Monday, May 11, 2020

ကြင်ရာတော် ချန်အန်း (Unicode) - အပိုင်း (၅)

ကြင်ရာတော် ချန်အန်း (Unicode)

အပိုင်း (၅)

လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်က ရှီချန်အန်း၏ဖခင်သည် တချီတည်းဖြင့် နန်းတွင်းစာမေးပွဲအား ထူးချွန်စွာ အောင်မြင်ခဲ့ပြီး မြို့တော်တွင် ရာထူးနေရာတခု ရရှိခဲ့သည်။ ထို့နောက် ဆယ်နှစ်ခန့်အကြာတွင် သဘင်နှင့် အခမ်းအနားဝန်ကြီးဌာန၌ အမတ်ငယ်ရာထူးနေရာသို့ ရွေ့ပြောင်းခန့်အပ်ခြင်းခံရပြီး နောက်ပိုင်းတွင်မူ ရာထူးတိုးလာခြင်းမရှိတော့ပေ။ ထို့ကြောင့် ရှီချန်အန်း၏မိခင် ရှီမိသားစုထဲသို့ လက်ထပ်ဝင်ရောက်လာသည့်အချိန်က ဝယ်ယူခဲ့သော မြို့တော်မှအိမ်တော်ထဲတွင် ယနေ့ထိတိုင် ရှီမိသားစုဝင် အများအပြားတို့သည် ဆက်လက်နေထိုင်ကြဆဲဖြစ်သည်။

ယနေ့သည် သတို့သမီးမှ သတို့သားနှင့်အတူ ပထမဆုံးအကြိမ် မိဘအိမ်ပြန်လာမည့်နေ့ဖြစ်သည်နှင့်အညီ ထိုအမြောက်အများသော ရှီမိသားစုဝင်တို့သည် မလိုလားသော်လည်း မနက်စောစောကတည်းကပင် အိမ်တော်တံခါးဝတွင် စောင့်၍နေပေကြသည်။ စောင့်ပြီးရင်းစောင့်နေပေမယ့် သူတို့စောင့်မျှော်နေကြသော ထိုသူနှစ်ဦးအား အရိပ်အယောင်တခုမျှပင် မမြင်ရသေးသော်လည်း ထိုနေရာမှ မစောင့်ဆိုင်းဘဲ ထွက်ခွာသွားရန်လည်း မဝံ့ရဲကြသေးပေ။ ထိုသို့ ရှည်ကြာလှစွာစောင့်ဆိုင်းပြီးချိန်တွင်တော့ ဝမ်ရယ်အိမ်တော်မှမြင်းလှည်း ဆိုက်ရောက်လာသည်အား မြင်တွေ့လိုက်ရသည်။ စောင့်ဆိုင်းနေသူအားလုံးတို့မှာ ထိုရောက်ရှိလာခြင်းအပေါ် ဝမ်းမြောက်ရမည်လော သို့တည်းမဟုတ် စိတ်ပျက်ရမည်လော မသဲကွဲတော့ပေ။ *

*(T/N: ရှီတအိမ်လုံးက ရှီချန်အန်း ဒုက္ခရောက်တာမြင်ချင်နေကြသူတွေမို့လို့ ချန်အန်း အခုလိုရောက်လာတော့ သူတို့စောင့်စရာမလိုတော့လို့ သက်သာသွားပြီဆိုပြီးနေရမှာလား...ဒါမှမဟုတ် မင်းသားကြီးက ချန်အန်းနဲ့အတူပါလာလို့ သူတို့ထင်ထားသလို မဖြစ်လာတာမို့လို့ စိတ်ပျက်ရမှာလား မသိတော့တာပါ။ what a scary family to baby Chang An!)

"ကျွန်တော်မျိုး ရှီယုံနျဉ်...မိသားစုဝင်အားလုံးနှင့်အတူ အရှင်ရှန်ဝမ်အား အရိုအသေပေး နှုတ်ခွန်းဆက်ပါတယ်...ရှန်ဝမ်ဖေးအား အရိုအသေပေး နှုတ်ခွန်းဆက်ပါတယ်....''

ရှီတမိသားစုလုံး တုံ့ဆိုင်းခြင်းမရှိဘဲ ဦးညွှတ်အရိုအသေပေးလိုက်ကြပေမယ့် အမှန်တကယ် လိုလိုလားလား ဦးညွှတ်လိုက်ခြင်းတော့မဟုတ်ပေ။ သူတို့တွေသည် အမှုထမ်း အုပ်ချုပ်ခံလူတန်းစားဖြစ်သဖြင့် သူတို့၏အရှင်သခင်ဖြစ်သော ရှန်ဝမ်အား အရိုအသေပေး ဦးညွှတ်ရခြင်းမှာ အထူးတလည် ပြောနေရမည့်ကိစ္စမဟုတ်ပေ။ သို့ပေမယ့် ယနေ့ရောက်ရှိလာသောရှန်ဝမ်သည် ရှီမိသားစုမှသား၏ ''သတို့သမီး၏ ပထမဆုံးအကြိမ် မိဘအိမ်သို့ပြန်ခြင်း''အခမ်းအနားအတွက် အတူလာရောက်ခြင်းဖြစ်သည်။ ထို့ကြောင့် သာမန်အားဖြင့်ပဲ တွေးကြည့်ကြည့်...မည်သို့ပင် သူတို့၏နှုတ်ဆက်ခြင်းသည် အများအမြင်ကောင်းစေရန် သရုပ်ပြရန်လုပ်သည်ပဲဆိုဆို...ရှန်ဝမ်အနေဖြင့် သူတို့အမှန်တကယ် ဒူးထောက်မိမသွားခင် အစောကတည်းကပင် ဝင်ရောက်ပြောဆိုကာ တားဆီးသင့်သည် မဟုတ်ပါလား...။*

*(T/N: ရာထူးဘယ်လိုပဲကွာကွာ တကယ်တမ်းပြောရရင် ရှန်ဝမ်သည် သမက်သာဖြစ်သဖြင့် ယောက္ခမနှင့်မိသားစုမှ သူ့အား ဒူးထောက်အရိုအသေပေးခြင်းကို လက်မခံသင့်ဟုပြောလိုခြင်းဖြစ်သည်။ 
တရုတ်ရှေးကားတွေထဲ မြင်ဖူးကြမှာပါ...တယောက်ယောက်က ဒူးထောက်အရိုအသေပေးဖို့လုပ်ရင် ပျာပျာသလဲ မလုပ်ပါနဲ့ မလိုပါဘူး ဘာညာပြောပြီး လှမ်းဆွဲ လှမ်းတားတာမျိုးလေ...အဲ့ဒါမျိုးကိုပြောတာ...
နောက်ပြီး ဒီနေရာမှာ ဦးညွှတ်တယ်လို့ပြောထားပေမယ့် တကယ်လုပ်ရတာက ဒူးထောက်အရိုအသေပေးရတာပါ...။)

“ရှီလူကြီးမင်း...ထပါ...”

ရှန်ဝမ် ရှောင်းချင်းယန့်သည် ရှီမိသားစု၏ ဂါဝရပြု အရိုအသေပေးခြင်းအား တားမြစ်ခဲ့ခြင်း၊ ဂါဝရပြုစရာမလိုဟု ပြောဆိုခဲ့ခြင်းမျိုး မရှိခဲ့ပေ။ ထိုအစား သူ၏အရှေ့တွင် ဒူးထောက်အရိုအသေပေးနေကြသူများအားသာ အင်မတန်မှပင် စိတ်ဝင်တစားဖြစ်နေသကဲ့သို့ လေ့လာကြည့်ရှု့နေခဲ့ပြီး တခဏကြာမှသာ ဒူးထောက်နေရာမှ ထစေခဲ့သည်၊

တကယ်တော့ ရှောင်းချင်းယန့် ဒီသာမန်အဆင့်လေး အမတ်ငယ်တဦး၏ အိမ်တော်နှင့် မိသားစုအား စိတ်ဝင်စားမည်ဆိုပါက အံ့သြစရာ အထူးတော့မရှိပေ။ ဇနီး၊ ကိုယ်လုပ်တော်တွေနှင့် သားသမီးများသာရှိမည်ထင်ခဲ့သော အိမ်တော်က မထင်မှတ်ဘဲ မိသားစု၊ ဆွေမျိုးများစွာ စုပေါင်းကာ နေထိုင်ကြခြင်းကြောင့်ပင်။  ဤရှီယုံနျဉ်သည် မြို့တော်သား ဇာတိမဟုတ်သကဲ့သို့ မြို့တော်တွင် ကျောထောက်နောက်ခံ အထောက်အပ့ံကောင်းကောင်းလည်း မရှိပေ။ ထို့အပြင် နန်းတွင်းညီလာခံပင် တက်ရောက်ခွင့်တောင် မရှိသော သာမန် အမတ်ငယ် တဦးသာ။ သူ၏ အရာရှိလစာ နည်းနည်းလေးမျှဖြင့်တော့ ဤမိသားစု တစုတဝေးကြီးအား ထောက်ပံ့ကျွေးမွေးနိုင်မည် မဟုတ်ပေ။

ရှန်ဝမ်၏ 'အတန်ငယ် ကြာညောင်းပြီးမှ နောက်ဆုံးတွင် ထွက်လာခဲ့သော' သူတို့အား ''ထပါ''ဟူသောစကားအဆုံးတွင်မတော့ သူ၏စိတ်ထဲတွင် မကျေမချမ်းဖြစ်နေသော်လည်း ရှီယုံနျဉ်တယောက် မျက်နှာထက်တွင် အပြုံးပန်းတို့ဝေဆာနေစေရန် အားထုတ်ဖို့သာ တတ်နိုင်ပေသည်။ ရှောင်းချင်းယန့် ရှေ့မှအရင် ဦးဆောင်ကာ အိမ်တော်ထဲ ဝင်သွားသည်အား အခွင့်ကောင်းယူပြီး သူ၏ 'နှုတ်ဆိတ်ကာ ငြိမ်သက်နေပေသော'သားအား စူးစူးရဲရဲ စိုက်ကြည့်လိုက်လေသည်။ သို့သော် သူ မထင်ထားသည်က ထိုကျေးဇူးမသိတတ်သောသားက မမျှော်လင့်ထားရပါဘဲ ပြောင်ပြောင်တင်းတင်းပင် သူ့အား စကားဆိုလာမည်ဟု....။

"အဖေ....「ပြောသမျှစကားတွေနဲ့ လုပ်သမျှအပြုအမူတွေ အားလုံးကို အရာရာ သတိကြီးကြီးထားရမယ်」....အဖေပဲ ဟောဒီသားကို ဆုံးမခဲ့တာလေ...အဖေ ဘယ်လိုလုပ်ပြီး မေ့သွားရတာလဲ....''*

ရှီယုံနျဉ် အစပထမတော့ ကြောင်သွားခဲ့သည်။ ထို့နောက် အ့ံအားသင့် ထိတ်လန့်သွားကာ နောက်ဆုံးတွင် ကြောက်ရွံ့တုန်လှုပ်သွားသည်။ ထို့ကြောင့် သူ အလန့်တကြားပင် အပြစ်ရှိသောစိတ်များဖြင့် ရှောင်းချင်းယန့်အား လှမ်းကြည့်လိုက်သည်။ သို့ပေမယ့် ရှောင်းချင်းယန့်ထံမှ တုံပြန်မှု တစုံတရာမှ မရှိသည်အား တွေ့လိုက်ရသည်။*

*(T/N: ဒီနေရာတွေမှာ ရှီချန်အန်း ပြောလိုက်တဲ့စကားရဲ့အဓိပ္ပါယ်က ရှောင်းချင်းယန့် ရှီမိသားစုအား ဆက်ဆံပုံအပေါ် သူဝင်မပြောတာက လူတွေရဲ့အကြည့် အပြောလွတ်အောင် သူစောင့်ထိန်းနေတာဖြစ်ပြီး သူ့နေရာ သူသိ၊ ရှောင်းချင်းယန့်အား ဇနီးတယောက်အနေဖြင့် မကျော်လိုကြောင်းပြောတာဖြစ်သလို၊ တဖက်မှာလည်း ရှီယုံနျဉ်က သူတို့အစားမပြောပေး၍ ဒေါသထွက်နေသလို ယောက္ခမဆိုပြီး အရိုအသေခံချင်နေကြောင်း၊ ရှောင်းချင်းယန့်၏ဆက်ဆံပုံအား သဘောမကျ၍ သူ,ချန်အန်းအား ကြည့်လာခဲ့သော်လည်း သူတတ်နိုင်တာမရှိကြောင်း ပညာသားပါပါနဲ့ပြောလိုက်တာ ဖြစ်သည်။ 
ဒါကြောင့်မိုလို့ ရှီယုံနျဉ်မှ ရှောင်းချင်းယန့် ဒေါသထွက်သွားမလားဟု ထိတ်လန့်သွားခြင်းဖြစ်သည်။)

ရှီယုံနျဉ် ရင်ထဲမှဒေါသတို့သည် တိုး၍သာလာလေသည်။ သူ တနေ့နေ့တော့ ဒီအကောင်စုတ်လေးအား အိမ်တော်သို့ရအောင် ခေါ်ကာ သင်ခန်းစာကောင်းကောင်းပေးရန် မည်သို့လုပ်ရမည်နည်းဟုသာ အသည်းအသန် စဉ်းစားနေပေတော့သည်။

စောစောက သူ၏အပြုအမူ၊ ဆက်ဆံပုံသည် ရှောင်းချင်းယန့် ရည်ရွယ်၍လုပ်လိုက်ခြင်း မဟုတ်ပေ။ ထို့အပြင် စောင့်ကြည့်နေသူများ၏ ပြစ်တင်ပြောစကားများ၊ တာဝန်ဝတ္တရားများအား သိတတ်ပြုပြင်ပေးချင်နေကြသောလူများအား ရှောင်ရှားရန်အတွက် သူ ရှီအိမ်တော်အတွင်းသို့ ဝင်လာခဲ့ရန်သာ ရှိသည်။ အိမ်တော်ထဲရောက်ပြီး ယူဆောင်လာခဲ့သော လက်ဆောင်များအား ပေးပြီးသည်နှင့် ရှောင်းချင်းယန့်သည် ပြန်ရန် ပြင်ဆင်လေတော့သည်။ ထို့ကြောင့် ''လက်ဖက်ရည်ခွက်ငယ် တခွက်သောက်ချိန်''လေးမျှသာ ကြာမြင့်ခဲ့ပြီးချိန်တွင်တော့ အနှီပုဂ္ဂိုလ်နှစ်ယောက်လုံးသည် လုပ်ဆောင်ရန်ကိစ္စများရှိသေးသည်ဟုဆိုကာ ပြန်သွားကြလေသည်။

ရှောင်းချင်းယန့်သည် ရှီအိမ်တော်သို့လာကတည်းက ရှီယုံနျဉ်အား ယောက္ခမအဖြစ် သတ်မှတ်ထားခဲ့ခြင်းမရှိပေ။ ထို့ကြောင့် ရှီယုံနျဉ်သည်လည်း ယောက္ခမဟန် လုပ်ရဲခြင်းမရှိပေ။ ထိုသူနှစ်ယောက်ပြန်ချင်ကြသည်ဆိုပါက ရှီအိမ်တော်မှ များပြားလှသော မိသားစုဝင်တို့သည် နောက်မှလိုက်ကာ အမြန်အဆန်ပင် သူတို့အား လိုက်လံပို့ဆောင်ကြရန်သာ ရွေးချယ်စရာရှိပေခဲ့လေသည်။ ဝမ်ရယ်အိမ်တော်မှ မြင်းလှည်း မြင်ကွင်းမှ ထွက်ခွာပျောက်ကွယ်သွားသည်အထိ စောင့်ဆိုင်းပြီးချိန်တွင်တော့ ရှီယုံနျဉ်သည် သူ၏စာပေပညာရှင်မျက်နှာဖုံးအား ရုတ်ချည်းပင် ခွာချလိုက်သည်။ ထို့နောက် ပါးစပ်အပြည့်ရှိသော တံထွေးတို့အား ''ထွီ''ကနဲထွေးလိုက်ကာ ရုန့်ရင်းကြမ်းတမ်းသော စကားတို့အား နားမဆန့်အောင် ထွက်လာ ပြောဆိုလေတော့သည်။ 

"ငါ မင်းကို အစက လူတွေအနားမကပ်ရဲအောင် အေးစက်စက်မျက်နှာလုပ်ထားတဲ့ မာနကြီးမယ့် ထူးချွန်တဲ့ စာပေပညာရှင်တယောက်လို့ ထင်ထားခဲ့တာ....လက်စသတ်တော့ အဲ့ဒါက မင်းရဲ့ ပင်ကိုယ်စရိုက် သဘာဝဖြစ်နေတာကိုး....''

ယနေ့ ရှီချန်အန်း၏ ရှီမိသားစုဝင်များအား ဆက်ဆံပုံအား ရှောင်းချင်းယန့် သေချာစွာ လေ့လာသုံးသပ်ပြီးသားဖြစ်သည်။ ကြည့်ရတာတော့ ဒီရှီချန်အန်းသည် မူလကတည်းကပင် 'အေးတိအေးစက်သဘာဝ'ဖြင့်သာ မွေးဖွားလာသူဖြစ်ပြီး မိသားစုဝင်များကလည်း ထိုသည်အား 'အရေးစိုက်စရာလိုသောကိစ္စ'ဟု သဘောမထားကြပုံရပေသည်။ 

*(T/N: သူ့ဘာသာ ထင်ချင်ရာထင်နေတာ...)

"ကျွန်တော်မျိုး၏မိခင်က.............ရောဂါကြောင့် ဆုံးပါးသွားခဲ့တာ...မဟုတ်ဘူး....''

ရှီချန်အန်းသည် သူကိုယ်တိုင်လည်း အဘယ့်ကြောင့် ရှောင်းချင်းယန့်အား ထိုကိစ္စအား ပြောပြမိမှန်း မသိတော့ချေ။ သူပြောနေခဲ့သောစကားတို့သည် အေးချမ်းလွန်းလှပြီး ဝမ်းနည်းကြေကွဲမှု၊ ဒေါသ အစရှိသည့် စိတ်ခံစားချက်တို့ ပါဝင်ခြင်းမရှိဘဲ သူကြိုက်နှစ်သက်သောဟင်းတို့သည် မည်သို့ မည်ပုံရှိပေသည်ဟု သာမန်အချိန်များတွင် ပြောပြနေသကဲ့သို့ပင်။ သူ၏နံဘေးတွင်ရှိသော ရှောင်းချင်းယန့်မှာမူ ချက်ချင်းပင် မတ်မတ်ပြောင်းထိုင်လိုက်ကာ သူ့အားမျက်နှာမူပြီး တဖက်လူ၏မျက်ဝန်းများအား စူးစမ်းနေသောအကြည့်များဖြင့် ကြည့်လာခဲ့သည်။

"ကျွန်တော်မျိုး ဝမ်ရယ်ရှေ့မှာ ဟာသဖြစ်နေပြီပဲ...''

ပြော၍ပြီးသွားသောအခါမှပင် နောင်တရရကောင်းမှန်း သိပေတော့သည်။ သို့သော် နောင်တဆိုတာမျိုးက ရပြီးမှ ပြင်၍ရပေသောအမျိုးမဟုတ်ပေသောကြောင့် သူ မည်သို့သော အပြုအမူကောင်းများပြုလုပ်ရမည်အား မသိသကဲ့သို့ ရူးချင်ယောင်ဆောင်ကာ တောင်းပန်အပြုံးတို့ပြုံး၍ နေလိုက်တော့သည်။

သူ၏စူးစမ်းသောအကြည့်တို့အား ဖယ်ရှားခဲ့ပြီးနောက်တွင် ရှောင်းချင်းယန့်သည် မည်သို့သောမှတ်ချက်မျှပင် မပြောခဲ့ပေ။ ထို့နောက် လူနှစ်ယောက်တို့သည် စကားထပ်၍ မပြောကြတော့ပေ။ ဤသို့ဖြင့် နောက်ဆုံးတွင် ဝမ်ရယ်အိမ်တော်သို့ ပြန်ရောက်လာခဲ့ပြီး ရှီချန်အန်းလည်း သူ၏ခြံဝင်းသို့ ပြန်ရန် အသင့်ပြင်လေတော့သည်။ ထိုအချိန်မှသာ ရှောင်းချင်းယန့်မှ ခဏရပ်နေရန် ပြောလာခဲ့ပေသည်။

"ခန်းမငယ်ဆီ သွားကြရအောင်...''

"ဟုတ်ကဲ့ပါ ဝမ်ရယ်...''

ရှောင်းချင်းယန့်နှင့်အတူ ခန်းမငယ်သို့ ယခုသွားခြင်းသည် သူ့အား ''ဝမ်ဖေး''အဖြစ် ဤဝမ်ရယ်အိမ်တော်မှ လူများအား အသိပေးတော့မည်ဖြစ်ကြောင်း နားလည်လိုက်သည်။ ရှီချန်အန်းအနေဖြင့် ယခုကဲ့သို့သောနေ့မျိုး တနေ့မဟုတ် တနေ့တော့ ရောက်လာပေမည်မှန်း နားလည်ပေမယ့် ယခုကဲ့သို့ သိပ်မကြာလိုက်ခင် စောစောစီးစီး မိတ်ဆက်ပေးခံရမည်ဟုတော့ တခါမျှပင် မမျှော်လင့်ထားခဲ့ပေ။ ထို့အပြင် ယခုကဲ့သို့သော တော်ဝင်မိသားစုများ၏အိမ်တော်တို့တွင် အိမ်တော်ထိန်းများက စနစ်တကျ စီစဉ်အုပ်ချုပ်ကြသည်မှာများပြီး သခင်မများက ထိုအိမ်တော်ထိန်းများအား အတန်ငယ် ပြန်လည်ထိန်းချုပ်ရန်သာလိုအပ်သဖြင့် သူ့အနေဖြင့် ထိုကိစ္စအပေါ် အထူးတလည် အာရုံစိုက်ထားခြင်းမျိုး မရှိပေ။  *
သို့သော် ယခုမူ ရှောင်းချင်းယန့်မှ သူ့အား အသိအမှတ်ပြု မိတ်ဆက်ပေးရန်စဉ်းစားထားသည်ဆိုမှတော့ သူကလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်ရုံသာ။ သူ့ဘဝအား သက်တောင့်သက်သာဖြစ်အောင် လုပ်နေနိုင်မှတော့ ဘာကြောင့် သူ့ကိုယ်သူ အခက်တွေ့အောင် ဒုက္ခရှာနေတော့မည်နည်း။ ထို့အပြင် ရှောင်းချင်းယန့်၏အသိအမှတ်ပြုမှုသာရရှိထားပါက အနည်းဆုံးတော့ ဤဝမ်ရယ်အိမ်တော်တွင် ရှောင်းချင်းယန့် တဦးမှလွဲ၍ သူ့အား စော်ကားအနိုင်ကျင့်ရဲမည့်သူ မရှိနိုင်တော့ပေ။ 

*(T/N: ရှီချန်အန်းက သူ့ကိုယ်သူ 'အမျိုးသား ကြင်ယာတော်'ဆိုပြီး ရှောင်းချင်းယန့် မျက်နှာသာပေးမခံရနိုင်ဘူးဆိုပြီး အိမ်တော်က သခင်မတယောက်အနေနဲ့ လုပ်ပိုင်ခွင့်တွေအားလုံး လက်လျော့ထားတာပါ။ သူနဲ့ သူ့လူတွေသာ မသေဘဲ ကောင်းကောင်းမွန်မွန် အသက်ရှင်နေနိုင်သွားရင်ရပြီလို့ပဲ တွေးထားတာပါ။ တနေ့နေ့တော့ မတတ်သာလို့သာ သူ့ကို ဝမ်ဖေးဆိုပြီး မိတ်ဆက်ပေးလိမ့်မည်ဆိုပြီးသာ နေနေခဲ့ပေမယ့် အခုလို စောစောစီးစီးဆိုတော့ (သုံးရက်အတွင်း😊) သူခမျာ အ့ံသြသွားရှာတာ။)

"ဝမ်ဖေးအား ဟောဒီက အစေခံ/အစေခံမတို့ ဂါဝရပြု အရိုအသေပေးပါတယ်....''

"ထကြပါ...''

အဟုတ်ကိုပင် သူ့အား ဤဝမ်ရယ်အိမ်တော်မှ အစေခံများနှင့် တွေ့ပေးပြီး ထိုအစေခံတို့မှ သူ့အား ဂါဝရပြုစေပြီး ဤအိမ်တော်ကြီး၏ နောက်ထပ်သော အရှင်သခင်တပါးအဖြစ် အရိုအသေပေး အသိအမှတ်ပြုစေရန် ခေါ်လာခြင်းဖြစ်သည်။ ရှီချန်အန်း အမှန်တကယ်ပင် ဤရှောင်းချင်းယန့်၏ စီစဉ်ပေးမှုအပေါ် ပျော်ရွှင်သဘောကျမိသည်။ သို့ပေမယ့် ရှောင်းချင်းယန့် အဘယ့်ကြောင့် ဤသို့ပြုမူရသနည်း.....။ မည်သို့ပင် သူ စဉ်းစားစေကာမူ နားမလည်နိုင်ပေ။ ရှောင်းချင်းယန့်သည် သူ့အား ရွံ့မုန်းနေတာ မဟုတ်ဘူးလား.....။

မဟုတ်မှလွဲရော မနေ့က သူနဲ့အတူ ပထမဆုံးအကြိမ် မိဘအိမ်ပြန်တာ အဖော်လိုက်ပေးသလိုမျိုးလား...။** အပြင်မှာ ဝေဖန်ဖို့အသင့်စောင့်နေကြတဲ့ လူအမျိုးမျိုး ပါးစပ်အပေါက်တစ်ရာတို့အား ပိတ်ဖို့လုပ်ဆောင်ခြင်းလေ....။

"ကျူပင်ခုတ် ကျူငုတ်မကျန်''ဆိုတဲ့စကားပုံ ရှိတယ်မလား။ အခု ရှောင်းချင်းယန့်က ထီးနန်းဆက်ခံခွင့် အားလုံးဆုံးရှုံးသွားပေမယ့် ဘာပဲဖြစ်ဖြစ် သူက အရှင်မင်းကြီးရဲ့ သားတော်ကြီးပဲ မဟုတ်လား။ ဒါ့အပြင် ကွယ်လွန်သွားပြီဖြစ်သော ဧကရီယွမ်၏ သားတော်ကြီး၊ တော်ဝင်မိသားစု၏ မင်းသားများထဲ၌ တရားဝင်ဇနီးသည်မှ မွေးဖွားသော အကြီးဆုံး သားတော် မင်းသားကြီး ဆိုပြီး ဂုဏ်တွေဒြပ်တွေကရှိသေးတယ်မလား။ တနေ့နေ့မှာတော့ သူဟာ တစုံတယောက်အတွက် ဆူးညှောင့် အနှောက်အယှက်အဖြစ် မြင်ခြင်း ခံရနိုင်တာပဲလေ။ ဒါကြောင့် အပြစ်ပြောစရာ မရှိအောင်များလား။

**(T/N: အဲ့ဒီနားက ကိုယ်လည်း နားမလည်ဘူး။ နားလည်သလောက်က သူ အိမ်ပြန်တာနဲ့ အခုမိတ်ဆက်ပေးတာ တစ်နေ့တည်းလို့ ထင်တာပဲ။ ပြန်ရောက်တာနဲ့ တန်း မိတ်ဆက်ပေးလိုက်တာလားလို့ပါ။ မူရင်းထဲမှာရော 'မနေ့က'လို့ ရေးထားတာက နန်းတွင်းဝင်တာကိုလား မိဘအိမ်ပြန်တာလဲ ကိုယ်လဲ မကွဲဘူး။ တကယ်လို့ နားလည်တဲ့သူရှိရင် ပြောပေးကြနော်။ မှားနေရင် ပြင်ရအောင်လို့။ onegai shimasu!)

"ပန်ဝမ် လုပ်စရာကိစ္စတွေ ရှိသေးတယ်...ဒီကကိစ္စတွေကိုတော့ မင်း သင့်တော်သလို စီစဉ်ဆောင်ရွက်နိုင်တယ်...''

"ဟုတ်ကဲ့ပါ ဝမ်ရယ်..."

ရှောင်းချင်းယန့်အား နှုတ်ဆက် လိုက်ပို့ပေးပြီးသည့်အခါတွင်တော့ ရှီချန်အန်းတယောက် နေရတာ ပို၍ သက်တောင့်သက်သာ ရှိလာသည်။ သို့သော် သူ စကားမစရသေးခင်မှာဘဲ အိမ်တော်ထိန်းမှနေ၍ ရှေ့သို့ထွက်လာကာ စတင်ပြောဆိုလေတော့သည်။

"ဝမ်ဖေး...ဒီဝမ်ရယ်အိမ်တော်ရဲ့ စာရင်းစာအုပ်တွေကို ခဏနေရင် ဟောဒီ အစေခံကြီး ဝမ်ဖေးထံ လွှဲအပ်ပေးပါမယ်...ဝမ်ဖေးရဲ့ခြံဝင်းထဲ ပို့ပေးလိုက်ပါ့မယ်...အိမ်တော်ရဲ့ အစေခံအသက်စာချုပ်တွေကတော့ အမြဲတမ်း ဝမ်ရယ်ကပဲ ထိန်းသိမ်းထားပါတယ်... ဒါပေမယ့် အိမ်တော် သိုလှောင်ခန်းသော့ကတော့ ဟောဒီ အစေခံကြီးဆီမှာပါ...ခဏကြာရင် ပစ္စည်းတွေ စစ်ဆေးဖို့ ဟောဒီ အစေခံကြီးက ဝမ်ဖေးကို သိုလှောင်ခန်းဆီ လိုက်ပို့ပေးပါ့မယ်...''

"အဲ့ဒါတွေအပြင် ဝမ်ရယ်ဆီမှာ အခုထိ ကိုယ်လုပ်တော်အဆင့် နေထိုင်ရန် ပြင်ဆင်ထားတဲ့ အဆောင် ခြံဝန်းမရှိသေးပါဘူး...ဒါပေမယ့် ဝမ်ရယ် အရွယ်ရောက်တဲ့အချိန်တုန်းက နန်းတော်ကနေပို့ဆောင်ထားတဲ့ သီးသန့် ကိုယ်ရေးကိုယ်တာသုံး အစေခံမိန်းကလေးနှစ်ဦးတော့ ရှိပါတယ်...ဝမ်ဖေး သူတို့ကို တွေ့ချင်ပါသလား... "

ထူးထူးထွေထွေ ပြောစရာ အဆင့်အတန်းသတ်မှတ်ပေးထားခြင်းမခံရသည့် ကိုယ်ရေးကိုယ်တာသုံး အစေခံမိန်းကလေးတွေသာ။ ဝမ်ဖေးသာ ခွင့်မပြုဘူးဆိုပါက ဝမ်ဖေးဆီသို့ သွားရောက်ကာ လက်ဖက်ရည်ဆက်သရန် အခွင့်အရေးနှင့် အရည်အချင်းပင် မရှိသောသူများသာ။ သို့သော် လက်ရှိ ရှောင်းချင်းယန့်တွင်က ထိုမိန်းကလေးနှစ်ဦးသာ ရှိသဖြင့် အိမ်တော်ထိန်းအနေဖြင့် ရှေ့ထွက်ကာ သူတို့အကြောင်း ပြောပြရုံသာရှိသည်။

"အဲ့ဒါဆိုလည်း ဒီကို ခေါ်လိုက်ပါ...''

ရှောင်းချင်းယန့်၏မိန်းမတွေ....။ သူတို့မှာ ဘာအဆင့်အတန်းမှ မသတ်မှတ်ရသေးပေမယ့်လည်း ရှီချန်အန်း တွေ့ကြည့်ချင်သေးသည်။ ရှောင်းချင်းယန့် အရွယ်ရောက်တဲ့နှစ်ကတည်းကဆိုတော့ နှစ်အတော်ကြာပြီပဲ။ ဒီလောက်နှစ်တွေကြာခဲ့တာတောင်မှ သူတို့ကို မထုတ်ပယ်ရသေးဘူးဆိုတော့ ကြည့်ရတာ ရှောင်းချင်းယန့် သူတို့ကို သဘောကျတဲ့ပုံပဲ။ သူလည်း အခွင့်အရေးရတုန်း ရှောင်းချင်းယန့် ဘယ်လိုမိန်းမမျိုးကို သဘောကျလဲဆိုတာ ကြည့်ကြည့်ရတာပေါ့။ ပြီးတော့ ရှောင်းချင်းယန့်ကို ကိုယ်လုပ်တော်နှစ်ဦး ရွေးချယ်ဖို့ အခွင့်အရေးပေးသင့် မပေးသင့်လည်း စဉ်းစားကြည့်ရတာပေါ့။* ကြည့်ရတာ သူ သူ့ခင်ပွန်းသည်အတွက် မိန်းမရွေးချယ်ရာမှာ ကူညီပေးရတာလဲ တရားဝင်ဇနီးသည်ရဲ့ တာဝန်ဝတ္တရားတွေထဲက တခု ထင်ပါရဲ့။

*(T/N: ရှီချန်အန်းက အဲ့ဒီကလေးမနှစ်ယောက် သူနဲ့ အဆင်ပြေလောက်မယ်ထင်ရင် ရှောင်းချင်းယန့်သာ သူတို့ကို ကိုယ်လုပ်တော်တင်ချင်ရင် မတားဘူးလို့ ဆိုလိုချင်တာပါ။) 

"သြော် ဟုတ်သားပဲ....မနေ့က အရှင်မင်းသား ဝမ်ရယ်ဘွဲ့ လက်ခံရရှိတာပဲ...ဒါက အားလုံး ပျော်ရွှင်ဂုဏ်ပြုရမယ့်ကိစ္စပဲ...အိမ်တော်မှာရှိတဲ့ လူတေအားလုံးကို ဆုချီးမြှင့်ရမှာပေါ့...အိမ်တော်ထိန်း....ခဏနေရင် အိမ်တော်က အဆင့်မြင့် အစေခံမိန်းကလေးခေါင်းဆောင်တွေ၊ သက်ကြီး အမျိုးသမီးအစေခံတွေနဲ့ အိမ်တော်ထိန်းတွေကို တယောက်ကို ငွေစ ဆယ်စစီ...ကျန်တဲ့သူတွေကတော့ တယောက်ကို ငွေစ ငါးစစီ ဝေပေးလိုက်ပါ...ကျွန်တော် အရင်သွားနှင့်မယ်...ခင်ဗျားက အားလုံးကို အရင် ငွေစတွေ ဝေပေးလိုက်ပါ...ပြီးရင် ဝမ်ရယ်ရဲ့ ကိုယ်ရေးကိုယ်တာသုံး အစေခံမိန်းကလေးနှစ်ဦးကို ခေါ်ပြီး ကျွန်တော့်ဆီ လာတွေ့လှည့်ပါ...''

ဒီဆုချီးမြှင့်သည့်ကိစ္စသည် ရုတ်တရက် ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ယန်မောမော့ကလည်း သူ့အား ကြိုတင်သင်ပြထားခြင်းမျိုးမရှိသလို ရှီချန်အန်း ကိုယ်တိုင်လည်း သူလုပ်တာ မှန်မမှန် သေချာမသိချေ။ အမှတ်မထင်ဘဲ လျိုရှီး၏သားမွေးလာခဲ့ချိန်တုန်းက ဖခင်က ထိုကဲ့သို့ ဆုချီးမြှင့်ခဲ့သည်ကို ခပ်ရေးရေး သတိရမိလိုက်သောကြောင့်သာ လုပ်ဖြစ်သွားခြင်းဖြစ်သည်။ သို့ပေမယ့် အဲ့ဒီအချိန်တုန်းက ပမာဏနဲ့ ယခုဝေပေးသည့်ပမာဏတို့ကတော့ မိုးနှင့်မြေလို ကွာခြားလှပေသည်။ ရှီအိမ်တော်ဆိုသည်မှာ ဝမ်ရယ်အိမ်တော်နှင့် နှိုင်းယှဉ်ရန်ပင် သိမ်နုပ်လှပေသည်။ ထို့ကြောင့် အခု သူချီးမြှင့်လိုက်သည့် ငွေပမာဏသည် အိမ်တော်အတွက်ကတော့ ပြဿနာသေးသေးလေးမျှပင် မရှိနိုင်ပေ။

အကယ်၍များ ရှီချန်အန်း ပေးလိုက်သည့်ပမာဏသည် များသွားသည်ဆိုအံ့။ အဆိုးတကာ့ အဆိုးဆုံးအခြေအနေရောက်လာခဲ့လျှင် သူ၏ကိုယ်ပိုင်ငွေတို့အား သုံးစွဲလိုက်ရန် စဉ်းစားထားပြီးဖြစ်သည်။ ထိုအစား တကယ်ကြောက်ရမည်မှာ အစောပိုင်း သူချီးမြှင့်လိုက်သည့် ပမာဏသာ နည်းသွားခဲ့ပြီး အိမ်တော်တခုလုံးကလူတွေအား စိတ်မကျေနပ်အောင် နှိုးဆွလိုက်သကဲ့သို့ ဖြစ်သွားမည်ကိုသာ....။ သူသည် ''ဝမ်ဖေး''ဟု ဆိုသော်ငြားလည်း သူ၏နေ့စဉ်ဓူဝ လိုအပ်သည့်အရာများအား အိမ်တော်ရှိ ထိုသူများကသာ သယ်ယူ ဆောင်ရွက်ပေးနေကြသည် မဟုတ်ပါလား။ ထို့ကြောင့် သူ့အပေါ် ထိုသူများမှ အမြင်မကြည်လင်ခြင်းထက် သူနှင့် ဆက်ဆံရေးကောင်းနေခြင်းသည်သာ ပိုမကောင်းပေလော။ 

အိမ်တော်တွင်းမှလူအများကတော့ ပြောနေစရာပင် မလိုချေ။ ယခု အလွန်အမင်း ပျော်ရွှင်နေကြလေသည်။ များသောအားဖြင့် ဝမ်ရယ်အိမ်တော်ရှိ အစေခံတို့သည် အိမ်တော်တွင်း အစေခံများသာဖြစ်ပြီး* အရည်အတွက်အားဖြင့်လည်း များပြားလှပေသည်။ ဆုချီးမြှင့်သည့်အခါတိုင်း အိမ်တော်ထိန်းသာလျှင် အများဆုံး ငွေစ ငါးစရရှိသည်။ ကျန်အဆင့်နိမ့်အစေခံများကတော့ ငွေစ နှစ်စစီသာ ရရှိလေသည်။ အခုတော့ အိမ်တော်ရှိ အဆင့်နိမ့်အစေခံအားလုံးပင်လျှင် တဦးလျှင်ပင် ငွေစ ငါးစအား လက်ဝယ်ပိုင်ဆိုင်နိုင်သည်ဆိုလေတော့ အားလုံး ပျော်ရွှင်ဝမ်းမြောက်နေကြသည်မှာ အထူးပြောစရာပင် မလိုတော့ပေ။

*(အိမ်တော်တွင်း အစေခံ = အိမ်တော်အတွင်း၌သာနေ၍ အိမ်မှုကိစ္စများ လုပ်ကိုင်ဆောင်ရွက်ရသောသူများ။ အိမ်တော် ပြင်ပတွင်နေ၍ သွားလိုက်ပြန်လိုက် အလုပ်လာလုပ်ကြသည့်သူများ မဟုတ်။)

ယခုမှ ပူပူနွေးနွေး လက်ထပ်ဝင်ရောက်လာသော ဝမ်ဖေး၏ ''အမျိုးသား''ဟူသော အချက်အလက်အား သူတို့ လွှင့်ပစ်လိုက်လေတော့သည်။ ဝမ်ဖေး၏ စာနာသနားကြင်နာတတ်မှုနှင့် စေတနာသဒ္ဓါတရားကြီးမားမှုတို့သည် သခင်ကောင်းတယောက်၏ လက္ခဏာရပ်များသာ ဖြစ်သည်။ ထို့ကြောင့် နောင်အနာဂတ်တွင် သူတို့တွေအနေဖြင့် ဝမ်ဖေးအား ကိုယ်ရောစိတ်ပါနှစ်၍ အလုပ်အကျွေးပြုသွားတော့မည် ဖြစ်သည်။ 

ရှောင်းချင်းယန့်၏ ကိုယ်ရေးကိုယ်တာသုံး အစေခံမိန်းကလေးနှစ်ဦးဖြစ်သည့် ဇီယွဲ့နှင့် ဇီယန့်တို့သည် အတွင်းနန်းဆောင်မကြီးမှသူများဖြစ်ကြသည်။ ထိုနာမည်များသည်လည်း အတွင်းနန်းဆောင်မကြီး (အနောက်နန်းဆောင်)၏ အရှင်သခင်မှ ပေးထားသည့်နာမည်များဖြစ်သည်။

"ဝမ်ဖေးအား ဟောဒီ အစေခံများမှ ဂါဝရပြု အရိုအသေပေးပါတယ်...''

"ထကြပါ...''

ထိုမိန်းကလေးနှစ်ယောက်တို့သည် ရှီချန်အန်းအား အတူတကွ ဒူးထောက်ဦးတိုက်ကာ အရိုအသေပေးလာလေသည်။ ရှီချန်အန်းသည် မူလကတည်းက အမျိုးသမီးများနှင့် ကောင်းစွာ မဆက်ဆံတတ်ပေ။ ထို့အပြင် ထိုနှစ်ယောက်အား သူ အကြာကြီး ခေါ်ထားလိုခြင်းလည်း မရှိပေ။ သူတို့အား ခေါ်လိုက်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ သူတို့အား ပစ္စည်းအနည်းငယ်ကို ဆုအနေဖြင့် ပေးလိုသောကြောင့်သာဖြစ်သည်။

"ငါက ဝမ်ရယ်ကို ခစားပြုစုနေရပေမယ့် ယောကျ်ားတယောက်က ယောကျ်ားပဲမို့လို့ ဝမ်ရယ်အတွက် အဆင်မပြေဖြစ်နိုင်တယ်ဆိုတာ အပိုပြောစရာလိုမယ် မထင်ဘူး....ဒါကြောင့် ပုံမှန်ရက်တွေမှာ ဝမ်ရယ်နဲ့ ပတ်သက်ပြီး မင်းတို့ကိုသာ အားကိုးရမှာပဲ...''

မိန်းမတွေဆိုတော့ ရွှေငွေနှင့် လက်ဝတ်ရတနာ၊ အဝတ်အစားလှလှများအား သဘောကျကြသည် မဟုတ်ပါလား။ ရှီချန်အန်း ထိုနှစ်ယောက်အား အများအပြားပင် ဆုချလိုက်လေသည်။ ထို့အပြင် နောက်ဆုံးအနေဖြင့် ထိုနှစ်ယောက်အား သူမတို့၏တာဝန်အတွက် အဆင်သင့်ဖြစ်နေစေရန် ပြင်ဆင်ထားဖို့လည်း သူ မှာကြားလိုက်ပေသေးသည်။ 

ထိုမိန်းကလေးနှစ်ယောက်ကတော့ ဝမ်ဖေး၏ ပွင့်ပွင့်လင်းလင်း ပြောဆိုလာမှုအပေါ် လွန်စွာ အ့ံအားသင့်သွားခဲ့ရပေသည်။ ဝမ်ဖေးထံမှ သူသည် ဝမ်ရယ်နှင့် အိပ်ခန်းဆောင်တွင်းကိစ္စများတွင် ယောကျ်ားတယောက်ဖြစ်သဖြင့် ပြုစုခစားရန် ခက်ခဲလေကြောင်း ယခုလို ပွင့်လင်းစွာ ဝန်ခံပြောဆိုလာမည်ဟု ထင်ပင်မထားခဲ့ပေ။ သို့သော် အမှန်ပြောရလျှင် ထိုကိစ္စအား သူမတို့နှစ်ယောက် စိတ်ဝင်စားခြင်းမရှိပေ။ ထို့ကြောင့် သူမတို့သည် ဆုလက်ဆောင်များကိုပိုက်ရင်း ပျော်ပျော်ရွှင်ရွှင်ပင် ပြန်သွားကြလေတော့သည်။

ရှီချန်အန်း၏ ယနေ့လုပ်ဆောင်ချက်များ အားလုံးတို့အား ရှောင်းချင်းယန့်ထံသို့ သံတော်ဦးတင် သတင်းပို့မည့်သူရှိနေမည်အား အပိုလုပ်ကာ ပြောနေစရာမလို။ နောက်ဆုံးရသတင်းများအရ အိမ်တော်ထိန်းပင်လျှင် ဝမ်ဖေးအား စောင့်ကြည့် အကဲခတ်နေသော သူ၏သခင်သည် ထိုကိစ္စများနှင့်ပတ်သက်ပြီး ဝမ်ဖေးအပေါ် ကျေနပ်၏ မကျေနပ်၏ ကောင်းစွာ နားမလည်ဟူ၏။ သူ၏ သခင်သည် ဝမ်ဖေး၏လုပ်ဆောင်ချက်များအပေါ် မည်သည့် အမူအရာ၊ တုံ့ပြန်မှုလေးပင် မပြခဲ့ပေ။ သို့ပေမယ့်လည်း စိတ်မကျေမနပ်၊ သဘောမကျသော အရိပ်အယောင်ကတော့ မမြင်ရချေ။ နောက်ဆုံးတွင်တော့ အိမ်တော်ထိန်းသည် နောင်အခါ ဝမ်ဖေးအား ခစားရသည့်အချိန်တွင် သတိထား၍ ရိုသေစွာ ဆက်ဆံရန် ဆုံးဖြတ်လိုက်တော့သည်။

XXXXX

T/N:
ဒီဇာတ်လမ်းလေးက ကိုယ်ကတော့ အင်မတန်ကြိုက်ပေမယ့် မူရင်းထဲမှာကိုပဲ စာရေးဆရာရေးထားတာ နည်းနည်းရှုပ်နေတယ်လို့ ခံစားရပါတယ်။ သူ့ စာအရေးအသားက အနည်းငယ် ရောထွေးနေပြီး တချို့နေရာတွေမှာ နားလည်ရခက်တဲ့နေရာတွေ၊ စာပိုဒ်ရယ်၊ အချိန်အပိုင်းအခြား တခုနဲ့တခုကြား သေချာခွဲခြားထားတာတွေ မရှိဘူးရယ်လို့ ထင်မိပါတယ်။ ဒါက ကိုယ့်အမြင်ပါ။

နောက်တခုက ဒါက ကိုယ့်ရဲ့ ပထမဆုံး ဖြစ်ဖြစ်မြောက်မြောက် လုပ်ဆောင်မိတဲ့ ဘာသာပြန်ခြင်းပဲ ဖြစ်ပါတယ်။ ပြီးတော့ ကိုယ်က စာရေးရင် အင်မတန်မှကို ပေရှည် တတ်သူဖြစ်ပါတယ်။ ကိုယ် အခုတင်ပြီးသမျှ ဖတ်ပြီးထားရင် သိပါလိမ့်မယ်။ ပေ ဘယ်လောက်တောင်ရှည်ပြီး ဇာချဲ့ရေးထားသလဲဆိုတာ...။

နောက်ဆုံးတခုက ကိုယ်က စာဖတ်တဲ့အခါ စာရေးသူတွေ၊ ဘာသာပြန်သူတွေက notes၊ ရှင်းလင်းချက်တွေကို နောက်ဆုံးမှာ ရေးထားရင် သိချင်ပေမယ့် သွားမဖတ်တတ်ပါဘူး။ စာအကုန်ဖတ်ပြီးမှ သွားဖတ်တော့လဲ ဘယ်နားက ဘာရှင်းလင်းချက်မှန်းမသိ၊ ပြန်လဲ မရှာချင်နဲ့၊ အဲ့ဒီရှင်းလင်းချက်တွေကို ကျော်သွားပါတော့တယ်။ ဒါပေမယ့် တချို့တွေကတော့ စာပိုဒ်တပိုဒ်ပြီးတိုင်း ရှိလို့ရှိရင် တခါတည်း ရှင်းလင်းချက်တွေကို အဲ့ဒီနားမှာပဲ ရေးထားတဲ့အခါမှာတော့ ကိုယ့်အတွက် ဖတ်ရတာ တော်တော်ကြီးကို အဆင်ပြေပါတယ်။ အလုပ်လဲ မရှုပ်၊ တခါထဲလဲ သိ၊ အဲ့လိုမျိုးပေါ့။ 

အဲဒါတွေအားလုံးပေါင်းလိုက်ပြီး မူရင်းက ကိုယ့်အတွက် မရှင်းတာရော၊ ကိုယ် ပေရှည်နေလို့ လိုရင်းမရောက်၊ အဓိပ္ပာယ်မပေါ်မှာ စိုးရိမ်တာရော၊ ကိုယ် ရေးနေရင်းနဲ့ရော၊ ဖတ်ဖို့ အဆင်ပြေအောင်ရော လုပ်လိုက်တဲ့အခါ တချို့စာပိုဒ်တွေကြားမှာ ကိုယ့်ရဲ့ T/Nတွေက ပြူးပြပြီး ပါလာပါလေရော။ အပိုင်း (၁)မှာတုန်းကတော့ နောက်ဆုံးမှာ သွားရေးထားပေမယ့် အခုတော့ ကြားထဲတွေ ရောက်ကုန်ပါပြီ။ ဒါကြောင့်မိုလို့ တချို့သူတွေ ဖတ်ရတာ အဆင်မပြေခဲ့ရင် သည်းခံပြီးသာ ဖတ်ပေးပါလို့...😊။

စကားမစပ် ဒီတပတ်က ကိုယ် ခရီးထွက်နေတာရော၊ အပျင်းကြီးနေတာရော ပေါင်းလိုက်တော့ တော်တော် နောက်ကျသွားလားမသိဘူး...။
Sorry😁....။

ကိုယ့်တုန်းဆို အရမ်းကြိုက်လွန်းလို့ English Translationက တဝက်ပဲပြီးသေးတာကို မစောင့်နိုင်ဘဲ MTLလုပ်ပြီး တနေ့တည်း အပြီးဖတ်ပစ်လိုက်တာဆိုတော့ နားလည်ပါတယ်။ ဇာတ်လမ်းက ရိုးရိုးကြီးပေမယ့် ကိုယ့်အကြိုက်နဲ့ကိုယ် ကွက်တိဆိုတော့...😊။ အားလုံးလဲ စိတ်ရှည်ပြီးစောင့်ပေးကြတာ ကျေးဇူးတင်ပါတယ်။

XXXXX

PREVIOUS << TOC >> NEXT

No comments:

Post a Comment

Support My Translations