အပိုင်း (၂)
ရှီချန်အန်း၏မိခင်သည် ဖုန်းပြည်နယ်ရှိ ဆွေကြီးမျိုးကြီးတခုဖြစ်သော ယန်အိမ်တော်၊ ယန်မိသားစုမှ သမီးဖြစ်သည်။ ယန်အိမ်တော်သည် ခေတ်အဆက်ဆက် ထင်ရှားခဲ့သော စာပေပညာရှင်၊ ပညာရှိအမတ်များစွာဖြင့် ပြည်နယ်အတွင်း ထင်ရှားသော အိမ်တော်တခုပင် ဖြစ်သည်။ သူ၏မိခင်သည် ရှီယုံနျဉ်နှင့် အမှတ်မထင် တွေ့ဆုံမှုတခုမှ စတင်သိကျွမ်းခဲ့ကာ မိသားစုမှ သဘောမတူ၊ တားမြစ်သည့်ကြားမှပင် ရှီယုံနျဉ်နှင့် လက်ထပ်ရန်သာ ခေါင်းမာခဲ့သည်။ သမီးဖြစ်သူ၏ခေါင်းမာမှုကြောင့် ယန်မိသားစုအနေဖြင့် လက်ထပ်ရန် ခွင့်ပြုပေးရုံအပြင် မတတ်နိုင်ခဲ့ပေ။ သို့စေကာမူ ယန်မိသားစုအနေဖြင့် ထိုမင်္ဂလာပွဲနှင့် ပတ်သက်၍ အတော်ပင် မကျေမလည်ဖြစ်ကာ မင်္ဂလာပွဲနှင့်ပတ်သက်သော ကိစ္စတော်တော်များများအား မသိကျိုးကျွံပြုခဲ့သည်။ ထိုမသိကျိုးကျွံပြုမှုသည် သမီးဖြစ်သူ၏မင်္ဂလာပွဲပြီးဆုံးသွားသည့်တိုင် ဆက်လက်ရှိနေခဲ့ပြီး နောက်ဆုံးတော့...သမီးဖြစ်သူသည် သတို့သမီး၏ ပထမဆုံး မိဘအိမ်သို့ပြန်ကာ ဂါရဝပြုမှုတခုမှလွဲ၍ မိဘအိမ်သို့ပြန်ခြင်း မရှိတော့။ သမီးဖြစ်သူ လက်ထပ်၍ သတို့သားအိမ်သို့ လိုက်ပါသွားသည့်အချိန်မှစ၍ ယန်အိမ်တော်နှင့် သမီးဖြစ်သူအကြား ဆက်ဆံရေး ပြတ်တောက်သွားခဲ့သည်။
ထိုသို့ဖြစ်လာခဲ့မည်ဟု ကြိုသိထားသည့်အတိုင်းအလား သမီးဖြစ်သူအား လက်ထပ်ပေးသည့်အချိန်တွင် ထိုသမီးအတွက် သူမ၏မိခင် (ရှီချန်အန်း၏အဘွား)မှ အလွန်ပင် ကြီးကျယ်များပြားလှသော၊ တန်ဖိုးများပြားလှသော မင်္ဂလာလက်ဖွဲ့အား ပြင်ဆင်ကာပေးခဲ့လေသည်။ သာမန်မိသားစုတခုအတွက်ပင် မဆိုထားနှင့်၊ ထင်ရှားကြွယ်ဝသော ဂုဏ်သရေရှိမိသားစုတခုနှင့် လက်ထပ်လျှင်ပင် ထိုမင်္ဂလာလက်ဖွဲ့တခုတည်းဖြင့် ရှီချန်အန်း၏မိခင်အနေဖြင့် ဘဝတသက်လုံး ချမ်းချမ်းသာသာ၊ မပူမပင်၊ ဂုဏ်သရေရှိရှိ၊ စိုးရိမ်ကြောင့်ကြစရာမရှိဘဲ ခေါင်းမော့ကာ နေသွား၍ပင် ရလေသည်။
သူ့မိခင်၏ လက်ဖွဲ့စာရင်းအားကြည့်ရင်း ထိုထဲမှ အချို့အရာတို့သည် ပြန်လည်ရရှိရန် ဖြစ်နိုင်ချေနည်းကြောင်း ရှီချန်အန်း သိသည်။ သို့သော် ထိုစာရင်းထဲမှ တခုတလေကိုပင် ရှီအိမ်တော်တွင် ချန်ထားလိုစိတ် သူ့တွင် မြူတမှုန်မျှပင် မရှိချေ။
"မောမော့...ကျွန်တော် အဖေနဲ့ တိုင်ပင်စရာလေးရှိတယ်....ကျေးဇူးပြုပြီး သူ့ကို ဒီကိုလာခဲ့ဖို့ သွားခေါ်ပေးပါဦး....''
သာမန်အခြေအနေမျိုးတွင် သားဖြစ်သူမှ ဖခင်ဖြစ်သူအား တိုင်ပင်ဆွေးနွေးရန် တွေ့လိုသောအခါ ဖခင်ဖြစ်သူထံ ကိုယ်တိုင် သွားရောက်တွေ့ဆုံရန် လိုအပ်သည်။ ရှီချန်အန်းအတွက်တော့ ထိုသို့ မလုပ်လိုပေ။ သူ့အနေဖြင့် မိခင်ဖြစ်သူ သက်ရှိထင်ရှားရှိခဲ့စဉ်က နေထိုင်ခဲ့သော အခန်းအတွင်းတွင်သာ ပြောဆိုလိုပေသည်။ ဖခင်ဖြစ်သူ၏ မိခင်ပိုင်ဆိုင်သော ပစ္စည်းများအား လက်ဝါးကြီးအုပ်လိုမှုအား ထိန်းချုပ်နိုင်ရန်အပြင် သူ၏ဖခင် ဘယ်လောက်များတောင် အသည်းမာနိုင်သလဲဆိုတာပါ သိလို၍လည်း ဖြစ်သည်။
ရှီချန်အန်းမှ စေခိုင်းလိုက်ခြင်းနှင့်ပတ်သက်၍ ယန်မောမော့ ခါတိုင်းကဲ့သို့ အကျိုးအကြောင်း မေးခွန်းတွေ မေးမနေတော့။ သူမသခင်မှ စေခိုင်းသည့်ကိစ္စပင်။ မေးခွန်းထုတ်ရန်မလိုပေ။
သိပ်မကြာခင်ပင် ယန်မောမော့သည် ရှီယုံနျဉ်နှင့်အတူ ပြန်ရောက်လာသည်။ ရှီယုံနျဉ်၏ မျက်နှာအခြေအနေကတော့ သာယာခြင်းမရှိချေ။ ရှီချန်အန်းသည် ဘာကြောင့်ဟူ၍ မေးမနေတော့။ ပြောစရာရှိတာသာ တန်းပြောလိုက်သည်။
"အဖေ...ကျွန်တော်နဲ့ ပထမမင်းသားရဲ့ မင်္ဂလာရက်ကလည်း တဖြည်းဖြည်းနဲ့ နီးလာပြီ....အဲဒါကြောင့် ကျွန်တော် ကျွန်တော့်မင်္ဂလာလက်ဖွဲ့ကိစ္စနဲ့ ပတ်သက်ပြီး တိုင်ပင်ရအောင် ခေါ်ခိုင်းလိုက်တာ....''
ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ လက်ထပ်သည့်အချိန်တွင် မင်္ဂလာလက်ဖွဲ့ ပြင်ဆင်ရခြင်းမှာ ထုံးစံပင်။ ဘယ်သူကမှ ဝေဖန်ကာ အပြစ်တင်ပြောဆိုပိုင်ခွင့် မရှိချေ။
"သြော်...ဟုတ်သားပဲ...''
ဒီမင်္ဂလာလက်ဖွဲ့နှင့်ပတ်သက်ပြီး ရှီချန်အန်းသာ ပြောမလာခဲ့ဘူးဆိုရင် ရှီယုံနျဉ်အနေဖြင့် မသိချင်ယောင်ဆောင်သွားရန်ဖြစ်သည်။ ကိစ္စအားလုံး ပြီးဆုံးကာ နေသားတကျဖြစ်သွားမည့်အချိန်အထိ အသာလေးမျောလိုက်သွားရန် စဉ်းစားထားပြီးဖြစ်သည်။ ဒီသားဖြစ်သူ၏ မင်္ဂလာပွဲက နောက်ဆုံးမှာ လျစ်လျူရှုခြင်းခံရပြီး အဆုံးသတ်သွားမည်မှာ သေချာနေမှတော့ တော်တန်ရုံမျှ မင်္ဂလာလက်ဖွဲ့ပြင်ပေးလိုက်လျှင်ပင် အတော်များလှနေပြီ။
"အဖေ...ကျွန်တော့်အတွေးကတော့ ဒီလိုရှိတယ်...အဖေ့ရဲ့အရာရှိလစာဆိုတာကလည်း များလှတာမဟုတ်ဘူး....ပြီးတော့ အဖေ့မှာ စောင့်ရှောက်ရမယ့် မိသားစုကလည်း အများကြီးဆိုတော့ အိမ်မှာ အသုံးစရိတ်က တော်တော်များမှာပဲ....ကျွန်တော်က လက်ထပ်ပြီး ထွက်သွားမှာဆိုပေမယ့်...ကျွန်တော်လည်း ဒီရှီမိသားစုဝင်မဟုတ်လား...အိမ်မှာကျန်ခဲ့မယ့်သူတွေအတွက်လည်း စဉ်းစားပေးရမယ် မဟုတ်လား...
အဲ့ဒါကြောင့်မို့လို့...အဖေ့ရဲ့ ကျွန်တော့်မင်္ဂလာလက်ဖွဲ့ပြင်ဆင်ပေးမယ်ဆိုတဲ့ အတွေးနဲ့တင် ကျေနပ်ပါပြီ.....ကျွန်တော်အတွက်ကတော့ မေမေ့ရဲ့မင်္ဂလာလက်ဖွဲ့ပစ္စည်းတွေချည်းသက်သက်ပဲ ပြင်ဆင်သွားမယ်ဆိုရင်ကို.....ကျွန်တော့်မင်္ဂလာလက်ဖွဲ့ပြင်ဆင်မှုက လုံလောက်ပါပြီ....''
သူ့မိခင်တွင် ရှီချန်အန်းတယောက်သာ သားအနေဖြင့် ကျန်ခဲ့သည်။ ထို်ကြောင့် မိခင်ဖြစ်သူ၏ မင်္ဂလာပစ္စည်းများသည် ရှီချန်အန်းတယောက်သာ ဆက်ခံရန် ရှိသည်။
လက်ထပ်ပြီးသားမိန်းမတယောက်၏ မင်္ဂလာလက်ဖွဲ့ပစ္စည်းဆိုသည်မှာ ခင်ပွန်းဖြစ်သူ၏မိသားစုဘက်မှ စိတ်ကြိုက် စီမံဆုံးဖြတ်ပိုင်ခွင့် မရှိချေ။ သူမ အသက်ရှင်စဉ်ကာလအတွင်းတွင် သေဆုံးပြီးနောက် သားသမီးများမှ ဆက်ခံနိုင်ရန် သက်သက်ဖယ်ထားလေ့ရှိသည်။ အကယ်၍ သားသမီးမရှိခဲ့ပါက...သူမ၏ မိဘအိမ်မှ လာ၍ ပြန်လည်ယူဆောင်သွားလေ့ရှိသည်။
ရှီချန်အန်း၏စကားတွေကို ကြားလိုက်ရသည့် ရှီယုံနျဉ်...သူ၏ တည်ငြိမ်သော၊ ရင့်ကျက်သောဟူသည့် မျက်နှာဖုံးကို ထိိန်းမထားနိုင်အောင်ပင် မျက်နှာပျက်ယွင်းသွားရရှာသည်။ စကားမစခင်အချိန်အထိကတော့ သူ့ကိုယ်သူ တွက်ကိန်းများဖြင့် ကျေနပ်နေခဲ့သည်။ ဒီကောင်လေးနှင့် ပတ်သက်၍ အထူးတလည် တွေးတောထားခြင်းမျိုး မရှိ။ ဒါပေမယ့် ဘယ်သူကြိုသိနိုင်ခဲ့မှာလဲ။ ဒီကောင်လေးရဲ့နှလုံးသားက မဲညစ်နေခဲ့မယ်လို့...။ ရှီမိသားစုရဲ့စည်းစိမ်ကို မျက်စိထဲတောင် ထည့်မထားဘဲ ပိုကြီးမားတဲ့ပစ်မှတ်ကို ခိျန်ရွယ်နေခဲ့တယ်ဆိုတာ...။
"မဖြစ်နိုင်တာတွေ ပြောမနေနဲ့....''
ယန်ရှီး*ရဲ့ ခန်းဝင်ပစ္စည်းတွေမရှိဘဲ သူတယောက်တည်း၏လစာဖြင့် ရပ်တည်ဖို့ဆိုတာ.....။ ဘယ်လိုလုပ်ပြီး အဲ့ဒါလေးနဲ့ ရှီအိမ်တော်က ရှိသမျှလူအားလုံးကို ထောက်ပံ့နိုင်မှာလဲ......။
*(ယန်ရှီး = ယန်မျိုးနွယ် = ရှီချန်အန်း၏ မိခင်။)
"ဘယ်ဟာက မဖြစ်နိုင်တာလဲ....အဖေက ဘာကိုပြောချင်တာလဲ.....မေမေက ဆုံးပါးသွားခဲ့ပြီ....မေမေ့ရဲ့ခန်းဝင်ပစ္စည်းတွေကို ကျွန်တော့်ကို ပေးဖို့ မဖြစ်နိုင်ဘူးဆိုတော့....မဟုတ်မှလွဲရော...အဖေက အဲ့ဒါတွေကို ရှီမိသားစုပိုင်တွေဆိုပြီး လုပ်ချင်တာလား.....ကျွန်တော်တို့ တာ့ရှောင်းတိုင်းပြည်ကြီးမှာ အဲ့ဒီလိုထုံးစံမှ မရှိတာ....''
စိတ်ထဲမှာ လှောင်ရယ်နေရင်းကကို ရှီချန်အန်း သူ၏ ''ချစ်လှစွာသော ဖခင်ကြီး''အား မျက်နှာသာနည်းနည်းပေးရန် စဉ်းစားလိုက်သည်။ သို့ပေမယ့် ရှီချန်အန်း ထိုင်နေခဲ့သည့်တလျှောက်လုံး ရှီယုံနျဉ်ကတော့ မတ်တပ်ရပ်လျက်သာ ရှိနေခဲ့သည်။
ရှီချန်အန်း အင်္ကျီလက်ထဲမှ ခန်းဝင်ပစ္စည်းစာရင်းအား ထုတ်ယူလိုက်ကာ ရှီယုံနျဉ်အား ကြည့်ရန်ပေးလိုက်သည်။ အဲ့ဒါမှ ရှီယုံနျဉ်သည် စာရင်းထဲမှပစ္စည်းတွေကို မြန်မြန်ဆန်ဆန် ပြင်ဆင်နိုင်ရန် လွယ်ကူပေလိမ့်မည်။
"ဒီစာရင်းထဲက ငွေတွေကိုတော့ မလိုပါဘူး....အဖေနဲ့ အဖွားအတွက် ကျွန်တော်ရဲ့ ကျေးဇူးသိတတ်မှုအဖြစ် ထားလိုက်ပါတော့....အဲ့ဒီစာရင်းထဲမှာ ရှေးဟောင်း လက်ရေးစာတွေ၊ ပန်းချီနဲ့ ရတနာပစ္စည်းတွေ....ပြီးတော့ ကျွမ်းချီမှာရှိတဲ့မြေကွက်လည်း ပါတယ်....အိုး.....ဟုတ်သားပဲ...ဆိုင်တွေလည်း ရှိသေးတာပဲ....အဖေ့ကိုပဲ ကျွန်တော့်အစား စီစဉ်ပေးဖို့ အကူအညီတောင်းရမှာပဲ....ကျွန်တော် ဒီခန်းဝင်ပစ္စည်းစာရင်းကို တော်ဝင်မိသားစုဆီကို ပစ္စည်းစာရင်းစစ်ကြည့်ဖို့ ပို့ချင်သေးတယ်....''
ဒါတွေအားလုံးက ယန်ရှီးရဲ့ ခန်းဝင်ပစ္စည်းတွေပဲ...။ ရှီချန်အန်းက သူမ၏ တဦးတည်းသောသားအနေနှင့် လက်ထပ်သည့်အခါ ထိုပစ္စည်းအားလုံးအား ယူဆောင်သွားမည်ဆိုတာ သဘာဝကျသောကိစ္စတခုပင် ဖြစ်သည်။ ထို့အပြင် ရှီချန်အန်း လက်ထပ်မည့်သူမှာ တော်ဝင်မိသားစုဝင်တဦးပင် ဖြစ်သည်။ အကယ်၍သာ ရှီယုံနျဉ်သည် စာရင်းထဲမှ ပစ္စည်းတွေကို မပေးဘဲ လက်ဝါးကြီးအုပ်ရန် ထိမ်ချန်ထားခဲ့မည်ဆိုပါက...သေချာပေါက် တော်ဝင်မိသားစုအနေဖြင့် ဘယ်လိုမှ လက်ခံ၊ ခွင့်ပြုမည် မဟုတ်ချေ။ အဲ့ဒီအချိန်ကျရင် ကွယ်လွန်သွားပြီဖြစ်သောဇနီး၏ ကိုယ်ပိုင်ခန်းဝင်ပစ္စည်းများအား သားဖြစ်သူအား လွှဲပြောင်းခြင်းမရှိဘဲ မိမိအပိုင်အဖြစ် သိမ်းယူထားသည်ဟူသော ပြစ်ချက်ဖြင့် ရှီယုံနျဉ် နောက်တခါ ခေါင်းဖော်နိုင်တော့မည် မဟုတ်ပေ။
သူက တာ့ရှောင်းအုပ်ချုပ်ရေးယန္တရား၏ တာဝန်ရှိအမတ်တဦး။ တခြားသောသာမန်သူတွေထက် ချမှတ်ထားသော စည်းကမ်း၊ ဥပဒေတွေကို လိုက်နာရန် လိုအပ်သည်။ ထို့အပြင် သူ၏ ဂုဏ်သိက္ခာနှင့် နာမည်သတင်းကောင်းတို့ကိုလည်း ထိန်းသိမ်းရန် လိုအပ်သေးသည်။ ထို့ကြောင့် ပစ္စည်းများအား သူ ရှီချန်အန်းအား ပေးအပ်ခြင်းမရှိဘဲ ချန်လပ်ထားပါက အဲ့ဒါသည် ဥပဒေချိုးဖောက်ခြင်းပင်ဖြစ်ပြီး သူ၏မင်းမှုထမ်းဘဝသည်လည်း အဆုံးသတ်သွားပေမည်။ သူ့ဘဝတခုလုံး ပျက်စီးသွားနိုင်သည်။
"မင်း...မင်း...ဒီကျေးဇူးမသိတတ်တဲ့သားမိုက်....''
ဒေါသတို့ကြောင့် ရှီယုံနျဉ် သူ၏ဂုဏ်သိက္ခာ၊ မျက်နှာတို့ကို ထိန်းထားရန် မစွမ်းသာတော့။ စာပေပညာရှင်တွေအကုန်လုံးက ''လောကတွင် အခြားသော အလုပ်များထက် စာအုပ်၊စာပေလေ့လာခြင်းသည်က ပို၍ မြတ်၏''ဟူ၍ ပြောလေ့ရှိသည်။ ဒါပေမယ့် စာပေပညာရှင်တွေဆိုတာကရော...လူပဲ မဟုတ်လား....။ သူတို့လည်း စားဝတ်နေရေးဆိုတဲ့ အရေးသုံးပါး ဖြေရှင်းရန် ရှိသည်။ ထိုအရေးသုံးပါးလုံး ဖြေရှင်းရန်က လောကတွင်...ငွေလိုသည်.....။
ယခုတော့...ရှီချန်အန်း၏ ရှီအိမ်တော်ရှိ စည်းစိမ်အကုန်လုံးအား ယူဆောင်သွားမည်ဆိုသော အကြံအစည်အား သိရှိလိုက်မိတော့ ရှီယုံနျဉ် နောင်တကြီးစွာ ရမိသည်။ အစကတည်း သူ သံယောဇဉ် ဘာညာ နည်းနည်းလေးတောင် မထားခဲ့သင့်ဘဲ ဒီကျေးဇူးတရားနားမလည်တဲ့ သားမိုက်ကို သူ့အမေနှင့်အတူ တခါတည်း တခြားကမ်ဘာသို့ ပို့ပေးခဲ့သင့်သည်။ အခုတော့......။
ရှီယုံနျဉ်၏အတွေးထဲတွင် အမှန်စင်စစ် ရှီအိမ်တော်၏စည်းစိမ်တွေဆိုတာ တကယ်တမ်း ရှီမိသားစု၏ပိုင်ဆိုင်မှုအစစ်များ မဟုတ်ကြောင်း တခါမျှပင် မဝင်ဖူးခဲ့ပေ။ အမှန်တကယ်တွင်တော့ ဒီဆယ်နှစ်ကျော်အတွင်း ရှီမိသားစုအား ထောက်ပ့ံ ကျွေးမွေးလာခဲ့သည်မှာ ကွယ်လွန်သွားရှာပြီဖြစ်သော ယန်မျိုးနွယ်....ယန်ရှီးပင် ဖြစ်သည်။
"အဖေက ဒေါသထွက်ချင်တယ်.....ဘာလဲ....ကျွန်တော်က ကျွန်တော်နဲ့ မဆိုင်တဲ့အရာတွေကို တောင်းဆိုနေတယ်၊ တပ်မက်နေတယ်လို့များ ထင်နေတာလား....ဘာလဲ...ကျွန်တော့်ကိုပါ အပြတ်ရှင်းထုတ်ဖို့ ကြံနေသေးတာလား....
အဖေ...သေချာ စဉ်းစားကြည့်စမ်းပါ....တကယ်လို့များ ကျွန်တော်...အရှင်မင်းကြီးဆီက မင်းသားကြင်ယာတော်အဖြစ် လက်ဆက်ဖို့ အမိန့်ချထားခံရသူက...ရုတ်တရက် မိဘအိမ်မှာ ဆုံးပါးသွားခဲ့မည်ဆိုရင်.....
ဘယ်အကြောင်းကြောင့်ပဲဖြစ်စေ....တော်ဝင်မိသားစုအနေနဲ့ စဉ်းစားစရာက တခုတည်းပဲ....''အဖေက ဒီမင်္ဂလာကိစ္စနဲ့ပတ်သက်ပြီး အရှင်မင်းကြီးရဲ့ တော်ဝင်အမိန့်တော်ကို မကျေနပ်ဘူး....''ဆိုတာပဲ.....
အခု ကျွန်တော်နဲ့ ပတ်သက်ပြီး ကောင်းကောင်းဆိုးဆိုး သတင်းတွေအားလုံးက တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာနဲ့ ဆက်စပ်နေပြီဆိုတော့....အရှင်မင်းကြီးက ဒီအတိုင်း အဖေ့ကို...လွှတ်ပေးလိုက်မယ်လို့များ ထင်နေတာလား....''
ရှီချန်အန်း စားပွဲတဖက်တွင် ထိုင်နေရင်းမှ အေးစက်သောအကြည့်များဖြင့် သူ၏''မွေးသဖခင်ကြီး''အား ကြည့်လိုက်သည်။ သူသိတာပေါ့...။ အခု သူ့ဖခင်က သူ့အား ယခုအချိန်အထိ အရှင်ထားခဲ့တာကို နောင်တရနေတယ်ဆိုတာကို...။
တကယ်တော့ သူကိုယ်တိုင်လည်း နောင်တရမိပါတယ်...။ အကယ်၍ သူသာ သတိရှိခဲ့မယ်ဆိုရင်...။ ပြီးတော့ အဖြစ်မှန်တွေကိုသာ စောစောကြိုသိခဲ့မယ်ဆိုရင်...။ သူတို့သားအမိအပေါ်မှာ လုံးဝ ဂရုမစိုက် ပစ်ပယ်ထားတဲ့ ဒီဖခင်အပေါ် သူ မျှော်လင့်ချက်တွေ ထားခဲ့မှာ မဟုတ်ဘူး။ ဒီ့ထက်ကိုသာ ပိုစောစောသာသိခဲ့မယ်ဆိုရင် အခုလိုမျိုး သူရဲ့ အားကိုးရာမိခင်ကြီးသည်လည်း ခံပြင်းစွာ သေဆုံးခဲ့ရမည် မဟုတ်....။
မျက်စိရှေ့က ရုတ်တရက်ကြီး နှုတ်ရေးကြွယ်ကာ ကြံ့ခိုင်စွာ ကြီးပြင်းလာသောသား၊ အခြေအနေ အဆင့်အတန်း မြင့်မားပြောင်းလဲသွားသော သားဖြစ်သူအား ဘယ်လိုမှ ရင်ဆိုင်နိုင်ရန် စွမ်းအားရော နည်းလမ်းပါ မရှိတော့သည့် ရှီယုံနျဉ်အတွက်ကတော့ ယခုအချိန်တွင် အမုန်းတရားများစွာ၊ နောင်တများစွာဖြင့် အခန်းတွင်းမှ မချိတင်ကဲ ထွက်ခွာသွားရန်သာ ရှိသည်။ သူ့ရဲ့နှလုံးသားကတော့ သွေးစိမ်းရှင်ရှင်ထွက်နေခဲ့ပြီး သူ့၏လက်ထဲတွင်ရှိသည့် ခန်းဝင်ပစ္စည်းစာရင်းကတော့ ဘောလုံးအသွင်သို့ လုံးချေခြင်းကို ခံလိုက်ရတော့သည်။
"သခင်လေး... ခုနက သခင်လေးပုံစံကလေ တကယ့်ကို ဟိတ်ဟန်အပြည့်နဲ့ အထင်ကြီးစရာကြီးပဲ...သိလား...''
နှစ်တွေ၊ ရက်တွေကြာပြီးသွားတဲ့အခါမှာတော့ အစေခံကလေးမနှစ်ယောက်၏မျက်နှာတွင် အပြုံးအစစ်တို့ ပွင့်လန်းလာနိုင်ပြီဖြစ်သည်။ စောစောက ထိုကလေးမနှစ်ယောက် အခြားတဖက်ကနေ ချောင်းကြည့်နေမှန်း ရှီချန်အန်း သိသည်။ ပြီးတော့....ထိုကလေးမနှစ်ယောက်၏စိတ်ထဲတွင် သူခံစားခဲ့ရသည့် တရားမမျှတမှုတို့အတွက် ခံပြင်းနေခဲ့သည်ကိုလည်း သူ သိသည်။ သူ၏လုပ်ရပ်တို့သည် သူကိုယ်တိုင်အတွက် တရားမျှတမှုကို ရှာယုံမျှသာမကဘဲ သူအပေါ်သစ္စာစောင့်သိသည့် ထိုနောက်လိုက်များအတွက်လည်း ပါဝင်သည်။
"ဘာ အထင်ကြီးစရာရှိလို့လဲ....ငါ့အဖြစ်က ဆင်ဖြူတော်မှီပြီး ကြံစုပ်ရတဲ့အခြေအနေကို....''
ဟုတ်သည်။ အရာအားလုံးသည် အပေးရှိ၍ အယူရှိရခြင်းသာဖြစ်သည်။ သူအနေနဲ့ သူပိုင်ဆိုင်တဲ့အရာတို့ကို ကာကွယ်ရန် ထိုပေးဆပ်လိုက်ရခြင်းမှ ရပိုင်ခွင့်တချို့ကို သုံးလိုက်ခြင်းသာ ဖြစ်သည်....။
ချွန်းယွီ၏မျက်နှာပေါ်က အပျော်တို့ကတော့ ဖုံးကွယ်၍မရနိုင်ပေ။ သူမကတော့ သူမသခင်လေး လက်ထပ်ဖြစ်ရသည့်ကိစ္စက သိပ်မကောင်းလှတဲ့ကိစ္စရယ်လို့လည်း မဟုတ်ဟု ထင်မိသည်။ တကယ်လို့ ဒီမင်္ဂလာကိစ္စသာမရှိခဲ့ဘူးဆိုရင်...သခင်လေးအတွက် ဘယ်အချိန်မှာမှ ဆုံးပါးသွားတဲ့ သခင်မကြီးအတွက် လက်စားချေပေးဖို့ရော၊ သူကိုယ်တိုင်အတွက် လက်တုံ့ပြန်နိုင်မယ့် အခွင့်အရေးရော ရလာနိုင်မယ်ဆိုတာ မသိနိုင်ပေ...။
သူ၏သားခြံဝင်းထဲမှ တကိုယ်လုံးတုန်ခါနေသောဒေါသများဖြင့် ထွက်လာသော ရှီယုံနျဉ်အတွက် မျက်နှာအရေထူထူဖြင့် သူ့မိခင်၏ခြံဝင်းသို့ သွားရန်အပြင် ရွေးချယ်စရာ မရှိပေ။ ယန်ရှီး ကွယ်လွန်သွားပြီးနောက် သူမ၏ရတနာပစ္စည်းများအား အများဆုံးယူဆောင်သွားသူမှာ သူ့မိခင်ပင် ဖြစ်သည်။ ဒုတိယအများဆုံးကတော့...သူ၏ဝမ်းကွဲညီမ။ ထို့အပြင် တခြားကိုယ်လုပ်တော်တချို့လည်း ရှိသေးသည်။ သူ့အား ကောင်းကောင်းပြုစုသည့်အခါတိုင်း ထိုကိုယ်လုပ်တော်တို့အား သူဆုချလိုက်ခြင်းကြောင့် ဖြစ်သည်။
အင်း...အမေနဲ့ အဲ့ဒီကိုယ်လုပ်တော်တွေဆိုတာ ပြဿနာမဟုတ်ဘူး....။ တကယ့်ပြဿနာက....ဝမ်းကွဲညီမ။ ဘာပဲဖြစ်ဖြစ် အမေ့ကို အရင်ပြန်တောင်းရမှာပဲ....။
"ဘာ...အဲ့ဒါက ဘယ်လိုလုပ်ပြီး ယန်ရှီးဟာတွေ ဖြစ်ရမှာလဲ....သူ ဒီရှီမိသားစုထဲ မင်္ဂလာဆောင်ပြီး ဝင်လာကတည်းက သူပိုင်သမျှအားလုံးက ရှီမိသားစုအပိုင်ပဲ...အဲ့ဒါတွေကို ဘာကိစ္စ ဟိုကောင်လေးကို ပေးပစ်ရမှာလဲ...''
ရှီယုံနျဉ်၏ဖခင်သည် ဝေးလံလှသော နယ်မြို့သေးသေးလေးမှ ဒေသတွင်းသာတာဝန်ယူရသော အမတ်ငယ်တဦးသာ ဖြစ်သည်။ နှစ်ပေါင်းလေးဆယ်ကျော် ကြာပြီးသွားတဲ့နောက်မှာလည်း ထိုအမတ်ငယ်ရာထူးဖြင့်သာ ရှိခဲ့သည်။ သူမကွယ်လွန်မီအထိကိုပင် ရာထူးတက်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ကံမကောင်းစွာပင် သူ့အား အကောင်းမြင်ကာ ထောက်ခံပေးမည့်သူ မရှိခဲ့ပေ။ ထို့ကြောင့် သူ့အနေဖြင့် အနီးအနားကရွာတွေအပေါ် အုပ်စိုးနိုင်ရန် ငွေကြေးထောက်ပ့ံမှုတခိျု့ကိုသာ လုပ်နိုင်ခဲ့သည်။ နောက်ဆုံးတော့ ရွာသူတဦးကို အိမ်သို့ လက်ထပ်ခေါ်ယူလာကာ အမွေဆက်ခံရန် သားယောက်ျားလေးတဦးမွေးစေခြင်းဖြင့် မိသားစုမျိုးရိုးအား ဆက်လက်တည်တံ့စေခဲ့သည်။
ရွာသူတဦးဖြစ်သော ရှီယုံနျဉ်၏မိခင်...လျိုရှီးသည် တိုင်းပြည်၏ဥပဒေသများအား မဆိုထားနှင့်...စာတလုံးမျှပင် မတတ်ချေ။ ထို့ကြောင့် ယန်ရှီး၏ခန်းဝင်ပစ္စည်းများအား သူမအပိုင်ဟုသာမှတ်ယူထားသည်။ ယန်ရှီး သက်ရှိထင်ရှားရှိစဉ်အခါကလည်း အကြိမ်များစွာ ယန်ရှီးအား တိုက်ခိုက်ကာ ခန်းဝင်ပစ္စည်းများအား တောင်းလေ့ရှိသည်။ ဒါပေမယ့် ယန်ရှီကတော့ အလျော့မပေးဘဲ ပစ္စည်းများအား ပေးအပ်ခဲ့ခြင်းမရှိချေ။ ယန်ရှီးသေဆုံးသွားသည့်အခါမှာတော့ သူမသည် အားတက်တရော ပစ္စည်းတဝက်ကျော်တို့အား ယူဆောင်ကာ သူမအခန်းအတွင်းသို့ ပြောင်းရွေ့စေခဲ့သည်။
ယခုတော့ သူမ၏သားက ထိုပစ္စည်းများသည် အခုအချိန်အထိ ယန်ရှီး၏ပစ္စည်းများသာ ဖြစ်နေသေးပြီး ယန်ရှီး၏တဦးတည်းသောသားထံ ပြန်ပေးရမည်ဟု ပြောလာသည်။ ဘယ်လိုလုပ်ပြီး သူမအနေနဲ့ နားလည်ပြီး လက်ခံနိုင်မှာလဲ။ ဘယ်ပြန်ပေးနိုင်ပါ့မလဲ။
"အမေ...အမေ အဲ့ဒီ ကျွန်တော်တို့ မပိုင်တဲ့ပစ္စည်းတွေ လိုချင်လား....ဟောဒီသားရဲ့ အမတ်ရာထူးကို လိုချင်သလား...''
အလွယ်ကူဆုံးဖြစ်မည်ဟု ထင်ထားခဲ့သည်ကစပြီး ပြန်တောင်းရခက်ခဲလိမ့်မည်ဟု ထင်မထားခဲ့သော ရှီယုံနျဉ်သည် ရင်ထဲ အတန်တန်ချုပ်ထိန်းထားသော ဒေါသတို့ကို ဆက်လက်ချုပ်ထိန်းရန် မစွမ်းသာတော့ဘဲ အော်ဟစ်ပေါက်ကွဲမိသည်။
အမယ်အို လျိုရှီးသည် ဒေါသထွက်နေတသာ သားဖြစ်သူ၏ပုံစံကြောင့် ကြောက်စိတ်၊ စိုးရိမ်စိတ်တို့ဖြင့် မေးမိလိုက်သည်။
"တကယ်ပဲ ပြန်မပေးလို့ရှိရင်...ဥပဒေချိုးဖောက်မိပြီး ထောင်ကျမှာလား...''
"အမေ...တိုင်းပြည်က အုပ်ချုပ်ရေးဥပဒေ သက်သက်ရှိပြီး...မိသားစုတွေ လိုက်နာဖို့ အိမ်စည်းကမ်းဥပဒေက သက်သက်ရှိသေးတယ်...
အိမ်မှာတော့ အမေက အကြီးဆုံး...အိမ်မျက်နှာဖုံးဖြစ်ပြီး သားက အမေ့စကား လိုက်နာရမှာ....အမေ့အလိုကို လိုက်လျောရမှာ မှန်တယ်....
ဒါပေမယ့် ကျွန်တော်တို့မိသားစုတခုလုံးအနေနဲ့တော့ ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို လိုက်နာရဦးမယ်...အမေ မလိုက်နာချင်လဲ မရဘူး....အမေ မပြောနဲ့.....တော်ဝင်မိသားစုကတောင် အဲ့ဒီချမှတ်ထားတဲ့ စည်းကမ်းဥပဒေတွေကို ဖောက်ဖျက်လို့မရဘူး....
အဲ့ဒီတော့...အမေ...အဲ့ဒီပစ္စည်းတွေ ပိုက်ပြီး ဟောဒီ့သား ခေါင်းနဲ့ကိုယ် အိုးစားကွဲတာ ထိုင်ကြည့်ချင်သလား....
အခု ဟိုကောင်လေးက ကျွန်တော့်ကို အရိုးထဲကကို မုန်းနေတာ...အဲ့ဒီတော့ သားအဖ သံယောဇဉ်တွေ ဘာတွေလည်း ဂရုစိုက်မှာ မဟုတ်ဘူး...အမေ ပြန်မပေးချင်ရင် ရတယ်...အဲ့ဒီကောင်လေး အရှင်မင်းကြီးဆီ သွားတိုင်တဲ့အချိန်ထိ စောင့်ကြတာပေါ့...ပြီးရင် ကျွန်တော်တို့ ရှီတမိသားစုလုံး ပျော်ပျော်ကြီး ထောင်ထဲ ဝင်ကြတာပေါ့....''
ရှီယုံနျဉ်တယောက် ဒေါသထွက်လွန်းလို့ သွေးပွက်ပွက်ကို အန်ပစ်ချင်လာတယ်။ သူ့ကိုယ်ထဲကဒေါသတွေကို ဘယ်သွားပုံချလို့ ပုံချရမလဲ မသိတော့...။ ဒေါသကြောင့် သူ့ရဲ့နှလုံးသားက အခုန်မြန်နေပြီး သွေးကြောထဲကသွေးတွေကလည်း တဒိတ်ဒိတ်နဲ့ အမြန်စီးဆင်းနေသလို သူ့အသက်ရှုနှုန်းကလည်း ပိုပိုမြန်လာတယ်...။ ဒေါသထွက်လွန်းမက ထွက်ရင်းနဲ့ နောက်ဆုံးမှာ မမျှော်လင့်ဘဲ သူ တကယ်ကို သွေးပွက်ပွက်အန်မိသွားသည်။
ရှီယုံနျဉ် သွေးအန်ပြီးသည်နှင့် ထိုသည်ကို မြင်လိုက်ရသော အမယ်အိုလျိုရှီးသည်လည်း ချက်ချင်းပင် မူးမေ့လဲသွားသည်။
သည်သားက သူမ၏ အရာအားလုံးဖြစ်သည်။ လောကတွင် သူမအတွက် အရေးအကြီးဆုံးအရာ၊ သူမအနှစ်သက်ဆုံးအရာမှာ ငွေနှင့် သူမ၏ အဖိုးတန်သား ဖြစ်သည်။ ထို့ကြောင့် ယခုကိစ္စတွင် သားဖြစ်သူ ကိုယ်တိုင် လုပ်စရာမလိုတော့။ အမယ်အိုလျိုရှီးကိုယ်တိုင် ရှေ့ထွက်ကာ ကိုင်တွယ်ဖြေရှင်းတော့သည်။ တူမဖြစ်သူ လျိုရှီးရော၊ ကျန်တဲ့ ကိုယ်လုပ်တော်တွေရော အကုန် သူမကိိုင်တွယ်ကာ သူတို့ယူဆောင်ထားသော ပစ္စည်းအားလုံးတို့အား ပြန်လည်သိမ်းယူလေတော့သည်။ ထို့နောက် ပစ္စည်းအားလုံးတို့ကို ရှီချန်အန်းလက်ထဲသို့ လျောလျောရှူရှူပင် အကုန် ပြန်အပ်လိုက်တော့သည်။
ပစ္စည်းအားလုံးပြန်အပ်ပြီးသွားသည့်အချိန်တွင်တော့ အဘွားကြီးလျိုသည် အငြိမ်မနေပေ။နေ့စဉ်နေ့တိုင်း ရှီချန်အန်း၏ ခြံဝင်းအရှေ့တံခါးသို့ သွားရောက်ကာ အော်ဟစ်ဆဲဆိုကာ ဆူပူလေတော့သည်။ သူမ တခါလာတိုင်း တကြိမ်လျှင် တရှီချန်-နှစ်နာရီမျှ အော်ဟစ်လေ့ရှိသည်။ အသက်ကြီးသောသူများ ကောင်းစွာ အိပ်စက်အနားယူရန်လိုသည် မလိုသည်မသိ...သူမကတော့ နေ့တိုင်း အချိန်မှန် လာရောက်ဆဲဆိုသည်မှာ ညခင်းပိုင်းတွင်ပင်မချန် မအိပ်စက်ဘဲ လာရောက်ဆဲဆိုလေသည်။
"သခင်လေး...အဲ့ဒီ သခင်မကြီးက တရားသိပ်လွန်တာပဲ...သခင်လေးက ကိုယ့်အမေပစ္စည်းပဲ ပြန်တောင်းတာကို...ဘယ်နားက သခင်လေးရဲ့ အဘွားနေရာနဲ့ ထိုက်တန်လို့လဲ....တကယ်ပဲ....လူကြီးဖြစ်ပြီး လေးစားချင်စရာကို မကောင်းဘူး...''
ထိုဆဲဆိုခြင်းရက်ပိုင်းများကို ရှီချန်အန်းအနေဖြင့် မည်သို့မျှ မတုံ့ပြန်ပေ။ ယန်မောမော့နှင့် ကလေးမနှစ်ယောက်ကတော့ ကြားထဲမှ ဒေါသထွက်ပေးကြသည်။ တကယ်လို့သာ အဆင့်အတန်း ဘာညာတွက်နေရခြင်းမျိုးမရှိပါက ချွန်းယွီကိုယ်တိုင်ထွက်ကာ အဲ့ဒီလူတွေနှင့် ထိပ်တိုက်တွေ့ပြီး ပြန်လည်ဆဲဆိုပစ်လိုက်ဖို့ပင် တွေးထားသေးသည်။
"သူက ဘာများ ထပ်လုပ်နိုင်မှာမို့လို့လဲ....ဘာပဲဖြစ်ဖြစ် အခေါင်းထဲရောက်ဖို့ ခြေတလှမ်းပဲ လိုတော့တဲ့သူပဲ***...လွှတ်ထားလိုက်စမ်းပါ...ငါတောင် ဂရုမစိုက်တာ...ပြီးတော့ ငါတို့က ဒီမှာ နှစ်ရက်အပြင် နေတော့မှာမှ မဟုတ်တာ...''
"ဟုတ်သားပဲ...သခင်လေးရဲ့ မင်္ဂလာရက်က သန်ဘက်ခါပဲ....''
သန်ဘက်ခါကျရင်....။ အခုထိ ပထမမင်းသားကြီးက ဘယ်လိုလူမျိုးလဲဆိုတာ မသိသေးဘူး...။ အင်း...ကိုယ့်ကိုကိုယ်ပဲ အပြစ်ဖို့ ဒေါသထွက်ရမှာပဲ။ နောင်လာမယ့် အနာဂတ်ကျရင်...ခြေတလှမ်းချင်းပဲလှမ်းပြီးတော့ နောက်တလှမ်းမလှမ်းခင် သေချာသတိထားမှပဲ......။
XXXXX
***T/N: ချန်အန်းနဲ့ သူ့မိသားစုရဲ့ ဆက်ဆံရေးက လုံးဝ လုံးဝကို မကောင်းတာပါ။ ဟိုဘက်ကလည်း သူကို အမြင်မကြည်သလို သူကလည်း သံယောဇဉ်အရမ်းပြတ်ပါတယ်။ ကျန်တဲ့သူတွေနဲ့ဆက်ဆံရေးက အဆင်ပြေပေမယ့် သူ့မိသားစုနဲ့ ပတ်သက်လာရင် လုံးဝ သံယောဇဉ်မရှိဘဲ ဆက်ဆံတတ်ပါတယ်။
ဟိုဘက်က သူ့အမေကိုသေစေတဲ့အပြင် သူ့ကို မသတ်ယုံတမယ် ဘဝကို ပိတ်ဆို့ထားခဲ့တာမို့လို့ပါ။
ဒါကြောင့် ရှီမိသားစုနဲ့ ပြောဆိုဆက်ဆံတဲ့အခါ သူ့အပြော၊အတွေးတွေက နည်းနည်းရက်စက်ပြီး ရိုင်းတတ်ပါတယ်။
ဒီကမြန်မာ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ကြတော့ အဖေနဲ့ အဘွားအပေါ် ဆက်ဆံတာ ရိုင်းတဲ့ပုံမျိုး ဖြစ်နေပါလိမ့်မယ်။ စကားအလိမ္မာသုံးပင်မယ့် တကယ်တမ်း နာအောင် သူပြောလေ့ရှိပါတယ်။ သူ့ဘက်ကကြည့်တော့လည်း ခံစားခဲ့ရတာမို့လို့ သူ့ကို အပြစ်မယူစေချင်ဘူး။ သူ့မှာ ပြစ်ချက်ဆိုရင် အဲ့ဒါလေးတခုပဲရှိတာပါ။ ကိုယ်ကတော့ အမှန်ပြောရရင် သိပ်မကြိုက်ဘူး။😁
No comments:
Post a Comment