အပိုင်း (၂၅)
ထိုညက ရှီချန်အန်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့လေသည်။ ထို့ကြောင့် နောက်တနေ့...သူ ရှောင်းချင်းယန့်၏ရင်ခွင်ထဲတွင် အိပ်လျက်သားရှိနေသည်အား တွေ့လိုက်ရချိန်တွင်တော့ သူ့ကိုယ်သူ ဘယ်လိုမှ နားမလည်နိုင်ပေ။ ရှောင်းချင်းယန့်ရဲ့ကိုယ်က သူ့ထက်ပိုပြီး အနွေးဓာတ်ရှိနေလို့များလား...။ အဲ့ဒါမို့လို့ သူ အိပ်ပျော်သွားတဲ့အခါ မသိလိုက်ဘဲ အနွေးဓာတ်ရှိပြီး ပိုနွေးတဲ့နေရာဆီ တိုးသွားမိတာလား...။
ရှီချန်အန်းသည် ဘယ်တုန်းကမှ ရှောင်းချင်းယန့်၏မျက်နှာအား အသေးစိတ် သေချာစွာ မကြည့်ရဲခဲ့ပေ။ သူအတွက်တော့ ရှောင်းချင်းယန့်သည် အလွန် ချောမောခန့်ညားသည့်သူ ဖြစ်သည်ဟူ၍သာ သိထားသည်။ တကယ်တမ်းတော့ မျက်နှာတခုတည်းသာ မဟုတ်။ ရှောင်းချင်းယန့် တကိုယ်လုံးအားဖြင့်လည်း ထိုပုံစံသည် သူ သဘောကျသော၊ သူ အရွယ်ရောက်လာလျှင်ဖြစ်ချင်ခဲ့သောပုံစံလည်း ဖြစ်သည်။ မြင့်မားသောအရပ်အမောင်း၊ ရှည်လျားသန်မာသော ခြေအစုံ၊ ထိုးဖောက်မရနိုင်သည့် သံတံတိုင်းသဖွယ် တောင့်တင်း ကျယ်ဝန်းသော ကျောပြင်နှင့် ပခုံးကျယ်ကြီး...။ ထိုကဲ့သို့သောသူတဦးမှသာ ရဲဝံ့ဝင့်ကြွားစွာ လှံရှည်ကြီးအား မြှောက်ဝင့်ဝှေ့ယမ်းနေမည့် သူရဲကောင်းဆန်သည့်ပုံရိပ်တခုအား ရှီချန်အန်း စိတ်ကူးထဲ မြင်ယောင်ကြည့်မိလိုက်သည်နှင့် သူ့အား စိတ်ကူးထဲတွင် အချိန်တခုအထိတော့ အားတက်တရော ပျော်ရွှင်မိစေသေးသည်။ သို့သော် ထိိုစိတ်လှုပ်ရှားမှုမှာ အချိန်တခုထိသာခံလိုက်ပြီး ပူဆွေးနောင်တအဖြစ်သို့ ပြောင်းလဲသွားလေသည်။ သူ့ခန္ဓာကိုယ်က အရမ်းကို သေးညှက်လွန်းနေတယ်... နောင် သူ လေ့ကျင့်ခန်းများများလုပ်ရင်တော့ ဒီထက်ပိုပြီး တိုးတက်လာနိုင်မလား မသိဘူး...။
“ဟင်းးး...”
“ဘာလဲ...ပန်ဝမ်က မင်း စိတ်အလိုမကျစေဘူးလား...”
နေရတာ မသက်သာလှသဖြင့် ရှောင်းချင်းယန့်သည် အစောကြီးကတည်းကပင် နိုးနှင့်နေပြီ။ သူ့အား ရှီချန်အန်းမှ တချိန်လုံး စိုက်ကြည့်နေသည်အား သိချိန်တွင်တော့ သူ ဘာအသံမှမပြုသေးပေ။ ဘယ်သူသိမှာလဲ...အဲ့ဒီလူက သူ့ကို တနေကုန်လောက်အောင် စိုက်ကြည့်ပြီးတာနဲ့ လုပ်လိုက်တာက သက်ပြင်းရှည်ကြီး ချလိုက်တာတဲ့လား...။
ရှောင်းချင်းယန့် နိုးနေလိမ့်မယ်လို့ လုံးဝ မတွေးထားခဲ့ဘူး...။ ပြီးတော့ သိနေတာလား... သူ တချိန်လုံး သူ့ကို.......။ သူ ပေါ်တင်ကြီး ခိုးကြည့်နေသည်အား ကာယကံရှင်ထံတွင် လူမိသွားသောအခါ...ရှီချန်အန်း လန့်သွားပြီး မိမိကိုယ်ကို တဖက်ခြမ်းသို့ ရုတ်တရက် လှည့်လိုက်မိရင်း အလျင်အမြန်လည်း ဖြေရှင်းချက်ပေးလိုက်ရသည်။
"မဟုတ်...မဟုတ်ပါဘူး...ကျွန်တော် ခုနကတွေးနေတာက...ကျွန်တော်နဲ့ အရှင်မင်းသားကြားမှာ ကွာခြားချက်တွေ အရမ်းများတာပဲလို့ပါ...အရှင်မင်းသားကို မခန့်ညားဘူးလို့...မတွေးမိပါဘူး....အရှင်မင်းသားက အရမ်းကြည့်ကောင်းပြီး ခန့်ညားတဲ့သူပါ...စတုတၳမင်းသားထက်တောင် ပိုခန့်ညားသေးတယ်..."
သူ့ရဲ့(ရှောင်းချင်းယန့်) ရုပ်ရည်သွင်ပြင်နှင့် ပတ်သက်ပြီး မိမိက (ရှီချန်အန်း) အလိုမကျဖြစ်သည်၊ သဘောမကျဖြစ်နေသည်ဟု မိမိအား အထင်လွဲသွားသည် ထင်သည်။ ဒါဆိုလဲ သူ့အနေနဲ့(ရှီချန်အန်း) သူက(ရှောင်းချင်းယန့်) ဘယ်လောက်တောင် ခန့်ညားချောမောကြောင်း ပိုပိုသာသာပြောပေးလိုက်တာပေါ့...။ ပြီးတော့...ပြီးတော့ သူကလဲ လိမ်ပြီးပြောနေတာမှ မဟုတ်တာ...။ ရှောင်းချင်းယန့်က နဂိုကတည်းက အရမ်းချောမောခန့်ညားတဲ့သူပဲဥစ္စာ...။
ရှီချန်အန်း၏စကားများအား ရှောင်းချင်းယန့် အလုံးစုံ နားမလည်သော်ငြား သူ့အား စိတ်ကျေနပ်စေတာတော့ အမှန်ပင်။ အနည်းဆုံးတော့ ရှီချန်အန်း၏ပါးစပ်ဖျားမှ ထွက်လာသည့် 'အရမ်းကြည့်ကောင်း ခန့်ညားသည်'ဟူသော အသံသည် နားထောင်ရသလောက်တော့ အလိမ်အညာစကားတော့ ဟုတ်ဟန်မတူ...။ ဒါပေမယ့်... သူက ငါရဲ့ နှိုင်းယှဉ်လို့မရအောင် ကွာခြားချက်တွေများလွန်းတယ်ဆိုတာ ဘာအဓိပ္ပါယ်များလဲ.....။
"ဝမ်ရယ်...ကျွန်တော် အရင်က မမျှော်လင့်ဘဲ ဆေးစာအုပ်တအုပ်ရပြီး ဖတ်ဖူးထားတယ်...အဲ့ဒီထဲမှာ အရမ်းထူးဆန်းတဲ့ ဆေးတမျိုးကို ဖော်ပြထားတယ်...တကယ်လို့ လူက ဒဏ်ရာရပြီး အဲ့ဒီဒဏ်ရာပေါ်မှာ အဲ့ဒီဆေးသာ လိမ်းပေးထားလိုက်မယ်ဆိုရင်...အဲ့ဒီလူက ဘယ်လိုနာကျင်မှုမျိုးကိုမှ မခံစားရတော့ဘူးတဲ့...ဒါပေမယ့် လုံးဝသက်သာဖို့ကတော့ အချိန်တခုတော့ ပေးရမယ်...အချိန်အတိုဆုံးကတော့ သုံးရက်တဲ့..."
ထိုဆေးစာအုပ်သည် လွန်စွာဟောင်းနွမ်းစုတ်ပြဲနေပြီး ဖုန်အလိပ်လိပ်ချေးအထပ်ထပ်ဖြင့်ပင်...။ ရေးထားသည့်စာများပင် သေချာစွာမမြင်ရတော့ဘဲ မှင်ပျံ့နေသဖြင့် ဝေဝေဝါးဝါး အထပ်ထပ်ပင် ဖြစ်နေလေပြီ။ ရှီချန်အန်း၏အမြင်အား ပြောရလျှင် ထိုဆေးစာအုပ်သည် ယခင်မင်းဆက်ကာလမှ ဆင်းသက်ကျန်ရစ်ခဲ့သည့်စာအုပ်ပင် ဖြစ်ရမည်။ ထို့ကြောင့်သာ အနှီဆေးစာအုပ်အနေဖြင့် ၎င်းအခြေအနေသို့ ရောက်သွားရဟန်ဖြစ်ပေမည်။
တာ့ရှောင်းတိုင်းပြည်ကြီးတည်ဆောက်၍ တာ့ရှောင်းမင်းဆက် စိုးစံအုပ်ချုပ်လာခဲ့သည်မှာ နှစ်ရာပေါင်းများစွာပင် ကြာရှည်ခဲ့ပြီဖြစ်သည်။ သူ၏ရှေ့မှမင်းဆက်သည်လည်း တဖြည်းဖြည်း အချိန်ရွေ့လျားစီးမျောသွားခဲ့သည်နှင့်အမျှ မိုးအောက်မြေပြင်တခွင်ရှိ ပြည်သူအများ၏မေ့လျော့ခြင်းအား ခံခဲ့ရပြီဖြစ်သည်။ တရံရောတခါ အခါသင့်ပါလေမှ၊ သို့တည်းမဟုတ် အချင်းအကြောင်းအရာ တိုက်ဆိုင်ပါလေမှ ဒဏ္႑ာရီပုံပြင်များအဖြစ်ဖြင့် ပြည်သူကြားထဲတွင် ကြိုကြားကြိုကြား ထွက်ပေါ်လာခြင်းအပြင် မရှိတော့ပေ။ ရှီချန်အန်းသည်လည်း ထိုအရင်မင်းဆက်၏ဒဏ္႑ာရီပုံပြင်များထဲမှ အချို့တလေကို ကြားဖူးထားခဲ့ခြင်းသာ ရှိလေသည်။
ဒဏ္႑ာရီများအရ...ယခင်မင်းဆက်လက်ထက်တွင် အလွန်အစွမ်းထက်လှသော နတ်ဆေးသမားတော်တဦး ပေါ်ထွန်းခဲ့လေသည်။ ထိုနတ်ဆေးသမားတော်၏ ထက်မြက်လှသောဆေးစွမ်းတို့ဖြင့် စမ်းသပ်သုတေသနပြုလုပ်ပြီးသကာလ လူ၏ခန္ဓာကိုယ်အား ထုံထိုင်းစေ၍ အာရုံခံစားမှုကင်းမဲ့အောင် လုပ်နိုင်စွမ်းရှိသည့် ဆေးတမျိုးအား ဖော်စပ်နိုင်ခဲ့လေသည်။ ထိုဆေးအား သောက်သုံးပြီးချိန်တွင်တော့ ထိုလူ၏ခန္ဓာကိုယ်အား ရင်ကိုခွဲ၍ဝမ်းဗိုက်အား လှီးဖွင့်စေကာမူ...မည်သည့်နာကျင်မှုမျိုးကိုမှ ဝေဒနာခံစားနာကျင်စေခြင်းမရှိဟူသတည့်...။ နှမြောစရာကောင်းလှသည်မှာ...ထိုနတ်ဆေးသမားတော်တွင် သူ၏မျိုးရိုး ဆေးပညာအမွေဆက်ခံမည့်သူ တဦးတယောက်မျှ မရှိ၊ လက်ဆင့်ကမ်းခဲ့ပုံမပေါ်ခဲ့ပေ။ ထို့ကြောင့်... ယခုမျက်မှောက်အချိန်တွင် ထိုနတ်ဆေးသမားတော်၏ တသက်စာဆေးပညာအဖြာဖြာနှင့် တသက်တာစုစည်းရေးသားခဲ့သည့်ဆေးစာအုပ်အထွေထွေတို့သည် သူနှင့်အတူ မြေအောက်သို့မြှုပ်နှံဂူသွင်းခြင်းခံရကာ သူ့အား တမလွန်ဘဝတိုင်အောင် အဖော်ပြုဖြတ်သန်းနေသည့်အဖြစ်သို့ ရောက်ရှိသွားလေတော့သည်။
“မလိုဘူး...ဒဏ်ရာအသေးလေးပဲဥစ္စာ...”
ရှောင်းချင်းယန့် ရှီချန်အန်းပြောနေသည့်အရာမှာ မည်သည့်ဆေးဖြစ်ကြောင်းသိသည်။ ထိုဆေးသည် 'မာဖေ့ဆန့်'*ပင် ဖြစ်ရမည်။ သို့သော်... နှမြောစရာကောင်းလှစွာပင် တခုသောနှစ်တနှစ်တွင် ထိုဆေး၏ဖော်စပ်နည်းသည်လည်း ယခင်မင်းဆက်နှင့်အတူ မီးပင်လယ်အတွင်းတွင် မြှုပ်နှံခြင်းခံလိုက်ရပြီး ပျောက်ကွယ်သွားခဲ့ပြီဖြစ်လေသည်။
ရှီချန်အန်းသည် အဘယ်သို့အကြောင်းအားဖြင့် ထိုဆေးဝါးအကြောင်းအား သိလာခဲ့သည်အား ဆက်မစဉ်းစားတော့သလို... ရှောင်းချင်းယန့်၏ရင်ထဲတွင်လည်း ထိုကိစ္စအပေါ် မျှော်လင့်ချက်ထားနေခြင်းမရှိချေ။ ဤသို့ဖြင့် သူသည် ထိုဆေးကိစ္စအား ထူးထူးထွေထွေ အရေးမစိုက်ဘဲ သာမာန်ကာလျှံကာကိစ္စတရပ်အဖြစ် သတ်မှတ်ကျော်သွားလိုက်တော့သည်။
ရှီချန်အန်းလည်း အိပ်ရာထပြီးနောက် ရှောင်းချင်းယန့်နှင့်အတူ မနက်စာစားခဲ့သည်။ ထို့နောက် ယန်မောမော့တို့တတွေအား တချက်သွားကြည့်လေသည်။ အားလုံးပြီးချိန်တွင်တော့ ဝူရန် ဝူယိညီနောင်နှင့်အတူ မြင်းစီးလေ့ကျင့်ရန်သွားလေသည်။
ဤသို့ဖြင့် နောက်ဆုံးတွင် ဆောင်းရာသီအမဲလိုက်ပွဲနေ့သို့ ရောက်ရှိလာခဲ့သည်။ မင်ယွိနှင့် ချင်ရှင်းတို့အဖို့တော့ ရှောင်းချင်းယန့်တို့ အားလုံးအဆင်သင့်ပြင်ဆင်ပြီး၍ အိမ်တော်မှထွက်တော့မည့်အချိန်ကျမှသာ ဤနှစ်အတွက် ဆောင်းရာသီအမဲလိုက်ပွဲတော်ချိန် ရောက်နေမှန်းသိလိုက်ရတော့သည်။
"ဝမ်ရယ်...ဝမ်ရယ် ဘာဖြစ်လို့ ချန်ချယ့်ကို စောစောစီးစီး အကြောင်းမကြားရတာလဲ...အခုတော့ အားလုံး ထွက်ဖို့အချိန်ရောက်နေပြီဆိုတော့...ချန်ချယ့် ဘာမှပြင်ဖို့ဆင်ဖို့ မလုပ်နိုင်တော့ဘူးလေ..."
နှစ်စဉ် ဆောင်းရာသီအမဲလိုက်ပွဲတော်သည် ညီလာခံသဘင်တက်ရောက်ခွင့်ရှိသည့် အလယ်တန်း၊ အကြီးတန်း မှူးမတ်ဝန်ကြီးအပေါင်းသာမက...ထိုအမတ်အပေါင်းတို့၏အိမ်တော်ရှိ အရွယ်ရောက်ပြီး သားယောကျ်ားများပါ ပါဝင်ဆင်နွှဲလေ့ရှိသည်။ ထိုသည့်အပြင် အသီးသီးသော အမတ်များ၏ မင်းကတော်များ၊ သမီးကညာ သခင်မလေးများပင် ပါဝင်ဆင်နွှဲနိုင်သည့်ပွဲတော်တခုပင် ဖြစ်သည်။ မင်ယွိသည် သူမအသက် ဆယ့်နှစ်နှစ်ပြည့်ချိန်မှစ၍ ထိုပွဲတော်တွင် နှစ်စဉ် ဝင်ရောက်ဆင်နွှဲလေ့ရှိသူဖြစ်ရာ သူမအနေဖြင့် အဘယ်မှာ ဤနှစ်အတွက် ထိုပွဲတော်တွင် နောက်ကျန်ချန်ရစ် ခံနိုင်ပါအံ့နည်း။
“ဘာကိစ္စ မင်းကို အကြောင်းကြားရမှာလဲ...”
နှစ်စဉ် ဆောင်းရာသီအမဲလိုက်ပွဲတွင် အမျိုးသမီးများပါ အတူပါဝင်ဆင်နွှဲနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ သို့စေကာမူ ထိုအမျိုးသမီးများသည် ဘွဲ့ထူးရာခံ အထူးချီးမြှောက်ခြင်းခံထားရသည့် ဂုဏ်သရေရှိ အမျိုးသမီးများ၊ တတိယအဆင့်နှင့်အထက်ရာထူးရှိသော မှူးမတ်အိမ်တော်များမှ တရားဝင်ဇနီးသည် သခင်မကြီးများနှင့် ၎င်းတို့မှမွေးဖွားသည့် တရားဝင်တိသမီးများသာ ဖြစ်ရမည်ဟူသော ကန့်သတ်ချက်ရှိပေသည်။
“ညီမလေး...”
အတောမသတ်နိုင်စွာ မေးခွန်းဆက်ထုတ်နေသော မင်ယွိအား အလျင်အမြန်ပင် ဟန့်တားဆွဲယူလိုက်ရသည်။ ပြီးနောက် ချင်ရှင်းတယောက် ကိုယ်ကို ညွှတ်ကိုင်းအရိုအသေပေးရင်း ဝမ်ရယ်နှင့်ဝမ်ဖေးအား အိမ်တော်အပြင်သို့ လိုက်ပါပို့ဆောင်ပေးလိုက်သည်။ သူမသည် နဂိုကတည်းက မင်ယွိအား ဂရုစိုက်ချင်လှသည်မဟုတ်။ သို့သော် အခြေအနေအရတော့ မင်ယွိအား ဆွဲယူတားဆီးရန်အပြင် မတတ်နိုင်ခဲ့ပေ။
"ချင်ရှင်း... နင် ဒါ ဘာအဓိပ္ပါယ်လဲ... ဘာလုပ်ဖို့ ငါ့လာဆွဲနေရတာလဲ...ငါတို့ ဒီနေ့ မသွားလို့ရှိရင်...နောက်တခါ ပွဲတွေတက်ရရင် လူတွေကြား ခေါင်းမော့နိုင်တော့မှာ မဟုတ်ဘူး..."
"ညီမလေး... နောက်တခါ ငါတို့ ဘယ်တော့မှ ဂုဏ်သရေရှိ လူကြီးလူကောင်းတွေ မျက်နှာပြရတဲ့ဘယ်ပွဲမှ ပါဝင်တက်ရောက်ရတော့မှာ မဟုတ်ဘူး...ဘာလို့လဲဆိုတော့... အဲ့ဒီလူတွေက ငါ့တို့ကို ဘယ်တော့မှ ပွဲတက်ဖို့ ဖိတ်ကြားတော့မှာ မဟုတ်လို့ဘဲ..."
အဲ့ဒီတော့ သူတို့ အဲ့ဒီဂုဏ်သရေရှိအသိုင်းအဝိုင်းကြားထဲမှာ မျက်နှာရမှာတွေ၊ မျက်နှာပျက်ရမှာတွေက ဘာအရေးများ ပါတော့လို့လဲ...။ အခုကစပြီး သူမတို့ရင်ဆိုင်ကြုံတွေ့သွားရမှာက ဟောဒီမြို့တော်ကြီးတခွင်ရှိတဲ့ ဂုဏ်သရေရှိ အမတ်မင်းတို့ရဲ့ မင်းကတော်အသိုင်းအဝိုင်းကြားမဟုတ်ဘဲ...ဟောဒီဝမ်ရယ်အိမ်တော်ပေါ် အုပ်မိုးထားတဲ့ ကောင်းကင်တစိတ်တပိုင်းလောက်လေးပဲ.....။
မထင်မှတ်ထားစွာပင် ရှောင်းချင်းယန့်က သူ့အတွက် မြင်းလှည်းစီစဉ်ပေးထားသည်တဲ့။ သို့ဆိုသော်ငြား မထင်မှတ်ထားသည့်အခြေအနေတို့အတွက် ရှီချန်အန်းသည် ဝူရန်ဝူယိညီနောင်အား သူ၏မြင်းပုလေးပါ တပါတည်း ပြင်ဆင်ယူဆောင်လာခိုင်းလိုက်သည်။
နန်းတော်တွင်းမှ ထွက်ခွာလာသော တော်ဝင်မြင်းလှည်းများ၊ နန်းတော်ပြင်ပတွင်နေထိုင်ကြသည့် ဂုဏ်သရေရှိ တော်ဝင်အသိုင်းအဝိုင်းမှ မြင်းလှည်းများ၊ တော်ဝင်ညီလာခံတက်ရောက်ခွင့်ရ မှူးကြီးမတ်ရာ အိမ်တော်အသီးသီးမှ စီတန်းထွက်ခွာလာကြသည့် မြင်းလှည်းတန်းများသည် မြို့တော်တံခါးပြင်ပတွင် အစီအရီ အစုစုအဖွဲ့ဖွဲ့ဖြင့် ရောက်ရှိနေကြပြီးဖြစ်သလို လမ်းတလျှောက်တွင်လည်း ပြည့်ညက်စည်ကားနေလှတော့သည်။ ထိုသိုက်မြိုက်စည်ကားလှသောလမ်းတလျှောက်တွင် ရှီချန်အန်းအနေဖြင့် တလမ်းလုံး မြင်းလှည်းအတွင်း၌သာ ရှိနေခဲ့ရသဖြင့် အပြင်တွင် လိုက်ပါသွားလာနေကြသော လူအုပ်ကြီးသည် ဘယ်လောက်ကြီးမားများပြားလှသည်အား မသိသေးပေ။ အမဲလိုက်ကွင်းနေရာသို့ရောက်၍ မြင်းလှည်းပေါ်မှ ဆင်းလာသည့်အချိန်ကျမှသာ...လိုက်ပါပို့ဆောင်ကြသည့်တော်ဝင်ကိုယ်ရံတော်များအပါအဝင် ရှိရှိသမျှသော လူမြင်းအရေအတွက် စုစုပေါင်းသည် ထောင်ဂဏန်းပင် ကျော်လိမ့်ဦးမည်အား တွေ့လိုက်ရတော့သည်။
တော်ဝင်မိသားစုအတွက် ရွေးချယ်ထားသော အမဲလိုက်ပွဲ ကျင်းပမည့်နေရာသည် စင်စစ်အားတော့ တော်ဝင်နန်းမြို့တော်မှ ဆယ်မိုင်ခန့်သာကွာဝေးသည့် မြို့တော်၏ဆင်ခြေဖုံးနေရာတခုမျှသာ ဖြစ်သည်။ ထိုနေရာတွင် ကျယ်ပြန့် ပြန့်ပြူးသော လွင်ပြင်ကျယ်ကြီး ရှိလေသည်။ ထိုလွင်ပြင်ကျယ်ကြီးအား မျှော်ကြည့်လိုက်ပါက အဆုံးသတ်တွင် မိုင်ဆယ်ချီမကရှည်လျားသွယ်တန်းနေသည့် တောင်စဉ်တောင်တန်းကြီးတခု လဲလျောင်းပတ်ရံထားသည်အား မြင်တွေ့ရမည်ဖြစ်သည်။ အနှီတောင်တန်းကြီးအား ဖြတ်ကျော်သွားမည်ဆိုလျှင်တော့...တော်ဝင်နန်းမြို့တော်အား ကာကွယ်ပေးနေသည့် သဘာဝခံတပ်ဖြစ်သည့် ချန်နင်တောင်ကြားလမ်းကျဉ်း တည်ရှိလေသည်။ ဤသို့ သဘာဝအားဖြင့် ထိုးဖောက်ဝင်ရောက်ရန် မလွယ်ကူသည့် တောင်စဉ်တန်းကြီး လဲလျောင်းတည်ရှိနေခြင်းသည် နယ်စပ်တလျှောက် ထကြွသောင်းကျန်းနေသည့် လူရိုင်းသူပုန်များအတွက်တော့ တာ့ရှောင်းတိုင်းပြည်ကြီး၏ ပင်မကုန်းတွင်းပိုင်းသို့ ဝင်ရောက်တိုက်ခိုက်ရန်ပင် မဆိုထားနှင့်၊ ဤမိုးထိအောင်မြင့်မား ကြီးကျယ်လှသည့်တောင်စဉ်တန်းကြီးအား ဖြတ်ကျော်နိုင်ရေးသည်ပင် သူတို့အတွက်တော့ မိုးထိအောင် လှေကားထောင်သည်ကပင် ပိုလွယ်နေဦးမည်ဖြစ်သည်။
တာ့ရှောင်းမင်းဆက်တလျှောက်လုံး အစဉ်အဆက် ဘေးမဲ့ပေး ကာကွယ်ခြင်းခံရသော ဤတောင်စဉ်တန်းကြီးတွင် မရေမတွက်နိုင်အောင် များပြားစုံလင်လှသော သတ္တဝါမျိုးစုံ ကျင်လည်ကျက်စားနေသည်ဖြစ်ရာ အမဲလိုက်ရန်အတွက်တော့ နေရာကောင်းတခုပင်ဖြစ်သည်။
ဤအမဲလိုက်ကွင်းပြင်ထဲတွင် အရှင်မင်းကြီးနှင့် သူ၏မိဖုရား မောင်းမမိဿံများ အပန်းဖြေအနားယူရန်၊ ပွဲအခြေအနေအား ကြည့်ရှုရန်နှင့် ဆုလာဘ်တော်များ ချီးမြှင့်ရန် စင်မြင့်များစွာ ကြိုတင်တည်ဆောက်ပြီးသားဖြစ်သည်။ ရှီချန်အန်းသည် တချိန်လုံး ရှောင်းချင်းယန့်နောက်မှ လိုက်နေရတာဖြစ်ပြီး သူတို့နေရမည့်နေရာမှာ အရှင်မင်းကြီး၏ လက်ဝဲဘက်မှစတင်ရေတွက်လျှင် ပထမဦးဆုံးသောနေရာဖြစ်သည်။ ထိုနေရာသည် အလွန်ပင် လူအများ၏မျက်စိထဲတွင် ရှင်းလင်းထင်သာစွာမြင်နိုင်သောနေရာဖြစ်ပေရာ ပြောစရာမလိုအောင်ပင် လူအများ၏ အာရုံစိုက်ပြောစရာဖြစ်သည့်နေရာတွင်လည်း ပထမပင်ဖြစ်ပေသည်။
"အယ်...ဒီတခေါက် ရှန်ဝမ်ဖေးအတွက် ဘယ်လိုစီစဉ်ပေးရပါလိမ့်...အစဉ်အလာအရတော့ အိမ်တော်ကြီးတွေက အမျိုးသမီး မိန်းမပျိုတွေက ဒီနေရာမှာ ဝိုင်းစုဖွဲ့နေကြပြီးမှ...အားလုံးအတူတူ အိမ်တော်တွင်းရေးရာ ထွေရာလေးပါး စကားစမြည်ပြောလိုက်...စားကောင်းသောက်ဖွယ်လေးတွေ မြည်းစမ်းလိုက်...ဆောင်းရာသီရှုမျှော်ခင်းလေးတွေ ခံစားလိုက်နဲ့...ရဲရင့်တဲ့လူငယ်လေးတွေ သားကောင်အပြည့်နဲ့ပြန်လာမှာကို စောင့်မျှော်နေကြရမှာလေ...ဒါ..ပေမယ့်......အခုကျတော့ ဒီရှန်ဝမ်ဖေးက အမျိုးသားဖြစ်နေလေရဲ့..."
ရှီချန်အန်းသည် ထိုစကားစပြောလိုက်သည့် အမျိုးသမီးကြီးအား လုံးဝ သိရှိခြင်း မရှိပေ။ သူ၏ဖခင်သည် အလွန်တရာ နိမ့်ပါးလှသည့် မင်းစေအမတ်တဦးမျှသာ။ ထို့အပြင် သူသည်လည်း ငယ်စဉ်ကပင် ဖခင်ထံမှ အလေးထားအရေးပေးခြင်း မခံရသူဖြစ်လေရာ...ဤနေရာတွင် စုစည်းရှိနေကြသော ဤသို့သော အထက်တန်းလွှာ လူ့မလိုင်လူတန်းစားများနှင့် တခါမှ ပတ်သက်ဆက်ဆံဖူးခြင်း၊ သိရှိခြင်းမရှိသည်မှာ ပုံမှန်ဖြစ်သောကိစ္စပင်ဖြစ်သည်။
ထိုအမျိုးသမီးကြီးသည် မည်သူမည်ဝါဖြစ်ကြောင်းအား သူ မသိသော်လည်း သူမ၏ အဆင်တန်ဆာများနှင့် ဝတ်စားဆင်ယင်ပုံ၊ သူ့အား ရည်ညွှန်းပြောဆိုသည့် စကားအသွားအလာ၊အသုံးအနှုန်းအား ကြည့်ခြင်းအားဖြင့် သူမ မည်သူဖြစ်နိုင်ကြောင်းအား ရှီချန်အန်း အနည်းနှင့်အများတော့ မှန်းဆနိုင်သည်။ သူ သူ့နံဘေးတွင်ရှိနေသောသူအား တချက်စောင်းငဲ့ကြည့်လိုက်ပြီး သူမအား ပြန်လည်တုံ့ပြန်ဖြေကြားရန်ပြင်လိုက်သည်။ ထိုအချိန်မှာပဲ...အရှင်မင်းကြီး၏နံဘေးတွင် ထိုင်နေသော ကျိုးကွေ့ဖေးမှ အရင် နှုတ်ဟစကားဆိုလာခဲ့သည်။
"လင်ကတော်လဲ အသက်အတော်ရလာပြီ ထင်ပါရဲ့...အိမ်ထောင်ပြုပြီးသား အမျိုးသမီးနဲ့ မင်းကတော်လို့ ယေဘုယျခြုံခေါ်လိုက်တာနဲ့ပဲ... ရှန်ဝမ်ဖေးက အဲဒါနဲ့ ဘာမှမဆိုင်တော့ဘူးရယ်လို့ ထင်နေတာလား...ဒါက တရားဝင် လက်ထပ်ထိမ်းမြားထားပြီး လူနှစ်ယောက်ကို ကြင်ဖက်အဖြစ် ပတ်သက်ဆက်နွယ်လိုက်ခြင်း သက်သက်ပဲလေ...ဒီနေရာမှာ ယောကျ်ားမိန်းမ ခွဲခြားနေရမယ့်ကိစ္စမဟုတ်ဘူးလေ..."
သူအများ၏ အထက်စီးနေရာတွင် ထိုင်နေသည့် ကျိုးကွေ့ဖေးအတွက်တော့ အခါတိုင်းလိုပင် ဘယ်သူ့ကိုမှ သူမမျက်စိထဲ ထည့်ထားခြင်း မရှိချေ။ သူမ၏ လှုပ်ရှားမှု၊ မျက်နှာအမူအရာတို့သည် တခါသား ရှီချန်အန်း ရင်းနှီးဖူးသည့်မြင်ကွင်းများနှင့် တထပ်တည်းပင်။ သူမ ပြောနေသည့်သူမှာ နှစ်ယောက်မရှိသည့် မိဖုရားခေါင်ကြီး၏မွေးမိခင်ဖြစ်သော လင်ကော်ကုန်းကတော်ဖြစ်နေသော်လည်း သူမကတော့ သူမ၏လက်ဖက်ရည်ခွက်အား အသာအယာမကာ ရေနွေးလေး တငုံငုံ့သောက်လိုက်၊ တဖက်လူအား စကားတခွန်းဆက်ပြောလိုက်ပင်။ ထိုသည့်တိုင်အောင် သူမ၏မျက်ဝန်အကြည့်တို့သည် ထိုတဖက်လူအပေါ် အနည်းငယ်မျှပင် ဝေ့ဝဲသွားခြင်း မရှိခဲ့ပေ။
ကျိုးကွေ့ဖေးမှ ဤသို့ ရှီချန်အန်းဘက်မှ ဝင်ရောက်ပြောဆိုပေးမည်ဟု ထင်မထားခဲ့သော လင်ကတော်သည် တချက်တော့ အ့ံအားသင့်ဆွံ့အားသွားခဲ့သည်။ သို့ပေမယ့် သူမ အစော်ကားခံအပြစ်ပြောခံလိုက်ရသောမျက်နှာဖြင့် မိဖုရားခေါင်ကြီးရှိရာဘက်သို့ တချက်လှမ်းကြည့်လိုက်သေးသည်။ သူမ၏မျက်နှာထက်တွင် မခံမရပ်နိုင်၊ ခံပြင်းဒေါသထွက်နေသော အရိပ်အယောင်တချို့က တစွန်းတစပေါ်ထွက်နေသေးသည်။ သူမသည် ကော်ကုန်းအဆင့်ရှိသူတဦး၏ မင်းကတော်တဦး၊ ထိုမျှမကသေး လက်ရှိမိဖုရားခေါင်ကြီး၏ မွေးမိခင်လည်း ဖြစ်သေးသည်။ သူက ဘာမဟုတ်တဲ့ ကွေ့ဖေးအဆင့်နဲ့များ...။ ငါ့ကိုလာပြီး ဒီလိုလာပြောရဲတယ်ပေါ့...ဟုတ်လား...။
သူမ၏မိခင် အရှက်ရပြောဆိုခံရမှုအား မြင်လိုက်ရသည့် မိဖုရားခေါင်ကြီးအတွက်တော့ ရင်ထဲမှာ မခံနိုင်၊ စိတ်မကောင်းရုံသာမက မျက်နှာအမူအရာပါ ထိန်းမရအောင် ပျက်ယွင်းသွားခဲ့သည်။ သို့ပေမယ့် သူမသည် မိဖုရားခေါင်ကြီးတဦး ဖြစ်သည်။ မိဖုရားခေါင်တို့မည်သည် မိဖုရားခေါင်ရာထူးအလိုက် လုပ်ပိုင်ခွင့်အတိုင်းအတာဟူ၍ရှိသေးသည်။ ထို့ကြောင့် သူမအနေဖြင့် ဒေါသအား မျိုသိပ်ထားလိုက်ရရုံသာ။ ထိုမျှမကသေး ကြင်နာအေးချမ်းသော လေသံ၊ ချိုသာသောစကားတို့ဖြင့် ကျိုးကွေ့ဖေးအား ထိုကိစ္စနှင့်ပတ်သက်ပြီး သဘောထားတူညီစွာ ဆွေးနွေးလိုက်ရသေးသည်။ ဒါ့အပြင် သူမကိုယ်တိုင်ပင် မိခင်ဖြစ်သူ၏စကားတို့သည် မသင့်တော်၊ မှားယွင်းနေကြောင်း ခံစားရမိနေရာ...အဘယ်မှာ သူမ၏မိခင်ဘက်လိုက်၍ မိခင်နှင့်သူမ သဘောထားတူသည့်အကြောင်းအား လိုက်ပါပြောဆိုပေးနိုင်မည်နည်း...။
"ဘာထပ်ပြောစရာလိုဦးမှာလဲ...သူလဲ ယောကျ်ားသားတွေအားလုံးနဲ့အတူ အမဲလိုက်ထွက်ရမှာပေါ့...ဘာလဲ...သူက ယောကျ်ားလေး မဟုတ်တာကျလို့..."
“တော်ဝင်မယ်တော်...”
သူ့မယ်တော်၏စကားအား ကြားလိုက်ရသည့် ရှောင်းချင်းကျန်အဖို့ တချက် အလျင်စလိုနိုင်သွားသည်။ မယ်တော်က သူ့အတွက် ရှီချန်အန်းကို ပြန်ပြီး မျက်နှာသာပေး ကူညီပေးပါမယ်လို့ သူ့ကို ကတိပေးထားတာ မဟုတ်ဘူးလား...။ အခူ သူက ဘယ်လိုပြောလိုက်တာလဲ...။
"တော်ဝင်မယ်တော်...မရီးတော်က မြင်းစီးတတ်လား မြှားပစ်တတ်လားကို မယ်တော်မှ မသိသေးတာ...ဘယ်လိုလုပ်ပြီး တခါတည်း ဆုံးဖြတ်ချက်ချလိုက်လို့ရမလဲ...မတော်လို့ မရီးတော်က မြှားမပစ်တတ်ရင် ဘယ်လိုလုပ်မလဲ...သားတော် မှတ်မိသလောက်တော့...ဒီအမဲလိုက်မယ့်တောရဲ့ အတွင်းပိုင်းမှာ ကြမ်းကြုတ်တဲ့သားရဲကောင်ကြီးတွေ ရှိတယ်...မြင်းမစီး မြှားမပစ်တတ်တဲ့သူတွေအတွက်ကတော့...အပျော်သက်သက်နဲ့တော့ ဝင်မပါတာ အကောင်းဆုံးပဲ..."
ထိုမြို့တော်လမ်းမလယ်ထက်တွင် ရှောင်းချင်းကျန်နှင့် ရှီချန်အန်း တွေ့သည့်နေ့က အဖြစ်အပျက်တို့အား ရှောင်းချင်းကျန် နန်းတော်တွင်းသို့ ဝင်စဉ်က သူ၏မယ်တော်အား ပြန်ပြောင်းလျှောက်တင်ခဲ့ပြီးဖြစ်သည်မှာ မထူးဆန်းသည့်ကိစ္စပင်။ ရှီချန်အန်းက ဘာကြောင့် သူမ၏သားတော်အား ကူညီပေးခဲ့သည်အား ကျိုးကွေ့ဖေးအနေဖြင့် နားမလည်နိုင်သည်မှာ သဘာဝကျသည်။ သို့စေကာမူ ရှီချန်အန်းက သူမ၏သားတော်အား ကူညီခဲ့သည်ဆိုသည်မှာ အမှန်တရားပင်ဖြစ်သည်။ ထို့ကြောင့် သူမအနေဖြင့် သားတော်အတွက် ရှီချန်အန်းအား ကျေးဇူးတုံ့ပြန်ကာ အကူအညီပြန်ပေးလိုပေသည်။
သို့ဖြင့် လင်ကတော်မှ ရှီချန်အန်းအား အခက်တွေ့အောင် လုပ်နေချိန်တွင် ကျိုးကွေ့ဖေးသည် မည်သူ၏တိုက်တွန်းမှုမှမပါဘဲ ဝင်ရောက်ပြောဆိုပေးခြင်းဖြစ်သည်။ သို့သော် သူမသည် ရှီချန်အန်း မြင်းစီးတတ်၊မြှားပစ်တတ်ပါလားဆိုသည့်မေးခွန်းကိုတော့ အနည်းငယ်မျှပင် စဉ်းစားမိခြင်းမရှိခဲ့ပေ။ ပြောရလျှင် အမျိုးသမီးတဦးဖြစ်နေပေမယ့် သူမအတွက်တော့ မြင်းစီးမြှားပစ် ထိုအလုပ်သည် ထမင်းစားရေသောက်မျှသာ။ ထို့ကြောင့် အခြားသူများ၏အခြေအနေသည် သူမကဲ့သို့ တူနိုင်ပါ့မလားဟူသည့်မေးခွန်းကိုတော့ သူမ အရေးလုပ်ကာ မစဉ်းစားခဲ့မိသည်မှာ အမှန်ပင်ဖြစ်သည်။
"ကျေးဇူးအများကြီးတင်ပါတယ် တတိယညီတော်... ဒါပေမယ့် ကွေ့ဖေးမယ်မယ်ပြောတာ မှန်ပါတယ်...ငြင်းနေစရာမလိုအောင်ပါပဲ... ကျွန်တော်က ယောကျ်ားလေးအုပ်စုနဲ့အတူ အမဲလိုက်ထွက်သင့်တာပေါ့..."
လင်ကတော်၏စကားကြောင့်သာ မဟုတ်ပါက ရှီချန်အန်းအတွက်တော့ ဘယ်နေရာမှာနေနေ အတူတူပဲဖြစ်သည်။ သို့သော် အခုတော့... သူ လုံးဝ ဒီနေရာတွင် မနေခဲ့ချင်တော့ပေ။
"ဟွန်း...အခုထိ တတိယညီတော် လုပ်နေသေးတယ်...ဘယ်သူကြီးတယ် ဘယ်သူငယ်တယ် အခုထက်ထိ.....ကို"
“သူက မင်းရဲ့ မရီးတော်...”
“…....... ညီတော် သိပါပြီ...”
ရှောင်းချင်းကျန်သည် ငယ်စဉ်ကတည်းက သူ၏ဗီဇကပင် တဇွတ်ထိုး ထင်ရာစိုင်းတတ်သူဖြစ်သည်။ သူသည် စည်းကမ်းလည်းမလိုက်နာ ကြောက်ရွံ့မှုလည်းတစက်မှမရှိသည့် ဖိနှိပ်တတ်သည့် ကြမ်းတမ်းသူတယောက်ဖြစ်သည်။ သို့သော်... ထင်မှတ်မထားစွာပင်...သူ၏အစ်ကိုကြီးဖြစ်သော ရှောင်းချင်းယန့်အပေါ်တွင်တော့ သံယောဇဉ်အတော်ကြီးရှာသည်။ သူ ငယ်စဉ်ကလေးဘဝကတည်းမှပင် ရှောင်းချင်းယန့်နှင့် ရင်းရင်းနှီးနှီး နီးကပ်စွာ နေလာခဲ့တာဖြစ်ပြီး...ယခု အရွယ်ရောက်လာ၍ အောင်ပွဲအလီလီ်ရကာ ကြီးကျယ်အင်အားကြီးသည့် လူငယ်စစ်သူကြီးတဦး ဖြစ်နေစေကာမူ...သူ၏အစ်ကိုတော်ရှောင်းချင်းယန့်ရှေ့တွင်တော့ သူ့ကိုယ်သူ လွန်စွာ နှိမ့်ချချုပ်ထိန်းတတ်သူတယောက် ဖြစ်သည်။
ရုတ်တရက်ထပြောလာသည့် ရှောင်းချင်းယန့်၏ 'မရီးတော်'ဟူသော ထိုစကားတခွန်းကြောင့် ရှီချန်အန်း နည်းနည်း ရှက်ကိုးရှက်ကန်းဖြစ်သွားခဲ့ပြီး ဘယ်သူကိုမှ ထွေထွေထူးထူး စကားဆက်ပြောမနေတော့ပေ။ လိမ်လိမ်မာမာလေး ရှောင်းချင်းယန့်နံဘေးသို့ ပြန်လာခဲ့ပြီး နေရာတွင် အေးငြိမ်းတိတ်ဆိတ်စွာ ထိုင်နေတော့သည်။
ကျိုးကွေ့ဖေး၏ဒေါသအား ဤနန်းမြို့တော်ကြီးတွင် မသိသူ ဘယ်သူရှိပါအံ့နည်း။ ယခုကဲ့သို့ သူမမှ ရှီချန်အန်းအား အကာအကွယ်ပေးသည့် အပြုအမူအား လုပ်လိုက်သည်ကို မြင်ရသောသူအပေါင်းတို့အဖို့...ဘယ်သူကများ ရှီချန်အန်းကို အခက်တွေ့အောင် သွားလုပ်နေမည်နည်း။ အခန့်မသင့်ပါက...အခက်တွေ့၍ ဆုံးရှုံးမှုခံစားသွားရမည့်သူမှာ သူတို့ပင် ဖြစ်သွားနိုင်လေသည် မဟုတ်ပါလား။
ဘယ်သူမှ ရှီချန်အန်းအား အခက်တွေ့အောင် ဆက်မလုပ်ကြတော့ပေ။ ဧကရာဇ်လည်း အချိန်ကျလာသည်နှင့် ပြောစရာရှိသည့် အဖွင့်စကားတို့အား ပြောကြားပြီးနောက်တွင်...ဆောင်းရာသီအမဲလိုက်ပြိုင်ပွဲကြီးအား တရားဝင် အောင်မြင်စွာ စတင်ဖွင့်လှစ်လိုက်တော့သည်။
"ဝူရန် ဝူယိ... မင်းတို့ ဝမ်ရယ်နောက်ကို ကာကွယ်စောင့်ရှောက်ဖို့ လိုက်သွားကြ...လုံးဝ သတိမလွတ်ကြနဲ့..."
ရှောင်းချင်းယန့် ဒဏ်ရာရထားသည်အား သိထားသော ရှီချန်အန်းအဖို့ ဘယ်လိုမှ စိတ်မအေးနိုင်ပေ။ သူ စောစောက အများနှင့်အတူ အမဲလိုက်သည့်ထဲတွင် ပါဝင်မည်ဟု ပြောထားခဲ့သော်လည်း... တကယ်တမ်းတွင် ထိုစကားသည် လေသက်သက်သာ ဖြစ်သည်။ ထိုသို့လုပ်ရန် သူ လုံးဝ စိတ်ကူးမရှိချေ။ အမဲလိုက်မည့်သူတို့ထွက်သွားမည့်အချိန်ကို ခဏစောင့်နေပြီး...ပြီးမှ သူ၏မြင်းပုလေးနှင့်အတူ အနီးအနား ပတ်ဝန်းကျင်တွင် ဟိုဟိုဒီဒီ လျှောက်ပတ်ကြည့်နေလိုက်မည်။ ထို့နောက် အမဲလိုက်သည့်သူများ ပြန်လာချိန်ထိစောင့်ကာ...သူလည်း ထိုအချိန်နှင့်တိုက်ကာ ပြန်လာမည်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဤနေရာတွင် ကျန်နေခဲ့မည့်သူများမှာ အားလုံး အမျိုးသမီးတွေပဲ ဖြစ်သည်။ ထိုအထဲမှာမှ သူ့အား ပစ်မှတ်ထား ဝေဖန်ပြောဆိုကြရန် နှစ်သက်သောသူတို့မှာလည်း အရေအတွက် မနည်းလှသည်ဖြစ်ရာ နေခဲ့လို့တော့ ဘာအကျိုးမှ မရှိပေ။
“ဟုတ်ကဲ့ပါ ဝမ်ဖေး...”
“သူတို့က ဘယ်တုန်းက မင်းလူတွေ ဖြစ်သွားကြတာလဲ...”
“ဟင်...”
ရှောင်းချင်းယန့်ပြောတာ ဘာအဓိပ္ပါယ်လဲ... ။ ဘာလဲ... အဲ့ဒီလိုပဲ မဟုတ်ဘူးလား...။
ရှောင်းချင်းယန့်သည် ရှီချန်အန်းမှ သူ့အား 'အဲ့ဒါက အဲ့ဒီလိုပဲ မဟုတ်ဘူးလား'ဟူသည့် မျက်နှာအမူအရာဖြင့် ကြည့်လာခဲ့မည်ဟု ထင်မထားခဲ့ပေ။ ပါးစပ်ဖျားသို့ ရောက်နေသည့်စကားတို့ပင် ရှီချန်အန်း၏ တုံ့ပြန်လာသော မျက်နှာအမူအရာကြောင့် အလုံးအရင်း ပိတ်ဆို့ခံလိုက်ရကာ ပြန်လည်မျိုချလိုက်ရသည်။ ထို့ကြောင့် ချက်ချင်း ကိုယ်ကိုလှည့်ကာ မြင်းပေါ်သို့ တခါတည်း တက်၍ ရှီချန်အန်းအား ထိုနေရာတွင် ပစ်ထား၍ ထွက်လာခဲ့လိုက်သည်။
ဟွန်း...။ ဝူရန်ဝူယိရဲ့သခင်ဆိုတဲ့အသိတော့ ဝင်လာသေးတယ်...။ ဘယ်တော့များ ကိုယ့်ကိုကိုယ် 'ဝမ်ဖေး'ဆိုတဲ့အသိ ဝင်လာမှာလဲ မသိဘူး...။
ရှောင်းချင်းယန့် ရုတ်တရက်ကြီး ဘယ်လိုလုပ်ပြီး စိတ်ဆိုးသွားသည့်ဟန်ပေါက်သွားရသည်အား ရှီချန်အန်း နားမလည်ပေ။ ညီနောင်နှစ်ယောက်ကိုသာ နောက်မှ အလျင်အမြန် လိုက်သွားကြရန်သာ အမိန့်ပေးလိုက်တော့သည်။ သူကိုယ်တိုင်အတွက်ကတော့...သူ၏မြင်းပုလေးကိုစီးကာ ဒယိမ်းဒယိုင်ဖြင့်ခရီးစတင်လိုက်တော့သည်။
XXXXX
ဤစာရေးဆရာတွင် ပြောစရာစကားရှိသည်: လက်ရှိ ရှောင်းချင်းကျန်ကို ပုံဖော်ထားတာက ရှောင်းချင်းယန့်ရဲ့ fanboyလေးအဖြစ်နဲ့ပါ...။ ရှေ့လျောက်လဲ ချန်အန်းအပေါ်မှာ ကောင်းကောင်းဆက်ဆံမှာပါ...။ သူက လူကောင်းလေးပါ...။ ဒါကြောင့်မို့လို့ သူ့ကို အမြင်မစောင်းကြာပါနဲ့လို့~~~။
ဤဘာသာပြန်သူတွင် ပြောစရာစကားရှိသည်: Thanks for waiting patiently!
စာတွေက ပြန်မစစ်နိုင်ပဲ တန်းတင်လိုက်ရတာဆိုတော့ ဖတ်ရတာ ထောက်နေတဲ့နေရာ၊ မှားနေတဲ့နေရာတွေ့ရင် လာပြောပေးကြပါနော်။ ပြန်ပြင်ရအောင်လို့။ ဒီကလူက စိတ်ကူးပေါက်သလို ဘာသာပြန်နေတာမို့လို့ တချို့နေရာတွေမှာ နည်းနည်း ကပေါက်တိကပေါက်ချာနိုင်နေလိမ့်မယ်။ သည်းခံပြီး ဖတ်ပေးကြပါ။ အားလုံးပြီးသွားရင် သေချာ ပြင်ပြီးစစ်ပြီး ပြန်တင်ပေးပါ့မယ်။
Unicodeသမားတွေကတော့...ဖတ်ရတာ အဆင်မပြေရင်ပြောပါနော်။ ဒီက Zawgyiပဲသုံးပြီး Unicodeကို converterနဲ့ပြောင်းထားတာမို့လို့ မှန်မမှန် မသိနိုင်လို့ပါ။ အဆင်မပြေရင် ပြင်ပေးရအောင် လာပြောကြနော်။
တကယ်ပြောချင်တာလေးကတော့...
ဇာတ်လမ်းက အခုမှစမှာ😊!
ချင်းယန့်လေး ချစ်ဖို့ကောင်းတယ်မလား?
ရှေ့လျောက် ပိုပြီး ချစ်ဖို့ကောင်း အရမ်းအူယားဖို့ကောင်းတဲ့အခန်းတွေ လာတော့မှာ!
ဒီဘာသာပြန်တဲ့သူ အပျင်းမကြီးဖို့ ကိုယ့်ကိုကိုယ် ဆုတောင်းပါတယ်😂
ပြီးတော့... အားလုံးလဲ COVID-19ကို သတိထားပြီး တတ်နိုင်သလောက် ကာကွယ်ကြပါ။ အပြင်ကို မလိုရင် မထွက်ကြပါနဲ့။ အချိန်ရင် ပြီးသွားမှာဆိုပေမယ့် မပေါ့ကြပါနဲ့။ ကျန်းမာရေး ဂရုစိုက်ကြပါ။ ကျန်းမာကြပါစေ။
Stay safe & Have fun!
(* မာဖေ့ဆန့် = ထုံဆေး။
English translatorရှာပေးထားတဲ့ definitionလေး ထည့်ပေးထားတယ်။ ဘာသာတော့ မပြန်ပေးတော့ဘူးနော်။
Hemp boiling powdered medicine. Legendary Chinese anesthetic used by Hua Tuo for surgery. Its composition is: 9 grams of sheep, 3 grams of jasmine root, 30 grams of angelica, 0.9 grams of calamus, and a bowl of water decoction.)
XXXXX
No comments:
Post a Comment