Monday, May 11, 2020

ကြင်ရာတော် ချန်အန်း (Unicode) - အပိုင်း (၂၇)

အပိုင်း (၂၇)

တခဏမျှ မင်သက်အံ့အားသင့်ပြီးနောက်တွင်...ရှီချန်အန်းသည် ရှောင်းချင်းယန့်အား ဘယ်လိုဖြစ်၍ ဒဏ်ရာရထားရသည်၊ ဝူရန်ဝူယိညီနောင်ကရော ဘယ်များသွားနေကြတာလဲ၊ သူတို့ကို အတူလိုက်ပြီး ကာကွယ်ရအောင်လွှတ်လိုက်တာလေ...အခုတော့ လူရော ဘယ်မှာလဲ၊ အရိပ်တောင်မတွေ့ရပါလား...အစရှိသည် မေးခွန်းများအား တရစပ်မေးမြန်းမိတော့သည်။

"လုပ်ကြံသူတွေက လမ်းတဝက်မှာ ဝင်တိုက်ကြတာ...ပြီးတော့ သူတို့နဲ့ လမ်းကွဲသွားတာ..."

ရှောင်းချင်းယန့်မှ အများကြီးဆက်မပြောသော်လည်း ဝူရန်ဝူယိညီနောင်သည် သူ့အား အစွမ်းကုန် ကာကွယ်ပေးခဲ့သည်ကို ရှီချန်အန်း နားလည်လိုက်သည်။ မဟုတ်ပါက ရှောင်းချင်းယန့်သည် ဤသို့ သောလေသံမျိုးဖြင့် ပြောနေမည်မဟုတ်ပေ။

ဝူရန်ဝူယိညီနောင်သည် အမှန်တကယ်ပင် ရှောင်းချင်းယန့်အား အစွမ်းကုန် ကာကွယ်ပေးခဲ့တာပဲဖြစ်သည်။ ထို့နည်းတူ...လက်ရှိအချိန်တွင်လည်း လူအုပ်ကြီး စုစည်း၍ ရှောင်းချင်းယန့်အား အပူတပြင်း လိုက်ရှာနေတာဖြစ်သည်။

သူတို့ညီနောင်နှစ်ဦးနှင့် ရှောင်းချင်းယန့် လမ်းကွဲသွားသည်နှင့် ချက်ချင်း... သူတို့သည် အမဲလိုက်အခြေချစခန်းသို့ပြန်ကာ ဧကရာဇ်မင်းကြီးထံသို့ ရှောင်းချင်းယန့် တိုက်ခိုက်လုပ်ကြံခံရကြောင်းအား အမြန် သံတော်ဦးတင်ခဲ့တာပဲဖြစ်သည်။ ဧကရာဇ်မင်းကြီးကလည်း ချက်ချင်း မဆိုင်းမတွပင် ရှောင်းချင်းယန့်အား ရှာဖွေဖို့ လူလွှတ်ရန် အမိန့်ပေးခဲ့လေသည်။ ထိုတချိန်ထဲမှာပင် ထိန်းမရနိုင်စွာ ဒေါသထွက်ပေါက်ကွဲနေခဲ့တာဖြစ်သည်။ ယခုတခေါက်အတွက် အမဲလိုက်ကွင်း လုံခြုံရေးတာဝန်ခံရသော စစ်သူကြီးအားလည်း နေရာတွင် အချိန်မဆိုင်း အပြစ်ပေးစီရင်ခဲ့သည်ဖြစ်လေရာ...လက်ရှိအချိန်တွင် တော်ဝင်အမဲလိုက်ကွင်း၏အခြေအနေမှာ ကျီးလန့်စာစား လေးသံနားစွင့်ရင်း ဘယ်သူမှ သတိလက်လွတ်မနေရဲကြသည့်အခြေအနေပင် ဖြစ်သည်။

ရှောင်းချင်းယန့်သည် လုပ်ကြံသူနှင့်တိုက်ခိုက်စဉ်က သူ၏ ခါးနှင့်ကျောတို့တွင် ဒဏ်ရာရထားခဲ့တာဖြစ်သည်။ ထိုနည်းတူ မြင်းပေါ်မှပြုတ်ကျချိန်တွင် သူ၏ညာခြေထောက်မှာ ထိခိုက်သွားခဲ့လေသည်။ ထို့ကြောင့် လူတကိုယ်လုံးမှာလည်း အတော်ပင် အားနည်းနွမ်းနယ်နေသလို...သစ်ပင်ကြီးအား နောက်မှီပြုကာထိုင်နေသောသူ၏မျက်နှာသည်လည်း သွေးမရှိသကဲ့သို့ ဖြူရော်ကာနေလေသည်။

"ဝမ်ရယ်...ဝူရန်ဝူယိတို့ လုပ်ကြံသူတွေကို ဖြေရှင်းပြီးတာနဲ့ အရှင်မင်းကြီးဆီကို သေချာပေါက် ဒီကိစ္စကို သွားရောက်လျှောက်တင်မှာပါ...အရှင်မင်းကြီးကလဲ သိတာနဲ့ ချက်ချင်း ဝမ်ရယ်ကို ရှာဖို့ လူလွှတ်လိုက်မှာပါ...ကျွန်တော်တို့ ဒီမှာပဲ စောင့်ကြတာပေါ့...သိပ်မကြာခင်မှာ ကျွန်တော်တို့ကို ကယ်မယ့်သူတွေ ရောက်လာမှာပါ..."

သူနှင့် ရှောင်းချင်းယန့်တို့ လုပ်ကြံခံရမှုအပေါ်တွင် ရှီချန်အန်းအနေဖြင့် အများကြီး အံ့အားသင့်ထူးဆန်းကာ မနေပေ။ လက်ရှိတွင် တာ့ရှောင်းတိုင်းပြည်ကြီးသည် အင်အားကြီး ခိုင်မာသည်မှာ မှန်သော်လည်း လုံးဝ အန္တရာယ်ကင်း လုံခြုံလှသည်တော့လည်း မဟုတ်သေးပေ။

တာ့ရှောင်းပြည်ကြီးတွင် မြောက်ပိုင်းနယ်စပ်အား တချိန်လုံး ထိုးစစ်ဆင်တိုက်ခိုက်နေသည့် မြောက်ပိုင်းလူမျိုးစုအင်အားသာမက အနောက်တောင်နယ်စပ်အား အင်အားစမ်းတိုက်ခိုက်လေ့ရှိသည့် တောင်ပိုင်း ရှင်းကျန်းပြည်နယ်ကလည်း ပြည်ပရန်အဖြစ်ရှိနေသေးသည်။ ထို့အပြင် ရှောင်းချင်းယန့်အနေဖြင့်ပြောရမည်ဆိုလျှင် သူ့ထံတွင် ထိုပြင်ပရန်များသာမက အိမ်တွင်းရေးရန်စွယ်များက ရှိသေးသည်သာ။ သူ၏ညီတော်များ... အထူးသဖြင့် ဒုတိယမင်းသားအနေဖြင့် ရှောင်းချင်းယန့်၏ 'ရှန်ဝမ်'ဟူသောဘွဲ့အမည်အတွက်* အလွယ်တကူ လွှတ်ပေးနိုင်စရာအကြောင်း လုံးဝ မရှိပေ။

*(T/N: 'ရှန်ဝမ်'ဘွဲ့အကြောင်းက ရှေ့မှာပါပြီးသားနော်။ အဲ့ဒါက နောင်ဘုရင်ဖြစ်မယ့်သူကိုပဲ ပေးတဲ့ဘွဲ့မို့လို့ ဒုတိယမင်းသားက လက်မခံနိုင်ဖြစ်နေတာ။) 

ရှီချန်အန်းကတော့ ဘယ်လိုမှ နားမလည်နိုင်ပေ။ အရှင်မင်းကြီးက ရှောင်းချင်းယန့်ရဲ့ အိမ်ရှေ့မင်းသားနေရာရမယ့်လမ်း၊ ရာဇပလ္လင်ဆီကိုဦးတည်နေတဲ့လမ်းကို ဖြတ်တောက်လိုက်ပြီပဲဥစ္စာ...။ ဘာကိစ္စနဲ့ ရှောင်းချင်းယန့်ကို 'ရှန်ဝမ်'ဘွဲ့ပေးနေရသေးတာလဲ...။ ဒီအတိုင်း သာမန်ဘွဲ့လေးတခုသာ ပေးလိုက်မယ်ဆိုရင် အခုအချိန်ဆိုရင် ရှောင်းချင်းယန့်က လွတ်လွတ်လပ်လပ်နေလို့ရတဲ့ ချမ်းသာပြည့်စုံတဲ့ တော်ဝင်မျိုးနွယ်ဝင်တယောက်ပဲ ဖြစ်နေတော့မှာ...။ အခုလို လူတကာက သတိပြုမိပြီး ပစ်မှတ်ထားခံရမှာ မဟုတ်ဘူး...။

"ဝမ်ဖေး...ကျွန်တော်မျိုးမမှာ လုပ်စရာအလုပ်လေးတွေ နည်းနည်းရှိသေးလို့...ကျွန်တော်မျိုးမကို အရင်သွားခွင့်ပြုပါ...ဝမ်ဖေးတို့ကတော့ ဒီနေရာမှာ အေးအေးဆေးဆေး အနားယူပြီး...တော်ဝင်ကိုယ်ရံတော်တွေလာမှာ စောင့်နေလိုက်ပါ..."

"ခဏလေး နေပါဦး...အခုထိ မိန်းကလေးရဲ့နာမည်ကို မသိရသေးဘူး...ပန်ဝမ်ကို သိခွင့်လေးများ ပေးနိုင်မလား..."

တချိန်လုံး အသံတိတ် ငြိမ်သက်နေသော ရှောင်းချင်းယန့်သည် သူမ၏ 'သွားခွင့်ပြုပါဦး'ဟူသောစကားသံအား ကြားလျှင်ချက်ချင်း အလျင်စလို လှုပ်ရှားမေးမြန်းလာတော့သည်။

“ကောင်းပါ...…”

ရှီချန်အန်းမှ ပြော၍မဆုံးသေး...ရှောင်းချင်းယန့်၏ အလျင်စလိုနိုင်လှသောအသံက ကြားဖြတ်သွားသည်။ သူ ဆက်မပြောဖြစ်လိုက်သောစကားများအား မိမိဘာသာ တိတ်တခိုး ပြန်လည်မြိုသိပ်လိုက်ရသည်။ သူ၏ဘေးတွင်ရှိနေသော ထိုအမျိုးသမီးအား ရှောင်းချင်းယန့်၏မြင်ကွင်းထဲတွင် ကောင်းကောင်းမြင်ရစေရန်အတွက် သူ၏ကိုယ်အား ဘေးတဖက်သို့ အသာလေးဘေးကပ်ပေးလိုက်သည်။

"မခံယူဝ့ံပါဘူး...ကျွန်တော်မျိုးမရဲ့နာမည်က နန်ရှီးလို့ ခေါ်ပါတယ်...ဝမ်ရယ်...ကိုယ့်ကျန်းမာရေးကို သေချာ ဂရုစိုက်ပါ...ကျွန်တော်မျိုးမကို အရင် သွားခွင့်ပြုပါဦး..."

နန်ရှီးသည် ထိုစကားများပြောပြီးသည်နှင့် နေရာမှထကာ လှည့်၍ထွက်သွားတော့မလို့ပင်။ ထိုအချိန် ရှောင်းချင်းယန့်၏စကားတို့ကြောင့် တဖန်ပြန်လှည့်လာခဲ့ကာ သူတို့နှစ်ဦးအား အပြုံးဝေဆာနေသည့် မျက်နှာဖြင့် ကြည့်လိုက်သည်။ 

"မိန်းကလေး နန်ရှီး...ခဏလေးနေပါဦး...ဟောဒီတောကြီးထဲမှာ အန္တရာယ်အလွန်များလှတာ...ဘယ်လိုလုပ် မင်းတယောက်ထဲ လျှောက်သွားလို့ ဖြစ်မှာလဲ...မင်း......"

"ဝမ်ရယ်ကလဲ ဟာသပြောရော့မယ်...နန်ရှီးဆိုတဲ့မိန်းမက ဆေးမြစ်ရောင်းတဲ့သူပါ...ကျွန်တော်မျိုးမ ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူနဲ့အတူ ဟောဒီတောင်ပေါ် လိုက်ခဲ့တဲ့သူပါ...ကျွန်တော်မျိုးမ ဟောဒီတောအုပ်အကြောင်းကို နှံ့နှံ့စပ်စပ်သိပြီးသားဖြစ်နေပါပြီ...ဘယ်လိုလုပ် အန္တရယ်ရှိရမှာလဲ...ဝမ်ရယ်နဲ့ဝမ်ဖေးတို့နှစ်ယောက်သာ သတိဝီရိယနဲ့နေကြပါ...ဟောဒီတောထဲက တောကောင်ငယ်လေးတွေက အသက်သေစေလောက်တဲ့အထိတော့ မဟုတ်ကြပေမယ့်...သူတို့တိုက်ခိုက်ခံရလို့ ဒဏ်ရာရရင်လဲ အတော်အသင့်တော့ ပြင်းထန်ပါတယ်..."

နန်ရှီးသည် နောက်တခါ သူတို့နှစ်ဦးအား ပြုံးပြကာ တဖြည်းဖြည်း ထွက်သွားတော့သည်။ ထိုနန်ရှီး ထွက်မသွားခင် ပြုံးပြသွားခဲ့သောအပြုံးသည် ရှီချန်အန်း၏မျက်လုံးထဲတွင် စွဲထင်နေဆဲဖြစ်သည်။ ရှီချန်အန်း ငယ်စဉ်မှ ယခုအရွယ်ရောက်သည်အထိ စောစောကတွေ့ခဲ့သည့် ဒုတိယမင်းသား ရှောင်းချင်းနျဥ့်မှလွဲ၍ ဤမျှလောက် ချောမောလှပသောသူ မတွေ့ဖူးသေးပေ။ သူ့ရှေ့တွင်ရှိနေခဲ့သော ထိုအမျိုးသမီးသည် တကယ်ပင် ချောမောကြည့်ကောင်းလှသူ ဖြစ်သည်။ 

တကယ့်ကို မှင်သက်အံ့အားသင့်လောက်စရာသော အလှပိုင်ရှင်ပဲ...လူကဖြင့် သွားလို့ အဝေးရောက်နေပြီ...အခုထိကို တမေ့တမော အကြည့်မလွှဲနိုင်လောက်ကို ဖြစ်စေတဲ့သူပဲလေ...။ ရှောင်းချင်းယန့်ရဲ့အာရုံကို ဖမ်းစားသွားနိုင်တယ်ဆိုတာလဲ ဖြစ်သင့်ပါတယ်လေ.....။

"မင်း ခုနက မြင်းပေါ်က ပြုတ်ကျတာလို့ပြောလိုက်တယ်မလား...ဘယ်နား ဒဏ်ရာရသွားသေးလဲ..."

ချက်ချင်းဆိုသလိုပင် ရှောင်းချင်းယန့်၏ အလှနတ်ဖုရားမ ဖမ်းစားခံရ၍မိန်းမောနေသည့်မျက်နှာသည် သူ၏နဂိုပုံမှန်မျက်နှာအနေအထားသို့ ပြောင်းလဲသွားခဲ့သည်။ ပြီးတော့...အစမှအဆုံးတိုင် တချိန်လုံး သူ လျစ်လျူရှုထားခဲ့သည့် ရှီချန်အန်းအား အခြေအနေ မေးမြန်းဖော်ရလာခဲ့သည်။

“ဟင်...” 

ဒါဟာ ရှီချန်အန်းအတွက် အမှန်တကယ် အ့ံအားသင့်ဆွံ့အသွားစေခဲ့တာပဲဖြစ်သည်။ စောစောတုန်းက ရှောင်းချင်းယန့်သည် အမှန်တကယ်ကို မခွဲနိုင်မခွာရက်ဖြစ်နေသောမျက်နှာဖြင့်ပင်။ မျက်လွှာတချက်အခတ်လေးမှာပဲ ဘယ်လိုလုပ် ချက်ချင်းဆိုသလို သူ့ဒဏ်ရာအကြောင်း စိတ်ဝင်တစား မေးမြန်းဖော်ရလာခဲ့တာလဲ...။ နောက်ပြီး...ဒီလူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် မျက်နှာအပြောင်းအလဲ မြန်ရတာလဲ...။ စောစောတုန်းက မခွဲရက်နိုင် တမ်းတမ်းတတဖြစ်နေတဲ့အမူအရာတွေက အခု သူ့မျက်နှာပေါ်မှာ တစက်ကလေးတောင် မတွေ့ရတော့ဘူး...။

"ဘာတွေအတွေးလွန်နေတာလဲ...ကိုယ့်ဘာသာ ဒဏ်ရာရထားလား မရဘူးလားဆိုတာတောင် မသိတော့ဘူးလား..."

ရှောင်းချင်းယန့်၏လေသံက ဒေါသထွက်နေသည့်အရိပ်အယောင်ပါသလား၊ မပါဘူးလားအား သေချာမခွဲခြားနိုင်သော ရှီချန်အန်းအဖို့တော့ သူ၏အမေးအား သေချာ ဂရုတစိုက်ဖြင့် ပြန်ဖြေရုံသာ...။

"တောင်းပန်ပါတယ် ဝမ်ရယ်...ကျွန်တော်...ကျွန်တော် ဘာမှမဖြစ်ပါဘူး...ဒီအတိုင်း ခြေလက်တွေ နည်းနည်း ကိုက်ခဲနေရုံလေးပါပဲ...ဒါပေမယ့် ခဏ အနားယူလိုက်ရင် ကောင်းသွားမှာပါ...ဘာမှ ထူးထူးထွေထွေ မဖြစ်ပါဘူး..."

“ဒါပေမယ့်...…” 

သူ့ရဲ့မြင်းလေးကတော့ မရှိတော့ဘူး...။ သေသွားပြီ။ အဲ့ဒါကလဲ အဆိပ်မိပြီးတော့.....။

"'ဒါပေမယ့်' ဘာဖြစ်တာလဲ...ပြောစရာရှိတာ စကားကို ရှင်းရှင်းလင်းလင်းပြော...ပြောရင်းတန်းလန်း ဟိုချန်ဒီချန် မလုပ်နဲ့..."

ရှောင်းချင်းယန့်တယောက် အရမ်းပင်ပန်းနေလွန်း၍ ဖြစ်လိမ့်မည်။ သူ့တကိုယ်လုံး ဘယ်နေရာမှ သက်တောင့်သက်သာ ရှိသည်ဟူ၍ မရှိ။ နန်ရှီး ထွက်သွားသည်အထိ စောင့်ပြီချိန်တွင်တော့...လူတကိုယ်လုံးအား ထိန်းမထားတော့ဘဲ သစ်ပင်ပင်စည်ဘက်သို့ ပစ်မှီလဲချပစ်လိုက်တော့သည်။ မျက်လုံးသည်လည်း မပွင့်တဝက်ဖွင့်တဝက်ဖြင့်...ကြည့်လိုက်ရုံဖြင့်ပင် သူ ဘယ်လိုမှ နေရတာ အဆင်မပြေမှန်း သိသာလွန်းလှသည်။

ရှောင်းချင်းယန့်နှင့် တွေ့လိုက်ရကတည်းက ရှီချန်အန်းသည် ရှောင်းချင်းယန့်၏ဒဏ်ရာအား သတိထားစောင့်ကြည့်နေခဲ့သည်ဖြစ်လေရာ...ယခုလို ရှောင်းချင်းယန့် အဆင်မပြေ ဝေဒနာခံစားနေရချိန်တွင် ထပ်ပြောစရာမလိုအောင် ရှီချန်အန်း တန်းသိလိုက်သည် ဖြစ်သည်။ ယခုအချိန်လိုတွင် သူနှင့် ရက်အနည်းမျှသာ အတူရှိခဲ့သည့် မြင်းငယ်လေးအကြောင်း စဉ်းစားနိုင်ဖို့ အချိန်မရှိ။ ရှောင်းချင်းယန့်၏အခြေအနေ၊ နေရတာ သက်သာမသာကိုသာ စိုးရိမ်တကြီး မေးမြန်းဖို့အာရုံသာ ရှိတော့သည်။

"ဘာမှမဖြစ်ဘူး...စိတ်ပူစရာ မလိုဘူး...မင်း အခုထိ ငါ့ကို မပြောပြရသေးဘူး...မင်း ခုနကစကား ပြောလို့မပြီးသေးဘူး..."

ရှောင်းချင်းယန့် သူ၏မပွင့်တဝက်မျက်လုံးအား ပင့်ကာ ရှီချန်အန်းအား ကြည့်လိုက်သည်။ ရှီချန်အန်း၏ကိုယ်ပေါ်သို့ကျရောက်လာသည့် ထိုအကြည့်သည် သူ ရှီချန်အန်းအား မေးနေသည်မှာ ဒီအတိုင်း ဘာရယ်မဟုတ် မေးလိုက်သည်မဟုတ်ဘဲ...အမှန်တကယ် သိချင်လွန်း၍မေးနေသည်ဖြစ်ကြောင်းအား ဖော်ပြနေလေသည်။

ရှောင်းချင်းယန့်သည် ယခုလို သူ၏ကိစ္စအား ဇွဲမလျော့တမ်း ဆက်မေးနေမည်ဟု သူ လုံးဝ ထင်မထားခဲ့။ ထို့အပြင် ထိုမြင်းငယ်လေးအား သူကိုယ်တိုင်လည်း တကယ်သဘောကျခဲ့သည်ဖြစ်လေရာ...ရှီချန်အန်းလည်း ဖုံးကွယ်မနေတော့ဘဲ...သူနှင့် ရှောင်းချင်းနျဥ့်တွေ့သည့်အချိန်မှစ၍ လမ်းတလျှောက် အဖြစ်အပျက်အားလုံးတို့အား ပြန်ပြောပြလိုက်သည်။

"ဘာမှမဖြစ်ဘူး...ပြန်ရောက်တဲ့အချိန်ကျရင် ငါ မင်းကို ဒီထက်ပိုကောင်းတဲ့မြင်း ရွေးပေးလို့ရတယ်...ရှောင်းချင်းနျဥ့်ကတော့.....နောက်တခါ သူ့ကို တွေ့ရင် ဘာမှအားနာနေစရာမလိုဘူး...မဟုတ်သေးဘူး...နောက်တခါတွေ့ရင်ကို မဟုတ်သေးဘူး...ပြန်ရောက်လို့ ဖခမည်းတော်ရှေ့မှာလဲ ဖြစ်သမျှ အမှန်အတိုင်းပဲပြော..."

"အင်း...ဒါပေမယ့် အရှင်မင်းသား...အဲ့ဒီအချိန်တုန်းက ကျွန်တော့်နားမှာ ဒုတိယမင်းသားနဲ့ သူ့နောက်လိုက်နှစ်ယောက်ကလွဲရင် ဘယ်သူမှရှိတာ မဟုတ်ဘူး...ကျွန်တော်က ဘာပဲပြောပြော.....အပြင်လူလေ...အရှင်မင်းကြီးက ဒုတိယမင်းသားနဲ့ပတ်သက်ပြီး ကျွန်တော်ပြောတဲ့ တဖက်သတ်စကားကို ယုံကြည်ပေးပါ့မလား...ပြီးတော့...အဲ့ဒီအချိန် ဒုတိယမင်းသားကလဲ ငြိမ်မနေဘဲ ပြန်ပြောမှာပဲ...အဲ့ဒါဆိုရင် ကျွန်တော်ကပဲ ဒုတိယမင်းသားကို အပြစ်တင်ချောက်တွန်းသလိုဖြစ်ပြီး...အရှင်မင်းကြီးကို ဒေါသထွက်အောင်လုပ်ရာမကျဘူးလား...အဲ့ဒီအချိန်ကျရင် အရှင်မင်းသားအပေါ်မှာရော တစုံတရာ ထိခိုက်မှု ဖြစ်မလာနိုင်ဘူးလား..."

"ဟင်း...ပန်ဝမ်က မင်းကို ဒါလုပ်ပါလို့ အမိန့်ပေးလိုက်ရင်...မင်း အဲ့ဒါပဲ လုပ်လိုက်ရင်ရပြီ...ဘာကိစ္စ အကြောင်းပြချက်တွေ များနေရတာလဲ..."

'နောက်ဆုံးတော့ အပြင်လူပဲ'.....ဟုတ်လား...။ တကယ်ပဲ ဖခမည်းတော်က သူ့စိတ်ထဲမှာ အဲ့ဒီလိုတွေးနေမယ်ဆိုရင်တောင်...အများသူငါ လူတွေအရှေ့မှာ သူ့အတွေးတွေကို ဘယ်တော့မှ ချပြမှာမဟုတ်ဘူး...။

“အွန်း...” 

ရှီချန်အန်းသည် ဘယ်တုန်းကမှ ရှောင်းချင်းယန့်နှင့် စကားအများကြီးပြောရဲခဲ့သည်မဟုတ်...။ ဒါပေမယ့် အခုရက်ပိုင်းအတွင်း သူနှင့် ရှောင်းချင်းယန့် အနည်းငယ် ရင်းနှီးလာသယောင်ရှိခဲ့သည်မို့...ယခုလို သူ့စိတ်ထဲက အတွေးတချို့အား ပြောပြရဲခြင်းဖြစ်သည်။ သို့ပေမယ့်... ယခုလို ရှောင်းချင်းယန့် ဒေါသထွက်လာသည့်အချိန်တွင်တော့...သူ ဘာမှ စကားအများကြီး ထပ်မပြောချင်တော့ပေ။ သူပြောတဲ့အတိုင်း နားထောင်လိုက်ရင် ပြီးတာပဲ...။

ရှောင်းချင်းယန့်အား ကတိပေးပြီးသည်နှင့် ရှီချန်အန်းသည် နောက်ထပ် စကားထပ်မဆိုတော့။ ရုတ်တရက် ရှောင်းချင်းယန့်ထံမှ ချောင်းခပ်အုပ်အုပ်ဆိုးသံ ထွက်လာချိန်တွင်တော့...စောစောက ရေဘူးအိတ်အား အလျင်အမြန် ကောက်ယူလိုက်ပြီး... ရှောင်းချင်းယန့်အား လည်ချောင်းရှင်းသွားစေဖို့ ရေတငုံလောက်တိုက်ရန် ပြင်လိုက်သည်။ ထင်မှတ်မထားစွာပင်.....ရှောင်းချင်းယန့်မှ ရုတ်တရက်ကြီး သူ့အား တားမြစ်လိုက်သည်။

"မင်းကို ပြောဖို့ မေ့သွားတယ်...ဒီရေဘူးထဲကရေက သောက်လို့မရဘူး...ပြီးတော့ ရေဘူးဖုံးကိုလဲ သွားမဖွင့်နဲ့..."

ရှောင်းချင်းယန့်၏လေသံသည် အတော်ပင် လေးနက်လွန်းလှသည်။ အလွန်တရာ အရေးကြီးလှသောတာဝန်ကြီးတရပ်အား ညွှန်ကြားနေသကဲ့သို့ပင်။ သို့သော် ထိုသည်ကပင် ရှီချန်အန်း၏ရင်ထဲတွင် အနည်းငယ် မွန်းကြပ်သွားစေသကဲ့သို့ အံ့အားသင့်ထူးဆန်းမှုတချို့အားလည်း နှိုးဆွဖြစ်ပေါ်စေခဲ့သည်။ ရှောင်းချင်းယန့်သည် မမျှော်လင့်ဘဲတွေ့ရတာ ယခုမှ နှစ်ခါပဲရှိသေးသည့်အမျိုးသမီးတဦးပေါ်တွင် ဤမျှလောက်ပင် အလေးအနက်ထားနေလေသည်။ ထိုအမျိုးသမီး၏ရုပ်ရည်သည် နတ်သမီးသမျှလှပချောမောသည်မှာ အမှန်ပင်ဖြစ်သော်ငြား...သူ့အနေနဲ့ပြောရလျှင် ထိုသူမနှင့်ဆုံရသည့်နှစ်ကြိမ်စလုံးသည် အလွန်သံသယဖြစ်စရာကောင်းလှသည်။ သူတို့အနေဖြင့် ထိုအမျိုးသမီးနှင့်ပတ်သက်၍ ဘာမှမသိရသေး။ ထိုအချိန်မျိုးတွင် ရှောင်းချင်းယန့်မှ သူမအပေါ်တွင် ဤမျှလောက်သော အလေးအနက်ထားသောသဘောထားရှိနေသည်မှာ.....။

“မင်း...ငါပြောတာ ကြားတာလား မကြားတာလား...ငါပြောနေတယ်လေ...မင်း ဘာတွေတွေးနေတာလဲ...”

“အင်း...ကျွန်တော် နားလည်ပါပြီ...” 

ဝမ်ရယ် သဘောကျတဲ့အရာတွေနဲ့ပတ်သက်ပြီး...သူက ဘယ်နားမှာ ဘာလုပ်နိုင်မှာမို့လို့လဲ...။

ရှောင်းချင်းယန့် ခန့်မှန်းထားခဲ့သလိုပင်...သူတို့နှစ်ဦး သိပ်ကြာကြာမစောင့်လိုက်ရ။ ခန့်မှန်းခြေ ရှီချန်တဝက်လောက်ခန့်အချိန်တွင် (တစ်နာရီလောက်)...သူတို့အားလိုက်ရှာနေသည့် ရဲမက်များ၏အသံအား ကြားလိုက်ရသည်။ ရှီချန်အန်းသည် သူတို့နှစ်ဦး လုပ်ကြံခံရသည့်ကိစ္စပေါ်တွင် ထူးထွေပြီး မအံ့ဩမိသည်မှာ အမှန်ပင်ဖြစ်သော်လည်း အနည်းနှင့်အများတော့ ကြောက်မိသည်သာ။ ယခုလို ရဲမက်များ၏အသံအား ကြားလိုက်ရသည့်အချိန်တွင်တော့ သူ၏ရင်ဘတ်ထဲတွင် တစ်ဆို့နေသောအလုံးကြီးလည်းကျသွားသလို...သူ၏မျက်နှာထက်တွင် စိတ်လှုပ်ရှားပျော်ရွှင်မှုအပြည့်တို့ဖြင့် အသံကျယ်ကျယ်ဖြင့်ပင် စကားပြောမိတော့သည်။

"အရှင်မင်းသား...သူတို့ ရောက်လာကြပြီ...ကျွန်တော်တို့ကို ကယ်မယ့်သူရှိပြီ..."

“အင်း...” 

အရူးတယောက်လိုပဲ ပြုံးနေလိုက်တာများ...။ အစောကြီးကတည်းက ဝူရန်ဝူယိတို့ သေချာပေါက် လာကြိုမှာပါလို့ ပြောထားရက်နဲ့...။

နောက်ဆုံးတော့ ရှောင်းချင်းယန့်တယောက် ပြုံးလာခဲ့သည်အား မြင်ပြီးနောက်တွင်...။ ထိုသည်အားကြည့်ပြီး ရှီချန်အန်း တယောက်တည်း စိတ်ထဲတွင် ကြိတ်ပြီးပြုံးမိသေးသည်။ ခုနကတော့ တချိန်လုံး လုံးဝမကြောက်တဲ့ပုံကြီးနဲ့...။ လက်စသတ်တော့ စိတ်ထဲမှာ ကြောက်နေသေးတာပဲကိုး...။ အင်း...အခုတော့ ပျော်သွားနိုင်ပြီပေါ့လေ...။

*(T/N: တယောက်ထဲ ကိုယ့်အတွေးနဲ့ကိုယ် ကယ်လ်ဆမ်ကွေကာသောက်နေ၍ မိမိအား အရူးလေးဟုမြင်ကာ ပြုံးနေမှန်း မသိသေးသော ချန်အန်း...😅)

သူတို့နှစ်ဦးနှင့် သူတို့အား ရှာတွေ့သောကိုယ်ရံတော်ရဲမက်အုပ်စုတို့ ဧကရာဇ်မင်းကြီး စံမြန်းရာ အမဲလိုက်အခြေချစခန်းသို့ ပြန်ရောက်ချိန်တွင်...မြေပြင်တွင် ဒူးထောက်လျက်ရှိနေသောလူအချို့အား တွေ့လိုက်ရသည်။ ထိုလူစုထဲတွင် တော်ဝင်ကိုယ်ရံတော်ဝတ်စုံ ဝတ်ဆင်ထားသောလူများလည်း ပါသလို၊ တကိုယ်လုံး အနက်ရောင်ဝတ်စုံဖြင့်သောလူတချို့တလေလည်း ရှိသေးသည်။ ထိုသူတို့သည် သူ စောစောကတွေ့လိုက်ရသည့်အဲ့ဒီလူတွေပဲ ဖြစ်ရမည်ဟု ရှီချန်အန်း တွေးမိလိုက်သည်။

"ဖခမည်းတော်...သားတော် မသိတတ်ဘူး...ဖခမည်းတော်ကို စိတ်ပူပန်စေမိပြီ..."

ရုတ်ချည်းဆိုသလို ရှောင်းချင်းယန့်သည် လူအများ၏အာရုံစိုက်ရာဖြစ်လာခဲ့သည်မှာတော့ ပြောစရာမလိုတော့။ အရှင်မင်းကြီးမှ ဘာစကားမှ မဆိုရသေး...ရှောင်းချင်းယန့်မှ ဦးစွာ အရှင်မင်းကြီးထံ မိမိကိုယ်ကို အပြစ်တင်ဝန်ခံလိုက်သောကြောင့်ပင်။ ဒါပေါ့...အရှင်မင်းကြီးအနေဖြင့် ရှောင်းချင်းယန့်အား အပြစ်ပေးစရာ ဘာအကြောင်းမှမရှိပေ။ သို့ပေမယ့်...မျက်မှောင်တချက်ကြုံ့ကာ အချိန်ဆိုင်းတွခြင်းမရှိဘဲ ဘေးနားမှလူများအား အမိန့်ပေးလိုက်သည်။ 

"အခုအချိန်မှာ ဒါတွေပြောနေရမှာ မဟုတ်ဘူး...လာကြစမ်း...အခုချက်ချင်း ရှန်ဝမ်ရဲ့ဝေါယာဉ်ကို ပြင်လိုက်...ရှန်ဝမ်ကို အိမ်တော်ပြန်ပို့ပေးပြီး...တော်ဝင်သမားတော်ကိုပါ တခါတည်း အတူလိုက်သွားခိုင်းလိုက်...ဒီဒူးထောက်နေတဲ့သူတွေကတော့.....အားလုံးကို ခေါင်းဖြတ်စေ..."

ဧကရာဇ်မင်းကြီး၏မျက်နှာထက်တွင် ဘယ်လောက်ဒေါသထွက်နေသည်အား အထင်းသား မြင်တွေ့နိုင်သည်။ သိထားရမည်မှာ...ဧကရာဇ်မင်းကြီး အပြင်ထွက်၊ တိုင်းခန်းလှည့်သည့်အချိန်တိုင်း အရေအတွက်များပြားလှစွာသော ကိုယ်ရံတော်ရဲမက်များ အတူ လိုက်ပါစောင့်ရှောက်ကြသည်သာ။ ယခု အမဲလိုက်ပွဲကျင်းပရာကွင်းပြင်တွင်လည်း ပွဲမစခင်ကပင် ကြိုတင်၍ လူသူပစ္စည်း သေချာစွာ အထပ်ထပ် စစ်ဆေးပြင်ဆင်ထားပြီးသားပင်။ ရှင်းရှင်းပြောရလျှင်...လွန်ခဲ့သောရက်များစွာကပင် ဤနေရာအား လုံခြုံရေး အထပ်ထပ်အခါခါ ချထား၍ စစ်ဆေးထားတာဖြစ်သည်။ ထိုမျှ လုံခြုံရေး တင်းကြပ်စွာ ချထားစောင့်ကြည့်နေကောမူ...လုပ်ကြံသူများသည် ထိုကြားထဲမှ ရအောင် ထိုးဖောက်ဝင်ရောက်လာနိုင်ခဲ့သေးသည်။ အတိုချုံးပြောရရင်...ဒါဟာ သူတို့ တာ့ရှောင်းတော်ဝင်မိသားစုအားလုံး ရန်သူရဲ့ဓားအောက် လည်စင်းပေးလိုက်တာနဲ့ မတူဘူးလား...။ ဘယ်လောက် ထိတ်လန့်ကြောက်မက်ဖွယ်ကောင်းလိုက်သလဲ...။

"အရှင်မင်းကြီးကလဲ...ရှန်ဝမ်ကိုပဲ ဂရုစိုက်မနေနဲ့ဦး...ရှန်ဝမ်ဖေးကြည့်ရတာလဲ ဒဏ်ရာတွေဘာတွေ ရထားတဲ့ပုံပဲ...မဟုတ်မှလွဲရော...ရှန်ဝမ်ဖေးပါ လုပ်ကြံသူတွေနဲ့ ကြုံခဲ့တာများလား..."

ဧကရာဇ်မင်းကြီး ဒေါသထွက်နေချိန်တွင်...ထိုမိုးမသိမြေမသိ အကြောက်တရားကင်းသည့် ကျိုးကွေ့ဖေးမှတပါး ဘယ်သူမှ ဝင်ရောက်စကားပြောဆိုရဲခြင်းမရှိပေ။

ရှောင်းချင်းကျန်သည် ရှောင်းချင်းယန့် ပြန်ရောက်ကတည်းက သူ့အနား ရောက်နှင့်နေပြီးဖြစ်သည်။ သူ၏မယ်တော့်စကားအား ကြားပြီးချိန်တွင်တော့ ရှီချန်အန်းအား ချက်ချင်း အကဲခတ်ကြည့်လိုက်သည်။ ရှောင်းချင်းကျန်၏ အကဲခတ်အမေးမျက်လုံးများအောက်တွင် မျက်နှာခပ်ရဲရဲဖြင့် ရှောင်းချင်းယန့် ပြောထားသည့်အတိုင်း ဖြစ်ပျက်ခဲ့သမျှအား ပြန်ပြောပြလိုက်သည်။

"ဒုတိယမင်းသားက ကျွန်တော်ကို နောက်ပြောင်ချင်လို့ လုပ်လိုက်တာပဲဖြစ်ပါလိမ့်မယ်...ချန်အန်း မြင်းစီးနိုင်တာကိုတွေ့တော့...ချန်အန်းရဲ့ မြင််းကောင်းကောင်းမစီးတတ် မြှားမပစ်တတ်ဆိုတဲ့စကားကို သူလဲ အတည်မယူမိလိမ့်တာ ဖြစ်ပါလိမ့်မယ်...ပြီးတော့...အခုလို လမ်းတဝက်မှာ လုပ်ကြံသူတွေနဲ့တွေ့တယ်ဆိုတာကလဲ...ဒုတိယမင်းသားက ဖြစ်ပါစေလို့မျှော်လင့်ထားတာ မဟုတ်လောက်ပါဘူး...ချန်အန်းရဲ့ ကုသိုလ်ကံမကောင်းလို့ ဖြစ်ရတာပါ...ဒီကိစ္စတွေက ဒုတိယမင်းသားနဲ့ ဘာမှ မသက်ဆိုင်ပါဘူး..."

ရှီချန်အန်း၏စကားတို့တွင် သေချာနားထောင်ပါမှ ဒုတိယမင်းသားမှ သူ့အား ဤအခြေအနေသို့တွန်းပို့ခဲ့သည်ဟု မသိမသာစွပ်စွဲပြောဆိုနေသည်အား တွေ့ရမည်ဖြစ်သော်လည်း...ကိစ္စအားလုံးတို့သည် လုံးဝ ဒုတိယမင်းသား၏တာဝန်သာမဟုတ်ဟူ၍လည်း အခိုင်အမာပြောဆိုနေပြန်သေးသည်။ ထိုသို့ပြောမှသာလျှင် အရှင်မင်းကြီးမှ သူ့အား အပြစ်တင်ရန် အကြောင်းပြချက်မရှိတော့မည်ဟု သူ တွေးမိသောကြောင့်ဖြစ်သည်။

*(T/N: မပြောဘဲနေရင်လဲ မြင်းမစီးတတ်ဘဲ တောထဲလျှောက်သွားတယ်၊ ပြောပြန်ရင်လဲ သူ့သားတော်နဲ့ ယှဉ်ပြောသလိုဖြစ်နေပြန်ရော...။ သူ့ဘာသာသူသိတယ်... မင်းကြီးက သူ့ကို မကြည်ဘူးဆိုတာကို...။)

ထင်သည့်အတိုင်းပင်...။ ရှီချန်အန်း၏စကားဆုံးသွားသည်နှင့် ဧကရာဇ်မင်းကြီးသည် သူ၏ဘေးတွင်ရှိနေသော ဒုတိယမင်းသားအား မကြည်ကြည့်တချက်ကြည့်လိုက်သည်။ ထို့နောက် ရှီချန်အန်းအား နှစ်သိမ့်စကား အနည်းငယ် ပြောပြီးသည်နှင့် သူတို့နှစ်ဦးအား အိမ်တော်သို့ အမြန် ပြန်ပို့လိုက်ရန် အမိန့်ပေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်တွင် သူတို့နှစ်ဦး၏ဒဏ်ရာများအား အရင်ကုသပေးရန်မှာ အရေးကြီးဆုံးပင် မဟုတ်ပါလား။

အိမ်တော်သို့ အပြန်လမ်းတွင်...ရှီချန်အန်းသည် ရှောင်းချင်းယန့်အား တခါပြီးတခါ ခိုးခိုးကြည့်မိသည်။ သူ စောစောတုန်းက အရှင်မင်းကြီးထံတွင် တိုင်တန်းပြောဆိုခဲ့သည်မှာ မှန်သော်လည်း ရှောင်းချင်းယန့် ပြောခိုင်းသည့်အတိုင်း မလိုက်နာဘဲ ဖြစ်ပျက်ခဲ့သည်အား အားလုံး အမှန်အတိုင်းပြောပြခဲ့တော့ မဟုတ်သေးပေ။ သူများ စိတ်ဆိုးနေမလား မသိဘူး...။

"မင်းက ပန်ဝမ်ရဲ့ ဝမ်ဖေးပဲ...မင်းကြည့်ချင်ရင် ပန်ဝမ်ကို ပေါ်ပေါ်ထင်ထင် ကြည့်လို့ရတယ်..."

“..…”

သိသွားတာလား...။ ဒါပေမယ့် သူ ဒီလောက်ထိ သတိထားနေတာကို.....။ ရှောင်းချင်းယန့် တချိန်လုံး မျက်လုံးမှိတ်ထားတာ ရှီချန်အန်း သေချာ မြင်နေရတာပဲ။ ဒါကို သူက ဘယ်လိုလုပ်ပြီး... သူက(XCA) သူ့ကိုကြည့်နေတယ်ဆိုတာ သိနေတာလဲ...။

ရှောင်းချင်းယန့်သည် တကယ်တမ်းတော့ မျက်စိမှိတ်ကာ အနားယူနေတာသာ ဖြစ်သည်။ တခါတည်း အိပ်ပျော်သွားသည် မဟုတ်ပေ။ အဲ့ဒီဘေးကလူရဲ့အကြည့်တွေက သူ၏ အနည်းငယ်မျှသာ မှေးမှိတ်ထားသောမျက်စိ မြင်ကွင်းထဲသို့ ဝင်ဝင်လာနေသည်ပဲဖြစ်သည်။ သူ(XCA) ဘာစဉ်းစားနေတာလဲ...သူ(XQY)သိတာပေါ့...။ ဒါပေမယ့်...ရှောင်းချင်းယန့်စိတ်ထဲ ဘယ်လိုမှ စဉ်းစားလို့မရတာ တခုရှိသည်။ သူ စောစောကပြောခဲ့တဲ့စကားတွေကမှ ရှောင်းချင်းနျဉ်ရဲ့အပြစ်ကို တခါတည်းပြောလိုက်သည်ထက် ပိုဆိုးသွားစေတယ်ဆိုတာကို.....အဲ့ဒီအရူးက တကယ်ပဲ မသိဘူးလား...။

XXXXX

PREVIOUS << TOC >> NEXT

No comments:

Post a Comment

Support My Translations