု သူ မထင်ထားခဲ့။ သူ့လို ယောကျ်ားရင့်မာကြီးပင် မယှဉ်နိုင်လောက်အောင်ပင်။
“သခင်လေး...အဆင်ပြေရဲ့လား....”
“အင်း အဆင်ပြေတယ်...ဆင်းကြည့်ရအောင်....”
"ကယ်...ကယ်ကြပါ....."
ရှီချန်အန်း လှည်းပေါ်မှ ဆင်းရရုံသာရှိသေးသည် အကူအညီတောင်းနေသံသဲ့သဲ့အား ကြားလိုက်ရသည်။ အရှေ့သို့ သူ ကြည့်ကြည့်လိုက်သောအခါ မြေပြင်ပေါ်တွင် တကိုယ်လုံး ဒဏ်ရာဒဏ်ချက်များစွာ ဖုံးလွှမ်းကာ စုတ်ပြဲနေသော အဝတ်အစားများဝတ်ဆင်ထားကြသောလူတစု လှဲနေသည်အား မြင်လိုက်ရလေသည်။ သူ ဆက်သွားလိုက်သောအခါ ကောင်းမွန်စွာ ဝတ်ဆင်ထားသော လူငယ်တဦးသည် မြင်းနက်ကြီးပေါ်မှနေ၍ ရဲမက်တစုအား ဦးဆောင်ကာ ရှိနေသည်အားလည်း တွေ့လိုက်ရသည်။ ထိုလူငယ်၏လက်ထဲတွင် ကြာပွတ်ရှည်တချောင်းအား ကိုင်ဆောင်ထားပြီး မြေပြင်ပေါ်မှ လူအများထံ ရိုက်ရန် ထိုကြာပွတ်အား ဝင့်လိုက်လေသည်။
"ရပ်ပါဦး...ကျွန်တော် အတင့်ရဲပြီး သခင်လေးကို မေးပါရစေ...ဘာကြောင့် ဒီလို အကာအကွယ်မဲ့နေတဲ့သူတွေအပေါ် ဒီလိုရက်ရက်စက်စက် ဆက်ဆံနေရသလဲဆိုတာကို..."
မြေပြင်တွင် လှဲနေကြသောလူတို့သည် အရိုးပေါ်အရေတင်နေကြသောသူများသာ ဖြစ်ပြီး တချက်ကြည့်ရုံမျှပင် သူတို့အပေါ် မည်မျှနှိပ်စက်ကာ ညှင်းပန်းထားသည်အား သိနိုင်ပေသည်။
"မင်းက ဘယ်သူလဲ...ဒီအဆင့်မရှိတဲ့အသက်တွေအတွက် ဝင်ပြောရဲရလောက်အောင် ရမ်းကားရဲတယ်ဆိုတော့..."
ထိုမြင်းပေါ်မှ လူငယ်သည် ရှီချန်အန်းအား အဖတ်မလုပ်စွာပင် သူ့အား စကားပြောနေရင်းမှ လက်ထဲကကြာပွတ်အား မြေပေါ်လဲကျနေသောသူတို့အပေါ် အကြင်နာတရားကင်းမဲ့စွာပင် လွှဲရိုက်လိုက်သည်။
ရှီချန်အန်း နောက်တကြိမ် ပါးစပ်ဟမလာခင်တွင် ထိုလူငယ်သည် သူ၏ကြာပွတ်အား ရှီချန်အန်း ရှိရာသို့ ဦးတည်လွှဲရိုက်လာခဲ့သည်။ တုန်းရွှယ် အချိန်မှီလေး တုန့်ပြန်နိုင်ကာ သူမ၏သခင်လေးရှေ့မှ ဝင်ခံလိုက်သော်လည်း သူမသည် ဘာပဲဖြစ်ဖြစ် မိန်းကလေးငယ်တဦးသာ ဖြစ်ပေသည်။ ကြာပွတ်သည် ရှီချန်အန်း၏ ညာလက်မောင်းအား ရိုက်မိသွားခဲ့ပြီး ပူလောင်စူးရှသောခံစားမှုတခုအား တန်း၍ခံစားလိုက်ရသည်။
"တုန်းရွှယ်...မင်း အဆင်ပြေလား...''
လက်မောင်းသာထိသွားသော သူပင်လျှင် ဒီလောက်နာကြင်နေရလျှင် တုန်းရွှယ်သာဆိုလျှင် မည်မျှပင် နာကြင်နေပေလိမ့်မည်နည်း။
"သခင်လေး...ကျွန်မ အဆင်ပြေပါတယ်..."
"ဟား ဟား ဟား....သခင်နဲ့ ကျွန်ကြား အင်မတန် နက်ရှိုင်းလှတဲ့ မေတ္တာတွေပါလား...မင်းတို့ ပန်ဝမ်ရဲ့ လမ်းမှာ ဝင်မရှုပ်ခဲ့သင့်ဘူး...ပြိီးတော့ ပန်ဝမ် ဒီ ငါတို့တိုင်းပြည်ကို လာပြီးကျူးကျော်စစ်ပြုပြီး ငါတို့ပြည်သူတွေကို နှောင့်ယှက်နေတဲ့ မြောက်ပိုင်းသူပုန်တွေကို သင်ခန်းစာပေးနေတာကို လာမနှောင့်ယှက်ခဲ့သင့်ဘူး..."
ဘာရယ်....။ ဒီလူက သူ့ကိုယ်သူ ''ပန်ဝမ်''လို့ ပြောနေပါလား...။ ရှီချန်အန်းသည် မူလကတည်းက နန်းတွင်းအမှုထမ်းစာမေးပွဲများအား အောင်မြင်ခဲ့သူဖြစ်သည့်အပြင် ဧကရာဇ်၏ခြေရင်းဟုပြောရမည့် မြို့တော်တွင်နေသူတဦးဖြစ်ပေရာ နန်းတွင်းရေးရာနှင့် လွှတ်တော်နှင့်ပတ်သက်သော အကြောင်းအရာတော်တော်များများအား သိရှိထားသူဖြစ်သည်။
လက်ရှိ တိုင်းပြည်တွင် သားတော်လေးပါးနှင့် သမီးတော်တပါးသာ ရှိသည်။ ဧကရာဇ်သည် ကွယ်လွန်သွားပြီးသော မိဖုရားခေါင်ကြီး၏ သားတော်နှစ်ပါးအား အရေးပိုပေးပြီး ဆက်ဆံသော်လည်း မင်းသားများအနက် ဦးစွာ ဝမ်ရယ်ဘွဲ့ရရှိသောသူမှာ ကျိုးကွေ့ဖေး၏သားတော်ဖြစ်သော တတိယမင်းသား...ရှောင်းချင်းကျန် ဖြစ်သည်။ ဒီပုဂ္ဂိုလ်သည် အမှန်ပင် တတိယမင်းသားပဲလား...။
သူက အခုအချိန်မှာ မြောက်ပိုင်းနယ်စပ်က စစ်မြေပြင်မှာ ရှိနေရမှာ မဟုတ်ဘူးလား။
"အရှင်ကျင့်ဝမ်အား အရိုအသေပေး နှုတ်ဆက်ပါတယ်..."
ထိုစာပေပညာရှင်ကဲ့သို့ ဝတ်စားထားသည့်လူက သူ၏အဆင့်အတန်းအား တန်းပြောနိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ ကျင့်ဝမ် ရှောင်းချင်းကျန် ဘေးဘီအား ကြည့်ကြည့်လိုက်သောအခါ လူတို့စုဝေးနေကာ ကြည့်ရှုနေကြသည်အား တွေ့လိုက်ရသည်။ သူ ဒီ စာအုပ်များ ဖတ်ရန်သာသိသည့် လူ့ဂွစာများအား ပညာပေးရန် ဆုံးဖြတ်လိုက်သည်။
"မင်းတို့ အမိန့်နာခံကြ....ပန်ဝမ် ဒီမြောက်ပိုင်းသူပုန်တွေကို အသေရိုက်သတ်ချင်တယ်...ဒီနေရာမှာရှိတဲ့လူတွေအားလုံး သူပုန်သုံးယောက်ကို ကြာပွတ်တချက်စီ ရိုက်ရမယ်...မဟုတ်ရင် ဒီနေရာကနေ ထွက်ခွင့်မပေးဘူး..."
တတိယမင်းသား၏စကားဆုံးသည်နှင့် ရှီချန်အန်းသာမက ဘာဖြစ်နေသလဲဟု ဝင်စပ်စုနေကြသောလူအားလုံး သွေးပျက်သွားတော့သည်။ ဒီလူတွေက ရန်သူပဲထားလိုက်ပါဦး။ အခုတောင် ဒီလောက်စုတ်ပြတ်နေပြီး သေမင်းဆီရောက်ရန် ခြေတလှမ်းသာလိုတော့သည်။ ဘယ်လိုလုပ်ပြီး သူတို့က ဒီသူပုန်တွေကို သေအောင် ကြာပွတ်နှင့် ရိုက်ရက်မည်နည်း။
"အရှင်မင်းသား သေချာ စဉ်းစားပေးပါ...အရှင်ကျင့်ဝမ်...ဒီလူတွေက ဘယ်လိုပဲ မြောက်ပိုင်းသူပုန်တွေပဲဆိုပါစေဦး အခု ကျွန်တော်တို့ရဲ့ စစ်သုံ့ပန်းဖြစ်နေပြီပဲ....ကျွန်တော်တို့ သူတို့အပေါ် ဒီလို မဆက်ဆံသင့်ပါဘူး...ဒီလို....'''
"တော်စမ်းပါ....သူတို့ကို ဒီလိုမဆက်ဆံလို့ မင်းက ဘယ်လိုဆက်ဆံပေးချင်သေးတာတုန်း...နှစ်တိုင်း ငါတို့တာ့ရှောင်းပြည်ကြီးက နွားတွေ သိုးတွေကို သူတို့ အဖေတွေ၊ အကိုတွေက လုယက်သွားလဲဆိုတာ မင်းသိလို့လား....သာမန်ပြည်သူတွေ ဘယ်လောက်တောင်မှ သူတို့အဖေတွေ၊ အကိုတွေကြောင့် အနိုင်ကျင့်ခံ၊ အစော်ကားခံနေရလဲဆိုတာရော....အဲ့ဒီသူတို့အဖေတွေ၊ အကိုတွေရဲ့ ဓားချက်တွေအောက်မှာ ငါတို့စစ်သည်တွေ ဘယ်လောက်တောင် အသက်ပျောက်ခဲ့ရသလဲဆိုတာ မင်းသိလို့လား....ပန်ဝမ် သူတို့အသားစားပြီး လည်ချောင်းသွေးသောက်ရရင်တောင်မှ သူတို့အပေါ်ထားတဲ့ အမုန်းတရားက ပျောက်ကွယ်သွားနိုင်မယ် မထင်ဘူး...အခု ဒီလောက် ဆက်ဆံပေးတာ သူတို့အပေါ် အတော်ကြီးကို သက်ညှာပေးရာ ရောက်နေပြီ..."
ကျင့်ဝမ် ရှောင်းချင်းကျန်သည် သူ အသက်ဆယ်နှစ်သားကတည်းကပင် စစ်တန်းလျားသို့ ဝင်ရောက်ခဲ့သူ ဖြစ်သည်။ သူ၏အသက် ဆယ့်နှစ်နှစ်သို့ရောက်ရှိချိန်တွင်တော့ အဖိုးဖြစ်သူနှင့်အတူ စစ်မြေပြင်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ထိုနှစ်မှစ၍ မရေတွက်နိုင်သော စစ်ပွဲများအား သူ ဆင်နွှဲခဲ့ပြီးဖြစ်သည်။
စစ်မြေပြင်အား လက်တွေ့မကြုံဖူးသူများအနေဖြင့် စစ်သည် ဘယ်လောက်ရက်စက်ပြီး ခက်ခဲကြမ်းကြုတ်သည်အား နားမလည်နိုင်ပေ။ ထို့ကြောင့် ဤစစ်သုံ့ပန်းဖြစ်လာရသော မြောက်ပိုင်းသူပုန်များအားပင် ရှောင်းချင်းကျန်သည် ဓားများဝင့်ကာ ချီတက်လာသည့် ရန်သူစစ်တပ်တခုကဲ့သို့ပင် မြင်မိသည်။ ထိုခဏအတွင်းပင် သူ၏တကိုယ်လုံး လူသတ်ချင်သည့် အရိပ်အငွေ့များလွှမ်းခြုံလာခဲ့သည်။ ဘေးတွင် ရပ်နေကြသော ပြည်သူ မြို့တော်သားများအဖို့ ကြောက်လွန်း၍ မည်သူမျှ ဘာမှဝင်မပြောရဲတော့ပေ။
"မဖြစ်နိုင်ဘူးဆိုတဲ့အရာ ဘာမှမရှိဘူး...မင်းလို စာအုပ်တွေ ဖတ်နေဖို့သာသိတဲ့ စာပေသမားတယောက်ကများ...မင်း ဒီမြောက်ပိုင်းသူပုန်တွေ ငါတို့တာ့ရှောင်းကလူတွေရဲ့ ခေါင်းတွေကို လက်နက်အဖြစ်သုံးပြီး တိုက်ခိုက်လာတာ မြင်ဖူးလို့လား...."
ပျံဝဲလာသည့် ထိုခေါင်းတို့သည် သူတို့၏ အသက်၊ ခြေလက်တို့အား စတေး၍တိုက်ခိုက်ခဲ့ကြသော သူတို့၏ညီအစ်ကိုစစ်သည်များသာ....။
"တယောက်ယောက် လာစမ်း...သူတို့ ကိုယ်တွေကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် စုတ်ဖြဲလိုက်...ပြီးရင် အသားအနှစ်ဖြစ်အောင် နုတ်နုတ်စင်းလိုက်ကြစမ်း..."
"အရှင်မင်းသား....ခဏနေပါဦး...ကျွန်တော်က ပထမမင်းသား ရှန်ဝမ်ရဲ့ တရားဝင်ဇနီးသည်ပါ...အရှင်မင်းသားကို ပြောစရာတခုရှိလို့ ခဏလောက် အချိန်ပေးပါလား..."
ထိုလဲကျနေသောသူတွေသည် မည်သို့သောသူများဖြစ်သည်အား သိပြီးနောက်တွင်တော့ ရှီချန်အန်း ထိုသူတို့အား ကရုဏာသက်ခြင်း မရှိတော့ပေ။ သို့ပေမယ့် သူတို့တွေသည် ဒီနေရာတွင် သေ၍မဖြစ်ပေ။ အထူးသဖြင့် ကျင့်ဝမ် အမိန့်ပေးလိုက်သည့်နည်းလမ်းမျိုးဖြင့် သေ၍မဖြစ်ပေ။
ပထမမင်းသားသည် အမှန်ပင် အမျိုးသားဇနီးသည်အား လက်ထပ်ယူထားခြင်းဖြစ်သည်။ သို့တည်းမဟုတ် အရှင်မင်းကြီး ကိုယ်တော်တိုင် မင်းသားအား ထိုလက်ထပ်ပွဲအား ချီးမြှင့်လိုက်ခြင်းဆိုသည်မှာ ယနေ့ တာ့ရှောင်းတပြည်လုံးရှိ လူအားလုံး အသိပင် ဖြစ်သည်။
"အရှင်မင်းသား...ကျွန်တော်က ရှန်ဝမ်ဖေး အတုလုပ်ရလောက်အောင် အဲ့ဒီလောက်ကြီး သတ္တိမကောင်းပါဘူး...မြင်းပေါ်က ဆင်းလာပြီး ကျွန်တော် ပြောတာ နားထောင်ပေးလို့ရမလား....''
ရှောင်းချင်းကျန် နောက်ပြန်လှည့်ကာ မြင်းပေါ်မှ ဆင်းလိုက်သည်။ သူ၏ ''မရီးတော်"မှ သူ့အား မည်သည့်စကားများ ပြောကြားလိုသနည်းဆိုတာ သူ သိချင်လှပေသည်။
"အရှင်မင်းသား...လောကကြီးမှာရှိတဲ့ လူအများဟာ အင်အားနည်းသူကို စာနာသနားတတ်ပါတယ်...ဒီလူတွေက မြောက်ပိုင်းသူပုန်တွေဆိုပေမယ့် အခုတော့ အခြေအနေ တော်တော် ဆိုးရွားနေပြီးတော့ အကာအကွယ်လဲမဲ့နေတဲ့သူတွေပါ...အရှင်မင်း...."
"မဖြစ်နိုင်ဘူး....ပန်ဝမ် သူတို့ကို ဒီအတိုင်း လွှတ်မပေးနိုင်ဘူး..."
ရှောင်းချင်းကျန်၏ ဆုံးဖြတ်ချက်ချထားပြီးသော မျက်နှာအား ကြည့်ရင်း ရှီချန်အန်း စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ သနားစရာကောင်းသောလူများသည်လည်း မုန်းစရာကောင်းသည့် အစိတ်အပိုင်းတခြမ်းရှိသေးသည်ပဲကိုး။ စစ်သူကြီးတဦးအနေဖြင့် အကြင်နာတရားပြည့်ဝနေ၍ မရသလိုပင် ရက်စက်ခြင်း နာမည်ဂုဏ်သတင်းကျော်ကြားနေ၍လည်း မကောင်းပေ။ အထူးသဖြင့် သူသည် ထီးနန်းဆက်ခံရန် အခွင့်အရေးရှိနေသည့် မင်းသားတပါးဖြစ်နေသေးသည့်အခါတွင် ဖြစ်သည်။
"တတိယညီတော်...အထင်လွဲနေပြီ..."
အခြားသောသူများ မကြားရစေရန် ရှီချန်အန်းသည် သူ၏အသံအား တိုးလိုက်သည်။ လူနှစ်ယောက်သာ ကြားရုံမျှလေသံဖြင့် သူ ဆက်၍ပြောလိုက်သည်။
"ဒီလူတွေကို ဘယ်လိုစီရင်မယ်ဆိုတာက အရှင်မင်းသား သဘောပါ...ဒါပေမယ့် အဲဒါကို ဒီနေ့ ဒီနေရာမှာ လုပ်ဆောင်လို့မဖြစ်ပါဘူး...မဟုတ်ရင် မနက်ဖြန် ညီလာခံမှာ အရှင်မင်းသား အရှင်မင်းကြီးထံမှ အပြစ်တင်ခြင်းခံရပါလိမ့်မယ်...အဲ့ဒီအချိန်ကျရင် ကျိုးကွေ့ဖေးလည်း အရှင်မင်းသားအတွက် စိတ်ပူပန်နေရပါလိမ့်မယ်...."
ရှီချန်အန်း၏စကားတို့ ဆုံးသွားသောအခါ သူ၏ကိုယ်ဟန်သည် ဖြောင့်မတ် ကြ့ံခိုင်သည်အား ရှောင်းချင်းကျန် သတိပြုမိလိုက်သည်။ ဒီလူဟာ အသိဉာဏ်မရှိတဲ့သူတယောက် မဟုတ်ဘူးဘဲ...။ ရှီချန်အန်း၏စကားတို့အား သူ မစဉ်းစားမိဘဲ ဘယ်နေပါ့မလဲ။ စဉ်းစားမိသည်ပေါ့။ ဒါပေမယ့်.....။
"ဟား ဟား ဟား....ပန်ဝမ် အဲ့ဒီအသုံးမကျတဲ့ နာမည် ဂုဏ်သတင်းဆိုတာ မလိုဘူး....ပန်ဝမ် လိုချင်တာ မြောက်ပိုင်းသူပုန်တွေရဲ့ ပျက်စီးခြင်းပဲ....ဒါမှ ငါတို့တာ့ရှောင်းပြည် မြောက်ပိုင်းနယ်စပ်က ပြည်သူတွေ စစ်ဘေးဒုက္ခ မခံစားရတော့မှာ...."
ကျင့်ဝမ်နှင့် သူ၏နောက်လိုက် စစ်သည်တစုသည် တဟားဟား ရယ်သံများဖြင့် တဖြည်းဖြည်း မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။ မြေပေါ်တွင် လဲကျနေခဲ့သောလူတစုကတော့ ရှောင်းချင်းကျန် ပြောသွားသည့်နည်းလမ်းဖြင့်တော့ သေမသွားခဲ့ပေ။ သို့ပေမယ့် ရှီချန်အန်း သိသည်။ ထိုသူတို့သည် နောက်ဆုံးတွင်တော့ သေမင်း၏စက်ကွင်းမှ မလွတ်နိုင်ပေဆိုသည်အား...။ သို့စေကာမူ သူ ဘာတတ်နိုင်မည်နည်း။ လောကကြီးတွင် အတုံ့အလှည့်ဟူသည် ရှိသည်။ ထိုသူတို့သည် သူတို့ပြုခဲ့ပြီးသော လုပ်ရပ်အတွက် ပြန်ပေးဆပ်ရခြင်း ဖြစ်သည်။ ထိုသည်မှာ ဤလောကကြီး၏ ရှင်သန်ခြင်းဆိုင်ရာ နိယာမတရားတစ်ခုပင် ဖြစ်ပေလိမ့်မည်။
No comments:
Post a Comment