Monday, May 11, 2020

ကြင်ရာတော် ချန်အန်း (Unicode) - အပိုင်း (၃)

အပိုင်း (၃)

မင်းသားတပါး၏လက်ထပ်မင်္ဂလာပွဲဖြစ်သည့်အပြင် ဧကရာဇ်မင်းကြီးကိုယ်တော်တိုင် လက်ထပ်မိန့်ချထားသော မင်္ဂလာပွဲဖြစ်သည့်အတွက် ထိုမင်္ဂလာပွဲ၏ အခမ်းအနား အပြင်အဆင်တို့သည် ကြီးကျယ်ခမ်းနားလှသည့်အပြင် အလွန်စည်ကားသိုက်မြိုက်လှပေသည်။ ရှည်လျားလှသောတနေ့တာ၏အပြီးတွင် ဤအထီးကျန်လှသော အခန်းတွင်းသို့ကြည့်ရင်း ရှီချန်အန်းတယောက် ဝမ်းသာရမည်လား...၊ ဝမ်းနည်းရမည်လားပင် မသိတော့တော့ချေ။ 

ပထမမင်းသား...ရှောင်းချင်းယန့်...သူက လူကောင်းတယောက်...ဒါမှမဟုတ် နားလည်တတ်မည့်လူတယောက်ဖြစ်လျှင်ကောင်းမည်။ ဒါ့အပြင် ထူးထူးဆန်းဆန်းဝါသနာမပါသည့်သူဖြစ်လျှင် ပိုကောင်းမည်။* ဒါပေမယ့် အဲ့ဒီလူက သူ့ကိုသာ စက်ဆုပ်ရွံရှာနေမည်ဆိုလျှင်လည်း သူ့အနာဂတ်အတွက် ကောင်းမည့်လမ်းမမြင်ပေ.....။

*(T/N: ပြောချင်တာက သူလက်ထပ်လိုက်တဲ့သူက လိင်တူစိတ်ဝင်စားတဲ့သူမဟုတ်ရင်ကောင်းမယ်ဆိုပြီးတော့ပါ။ ဒါပေမယ့် အဲ့လိုမဟုတ်ပြန်ရင်လည်း သူ့ကို ပစ်ပယ်ထားနိုင်တဲ့အတွက်ကြောင့်လည်း အဆင်မပြေနိုင်ပြန်ပါဘူး။ ဘာပဲဖြစ်ဖြစ် သူ့အတွက် အဆင်မပြေနိုင်စရာတွေကြီးပါပဲ...a sad reality....)

"သခင်လေး....အဲ...ကြင်ယာတော်....အဲ....သခင်လေး တခုခုစားပြီး စောစောနားပါတော့လား...''

ချွန်းယွီ၏နှလုံးသားတွင် စိတ်မကောင်းခြင်းများစွာသာ ကြီးစိုး၍နေသည်။ သူမ၏သခင်လေးက မင်းသားတပါး၏ဇနီးသည်ဖြစ်၍နေလေပြီ။ ဒါပေမယ့် အဲ့ဒီမင်းသားက သူ့ဇနီးသည်ကို မသိချင်ယောင်ဆောင်ကာ ပစ်ပယ်ထားလေသည်။*

*(T/N: တကယ်က အခုမှလက်ထပ်ပြီးကာစ နေ့တောင်မကူးသေးဘူး...😅)

ဒါပေမယ့်... သခင်လေးက ဘာပဲဖြစ်ဖြစ် ယောက်ျားရင့်မာကြီးတယောက်ဖြစ်ပြီး မိန်းမတယောက်နဲ့ လက်ထပ်၊ ကလေးတွေမွေးပြီး ပျော်ပျော်ရွှင်ရွှင်နေသွားရမယ့်သူ ဖြစ်ရမှာ...။ အခုတော့ တခြားယောက်ျားတယောက်နဲ့ လက်ထပ်ဖြစ်ပြီး အဲ့ဒီယောကျ်ားရဲ့မျက်နှာတော်ကိုပဲ ကြည့်ပြီး နေ့တိုင်း ရှင်သန်သွားရတော့မယ်......။ ဝမ်ရယ်*ကို ကြည့်ရတာ စိတ်သဘောထားသိပ်ကောင်းမယ့်ပုံ မပေါ်ဘူး...။ ဟင်း...သခင်လေး ဘယ်လိုများ နေထိုင်သွားရမှာပါလိမ့်......။

*(ဝမ်ရယ် = ပထမမင်းသား = ရှောင်းချင်းယန့်။
ရှီချန်အန်းနှင့် လက်ထပ်ပြီးနောက်တွင် ရှောင်းချင်းယန့်သည် ဝမ်ရယ်အဖြစ် ချီးမြှောက်ခြင်း ခံရသည်။)

"နည်းနည်းလောက် ထပ်စောင့်ကြတာပေါ့....မတော်လို့ သခင်လေး အိပ်ပျော်သွားပြီးမှ အရှင်မင်းသားများ ရောက်လာခဲ့ရင်...''

ယန်မောမော့သည် ရှီချန်အန်း၏မိခင်လက်ထက်ကတည်းက ခစားခဲ့သော ဝါရင့်အစေခံအမျိုးသမီးကြီးပင်ဖြစ်သည်။ ထို့ကြောင့် သူမအနေနှင့် လောကကြီး၏ သဘောသဘာဝတို့အား နားလည်ထားပြီးဖြစ်ပြီး တော်ဝင်မိသားစုတို့၏ များပြားလှသော စည်းမျဉ်းစည်းကမ်းတို့အား အတန်အသင့် နားလည်ထားသည်။ ထို့ကြောင့် သူမအနေဖြင့် အထူးပင် သူတို့၏ အပြောအဆို၊ အပြုအမူတို့အား သတိထားနေသည်မှာ ပြောစရာပင်မလိုချေ။ အထူးသဖြင့် ယောကျ်ားတယောက်က မင်းသားကြင်ယာတော်ဖြစ်နေခြင်းသည် အပြစ်တခုအနေဖြင့် ရှီချန်အန်းအား ထိခိုက်လာမည်ကို သူမ စိုးရွံ့မိသည်။

"မောမော့...ကျွန်တော့်ကို တခုခုစားဖို့ စီစဉ်ပေး...ပြီးရင်..အားလုံး စောစောသွားနားကြတော့....မောမော့တို့လည်း တနေ့လုံး ပင်ပန်းထားတာမလား...''

ပထမမင်းသား မလာမှာမှန်းသိနေမှတော့ သူတို့အနေနဲ့ စောင့်နေစရာမလိုပေ။ စားစရာပြင်ရန်ပြောပြီးမှပဲ သူတို့အနေနဲ့ ဒီနေ့မှ မင်းသား၏အိမ်တော်ကို ရောက်တာဖြစ်ကြောင်း ရှီချန်အန်း သတိရမိတော့သည်။ စားဖိုဆောင် ဘယ်နားရှိကြောင်း သူတို့မှ မသိသေးဘဲ ဘယ်လိုလုပ်ပြီး စားစရာတွေပြင်ဆင်နိုင်မှာလဲ။ စားပွဲပေါ်တွင် ပြင်ထားသော အချိုတည်းစရာ မုန့်အချို့ကို ကြည့်ရင်း ဒီညတော့ ဒါလေးနဲ့ပဲ သူ့ဗိုက်ကိုဖြည့်ရန်သာ ရှီချန်အန်း ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် မောမော့နှင့် ကလေးမနှစ်ယောက်တို့အား သွားနားရန် စေလွှတ်လိုက်ပြီး ရှီချန်အန်း စားပွဲဘေးရှိ ခုံတွင်ထိုင်ကာ စားရန်ပြင်လေတော့သည်။

ရှောင်းချင်းယန့် တံခါးဖွင့်ကာ အခန်းအတွင်းဝင်လာတော့ ရှီချန်အန်းသည် မုန့်တခုအား ကိုင်ကာ သူ့ပါးစပ်အတွင်းသို့ သွင်းလုဆဲဆဲအခါတွင် ဖြစ်သည်။ အခန်းတံခါးဖွင့်သံကြားလိုက်ရသောအခါ ရှီချန်အန်း၏ပထမဆုံးတုံ့ပြန်မှုမှာ 'သြော်...ရှောင်းချင်းယန့် ပြန်လာပြီ'ဟူ၍သာ ဖြစ်သည်။ အထိတ်တလန့် ဖြစ်သွားခြင်းဟူ၍ မရှိချေ။ အသာအယာပင် သူ့လက်ထဲတွင်ရှိသောမုန့်ကိုချကာ မတ်တပ်ရပ်လိုက်သည်။ မနှေးမမြန်သောခြေလှမ်းများဖြင့် ရှောင်းချင်းယန့်ရှိရာသို့ ဦးတည်သွားလိုက်ကာ သူ့အား မျက်နှာမူလိုက်သည်။ ထို့နောက် ရှောင်းချင်းယန့်အား ဂါရဝပြု နှုတ်ဆက်လိုက်လေသည်။

"အရှင်မင်းသားအား ဂါရဝပြု နှုတ်ခွန်းဆက်ပါတယ်...''

ရှောင်းချင်းယန့် သူ၏ရှေ့၌ တည်တည်ငြိမ်ငြိမ် ဣနြေ္ဒရရဖြင့် အေးချမ်းစွာရပ်နေသော ထိုသူ...ထိုယောကျ်ား....တနည်းအားဖြင့် သူ၏ ခမ်းခမ်းနားနား လက်ထပ်ယူထားသော ''တရားဝင်ဇနီးသည်၊ တရားဝင်ကြင်ယာတော်''အား ကြည့်လိုက်သည်။ သူ့ရင်ထဲမှ မကျေနပ်မှု၊ နစ်နာမှု၊ ခါးသီးသောခံစားချက်တို့က ထိန်းချုပ်၍မရနိုင်ပေ။ ဖော်ပြ၍ မရနိုင်ပေ။ ထို့ကြောင့် သူ့အား အရိုအသေပေးနေသော ထိုသူအား ဒီအတိုင်းပင် လျစ်လျူရှုကာ အပိုစကားဆိုမနေဘဲ မင်္ဂလာအပြင်အဆင်တို့ဖြင့် အလှဆင်ထားသော ကုတင်ဆီသို့သာ တန်းတန်းမတ်မတ်သွားလိုက်သည်။ အဝတ်တို့လဲလှယ်ခြင်းမရှိဘဲ အိပ်ရာပေါ်သို့ မျက်စိမှိတ်ကာ လှဲလျောင်းလိုက်သည်။ စကားတခွန်းတပါဒမျှ ပြောဆိုခြင်းမရှိချေ။

ဆောင်းတွင်းပိုင်းသို့ မရောက်သေးပေမယ့် ဆောင်းဦးနှောင်းပိုင်းအချိန်မို့ ညနေခင်းတို့သည် အအေးဓာတ်တို့ဖြင့် လွှမ်းခြုံလာပြီဖြစ်သည်။ ရှီချန်အန်းအနေဖြင့် သူသည် အရှင်မင်းသားအတွက် စိတ်ကျေနပ်စရာတခု မဟုတ်ကြောင်း အသေအချာ သိပြီးဖြစ်၍ မင်းသား၏အပြုအမူတို့အတွက် သူ့နှလုံးသားတွင် အထူးတလည် မကျေနပ်ခြင်းမျိုး မရှိချေ။ ကုတင်ပေါ်ရှိထိုသူသည် မျက်စိမှိတ်ကာနေမှန်း သူသိပေမယ့် သူ၏လက်နှစ်ဖက်တို့အား ရှေ့သို့ယှက်ကာ ကုတင်ပေါ်ရှိထိုသူအား ရိုသေစွာပင် ဂါရဝပြု ဦးညွှတ်လိုက်သည်။ ထို့နောက် အခန်းအတွင်းမှ ထွက်ခွာလာကာ ဘေးရှိ အပြင်ခန်းအတွင်းသို့ သွားလိုက်သည်။

အခန်းအတွင်းရှိ ထိုပုဂ္ဂိုလ်သည် မူလကဖြင့် တာ့ရှောင်းမင်းဆက်ကြီး၏ ဂုဏ်သရေရှိ ကြီးကျယ်မြင့်မြတ်လှသော မင်းသားကြီးပင် ဖြစ်သည်။ သူ၏မွေးမိခင်သည် ဧကရာဇ်မင်းကြီး၏ ငယ်ချစ်ဦးလည်းဖြစ်သော ကွယ်လွန်သွားပြီဖြစ်သည့် ဧကရီပင်မိဖုရားခေါင်ကြီး ဖြစ်သည်။ သူသည် အရှင်မင်းကြီး၏ အကြီးဆုံး သားတော်ကြီးဖြစ်သည်သာမက တရားဝင်ဇနီးသည်ဖြစ်သော မိဖုရားခေါင်ကြီးမှမွေးသော သားတော်ကြီးလည်း ဖြစ်သည်။ သာမန်အခြေအနေမျိုးတွင် သူသည် တာ့ရှောင်းတိုင်းပြည်ကြီး၏ တဦးတည်းသော ပြိုင်ဘက်ကင်း အနာဂတ် ဧကရာဇ်အလောင်းအလျာပင် ဖြစ်လေသည်။ သို့ပေမယ့်...ယခုတော့ သူသည် ထီးနန်းဆက်ခံရန် အလွန်ပင် အလှမ်းအဝေးဆုံးသောသူ ဖြစ်လာပေသည်။

တာ့ရှောင်းမင်းဆက် စတင်ထူထောင်စဉ်ကာလမှသည် မင်းအစဉ်အဆက် လိုက်နာခဲ့သော စည်းမျဉ်း အစဉ်အလာတခုရှိသည်။ ထိုသည်မှာ အိမ်ရှေ့မင်းသားမည်သည် ဧကရီမိဖုရားခေါင်ကြီးမှ မွေးဖွားသော သားတော်ဖြစ်ရမည် ဟူ၍ဖြစ်သည်။ အခုတော့ ရှောင်းချင်းယန့်သည် ယောကျ်ားတယောက်အား တရားဝင်ဇနီးမယားအဖြစ် လက်ထပ်ယူပြီး ဖြစ်သည်။ ဤဘဝတွင် သူ့အနေဖြင့် တရားဝင် ဆက်ခံသူ၊ မျိုးဆက်အနေဖြင့် တရားဝင်သားအား မရရှိနိုင်တော့ပေ။ ထို့ကြောင့် အလိုအလျောက်ပင် သူသည် ထီးနန်းဆက်ခံခွင့်အား ဆုံးရံှုးသွားပြီဖြစ်သည်။*

*(T/N: ရှောင်းချင်းယန့်က ရှီချန်အန်းနဲ့ သားသမီးမရနိုင်တော့ သူသာဘုရင်ဖြစ်ခဲ့ရင် သူ့နောက်ဆက်ခံမယ့် တရားဝင်သား၊ တနည်း အိမ်ရှေ့မင်းသားရာထူးပေးရမယ့်သူ မရှိနိုင်တော့တာမို့ နန်းဆက်ပြတ်နိုင်တာကြောင့် သူ့အနေနဲ့ ထီးနန်းဆက်ခံခွင့် မပြောနဲ့၊ ပြိုင်ခွင့်တောင် မရှိတော့ပါဘူး။ အဲ့ဒါကြောင့် ရှီချန်အန်းအပေါ် မတရားမှန်းသိပေမယ့် သူသိပ်အမြင်မကြည်ပါဘူး....)

ရှီချန်အန်း သက်ပြင်းချရင်း သူ၏မျက်လုံးများအား မှိတ်လိုက်သည်။ ကိုယ့်ဘဝကိုယ်တောင်မပိုင်၊ သူ့ကံကြမ္မာပင် သူတပါးလက်ထဲရောက်နေသော သူ့တွင် သူတပါးအား စာနာသနားပေးရန် စဉ်းစားနိုင်သေးသည်ပဲ...။

ရှီချန်အန်း ကိုယ်တိုင်ပင် သူ၏ဖခင်နှင့် အဆင်မပြေ။ ငယ်စဉ်ကတည်းကပင် သူ၏အပြောအဆို၊ အပြုအမူတို့အား သတိကြီးစွာထားခဲ့ရသည်။ လွန်ခဲ့သောသုံးနှစ်...သူ၏မိခင် ကွယ်လွန်သွားချိန်မှစပြီး သူ ဤလူ့အသိုင်းအဝိုင်း၏ ပကတိအခြေအနေ၊ ဆက်ဆံရေးတို့အား ကိုယ်တိုင်ကိုယ်ကျ နှင့်နှင့်သီးသီး ခံစားခဲ့ပြီးပြီ။ သူ၏သွေးရင်းချာ ဖခင်နှင့် ဆွေမျိုးများကပင် မျက်ကွယ်ပြု ရက်စက်ခဲ့မှတော့ ရွာငယ်လေးက ခြံဝန်းထဲမှာ သူနေခဲ့စဉ်တလျောက်လုံး အစေခံအားလုံးတို့က သူ့အား မထေမဲ့မြင်ပြုကာ နှိပ်စက်ရန် အားထုတ်ကြသည်။ အကယ်၍သာ ယန်မောမော့၊ ချွန်းယွီနှင့် တုန်းရွှယ်တို့၏ ကာကွယ်ပေးခဲ့မှုတို့သာ မရှိခဲ့လျှင် ထိုသုံးနှစ်အတွင်း သူ့ဘဝ မည်သို့ဖြစ်နေမည်မှာ မတွေးဝ့ံစရာပင်။ သူနှင့်ယှဉ်လိုက်ပါက ရှောင်းချင်းယန့်ကပင် အများကြီး ကံကောင်းနေသေးသည်။ ဘာကိစ္စ သူ့ကို သနားပေးနေရမည်နည်း။

အခန်းအတွင်း တိတ်ဆိတ်သွားသည်အထိစောင့်ပြီး များမကြာမီက အိပ်စက်သွားရမည်ဖြစ်သော ရှောင်းချင်းယန့်၏ ကြယ်တာရာကဲ့သို့သောမျက်လုံးအစုံသည် ပွင့်လာခဲ့ပြီး အခန်းအပြင်သို့ လှမ်းကြည့်လိုက်သည်။ ဒီလူ.....မဆိုးဘူးဘဲ...။ အပြုအမူကောင်းကောင်းတွေရှိတယ်။ ပြောစရာမလိုဘဲ သူ့မျက်လုံးတွေကို အနှောင့်အယှက်ပေးမယ့်အစား အလိုက်တသိ အခန်းထဲကနေ ထွက်သွားတယ်။ တကယ်လို့သာ အကောင်းအဆိုး နားမလည်ဘဲ အခန်းထဲ နေရဲသေးရင် သူကိုယ်တိုင် အဲ့ဒီလူကို အရှက်ရအောင် ကောင်းကောင်း ပညာပေးလိုက်မလို့ပဲ...။

နောက်တနေ့....။ ကူညီလုပ်ဆောင်ပေးရန် အစေခံမိန်းကလေးတဦး ဝင်လာတော့ မိုးပင်ကောင်းစွာမလင်းသေးချေ။ ရှီချန်အန်း နိုးလာသည့်အခါတွင်တော့ ထိုမိန်းကလေးသည် ရှီချန်အန်းအပေါ် အနည်းငယ် သနားဂရုဏာသက်သည့် အကြည့်များဖြင့် သူ့အား အဝတ်ကူလဲပေးရန် တည်ငြိမ်တိတ်ဆိတ်စွာ ဆောင်ရွက်လေသည်။ သူ ပြင်ဆင်ပြီးသွားသောအခါ ထိုမိန်းကလေးနှင့်အတူ ရှောင်းချင်းယန့် နိုးလာမည်ကို စောင့်ဆိုင်းနေလိုက်သည်။

မနေ့ညက အလင်းရောင်အားနည်းကာ အနည်းငယ် မှောင်စပြုနေခဲ့သည်မို့ ရှီချန်အန်းတယောက် သူ၏ခင်ပွန်းသည်ဖြစ်လာခဲ့ပြီဖြစ်သော ပထမမင်းသားကြီးအား ကောင်းစွာ အကဲခတ်ခွင့် မရရှိခဲ့ပေ။ ထို့ကြောင့် သူ အခန်းအတွင်း ဝင်ပြီးနောက် တွေ့လိုက်ရသော ရှောင်းချင်းယန့်၏ တည်ကြည်ရှင်းသန့်နေသောမျက်နှာသည် သူ၏မျက်ဝန်းနက်တို့တွင် အချိန်အတော်ကြာပင် ပုံရိပ်စွဲထင်နေခဲ့သည်။ သူကိုယ်တိုင်ပင် မသိလိုက်စွာ ရှီချန်အန်း သူ၏လက်ဖဝါးတို့ကို တင်းကြပ်စွာ ဆုပ်မိသွားပြီး တကိုယ်လုံးလည်း တောင့်တင်းသွားခဲ့သည်။

"ကြည့်လို့ ဝပြီလား....''

ရှောင်းချင်းယန့်၏ သာယာခြင်းမရှိသောအသံ ထွက်ပေါ်လာသည်။ ထိုအခါမှ ရှီချန်အန်း အသိပြန်ဝင်လာပြီး သူ၏အကြည့်တို့ကို လွှဲပစ်လိုက်ပြီး အမြန်အဆန်ပင် ပြောလိုက်သည်။ 

"ကျွန်တော်မျိုး အပြုအမူတွေထိန်းဖို့ မေ့သွားပါတယ်....အရှင်မင်းသား...သဘောထားကြီးစွာ ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်....''

"တော်ဝင်မိသားစုဝင်တယောက်ဖြစ်လာပြီဆိုရင် မင်းရဲ့ အပြုအမူ၊ အပြောအဆိုတွေကို သတိထားရပြီး ဘယ်ဟာတွေက အရေးပေးဆောင်ရွက်ရမယ်ဆိုတာ သိဖို့လိုတယ်...ခဏနေရင်ပဲ မင်း ဖခမည်းတော်နဲ့ တွေ့ဖို့ရှိပြီး မယ်တော်ကိုလည်း ဂါရဝပြု အရိုအသေပေးဖို့ ရှိသေးတယ်...ဒီအပြုအမူမျိုးနဲ့ မင်းက ဒီမင်းသားကိုပါ မင်းနဲ့ အတူတူ အရှက်ရစေချင်တာလား....''

သူက ယောကျ်ားလေးဆိုတာတွေ၊ သာမန် အဆင့်လေးအမတ်ငယ်တယောက်ရဲ့သားဆိုတာတွေ ခဏမေ့ထားလိုက်ဦး....။ ဒီလိုပုံမျိုးနဲ့တော့ ဒီလူ...ရှေ့လျောက်ကြုံလာရမယ့် အသိုင်းအဝိုင်းထဲ ဝင်ဆံ့ဖို့ အရည်အချင်းတောင် ရှိပါ့မလား....။

သူ့ရှေ့က အကူအညီမဲ့နေတဲ့အသွင်နဲ့လူကို ကြည့်ရင်း သူရင်ထဲ ခက်ခက်ခဲခဲ ချိုးနှိမ်ထားရတဲ့ မကျေနပ်ချက်တွေ၊ ခါးသီးတဲ့ ခံစားချက်တွေက တလိမ့်လိမ့် တိုးလို့သာလာသည်။ တကယ်ကိုပဲ သူ၏ဖခမည်းတော်ဟာ သူ့စကားတွေကို ဘာကြောင့် အမျိုးမျိုးပြောင်းလဲနေရသလဲဆိုတာ ရှောင်းချင်းယန့် ဘယ်လိုမှ နားလည်နိုင်စွမ်း မရှိတော့။ အသေအချာကိုပဲ သူ၏အဘိုးတော်*က သူ့ခမည်းတော်သည် သူ့အား ထီးနန်းဆက်ခံရန်အတွက် သတ်မှတ်ထားပြီးဖြစ်ကြောင်းကို ကြိုတင်ပြောပြထားပြီးဖြစ်သည်။ ပုံမှန်အားဖြင့်လည်း ခမည်းတော်သည် သူ့အား ချစ်မြတ်နိုးပြီး ကောင်းစွာ ဆက်ဆံလေ့ရှိသည်။ ထိုအကြောင်းကြောင်းတွေကြားထဲကနေပင် မည်သို့မည်ပုံဖြစ်၍ အရာအားလုံးသည် ထိုသို့ပြောင်းလဲသွားခဲ့ရသနည်း။

*(ရှောင်းချင်းယန့်၏မိခင်ဘက်မှ တော်စပ်သော အဘိုး)

ဖခမည်းတော်သည် သူ့အား ယောကျ်ားတယောက်အား ဇနီးသည်အဖြစ် လက်ထပ်စေကာ သူ၏ထီးနန်းဆီသို့သွားရာလမ်းကို ပိတ်ပင်ခဲ့သည်။ ထို့အပြင် သူ ရွေးချယ်ပေးလိုက်သော ထို''ဇနီးသည်''၏မိသားစုသည် ဆင်းရဲနိမ့်ကျသော သာမန်အိမ်တော်တခုမှဖြစ်သည်။ သူ့အတွက် အထောက်အပံ့ကောင်းကောင်းရရန် မဆိုထားနှင့်၊ အနည်းငယ်မျှပင် အခြေအနေတို့အား ပြောင်းလဲပစ်နိုင်မည့် အင်အားပင် ရရှိနိုင်မည့်လမ်း မမြင်ချေ။

ပထမမင်းသားကြီး၏ ခမ်းနားလှသော မြင်းလှည်းကြီးသည် အင်မတန် ကျယ်ဝန်းလှသလို သက်တောင့်သက်သာလည်း ရှိပေသည်။ မြင်းလှည်းအတွင်းရှိ လူနှစ်ယောက်ကတော့ဖြင့် လှည်းအတွင်း တဖက်တချက်စီ ထိုင်ရင်း လှည်းအတွင်းဝင်ရောက်စဉ်အခါမှစ၍ စကားတခွန်းမျှ ဆိုကြခြင်းမရှိချေ။

နောက်ဆုံး နန်းတော်တံခါးဝသို့ ရောက်သည့်အချိန်မှ အချိန်ကြာသည်းခံထားရပြီး ချုပ်ထိန်းထားရသောဒေါသများဖြင့် ရှောင်းချင်းယန့်သည် စိတ်မရှည်စွာ ပြောလိုက်သည်။

"ခဏနေရင် မင်းရဲ့ အပြောအဆို၊ အပြုအမူတွေကို သေချာဂရုစိုက်....တကယ်လို့များ မင်းသာ ငါ့မျက်နှာပျက်စေမယ့် မဟုတ်တဲ့ဟာတခုခုများ လုပ်လိုက်လို့ကတော့....ငါ မင်းအတွက် အသနားခံပေးမယ်လို့များ မျှော်မနေနဲ့....ကြားလား....''

"ဟုတ်ကဲ့ပါ...အရှင်မင်းသား....''

အတွင်းနန်းဆောင်မှလူများ၏ လမ်းပြမှုနောက်သို့ ရှီချန်အန်း ရှောင်းချင်းယန့်၏အနောက် ခြေတလှမ်းအကွာဖြင့် လိုက်လာခဲ့သည်။ ဧကရီမယ်တော်ကြီးကတော့ လွန်ခဲ့သောနှစ်များစွာကပင် ကွယ်လွန်ခဲ့ပြီးဖြစ်၍ သူတို့ ပထမဦးဆုံးတွေ့ရမည့် ပုဂ္ဂိုလ်မှာ ဧကရာဇ်မင်းကြီးပင် ဖြစ်သည်။ ရှောင်းချင်းယန့်သည် မူလက သူ၏မယ်တော်နန်းဆောင်တွင် မင်းကြီးအား တွေ့ကာနှုတ်ဆက်၊ ထို့နောက် မိဖုရားခေါင်၏နန်းဆောင်ကိုသွား၊ ဂါရဝပြုပြီး ပြန်ရန်ဖြစ်သည်။ ဒါပေမယ့်...ယနေ့အဖို့ အရှင်မင်းကြီးသည် တက်ကြွနေကာ မိဖုရားခေါင်ကြီး၊ တော်ဝင် ကြင်ယာတော်၊ ကိုယ်လုပ်တော်များစွာ ခြံရံပြီး စောင့်ဆိုင်းနေမည်ဟု ဘယ်သူက ကြိုသိခဲ့မှာလဲ။ ထိုအထဲတွင် တတိယမင်းသား၏ မွေးမိခင်ဖြစ်သော ကျိုးကွေ့ဖေး*လည်း ပါဝင်သည်။ 

*(ကွေ့ဖေး = အမြင့်ဆုံးအဆင့်ရှိ တော်ဝင်ကိုယ်လုပ်တော်။)

"သားတော်...ဖခမည်းတော်အား ဂါရဝပြု နှုတ်ဆက်ပါတယ်...မိဖုရားခေါင်မယ်မယ်နှင့် ကွေ့ဖေးမယ်မယ်တို့အား နှုတ်ဆက်ပါတယ်...''

ရှောင်းချင်းယန့် အရင်ဂါရဝပြုပြီးနောက် သူ၏ပုံစံအတိုင်းပင် ရှီချန်အန်း နောက်မှလိုက်၍ ဂါရဝပြု နှုတ်ဆက်လိုက်သည်။ တခုပဲ သူ၏စိတ်ထဲတွင် ထူးဆန်း၍နေသည်။ ဘာကြောင့် ရှောင်းချင်းယန့်သည် မိဖုရားခေါင်ကြီးအား ''မယ်တော်''ဟု ခေါ်ဝေါ်ခြင်းမရှိဘဲ ''မိဖုရားခေါင်မယ်မယ်''ဟု ခေါ်ရသနည်းဆိုတာပင်....။

"အို...ကြည့်ပါအုံး...ကျွန်မတို့ အရှင်မင်းကြီးရဲ့ သားတော်ကြီးကတော့လေ....အခုထိကို အရင်အတိုင်း မပြောင်းလဲသေးပါလား....ဘယ်လောက်ပဲ စိတ်ထဲက ကွယ်လွန်သွားပြီဖြစ်တဲ့ မယ်တော်မိဖုရားခေါင်ကြီးကို သတိရတယ်ပြောပြော...ကျွန်မတို့ရဲ့ အခု မိဖုရားခေါင်မယ်မယ်ကိုလည်း လျစ်လျူရှုထားလို့ မရဘူးလေ...ဘယ်လောက်ပဲ နှစ်တွေကြာကြာ အခုထိ ''မယ်တော်'' မခေါ်နိုင်သေးပါလား....အမလေး...ဘယ်နေ့များမှ တို့မိဖုရားခေါင်မယ်မယ်နဲ့ အဆင်ပြေမှာပါလိမ့်...တကယ်ပဲ...တို့ကတော့ နားကိုမလည်နိုင်သေးပါလား....''

ရှီချန်အန်း၏သံသယတို့သည် ကျိုးကွေ့ဖေး၏စကားတို့ကြောင့် ရှင်းလင်းသွားခဲ့သည်။ ဤကျိုးကွေ့ဖေးသည် အရှင်မင်းကြီး ဘေးမှာရှိနေတာကိုတောင်မှ ထိုင်ခုံတွင် တဝက်တပျက်မှီရင်း မိဖုရားခေါင်ကြီးနှင့် ရှောင်းချင်းယန့် တို့ကြားမှ ဆက်ဆံရေးအကြောင်း...ထိုသူနှစ်ယောက်၏မျက်နှာကိုပင် မကြည့်ဘဲ ဟာသနှောကာ ပြောနေသေးသည်။ ထို့အပြင် သူမ၏လက်ကောက်ဝတ်မှ ပုလဲလက်ကောက်အား အင်မတန်မှပင် စိတ်ပါဝင်စားစွာ ကစားနေသည့်အလား ပုလဲတလုံးချင်းစီ ထိကာကိုင်တွယ်ကစားနေလေသေးသည်။

မျက်နှာတွင် အပြုံးတို့ ဝေဆာနေသော်လည်း ကျိုးကွေ့ဖေး၏နှလုံးသားထဲတွင်တော့ မခံမရပ်နိုင်မှု၊ မကျေနပ်မှုတို့က နှစ်ရှည်လများ တည်ရှိနေခဲ့ပြီးဖြစ်သည်။ သူမ၏သားတော်ကတော့ အဲ့ဒီမိန်းမယုတ်ကို ''မယ်တော်ဖုရား''ဟုခေါ်ကာ သူမကိုဖြင့် ''တော်ဝင်မယ်တော်''ဟုသာ ခေါ်နေရဆဲဖြစ်သည်။ အဲ့ဒါကို ဘာလို့ အဲ့ဒီ''ကွယ်လွန်သွားသည်မှာ နှစ်ပေါက်နေပြီဖြစ်သော မိဖုရားခေါင်''၏သား၊ အခုတော့ အပစ်ပယ်ခံသား....အဲ့ဒီ အသုံးမကျတဲ့ အလကားမင်းသားက အခုထိ အဲ့ဒီမိန်းမကို ''မိဖုရားခေါင်မယ်မယ်''ရယ်လို့ ဆက်ခေါ်ခွင့်ရနေရသေးတာလဲ....။

"ညီမတော်ရဲ့ ခုနက စကားတွေက မဟုတ်သေးဘူးကွယ့်...''

မိဖုရားခေါင်ကြီးသည် ကျိုးကွေ့ဖေးထက် အသက်အနည်းငယ် ငယ်လေသည်။ သို့သော် သူမသည် ဧကရီမိဖုရားခေါင်ကြီးဖြစ်သည့်အလျောက် ကိုယ်လုပ်တော် မိဖုရားများအား သူတို့ထက် များစွာ အသက်ကြီးသည့်သူသယောင် ခေါ်ဝေါ်သုံးစွဲလေ့ရှိသည်။ တဖက်လူက မည်သို့ပင် ဧကရီနေရာသို့ ခြေတလှမ်းသာ ကွာဝေးသော ကွေ့ဖေးတပါးပင် ဖြစ်စေဦးတော့ သူမအတွက်တော့ ''ညီမတော်''ဟုသာ ခေါ်ယုံပင်။

ကျိုးကွေ့ဖေး၏စကားလုံးများအား တုံ့ပြန်ပြီးသောအခါ မိဖုရားခေါင်ကြီးသည် ရှောင်းချင်းယန့်အား ချစ်မြတ်နိုးသော အပြုံး၊ ခံစားမှုအပြည့်ပါသော အသံတို့ဖြင့် တမ်းတမ်းတတ ပြောလိုက်လေသည်။ 

"အမတော်က အခု မရှိတော့ဘူးဆိုပေမယ့်...ရှိစဉ်အခါတုန်းကဆိုရင် ပထမမင်းသားကို ဘယ်လောက်တောင်မှ တန်ဖိုးထား မြတ်နိုးလိုက်လေသလဲ....သူတို့ အမေနဲ့သားရဲ့ နက်ရှိုင်းလှတဲ့ သံယောဇဉ်ဆိုတာ အပြင်လူက ဘယ်လွယ်လွယ်နဲ့ နားလည်နိုင်ပါ့မလဲ...ပထမမင်းသားက ဒီအမတော်ကို 'မယ်တော်'လို့ ခေါ်ဖို့ ဝန်လေးနေတာက အခုအချိန်ထိ သူ့မယ်တော်ဖုရားက သူ့နှလုံးသားထဲမှာ နေရာယူထားဆဲမလို့ဆိုတာ ဒီအမတော် နားလည်တယ်...အဲ့ဒီလိုပဲ သူ့နှလုံးသားထဲမှာ ဒီအမတော်ကို ရိုသေလေးစားတယ်ဆိုတာကိုလည်း ဒီအမတော် သိတယ်....ဒါကြောင့်မို့လို့ ဒီအခေါ်အဝေါ်လေးလောက်နဲ့တော့ အမတော်တို့နှစ်ယောက်ကြား အဆင်မပြေဖြစ်စရာမလိုပါဘူး....အဓိကက အချင်းချင်း နားလည်မှုရှိဖို့ပဲ လိုတာပါ....အပေါ်ယံတွေမလိုပါဘူးကွယ်...''

"ကိုယ်တော့်မိဖုရားကြီးက ဒီလိုဖြောင့်မှန် နားလည်တတ်တဲ့သူဖြစ်တာကြောင့် ကိုယ်တော် ဒီအနောက်နန်းဆောင်ကို မိဖုရားခေါင်ကြီးလက်ထဲ အပ်ထားနိုင်ပြီး စိတ်ချနေနိုင်ရတာပေါ့....''

တချိန်လုံး တိတ်ဆိတ်နေခဲ့သော အရှင်မင်းကြီးမှ မိဖုရားခေါင်ကြီး၏စကားတို့အား ချီးကျူးလိုက်လေသည်။ ထို့နောက် မိဖုရားခေါင်ကြီးအား တချက်ကြည့်ပြီးနောက် ကျိုးကွေ့ဖေးရှိရာဘက်သို့ မျက်နှာမူကာ မျက်မှောင်ကြုံ့၍ ကြည့်လိုက်သည်။

မိဖုရားခေါင်ကြီးသည် ယခုဖြစ်ပေါ်နေမည့် မင်းကြီး၏အတွေးတချို့အား ခန့်မှန်းနိုင်သည်။ ထို့ကြောင့် သူမ၏မျက်နှာတွင် မပေါ်သော်လည်း စိတ်ထဲတွင် ကျိတ်၍ဝမ်းသာနေလေသည်။

ဓား၊ လှံတို့နှင့်သာ တချိန်လုံး ထိတွေ့နေရသည့် ကျိုးစစ်သူကြီးမှာ ဒီကျိုးကွေ့ဖေးလို အတွေးအခေါ်နုံနဲ့ပြီး အတွေးထက် နှုတ်ကမြန်နေသည့် သမီးမျိုးပဲ မွေးထားသည်မှာ အဆန်းလုပ်စရာမဟုတ်။ အခုပဲ သူမက ပထမမင်းသားကို အပြစ်တင်ဝေဖန်နေတာ...ဒါပေမယ့် ပြောရင်းနဲ့ပဲ နောက်ဆုံးတော့ သူမပဲ ကိုယ့်ရှုးကိုယ်ပြန်ပတ်သွားတာမလား....။

မိဖုရားခေါင်ကြီးအနေနဲ့...သူမကတော့ ပထမမင်းသားကို ဘယ်လိုဆက်ဆံရမယ်ဆိုတာ ကောင်းစွာ နားလည်သည်။ သူမကို 'မယ်တော်'ဟု မခေါ်ချင်သောသူအား လွှတ်ပေးထားရသည်မှာ နှစ်တွေတောင် ဘယ်လောက်ကြာခဲ့ပြီလဲ...။ သူမစိတ်ထဲတွင် အရှင်မင်းကြီးသည် ပထမမင်းသားအား မည်မျှပင် ချစ်မြတ်နိုးကာ ဦးစားပေးမှန်း ရှင်းလင်းစွာ သိသည်။ ထို့အပြင် မသက်သာသော အကြောင်းများစွာတို့ကြောင့်သာ သူ၏ချစ်လှစွာသော သားတော်ကြီးအား ယခု ပစ်ပယ်ထားရကြောင်းလည်း အတန်အသင့် သဘောပေါက်မိသည်။ ယခုအချိန်တွင် ပထမမင်းသားသည် စိတ်မအေးနိုင်၊ သောကရောက်ကာ မကျေနပ်မှုများစွာက သူ၏နှလုံးသားတွင် ကြီးစိုးနေမည့်ကာလ ဖြစ်သည်။ ဘယ်သူကများ ဒီလိုအချိန်တွင် ပထမမင်းသားအား ထိုးနှက်ရန် အကြောင်းရှာနေချင်သေးမည်လဲ။ ဟွန်း...တကယ်ကိုပဲ စိတ်ကြမ်းလူကြမ်း သာမန်စစ်သားရဲ့သမီးဆိုတော့လဲ ဒီကျိုးကွေ့ဖေး ဘယ်လောက်လှလှ...ဘယ်လောက်ပဲ အရှင်မင်းကြီးက မျက်နှာသာပေးပေး...ဉာဏ်နည်းမိုက်မဲမှုကတော့ တိုးလာမယ့်ပုံ မပေါ်ဘူးပဲ...။

မိဖုရားခေါင်ကြီး သူမ၏အတွေးတို့ဖြင့် ကျေနပ်နေချိန်တွင် အရှင်မင်းကြီး၏ အကြည့်တို့အောက်မှ ကျိုးကွေ့ဖေးကတော့ စိတ်အနှောင့်အယှက်ဖြစ်လာကာ နေထိုင်မကောင်းလာသောကြောင့် သူမ၏နန်းဆောင်သို့ ပြန်သွားလေသည်။

သူ၏အရှေ့တွင် တိတ်ဆိတ်စွာ ရပ်နေသော အသစ်စက်စက် ဇနီးမောင်နှံ နှစ်ယောက်အားကြည့်ကာ နောက်ဆုံးတွင် အရှင်မင်းကြီးသည် စတင်၍ စကားပြော၊မေးမြန်းလေတော့သည်။ ရှောင်းချင်းယန့်အား ကျော်ကာ ရှီချန်အန်းအား သူ၏ဘဝအကြောင်းများ သေချာစွာ စတင်မေးမြန်းလေသည်။

"ဖခမည်းတော်အား ပြန်လည်ဖြေကြားအပ်ပါတယ်....ကျွန်တော်မျိုး လွန်ခဲ့သော သုံးနှစ်က နန်းတွင်းစာမေးပွဲများအား ပြည်နယ်အဆင့်ဖြင့် ကံကောင်းထောက်မစွာ အောင်မြင်ခဲ့ပြီးဖြစ်ပါတယ်...ကျွန်တော်မျိုး၏မိခင်တွင် သားသမီးအနေဖြင့် ကျွန်တော်မျိုးတယောက်သာ ရှိပါတယ်...ကျွန်တော်မျိုး မိခင်၏ကျေးဇူးတရားများအား မဆပ်နိုင်သေးခင်မှာပဲ ကျွန်တော်မျိုး၏မိခင်ဟာ ဒီလောကကြီးမှ လက်လျော့ကာ အနောက်နိဗ္ဗာန်ဘုံသို့ အရင်သွားနှင့်ပါပြီ...* ကျွန်တော်မျိုးအနေဖြင့် လွန်စွာ ဝမ်းနည်းသောကရောက်ခဲ့ရပါတယ်...ကျွန်တော်မျိုးရဲ့ပူဆွေးသောကကို နားလည်သော ဖခင်မှ ကြီးမားလှသော စေတနာမေတ္တာတို့ဖြင့် မိခင်၏ကျေးဇူးတရားဆပ်နိုင်မည့် အခွင့်အရေးအား ပေးအပ်ခဲ့ပါတယ်....ထို့ကြောင့် ကျွန်တော်မျိုး မိခင်၏အုတ်ဂူအား 
သုံးနှစ် စောင့်ရှောက်ခွင့်ရခဲ့ပါတယ်....''

*(T/N: သူ၏မိခင် ကွယ်လွန်သွားပြီဟု ရည်ရွယ်ခြင်းဖြစ်သည်။)

ရှီချန်အန်း ကျယ်ယွမ်နှင့် ဟွေ့ယွမ်အောင်မြင်ခဲ့စဉ်က သူ၏အသက်သည် ဆယ့်ငါးနှစ်မျှသာ ရှိသေးသည်။ ထိုသို့ အောင်မြင်မှုရသောဖြစ်ရပ်မှာ ရှောင်းမင်းဆက်သမိုင်းတလျှောက် နှစ်ခါမျှသာ ရှိခဲ့ဖူးသည်။* ဒီလိုလူတော်တယောက်က သူ့မိခင်သေဆုံးမှုကြောင့် နှောင့်နှေးခဲ့ရသည်တဲ့လား....တကယ်လို့များ နန်းတွင်းစာမေးပွဲသာ ဆက်ဖြေခွင့်ရခဲ့ရင် တိုင်းပြည်အတွက် ဘယ်လောက် အကျိုးများလိုက်မလဲ....ဒါပေမယ့် အခုတော့ တော်ဝင်မင်းသားတပါးရဲ့အိမ်တော်ထဲတွင် ပိတ်မိနေတော့မှာဖြစ်ပြီး ဒီတသက် အောင်မြင်မှုကြီးကြီးမားမား ရနိုင်မည့် အခွင့်အရေးရှိလာတော့မှာ မဟုတ်ဘူး....။

*(T/N: ကျယ်ယွမ်နှင့် ဟွေ့ယွမ် ဆက်တိုက်အောင်မြင်တာကို ပြောတာဖြစ်ပြီး ဆန်းယွမ်အဆင့် အောင်မြင်တာကို ပြောတာမဟုတ်ပါဘူး....တကယ်လို့ ရှီချန်အန်းသာ စာမေးပွဲ ဆက်ဖြေဖြစ်ခဲ့မယ်ဆိုရင် ဆန်းယွမ်ဖြစ်လာနိုင်ပြီး သမိုင်းမှတ်တမ်းအသစ် တင်နိုင်ခဲ့မှာ ဖြစ်ပါတယ်...။)

စောစောက သူ၏စကားတို့သည် ရိုးရှင်းသော်လည်း နက်နဲသောအဓိပ္ပါယ်တခိျု့ပါကြောင်းသိသည့် ရှီချန်အန်း ရင်ထဲတွင် စိုးရိမ်စိတ်ဒီရေတို့က တဖြည်းဖြည်းတက်နေခဲ့သည်။ ရှီချန်အန်း သူ၏အပြောအဆို၊ အမူအရာ၊ စကား အားလုံးတို့အား အလွန်သတိကြီးစွာ ထားနေရသည်။ သူ စကားအမှားတခုပြောမိသွားပြီး ရှောင်းချင်းယန့် မျက်နှာပျက်အောင် လုပ်မိသွားမည်ကို စိုးထိတ်မိသည်။

ထင်ရှားရှင်းလင်းသည့် မျက်နှာသွင်ပြင်၊ ထူးချွန်ပြောင်မြောက်သော အရည်အချင်း၊ သွယ်လျသော်လည်း ကျက်သရေရှိသော ကိုယ်ခန္ဓာတို့ဖြင့် ရှီချန်အန်းသည် မည်သို့ပင်ဆိုစေကာမှု ယခုအချိန်အထိ ငယ်ရွယ်နုပျိုမှုအရိပ်တို့က လွှမ်းမိုးထားဆဲဖြစ်သည်။ ရုတ်တရက် ဧကရာဇ်၏နှလုံးသားထဲသို့ အပြစ်ရမိစိတ် အနည်းငယ် ဝင်လာခဲ့သည်။ ဒီကလေးက အာဏာကစားပွဲထဲကို ဓားစာခံအနေနဲ့ ဆွဲသွင်းခြင်း ခံလိုက်ရခြင်းသာ....။ အင်း.... နောင်အနာဂတ်မှာ အန္တရာယ်ကင်းကင်း၊ စိုးရိမ်စရာမလိုဘဲ သူ့ဘဝတလျှောက်လုံး နေသွားနိုင်ပါစေ....။

“ချန်အန်း...ဘွဲ့အမည်* ရှိပြီလား....”

*(courtesy name = ဘွဲ့အမည်။ ဘွဲ့နာမည်။ လူအများမှ ရိုသေသမှုဖြင့် ခေါ်ဝေါ်သောနာမည်။)

"ဖခမည်းတော်အား ပြန်လည်ဖြေကြားအပ်ပါတယ်....မရှိသေးပါဘူး...''

အပေါ်ယံတွင်တည်ငြိမ်သောမျက်နှာရရန် ထိန်းထားကာ ရှီချန်အန်း ပြန်ဖြေလိုက်သည်။ အရှင်မင်းကြီး၏မေးမြန်းမှုများကြား နောက်ဆုံးမှာ သူတည်ငြိမ်သောမျက်နှာအမူအရာဖြင့် ဖြေဆိုနိုင်သွားပြီဖြစ်ပေမယ့် ယခုမေးခွန်းကိုတော့ ရှီချန်အန်း အနည်းငယ် အ့ံအားသင့်မိသည်။ ယောကျ်ားလေးများ၏ဘွဲ့အမည်ဆိုသည်မှာ သူတို့ အရွယ်ရောက်သည့်အခါကျမှ မိသားစုအကြီးအကဲ၊ နီးစပ်တဲ့ဆွေမျိုးသားချင်းတယောက်၊ ဒါမှမဟုတ် လေးစားရတဲ့ ဆရာသခင်တယောက်ယောက်က ပေးအပ်သည့်နာမည် ဖြစ်သည်။ လက်ရှိတွင် ရှီချန်အန်းသည် ဖခင်၏ နှစ်သက်ခြင်းလည်း မခံရသည့်အပြင် သူ၏အသက်ကလည်း အရွယ်ရောက်သည့်အသက်ရောက်ရန် လိုသေးသည်။* ထို့ကြောင့် သူ့တွင် ဘွဲ့အမည်ဆိုတာ မရှိသေးပေ။

*(T/N: ရှီချန်အန်း၏လက်ရှိအသက်သည် ၁၈နှစ်ဖြစ်ပြီး အရွယ်ရောက်သည့်အသက်မှာ အသက်၂၀ ဖြစ်သည်။)

"ကိုယ်တော် ကြည့်ရတာတော့ ချန်အန်းရဲ့အသွင်က ပိုးဝါးလုံးလို ပျော့ပျောင်းသွယ်လျပြီး ကြိုးကြာရိုင်းလို ပြေပြစ်တင့်တယ်ပေလှတယ်...ကိုယ်တော် အင်မတန် နှစ်သက်တယ်...အခု သားတော်ကြီးနဲ့လည်း လက်ထပ်ပြီးသွားပြီမို့လို့ ကိုယ်တော် မောင်မင်းကို ကိုယ်တော့်သားတော်တပါးလို့ပဲ သတ်မှတ်တယ်...ဒီတော့ ကိုယ်တော် မောင်မင်းကို လက်ဆောင်အနေနဲ့ ဘွဲ့အမည်တခု ပေးမယ်...''ချင်းယွင်''....ဘယ်လိုလဲ....ချင်းယွင် သဘောကျရဲ့လား....''

"အရှင်မင်းကြီး......''

မထင်ထားပဲ မင်းသားတပါး၏မိသားစုအမည်နှင့် အတူတူဖြစ်သော ''ချင်း''ဆိုသည့် စာလုံးဖြစ်နေသည်။ မိဖုရားခေါင်ကြီးသည် အ့ံသြလွန်းလှသဖြင့် သူမ၏ခံစားချက်တို့အား ထိန်းမထားနိုင်တော့ဘဲ သံသယများစွာတို့ဖြင့် အရှင်မင်းကြီးအား နှုတ်မှထွက်ကာ ခေါ်မိလေသည်။

"ဘွဲ့အမည်အတွက် ဖခမည်းတော်အား ကျေးဇူးတင်ပါတယ်...သားတော် အလွန်သဘောကျပါတယ်....''

အရှင်မင်းကြီးက သူ့ဘွဲ့အမည်ကိုပါ တခါတည်းခေါ်လိုက်ခြင်းဖြင့် သူ စိတ်ဆုံးဖြတ်ထားပြီးကြောင်း ပြသနေမှတော့ ရှီချန်အန်းအနေဖြင့် အဘယ့်ကြောင့် ရေမြေ့အရှင်သခင်၏သဘောထားအား ဆန့်ကျင်နေဦးမည်နည်း။

"ကောင်းတယ်...ကောင်းတယ်....အင်း...ကိုယ်တော် ဒီနေ့ နည်းနည်း မအီမသာဖြစ်နေတယ်....မင်းတို့လည်း မနေ့က တနေကုန် ပင်ပန်းထားလောက်ရောပေါ့....သားတော်....ချင်းယွင်ကို မင်းမယ်တော်နဲ့ တွေ့ဖို့ ခေါ်သွားလိုက်တော့...ပြီးရင် မင်းတို့အိမ်တော်ကို ပြန်လိုက်ကြတော့....''

အရှင်မင်းကြီးသည် သူ၏ ''ပြောစရာစကား များစွာရှိသေးသည်''ဟူသော သူ၏မိဖုရားခေါင်ကြီးအားဂရုပြုခြင်းမရှိ။ ထို့အတူ ''ဤနှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် သူ၏ရှေ့တွင် နစ်နာမှုအပြည့်နှင့် မကျေနပ်သောမျက်နှာဖြင့် တည်ရှိနေသော'' သူ၏ပထမသားတော်ကြီးအားလည်း ဂရုပြုခြင်းမရှိ။ ဧကရာဇ်သည် သူ၏နေရာမှထ၍ ထွက်သွားခဲ့လေပြီ....။

"ခမည်းတော်....''

သူ၏''ချွေးမတော်''ကိုတော့ ဘွဲ့အမည် ပေးသွားခဲ့ပြီး သူ၏သားတော်အရင်းကြီးကိုတော့ အမေးတခွန်းတောင် ဆိုမသွားခဲ့ပေ။

"အရှင်မင်းသား....ကျွန်တော်မျိုးတို့လည်း သွားကြရအောင်....''

ဧကရာဇ်လည်း ထွက်သွားပြီ....။ ဧကရီကလည်း နောက်မှ လိုက်သွားသည်....။ ကျန်ရှိနေခဲ့သော ကိုယ်လုပ်တော် ဖေ့ပင်းအုပ်စုသည်လည်း အလျှိုလျှိ ပြန်သွားကြပြီ....။

အရှင်သခင်တွေရော...မိန်းမစိုးတွေနှင့် နန်းတွင်းအစေခံမိန်းမပျိုတွေရော မရှိတော့သည့် နန်းဆောင်ထဲတွင် တခန်းလုံးတွင်မှ ရှီချန်အန်းနှင့် ရှောင်းချင်းယန့် နှစ်ဦးသာ ကျန်ရစ်ခဲ့လေသည်။

သူတို့ သွားကြရန်လိုကြောင်းသာ ထိုလူအား သတိပေးရုံ သက်သက်မျှသာ။ ဒါပေမယ့် ရှောင်းချင်းယန့်မှ သူ့အား အမည်တပ်မရသော အဓိပ္ပါယ်အပြည့်ပါဝင်သည့် အကြည့်တို့ဖြင့် ကြည့်လာခဲ့သည်။ ဘာတတ်နိုင်မှာလဲ။ ရှီချန်အန်း ပြန်၍သာပြုံးပြလိုက်နိုင်သည်။

ရှောင်းချင်းယန့် ယခုအချိန်တွင် မည်သို့ ခံစားနေရသည်ကို သူ ဘယ်လိုလုပ်ပြီး နားမလည်ဘူးဟူ၍ ရှိရမည်နည်း။ 

''မိသားစု၊ ဆွေမျိုးများမှ စက်ဆုပ်ရွံရှာပြီး ပစ်ပယ်လျစ်လျူရှု့ခံရသည့် ခံစားချက်''.....။

ကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ဖူးခြင်းမရှိသော သာမန်လူတယောက်အနေဖြင့်တော့ နားလည်ပေးနိုင်ရန် မလွယ်ပေ....။

XXXXX


PREVIOUS << TOC >> NEXT

No comments:

Post a Comment

Support My Translations