Monday, May 11, 2020

ကြင်ရာတော် ချန်အန်း (Unicode) - အပိုင်း (၁)

အပိုင်း (၁)

English Translator: Xah Xiaoran
Myanmar Translator: Mioki Midori

"သခင်လေး...သွားဖို့ အချိန်ကျပြီ...သခင်ကြီး ပို့လိုက်တဲ့ မြင်းလှည်းက အပြင်မှာ အဆင်သင့် စောင့်နေပြီ..."

မနေ့ညက ဘယ်နှစ်ကြိမ်မှန်းမသိအောင်ကို ငိုထားတဲ့ ချွန်းယွီရဲ့မျက်လုံးတွေက နီရဲလို့နေပြီ။ ဒါပေမယ့်လည်း အခုလို သူမရဲ့သခင်လေးရဲ့ပုံစံလေးကို မြင်လိုက်ရပြန်တော့ ရင်ထဲကဝမ်းနည်းစိတ်၊ သနားစိတ်ကို ဘယ်လိုမှ ထိန်းလို့မရနိုင်ဘူး။

"မေမေ....ဟောဒီသားက တာဝန်မကျေဘူး....ဟောဒီသားက....တာဝန်မကျေနိုင်တော့ဘူး...."

[ကောင်းကောင်းမွန်မွန် အိမ်ထောင်ပြု၊ ပြီးတော့ နန်းတွင်းဝန်ထမ်းစာမေးပွဲကို အောင်မြင်အောင်ဖြေ...]

အဲ့ဒီမျှော်လင့်ချက်က သူ့မေမေ အသက်ရှင်စဉ်ကာလက သူ့အပေါ်ထားခဲ့တဲ့ ရိုးရှင်းတဲ့ မျှော်လင့်ချက်၊ ဆန္ဒတခုပေါ့။

ဒါပေမယ့် သူ့မေမေထားခဲ့တဲ့ အဲ့ဒီမျှော်လင့်ချက်လေးကို ဒီတသက်ပြည့်အောင် ဖြည့်ဆည်းပေးဖို့ သူ့မှာ အရည်အချင်းမရှိတော့ဘူး။ သူ... ဒီတသက် မဖြည့်ဆည်းပေးနိုင်တော့ဘူး။ သူ.... မလုပ်နိုင်တော့ဘူး။

ထိုမျှော်လင့်ချက်လေးအစား ဒီသုံးနှစ်အတွင်း သူ့ရင်ထဲ၊ နှလုံးသားထဲကကိို တောင့်တနေခဲ့ရတဲ့ ဆန္ဒကြီးတခုကိုတော့ နောက်ဆုံးမှာတော့ ဖြည့်ဆည်းပေးနိုင်မယ့် အခွင့်အရေးတခုကို သူ ရခဲ့ပြီ။

"ချွန်းယွီ...သွားကြရအောင်"

နောက်ကိုလှည့်လာတဲ့ သူ့မျက်နှာမှာ ဝမ်းနည်းပူဆွေးမှုတွေ ပျောက်ကွယ်သွားခဲ့ပြီး တုံ့ဆိုင်းတွေဝေမှုမရှိ ခိုင်မာတဲ့ အကြည့် အမူအရာတို့က အစားထိုးဝင်ရောက်လာခဲ့သည်။

ရှီချန်အန်း....သူ အနောက်ကိုလှည့်လိုက်တဲ့ အချိန်လေးအတွင်းမှာ သူ့ကိုကြိုဖို့ ရှိီအိမ်တော်က လွှတ်လိုက်တဲ့ မြင်းလှည်းဆီက အသံတချို့ကြားလိုက်ရသည်။

လွန်ခဲ့တဲ့ သုံးနှစ်...ရှီချန်အန်း၏မိခင် ရောဂါဖြင့်ဆုံးပါးသွားပြီးကတည်းက သူ့မိခင်အတွက် ကွယ်လွန်ခြင်း ဝမ်းနည်းကာလကို ဆောင်ရွက်ရန် သူ၏ဖခင်က ချန်အန်းအား ဒီရွာငယ်လေးက ခြံဝန်းကြီးဆီသို့ ပို့ထားခြင်းပင်ဖြစ်သည်။

သားသမီးတွေအတွက် မိခင်ဖြစ်သူရဲ့ ကွယ်လွန်ခြင်း ဝမ်းနည်းကာလအား ဆောင်ရွက်ရခြင်းဆိုတာဟာ မဖြစ်မနေလုပ်ဆောင်ရမည့် တာဝန်တွေထဲက တခုဖြစ်သည်။

ဒါပေမယ့် ရှီချန်အန်းအတွက်ကတော့ ဘာကြောင့် သူ့ဖခင် သူ့ကို ဒီလိုအဝေးကို ပို့ထားရသနည်း ဆိုသော အကြောင်းအရင်းကို အသေအချာပင် သိလေသည်။ 

သူ့မိခင်၏နာတာရှည်ရောဂါသည် သာမန်ကျန်းမာရေးမကောင်း၍ဖြစ်ခြင်း မဟုတ်။ တစုံတယောက်၏ ရည်ရွယ်ချက်ရှိရှိ မိခင်ဖြစ်သူ၏ အစားအသောက်များတွင် နှစ်ရှည်လများ အဆိပ် ပမာဏနည်းနည်းချင်းစီ လျှု့ိဝှက်စွာ ခတ်လာခဲ့ခြင်းကြောင့်ပင်။ ထိုအဆိပ်များက လုံလောက်သော ပမာဏသို့ စုမိလာချိန်တွင်တော့ ညအချိန်တခု၌ သူမသည် ရုတ်တရက် ဆုံးပါးသွားခြင်းပင်။

ဒါတွေအားလုံးသည် သူသည် တနှစ်အတွင်းမှာပင် ပထမအဆင့်ဖြင့် အထွေထွေစာမေးပွဲနှစ်ခုတွင် အောင်မြင်ခဲ့ပြီး ထိုတနှစ်အတွင်းမှာပဲ တော်ဝင်နန်းတွင်းအရာရှိ စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုရန် ပြင်ဆင်နေခြင်းကြောင့်ပင် ဖြစ်သည်။

ထိုအရာအားလုံးသည် ဟောဒီ တာ့ရှောင်းတိုင်းပြည်ကြီး၏ ခေတ်အဆက်ဆက်တွင် တခါမျှ ပေါ်ထွက်လာခြင်းမရှိခဲ့ဖူးသည့် စာမေးပွဲအဆင့်များအားလုံး ပြောင်မြောက်စွာအောင်မြင်လာသည့် ဆန်းယွမ်တယောက်အဖြစ်ဖြင့် သူ့အားမမြင်လိုသော မိန်းမတယောက်ကြောင့်ပင် ဖြစ်သည်။

ထိုမိန်းမ၏ငယ်ရွယ်သေးသောသားအစား ထူးချွန်သောသူ၏အောင်မြင်မှုများအား မမြင်လို၊ သည်းမခံနိုင်သောကြောင့်ပင် ဖြစ်သည်။ အကယ်၍သာ ထိုသို့ဖြစ်လာခဲ့ပါက ထိုမိန်းမနှင့် သူမသားအနေဖြင့် သည်းမခံနိုင်လွန်းစွာဖြင့် ညတိုင်းပင် ကောင်းစွာအိပ်ပျော်နိုင်မည် မဟုတ်ပေ။

[ဆန်းယွမ် = 三元 Sānyuán
ရှေးခတ် စာမေးပွဲစနစ်အရ စာမေးပွဲစစ်ဆေးခြင်းတွင် အဆင့်သုံးဆင့်ရှိသည် - ထိုအဆင့်အလိုက်မှာ ကျယ်ယွမ် (ပြည်နယ်အဆင့် ပထမရသူ)၊ ဟွေ့ယွမ် (နိုင်ငံအဆင့် ပထမရသူ)၊ ကျွမ့်ယွမ် (တော်ဝင်နန်းတွင်းစာမေးပွဲအဆင့် ပထမရသူ) ဖြစ်ပြီး ဆန်းယွမ်ကတော့ ထိုအဆင့်အားလုံးတွင် ပထမရသူ ဖြစ်သည်။
ချန်အန်းကတော့ ကျယ်ယွမ်နှင့် ဟွေ့ယွမ် ရရှိထားပြီးဖြစ်သည်။]

ထို့ကြောင့် ထိုနှလုံးသားမရှိသောမိန်းမသည် သူ၏မိခင်အား သေဆုံးစေရန် အားထုတ်ခဲ့သည်။ ထို့နောက် သူ့အား ဝမ်းနည်းခြင်းကာလကြောင့် နန်းတွင်းစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုရန် အခွင့်အရေးမှ လွဲချော်စေခဲ့သည်။ 

"အဟွတ်... အဟွတ်..."

အခုလို သုံးနှစ်ဟူသောကာလအား ကျော်လွန်လာသည့်တိုင် ထိုအဖြစ်အပျက်များအား တွေးမိတိုင်း ရှီချန်အန်းတယောက်အနေဖြင့် သူ၏စိတ်နှလုံးအား ဘယ်လိုမှ တည်ငြိမ်အောင် ထိန်းထားရန် မစွမ်းသာပေ။

ဟောဒီလောကကြီးမှာ ဘယ်လိုလုပ်ပြီး ဒီလောက် ရက်စက်ပြီး နှလုံးသားမရှိတဲ့မိန်းမမျိုး ရှိနေရတာလဲ။ ပြီးတော့ရော... ဘယ်လိုလုပ်ပြီး အတွေးအခေါ် တိမ်ဖုံးပြီး အသိဉာဏ်မှောင်မိုက်ကာ မျက်နှာလိုက်တတ်သော ဖခင်တဦး ရှိနေရတာလဲ။

သူ၏ဖခင်သည် နှစ်ရှည်လများစွာခံစားခဲ့ရတဲ့ သူ့မိခင်၏နာကျင်မှုများနောက်ကွယ်က အဓိက တရားခံတဦးမဟုတ်ပေမယ့် အဓိက ကြံရာပါတဦးဆိုသည့် အချက်အား ဘယ်တော့မှ မငြင်းဆိုနိုင်မည့် အချက်တခုပင် ဖြစ်သည်။သူ့ဖခင်၏ မျက်နှာလွဲ မသိကျိုးကျွန်ပြုမှု မပါဘဲ ပဏာမဇနီးသည်၊ ပထမဇနီးဖြစ်သော သူ့မိခင်သည် ဘယ်လိုမှ အဆောင်ငယ်လေး၊ ခြံဝန်းသေးသေးလေးဖြင့် နေခဲ့ရမည်မဟုတ်။ ထို့အပြင် တရားဝင် ပထမသားနှင့် ဆက်ခံသူဖြစ်သော သူသည်လည်းပဲ အိမ်တော်ရှိ အစေခံများအားလုံး၏ ထိုကိုယ်လုပ်တော်မိန်းမကမွေးသောသားအား ဖူးဖူးမှုတ်၍ တရားဝင်သားဖြစ်သောသူ့အား ကိုယ်လုပ်တော်တဦးမှမွေးသော တရားမဝင်သားတယောက်ကဲ့သို့ ဆက်ဆံခြင်းအား ခံစားခဲ့ရမည်မဟုတ်။

အဆိုးဆုံးကတော့ သူ မိခင်ဖြစ်သူ၏သေဆုံးရသော အကြောင်းအရင်းအား ရှာတွေ့ ဖော်ထုတ်မိချိန်တွင်ဖြစ်သည်။ ထိုမိန်းမ၏ မျက်နှာဖုံး နှင့် ကောက်ကျစ်သောအကြံအစည်များ အားလုံးပေါ်ပေါက်လာခဲ့သော်လည်း သူ၏ဖခင်ဖြစ်သူကတော့ သူ့မိခင်အတွက် အမှန်တရားရှာဖွေပေးရန်အစား၊ သူ့အား ကူညီဖော်ထုတ်ပေးရန်အစား နောက်ဆုတ်၍ပင်နေခဲ့ပြီး ထိုမိန်းမအား အရေးပင်မယူခဲ့ပေ။ 

ထိုကိုယ်လုပ်တော်မိန်းမအား စွန့်လွှတ်ရမည့်အစား အကာအကွယ်ပေးရန်သာ ရွေးချယ်ခဲ့သည်။

ထိုအစား သူ့မိခင်၏ ဝမ်းနည်းခြင်းကာလအား အသုံးပြု၍ သူ့အား အိမ်တော်မှ မသိသာသောအားဖြင့် မောင်းထုတ်ခဲ့ခြင်းဖြင့် ထိန်းချုပ်ခဲ့သည်။ အဆုံးသတ်မှာတော့ သူသည် မြို့တော်တံခါးအပြင်က ရွာငယ်လေး၏ ခြံဝန်းလေးထဲမှာ ချုပ်ထိန်းခံထားလိုက်ရခြင်းပင် ဖြစ်သည်။

ဖခင်ဖြစ်သူဟာ ဆုံးမစာတွေ၊ ကျင့်ဝတ်စာအုပ်တွေ ဖတ်လာခဲ့တဲ့သူတယောက် ဖြစ်နေတာတောင်မှ ဘာကြောင့်များ သူရဲ့ တရားမဝင်တဲ့သားကိုများ အဲ့ဒီလောက် ချစ်ခင်အလိုလိုက်နေရတာလဲ။ ရှိီချန်အန်းဟာ သူ့ဖခင်ကို ဘယ်လိုမှ နားမလည်နိုင်ဘူး။ ရှီချန်အန်းအနေနဲ့ပြောရရင် သူဟာ မိသားစုဂုဏ်ကို ဆောင်ပေးနိုင်တယ်။ ကြွယ်ဝချမ်းသာအောင် လုပ်ပေးနိုင်တယ်။ မြို့တော်ထဲမှာ ချမ်းသာပြီး အာဏာရှိတဲ့ မိသားစုအဖြစ်နဲ့ အများအမြင်မှာ တင့်တယ်စွာ ရပ်တည်နိုင်အောင်လည်း လုပ်ပေးနိုင်တယ်။ ဒါတွေအားလုံးဟာ အဲ့ဒီကိုယ်လုပ်တော်ကမွေးတဲ့သားအတွက်တော့ ဘယ်လိုမှ မဖြစ်နိုင်တဲ့အရာတွေ...။

"အဟွတ်... အဟွတ်..."

ရာသီဥတုက ဆောင်းရာသီကိုကူးပြောင်းခဲ့ပြီမို့ တဖြည်းဖြည်း အအေးဓာတ်က ပိုလာပြီ။ ရှီချန်အန်း အအေးမိနေခဲ့တာ ရက်အတော်ကြာခဲ့ပေမယ့် အခုထိ မသက်သာနိုင်သေးဘူး...။ မနက်ခင်းတိုင်းဖြစ်ဖြစ်၊ အခုလို စိတ်လှုပ်ရှားစရာ၊ စိုးရိမ်ကြောင့်ကြ ပူပန်စရာတွေ တွေးမိတိုင်းလိုလို သူ၏ ချောင်းဆိုးခြင်းဟာ အဆက်မပြတ်နိုင်တော့ပေ။

"ရပ် ရပ်... လှည်းအခုရပ်ပေးဦး....ကျွန်မတို့သခင်လေး ချောင်းအရမ်းဆိုးနေတယ်...ခဏလောက် အနားယူရအောင် လှည်းရပ်ပေးဦး....သခင်လေးကို ရေနည်းနည်းသောက်လို့ အဆင်ပြေအောင်...''

ရှီချန်အန်း ချောင်းဆိုးနေတာက အဆက်မပြတ်နိုင်တော့ဘူး။ အဲ့ဒါကို ချွန်းယွိီအနေနဲ့ ဘယ်လိုမှ ထိုင်မကြည့်နိုင်တော့ဘူးလေ။ အဲ့ဒီတော့ မြင်းလှည်းကို ရပ်တန့်ဖို့ အတင်းဝင်ဆွဲမိတာပေါ့။ 

မြင်းလှည်းမောင်းသမားအနေနဲ့ကလည်း သူ့အခက်အခဲနဲ့သူ။ အိမ်တော်က သခင်ကြီးက ဘယ်အချိန်ရောက်ရမယ် ဆိုတာ အတိအကျ သတ်မှတ်ပေးလိုက်ပြီးသား။ တကယ်လို့များသာ နောက်ကျခဲ့မယ်ဆိုရင် သူ့အနေနဲ့ ဆူပူအပြစ်ပေးခံရဖို့ဆိုတာက သေချာနေပြန်တော့.....။

"ဘာမှမဖြစ်ဘူး...ဒီအတိုင်းပဲ ဆက်သွား...''

မြင်းလှည်းမောင်းတဲ့သူ အဆင်မပြေတာကိုတွေ့နေတော့ ရှီချန်အန်းကပဲ လှည်းပြတင်းပေါက်က လိုက်ကာကိုမပြီး လှည်းသမားကို ဆက်သွားဖို့ပြောလိုက်တယ်။

လှည်းသမားကလည်း အသာအယာပင် စေခိုင်းထားတဲ့အတိုင်း ခရီးအပြင်းနှင်တော့သည်။ 

ချွန်းယွီတယောက်ကတော့ လှည်းထဲမှာ မကျေမချမ်း ပြစ်တင်ပြောဆိုနေလေတော့သည်။

"သခင်လေးကလဲ ဘယ််အချိန်အထိ အဲ့ဒီလူတွေရဲ့အလိုအတိုင်း ဆက်နေဦးမှာလဲ...ဟင်? အခုအချိန်မှာတော့ သူတို့ သခင်လေးကို အခက်တွေ့အောင် မလုပ်ရဲလောက်တော့တာပဲကို...''

ချွန်းယွီကတော့ ဘယ်အရာကိုမှ ဂရုမစိုက်စွာ ပြောနေလေရဲ့။

ရှီအိမ်တော်ထံ ဘုရင့်အမိန့်တော် ရောက်လာသည့်နေ့တုန်းက အိမ်တော်မှာ သခင်လေး ရှိမနေခဲ့ဘူး။ ဒါပေမယ့်လည်း သူတို့နေတဲ့ရွာလေးဆီကိုတော့ သတင်းတွေကတော့ ရောက်တာပေါ့။ သခင်လေးရဲ့ ထိမ်းမြားရန် တော်ဝင်အမိန့်စာရောက်လာတဲ့နေ့က သခင်ကြီးနဲ့ အဲ့ဒီမိန်းမကြီး မျက်စိမျက်နှာတွေပျက်ပြီး ကြောက်ရွံ့နေကြတာဆိုပဲ...။ 

အခုလည်း သခင်လေးကို အိမ်တော် အမြန်ပြန်ခေါ်တာ သေချာပေါက် သခင်လေးကို မျက်နှာချိုသွေးပြီး ဖားကြမလို့နေမှာပေါ့...။

"ချွန်းယွီ...အဖေက လူကြီးလေ''

ဟွန်း...လူကြီးက လူကြီးလိုမှ မပြုမူတာ...။ အဲ့လိုမှတော့ ဘယ်နားသွားပြီး လူကြီးတယောက်လို ရိုသေလေးစားပေးရမှာလဲ...။

"သခင်လေး... သခင်လေးက ဟောဒီကျွန်မတို့ထက် စာတွေ အများကြီးဖတ်ထားတဲ့သူပါ... သေချာပေါက် မိုးနဲ့မြေ အဆင့်အတန်းကွာခြားတာတွေ ပိုသိပါတယ်...
အခု သခင်လေးက သခင်.... သူတို့က ခစားကြရမယ့်သူတွေ...
ဘာကို အဖေ ရမှာလဲ.... သခင်လေးသာ ဆန္ဒရှိရင် ရှီတအိမ်လုံး သခင်လေးအောက်မှာ ခေါင်းတောင် မော်ကြည့်ခွင့် မရှိဘူး...''

ချွန်းယွီကတော့ ပြောချင်တာတွေ အကုန်ပြောပစ်လိုက်သည်။ ကြည့်ရတာ ဒီနေ့တော့ ရှီအိမ်တော်တခုလုံးက လူတွေကို သူမရဲ့ ကလေးအတွေးသင်ခန်းစာတွေ ပို့ချဖို့ အဆင်သင့် ဖြစ်နေပုံပဲ...။

"မင်းကတော့လေ...တော်တော်သိ တော်တော်တတ်နေတယ်ပေါ့...''

ရှီချန်အန်းတွင် ချွန်းယွီနှင့် တုန်းရွှယ်ဆိုသည့် အစေခံကလေးမနှစ်ယောက်ရှိသည်။ ပြီးတော့ သူ ငယ်စဉ်ကတည်းက ထိန်းကျောင်းလာခဲ့တဲ့ ယန်မောမော့ဆိုသည့်သူတယောက်လည်း ရှိသေးသည်။ 

လွန်ခဲ့တဲ့ သုံးနှစ်... သူ ရှီအိမ်တော်ကနေ အဝေးကို နှင်ထုတ်ခံလိုက်ရကတည်းက သူတို့ပဲ သစ္စာရှိရှိ သူ့နောက်ကိုလိုက်ကာ ခစားခဲ့ကြတာဖြစ်သည်။ သခင်နှင့် အစေခံဆိုပေမယ့်လည်း ရှီချန်အန်းရဲ့ နှလုံးသားအထဲမှာတော့ သူတို့တွေကြားထဲက ပတ်သက်ဆက်နွယ်မှုက သာမန် သခင်နှင့် အစေခံကြားထဲက ပတ်သက်မှုထက်ပိုတယ်လို့ မှတ်ယူထားတာဖြစ်သည်။ ထို့ကြောင့်မို့လို့ သူ့လူတွေအပေါ်တွင် သာမန်အားဖြင့် စည်းကမ်းတင်းကြပ်ခြင်း မပြုပေ။ ရလာဒ်ကတော့ ထိုကလေးမနှစ်ယောက်ဟာ သူ့ရှေ့တွင် အပြောအဆိုမထိန်းသိမ်းတော့ဘဲ စိတ်ထဲရှိတိုင်းသာ ပြောဆိုလေတော့ခြင်းဖြစ်သည်။

ရှီချန်အန်းအနေနှင့် ချွန်းယွီပြောချင်တဲ့စကားရဲ့ အဓိပ္ပာယ်ကို မသိတာမဟုတ်ပါဘူး။ ဒီအတိုင်းပဲ... အဲ့ဒီစကားတွေက သူ့အနေနဲ့ ပြောဖို့ မသင့်လျော်ဘူးလို့ ထင်ရုံပါပဲ။ တကယ်လို့ သူသာ မိန်းမတယောက်ဖြစ်ခဲ့မယ်ဆိုရင်တော့ အဲ့ဒီစကားတွေ ပြောဖို့ ဝန်လေးမှာ မဟုတ်ပါဘူး။

ဒါပေမယ့် သူ...ယောကျ်ားတယောက်အနေနဲ့...မင်းသားတပါးရဲ့ ဇနီးဖြစ်လာတယ်ဆိုတာ...။ 

သူ့စိတ်ထဲမှာ ဒါဟာ အပေးအယူတခုလို့ ဘယ်လိုပဲ သတ်မှတ်ထားစေဦးတော့...သူ့လိုယောကျ်ားတယောက်အတွက်ကတော့ အခုလို ပထမမင်းသားနဲ့ လက်ထပ်ရမယ်ဆိုတာဟာ ကံဆိုးခြင်း၊ ဒုက္ခတွေ့ခြင်းတမျိုးပင်။

အခုတော့ ဧကရာဇ်မင်းကြီးမှ သူ၏လက်ထပ်ထိမ်းမြားခြင်းနှင့် ပတ်သက်ပြီး အမိန့်ချပြီးသွားပြီဆိုမှတော့ အခုအချိန်မှာ သူ့အတွက် မင်းသားဖြစ်သူနှင့် အဆင်ပြေအောင်နေသွားပြီး ကောင်းဆိုးအတူမျှဝေကာ တသက်တာ အတူနေသွားကြရန်သာ ရှိတော့သည်။ သူလုပ်သမျှ အပြုအမူ၊ အပြောအဆိုအားလုံးကို ဂရုစိုက်ရန်လိုပြီး သူ၏ဘယ်အမှား တစုံတရာကိုမှ မင်းသားကို ထိခိုက်ခွင့်မပြုနိုင်ချေ။ 

ရှီချန်အန်း၏ဖခင်သည် သဘင်နှင့် အခမ်းအနား ဝန်ကြီးဌာနမှ သာမန် အဆင့်(လေး)အဆင့်ရှိ အမတ်ငယ်တယောက်သာ။ ပြီးတော့ သူသည် မြို့တော်ဇာတိ မဟုတ်သလို၊ မြို့တော်တွင်လည်း အဆက်အသွယ်ကောင်းကောင်း၊ ခြေကုတ်စရာနေရာလည်းမရှိပေ။ ပြောရမည်ဆိုလျှင်တော့ တနိုင်ငံလုံး၏ အချမ်းသာဆုံး၊ အဆင့်အမြင့်ဆုံး အိမ်တော်ကြီးတွေ၊ မိသားစုကြီးတွေအားလုံးသည် မြို့တော်တွင်သာ အကုန်စုကာ ရှိလေသည်။ သာမန်အဆင့်နိမ့်သော၊ အင်အားနည်းသော အိမ်တော်၊ မိသားစုတွေနေနှင့်ကတော့ မြို့တော်တွင် ကောင်းကောင်း ရပ်တည်နိုင်ရန်မှာ တော်တော် ခက်ခဲလှပေသည်။

အတန်ငယ် ယိုယွင်းနေသာ ရှီအိမ်တော်ကို ကြည့်ရင်း ရှီချန်အန်းတယောက် စိတ်က အတိတ်သို့ ရောက်သွားသည်။ အစကတော့ သူ့မိခင်၏ မိသားစုပိုင်ငွေတွေနဲ့ ဝယ်ယူထားသည့့် ဒီအိမ်တော်တွင် နေထိုင်ပြီး သူ့ဖခင်သည် မြို့တော်တွင် အခြေချနေနိုင်ရန် ကြိုးစားခဲ့သည်။ ဒါပေမယ့် ကြာလာတာနဲ့အမျှ သူ၏ရာထူးနှင့် အာဏာအပေါ် ယစ်မူးပြီး တကယ့်အိမ်ကြီးရှင်ဖြစ်သည့် မိခင်အပေါ်တွင် ဖခင်ဖြစ်သူသည် မထေမဲ့မြင်ပြုကာ မတရားပြုမူဆက်ဆံလာတော့သည်။ ဘယ်လိုလုပ်ပြီး အဲ့ဒီလို ကောက်ကျစ်၊ မရိုးဖြောင့်တဲ့သူတယောက်က ပညာတတ်၊ စာပေပညာရှင်တယောက်ဖြစ်နေရတာပါလိမ့်။ ဆုံးမစာတွေ၊ ကျင့်ဝတ်တွေ ဘယ်လောက်ပဲဖတ်ထားပါစေ၊ နောက်ဆုံးတော့ အလကားပါပဲလား...။

"သခင်လေး...အိမ်တော်ထဲ ဝင်ကြရအောင်...''

"ကောင်းပြီ....''

ရှီအိမ်တော်မှလူတွေသည် အစောကတည်းက ခန်းမဆောင်ကြီးထဲမှာ စောင့်နှင့်နေကြပြီ။ ရှီချန်အန်း ဝင်လာကတည်းက လက်ရှိအိမ်တော်၏ သခင်မကြီးဖြစ်တဲ့ ဖခင်ဘက်က တော်စပ်တဲ့ အဘွားဖြစ်သူကို မမြင်မိဘူး။ အင်းပေါ့...သူကမှ သူ့ကိုမမြင်ချင်တာ...။ သူ့ကို ဘယ်ထွက်လာတွေ့ပါ့မလဲ...။

"ချန်အန်း...ဖခင်အား ဂါရဝပြု နှုတ်ဆက်ပါတယ်...''

"အင်း...ပြန်လာတာ ကောင်းတယ်...။ ခရီးပန််းနေလောက်ရောပေါ့...မင်းနဲ့ ပထမမင်းသားရဲ့ မင်္ဂလာရက်လည်း နီးနေပြီ....အခန်းထဲ မြန်မြန်သွားနားချည်...''

ရှီယုံနျဥ့်သည် စိတ်ထဲတွင် သူ၏သားအငယ်အား ဘယ်လောက်ပဲ တန်ဖိုးထားချစ်ခင်နေပါစေ...ဘာပဲဖြစ်ဖြစ် ရှီချန်အန်းသည် သူ၏သားအကြီးဖြစ်သည်။ ရှီယုံနျဥ့်အနေဖြင့် မိခင်ဖြစ်သူ၏ရုပ်ရည်သွင်ပြင်အား အမွေဆက်ခံထားသည့် သူ၏သားကြီးဖြစ်သူအား မြင်သည့်အချိန်တိုင်း သူ၏သားကြီးအပေါ်တွင် အပြစ်ပြုမိသကဲ့သို့ နောင်တရကာ စိတ်နှလုံး မသက်မသာဖြစ်ရစမြဲပင်။ ဒီလိုဆိုတိုင်း သူ့ကိုယ်သူ အပြစ်တင်ခြင်း၊ အပြစ်ရှိစိတ်တော့ မဖြစ်မိ၊ မရှိချေ။ ဒီအတိုင်း စိတ်ထဲက ခံစားမိခြင်းသက်သက်သာဖြစ်သည်။ သူ ချက်ချင်းပဲ ရှီချန်အန်းအား သူ့အခန်းထဲ သွားနားစေလိုက်သည်။

"အဖေပြောတာ မှန်တယ်...ကျွန်တော် နည်းနည်း ပင်ပန်းနေတာ..."

ရှီချန်အန်းအနေနှင့် တခြားသူတွေနှင့် စကားမပြောချင်တာကြောင့် သူ့ဖခင်၏ထိုစကားကိုသာ ပြန်ဖြေလိုက်သည်။ အဲ့ဒီနောက် သူသွားနားတော့မည်ဟုပြောမည်ကြံတုန်း သူ့ဖခင်၏နံဘေးတွင်ထိုင်နေသည့် လျိုယိနျှောင်ကို မြင်လိုက်သည်။ ထို့ကြောင့် သူ သူ့ဖခင်အား တည့်တည့်ကြည့်ကာ ပြောလိုက်သည်။

[ယိနျှောင် = ဖခင်၏ ကိုယ်လုပ်တော်၊ နောက်မိ်န်းမ၊ တရားမဝင်သည့် ဇနီးသည်။]

"အဖေ...ကျွန်တော် အိမ်ကနေထွက်ပြီး အပြင်မှာ တော်တော်ကြာ နေခဲ့ပြီးပြီ...လျိုယိနျှောင်အနေနဲ့လည်း သူ့ရဲ့အဆင့်အတန်းအတွက် တော်တော် စိတ်မအေးဖြစ်နေလောက်မှာပေါ့.....ဒါပေမယ့်လည်း ကျွန်တော့်အထင် အဖေ့အနေနဲ့ ဘာပဲဖြစ်ဖြစ် ကိစ္စတော်တော်များများကို သတိထားသင့်တယ်ထင်တာပါပဲ...မတော်လို့များ အပြင်လူတွေက ဒါကို တွေ့သွားပြီး အဖေက ထုတ်ပြန်ထားတဲ့ စည်းကမ်းဥပဒေတွေကို အလေးမထားဘဲ ကိုယ်လုပ်တော်ကို ဇနီးနေရာ ပေးထားတယ်လို့ ထင်ကုန်ကြရင် ဘယ်လိုလုပ်မလဲ...မတော်လို့များ တစုံတယောက်က သတိထားမိပြီး တာ၀န်သိသိ အရှင်မင်းကြီးကိုများ သွားတိုင်တန်းလိုက်တဲ့အချိန်များ ရောက်လာခဲ့ရင် ဘယ်လိုလုပ်ကြမလဲ...ဘယ်ကောင်းပါ့မလဲဗျာ...မဟုတ်ဘူးလား...."

ဘာပဲဖြစ်ဖြစ် အဲ့ဒီကိုယ်လုပ်တော်မိန်းမကတော့ သူ့မိခင်၏နေရာဖြစ်သည့် ဤမိသားစု၏အရှင်သခင်နေရာကို အခန့်သား ၀င်ယူနေပြီးသားပင်။ တကယ့်က်ိုပဲ မိုးကောင်းကင်ကို စိန်ခေါ်ရဲတဲ့ သတ္တိကတော့ မသေးဘူးပဲ...။ ဒါပေမယ့် ဘယ်လိုလုပ်မလဲ… လူတယောက်ရဲ့ ကံကြမ္မာဆိုတာ မိုးကောင်းကင်က ဆုံးဖြတ်ပြီးသားပဲ။ အဲ့ဒီမိန်းမက သူ့ဖခင်ရဲ့ ကိုယ်လုပ်တော်မိန်းမနေနဲ့ ဒီရှီအိမ်တော်တံခါးကိုဖြတ်ပြီး ၀င်လာခဲ့ကတည်းက ဒီအိ်မ်တော်မှာနေရမယ့် သူမရဲ့ကံကြမ္မာက... သူမဘ၀တလျှောက်လုံး အိမ်တော်ထဲမှာ ဘယ်အဆင့်အတန်းနဲ့ပဲနေရမယ်ဆိုတာ သတ်မှတ်ထားပြီသား။ ဒီထက်ပိုပြီး သူမ အခွင့်အရေးမရနိုင်တော့ဘူး။ သူမကို မျက်နှာသာထပ်မပေးနိုင်တော့ဘူး။

"အကိုကြီး**...နားထောင်ကြည့်ပါအုံး...ဒီကောင်လေးပြောနေတဲ့ စကားတွေကို...သူကများ...."

"အကိုကြီး***........ဟုတ်လား..........." 

ရှီချန်အန်း ထွက်သွားလို့မှ ခြေသုံးလှမ်းမပြည့်သေးဘူး....အနောက်မှ ကြားလိုက်ရသည့်အသံကြောင့် ခြေလှမ်းတို့ကို ရပ်ကာ အသာပင် နောက်သို့ပြန်လှည့့်လိုက်သည်။ ပြီးတော့ အဲ့ဒီမိ်န်းမ...သူ့မိခင်အား သတ်ခဲ့သည့် အဲ့ဒီမိန်းမဆီသို့ တည့်တည့်သွားလိုက်သည်။

"မဟုတ်မှလွဲရော အခုအချိန်အထိ လျိုယိနှျှောင်အနေနဲ့ ကိုယ့်ကိုကိုယ် ရှီမိသားစုက နှမ၀မ်းကွဲလေးပဲ ဖြစ်နေတုန်းလို့များ ထင်နေတုန်းလား.....ဒါမှမဟုတ် အခုလက်ရှိအဆင့်အတန်းကို မကျေနပ်သေးလို့ အဖေနဲ့ ကွာရှင်းဖို့များ စဉ်းစားထားလို့လား....စိတ်မကောင်းစရာပဲ....ဒါပေမယ့် ခင်ဗျားက ရှီမိသားစုရဲ့ဆွေမျိုးအနေနဲ့ ရှိချင်ရင်တောင် အလကားပဲ.... ခင်ဗျားရဲ့အခုလက်ရှိအဆင့်အတန်းကလည်း မဆိုးပါဘူး...ကျေနပ်သင့်တယ်မလား... 

အဖေ...အဖေကလည်း မတွေေ၀ဘဲ လုပ်စရာရှိတာကို ကွဲကွဲပြားပြား လုပ်သင့်တယ်...အဖေ့အနေနဲ့ လျိုယိနှျှောင်ကို အလေးပေးချင်လည်းပေးပေါ့...ဒါပေမယ့် သူသိသင့်တဲ့ လိုက်နာရမယ့် စည်းကမ်းတွေ၊ အပြုအမူတွေကိုတော့ သေသေချာချာ သင်ပေးထားသင့်တယ်...ပြီးတော့ သူ့ကို ပြောထားသင့်တယ် ထင်တာပဲ....ကျွန်တော်တို့ ရှီမိသားစုမှာ လျိုမိသားစုကလာတဲ့ ၀မ်းကွဲနှမဆိုတာ မရှိဘဲ...လျိုယိနျှောင်ပဲ ရှိတယ်ဆိုတာကို..."

လျိုယိနျှောင်အနေနှင့် မတွေ့ရတဲ့သုံးနှစ်အတွင်း ဒီကောင်လေး ဒီလောက်စကားတတ်လာလိမ့်မယ်ဟု အိမ်မက်ပင် မမက်ဖူးဘူး...။ အခုများတော့ အရင်က ပျော့ညံ့ညံ့ပုံတောင်မတွေ့ရတော့ဘူး...။ ရင်ထဲထိတ်ကနဲဖြစ်သွားပြီး ဒီအကျပ်အတည်းမှ ကယ်တင်ပေးနိုင်ကာ သူမဘက်မှ ကူပြောပေးနိုင်သည့် နံဘေးမှာထိုင်နေသည့် ရှီသခင်ကြီးအား သတိလက်လွှတ် ကြည့်မိလိုက်သည်။ ဘယ်သူထင်ထားမှာလဲ...။ ရှီသခင်ကြီးက သူမဘက်က ကူပြောပေးမည့်အစား သူမအားတည့်တည့်ကြည့်ကာ ပြင်းပြင်းထန်ထန် ဆူပူဆုံးမလာလိမ့်မည်ဟု.....။

"ဒီအမိုက်အမဲမ...အခု သခင်လေးပြောတဲ့စကားကို သေသေချာချာ နားထောင်ပြီး ရင်ထဲ စွဲနေအောင် မှတ်ထား...နောက်တခါ ဒီလိုအပြုအမူမျိုးလုပ်ပြီး မသိလို့ပါဆိုပြီး ဆင်ခြေပေးမယ်မကြံနဲ့...အဲ့ဒီအချိန်ကျရင် ဒီသခင်ကြီး ရက်စက်တယ်ဆိုပြီး အဆိုးမဆိုနဲ့....ကြားလား...."

"အကို...အဲ....ဟုတ်ကဲ့...သခင်ကြီး..........." 

လျိုရှီး****တယောက် ဒေါသထွက်လွန်း၍ လက်ထဲက လက်ကိုင်ပုဝါကိုသာ အစိတ်စိတ်အမွှာအမွှာဖြစ်အောင်သာ ဆုတ်ခြေနေတော့သည်။ ဒါပေမယ့် သူမခေါင်းကိုသာ ငုံပြီးနေယုံအပြင် အခြားသော ရွေးချယ်စရာ မရှိချေ။ အကိုကြီးက အမိန့်ပေးပြီးသွားမှတော့ လိုက်နာယုံအပြင် သူမ ဘာမှ မတတ်နိုင်.....။

****[(*)ရှီး = (*)မျိုးနွယ်၊ အမိျုးအနွယ်။ အမျိုးသမီးများအတွက် သုံးသည်။]

ရှီချန်အန်းအနေနှင့်လည်း သူ၏ဖခင်က အမှန်တကယ် ဆူပူပြောဆိုခြင်းမဟုတ်ဘဲ သရုပ်ဆောင်နေခြင်းဖြစ်ကြောင်း နားလည်သည်။ ထိုကြောင့် ထပ်ပြောနေလည်း အကျိုးမထူးချေ။ ပြီးတော့ ဘာပဲဖြစ်ဖြစ် လောလောဆယ်တော့ နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် နေတာက ပိုကောင်းပေမည်။

အမှန်ပင် ရှီချန်အန်း ထွက်သွားသည်နှင့် ရှီယုံနျဉ်သည် လျိုရှီး၏ခြံ၀န်းဘက်သို့ လျိုရှီးအား လက်ဆွဲကာခေါ်သွားသည်။ ထို့နောက် ကြင်နာစွာပင် လျိုရှီးအား နှစ်သိမ့်လေတော့သည်။

"ဒီတော်၀င်မင်္ဂလာပွဲကြီး ပြီးသွားတဲ့အခါကျရင် သူ နောက်ထပ် ဒီလိုအာဏာပြပြီး ထောင်လွှားနိုင်တော့မှာ မဟုတ်ဘူး...ပထမမင်းသားကြီးက ယောက်ျားချင်း လိင်တူနှစ်သက်တဲ့သူလို့ ဒီသခင်ကြီး တခါမှ မကြားဖူးဘူး....အဲ့ဒီတော့ လက်ထပ်ပြီးသွားတဲ့အခါကျရင် သူ့အတွက် သွားစရာလမ်းမရှိတော့ဘူး...ဘာပဲဖြစ်ဖြစ် ပထမမင်းသားကြီးက သူ့ကို ကောင်းကောင်းဆက်ဆံမှာ မဟုတ်ဘူး...ပထမမင်းသားအိမ်တော်မှာပဲ သူ သည်းခံပြီး သေတဲ့အထိ ခံစားပြီး နေသွားရမှာ...အဲဒါကို မင်းက ဘာလို့ သူနဲ့ ရန်ပြိုင်ဖြစ်နေဦးမှာလဲ...."

"အကိုကြီးပြောတာ ဟုတ်တယ်...ကျွန်မ အကိုကြီးပြောတဲ့အတိုင်း လိုက်နာပါ့မယ်..."

လျိုရှီသည် ပြောပြီး သူမအားဖက်တွယ်ထားသော ရှီယုံနျဉ်ဘက်သို့လှည့်ကာ သူမ၏အ၀တ်တချို့အား ဖြေချလိုက်သည်။ 

XXXXX

* [Ministry of Ceremonies = သဘင်နှင့် အခမ်းအနား ဝန်ကြီးဌာန]

T/N: ဌာနအခေါ်အဝေါ်၊ အသုံးအနှုံးတွေ သိပ်မသိတာမို့လို့ မှားနေရင် ကျေးဇူးပြုပြီး ပြင်ပေး၊ ပြောပြပေးကြပါ။

**မူရင်းတွင် လျိုယိနျှောင်မှ ရှီယုံနျဥ့်အား (၀မ်းကွဲအကို၊ပြောင်ကော)ဟုခေါ်သော်လည်း မြန်မာပြန်ရာတွင် အနည်းငယ်ထစ်သဖြင့် (အကိုကြီး)ဟု ပြောင်းထားပါသည်။ 

***လျိုယိနျှောင်မှ (အကိုကြီး)ဟုခေါ်လိုက်တိုင်း (၀မ်းကွဲအကို၊ပြောင်ကော)ဟု အဓိပ္ပာယ်သတ်ရောက်ပြီး ရှီချန်အန်းအတွက်တော့ အတော်ကြီးကို မြင်ပြင်းကတ်စရာ ဟာသတခုပင် ဖြစ်သည်။

XXXXX


 PREVIOUS << TOC >> NEXT

No comments:

Post a Comment

Support My Translations