အပိုင်း (၂၆)
ရှောင်းချင်းကျန်၏မယ်တော်အနေဖြင့် ရှီချန်အန်းအပေါ်တွင် ကောင်းမွန်သောသဘောထားထင်မြင်ချက်တခုရှိသည်ဆိုသည်မှာ တကယ်တမ်းတော့ မဖြစ်နိုင်သည့်ကိစ္စတခုပင်။ ထို့ကြောင့် ယနေ့ ကျိုးကွေ့ဖေးမှ သူ့ဘက်မှနေ၍ ဝင်ရောက်ပြောဆိုပေးခြင်းသည် ရှီချန်အန်းအတွက်တော့ စိတ်ကူးထဲတွင်ပင် မမျှော်လင့်ထားသည့်ကိစ္စပင်ဖြစ်သည်။ ထိုသို့ဖြင့် တန်ဖိုးကြီး မြင့်မြတ်လှသော အမျိုးမြင့်အမျိုးသမီးအုပ်စုကြီးထံမှ ထွက်လာခဲ့ပြီးချိန်တွင်... နောက်ဆုံးတော့ ရှီချန်အန်း သူ၏စိတ်ထဲတွင် သက်သာရာရသွားတော့သည်။
ထိုအမျိုးသမီးအုပ်စုနှင့်စကားပြောရသည်မှာ သူ့အတွက်တော့ ပင်ပန်းခက်ခဲလွန်းလှသည်။ သူ ဘယ်လိုပဲရှောင်ကာနေနေပါစေ...ထိုသူတို့သည် သူ ခုန်ဆင်းလာစေရန် တွင်းတူး၍စောင့်နေကြတာပဲဖြစ်သည်။
“မရီးတော်...”
ယနေ့အဖို့တော့ ရှီချန်အန်း ရှောင်းချင်းယွီတယောက်အား လုံးဝ မမြင်မိသေးပေ။ ရှောင်းချင်းကျန်သည်လည်း စောစောက သူ့အား တချက်ကူညီပေးခဲ့သည်ဆိုသော်ငြား တကယ့်အပြင်ပန်းတွင်တော့ သူ့နှင့် စကားတခွန်းမျှပင် ပြောဆိုနှုတ်ဆက်ခြင်းမရှိခ့ဲပေ။ ထိုအစား အစောပိုင်းက သူ့အား အသိအမှတ်ပြုခေါင်းညိတ်ရုံသာရှိခဲ့သည့် ဒုတိယမင်းသားမှာမူ ယခု သူ၏အနားသို့ လာရောက်စကားပြောနေသည်။
“ချန်အန်း ဒုတိယမင်းသားကို အရိုအသေပေး နှုတ်ဆက်ပါတယ်...”
ဤသည်မှာ ရှီချန်အန်း ဒုတိယမင်းသား ရှောင်းချင်းနျဥ့်အား ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ရှောင်းချင်းယွီဖြစ်စေ၊ ရှောင်းချင်းကျန်ဖြစ်စေ...သူတို့နှစ်ဦးစလုံးတွင် ရှောင်းချင်းယန့်နှင့် ခပ်ဆင်ဆင်ရှိသည့်နေရာ နှစ်ချက်သုံးချက်တို့အား ရှီချန်အန်း မြင်တွေ့လေ့ရှိသည်သာ။ သို့သော်... ဤဒုတိယမင်းသားထံတွင်မူ ထိုမင်းသားသုံးပါးလုံးနှင့် မျက်နှာသွင်ပြင်လက္ခဏာ၊ စိတ်နေစိတ်ထား၊ အကျင့်စရိုက်တို့အပြင် လူတဖက်သားထံသို့ပေးနေသည့် ခံစားချက်အမြင်တွင်ပင် လုံးဝတူညီသည့်အချက် တချက်မျှပင် မရှိပေ။
ဒုတိယမင်းသား၏ အပြင်ပန်းမျက်နှာသွင်ပြင်သည် လက်ရှိမိဖုရားခေါင်ကြီးနှင့် လုံးဝချွတ်စွပ်တူညီလေသည်။ ကျန်မင်းသားသုံးယောက်လုံးတွင်မူ ဧကရာဇ်မင်းကြီးနှင့် မျက်ခုံးမျက်လုံးတို့တွင် သိသာသောတူညီမှုရှိလေသည်။ ရှည်လျားသွယ်ပြောင်းသောမျက်ခုံး...၊ ထိုသည့်အပြင် ဒုတိယမင်းသားထံတွင် ဝိုင်းစက်စက် မက်မန်းသီးသဏ္႑ာန် မျက်ဝန်းအစုံတို့က ရှိနေသေးရာ...သူ၏နူးညံ့သိမ်မွေ့သောအသွင်ရှိသည့်မျက်နှာထက်တွင် ထိုအစိတ်အပိုင်းတို့အား ထည့်ပေါင်းလိုက်လေသော်...လွန်တရာပင် လှပချောမောသောအသွင်တရပ် ဖြစ်ပေါ်လာသော်ငြား... တော်ဝင်မိသားစုမှ ဆင်းသက်ပေါက်ဖွားလာသည့်သားမြေးတို့တွင် ရှိသင့်ရှိထိုက်သည့် အထင်ကြီးဝင့်ထည်လောက်သည့် ဂုဏ်သရေရှိမှု ခန့်ညားမှုအရှိန်အဝါတရပ်ကတော့ အနည်းငယ် လိုအပ်မှုရှိနေခဲ့လေသည်။
"မရီးတော်က ဘာဖြစ်လို့ အစ်ကိုတော်န့ဲအတူ ရှိမနေရတာလဲ...မရီးတော် မသိလို့နော်...ပထမအစ်ကိုတော်က တတိယညီတော်လို စစ်တပ်ထဲဝင်ပြီး ဦးစီးဦးဆောင်စစ်ထွက်မတိုက်ပေမယ့်...ကျွန်တော်တို့ ညီအစ်ကိုတွေအားလုံးထဲမှာတော့...ပထမအစ်ကိုတော်တဦးထဲကသာ...စာပေစစ်ရေးနှစ်ဖြာမှာ ဘက်စုံတော်တဲ့သူပဲ...ဒီလိုမြင်းစီးမြှားပစ်အသေးအမွှားလောက်မပြောနဲ့...သိုင်းပညာချင်းယှဉ်ရင်တောင်...တတိယညီတော်က အစ်ကိုတော်ရဲ့ပြိုင်ဖက်အဆင့်တောင် မရှိသေးဘူး..."
ရှောင်းချင်းနျဥ့်တွင် လှပလွန်း၍ လက်နက်အဖြစ် အသုံးချလျှင်တောင်ရနိုင်သည့် မျက်နှာချောချောတခုရှိပေရာ...သူ့မျက်နှာအား ရှုံ့မဲ့ကာ စောင်းမြောင်းပြောဆိုနေကာမူ ထိုမျက်နှာကြောင့်ပင် သူ့အား အပြစ်မတင် အမုန်းမဖက်နိုင်သည်အထိပင်။ ရှီချန်အန်းသည် သူ့အား အထူးတလည် အရေးလုပ်မည်မဟုတ်ကြောင်း သိနေသည့်ရှောင်းချင်းနျဥ့်ကတော့ သူ အစီအစဉ်ရှိသည့်အတိုင်း သူ စီစဉ်ထားသည့်လူတွေနှင့်ပတ်သက်၍ သူ၏မယ်တော်အား သွားရှာကာ ဆွေးနွေးရန် ပြင်လိုက်သည်။ ဘယ်ထင်ထားပါ့မလဲ... ထိုသို့ သူ နေရာမှထွက်သွားရန်ပြင်လိုက်ချိန်တွင်ပဲ...ရှီချန်အန်းမှ စကားပြန်လည်ပြောဆိုလာမည်ဟု...။
"ကျွန်တော်က မြင်းစီးမြှားပစ်အတတ်ပညာမှာ မကျွမ်းကျင်ပါဘူး...မြင်းလဲ ကောင်းကောင်း မစီးတတ်သေးဘူး...ဒီမြင်းစီးတာကလဲ သိပ်မကြာသေးခင်ကမှ သင်ထားရတာ...ကျွန်တော်က ဝမ်ရယ်ကို အလကားနေရင်း ဒုက္ခ....ဒုက္ခမပေးချင်လို့ပါ..."
ရှီချန်အန်းသည် တချိန်လုံး သူ၏ခေါင်းအား အနည်းငယ် ငုံ့ထားကာ ပြောနေခြင်းဖြစ်သည်။ သူသည် တမင်ပင် ရှောင်းချင်းနျဥ့်၏မျက်နှာအား မကြည့်မိအောင် ရှောင်နေမိသည်။ မှန်သည်။ ရှောင်းချင်းနျဥ့်၏မျက်နှာသည် အလွန်တရာ ချောမောကြည့်ကောင်းလှပေသည်။ သို့သော်... သူ့အနေဖြင့် ထိုမျက်နှာသည် မကောင်းသောခံစားချက်တစုံတရာအား ထုတ်လွှတ်နေသကဲ့သို့ ခံစားရသည်။ ဘာကြောင့်ရယ်မသိ... သူသည် ထိုလူအား ဘယ်လိုမှ သဘောမကျနိုင်ပေ...။
"ဪ...အဲ့ဒီလိုလား...ဒါဆို........ မရီးတော်အနေနဲ့ ပိုပြီး ကောင်းကောင်း လေ့ကျင့်သင့်တာပေါ့..."
မြင်းစီးမြှားပစ် မတတ်ဘူးပေါ့...ဟုတ်လား.....။ လက်ထဲတွင်ကိုင်ထားသော ကြာပွတ်အား မြှောက်လိုက်ကာ...ရှီချန်အန်း စီးထားသောမြင်းပုလေး၏ ဘေးတင်ပါးအား အညှာအတာမဲ့စွာ အားပြင်းပြင်းဖြင့် ရိုက်ချလိုက်သည်။ ရုတ်တရက် အရိုက်ခံလိုက်ရကာ ထိတ်လန့်သွားသောမြင်းပုလေးမှာမူ...ကျယ်လောင်စူးရှသောမြင်းဟီသံတချက်ပေးကာ နေရာမှ ကစုန်ကပေါက် ထိန်းမရစွာ ပြေးထွက်သွားတော့သည်။
ထိုရုပ်ဆိုး သေးငယ်လှသည့်မြင်းပုလေး၏ စိတ်ရိုင်းပေါက် ရူးသွပ်သွားသည့်ပမာ တရှိန်ထိုးပြေးထွက်သွားသည့်မြင်ကွင်းအားကြည့်ပြီး... တခါ မိမိလက်ထဲမှကြာပွတ်ရှည်အား တပြန်ပြန်ကြည့်ကာ...ရှောင်းချင်းနျဥ့်တယောက် နေရာတွင် တဟားဟား အော်ရယ်ပစ်လိုက်သည်။ ဘယ်လို...။ ရှောင်းချင်းယန့်ကို ဒုက္ခမပေးချင်ပါဘူး...ဟုတ်လား...။ ဒါဆိုလဲ...မင်းဘာသာပဲ ဒုက္ခခံလိုက်လေ...။
“အား...ရပ်..ရပ်...”
အခုတလော တမျိုးပြီးတမျိုး ပေါ်ပေါက်လာသည့်ကိစ္စအထွေထွေတို့်ကြောင့် ရှီချန်အန်း မြင်းစီး သေချာ မလေ့ကျင့်နိုင်အားပေ။ ထို့အပြင်...အရင် မြင်းစီးလေ့ကျင့်ခဲ့သည့်နေ့ရက်များတွင်လည်း ယခုကဲ့သို့သော မြင်းရိုင်းအား စီးနင်းထိန်းကျောင်းခဲ့ဖူးခြင်း လုံးဝ မရှိခဲ့ပေ။ သူ၏နှလုံးသည် စိတ်လှုပ်ရှားခုန်ပေါက်နေလွန်း၍ လည်ချောင်းမှတဆင့်ပင် ခုန်ထွက်တော့မည့်နှယ်။ ရှီချန်အန်းအဖို့ ပထမဆုံးအကြိမ် မြင်းပေါ်မှပြုတ်ကျခြင်းသင်ခန်းစာအား သင်ရတော့ရန် နည်းနည်းပဲ လိုတော့သည်။ သူ၏ခြေနှစ်ဖက်အား မြင်း၏နံဘေး ဘေးတဖက်တချက်စီတွင် တင်းကြပ်စွာ ညှပ်ထားလိုက်သည်။ ညာဘက်လက်ဖြင့် မြင်းဇက်ကြိုးအား တင်းနေအောင် မြဲမြဲဆုပ်ကိုင်လိုက်ကာ သူ၏ကိုယ်အား တတ်နိုင်သမျှ ဘက်ညီအောင်ထိန်းလိုက်သည်။
"မြင်းလိမ္မာလေး...မြန်မြန် ရပ်လိုက်တော့... မြန်မြန် ရပ်လိုက်ပါတော့..."
ရှီချန်အန်း ဘယ်လိုမှ ဆက်၍ တင်းမခံနိုင်တော့...။ သူ၏ခြေထောက်များတွင်လည်း အားတစက်မျှပင် မရှိတော့။ မြင်းဇက်ကြိုးအား မလွှတ်တမ်းဆွဲထားရသည့် ညာလက်သည်လည်း ထုံထိုင်းနာကျင်နေပြီ။ သူ အစကထင်ထားသည်က လမ်းတလျှောက်တွင် အမဲလိုက်ထွက်နေသည့် လူတချို့တလေနှင့် တွေ့ကောင်းတွေ့နိုင်လောက်သည်ပေါ့...။ အဲ့ဒီအချိန်ကျရင် ထိုလူတွေက သူ့အား ကယ်နိုင်လိမ့်မည်ပေါ့...။ ဒါပေမယ့်... ဖြစ်လာခဲ့သည်က...လမ်းတလျှောက်တွင် လူတယောက်မဆိုထားနှင့် လူရိပ်လူရောင်ပင် မမြင်မိပေ။
“တော်သေးတယ်...တော်သေးတယ်...”
တဖြည်းဖြည်း စီးလာသောမြင်းမှ အရှိန်လျော့လာသည်အား ခံစားမိလိုက်၍ သူ၏ကိုယ်ကိုလည်း တဖြည်းဖြည်း ဖက်တွယ်ထားရာမှ ကြွကြည့်လိုက်သည်။ ယခုတော့ တချိန်လုံး မြင်းအား ဖက်တွယ်ထားရန် မလိုအပ်တော့။ ညှပ်တွယ်ထားသည့်ခြေအစုံကိုလည်း တဖြည်းဖြည်း လွှတ်လိုက်နိုင်ပြီဖြစ်သလို မိမိကိုယ်ကိုလည်း ငြိမ်အောင် ထိန်းထားနိုင်ပြီဖြစ်သည်။
“ဟား ဟား...ငါလုပ်တတ်သွားပြီ...ငါ လုပ်နိုင်သွားပြီကွ...”
မမျှော်လင့်ဘဲ 'အဆိုးထဲက အကောင်း'ဟုပဲ ဆိုရပေမည်။ ရှီချန်အန်း စိတ်လှုပ်ရှား ဝမ်းသာလွန်းလှသဖြင့်...စောစောက သေရေးကြုံခဲ့သောကိစ္စကိုပင် ခဏ ဘေးပစ်ကာ လုံးဝ မေ့သွားလောက်သည်အထိပင်။
ယခုမှတော့ ချက်ချင်း တန်းမပြန်ချင်တော့ပေ။ ရှီချန်အန်း မြင်းပေါ်မှဆင်းလိုက်ပြီး မြက်ပင်နုနုများ ပေါများသည့်နေရာတခုအား ရှာလိုက်သည်။ မြင်းအား ထိုနေရာတွင် မြက်စားရန် အနားပေးထားလိုက်ပြီး သူကတော့ ခြောက်သွေ့သန့်ရှင်းသည့် ကျောက်တုံးကြီးတခုအားရှာကာ ထိုပေါ်တွင် ထိုင်နားနေလိုက်သည်။
ရှောင်းချင်းနျဥ့်၏ အငိုက်ဖမ်းတိုက်ခိုက်မှုတွင် သူ လန့်သွားခဲ့သည်မှာ မှန်သော်လည်း ရှီချန်အန်း သူ့ကိုယ်သူ အပြင်းစား ကာယလေ့ကျင့်ခန်းလုပ်သည်ဟု မှတ်ယူထားလိုက်သည်။ ဝူရန်ဝူယိညီနောင်နှင့်သာဆိုလျှင် သူ့အား ထိုသို့သော ကြမ်းတမ်းအားသုံးရမည့်ကိစ္စအား မလုပ်ခိုင်းမှာ သေချာသည်။ ရှီချန်အန်း စောစောက ကစုန်စိုင်းနေသည့်မြင်းရိုင်းအား စီးခဲ့ရသည်မှာ မှန်သော်လည်း သူ၏စိတ်ထဲတွင်တော့ အားရပျော်ရွှင်မိသည်။ ဤရက်ပိုင်းများတွင် စုပုံတည်ရှိနေသည့် စိတ်မချမ်းသာမှု အားလုံးတို့သည် တဒိတ်ဒိတ်ခုန်နေသော နှလုံးခုန်သံတို့နှင့်အတူ တဖြည်းဖြည်း ရောပါပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။ သို့သော်... သူ မည်မျှပင် စိတ်ထဲတွင် ကျေနပ်အားရမိနေစေကာမူ သူ၏ခန္ဓာကိုယ်ကတော့ ဘယ်လိုမှ စိတ်သွားရာ မလိုက်နိုင်တော့ပေ။ သူ၏ ခြေလက်အားလုံးတို့တွင် အားအင်မရှိ ပျော့ခွေနေသကဲ့သို့ ခံစားနေရသည်။ ထို့ကြောင့် ခေတ္တခဏ အနားယူပြီးပါက ဖြည်းဖြည်းချင်း ပြန်သွားဖို့ရာ ပြင်လိုက်သည်။
"ကျွန်တော်မျိုး ဝမ်ဖေးအား ဂါဝရပြု နှုတ်ဆက်ပါတယ်... ဝမ်ဖေး...ဘယ်လိုလုပ်ပြီး ဒီလိုနေရာမှာ အစောင့်အရှောက်မပါဘဲ တယောက်ထဲ ရှိနေရတာပါလဲ...ကျွန်တော်မျိုးတို့နှစ်ယောက်က တတိယမင်းသားရဲ့ အနီးကပ်ကိုယ်ရံတော်တွေပါ...ဝမ်ဖေး လိုအပ်လို့ရှိရင် ကျွန်တော်မျိုးတို့ ဝမ်ဖေးကို စခန်းပြန်ပို့ပေးပါရစေ..."
လမ်းတလျှောက်မှာ တယောက်မဟုတ်တယောက်နှင့်တော့ တွေ့လိမ့်မယ်ဟု သူ ထင်သားပဲ။ ယခု တွေ့သည့်လူများမှာ ရှောင်းချင်းကျန်၏ လူများဖြစ်သည်ဟု ကြားလိုက်ရသောအခါ ရှီချန်အန်း အတော်လေး စိတ်သက်သာရာရသွားမိသည်။ လိုက်ပို့ပေးမည်အတွက် သူ ထိုနှစ်ယောက်အား ကျေးဇူးတင်စကား ပြောတော့မလို့ပင်။ ထိုအချိန်မှာပဲ ထိုသူနှစ်ဦးသည် လက်ဗလာဖြင့် ယခုထိ သားကောင်မဖမ်းမိသေးသည်အား သူ သတိထားမိလိုက်သည်။ ထို့ကြောင့် နှုတ်ခမ်းဝရောက်နေသည့်စကားတို့အား ပြန်လည်မြိုသိပ်ရင်း မြင်းကိုသာ ချက်ချင်း ဆွဲလှည့်လိုက်သည်။
"မင်းတို့ နှစ်ယောက်ကို ကျေးဇူးတင်ပါတယ်... ဒါပေမယ့် ဒီနေရာမှာ လေထုက လတ်ဆတ်သန့်ရှင်းနေတော့ လူကို စိတ်ကြည်လင်လန်းဆန်းစေတယ်...ငါ ဒီနားလေးမှာ နည်းနည်းလောက် လှည့်ပတ်ကြည့်ချင်သေးတယ်...မင်းတို့နှစ်ယောက်ကတော့ ကိုယ်လုပ်စရာရှိတဲ့ အမဲလိုက်ရမှာသာ မြန်မြန်သွားလုပ်ပါ..."
“…..ဒီလိုဆိုလဲ...ကျွန်တော်မျိုးတို့ မနှောင့်ယှက်တော့ပါဘူး...တကယ်လို့ ဝမ်ဖေး ပြန်ချင်တယ်ဆိုရင်...ဒီအတိုင်း မြောက်ဖက် တန်းတန်းကိုသာ သွားလိုက်ပါ...အဲ့ဒါဆို စခန်းကို ပြန်ရောက်ပါလိမ့်မယ်...ကျွန်တော်မျိုးတို့ကို သွားခွင့်ပြုပါဦး..."
ထိုလူနှစ်ယောက်ထွက်သွားပြီးနောက်...ရှီချန်အန်းလည်း ခဏထိုင်နားပြီးနောက် ပြန်သွားရန် မြင်းပေါ်တက်လိုက်သည်။ သို့သော်...သူ ဒီနေရာသို့ရောက်လာခဲ့သည့် လမ်းတလျှောက်လုံး သူ့အနေဖြင့် ဘယ်လမ်းဘယ်လိုဆိုတာ မကြည့်နိုင်အားခဲ့။ ထို့ကြောင့်...သူ စခန်းသို့ ဘယ်လိုပြန်ရမည်ဆိုသည်အား မသိတော့သည်မှာ ပြောစရာပင်မလို...။ သူ ထိုလူနှစ်ဦး ပြောသွားသကဲ့သို့ မြောက်အရပ်သို့ တန်းတန်းသွားပါသော်လည်း...နေ့တဝက်သာကုန်သွားသည်။ တောအုပ်ထဲမှ ထွက်ခွာနိုင်ခြင်း မရှိသေးပေ။ သူ့ကိုယ်သူပင် ဘယ်အရပ်သို့ရောက်၍ ဘယ်အရပ်ပင်ပေါက်နေသည်အား လုံးဝ မသိတော့။
“ငါ လမ်းပျောက်နေပြီထင်တယ်...”
ဒီအနီးတဝိုက်တွင် သားရဲကောင်ကြီးများ ကျက်စားလေ့မရှိမှန်း သိသော်ငြား ရှီချန်အန်း အနည်းငယ်တော့ စိုးထိတ်မိသည်သာ။ မတော်လို့ သူ ဒီနေရာကနေ မထွက်နိုင်ဘဲ...ဘယ်သူနဲ့မှ မတွေ့တော့ရင်ရော ဘယ်လိုလုပ်မလဲ.....။
"ကဲ...မြင်းလေးရေ...မင်းသခင် ငါကတော့ လမ်းပျောက်နေပြီထင်တယ်...မင်း ငါ့ကို ပြန်ရောက်အောင် ကူညီပေးနိုင်မလား..."
ခုချိန်မှာတော့ မျှော်လင့်ချက်တို့အား သူစီးထားသည့်မြင်းပုလေးထံတွင် ပုံအပ်ထားချင်မိသည်။ ရှီချန်အန်းအတွက်တော့ မျှော်လင့်ချက်မဲ့နေသည့်သူတယောက်အဖြစ် သူ့ကိုယ်သူ လှောင်ပြောင်ပျက်ရယ်ပြုရုံသာ တတ်နိုင်တော့သည်။ ဒါပေမယ့် သူ တနေရာထဲမှာပဲ ထိုင်စောင့်မနေချင်ပေ။ မြင်းပုလေး၏ခြေဦးတည့်ရာ လျှောက်သွားနေခြင်းဖြင့် ပြောလို့မရဘူးလေ...တနေရာရာမှာ သူ တခြားလူတွေနဲ့ ပြန်တွေ့နိုင်ချေရှိသေးတာပဲ...။
ဤသို့ဖြင့် မရေရာသော မျှော်လင့်ချက်တစိတ်တပိုင်းလေးအားပိုက်ရင်း...။ ဒီလောက်လူတွေအများကြီး တောထဲဝင်လာကြတာ သူ တယောက်နဲ့မှ မတွေ့ဘဲ နေစရာအကြောင်းမရှိဟု ရှီချန်အန်းတယောက် တွေးမိနေတုန်း...အမှန်တကယ်ပင် သူ လူရိပ်တခု လှမ်းမြင်လိုက်သည်။ သို့သော် သူ အကူအညီတောင်းရန် ပါးစပ်မဟနိုင်သေးခင်မှာပင်....သူစီးလာခဲ့သည့်မြင်းပုလေးသည် တဖန် စိတ်ရိုင်းဝင်ကာ ကစုန်စိုင်း၍ ထွက်ပြေးပြန်လေသည်။
“ကယ်...ကယ်ကြပါ...”
ရှီချန်အန်းသည် နဂိုကတည်းကပင် ပင်ပန်းနွမနယ်နေပြီဖြစ်သည်။ သူ၏ခြေလက်တို့တွင်လည်း နည်းနည်းလေးလှုပ်ဖို့ရန်ပင် အားမရှိတော့။ နောက်တကြိမ် အထိန်းအကွပ်မဲ့သွားသည့် ထိုမြင်းပုလေးအား ပြန်လည်ထိန်းချုပ်နိုင်စွမ်း သူ့ထံတွင် လုံးဝမရှိတော့ပေ။ သူ့ကိုယ်သူ ဒီတခါတော့ သေချာပေါက် မြင်းပေါ်မှ ပြုတ်ကျတော့မည်ဟုသာ မှတ်ယူထားလိုက်တော့သည်။
သူ၏ဘေးပတ်လည်ရှိ သစ်ပင်များသည် ဆက်သွားလေသွားလေ ပို၍ မြင့်မားကြီးထွားလာသည်အားမြင်လိုက်ရသလို...တဖြည်းဖြည်း ရှေ့ဆက်သွားလေသည်နှင့်အမျှ သူ၏ကိုယ်အား လွှမ်းခြုံထားသည့်အအေးဓာတ်က ပိုမိုပြင်းထန်အားကောင်းလာသည်အား သူ ခံစားမိလိုက်သည်။ ထိုအချိန်တွင်တော့ ရှီချန်အန်းသည် သူ၏ဦးတည်ရာမှာ တော်အုပ်ပြင်ပရှိ စခန်းရှိရာသို့ မဟုတ်ဘဲ...တောအုပ်၏ အတွင်းပိုင်း အနက်ရှိုင်းဆုံးနေရာသို့ ဦးတည်နေသည်အား သိလိုက်ရတော့သည်။
“ကယ်ကြပါ...”
သူ၏ခြေနှင့်လက်တို့မှ တဖြည်းဖြည်း အားကုန်လာသည်အား ခံစားမိချိန်တွင် ရှီချန်အန်းသည် မြင်းပေါ် ဒီအတိုင်း ခုန်ချပစ်ရန် စဉ်းစားလိုက်သည်။ ထိုအချိန်မှာပဲ စိတ်ရူးပေါက်စွာပြေးနေသည့်မြင်းသည် တဖြည်းဖြည်း အရှိန်လျော့ကျလာနေပြီး ၎င်း၏ခန္ဓာကိုယ်မှာလည်း မြေပြင်သို့ တစစ နိမ့်ဆင်းနီးကပ်လာတော့သည်။ နောက်ဆုံးတွင်တော့ ၎င်းသည် မြေပြင်ထက်တွင် အားအင်ကုန်ခမ်းစွာလဲကျသွားတော့သည်။
“ဘယ်လိုဖြစ်တာလဲ... ဘာဖြစ်သွားတာလဲ...”
အမြန်ပင် မြင်းပေါ်မှလိမ့်ချလိုက်ပြီး...ရှီချန်အန်း စိတ်ထဲရှိနေသည့် ဇဝေဇဝါဖြစ်နေမှုတို့သည် မြင်း၏ဝမ်းဗိုက်နံဘေးရှိ ဒဏ်ရာအား မြင်လိုက်ရချိန်တွင် အ့ံအားသင့်တုန်လှုပ်မှုသို့ ပြောင်းလဲသွားသည်။
သူရဲ့မြင်းပုလေးက လက်နက်ပုန်းထိမှန်ထားတာလား...။ တကယ်လို့ သူ့ကို လုပ်ကြံချင်တဲ့သူရှိနေတာဆိုရင်.....မဟုတ်မှလွဲရော ခုနက သူမြင်လိုက်တဲ့လူရိပ်များလား.....။
“ဝူရန် ဝူယိ...ရှောင်းချင်းယန့်... မင်းတို့ ဘယ်မှာလဲ...”
တကယ်လို့ ဒါဟာ မတော်တဆဖြစ်ရပ်တခုသာဆိုရင် ရှီချန်အန်း ကြောက်မနေပေ။ သူ တောနက်ထဲ ဘယ်လောက်ပဲရောက်နေပါစေ..သူ အချိန်တန်ရင် ပြန်ထွက်လို့ရသွားမှာပဲလေ...။ ဒါပေမယ့်... တကယ်ပဲ သူ့ကို ဒုက္ခပေးမယ့်သူတယောက်ရှိနေတာဆိုရင်တော့...သူ ဘယ်လိုလုပ်ပြီး လွတ်မြောက်နိုင်မှာလဲ...။
သတိလက်လွတ် အော်ခေါ်မိလိုက်ပြီးမှ ရှီချန်အန်း သူ၏ပါးစပ်အား ချက်ချင်း အလျင်အမြန် လှမ်းပိတ်လိုက်သည်။ မတော်လို့ တခြားသူတွေ ကြားသွားရင် ဘယ်လိုလုပ်မလဲ... ။ တကယ်လို့ အဲ့ဒီကြားသွားမယ့်သူက သူ့အား ဒုက္ခပေးချင်နေတဲ့သူဆိုရင် ဘယ်လိုလုပ်မလဲ...။
မြင်း၏ဒဏ်ရာအား သေချာစွာ စစ်ဆေးကြည့်လိုက်တော့ ဒဏ်ရာက သိပ်မနက်လှသည်အား ရှီချန်အန်း တွေ့လိုက်ရသည်။ သို့သော် မြင်းပုလေးမှာတော့ အသက်မရှူနိုင်တော့ပြီဖြစ်သည်။ ကြည့်ရသည်မှာ ၎င်းအား ထိမှန်သည့်လက်နက်တွင် အဆိပ်သုတ်လိမ်းထားပုံရသည်။ ဆက်၍ မအော်ခေါ်ရဲတော့သော ရှီချန်အန်းအဖို့ ရှောင်းချင်းယန့်... သူတို့၏နာမည်အား စိတ်ထဲတွင်သာ အကြိမ်ကြိမ် ရေရွတ်မြည်တမ်းနေရုံသာ...။ သူတို့နှင့် အမြန်တွေ့နိုင်ပါစေသာ သူ ဆုတောင်းမိသည်။ သူတို့နှင့် တွေ့မှသာလျှင် သူ ဘေးကင်းနိုင်လောက်မည်ဖြစ်သည်။
ရှောင်းချင်းယန့်တို့လူစုကိုသာ အမြန်ရှာတွေ့ချင်နေသော ရှီချန်အန်း၏ရင်ထဲတွင် ဗလောင်ဆူနေပြီဖြစ်လေရာ သူ့အတွက်တော့ အရှေ့အနောက်တောင်မြောက် အရပ်လေးမျက်နှာအား ခွဲခြားနိုင်စွမ်းမရှိတော့ချေ။ ထို့ကြောင့်...သူ မသိလိုက်ပါဘဲ တဖြည်းဖြည်း နက်ရှိုင်းလှသော တောအုပ်ကြီး၏အတွင်းပိုင်းသို့ ဦးတည်ဝင်ရောက်သွားလေတော့သည်။
“တယောက်ယောက်...တယောက်ယောက်များ ရှိသလား...”
ကံဆိုးသည် ကောင်းသည် သူ မပြောတတ်။ သူ့ခြေထောက်အစုံ အားပြတ်ကာ လဲကျတော့မည့်ဆဲဆဲတွင် လူရိပ်နှစ်ခုအား ရှီချန်အန်း တွေ့လိုက်ရသည်။ ထိုထဲမှ တခုက ရှောင်းချင်းယန့်၏ပုံသဏ္႑ာန်နှင့် အရမ်းဆင်လှသည်။ သို့သော်......
“ရှောင်းချင်းယန့်... ရှောင်းချင်းယန့်.....”
အဲ့ဒါ သူပဲ။ တကယ်ကို သူပဲ။ ဒါပေမယ့်........
"ရှောင်းချင်းယန့်...ရှောင်းချင်းယန့်...ခင်ဗျား ဘာဖြစ်တာလဲ...ခင်ဗျား ဘယ်လိုဖြစ်တာလဲ..."
အကြိမ်ကြိမ်အော်ခေါ်ရင်း ရှောင်းချင်းယန့်၏နံဘေးသို့ အပြေးအလွှား အရောက်သွားလိုက်သည်။ ရှောင်းချင်းယန့်၏အနားသို့ရောက်မှသာလျှင်...ရှောင်းချင်းယန့်သည် သတိရှိနေဆဲဖြစ်ကြောင်း ရှီချန်အန်း တွေ့လိုက်ရသည်။ သို့သော် ဒဏ်ရာ အပြင်းအထန်ရထားသည့်ပုံပင်။ သူ၏မျက်နှာအရောင်ကလည်း သိပ်မကောင်းလှပေ။ ဒါပေမယ့် ရှောင်းချင်းယန့်၏ကိုယ်ပေါ်တွင် သိသိသာသာ ဒဏ်ရာရထားသည့်နေရာအား ရှီချန်အန်း ရှာမတွေ့ပေ။ ဘယ်နားတွင် ဒဏ်ရာရထားသည်အားလည်း သူ မသိပေ။
"ဝမ်ဖေး...ဝမ်ရယ် အခုလိုဖြစ်နေတာက ကိုယ်တွင်းအင်္ဂါတွေမှာ ဒဏ်ရာရသွားလို့ပါ...ကျွန်တော်မျိုးမဆီမှာ သွေးတိတ်စေပြီး သွေးလည်ပတ်မှုအားကောင်းစေတဲ့ဆေး ရှိပါတယ်...အမြန် အရှင်ဝမ်ရယ်ကို သောက်ခိုင်းလိုက်ပါ..."
“ကျေးဇူးတင်ပါတယ်...”
အမျိုးသမီး၏လက်ထဲမှ ဆေးလုံးအား အမြန်ယူကာ ရှီချန်အန်းသည် ရှောင်းချင်းယန့်အား သောက်ခိုင်းတော့မလို့ပင်။ သို့သော်... ရုတ်တရက် သူ့ဘေးတွင်ရှိနေသော ထိုအမျိုးသမီးအား တချက် လှမ်းကြည့်လိုက်သည်။ ဒီလူက......။ သူက... ဟိုတနေ့က ဆေးရောင်းနေတဲ့ မိန်းကလေး မဟုတ်လား...။
“မင်းက...မင်းက ဟိုမိန်းကလေးပဲ...”
"ဝမ်ဖေးက ဟောဒီကျေးတောသူမကို မှတ်မိသားပဲ...ကျွန်တော်မျိုးမ ဒီနေ့ တောထဲကို ဆေးမြစ်တူးထွက်လာတာ...အခုလို ဝမ်ရယ်နဲ့ တွေ့လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး...ဝမ်ရယ့်ကိုယ်ပေါ်မှာ ဒဏ်ရာတွေ ရထားတာက မနည်းလှဘူး...ဝမ်ဖေး အမြန် အရှင်ဝမ်ရယ့်ကို အဲ့ဒီဆေးလုံး တိုက်လိုက်ပါတော့..."
"ဟုတ်တယ်...အရှင်မင်းသား...လာ...အမြန် ဒီဆေးကို သောက်လိုက်..."
စိတ်ထဲတွင် သံသယများစွာ ရှိနေသေးသည်မှာ မှန်သော်လည်း...ယခုအချိန်တွင် သူ့အတွက် အရေးကြီးဆုံးမှာ ရှောင်းချင်းယန့်၏ ကျန်းမာရေးပင်ဖြစ်သည်။ ရှီချန်အန်း အများကြီး အသေးစိတ်လိုက်မစဉ်းစားနိုင်တော့။ အရင်ဆုံး ရှောင်းချင်းယန့်အား ဆေးတိုက်ဖို့ ပြင်လိုက်ပြီး သူ ဆေးသောက်ပြီးလို့ သက်သာသွားတဲ့အချိန်ကျမှ ဆက်ပြောကြတာပေါ့။ ထိုအချိန်တွင်........။ တချိန်လုံး အားအင်နည်းလှစွာ နှုတ်ဆိတ်လဲလျောင်းနေသည့် ရှောင်းချင်းယန့်သည် ရုတ်တရက် ထိုအမျိုးသမီးဘက်သို့လှည့်ကာ စကားပြောလိုက်သည်။
"မိန်းကလေး... မင်းရဲ့ခါးပေါ်ကရေဘူးကို ခဏလောက် ငှါးလို့ရမလား...ပန်ဝမ် ဒီဆေးလုံးကို ဒီအတိုင်း မျိုမချနိုင်လို့..."
“အရမ်း ရတာပေါ့... ဝမ်ဖေး...ဒီမှာ...အမြန် ဝမ်ရယ့်ကို ဆေးသောက်ခိုင်းလိုက်ပါ...”
“ကျေးဇူးတင်ပါတယ်...”
နောက်တကြိမ် လူအား ကျေးဇူးတင်ပြီးသည်နှင့်...ရှီချန်အန်းသည် ဆေးလုံးအား ရှောင်းချင်းယန့်၏ပါးစပ်ထဲထည့်ပေးလိုက်သည်။ ပြီးနောက် ရေဘူးအား အမြန်ဖွင့်ကာ ရှောင်းချင်းယန့်အား သောက်ဖို့ပေးလိုက်သည်။ ရှောင်းချင်းယန့်၏လည်ပင်းမှ နိမ့်ချည်မြင့်ချည် ဖြစ်သွားသည်အားကြည့်ရင်း...ရှီချန်အန်းရော၊ သူ၏ဘေးတွင်ရှိနေသောအမျိုးသမီးပါ သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
ရှောင်းချင်းယန့်၏လက်ထဲတွင်ရှိနေသောပစ္စည်းအား လှမ်းယူကာ ထိုအမျိုးသမီးသို့ ပြန်ပေးလိုက်ရန် ပြင်လိုက်သော်လည်း...ရှောင်းချင်းယန့်က လက်မလွှတ်ပေးပေ။ ထို့အပြင် ရှီချန်အန်းအားလည်း တချက်မျှ လှည့်မကြည့်ပေ။ ထိုအစား ဘေးတွင်ရှိနေသော ထိုအမျိုးသမီးကိုသာ တည့်တည့်ကြည့်၍ ညင်သာစွာ ပြုံးရင်း စကားဆိုလိုက်သည်။
"မိန်းကလေး...ဒါလေးကို ပန်ဝမ်ကို ပေးလိုက်လို့ မရဘူးလား...မိန်းကလေးရဲ့ အသက်ကယ်ပေးတဲ့ကျေးဇူးကို ပန်ဝမ် အမြဲ အမှတ်ရနေချင်လို့ပါ...မိန်းကလေးအနေနဲ့ ဒါကို ယုံကြည်မှုသက်သေပစ္စည်းလို့ မှတ်ယူလိုက်ပါ...နောက်ပိုင်း မိန်းကလေး တစုံတရာ အကူအညီလိုအပ်တဲ့အခါတိုင်းမှာ...ဘယ်အချိန်ပဲဖြစ်ဖြစ် ပန်ဝမ်က သေချာပေါက် ကူညီမှာပါ..."
"ဒါလေးက ဘာမှမဟုတ်တဲ့ သာမန်ရေဘူးအိတ်လေးပါ...ဘာမှ မထိုက်တန်ပါဘူး...ဝမ်ရယ် စိတ်ထဲထားစရာ မလိုပါဘူး..."
ရှီချန်အန်းသည် သူဆုတ်ကိုင်ထားသည့် ရှောင်းချင်းယန့်၏လက်အား ဖြည်းဖြည်းချင်း လွှတ်ပေးလိုက်သည်။ သူ မျက်လုံးအပြူးသားဖြင့်သာ ကြည့်နေမိတော့သည်။ သူတို့နှစ်ယောက်ကြား စကားလေး နှစ်ခွန်းသုံးခွန်းပြောလိုက်ရုံလေးနဲ့...အဲ့ဒီရေဘူးအိတ်ဟောင်းက......ချစ်သက်လက်ဆောင်အဖြစ် ပြောင်းလဲသွားတာလား.....။ သူ ဘယ်တုန်းကမှ ရှောင်းချင်းယန့် အဲ့ဒီလို နွေးထွေးကြင်နာတဲ့မျက်လုံးမျိုးနဲ့ သူများကိုကြည့်တာ မမြင်ဖူးခဲ့ဘူး...။ ဘယ်တုန်းကမှ မမြင်ဖူးခဲ့ဘူး.....။
XXXXX
ဤစာရေးဆရာတွင် ပြောစရာစကားရှိသည် : ဒီစာရေးဆရာပြောချင်တာကတော့...ရှောင်းချင်းယန့်က တကယ်တမ်းတော့ မအပါဘူး။ သေချာပေါက် ချန်အန်းလောက်တော့ မအပါဘူး။
ဤဘာသာပြန်သူတွင် ပြောစရာစကားရှိသည် : ဇာတ်လမ်းကတော့ စပါပြီ။ ရှေ့လျောက် တရားမှတ်ပြီးမှ လာဖတ်ကြပါရန်။
အားလုံးလဲ COVID-19 caseတွေကြောင့် စိတ်ပူနေလောက်ပါတယ်။
ဒီအချိန်မှာ စိတ်အေးအေးထားပြီး ကျန်းမာအောင်နေကြပါ။ လက်ဆေးပါ။ တတ်နိုင်သမျှ အပြင်မထွက်ပါနဲ့။ နေမကောင်းရင် ပိုပြီးတော့ အပြင်မထွက်ပါနဲ့။ မိမိကစပြီး အများအား ကာကွယ်ပါ။ အချိန်တခုနေရင် ပြီးသွားမှာဆိုတော့ ဒီကြားထဲမှာ တတ်နိုင်သမျှ ဆုံးရှုံးမှုနည်းအောင် ကြိုးစားကြတာပေါ့။
အားလုံးရဲ့ စိုးရိမ်ပူပန်မှုတွေကြားမှာ ဒီအပိုင်းလေးက သေးငယ်တဲ့ပျော်ရွှင်မှုလေးဖြစ်ပါစေ။ (ပျော်စရာအပိုင်းလေး မဟုတ်သေးပေမယ့်လဲပေါ့😅)
အားလုံးပဲ ဂရုစိုက်ကြပါ။
Take care of yourself!
FIGHTING!!!
XXXXX
No comments:
Post a Comment