အပိုင်း (၄)
ကွယ်လွန်သွားပြီးဖြစ်သော အရင်မိဖုရားခေါင်ကြီး၏ကမ္ပည်းတိုင်အား ရှောင်းရှီဘိုးဘွားဗိမာန်တွင် ထားရှိထားခြင်းမရှိ။ ဧကရာဇ်၏ထိုက်ကျီနန်းဆောင်နှင့် အနီးကပ်ဆုံးဖြစ်သည့် ချန်ရှန်းနန်းဆောင်တွင်သာ ထားရှိထားသည်။ ထို့ကြောင့် သူတို့နှစ်ယောက် ချန်ရှန်းနန်းဆောင်သို့သွားရာမှ နန်းဆောင်ရှေ့တွင် စောင့်ဆိုင်းနေသော ရှောင်းချင်းယန့်၏အမေတူ ညီအရင်းဖြစ်သော ရှောင်းချင်းယွီနှင့် ဆုံမိကြသည်။
"အကိုတော်...အကိုတော် ဒီနေ့ ဒီကိုလာမယ်ဆိုတာ ကျွန်တော်သိသားပဲ...သြော် ''မရီးတော်''ရော ပါလာတာကိုး....''
ရှောင်းချင်းယွီသည် ရှောင်းချင်းယန့်နှင့် ရုပ်အသွင်အပြင် အတော်ပင်တူလှသော်လည်း ရှောင်းချင်းယန့်ကဲ့သို့ လွန်စွာတည်ငြိမ်အေးစက်မနေဘဲ ပို၍ တက်ကြွသော ဟန်ပန်ရှိလေသည်။
ရှောငး်ချင်းယွီမှ သူ့အား တိုက်ရိုက်ပြောကြားခြင်းမရှိပေမယ့် ရှီချန်အန်းအနေဖြင့် ထိုသူ့အား မသိကျိုးကျွန်ပြု၍ မရပေ။ ထို့ကြောင့် သူ ခေါင်းငြိမ့်အသိအမှတ်ပြုကာ ရှောင်းချင်းယွီအား နှုတ်ဆက်လိုက်သည်။
"စတုတၳမင်းသား....မင်္ဂလာပါ...''
မူလက သူ၏ ''အမျိုးသား မရီးတော်''အား နောက်ပြောင်ကစားရန် ရည်ရွယ်လာခဲ့သော်လည်း သူမျှော်လင့်ထားသော တုံ့ပြန်မှုကား မရခဲ့ပေ။ ထို့ကြောင့် ရှောင်းချင်းယွီ မိမိဘာသာ အနည်းငယ် အရှက်ရမိသွားသည်။ ထို့နောက် ရုတ်တရက် မျက်နှာကြီး တင်းကာ ရှီချန်အန်း ရပ်နေရာသို့ သွားလိုက်သည်။ ထိုမျက်နှာကြီးက ရှီချန်အန်း၏မျက်နှာအား ထိကပ်တော့မတတ် ရုတ်ချည်းနီးကပ်လာခဲ့သည်။ ထို ရှောင်းချင်းယွီ၏ ရုတ်တရတ် တိုက်စစ်ဆင် နီးကပ်လာသော လှုပ်ရှားမှုအား ရှောင်ရန် တည်ငြိမ်အေးဆေးစွာဖြင့် ရှီချန်အန်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သို့သော် ကပျာကယာ ဆုတ်မိလိုက်သော ခြေလှမ်းများကြောင့် သူ့ခြေထောက်သူ ခလုပ်တိုက်မိကာ ရှီချန်အန်း နောက်သို့ထိုင်လျက်သား လဲကျသွားသည်။ ဘေးတွင်ရပ်နေသော ရှောင်းချင်းယန့်သည် မသိစိတ်၏လှုံ့ဆော်မှုကြောင့် အလိုအလျောက် ဖမ်းဆွဲလိုက်ရန် လက်ဆန့်ထုတ်မိလိုက်သော်လည်း အတန်ငယ် တုံ့ဆိုင်းသွားမိသောကြောင့် ရှီချန်အန်း၏ အကျႌအနားဖျားလေးသာ ထိမိလိုက်နိုင်တော့သည်။ ထိုကြောင့် သူ အဲ့ဒီလူ အင့်ကနဲ ညည်းညူကာ မြေပြင်သို့ အားဖြင့် ထိုင်လျက်သားလဲကျသွားသည်ကို ဘေးမှ မတတ်နိုင်စွာ ရပ်ကြည့်နေလိုက်ရတော့သည်။
"အလကားနေ ပြဿနာရှာနေတယ်...မင်း ပြဿနာရှာချင်ရင် ငါ့အိမ်တော်ကို လာခဲ့....''
မြေပြင်ပေါ်မှလူအား တချက်ကြည့်လိုက်ပြီး ရှောင်းချင်းယန့်၏မျက်နှာသည် မည်းမှောင်လာသည်။ ထို့ကြောင့် သူသည် တင်းမာသောလေသံဖြင့် ရှောင်းချင်းယွီအား ကျယ်လောင်စွာ ဆူလိုက်သည်။ ပြီးနောက် မြေပြင်ပေါ်လဲကျနေသောသူအားလည်း ကူညီပေးရန် စိတ်ကူးမရှိသောကြောင့် နန်းဆောင်ခန်းမထဲသို့ တဦးတည်းသာ အရင် လျင်မြန်စွာ ဝင်ရောက်သွားသည်။
ရှီချန်အန်း၏တံတောင်ဆစ်နှစ်ဖက်စလုံး ပွန်းပဲ့သွားသည့်အပြင် အနောက်သို့ အားပြင်းစွာဖြင့် လဲကျသွားခြင်းဖြစ်သည်။ သို့သော် ရှောင်းချင်းယန့်က ထွက်သွားနှင့်ပြီ။ ရှောင်းချင်းယွီ ဘေးသို့ဖယ်ကာ ရပ်လိုက်ပြီး အပြုံးမျက်နှာအား ပြန်လည်ဆင်မြန်းလိုက်သည်။ ရှီချန်အန်း အသာထရပ်လိုက်ကာ ရှောင်းချင်းယန့် နောက်သို့ ထော့နင်းထော့နင်းဖြင့် အမှီလိုက်သွားလိုက်သည်။ ရှောင်းချင်းယန့်က သူ့အပေါ်တွင် အကြင်နာတရားကင်းမဲ့ပြီး ရှောင်းချင်းယွီက သူ့အား ရွံရှာစက်ဆုတ်နေမှန်း ရှီချန်အန်း သိသည်။ ဒါပေမယ့် သူ့အတွက် ကိစ္စမရှိပါဘူး။ သူ့မေမေ ဆုံးပါးသွားပြီးကတည်းက ဒီလောကကြီးထဲကလူတွေ သူ့အပေါ် ဘယ်လောက်ပဲ ထိခိုက်နာကျင်အောင်လုပ်လုပ် သူ ဂရုမစိုက်တတ်ခဲ့တာကြာပြီ။ သူ ဘယ်လောက်ပဲ နာကျင်နေပါစေ...သူရဲ့ အသက်ရှင်သန်နေမှုကို လက်မလျော့လိုက်သရွေ့ သူ တောင့်မခံထားနိုင်စရာ ဘာမှမရှိပေ။
ရှောင်းချင်းယွီသည် သားတော်များထဲတွင် အငယ်ဆုံးဖြစ်သည်။ သာမန်အရပ်စကား ငှါးသုံး၍ပြောပါက အသုံးမကျဆုံးလည်းဖြစ်သည်။ လာမည့်နှစ်တွင် သူသည် အရွယ်ရောက်သည့်အသက်သို့ ရောက်ရှိမည်ဖြစ်သော်လည်း ထူးထူးခြားခြား အကိျုးဆောင်ထားမှု တခုမျှပင် မရှိသေးချေ။ နေ့စဉ်နေ့တိုင်း စားမယ်၊ အိပ်မယ်၊ ပျော်ပါးမယ်ဆိုသည်မှလွဲ၍ မသိသည့်အပြင် ဆောင်ကြာမြိုင်များတွင်လည်း သူအား ပေါ်လိုက်၊ ပျောက်လိုက် မြင်တွေ့နေရသေးသည်။ ထို့ကြောင့် ယခု လက်ထပ်ရမည့်အရွယ်သို့ရောက်လာခဲ့သော်လည်း ဆွေကြီးမျိုးကြီး သမီးရှင်တို့မှ သူ့အား ဝေးဝေးမှ ရှောင်ရှားကြသည်မှာလည်း အထူးအဆန်း မဟုတ်ပေ။
လူက အဆင်မပြေ ထော့နင်းထော့နင်းဖြစ်နေသော်လည်း မိမိကိုယ်အား ဖြောင့်မတ်အောင် အတင်းကြိုးစားအားထုတ်၍ ရှောင်းချင်းယန့် နောက်သို့ အမြန်လိုက်နေသောသူအား ကြည့်ပြီး ရှောင်းချင်းယွီ သူ၏မျက်ခုံးတို့အား ပင့်တင်မိသည်။ ဒါပေမယ့် များမကြာမီ ''ဟားဟား''ဟူသော ရယ်သံတို့ဖြင့် လှည့်ကာ ထွက်ခွာသွားတော့သည်။
ရှီချန်အန်း ရှောင်းချင်းယန့်အား မှီလာသည့်အခါတွင်တော့ ရှောင်းချင်းယန့်သည် သူ့မယ်တော်၏ကမ္ပည်းတိုင်ရှေ့တွင် ရောက်နှင့်နေပြီးဖြစ်သည်။ ရှီချန်အန်းလည်း ထိုသူ့အတိုင်းလိုက်၍ ဒူးထောက်ရန်ပြင်လိုက်သော်လည်း ရှောင်းချင်းယန့်သည် ဒူးထောက်ရာတွင်ခံရန် ခင်းထားသောအခင်းအား ဘေးသို့ဖယ်ကာ မြေပြင်တွင် တိုက်ရိုက်ဒူးထောက်နေကြောင်း တွေ့လိုက်ရသည်။
ရှီချန်အန်း၏နှုတ်ခမ်းတို့ မျဉ်းဖြောင့်သဏ္ဌာန်စေ့ကာ ဘေးသို့အနည်းငယ် ပြန့်ကားသွားမိသည်။*
ထို့နောက် ရှောင်းချင်းယန့်နှင့် လူကိုယ်တဝက်စာခြားကာ ဘေး၌ သူ့ကဲ့သို့ပင် မြေပြင်ပေါ်တွင် တိုက်ရိုက်ဒူးထောက်ကာ နေလိုက်သည်။
ကျောပြင်အား ဖြောင့်မတ်စွာထား၊ ရှေ့သို့တည့်တည့်ကြည့်ကာ အရပ်ရှည်ရှည်၊ တောင့်တင်းသောခန္ဓာ၊ ကြီးမားကြံံ့ခိုင်၍ အခိျုးအဆက် ပြေပြစ်ကျနသော အသွင်အပြင်....မည်သို့ပင်ဆိုကြစေကာမူ ယခု ရှီချန်အန်း၏မျက်လုံးများထဲတွင်တော့ အထီးကျန်နေသော ကျောပြင်တခု...အဖော်မဲ့ တကိုယ်တည်းဖြစ်နေသော လူတဦး၏ပုံရိပ်တခုကိုသာ မြင်မိသည်။
ထိုသူက ဧကရာဇ်တပါး၏ နှစ်ယောက်မရှိသော သားတော်ကြီး....။ ဧကရာဇ်၏ ပထမဇနီး၊ တရားဝင်ဇနီးဖြစ်သော ဧကရီတပါး၏ အကြီးဆုံး သားတော်....။ အခုတော့ ယောကျ်ားတယောက်နှင့် လက်ထပ်လိုက်ရပြီး ထွန်းလင်းတောက်ပကာ ဖြောင့်ဖြူးနေမည့် အနာဂတ်လမ်းအား ဖျက်စီးခံလိုက်ရသော သူတယောက်....။ သူ့ရဲ့ရင်ထဲမှာ ဖြစ်ပေါ်နေမယ့် သောကတွေ၊ ခံပြင်းမှုတွေက ဘယ်လိုလုပ်ပြီး သာမာန်ဖြစ်နိုင်ရမှာလဲ....။
လူနှစ်ယောက်သည် တရှီချန်(၂နာရီ)မျှ ဆက်ဒူးထောက်နေခဲ့ကြသည်။ ရှောင်းချင်းယန့် ဒူးထောက်ရာမှ ထလာချိန်တွင်တော့ သူ၏ထုံကျင်နေသောခြေထောက်များကြောင့် အနည်းငယ် ယိမ်းယိုင်သွားမိသည်။ ရှီချန်အန်း ရှောင်းချင်းယန့် လှည့်ထွက်သွားသည့်အချိန်အထိစောင့်ပြီးမှ သူ နေရာမှ အသာထလိုက်သည်။ သူ ရှောင်းချင်းယန့်၏ရှေ့တွင် သူ့ကိုယ်သူ အရူးတယောက်ပမာပြုမူမိပြီး မျက်နှာမပျက်ချင်ပေ။ ထို့ကြောင့် ရှောင်းချင်းယန့် ထပြီးသွားသည်အထိ သူ အလျင်စလို လိုက်မထမိဘဲ သူ၏ထုံကျင်နေသောခြေထောက်များအား အရင် သက်သာအောင်လုပ်ပြီးမှသာ ထလိုက်သည်။ ထိုသို့ သက်သာအောင်လုပ်ခဲ့သော်လည်း သူတို့ ဒူးထောက်နေခဲ့သည့်အချိန်မှာ အနည်းငယ် ကြာသွားခဲ့တာကြောင့် ခြေထောက်များက သက်တောင့်သက်သာ ရှိမနေပေ။ ထုံကျင်နေဆဲ။ ထို့အပြင် သူ စောစောက လဲကျထားခဲ့သည်ရော၊ ရှောင်းချင်းယန့်၏ ခြေလှမ်းကျဲကြီးများအား အမှီလိုက်ရသည်များပါ ထပ်ပေါင်းလိုက်သော် ရှီချန်အန်း၏ နဖူးတပြင်လုံး ချွေးသီးများသာ ကြီးစိုးနေပေတော့သည်။
ရှောင်းချင်းယန့်သည် အရပ်ရှည်မြင့်ပြီး ရှည်လျားသောခြေတံများအား ပိုင်ဆိုင်ထားသောကြောင့် သူ၏ခြေလှမ်းများမှာလည်း အလှမ်းကျယ်လှပေသည်။ ရှီချန်အန်း အမှီလိုက်နိုင်ရန် ကြိုးစားပေမယ့် တဖြည်းဖြည်း ကွာဝေး၍သာ နေခဲ့ပေသည်။ ရှောင်းချင်းယန့်သည် နန်းတော်တံခါးပေါက်ရှေ့တွင် သူအား စောင့်ဆိုင်းပေနေ၍သာ...။ မဟုတ်ပါက သူ အမှန်ပင် အိမ်တော်သို့ မည်သို့ပြန်ရမည်ကို မသိပေ။
"အရှင်မင်းသား...ကျေးဇူးအများကြီးတင်ပါတယ်....''
"အသုံးမကျဘူး....''
တော်ဝင်မြင်းလှည်းသည် သက်တောင့်သက်သာရှိသည်မှာ မှန်သော်လည်း မြင်းလှည်းပေါ်တက်ရန်မှာမူ အတန်ငယ် မြင့်လေသည်။ ရှီချန်အန်းသည် မြင်းလှည်းပေါ်သို့တက်ရန် သူ၏အား တော်တော်များများအား အသုံးပြုလိုက်ရလေသည်။ သူ လှည်းပေါ်သို့ရောက်ပြီးချိန်တွင်တော့ အတတ်နိုင်ဆုံး ထိန်းချုပ်ထားသော်လည်း ပင့်သက်ယဲ့ယဲ့တော့ ရှိုက်မိသွားပေသည်။
နီမြန်းနေသောမျက်နှာ၊ ချွေးသီးချွေးပေါက်များဖြင့် အမောတကော အသက်ရှုနေသော ရှီချန်အန်းအား ကြည့်ရင်း ''အသုံးမကျဘူး''ဟူသောစကားအား ရှောင်းချင်းယန့် နှုတ်မှအသံမထွက်ဘဲ ပြောမိသည်။ စိတ်ထဲတွင်တော့ ဒီလူက သူ့အတိုင်းလိုက်လုပ်ကာ သူနဲ့အတူ မြေပြင်ပေါ်တွင် အကြာကြီးဒူးထောက်နေသည်ကို တွေးတောနေမိသည်။ သူ ဒူးထောက်နေခဲ့သည်ဆိုသည်မှာ မယ်တော့်အား သူ၏အသုံးမကျမှုတို့အား တောင်းပန်နေခြင်းဖြစ်ပြီး တဆက်တည်းပင် သူ့ကိုယ်သူ အပြစ်ပေးနေခြင်းလည်းဖြစ်သည်။ ဒါကို ဒီလူကပါ ဘာလို့ အတူ ဒူးလာထောက်နေရတာလဲ...။ အဲ့ဒီလူ အပိုတွေအာရုံစိုက်ကာ လုပ်နေသည်ဟု ထင်မိသည်။ လူကဖြင့် ယောကျ်ားတယောက်မဟုတ်သည့်အတိုင်း ပျော့တီးပျော့ဖတ်နှင့်ကို...။
သူတို့နှစ်ဦး အိမ်တော်သို့ ပြန်ရောက်သည့်အချိန်တွင်တော့ အရှင်မင်းကြီး၏ တော်ဝင်အမိန့်စာအား လက်ခံရရှိလေသည်။
"မိုးကောင်းကင်၏အလိုတော်အရ ဧကရာဇ်မင်းကြီးသည် ဧကရာဇ်မင်းကြီး၏သားတော်ကြီး ပထမမင်းသား ရှောင်းချင်းယန့်အား ''ရှန်ဝမ်''....ရှီအိမ်တော်၏သား ရှီချန်အန်းအား ''ရှန်ဝမ်ကျန့်ဖေး''...အဖြစ်သို့ ချီးမြှောက်လိုက်သည်....အမြန် ကျေးဇူးတော်အား လက်ခံစေ....''ရှန်ဝမ်''...''ရှန်ဝမ်ဖေး''...''
ဤတော်ဝင်အမိန့်တော်အား လာရောက်ကြော်ညာသော မိန်းမစိုးသည် အရှင်မင်းကြီးအနားတွင် ဆယ်စုနှစ်ပေါင်းများစွာ ခစားခဲ့သူဖြစ်သည်။ သို့ပေမယ့် ယခုမူ သူတို့အရှင်သခင်၏အတွေးတို့အား ဘယ်လိုမှ လိုက်မှီ နားလည်နိုင်စွမ်းမရှိတော့ပေ။ ပထမဆုံးအနေဖြင့် မင်းကြီးသည် ပထမမင်းသားအား ယောကျ်ားတယောက်နှင့် လက်ထပ်စေကာ ထီးနန်းရရှိနိုင်မည့်အခွင့်အရေးအား ပိတ်ပင်ခဲ့သည်။ ယခုမူ သူ့အား တဖန် ''ရှန်ဝမ်''ဘွဲ့* ပေးအပ်ပြန်သည်။ တဆက်တည်းမှာပင် ရှန်ဝမ်အပိုင်စားရမည့်နယ်ပယ်သည် နန်းမြို့တော်အပြင် ဘက်၊ မြို့ဆင်ခြေဖုံး ကျင်းကျောင်းအပါအဝင် လီရာပေါင်းများစွာသောနယ်မြေတွေဖြစ်ကြောင်းကိုလည်း သတိပြုရန်လိုအပ်သည်။ ထို့အပြင်.. သမိုင်းတလျောက်ရှိ ရှန်ဝမ်တို့သည် နောင်တချိန်တွင် ''မိုးကောင်းကင်၏သားတော်''များ ဖြစ်လာကြသည်။**
*(ရှန်ဝမ် = ကိုယ်ကျင့်သိက္ခာဖြင့်ပြည့်စုံ၍ လေးစားထိုက်သောဝမ်ရယ်၊ မင်းသား။
တနည်းအားဖြင့် ဘုရင်ပြီးနောက် အမြင့်ဆုံးရာထူး။)
**(ရှန်ဝမ်ရာထူးရပြီးသွားရင် ဘုရင်ဖြစ်ဖို့သေချာသွားပြီလို့ ပြောချင်တာပါ။)
"သားတော် အမိန့်တော်အား လက်ခံပါတယ်...ချီးမြှောက်မှုအတွက် ကျေးဇူးတော် အများကြီးတင်ကြောင်း ဖော်ပြအပ်ပါတယ်...''
တော်ဝင်အမိန့်တော်အား လက်ခံပြီးနောက် ရှောင်းချင်းယန့်၏နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုများသည် အဆုံးမရှိတော့ပေ။ ထို့ကြောင့် ထိုအမိန့်တော်နှင့်အတူပါလာသော ဆုလာဘ်ပစ္စည်းများအား သူ နည်းနည်းလေးမျှပင် ဂရုမစိုက်တော့ချေ။ ယခု သူ ဂရုစိုက် စိတ်အဝင်စားဆုံးမှာ ဖခမည်းတော်၏ရည်ရွယ်ရင်းကိုသာ ဖြစ်သည်။ မဟုတ်မှလွဲရော....ဖခမည်းတော်က သူ့အား စွန့်ပစ်လိုက်တာမဟုတ်သေးဘူးထင်သည်......။ ဒါပေမယ့်.......ဘေးမှာရှိနေသော ရှန်ဝမ်ဖေးအား ကြည့်မိလိုက်သည့်အချိန်တွင်တော့ ရှောင်းချင်းယန့်သည် သူ၏နှလုံးသားထဲ လက်ရှိဖြစ်ပေါ်နေသော တဖက်သတ်အတွေးပိုနေမှုတို့အား ချုပ်တည်းလိုက်သည်။ စိတ်ကူးမယဉ်စမ်းပါနဲ့....။ အခု ဒါတွေအားလုံးက ဖခမည်းတော်က သူ့ကို နစ်နာကြေးအနေနဲ့ ပေးတာပဲနေမှာပါ.....။
ရှေ့တွင် မင်းကြီးချီးမြှင့်လိုက်သော ရွှေငွေ ကျောက်မျက်ရတနာနှင့် တိုင်းတပါးမှဆက်သသော အမျိုးမျိုးသော အဖိုးတန်ပစ္စည်းများစွာက သေတ္တာအစီအရီတို့ဖြင့် ရှိနေလေသည်။ သို့သော် ရှောင်းချင်းယန့် တချက်လေးမျှပင် မကြည့်ဘဲ ဝမ်ဖေး*မှသာ ကြည့်စီစဉ်လိုက်ရန် တခွန်းသာပြောပြီး ထိုနေရာမှ ထွက်သွားလေသည်။
*(ဝမ်ဖေး = မင်းသားတပါးနှင့် လက်ထပ်ထားသူ။ မင်းသားတပါးနှင့် လက်ထပ်၍ မင်းသမီးအဆင့်သို့ ရောက်ရှိသွားသူ။ မင်းသမီး။ ကြင်ရာတော်။ )
ရှီချန်အန်းသည် တလျှောက်လုံး ရှောင်းချင်းယန့် နံဘေးတွင်ရှိနေခဲ့သည်။ ထို့ကြောင့် ရှောင်းချင်းယန့်၏စိတ်အတွေးအပြောင်းအလဲတို့အား သတိပြုမိလေသည်။ ရှီချန်အန်းသည် မူလကတည်းက ဉာဏ်ပညာထက်မြက်သူတယောက်ဖြစ်သောကြောင့် ရှောင်းချင်းယန့်၏အတွေးတို့အား ဆယ်ပုံပုံလျှင် ခုနစ်ပုံ ရှစ်ပုံလောက်ထိ ခန့်မှန်းနိုင်လေသည်။ ထို့အပြင် မိမိနေရာကိုလည်း နားလည်သဖြင့် ရှောင်းချင်းယန့်၏ လောကကြီးအား လက်လျော့စိတ်ပျက်နေသော အခိုက်အတန့်အား သွားရောက်နှောင့်ယှက်ရန်စိတ်မရှိချေ။
ပစ္စည်းများအား စာရင်းမှတ်၊ သိုလှောင်ခန်းအတွင်းသို့ သယ်ပို့ပြီးသွားသောအချိန်တွင်တော့ မိုးလုံးလုံးချုပ်သွားလေပြီ။ ရှီချန်အန်း သူ၏ခြံဝင်းသို့ ပြန်ရောက်လာခိျန်၌ ယန်မောမော့သည် သူ့အတွက် ညစာအသင့်ပြင်ကာ စောင့်ဆိုင်းနေသည်။ ရှီချန်အန်း ရှောင်းချင်းယန့်လည်း ညစာမစားရသေးလောက်ဟု တွေးမိလိုက်သည်။ ထို့အပြင် ရှောင်းချင်းယန့်၏အစားအသောက်တို့အား သူ ပြင်ဆင်ပေးရလေမည်လားလည်း မသိပေ။ နောက်ပြီး ရှောင်းချင်းယန့်နှင့်အတူစားရန် စောင့်သင့် မစောင့်သင့်အားလည်း မသိပေ။
"မောမော့...ကျွန်တော်တို့ မင်းသားကြီးကိုစောင့်ဖို့ လိုဦးမလား...''
တော်ဝင်မိသားစု၏ရှုပ်ထွေးလှသောစည်းကမ်းများအား သူ သေချာနားမလည်သောကြောင့် မောမော့နှင့် တိုင်ပင်ကြည့်ရန်သာရှိသည်။
"အမှန်ကတော့ လက်ထပ်ပြီးကာစ အစပိုင်းရက်တွေမှာ အရှင်မင်းသားကလာပြီး သခင်လေးနဲ့ အတူ လာစားဖို့လိုအပ်တယ်...ဒါပေမယ့်............''
"အင်း...ကျွန်တော် နားလည်ပြီ...စောင့်ကြတာပေါ့....''
မင်္ဂလာဦးညတုန်းက ရှီချန်အန်း ရှောင်းချင်းယန့်လာမည်ဟု ထင်မထားသောကြောင့် စောင့်မနေခဲ့ပေ။ ဒီနေ့တော့ ဘာပဲဖြစ်ဖြစ် ဘယ်လောက်ကြာကြာ သူ စောင့်ရန် လိုပေသည်။
အမှန်ပင်....သိပ်မကြာခင်တွင်ပဲ ရှောင်းချင်းယန့် ပြန်ရောက်လာလေသည်။
"ငါ့အတွက် ညစာပြင်ဆင်ပေး....''
"ဟုတ်ကဲ့ပါ ဝမ်ရယ်...''
ရှီချန်အန်းသည် လွယ်ကူရိုးရှင်းသော ဟင်းလျာများသာ နှစ်သက်သည်။ ထို့ကြောင့် သူ့အတွက် ယန်မောမော့မှ ပြင်ဆင်ထားသောဟင်းလျာများ၏ အများစုမှာ ဟင်းသီးဟင်းရွက်ကို အဓိက အခြေခံကာ ချက်ပြုတ်ထားသည်များဖြစ်သည်။ ရှောင်းချင်းယန့်အတွက်မှာမူ ထိုဆီမပါ ဆားမပါသော ဟင်းများအား တခါမျှ စားဖူးခြင်း မရှိပေ။ ထို့ကြောင့် သူသည် ထိုဟင်းများအား ဖြည်းဖြည်း နည်းနည်းချင်းစီ စားနေသော်လည်း မစားနိုင်၊ မစားတော့ဘူးဟူ၍ လက်မှတူအစုံတို့အား ပြန်ချလိုက်ခြင်းတော့ မရှိချေ။
ရှီချန်အန်း ဒီနေ့လဲကျထားသည်မှာ အရှိန်အတော်ပြင်းသည်။ ထို့ကြောင့် သူ၏တံတောင်ဆစ်များသာမက တကိုယ်လုံးကလည်း အနည်းငယ် နေ၍မကောင်းပေ။ ရှောင်းချင်းယန့်အား စောင့်၍ အစားအသောက်ပြင်ပေး၊ ထည့်ပေးရသည်မှာ အားမသုံးရသော အသေးအဖွဲအလုပ်လေးသာဖြစ်ပေမယ့် သူ၏လက်အား မကြာခဏ ဆန့်ထုတ်နေရခြင်းက အမှန်တော့ နာကျင်မှုအား ပိုတိုးစေလေသည်။ ယန်မောမော့နှင့် အစေခံကလေးမနှစ်ယောက်သည်လည်း ဘေးတွင်ရပ်နေကာ သူတို့သခင်လေးအတွက် စိတ်မကောင်းဖြစ်နေပေမယ့် စကားတခွန်းမျှပင် ဝင်မပြောရဲပေ။ ဝမ်ရယ်အတွက် ဝမ်ဖေးမှ အစားအသောက် ပြင်ဆင်ဆက်သပေးရသည်မှာ ဝမ်ဖေးလုပ်ဆောင်ရမည့်တာဝန်တရပ်ဖြစ်သောကြောင့် သူတို့ကြားဝင်ပြောပေးရန်မှာ အခွင့်အရေးရော၊ လုပ်ပိုင်ခွင့်ရော အကြောင်းပြချက်ပင် မရှိပေ။
နောက်ဆုံးတွင်တော့ ယန်မောမော့၏ သူမသခင်လေးအတွက် ပြင်ဆင်ထားသောဟင်းလျာများဖြင့် ရှောင်းချင်းယန့် ညစာစား၍ပြီးသွားလေသည်။ သို့ပေမယ့် ရှောင်းချင်းယန့်မှ ရှီချန်အန်းအား သူရေချိုးဖို့ ပြင်ဆင်ပေးရန် ထပ်မံစေခိုင်းလေသည်။
ရေနွေးတို့သည် အလျင်အမြန်ပင် ရေချိုးခန်းအတွင်းသို့ သယ်ပို့ပြင်ဆင်ထားနှင့်လေပြီ။ ရှောင်းချင်းယန့်မှာမူ သူ၏လက်နှစ်ဖက်အား ဆန့်တန်းကာ ရပ်စောင့်နေလေသည်။ ရှီချန်အန်း ရှောင်းချင်းယန့်၏ဝတ်စုံအား ချွတ်ပေးရန် ရှေ့သို့တိုးလိုက်သည်။ ရှောင်းချင်းယန့်သည် ယနေ့ နန်းတော်အတွင်းသို့ အခစားဝင်သည့် အဝတ်အစားများဖြစ်သည့် မင်းသားတပါး၏ တော်ဝင်ဝတ်စုံ အဆင်အယင်တို့အား ယခုအချိန်အထိ လဲလှယ်ရခြင်းမရှိသေးဘဲ ဝတ်ဆင်ထားဆဲပင်ဖြစ်သည်။ ဝတ်ရုံတထည်ချင်းစီက လေးလံခြင်းမရှိ၊ ပေါ့ပါးလှသော်လည်း ဝတ်စုံ၏ အဆင်တန်ဆာ၊ အပြင်အဆင်တို့မှာတော့ လွန်စွာရှုပ်ထွေးကာ အသေးစိတ်လှပေသည်။ ထို့ကြောင့် ရှောင်းချင်းယန့်၏ နဂါးနှင့် ဇာမဏီပန်းထိုးထားသော မင်းသားဝတ်ရုံ၏ ခါးပတ်အားဖြည်ရန်အချိန်တွင်တော့ ရှီချန်အန်း သူ့အနားသို့ကပ်ကာဖြည်ရန်အား ဘယ်လိုမှ ရှောင်လွဲ၍မရတော့ပေ။ ရှောင်းချင်းယန့် မှ သူ့အား ရွံမုန်းကြောင်း နားလည်သည်မို့ ရှီချန်အန်း တတ်နိုင်သမျှ နှစ်ယောက်ကြား ခြားနေရန် ကြိုးစားလေသည်။ ရှောင်းချင်းယန့်၏ ချောင်းဆိုးသံသဲ့သဲ့ကြောင့် သူ မော့ကြည့်လိုက်ချိန်တွင်တော့ ရှောင်းချင်းယန့်သည် မျက်မှောင်ကြီးကြုံ့ကာ သူ့အားကြည့်နေသည်အား တွေ့လိုက်ရလေသည်။
ရှောင်းချင်းယန့်သည် အမှန်တကယ်တွင်တော့ ဒီရှီချန်အန်းဆိုသူအား မမုန်းပေ။ ပြောရလျှင် ထိုသူ၏ ပြင်ပရုပ်အသွင်အပြင်နှင့် အကျင့်စရိုက်တို့အား သဘောပင်ကျပေသေးသည်။ ထိုသူနှင့် ပြောဆိုဆက်ဆံကြည့်ပြီးသည့်အခါတွင်တော့ သူသည် ဖခမည်းတော် ပြောသကဲ့သို့ ''အေးစက်ကာ သိမ်မွေ့နုနယ်ချောမောသောသူ''မဟုတ်ဟု ရှောင်းချင်းယန့် သိလာရသည်။ သူ၏ရုပ်ရည်ကတော့ အမှန်ပင် အလွန်ပင် ချောမောကာ နူးည့ံကြင်နာသောသွင်ပြင် ဖြစ်ပေသည်။ သူ အေးတိအေးစက်နိုင်သည်ဟုထင်ရသည်မှာ သူ့တကိုယ်လုံးလွှမ်းခြုံထားသော သူ မရင်းနှီးလိုသူတို့အား တစိမ်းဆန် စိမ်းကားလိုသော အငွေ့အသက်တို့ကြောင့်ပင် ဖြစ်သည်။
"ရပြီ...မင်း အပြင်ထွက်နှင့်တော့....လိုအပ်ရင် ပန်ဝမ်* ခေါ်လိုက်မယ်...''
"ဟုတ်ကဲ့ပါ...ဝမ်ရယ်....''
*(ပန်ဝမ် = ဒီမင်းသား၊ ဒီဝမ်ရယ်။
ရာထူးကြီးမြင့်သူတို့ထုံးစံအတိုင်း မိမိကိုယ်ကို တတိယလူအသုံး သုံး၍ပြောဆိုခြင်းဖြစ်သည်။)
ရှီချန်အန်း ထွက်လာသည်ကိုတွေ့သည််နှင့် ယန်မောမော့ သူ့အား အလျင်အမြန်ပင် ညစာပြင်ပေးလေသည်။ သို့သော် ရှီချန်အန်း စားချင်စိတ်မရှိပေ။ တလုတ်နှစ်လုတ်မျှစားယုံမျှဖြင့် ဗိုက်ပြည့်သွားရပြီး အနည်းငယ် နေသာထိုင်သာ ရှိသွားသည်။ အရွက်အနည်းငယ် ဆက်စားပြီးသည့်နောက် ယန်မောမော့အား ထိုညစာအား သိမ်းဆည်းကာ အနားယူစေလိုက်သည်။
အရှင်မင်းကြီး ချီးမြှင့်သော ဆုလာဘ်များအား စာရင်းသွင်း၊ ရေတွက်ရသည်ကပင် အချိန်အတော်ကြာသွားခဲ့သည်။ ယခုတော့ မိုးစုံးစုံးချုပ်ကာ ညအမှောင်တို့ ကြီးစိုးလာပြီဖြစ်သည်။ ရှောင်းချင်းယန့်သည် ရေချိုးခန်းမှ ထွက်လာပြီး ယနေ့ညအတွက် အိပ်စက်အနားယူရန် ပြင်ဆင်နေသည်။
"မင်း အပြင်ခန်းမှာ အိပ်လို့ရတယ်...ဒါပေမယ့် လူတွေ မသိစေနဲ့....''
"ဟုတ်ကဲ့...."
ရှောင်းချင်းယန့် အိပ်ရာထဲလဲလျောင်းပြီးချိန်အထိစောင့်ပြီး ရှီချန်အန်း သူ့အတွက် အခန်းမီးငြိမ်းပေးလိုက်သည်။ ထိုအချိန်မှသာ သူ သူ့တံတောင်ဆစ်တို့အား အသာပွတ်နိုင်တော့သည်။ ထို့နောက် သူ အတွင်းခန်းမှ သတိထား၍ထွက်လာကာ အပြင်ခန်းအတွင်းသို့ ဝင်လာခဲ့သည်။
"ကိစ္စမရှိဘူး...ကိစ္စမရှိဘူး.....''
အမှောင်အတွင်းမှ ရှီချန်အန်း၏အသံတိုးသဲ့သဲ့က မကျေနပ်မှု၊ စိတ်မကောင်းဖြစ်မှု၊ ဒေါသတို့ စိုးစဉ်းမျှပင် မပါချေ။ ရှောင်းချင်းယန့်၏ သူ့အပေါ် ပြုမူဆက်ဆံပုံအား အရေးစိုက်ခြင်းမရှိသည့်နှယ်။ အပြင်ခန်းထဲတွင် ရှီချန်အန်း မျက်လုံးတို့မှိတ်ကာ အိပ်ရာပေါ်လဲလျောင်းနေသော်လည်း အိပ်ချင်စိတ်တို့ ဝင်မလာခဲ့ပေ။
နောက်တနေ့ မနက်စောစောတွင်တော့ ရှီချန်အန်း အိပ်ရာမှထကာ အတွင်းခန်းအတွင်းသို့ ဝင်လိုက်သည်။ သို့ပေမယ့် အိပ်ရာအနားသို့မသွားဘဲ ကုတင်အပြင် အစွန်းနားတွင်သာ ထိုင်နေလိုက်သည်။ ကောင်းကင်အရောင်ပြောင်းကာ လင်းလာပြီး အပြင်တွင်စောင့်နေသော အစေခံမိန်းကလေးနိုးလာသည့်အခါမှသာ သူမအား သူတို့အား ပြင်ဆင်ဆောင်ရွက်ပေးဖို့ ဝင်လာရန် သူ ခေါ်လိုက်သည်။
ရှီချန်အန်း အခန်းထဲသို့ ဝင်လာကတည်းက ရှောင်းချင်းယန့် နိုးနှင့်နေကာ ထိုသူ အခန်းထဲဝင်လာမှန်း သိသည်။ တမင် သူ စကားစပြောခြင်းမရှိသကဲ့သို့ပင် ရှီချန်အန်းထံမှလည်း စကားတခွန်း တလုံးမျှပင် ထွက်လာခြင်းမရှိပေ။ သူ အိပ်ရာပေါ် သူ့နံဘေးတွင် ရှီချန်အန်း လဲလျောင်းနိုင်ရန် နေရာ ပြင်ထားပေးခဲ့သော်လည်း ရှီချန်အန်းသည် တကယ်ကိုပဲ အိပ်ရာပေါ်သို့ တက်လာခြင်းမရှိဘဲ ကုတင်ဘေးနားတွင်သာ ထိုင်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"ဝမ်ဖေး... ဒီနေ့က ပထမဆုံး မိဘအိမ်ပြန်ရမယ့်နေ့ဆိုတော့ အပြင်ဝတ်ရုံကို နည်းနည်း အရောင်တောက်တာလေးနဲ့ လဲလိုက်ရင် ပိုမကောင်းဘူးလား....''
မနေ့က သူတို့ နန်းတော်တွင်းဝင်ကာ ကျေးဇူးတင်ကြောင်းပြ အရိုအသေပေးပြီးသွားပြီ။ ဒီနေ့အတွက်တော့ သူတို့၏အဆင့်အတန်းကိုလိုက်ပြီး တခမ်းတနားကြီး မင်းညီမင်းသားဝတ်စုံ၊ အဆင်အယင်တွေ ဝတ်ဆင်ရန်မလိုအပ်ပေမယ့် ဝမ်ဖေး ဒီနေ့ ဝတ်ဆင်ထားသည်တွေကတော့ အလွန်ပင် ရိုးရှင်းလှသော သာမန်အဝတ်အစားများသာ ဖြစ်သည်။ အစေခံမိန်းကလေးအနေနှင့် ဒါဟာ ဝမ်ဖေး၏ ပထမဆုံးအကြိမ် မိဘအိမ်ပြန်ခြင်းနှင့်အတူ ဒီတော်ဝင်မင်းသားအိမ်တော်၏ ပထမဆုံးအကြိမ် တော်ဝင်မင်္ဂလာပွဲဖြစ်ကြောင်းလည်း မမေ့ပေ။ ထို့ကြောင့်... ဘာပဲဖြစ်ဖြစ် အရောင်တောက်ပ သစ်လွင်သော အဝတ်အစားတို့ဖြင့် တက်ကြွသော ပတ်ဝန်းကျင် အနေအထားကို ဖန်တီးသင့်သည်မလား....။
ထိုမိန်းကလေး၏စကားတို့ကြားမှသာလျှင် ဒီနေ့သည် မိဘအိမ်ပြန်သည့် ပထမဆုံးနေ့ဖြစ်ကြောင်း ယခုမှ နှစ်ယောက်သား သတိရတော့သည်။ ပြောနေစရာမလိုပေ။ ရှောင်းချင်းယန့်အနေဖြင့် အဲ့ဒီစိတ်အနှောင့်အယှက်ဖြစ်စရာ ရှီအိမ်တော်သို့ မသွားချင်သည်မှာ သံသယဖြစ်စရာတောင်မလိုပေ။ တဖက်မှ ရှီချန်အန်းအနေဖြင့်လည်း အမှန်ကို အိမ်ပြန်ချင်စိတ်ပင် မရှိချေ။ ထို့ကြောင့် အခိျန်အတန်ငယ် ကြာသည်အထိ နှစ်ဦးသား နှုတ်ဆိတ်နေမိသည်။
ပြောမိလိုက်သည့် အစေခံမိန်းကလေးအနေနှင့်လည်း သခင်နှစ်ယောက်လုံး နှုတ်ဆိတ်နေပြီး မျက်နှာများကလည်း အနည်းငယ် မကြည်မသာဖြစ်နေသည်အား တွေ့လိုက်ရသောအခါ သူမအနေနှင့် မပြောသင့်သောအရာအား ပြောမိလိုက်သည်ဟုထင်မိကာ လက်များပင် ဆတ်ဆတ်တုန်ယင်လာသည်အထိ ကြောက်ရွံ့သွားသည်။ ရှောင်းချင်းယန့် ထွက်သွားသည့်အခါမှပင် သက်ပြင်းချနိုင်တော့ပြီး သူမ၏ရင်ဘတ်အား အဆတ်မပြတ် ဖိကာပုတ်နေလေတော့သည်။
ထိုမိန်းကလေး၏စကားကို ရှောင်းချင်းယန့် မည်သို့အတွေးရှိသည်အား မသိရပေ။ အဘယ့်ကြောင့်ဆိုသော် သူထွက်သွားသည့်အချိန်အထိ ထိုကိစ္စနှင့် ပတ်သက်၍ မည်သည့်စကားတခွန်းမျှ ဆိုမသွားသောကြောင့် ဖြစ်သည်။
"သခင်လေး....သခင်ကြီးက မကောင်းဘူး လွန်တယ်ဆိုပေမယ့်....တကယ်လို့ ဒီနေ့သာ သခင်လေး မိဘအိမ်ပြန်တဲ့အခါ ဝမ်ရယ် မလိုက်ပို့ဘူးဆိုရင်....နောင်များကျရင် မြို့တော်ထဲကလူတွေ သခင်လေးကို ဘယ်လောက်များ ပျက်ရယ်ပြုလိုက်ကြမလဲ.....ဝမ်ရယ်က တအားလွန်တာပဲ.....''
သည်းခံပြီးရင်း သည်းခံပေမယ့် နောက်ဆုံးတော့ ချွန်းယွီ၏ထိန်းထားသမျှစကားတို့သည် ပြောထွက်လာခဲ့သည်။ ဒီတလျှောက်လုံးမှာလည်း ယခုအချိန်အထိ ဝမ်ရယ်က သူမသခင်လေးအား ဝမ်ရယ်အိမ်တော်မှ အိမ်စေ အလုပ်သမားများနှင့် တွေ့ပေးခြင်းပင် မရှိသေးရာ သခင်လေး၏နေရာ၊ ရာထူးအား တရားဝင် အသိအမှတ်ပြုဖို့ဆိုသည်မှာ မေ့ထားလိုက်ရန်သာ ရှိသည်။ ပြီးတော့ ဘာလို့ သခင်လေးရဲ့ ပထမဆုံးအကြိမ် မိဘအိမ်ပြန်တာလေးကိုတောင် အတူ လိုက်မကူပေးချင်ရတာလဲ....ဟွန်း...။
"မပြန်တာကမှ ပိုမကောင်းဘူးလား....သခင်ကြီးက သခင်လေး အဲ့ဒီရွာက ခြံလေးထဲမှာပဲ တသက်လုံးနေသွားရဖို့ကို တချိန်လုံး မျှော်လင့်နေခဲ့တာလေ...အခုတော့ သခင်လေးက ရှန်ဝမ်ဖေး ဖြစ်သွားပြီ....သူကတော့ အထောက်အပံ့ကောင်းကောင်းလိုက်ရှာနေရတဲ့ သာမန် အဆင့်လေး အမတ်ပဲ ရှိသေးတာ....ကျွန်မတို့က ဒီနေ့ ဘာလို့ သူ့ဆီသွားပြီး အရိုအသေပေးနေရဦးမှာလဲ.... သခင်လေး...ဝမ်ရယ်လုပ်တာ မှန်တယ်....တကယ်လို့ ကျွန်မတို့ မပြန်ဘူးဆိုလည်း အရှက်ရမှာ ကျွန်မတို့ မဟုတ်ဘူး...မြို့တော်ထဲကလူတွေလဲ မျက်စိတွေ နားတွေပါတာပဲ...သူတို့ သခင်ကြီး အရင်က သခင်လေးအပေါ် အနိုင်ကျင့်ဖိနှိပ်တာ သိကြမှာပဲ....ဒီအတိုင်း သခင်လေးအတွက် ဝမ်ရယ်ကို လက်တုံ့ပြန်ခိုင်းလိုက်....''***
"မင်းတို့ ငါ့ကို မသနားကြဘူးလား....''
တကယ့်ကိုပဲ....သူ ယောကျ်ားတယောက်နှင့် လက်ထပ်ရမည်ဟု သိလိုက်ရတဲ့အချိန်တုန်းကတော့ သူရော အဲဒီကလေးမတွေရော စိတ်ဆင်းရဲ ဝမ်းနည်းနေကြသေးတာ....အခုတော့ ဘယ်နှရက်မှ မကြာသေးဘူး...ပြောင်းလဲသွားလိုက်တာ...ထင်တောင်မထားခဲ့ဘူး....။
"သခင်လေးကလဲ....အချိန်တွေမှ မတူတော့တာ...ပြောင်းလဲသွားပြီလေ...အခု သခင်လေးက ဝမ်ရယ်နဲ့ လက်ထပ်ပြီးသွားပြီ...ကိုယ့်ကိုကိုယ် မြင့်မြင့်ထားပြီး တွေးစမ်းပါ...ဘာပဲဖြစ်ဖြစ် လောလောဆယ်တော့ သခင်လေးကို ဘယ်သူမှ အနိုင်မကျင့်ရဲတော့ဘူး...မဟုတ်ဘူးလား....''***
***(T/N: မူရင်းထဲတွင် မည်သူပြောသည်ဟု မဖော်ပြထားသော်လည်း ပြောသူမှာ တုန်းရွှယ်ဖြစ်သည်ဟု ခန့်မှန်းရသည်။)
"မင်းတို့နှစ်ယောက်ကတော့လေ....ဒီနေရာက ငါတို့နေခဲ့တဲ့ လူမရှိသူမရှိ ရွာငယ်လေးက ခြံဝန်းလေးထဲမှာ မဟုတ်ဘူး...ပြီးတော့ ငါတို့ကို အချိန်မရွေး အနိုင်ကျင့်ချင်နေတဲ့ ရှီအိမ်တော်မှာလဲ မဟုတ်ဘူး...ဒီနေရာက တော်ဝင်မင်းသားအိမ်တော်....နောက်ကျရင် ပြောသင့်တဲ့စကား မပြောသင့်တဲ့စကား သေသေချာချာ ဂရုစိုက်ကြ...ခုနကလို စကားမျိုး နောက်တခါ ဘယ်တော့မှ မပြောမိစေနဲ့....ကိုယ့်အချင်းချင်း ကွယ်ရာမှာဆိုပြီးတော့လဲ မပြောကြနဲ့...နားလည်ကြလား....''
ရှီအိမ်တော်သို့ သွားမည် မသွားမည်ဆိုတာကတော့ ရှီချန်အန်း အစောကတည်းက စဉ်းစားထားပြီးသားပင်။ မည်သို့လုပ်မည်ဆိုတာအတွက် သူ့ထံတွင် အဖြေရှိပြီးသားပင်။
လက်ရှိဧကရာဇ်၏သားတော်လေးပါးအနက် ရှောင်းချင်းယန့်တယောက်သာလျှင် အသက်နှစ်ဆယ်ပြည့်ပြီး ညီလာခံသို့စတင်တက်ရောက်နေသော တပါးတည်းသော မင်းသား ဖြစ်သည်။ သို့ပေမယ့် ယခုရက်ပိုင်းများတွင် သူ ညီလာခံတက်ရောက်ရန် မလိုအပ်သကဲ့သို့ သူကိုယ်တိုင်ကလည်း တက်ချင်စိတ်မရှိပေ။ သူ၏ အစေခံကောင်လေးမှ ဝမ်ဖေး သူ့အားတွေ့ခွင့်တောင်းကြောင်း အကြောင်းကြားလာခဲ့ချိန်တွင် ရှောင်းချင်းယန့် သိချင်စိတ်တို့ ပြင်းပြလာသည်။ ဒီကိုလာပြီး တွေ့ခွင့်တောင်းတယ်ဆိုတော့ အကြောင်းတခုတော့ရှိရမှာပဲ....။ သူ ဘာများ တောင်းဆိုချင်လို့လဲ.....။
"ဝမ်ရယ်အား အရိုအသေပေးပါတယ်....''
"ပြောစရာရှိတာသာပြော....ဘာကိစ္စလဲ....''
"ဝမ်ရယ်...ဒီနေ့က ကျွန်တော်မျိုးရဲ့ ပထမဆုံး မိဘအိမ်ပြန်ရမယ့်နေ့ပါ.....''
ရှောင်းချင်းယန့်၏ သူ့အပေါ် စူးစမ်းစိုက်ကြည့်နေသည့် အကြည့်များအား ရှောင်ဖယ်ခြင်းမရှိ ထိပ်တိုက်တွေ့လိုက်သည်။ ရှီချန်အန်း၏မျက်နှာပေါ်တွင် လာရောက်ညှိနှိုင်းနေသည့် အရိပ်အယောင်တခုမျှပင် မရှိပေ။
"အဲ့ဒါလေးအတွက်နဲ့ တကူးတကလာရှာတယ်ပေါ့...အဲ့ဒါဆိုလည်း ပန်ဝမ် ပြောလိုက်ရတာပေါ့....ပန်ဝမ် မ သွား ဘူး....''
ကြည့်ရတာတော့ ရှောင်းချင်းယန့်သည် ထိုကိစ္စအပေါ် အာရုံစိုက်ထားပြီး ဆုံးဖြတ်ချက်လည်း ချထားပြီးပြီပဲ...။
ဒါပေမယ့် ရှီချန်အန်း နောက်ဆုတ်ဖို့မစဉ်းစားဘဲ ဆက်ပြောလိုက်သည်။
"ဝမ်ရယ်...ရိုးရာဓလေ့ထုံးတမ်း၊ အခမ်းအနားတွေဆိုတာ ပစ်ပယ်လို့ မရပါဘူး....လက်ရှိအရှင်မင်းကြီးရဲ့ အုပ်စိုးမှုအောက်မှာ အဓိကစည်းကမ်းဥပဒေက ပြည်သူတွေကို ရင်ဝယ်သားကဲ့သို့ ချစ်မြတ်နိုးဖို့ဖြစ်ပြီး တော်ဝင်မိသားစုအနေနဲ့ လောကကြီးကလူတွေ စံနမူနာယူနိုင်အောင် ရှေ့ဆောင်လမ်းပြဖြစ်ရမှာပါ.....ဝမ်ရယ် သေချာ စဉ်းစားဆုံးဖြတ်ပေးပါ.....''
ရှီချန်အန်း၏ ဝင်လာကတည်းက မပြောင်းလဲသေးသည့် ကိုယ်နေဟန်ထား၊ အမူအရာတို့က သူ့အား အကူအညီတောင်း၊ တောင်းပန်တိုးလျိုးနေသည့်စကားတို့ပြောနေပေမယ့် ပြောနေသည့်လေသံနှင့် အမူအရာကတော့ တဦးတယောက်အပေါ် အကူအညီတောင်းနေသည့်ဟန် မရှိချေ။ ထိုသူနှင့် သူ၏ကြား ကွာခြားနေသော အကွာအဝေးအား ကြည့်ရင်း အမှတ်တမဲ့ပင် ရှောင်းချင်းယန့် သူ့ရှေ့ရှိ ထိုအလျှော့မပေး ခေါင်းမာစွာရပ်နေသောမျက်နှာအား အတန်အသင့် ရင်းနှီးကျွမ်းဝင်ဖူးသကဲ့သို့ ရုတ်တရက် ခံစားမိလိုက်သည်။ သို့ပေမယ့် သေချာပြန်စဉ်းစားကြည့်လိုက်ပြန်တော့ ဘယ်လိုမှ အတွေးတို့အား ဆက်စပ်ပုံဖော်၍မရဘဲ သူလည်း အများကြီး ဆက်တွေးမနေတော့ပေ။ ထိုအစား ချက်ချင်းပင် သူ၏အစေခံများအား ပထမဆုံးအကြိမ် ဝမ်ဖေး မိဘအိမ်ပြန်မည့်အခမ်းအနားအတွက် ပြင်ဆင်ကြရန် အမိန့်ပေးလိုက်သည်။ ဒီနေ့ သူနှင့် ဝမ်ဖေး မိဘအိမ်ပြန်သည့်အခမ်းအနားအတွက် အတူသွားရောက်ကြမည်။
တလောကလုံးက သူတို့အပေါ် စောင့်ကြည့်နေကြသည့်လူတွေထဲတွင် ထိုသူတွေလည်း* ပါဝင်ကြသည် မဟုတ်ပါလော....။
*(T/N: ရှီအိမ်တော်မှ လူများအား ဆိုလိုခြင်းဖြစ်သည်။)
XXXXX
* အဲ့ဒီနားရှင်းအောင် မပြန်တတ်လို့..(*^_^*)
No comments:
Post a Comment