Monday, May 11, 2020

ကြင်ရာတော် ချန်အန်း (Unicode) - အပိုင်း (၇)

အပိုင်း (၇)

ကျင့်ဝမ် ရှောင်းချင်းကျန်သည် သူ၏နောက်လိုက် စစ်သည်တစုဖြင့် ထွက်ခွာသွားပြီဖြစ်သကဲ့သို့ ယခုအဖြစ်အပျက်ကြောင့် ထိတ်လန့်သွားကြသော ဘေးမှဝိုင်းဝန်းကြည့်ရှုနေကြသော လူအုပ်ကြီးသည်လည်း တဦးချင်း တယောက်ချင်းစီဖြင့် တဖြည်းဖြည်း လူအုပ်ကွဲသွားပေသည်။ ရှီချန်အန်းသည်တော့ ထိုနေရာတွင် ရပ်တန့်နေဆဲဖြစ်ကာ ရှောင်းချင်းကျန် နောက်ဆုံးပြောသွားခဲ့သောစကားများသည် သူ ထိုနေရာမှ ထွက်လာခဲ့သည့်အချိန်အထိ သူ၏စိတ်ထဲတွင် စွဲထင်နေဆဲဖြစ်သည်။

နာမည်ဂုဏ်သတင်းမျိုးဆိုသည်မှာ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ.... ထိုသည်မှာ လောကရှိ လူအများက သတ်မှတ်ဝေဖန်ကြခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သို့စေကာမူ ထိုသတ်မှတ်ခံရသောသူသည် အမှန်တကယ်ပင် ထိုအတိုင်းဟုတ်ပါသည်ဟု မည်သူက အသေအချာ ပြောဆိုနိုင်ပါသနည်း။ မည်သည့်အချင်းအရာကိုထောက်၍ လူတယောက်၏ကောင်းခြင်း၊ ဆိုးခြင်းအား သတ်မှတ်ပြောကြားနိုင်သနည်း။ လူဘယ်လောက်ကများ သူတို့ဝေဖန်ပြောဆိုနေကြသည့်အတိုင်း မှန်ကန်ပါသည်ဟု ရဲဝံ့စွာ ပြောဆိုနိုင်ကြပေမည်နည်း။

ယောကျ်ားတယောက်ဖြစ်ပေသော သူပင်လျှင် ဇနီးမယားတယောက်၏နေရာမှနေ၍ တခြားယောကျ်ားတယောက်နှင့် လက်ထပ်ထားရပေသည်။ အကယ်၍ သူနှင့်ရှောင်းချင်းယန့်သာ နောက်ပိုင်းတွင် အဆင်ပြေသွား၍ ဆံဖြူသွားကျိုးသည့်အချိန်အထိ သက်ဆုံးတိုင်အတူရှိသွားမည်ဆိုပါက လောကရှိလူအများသည် သူ့အား အရှက်နှင့်သိက္ခာမရှိသောသူတယောက်အဖြစ် ဝေဖန်ပြောဆိုကာ သမုတ်ကြပေဦးမည်။ ထိုသို့မဟုတ် ရှောင်းချင်းယန့်နှင့်သူသာ အဆင်မပြေဖြစ်၍ တယောက်နှင့်တယောက် ပြေလည်သောဆက်ဆံရေး မတည်ဆောက်နိုင်ပါကလည်း ထိုလူအများကပင် "ကြည့်ပါလား...ယောကျ်ားတယောက်က တခြားယောကျ်ားတယောက်နဲ့ လက်ထပ်ပြီး ဇနီးနေရာ ဝင်ယူတာ နောက်ဆုံးတော့ ဇာတ်သိမ်းမကောင်းဘူးမဟုတ်လား...ဘာများကောင်းတာရှိလို့လဲ..." ဟူ၍ ညစာစားသည့်အချိန်တွင် ပြောဆိုဆုံးမရပေမည့် ပုံဥပမာတခုအဖြစ်သို့ ပြောင်းလဲပြောဆိုပေကြဦးမည်သာ။

သူနှင့်ပတ်သက်၍ လူအများ၏ပြောဆိုဝေဖန်မှုများသည် ဘာများအရေးပါမည်နည်း။ သူသာ သူ့ဘဝ၏ အကြီးဆုံးသောဆန္ဒကိုသာ အောင်မြင်အောင်လုပ်ဆောင်နိုင်ပါက သူ သေသွားရမည်ဆိုလျှင်ပင် နောင်တရစရာမရှိ။* ထိုဆန္ဒမှအပ တခြားသော ဘဝတသက်လုံးကျန်နေခဲ့မည့် နာမည်၊ ဂုဏ်သတင်း၊ ကျော်ကြားမှုဆိုသည့်အရာတွေအား သူ မျက်စိမှိတ်ကာ လျစ်လျူရှု မသိချင်ဟန်ဆောင်နိုင်သည်။ ထိုအရာများသည် သူ့ဘဝအတွက်တော့ နည်းနည်းလေးမျှပင် အရေးပါခြင်းမရှိပေ။ 

*(T/N: သူ၏မိခင်အတွက် ရှီမိသားစုအပေါ် လက်တုံ့ပြန်ခြင်းအား ဆိုလိုသည်။)

ရှီချန်အန်းသည် သူ့ကိုယ်သူ ရှောင်းချင်းကျန်၏စကားအနည်းငယ်မျှဖြင့် ဤကဲ့သို့ တွေးစရာများစွာ ဖြစ်လာပေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူ အနည်းငယ် အ့ံသြသွားကာ အတွေးပိုသွားမိခဲ့သော်လည်း ချက်ချင်းပြန်၍ သတိပြန်ကပ်လာခဲ့သည်။ သူ၏လက်ရှိအခြေအနေနှင့်ပတ်သက်၍ အရှိအတိုင်းသာ လက်ခံလိုက်ရန်သာ ဆုံးဖြတ်လိုက်သောအခါ သူ၏စိတ်ရော၊ ကိုယ်ပါ မွန်းကြပ်နေမှုသည် တော်တော်များများ လျော့ကျသွားပေသည်။**

ချင်းဝမ် ရှောင်းချင်းကျန်သည် တာ့ရှောင်းပြည်ကြီး၏ မင်းသားတပါးဖြစ်သည်သာမက ထောင်ပေါင်းများစွာသော စစ်သည်များနှင့် မြင်းသည်တော်များစွာတို့အား အုပ်စိုးအမိန့်ပေးရသော စစ်သူကြီးတဦးလည်းဖြစ်ပေသေးသည်။ သူ အရေးပေး၍ ဂရုစိုက်သည်မှာ အခွံသက်သက်သာဖြစ်မည့် နာမည်ကျော်ကြားမှု၊ ဂုဏ်သတင်းကြီးမြင့်မှုတို့မဟုတ်ဘဲ တာ့ရှောင်းပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ်တို့အား ကာကွယ်ပေးပြီး ထိုပြည်သူတို့ စိတ်အေးချမ်းသာစွာ နေထိုင်ကာ မိမိတို့၏လုပ်ငန်းဆောင်တာများအား ပူပန်ရခြင်းမရှိဘဲ မကြောင့်မကြလုပ်ကိုင်နိုင်မှုသာ ဖြစ်သည်။ သာမန်လူတယောက်သာဖြစ်သော သူ့အတွက်မှာမူ မတရားခံရပြီး တရားမျှတမှုမရှိစွာ ဆုံးပါးသွားရရှာသော မိခင်အတွက် လက်တုံ့ပြန်ပေးနိုင်ရန်သာ အာရုံရှိသည်။ အကယ်၍ သူ့မိခင်အတွက် လက်တုံ့သာပြန်ပေးနိုင်ပါက သူ ခံစားခဲ့ရသော၊ ခံစားရဦးမည့် နစ်နာမှု၊ စော်ကားပြောဆိုခံရမှု၊ မကျေနပ်ချက်များစွာတို့အား သူ ဘဝတခုလုံးစာအတွက် မျိုသိပ်သိမ်းဆည်းထားနိုင်သည်။ ထို်ကြောင့် အခြားယောကျ်ားတဦးနှင့် သူ ဇနီးမယားနေရာမှနေ၍ လက်ထပ်ထားရသည်ဆိုသည်တော့လည်း ဘာအရေးလဲ။ 

လူတွေ၏ ပြောဆိုဝေဖန်သတ်မှတ်ချက်များသည် သူ့အပေါ် ဘာများ သက်ရောက်စရာရှိရမည်နည်း။ ထိုသူများသည် သူ ဂရုစိုက်သော၊ ဂရုစိုက်ရမည့်သူများ မဟုတ်ပေ။ ထိုပြောစကားများ၊ သွားပုတ်လေလွင့်ဝေဖန်ချက်များအား သူ အာရုံမစိုက်ဘဲ စိတ်ထဲမထားရန်၊ အလေးတယူ အရေးမစိုက်ရန်သာ လိုပေသည်။ သူ ဘာများ ဂရုစိုက်နေရဦးမည်နည်း။

**(T/N: ရှီချန်အန်းသည် ယခုအချိန်အထိ အခြားယောကျ်ားတယောက်နှင့် လက်ထပ်ထားရသောသူ၏အဖြစ်အပေါ် စိတ်မလုံခြုံမှု အနည်းနှင့်အများတော့ ရှိသေးသည်။ သူ၏မိခင်အတွက် လက်တုံ့ပြန်ပေးရန်သာ ဦးစားပေးကိစ္စဖြစ်သည်ဟု သူ့ကိုယ်သူ ပြောနေခဲ့ပင်မယ့် သူ့အပေါ် တခြားသူများမှ မည်သို့အမြင်ရှိသည်၊ ဘာများပြောဆိုနေကြမည်အားလည်း မသိစိတ်မှ အာရုံစိုက်နေမိသေးသည်။ သို့သော် ရှောင်းချင်းကျန်၏စကားမှ အစပြုကာ သူ အမျိုးမျိုးစဉ်းစားပြီးသွားချိန်တွင်တော့ သူ၏ကံကြမ္မာအား အရှိအတိုင်းလက်ခံလိုက်ကာ အခြားသူ၏အမြင်အပေါ် ဂရုမစိုက်တော့၊ သူ လုပ်ဆောင်စရာများသာ အာရုံစိုက်ကာ လုပ်ဆောင်တော့မည်ဟု နောက်ဆုံးဆုံးဖြတ်ချက် ချနိုင်သွားခြင်းဖြစ်သည်။)

“တုန်းရွှယ်....သွားကြရအောင်....”

“သခင်လေး...အဆင်ပြေရဲ့လား...”

သူမ၏သခင်လေး ခေတ္တခဏမျှ အတွေးရေယာဉ်ကြောထဲနစ်နေသည်အား တွေ့လိုက်ရသော တုန်းရွှယ်သည် စောစောကသူသည် အမှန်တကယ်ပင် ကျင့်ဝမ် ဖြစ်သည်များလား....၊ သူမတို့များ ဒုက္ခရောက်ကြတော့မည်လား....ဟူ၍ စိုးရိမ်သွားမိသည်။ ကျင့်ဝမ်သည် ပင်ကိုယ်စိတ်နေစိတ်ထားကပင် ရက်စက်ကြမ်းကြုတ်ကာ အခြားသူတပါးအပေါ် သည်းခံခွင့်လွှတ်တတ်ခြင်း မရှိသူဟု သူမ ကြားဖူးထားခြင်း ရှိသည်။ မီးမရှိဘဲနှင့်တော့ မီးခိုးမထွက်ပေ။*

*(T/N: ဘာမှမဟုတ်ဘဲနဲ့တော့ သတင်းတွေ ထွက်လာစရာမရှိဟု ဆိုလိုခြင်းဖြစ်သည်။
တုန်းရွှယ်က သူမ ကြားထားဖူးတဲ့ ရှောင်းချင်းကျန်အကြောင်းတို့သည် အမှန်များသာဖြစ်နိုင်သည်ဟု ပြောလိုခြင်းဖြစ်သည်။)

"ဘာမှမဖြစ်ဘူး...ဒီနေ့တော့ စောစောပြန်ရအောင်...မင်း ဒဏ်ရာရထားတာက ဆေးအမြန်ထည့်ဖို့လိုတယ်...ဒီအတိုင်း ကြာကြာနေလို့ မကောင်းဘူး..."

တုန်းရွှယ်သည် မိန်းမငယ်တဦးသာဖြစ်ပြီး အနှေးနှင့်အမြန် လက်ထပ်ရမည့်အရွယ်သို့ ရောက်လာပေတော့မည်။ ယခု ဒဏ်ရာကိုသာ ဆေးအမြန်မထည့်ဘဲ အချိန်ဆွဲနေပါက သူမ၏ကျောဘက်တွင် ကြီးမားသည့်အမာရွတ်တခု ထင်ကျန်သွားပေလိမ့်မည်။ နောင်တချိန် သူမ၏ခင်ပွန်းသည်ထံတွင် အပြစ်ပြောစရာတခုဖြစ်လာနိုင်ပေသည်။ 

သူမ၏ကျောပြင်မှ ဒဏ်ရာသည် အလွန်နာကျင်လှပေသည်။ သို့သော် ယနေ့သည် သူမတို့ အရေးကြီးသောကိစ္စများ လုပ်ဆောင်ရန် ထွက်လာကြခြင်းဖြစ်သည်။ ထို့ကြောင့် ကျောဘက်မှဒဏ်ရာသည် နာကျင်လွန်းလှသော်လည်း သူမ သည်းခံနိုင်သည်။ သူမကြောင့် သခင်လေး၏ကိစ္စများတွင် အနှောင့်အယှက် မဖြစ်စေလို။ သူမ ပြန်ဖို့ ငြင်းဆိုလိုက်ရန်ရှိသေးသည်...သခင်လေး၏အင်္ကျီလက် စုတ်ပြဲနေသည်အား တုန်းရွှယ် မြင်လိုက်ရပြီး စောစောက သူမ၏ သခင်လေးပါ ဒဏ်ရာရသွားသည်အား အမှတ်ပြန်ရလိုက်သည်။ သူမတို့ အိမ်တော်သို့ အမြန်ပြန်ကာဆေးထည့်ရန် လိုအပ်သောကြောင့် တုန်းရွှယ် အလျင်အမြန် ခေါင်းညိမ့်သဘောတူလိုက်သည်။ 

မနက်အစောပိုင်းက ရှောင်းချင်းယန့် အလျင်စလို အပြင်ထွက်သွားသောကြောင့် သူ့ထံတွင် ဘာများအရေးကြီးကိစ္စတွေများ ရှိနေသလဲဟူ၍ပင် ရှီချန်အန်း တွေးမိလိုက်သေးသည်။ ရှီချန်အန်းအတွက်ကတော့ အပြင်ထွက်သွား၍မှ အချိန် ဘယ်လောက်မှပင် မကြာလိုက်ရသေးခင်မှာပင် အိမ်တော်သို့ ပြန်လာခဲ့ရပေသည်။ သို့သော် ထင်မထားစွာပင် ရှောင်းချင်းယန့်သည် သူ့ထက်စောစွာပင် အိမ်တော်သို့ ပြန်ရောက်နှင့်နေသည်။

"ဝမ်ရယ်..."

ရှီချန်အန်း အပြင်ထွက်ခြင်းသည် ရှောင်းချင်းယန့်၏ခွင့်ပြုချက်ယူပြီးမှ ထွက်ခြင်းဖြစ်သောကြောင့် ထိုအတွက် ရှီချန်အန်း မကြောက်ပေ။ ယခုက ရှောင်းချင်းယန့်သည် သူအား စောင့်နေပုံရသောကြောင့်ဖြစ်သည်။ ကြည့်ရသည်မှာ ရှောင်းချင်းယန့် သူ့အား ပြောစရာ တစုံတခုရှိသောကြောင့် ဖြစ်ပေမည်။

ရှီချန်အန်း ထင်သည်မှာ မှန်သည်။ သူ ထိုင်လိုက်ကာစပင်ရှိသေးသည်...ရှောင်းချင်းယန့်မှ အရင် စကားစလာသည်။ 

"ဖခမည်းတော် ငါ့ကို စီ့ဖေးနှစ်ယောက်* ချီးမြှောက်လိုက်တယ်...သူတို့တွေ နောက်လ အစပိုင်းကစပြီး အိမ်တော်ကို ဝင်လာကြလိမ့်မယ်...တယောက်က လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနက ဝန်ကြီးရဲ့ သမီးကြီး...နောက်တယောက်က ဘာသာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက လက်ထောက်ဝန်ကြီးရဲ့ ပဏာမသမီး...မင်း ခြံဝန်းနှစ်ခုရွေးပြီး အဆောင်တွေ ပြင်ထားလိုက်..."

*(စီ့ဖေး = အရန်မိဖုရား၊ အရန်ကြင်ယာတော်။
ထိုသို့ခေါ်ဝေါ်သော်လည်း အမှန်စင်စစ်တွင်မှု ကိုယ်လုပ်တော်အဆင့်မျှသာ ဖြစ်သည်။)

*(T/N: ရှေးခေတ်တရုတ်မင်းဆက် ဗဟိုအုပ်ချုပ်ရေးစနစ်အရ အဓိက ဝန်ကြီးဌာန ခြောက်ဌာန။
*ဤဝတၳုထဲတွင် အရေးပါမှု အဆင့်အလိုက်။*
၁။ အမှုထမ်းရေးရာ ဝန်ကြီးဌာန၊ ရာထူးစီစစ်ရေးရာ ဝန်ကြီးဌာန။
၂။ ဘဏ္႑ာရေး ဝန်ကြီးဌာန။
၃။ ဘာသာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန။
၄။ စစ်မက်ရေးရာ ဝန်ကြီးဌာန။
၅။ တရားစီရင်ရေးရာ ဝန်ကြီးဌာန။
၆။ လယ်ယာစိုက်ပျိုးရေးနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန။)

"ဟုတ်ကဲ့ပါ..."

ဤကိစ္စသည် ရှီချန်အန်း မမျှော်လင့်ထားသောကိစ္စ မဟုတ်ပေ။ များစွာသော မင်းသားတို့သည် တရားဝင်ကြင်ယာတော်ဖြစ်သော ကျန့်ဖေးအား လက်ထပ်ယူပြီးကြသောအခါ ကျန့်ဖေး*နှင့်အတူ စီ့ဖေးများစွာ ခြံရံလျက် အိမ်တော်အသစ်သို့ ဝင်ရောက်နေထိုင်ကြသည်သာ။ တခုသာ။ ထိုကျန့်ဖေးတို့သည် ထင်ရှား ကြီးကျယ် မြင့်မြတ်လှသောမိသားစုဝင်များ ဖြစ်ခဲ့လျှင် စီ့ဖေးများအား သူတို့နှင့်အတူ တချိန်တည်း အိမ်တော်သို့ မဝင်ရောက်စေလိုပါက ချွင်းချက်အနေဖြင့် ထိုစီ့ဖေးများအား လအနည်းငယ် ကြာပြီးမှသာ အိမ်တော်သို့ ဝင်ရောက်ခွင့်ပေးနိုင်သော အထူးအခွင့်အရေးအား ရရှိနိုင်သည်။ ရှီချန်အန်းကိုယ်၌မှာမူ မည်သည့်ကျောထောက်နောက်ခံမျှမရှိသော သာမန် အဆင့်လေးမျှသာရှိသော အမတ်ငယ်တဦး၏ သားတယောက်၊ ယောကျ်ားလေးတဦးသာ။ ထို့ကြောင့် သူနှင့် ရှောင်းချင်းယန့် လက်ထပ်ကြသည့်အချိန်တုန်းက အနည်းဆုံး စီ့ဖေးတပါးတော့ အတူ ဝမ်ရယ်အိမ်တော်သို့ ဝင်ရောက်လာရမည်ဖြစ်သည်။ ယခုကဲ့သို့ လဝက်ခန့် နောက်ကျပြီးမှသာ စီ့ဖေးများ အိမ်တော်သို့ ဝင်ရောက်လာရမည်ဟု သူ စိတ်ကူးထဲတွင်ပင် မတွေးမိခဲ့ပေ။ ဘယ်အကြောင်းအရင်းများကြောင့် ဟူသည်တော့ သူလည်း မသိပေ။

*(ကျန့်ဖေး = တရားဝင် ကြင်ယာတော်၊ တရားဝင်ဇနီးသည်၊ ကြင်ယာတော် မင်းသမီး။ 'ဝမ်ဖေး'အားခေါ်သည့် တရားဝင်ဘွဲ့အမည်။)

ရှီချန်အန်း၏ အသာတကြည် လက်သင့်ခံမှုအား ကြည့်ရခြင်းဖြင့် ဤကိစ္စနှင့်ပတ်သက်၍ သူ့ထံတွင် ကန့်ကွက်ငြင်းဆိုမည့် စကားတို့ ရှိဟန်မတူပေ။ ထို့ကြောင့် လာရင်းကိစ္စပြီးသွားသော ရှောင်းချင်းယန့်သည် နေရာမှထ၍ သွားရန်ပြင်လိုက်သည်။ သို့သော် သူ ထရပ်လိုက်သည့်အချိန်မှာပဲ ရှီချန်အန်း၏အသံသည် သူ့အား ရပ်တန့်လိုက်သည်။ 

"ဝမ်ရယ် ခဏလေးနေပါဦး...ဝမ်ရယ်...ကျွန်တော် ဆွေးနွေးစရာလေးရှိလို့ ကျွန်တော့်ကို ဝမ်ရယ် အချိန်ခဏလောက် ပေးလို့ရမလား..."

"ဘာကိစ္စလဲ...."

"ဒီလိုပါ ဝမ်ရယ်...ကျွန်တော့်မိခင်က ကျွန်တော့်အတွက် ခန်းဝင်ပစ္စည်းတော်တော်များများ ချန်ထားခဲ့ပါတယ်...အဲ့ဒီအထဲမှာ လုပ်ငန်းတွေအနေနဲ့ ဈေးဆိုင်ခန်း အများစုလည်း ပါပါတယ်... အရင်ကတော့ အဲ့ဒီဆိုင်ခန်းတွေက ဖခင်ရဲ့စီမံမှုအောက်မှာ ရှိခဲ့ပေမယ့် အခုတော့ ကျွန်တော်ရဲ့လက်အောက်ကို ရောက်လာခဲ့ပြီ ဖြစ်ပါတယ်...ဒါကြောင့်မို့လို့ အကယ်၍ အဲ့ဒီဆိုင်ခန်းတွေကို စီမံခန့်ခွဲနေတဲ့သူတွေများ ကိစ္စရှိလို့ ကျွန်တော်နဲ့ တွေ့စရာရှိလာရင်.....သူတို့တွေ ဒီဝမ်ရယ်အိမ်တော်ကို လာခွင့်ရှိနိုင်မလား...."

"အင်း...လာလို့ရတယ်..."

"ကျေးဇူးအများကြီးတင်ပါတယ် ဝမ်ရယ်..."

အမှန်ပင် စိတ်သက်သာရာရသွားသော ရှီချန်အန်း ဆက်ပြောလိုက်သေးသည်။

"ဝမ်ရယ်...ကျွန်တော်က ဒီဝမ်ရယ်အိမ်တော်ရဲ့ စည်းမျဉ်း စည်းကမ်းတွေကို သေချာ မသိသေးပါဘူး...အဲဒါကြောင့်...နောင်များကျရင် ဝမ်ရယ်ရဲ့ အစားအသောက်တွေကို သီးသန့် ပြင်ဆင်ပေးရမှာလား......ဒါမှမဟုတ် ကျွန်တော်နဲ့အတူ ဒီနေရာမှာပဲ ပြင်ဆင်ပေးရမှာလား...."

ရှီချန်အန်း၏စိတ်ထဲတွင်တော့ ရှောင်းချင်းယန့်တွင် သီးသန့် စားဖိုဆောင်သက်သက်ရှိ၍ သူ၏အစားအသောက်များအား စီမံပြင်ဆင်ပေးမည့်လူများ ရှိပါစေဟု အလေးအနက် ကျိတ်၍ဆုတောင်းနေသည်။ သို့မှသာ ရှောင်းချင်းယန့်၏ နေ့စဉ် စားရေးသောက်မှုတို့အတွက် သူ စိတ်ပူပန်စရာ မလိုတော့မည်ဖြစ်သည်။

"မင်းက ဒီခြံဝန်းကို မင်းတယောက်ထဲ အပိုင်လို့များ ထင်နေတာလား...."**

ဝမ်ရယ်အိမ်တော်၏ ပင်မခြံဝန်းနှင့် အဆောင်သည် ဝမ်ရယ်၏ ကိုယ်ပိုင်ခြံဝန်းနှင့် ပင်တိုင်အိပ်ဆောင်ဖြစ်သည်။ ဝမ်ရယ် လက်ထပ်ပြီးသွားသောအခါ ထိုအဆောင်ရှိ ပင်မအိပ်ခန်းကြီးသည် သူ၏ဝမ်ဖေးနှင့် အိပ်စက်အနားယူရန် ဖြစ်သည်။ ဒါပေါ့...။ အိမ်တော်တခုလုံးကတော့ ဝမ်ရယ် ပိုင်ဆိုင်သည်ပေါ့။ အိမ်တော်တွင် ဝမ်ရယ်၏ ပင်မခြံဝန်းအပြင် စီ့ဖေးနှင့် ကိုယ်လုပ်တော်များ နေထိုင်ရန်ခြံဝန်းငယ်များစွာလည်း ရှိသေးသည်။ ဝမ်ရယ်သည် ထိုခြံဝန်းအားလုံးတွင် နှစ်သက်သလို အိပ်စက်အနားယူနိုင်သည်။

“…”

ရှောင်းချင်းယန့်၏အမေးကြောင့် ရှီချန်အန်း ပြောစရာစကားတို့ မဲ့သွားခဲ့သည်။ ချက်ချင်းပင် သူ ခေါင်းငုံ့လိုက်ကာ မှားသွားကြောင်း ပြောလိုက်သည်။ သူ အိမ်တော်၏ စည်းကမ်းများအား နားမလည်သေး၍ ဖြစ်ကြောင်း၊ အခြား ရည်ရွယ်လိုခြင်းမရှိကြောင်းအားလည်း ပြောရသေးသည်။ အား...။ ရှောင်းချင်းယန့်မှ သူ့အပေါ် အေးစက်စက် အမှုမစိုက်စွာ ဆက်ဆံခြင်းကြောင့် ဤသို့ မေးရခြင်းဖြစ်ကြောင်းဟုတော့ သူ မပြောရဲပေ။ အတန်ကြာတွင် ဘာဆက်ပြောရမည် မသိတော့သောကြောင့် ရှီချန်အန်း အသာ နှုတ်ပိတ်ကာနေလိုက်လေသည်။

ရှီချန်အန်း မေးလိုက်သည့်အမေးစကား၏ နောက်ကွယ်မှ အဓိပ္ပာယ်အား ရှောင်းချင်းယန့် နားမလည်သည် မဟုတ်။ သူ ကောင်းစွာနားလည်သည်။ သို့သော် ရှီချန်အန်းမှ ထိုသို့အမေးစကားမေးလာခြင်းအပေါ် ဘာရယ်မသိ ရှောင်းချင်းယန့် စိတ်ထဲ မကျေမနပ် အနည်းငယ် ဖြစ်သွားသောကြောင့် ဖြစ်သည်။ ရှီချန်အန်း...သူက ဘာအရည်အချင်းနဲ့များ သူ့အပေါ် ဒီလို လျစ်လျူရှု ရှောင်ရှားရဲတာလဲ။**

**(T/N: ရှီချန်အန်း မေးလိုက်တာက အရှင်းဆုံး အဓိပ္ပာယ်ဖွင့်ရရင် ရှောင်းချင်းယန့်ရဲ့ အစားအသောက်သာမက တတ်နိုင်ရင် နှစ်ယောက်လုံး ကိုယ့်ဘာသာနေကြပြီး မဆက်စပ်ကြဖို့၊ ဝေးဝေးနေကြဖို့ ဖြစ်သည်။ ရှောင်းချင်းယန့်လည်း ထိုအဓိပ္ပါယ်အား နားလည်သော်လည်း၊ ထိုသို့လုပ်ချင်သော်လည်း...ရှီချန်အန်းက အရင်စပြောတာရော၊ ဘာပဲပြောပြော သူ့စိတ်ထဲမှာတော့ ရှီချန်အန်းအား သူရဲ့တရားဝင်ဇနီးသည်အဖြစ် သတ်မှတ်ထားပြီးတာကြောင့် မိန်းမက ယောကျ်ားအား အသိအမှတ်မပြုသည့်ပုံပေါ်သွားသဖြင့် အတန်ငယ် ကျွဲမြီးတိုသွားပြီး ရှီချန်အန်းအား ရွဲ့၍ ပြန်မေးလိုက်ခြင်း ဖြစ်သည်။)

"ဟွန်း..."

ထိုင်နေရာမှထကာ ထွက်သွားရန်ပြင်လိုက်ပြီး နောက်တကြိမ် ထရပ်ခါနီးတွင်ပဲ ရှီချန်အန်း၏လက်မောင်းမှ ဒဏ်ရာက ရှောင်းချင်းယန့်၏ မြင်ကွင်းအတွင်းသို့ ဝင်လာသည်။

"ဘာတွေဖြစ်ခဲ့တာလဲ..."

ရှီချန်အန်းသည် သူ၏ဝမ်ဖေး ဖြစ်သည်။ သူ၏ခန္ဓာကိုယ်ပေါ်မှ ဤဒဏ်ရာသည် ရှောင်းချင်းယန့်အား မျက်နှာတည့်တည့် ဖြတ်ရိုက်လိုက်သကဲ့သို့ပင်။ ဘယ်သူကများ အတင့်ရဲပြီး ရှန်ဝမ်ဖေးအပေါ် လက်ရောက်ကျူးလွန်ရဲရသနည်း။

"ပြောစမ်း...ဘာတွေ ဘယ်လိုဖြစ်ပျက်ခဲ့လဲဆိုတာ...ပြီးတော့ ဘယ်သူ လုပ်တာလဲ...."

ဤဒဏ်ရာအသေးလေးပေါ်တွင် ရှောင်းချင်းယန့် ဤကဲ့သို့ အကြီးအကျယ် တုံ့ပြန်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ရှီချန်အန်း ရှောင်းချင်းယန့် ဒေါသအကြီးအကျယ် ထွက်နေရသည့် အကြောင်းအရင်းအား ဘယ်လိုမှ မမှန်းဆနိုင်ပေ။ ဒါပေမယ့် သူ၏နှလုံးသားထဲတွင်တော့ သေချာနားလည်ထားသည်။ ရှောင်းချင်းယန့် သူ့အပေါ် အမှန်တကယ် စိုးရိမ်ပူပန်နေ၍ ဤသို့ ပေါက်ကွဲနေခြင်း မဟုတ်ဟူ၍...။ ရှီချန်အန်းလည်း အလျင်အမြန်ပင် ရှင်းပြပြောဆိုလိုက်သည်။

"ဒါက အထင်လွဲမိပြီး ဖြစ်သွားတာပါ..." အစချီ၍ ရှီချန်အန်း ဖြစ်ခဲ့သမျှ ပြန်ပြောလိုက်သည်။

"ကျွန်တော် အခြေအနေကို နားမလည်လို့ ဖြစ်သွားတာပါ...အရှင် ကျင့်ဝမ်က ကျွန်တော် ဘယ်သူလဲဆိုတာ မသိလိုက်ခင် ဖြစ်သွားတာပါ...ဒဏ်ရာက အသေးအဖွဲလေးပါ...ဝမ်ရယ် စိတ်ပူပန်ပေးတာ ကျေးဇူးတင်ပါတယ်...."

ဖြစ်စဉ်တခုလုံးအား ရှီချန်အန်း သေချာစွာ အသေးစိတ် ရှင်းပြပြီးသွားလေသည်။ ထိုပြောပြနေစဉ်တလျှောက်လုံး ရှီချန်အန်းသည် ရှောင်းချင်းယန့်၏တုန့်ပြန်မှုအား သေချာစွာ အကဲခတ်မိသည်။ သူ ကျင့်ဝမ်အကြောင်းပြောပြသည့်အခါတွင်တော့ ရှောင်းချင်းယန့်၏တင်းမာနေသော မျက်နှာသည် ပျော့ပျောင်းခြင်းဘက်သို့ ပြောင်းလဲသွားသည်။ ကြည့်ရသည်မှာ ရှောင်းချင်းယန့်နှင့် ကျင့်ဝမ်၊ သူတို့နှစ်ဦးကြားမှ ညီအစ်ကိုဆက်ဆံရေးသည် အတော်ကောင်းမွန်သည့်သဘောရှိသည်။ သို့ပေမယ့် ထိုနေ့ကတော့ ချင်းဝမ်၏မွေးမိခင် ကျိုးကွေ့ဖေးသည် အသိအသာကြီးပင် ရှောင်းချင်းယန့်အား အခက်တွေ့အောင် လုပ်နေခဲ့သေးတာဖြစ်သည်။  

"အဲဒီလိုဆိုတော့လဲ ထားလိုက်ပါတော့....မင်း ဆေးသွားထည့်ချေ..."

"ဝမ်ရယ် ဂရုစိုက်ပေးတာ ကျေးဇူးအများကြီးတင်ပါတယ်..."

ရှောင်းချင်းယန့် ထွက်သွားပြီးသည့်အခါတွင်တော့ ရှီချန်အန်းသည် ဘေးနားတွင်ရပ်နေသော တုန်းရွှယ်အား ထိုင်ခိုင်းကာ သူတို့နှစ်ယောက်စလုံးအား ဆေးထည့်ပေးရန် ချွန်းယွီအား စေခိုင်းမလို့ပင်။ သူ နောက်သို့လှည့်လိုက်ချိန် တွေ့လိုက်ရသည်မှာတော့ တုန်းရွှယ်၏ အလွန်ပင်ကြေကွဲဝမ်းနည်းကာ မတရားခံထားရသည့်အသွင်နှင့် နီရဲနေသောမျက်လုံးများအား ဖြစ်သည်။ 

"ဒီကလေးမ...ဘာဖြစ်သွားတာလဲ...စောစောက အရိုက်ခံလိုက်ရတုန်းကတော့ မငိုဘဲနဲ့...အခုမှ ဘာဖြစ်လို့ ငိုနေရတာလဲ..."

နာလို့ငိုတယ် ပြောရအောင်လည်း စစခြင်း အရိုက်ခံလိုက်ရသော ထိုအချိန်ကသာ အနာကျင်ဆုံး ဖြစ်သည်။ ထိုအချိန်တုန်းကတောင် သူမ သည်းခံနိုင်ခဲ့ပြီးမှ ယခု မည်သို့ဖြစ်ရသနည်း။

"သခင်လေး......."

'သခင်လေး'ဟု အော်ငိုရင်း မျက်ရည်ကြီးငယ်တို့က ပိုးပိုးပေါက်ပေါက် ကျလာသည်။ တုန်းရွှယ်သည် သည်းမခံတတ်သော၊ တင်းမာသော စိတ်သဘောထားရှိသူ၊ စိတ်ဓာတ်မာကျောသောသူတယောက် ဖြစ်သည်။ သူမ ငိုသည်အား ရှီချန်အန်း တကြိမ်မျှပင် မြင်ဖူးခြင်းမရှိခဲ့ပေ။ ယခုလည်း မျက်ရည်များကျနေ၍သာ ငိုနေသည်ဟု ပြောလို့ရပေသည်။ မျက်နှာပေါ်က အမူအရာကတော့ ဝမ်းနည်းတကြီး ငိုကြွေးနေသည့်မိန်းမငယ်အသွင်မရှိဘဲ ခက်ထန်တင်းမာနေပြီး ထိုမျက်နှာဖြင့်ပင် မျက်ရည်ကျနေသည်မှာ တနည်း ကြည့်ရနည်းနည်းဆိုးလှသည်။ 

"ကဲပါ...ပြောစမ်းပါဦး...ဘာများဖြစ်ရတာလဲဆိုတာ...."

ရှီချန်အန်း အမှန်ပင် စိတ်ပူရပေသည်။ တုန်းရွှယ် ဒီလိုပုံစံမျိုးဖြစ်နေသည်အား တခါမျှ တွေ့ခဲ့ဖူးခြင်း မရှိသောကြောင့်ပင်။

"သခင်လေး...သခင်လေး နည်းနည်းလေးမှ စိတ်မပူ ဝမ်းမနည်းဘူးလား ဟင်.....ဝမ်ရယ် မတရား လွန်လွန်းတယ်...သခင်လေးတို့ လက်ထပ်ထားတာမှ ဘယ်လောက်မှ မကြာသေးဘူး....အခု သူက အိမ်တော်ထဲ မိန်းမနှစ်ယောက်တောင် ခေါ်သွင်းလာတော့မယ်....သူက သခင်လေးကို ဘာများ မှတ်နေတာတုန်း...."

ဒီရက်ပိုင်းအတွင်းတွင် သူမတို့၏ သခင်လေးရှေ့တွင်တော့ မည်သည့်စကားမှ ဝင်မပြောဖြစ်ကြသော်လည်း၊ ညဘက် အနားယူချိန်တွင်တော့ တုန်းရွှယ်နှင့် ချွန်းယွီတို့နှစ်ဦးသည် သခင်လေးအား ဝမ်ရယ် သဘောကျလာအောင် ဘယ်လိုလုပ်ရမည်၊ သခင်လေး ဝမ်ရယ်အိမ်တော်တွင် အေးအေးချမ်းချမ်းနေနိုင်အောင် ဘယ်လိုကြိုးစားရမည် စသည်ဖြင့် နည်းလမ်း၊ အကြံပေါင်းစုံအား တိုင်ပင်ရှာဖွေနေလေ့ရှိသည်။ သို့သော် သူမတို့ ဘာနည်းလမ်း၊ အကြံတခုမှ မယ်မယ်ရရ မရသေး...မထင်မှတ်ထားချိန်မှာပဲ ဝမ်ရယ်က တခြားမိန်းမနှစ်ယောက်ကို အိမ်တော်ထဲ ခေါ်လာတော့မည်။

"သြော်...ဟား ဟား....ဒီကလေးမကတော့လေ....ဘာများဖြစ်တာလဲလို့....အဲဒီကိစ္စကို စိတ်ပူနေတာကိုး.....မင်းတို့ဟာလေ....ငအမလေးတွေ...အရင်ကတည်းက ငါ ပြောပြီးပြီမဟုတ်လား....ဒီကိစ္စက ဖြစ်ကိုဖြစ်လာမယ့်ကိစ္စဆိုတာ...အဲဒီတော့ ဘာဖြစ်လဲ...မင်းတို့သခင်လေး ငါက ယောကျ်ားကြီးလေ...ဒီဝမ်ရယ်အိမ်တော်အတွက် ဆက်ခံသူမှ မမွေးပေးနိုင်တာ...ပြီးတော့ ဝမ်ရယ်ကလည်း မိန်းမတွေပဲ သဘောကျတာ....အခု အဲ့ဒီစီ့ဖေးနှစ်ယောက်မဟုတ်လဲ နောင်ကျရင် တခြားသူတွေ ရှိလာဦးမှာပဲ...ဒီကိစ္စက အနှေးနဲ့ အမြန်ဖြစ်လာမယ့်ကိစ္စပဲကို....ဘာကိစ္စ ငါက ဝမ်းနည်းပြီး စိတ်ပူနေရမှာလဲ...."

သူမ၏သခင်လေး တကယ်ကိုပင် ပူပန်ခြင်း မရှိသည်အား တွေ့နေရပေမယ့်လည်း တုန်းရွှယ်ကတော့ သခင်လေးအတွက် ပူပန် စိတ်မကောင်းဖြစ်နေဆဲပင်။ ဆုံးပါးသွားတဲ့ သခင်မကြီးက ရှေ့မှာ သာဓကအနေနှင့် ရှိခဲ့ပြီးသား မဟုတ်လား။ သခင်မကြီးသည် သခင်ကြီးထံမှ မေတ္တာမပြောနဲ့ဦး....ဂရုစိုက်မှုကိုတောင်မှ ယိနျှောင်တဦးလောက်ပင် မရရှိခဲ့ပေ။ ယခု စီ့ဖေးနှစ်ပါး၏နောက်ခံ မိသားစု အသိုင်းအဝိုင်းသည် အလွန်ပင် တောင့်တင်းလှပေရာ အကယ်၍များ ဝမ်ရယ်သာ သူတို့အပေါ် နည်းနည်းလေးပဲ သဘောကျလိုက်သည်ဆိုရင်တောင်ပဲ သူမတို့၏ သခင်လေး ဘာများ တတ်နိုင်ပေတော့မည်နည်း။

သခင်လေးရယ်......ဘာလို့များ အဲဒါကို နားမလည်ရတာလဲ....ဟူး.........။

"တုန်းရွှယ်...အပိုတွေ စိုးရိမ်မနေနဲ့....ဝမ်ရယ်က ငါ့ကို သဘောမကျဘူးဆိုရင်တောင် ဒီဝမ်ရယ်အိမ်တော်ရဲ့ စည်းကမ်း၊ ထုံးတမ်းတွေက အလကား မဟုတ်ဘူး...ငါသာ အမှားတစုံတရာ မလုပ်သရွေ့တော့ ဝမ်ရယ်က ငါ့အပေါ် ငါ့ရဲ့မပြတ်မသားနဲ့ ဆုံးဖြတ်ချက် မတည်တတ်တဲ့အဖေက မေမေ့အပေါ် ဆက်ဆံသလိုမျိုး ဆက်ဆံလာလို့မရဘူး...ငါကလည်း ငါ့အပေါ် မတရားဆက်ဆံလာရင် သည်းခံနေမှာ မဟုတ်ပါဘူး....ပြီးတော့.....ငါတို့မှာ အခု ငွေရှိနေပြီပဲ....ငါတို့ရဲ့ အစားအသောက်၊ အဝတ်အထည် အားလုံး ဝမ်ရယ်အိမ်တော်ပေါ်မှာ မှီခိုနေရတာမှ မဟုတ်တာ...ငါတို့က ဘာကို ကြောက်နေရမှာလဲ...."

စီ့ဖေးနှစ်ပါးက သိပ်မကြာခင် အိမ်တော်ထဲ ဝင်လာကြတော့မည်။ ရှီချန်အန်းကတော့ တကယ်ကိုပဲ ထိုကိစ္စအား အာရုံထဲတွင်ပင် မထားပါ။ ထိုအစား သူ စဉ်းစားနေသည်က နောက်တလ၏ မနက်ခင်းတခုကိုသာ ဖြစ်သည်။ ထိုလမှ စတင်၍ ရှီအိမ်တော်သည် ဈေးဆိုင်ခန်းများမှ လစဉ်ရနေသော ငွေအား မရနိုင်တော့ပေ။ ဘာတွေဖြစ်လာမည်အား သူ တွေးနေရင်းကိုပဲ အတော် ပျော်ရွှင်နေမိသည်။ 

ရှီချန်အန်း တွေးထားသည်များနှင့် မတူသည်ကတော့ နောက်တလပင် စောင့်ဆိုင်းစရာမလိုဘဲ ရှီချန်အန်း လက်ထပ်ပြီး ရက်ပိုင်းအနည်းငယ်အတွင်းမှာပင် ရှီအိမ်တော်တွင် ကျန်ရှိနေသည့် သခင် လေးဦးအနက် နှစ်ဦးသည် နေမကောင်းဖြစ်ကာ အိပ်ရာထဲ လဲနှင့်နေလေသည်။ 

ရှီချန်အန်း၏အဘွား...အမယ်အို လျိုရှီးသည် ယန်ရှီး၏ ခန်းဝင်ပစ္စည်းများအား လိုလားခြင်းမရှိဘဲ ပြန်ပေးလိုက်ရကတည်းက နေမကောင်းဖြစ်နေခဲ့တာ ဖြစ်သည်။ ရှီချန်အန်း၏ လက်ထပ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် မိဘအိမ်သို့ပြန်လာခဲ့စဉ်တုန်းက သူမ နေမကောင်းချင်ယောင်ဆောင်ခဲ့ခြင်း မဟုတ်ဘဲ အမှန်ပင် အိပ်ရာထဲမှ မထနိုင်ခဲ့ခြင်းဖြစ်သည်။ ရှီယုံနျဉ်သည်လည်း သွေးတခါ အန်ပြီး နောက်ပိုင်းတွင်မူ သူ၏စိတ်ဓာတ်တို့သည် ချုံးချုံးကျခဲ့ပြီး ဖြစ်သည်။ ခေါင်းဖျားမှ ခြေအဆုံး သူ၏တကိုယ်လုံး စိတ်ဓာတ်ကျ၊ စိတ်အားငယ်နေသော အရိပ်အငွေ့တို့ လွှမ်းခြုံနေပြီး တက်ကြွမှု မရှိသည့် လူတယောက်အနေဖြင့်သာ သူ့အား တွေ့နိုင်ပေသည်။




"အစ်ကိုကြီး....မြန်မြန်နေပြန်ကောင်းလာမှ ဖြစ်မယ်....ကျွန်မတို့ တမိသားစုလုံးက အစ်ကိုကြီးကိုပဲ အားကိုးနေရတာ...."

အိမ်စေတယောက်မှ ကျိုချက်ပြင်ဆင်ပေးထားသည့် ဆေးခွက်အား ကိုင်ဆောင်ထားတဲ့ လျိုရှီး၏မျက်လုံးများသည် နီရဲနေကာ ထိုမျက်လုံးများမှစီးဆင်းနေသော မျက်ရည်စီးကြောင်းနှစ်ကြောင်းကလည်း သူမ၏မျက်နှာပေါ်တွင် ထင်ရှားနေသည်။ သူမ၏အသွင်သည် အလွန်အားနည်းနေကာ သနားစဖွယ်ကောင်းလှပေသည်။ ထို့ကြောင့် ရှီယုံနျဉ်သည် 'သူမကိုယ်တိုင် ကျိုလာခဲ့သည့် ဆေး'အား အမြန်ယူကာ သောက်လိုက်သည်။

"ညီမလေး...စိတ်မပူပါနဲ့....အစ်ကိုကြီးက ဟိုကျေးဇူးမသိတတ်တဲ့သားမိုက်ကို ဒေါသထွက်လို့ ဖြစ်သွားတာ...ရက်နည်းနည်းနေရင် ပြန်ကောင်းသွားမှာ..."

လက်ထပ်မင်္ဂလာပွဲ မတိုင်ခင်ကလည်း သူ ဒေါသထွက်ရသည်။ ပထမဆုံးအကြိမ် မိဘအိမ်ပြန်လာသည့်အခါမှာလည်း သူ ဒေါသ ထပ်ထွက်ရပြန်သည်။ သူ...ရှီယုံနျဉ် တဘဝလုံး သူများအပေါ် ကြံစည်ပြီးနေလာခဲ့သမျှ နောက်ဆုံးတော့ သေသွားပြီး အခေါင်းထဲ အရိုးတောင်ဆွေးနေတော့မယ့် လူတယောက်ကြောင့် အခုလို လှည့်စားကြံစည်ခံလိုက်ရမည်လို့ ထင်မထားခဲ့။ ဆုံးရှုံးသွားရသော ယန်ရှီးရဲ့ ပစ္စည်းစည်းစိမ်များအား စဉ်းစားလိုက်မိသည့်အခါ ရှီယုံနျဉ် ရင်ထဲ ဒေါသထွက် တင်းကြပ်၍လာသည်။ ဒေါသတို့ကြောင့် သူ၏လက်နှစ်ဖက်စလုံးအား တင်းကြပ်နေအောင် ဆုတ်ထားမိလိုက်သည်။ 

အတိတ်တုန်းက သူတို့ လက်ထပ်ပြီးသောအချိန်တွင် သူ ယန်ရှီးအား ဈေးဆိုင်ခန်းများ၏ ပိုင်ဆိုင်မှုစာချုပ်များနှင့် ထိုဆိုင်များတွင် အလုပ်လုပ်နေသူတို့၏ ကျေးကျွန်စာချုပ်များအကြောင်း မေးခဲ့ဖူးသည်။ ထိုအချိန်တုန်းက ယန်ရှီးသည် ထိုစာချုပ်များသည် သူမလက်ထဲတွင် မရှိကြောင်း ပြောဖူးသည်အား သူ ပြန်အမှတ်ရလိုက်သည်။ ထိုစာချုပ်များ အားလုံးသည် သူမ၏မိခင် လက်ထဲတွင်သာ ရှိကြောင်း...........။

"နေဦး....နည်းလမ်းရှိတယ်....နည်းလမ်းရှိသေးတယ်....."

ယန်ရှီးက အဲ့ဒီ စာချုပ်တွေက သူမအမေလက်ထဲမှာလို့ ပြောခဲ့တယ်။ အခု သူတို့မိသားစုနှင့် ယန်ရှီးရဲ့မိသားစုကလည်း အဆက်အသွယ် မရှိတော့ဘူး။ ပြီးတော့ ဈေးဆိုင်ကလူတွေကလည်း သူ့အမိန့်ကို နာခံလာတာ ဆယ်နှစ်မကတော့ဘူး...။ ဒါဆိုရင် သူတို့အပေါ်မှာ သုံးရမယ့် ကျွန်စာချုပ်တွေမရှိဘူးဆိုမှတော့ သူကသာ သူတို့ရဲ့သခင်ပဲ။ ဟိုကောင်လေးရဲ့စကားကို သူတို့တွေ နားထောင်ကြမှာ မဟုတ်ဘူးပဲ။*

*(T/N: ရှီယုံနျဉ်က ယန်မိသားစုဆီမှာ ရှိနေတဲ့ ကျွန်စာချုပ်တွေအကြောင်း ရှီချန်အန်း သိရင်တောင်မှ ရနိုင်ဖို့မလွယ်ကြောင်း၊ လက်ထဲမှာ အဲဒီစာချုပ်တွေမရှိဘဲနဲ့ ဆိုင်ကလူတွေကို အမိန့်ပေး အုပ်ချုပ်နိုင်ဖို့မလွယ်သလို ဘယ်သူ့လက်ထဲမှာ စာချုပ်ရှိနေမှန်းမသိတဲ့ လူတွေကလည်း ရှီချန်အန်းထက်စာရင် ဆယ်နှစ်ကျော် အုပ်ချုပ် ဆက်ဆံခဲ့တဲ့ သူ့စကားကို ပိုနားထောင်မယ်လို့ တွေးမိသွားတာပါ။)

"မနက်ဖြန်...မနက်ဖြန် ငါ ဆိုင်ပိုင်ရှင်ယန်*ဆီ သွားရမယ်...ပြီးတော့ ဟိုကောင်လေး သူ့ကိုလာရှာရင် သူ ဘာပဲပြောပြော ဂရုစိုက်စရာမလိုဘူးဆိုတာ ပြောရမယ်....နောက်ကျရင်လဲ အရင်အတိုင်းပဲ ဆိုင်ရဲ့အမြတ်ငွေတွေကို ငါတို့မိသားစုဆီကိုပဲ လတိုင်းပို့ရင် ရပြီလို့ သွားပြောရမယ်...."

*(T/N: အမှန်တကယ် ဆိုင်ပိုင်ရှင်မဟုတ်ဘဲ ဆိုင်အား စီမံခန့်ခွဲ ထိန်းသိမ်းရသူ၊ ဆိုင်မန်နေဂျာ ဖြစ်သည်။)

နောက်ဆုံးတော့ သူ ဆုံးရှုံးသွားရတဲ့ ရတနာပစ္စည်းတွေက သူ့လက်ထဲ ပြန်ရောက်လာတော့မယ်။ ရှီယုံနျဉ် စိတ်အတန်ငယ် ပေါ့ပါးသွားကာ လူလည်း လန်းဆန်းလာသည်။ သူ ဟိုဟိုဒီဒီ အသေးစိတ် စဉ်းစားစရာရှိသေးသောကြောင့် လျိုရှီးအား မိခင်ဖြစ်သူကိုသာ ဆေးတိုက်၍ ပြုစုစောင့်ရှောက်ရန် စေခိုင်းလိုက်သည်။

"ကျွန်မ နားလည်ပါတယ် အစ်ကိုကြီး....အစ်ကိုကြီးသာ ကောင်းကောင်း အနားယူလိုက်ပါဦး....ကျွန်မ ဒေါ်ဒေါ်ကို ဆေးသွားတိုက်လိုက်ပါဦးမယ်...."

ထွက်မသွားခင်လေးတွင် လျိုရှီး ရှီယုံနျဉ်ပေါ်လွှမ်းထားသည့် ခြုံစောင်တို့အား သေချာ ပြင်ဆင်ပေးသွားခဲ့သေးသည်။ သို့ပေမယ့် အနောက်သို့လှည့်လိုက်သည်နှင့် တပြိုင်နက် သူမ၏မျက်နှာပေါ်မှ အပြုံးတို့ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ သူမ အခန်းအပြင်ထွက်လာခဲ့သည်နှင့် စတင်၍ တိုးညှင်းစွာ ကျိန်ဆဲလေတော့သည်။

"အဲဒီအဘွားကြီး...သေလဲ မသေနိုင်သေးဘူး...လူကဖြင့် လူအိုစော် နံထောင်းနေတာပဲ....အဲဒါကိုများ ငါ့ကို နေ့တိုင်းကဖြင့် သူ့ဆီလာပြီး ပြုစုခိုင်းချင်နေသေးတယ်..."

အမယ်အို လျိုရှီးသည် အိပ်ယာထဲလဲနေရကာ ပြုစုပေးမည့် သားသမီးမရှိပေ။ ရှီယုံနျဉ်သည်လည်း စိတ်သာရှိပေမယ့် ကိုယ်တိုင်ကိုယ်ကျ ပြုစုပေးနိုင်ခြင်းမရှိချေ။ သူမအား ရေချိုး သန့်စင်ပေးမည့်သူမရှိသလို အဝတ်အစား လဲလှယ်ပေးမည့်သူလည်း မရှိပေ။ လျိုရှီးသာမက လျိုရှီး၏မျက်နှာရိပ် မျက်နှာကဲကြည့်နေရသည့် အခိုင်းအစေ မိန်းကလေးများပင် သူမ၏ကိုယ်မှ ထွက်နေသော အနံ့အသက်တို့အပေါ် နှာခေါင်းရှုံ့ချင်ကြသည်။

အမယ်အို လျိုရှီးသည် အိပ်ရာထဲတွင်လဲှနေပြီး မလှုပ်ရှားနိုင်ပေ။ သူမ၏ပါးစပ်ထဲ လောင်းထည့်နေသော ဆေးများအား ဘာမှ မတတ်နိုင်စွာ ခွင့်ပြုနေရသည်။ ကုတင်ဘေးတွင်ရပ်နေသော တူမဖြစ်သူအား မုန်းတီးခြင်းများစွာဖြင့် အံကြိတ်၍ ကြည့်လိုက်သည်။ မည်သည့်စကားမျှမပြောနိုင်တော့သော သူမ၏ပါးစပ်မှထွက်လာသော အသံများသည် 'ဝူးဝူးဝါးဝါး'သာ။ သူမ ဘာကိုပြောနေသည်အား နားလည်နိုင်သူ ဘယ်သူမှ မရှိပေ။ 

XXXXX

PREVIOUS << TOC >> NEXT

No comments:

Post a Comment

Support My Translations