အပိုင်း (၁၈)
ယန်မောမော့တို့အတွက် စိုးရိမ်ပူပန်နေရသော ရှီချန်အန်းသည် ယနေ့အဖို့ မြင်းစီးလေ့ကျင့်ရန်အား အာရုံထဲတွင်ပင် မရှိတော့ပေ။ တချိန်လုံး သူ၏ပင်မခြံဝန်းအတွင်း၌သာနေ၍ ရှောင်းချင်းယန့် ပြန်ရောက်လာမည့်အချိန်အားသာ စိတ်ပူပန်ခြင်းကြီးစွာဖြင့်သာ စောင့်မျှော်နေလျက်ရှိတော့သည်။
ဝမ်ဖေး၏ အိပ်ဆောင်အလှည့်ကျ အမည်စာရင်းစာအုပ်အား ကြည့်ပြီးသွားသော ကျူးအိမ်တော်ထိန်းမှာတော့ 'သည်တခါတော့ ဝမ်ဖေး နည်းနည်း တရားလွန်သွားပြီ'ဟု ဝမ်ဖေးအား သတိပေးစကားသာ ပြောလိုက်ချင်တော့သည်။ 'ရှန်ဝမ်ဖေး'ဖြစ်ပါသောသူကိုယ်တိုင်အတွက် အဘယ်ကြောင့် ဤကဲ့သို့ နှစ်ရက်ထဲသာ ယူထားရသနည်း။ သူသည် ယောက်ျားတယောက်ဖြစ်စေဦး...ယုတ်စွအဆုံး ဝမ်ရယ်မှ သူ့အား သဘောမကျပါဟု ဆိုဦးတော့...မည်သို့သော အကြောင်းတရားတို့ ရှိနေဦးတော့... ဝမ်ဖေးအနေဖြင့် မိမိအတွက် အနည်းဆုံး ဆယ်ရက်နှင့်အထက်တော့ ယူထားသင့်သည်လေ...။ သို့သော် အဆုံးတွင်တော့ ကျူးအိမ်တော်ထိန်းသည် ပြောချင်သည်များအား မြိုသိပ်ထားလိုက်တော့သည်။ သူ၏အိမ်တော်သခင်ဖြစ်သော ဝမ်ရယ်သည်လည်း ဤစီစဉ်မှုအား သဘောမတွေ့မည်အား သူ အသေအချာ ပြောရဲ၍ဖြစ်သည်။ ထို့အပြင် ဤကိစ္စအား အကြောင်းပြု၍ ဝမ်ဖေးအား မိမိ၏ လက်ရှိရောက်နေသော နေရာအဆင့်အတန်းအား ရှင်းရှင်းလင်းလင်း သိမြင်သွားစေချင်သေးသည်။ တခါတရံတွင် အခြားသူများအတွက် မိမိ၏နေရာအား နှိမ့်ချပေးခြင်းသည် ကောင်းသောကိစ္စတရပ်မဟုတ်ပေ...။
အကယ်၍ တော်ဝင်ညီလာခံတွင် အကြောင်းကိစ္စ အထူးအထွေ မရှိပါက ရှောင်းချင်းယန့်သည် အိမ်တော်သို့ ပုံမှန်ထက် စောစောပြန်လာလေ့ရှိသည်။ ထို့ကြောင့် အစောကြီးကတည်းကပင် ရှီချန်အန်းသည် ယားထိုတဦးအား ဝမ်ရယ် အိမ်တော်သို့ ပြန်ရောက်လာချိန်အား စောင့်ကြည့်နေရန်နှင့် ပြန်ရောက်လာသည်နှင့်တပြိုင်တည်း သူ့အား အမြန်အကြောင်းလာကြားရန် မှာကြားထားပြီးဖြစ်သည်။
"ဝမ်ဖေး...ဝမ်ရယ် ပြန်ရောက်လာပါပြီ..."
"စာကြည့်ဆောင်ကို သွားပြီမဟုတ်လား...ငါတို့ သွားကြမယ်..."
ရှောင်းချင်းယန့်ကား အိမ်တော်သို့ ပြန်ရောက်သည်နှင့် အနောက်ခြံဝန်းသို့ အရင်သွားရောက်ခြင်း လုံးဝ မရှိပေ။ ယားထိုများ ပြန်ပြောသည်အား ကြားမိသည်ကတော့ ဤရက်ပိုင်းများအတွင် ရှောင်းချင်းယန့်သည် အနောက်ခြံဝန်းသို့ တခေါက်တလေပင် မရောက်ရှိရသေးဟူ၍.....။ ရှီချန်အန်း တခါတလေတွင်တော့ ထူးထူးဆန်းဆန်း အတွေးဝင်မိသည်။ ရှောင်းချင်းယန့်သည် အရွယ်ရောက်ပြီးသား ယောကျ်ားတဦး ဖြစ်သည်။ သို့သော် အဘယ့်ကြောင့် သူ၏ ကိုယ်လုပ်တော်များရှိရာနေရာသီု့ မသွားဘဲ ထိုခြောက်ကပ်ကပ်နှင့် အေးစက်လှသော စာကြည့်ဆောင်၌သာ အိပ်စက်လေ့ရှိရသနည်းဟူ၍...။ မဟုတ်မှလွဲရော သူ့ခန္ဓာကိုယ်တွင် တစုံတရာ ချို့ယွင်းချက်များ ရှိနေ၍များလား.....။
"ဝမ်ရယ်...ဒီနေ့ ဝမ်ရယ် အရမ်း စိတ်ပျော်ရွှင်နေတဲ့ပုံပါလား..."
ကျူးချွမ်*သည် ရှောင်းချင်းယန့် မနက်ခင်း တော်ဝင်ညီလာခံတက်သည့်နေ့တိုင်း အနောက်မှလိုက်ပါရလေ့ရှိသည်။ သို့သော် သူသည် ညီလာခံခန်းမအပြင်၌သာ စောင့်ရလေ့ရှိသောကြောင့် ညီလာခံခန်းမအတွင်း၌ ဖြစ်ပျက်သောအကြောင်းကိစ္စတို့အား သူ့အနေဖြင့် မသိနိုင်ပေ။
ယနေ့ ဝမ်ရယ် မနက်ခင်းညီလာခံမှ ပြန်လာကတည်းက ဝမ်ရယ်၏စိတ်အခြေအနေ အတော်ကြီးကို ကြည်သာနေသည်အား သူ သတိထားမိသည်။ ညီလာခံတွင် မည်သို့သော ကိစ္စကောင်းများ ဖြစ်ပျက်ခဲ့သည်မသိ...။
"မင်း အမြင်ရှိသားပဲ...ပန်ဝမ် ဒီနေ့ စိတ်အတော်လေးကြည်သာနေလေရဲ့..."
ရှီအိမ်တော်နှင့် ရှီမိသားစု၏ကိစ္စသည် ထင်ထားသည်ထက်ပို၍ အကျိုးရှိလာလိမ့်မည်ဟု ရှောင်းချင်းယန့် တကယ်ပင် ထင်မထားခဲ့ပေ။
တော်ဝင်ညီလာခံရှိ မှူးမတ်အရာရှိအပေါင်းတို့သည် အားလုံးလိုလိုပင် ထူးချွန်ကြသူများ၊ အပြစ်ရှာရန် မလွယ်ကူကြသူများသာ ဖြစ်ကြသည်။ ထိုအမတ်အပေါင်းတို့ အိမ်တော်သို့ ပြန်ရောက်၍ အိမ်တော်တွင် မည်သို့ပြုမူနေထိုင်ကြသည်၏ အသေးစိတ်မှာမူ ထိုအိမ်တော်ရှိ အိမ်တော်သားများသာလျှင် ခရေစေ့တွင်းကျ သိပေလိမ့်မည်သာ...။ ယခု ရှီအိမ်တော်၏အတွင်းရေးကိစ္စပေါ်ထွက်လာသည်မှ အစပြုလိုက်ရာ...'ကိုယ်လုပ်တော်အား မျက်နှာသာပေး၍ ပဏာမဇနီးသည်အား ပစ်ပယ်'ဟူသည့် ကိုယ်ကျင့်တရား၊ ကျင့်ဝတ်ဆိုင်ရာ မေးခွန်းထုတ်မေးရခံမည့် အမတ်များကား တသီတတန်းပင် ပေါ်ထွက်လာကြသည်မှာ အရေအတွက် မနည်းလှပေ။ ထိုမနည်းလှသော အရေအတွက်ထဲတွင်မှ အများစုသောသူတို့သည် လက်ရှိမိဖုရားခေါင်ကြီး၏ မိသားစုအားနောက်ခံယူထားသောအုပ်စုမှ ဖြစ်ကြသည်။
သူ၏ လက်ရှိကံကြမ္မာနှင့် ပတ်သက်၍မူ...အစောကြီးကတည်းကပင် ရှောင်းချင်းယန့် လက်လျော့ထားပြီးသား ဖြစ်သည်။ ဖခမည်းတော်သည် သူ့အား ထီးနန်းဆက်ခံရာ ယှဉ်ပြိုင်မှုလမ်းကြောင်းမှ ဖယ်ရှားပစ်ခဲ့သော်လည်း သူ့အနေဖြင့် ဖခမည်းတော်အပေါ်တွင် မကျေနပ်မှု လုံးဝ မရှိပေ။ သူ၏ငယ်စဉ်ကလေးဘဝမှပင် ဖခမည်းတော်သည် သူ့အပေါ်တွင် အစစအရာရာ လိုလေသေးမရှိ ဖြည့်ဆည်းပေးခဲ့၊ ပေးအပ်ခဲ့သူ ဖြစ်သည်။ သူ အမှန်တကယ်ပင် ဖခမည်းတော်အပေါ်တွင် မကျေနပ်မှု၊ မုန်းတီးမှု၊ ပုန်ကန်လိုမှုဟူ၍ စိုးစဉ်းမျှပင် မဖြစ်ပေါ်ဖူးခဲ့ပေ။
သို့ပေမယ့်...။ သူ ဤကဲ့သို့ အိမ်ရှေ့စံနေရာအတွက် ဆက်လက်မယှဉ်ပြိုင်တော့ဟူသည်ကား သူသည် အရာအားလုံးအား လက်လျော့ကာ မည်သည့်ကိစ္စတွင်မှ ဝင်ရောက်စွက်ဖက်ခြင်း မပြုတော့ဟု မဆိုလိုပေ။ သူနှင့် လက်ရှိမိဖုရားခေါင်ကြီး၏အုပ်စုအကြားရှိ မကျေလည်မှုတို့သည် တမနက်တညတည်းဖြင့် ပေါ်ပေါက်လာခဲ့သည် မဟုတ်ပေ။ ထိုမကျေလည်မှုတို့သည် နှစ်ပေါင်းများစွာ အနည်တည် အမြစ်တွယ်လာသောကိစ္စပင် ဖြစ်သည်။ တနေ့... အကယ်၍ ဒုတိယမင်းသားသာ ထီးနန်းရရှိခဲ့ပါက သူနှင့် ချင်းယွီအတွက် ကောင်းသောကိစ္စတရပ် ဖြစ်လာမည်မဟုတ်ပေ။ ထို့ကြောင့် သူ့အနေဖြင့် လက်ရှိလုပ်နိုင်သည်မှာ ရရှိသမျှအခွင့်အရေး၊ တတ်နိုင်သမျှ အစွမ်းကုန်ကြိုးစားမှုတို့ဖြင့် ချင်းယွီအား ထောက်ပံ့ပေးသွားရန်သာ ဖြစ်သည်။
ဒုတိယမင်းသားသာ တော်ဝင်ညီလာခံမှ ထောက်ခံမှုအင်အားအား မရရှိပါက...သူသည် 'ဒုတိယမင်းသား'ဟူသော အချက်သက်သက်ဖြင့်တော့ သတိထားစိုးရိမ်ရမည့်သူတယောက်ပင် မဟုတ်သေးပေ။
"ဝမ်ရယ်...စတုတၳမင်းသားက အိမ်တော်ဆီ မလာတာ ရက်နည်းနည်း ကြာနေပြီ...မင်းသားဆီကို လူလွှတ်ပြီး အခြေအနေ ကြည့်ခိုင်းလိုက်ရမလား..."
ရှောင်းချင်းယွီအား ယခုထိတိုင် ဝမ်ရယ်ဘွဲ့ သတ်မှတ်ပေးရခြင်း မရှိသေးပေ။ သူသည် အငယ်ဆုံးသားတော်ဖြစ်သည်နှင့်အညီ သူ၏စိတ်သဘောထားသည်လည်း အရာရာအား ဂရုမစိုက်၊ အရေးမထားကာ ပေါ့ပျက်ပျက်နိုင်သည်ဟုပင် ပြော၍ရအောင် သက်တောင့်သက်သာနေတတ်သူဖြစ်သည်။ သူ၏အသက် ဆယ့်ခြောက်နှစ်ပြည့်၍ နန်းတော်တွင်းမှထွက်ကာ ကိုယ်ပိုင်စံအိမ်တော်ဝင်းတွင် အခြေချပြီးသည်နှင့် သူ၏ ရိုးရှင်းလှသောဘဝအား အချိန်ပြည့် ပျော်ပါးစည်းစိမ်ခံရင်း ပူပင်ကြောင့်ကြမဲ့စွာ ဖြတ်သန်းနေသူဖြစ်သည်။ ထို့အပြင် အချိန်တိုင်းလိုလို ရှောင်းချင်းယန့်ထံသို့လာကာ အနှောင့်အယှက်ပေး အချိန်လာကုန်လေ့လည်း ရှိသေးသည်။ ယခု သတိမိရ၍ ရက်တွက်ကြည့်ပါမှ အိမ်တော်သို့ သူ ရောက်မလာသည်မှာ ရက်အတော်ပင် ကြာနေပြီဖြစ်သည်။
"ဘာသတင်းမှ မကြားရတာ သတင်းကောင်းပဲတဲ့...သူ့ကို အရေးစိုက်မနေနဲ့..."
ပါးစပ်မှသာ 'အရေးမစိုက်နဲ့'ဟု ပြောလိုက်သော်လည်း ရှောင်းချင်းယန့်၏စိတ်ထဲတွင်မူ ထိုမရင့်ကျက်သေးသည့် သကောင့်သားအား မည်သို့အမိဖမ်း၍ အိမ်တော်သို့ ပြန်ခေါ်လာရမည်အား အစီအစဉ်ဆွဲပြီးသား ဖြစ်သည်။ ယခင်က သူ ရှိနေသေးသဖြင့် ရှောင်းချင်းယွီသည် မိမိစိတ်အလိုကိုလိုက်ကာ လွတ်လပ်၍ အပူအပင်မရှိသော ဝမ်ရယ်အဖြစ် နေနိုင်ခဲ့သော်လည်း ယခုတော့ ထိုကဲ့သို့ ဆက်လက်နေထိုင်သွား၍ မဖြစ်တော့ပေ။
သို့သော်.......
"မနက်ဖြန် မင်းကိုယ်တိုင် စတုတၳမင်းသားအိမ်တော်ကိုသွားလိုက်...ဘယ်လိုနည်းလမ်းပဲ သုံးရပါစေ...သူ့ကို ငါဆီကို ရအောင်ခေါ်လာခဲ့..."
အကယ်၍များ ထိုကိစ္စသည် လုံးဝ မဖြစ်နိုင်ခဲ့လျှင်...ထိုသို့သာဆိုလျှင်.......။ အကယ်၍ အနာဂတ်ထီးနန်းဆက်ခံသူသည် 'ကျင့်ဝမ်'ဆိုပါက...သူတို့ညီနောင်နှစ်ဦး၏အနာဂတ်သည် ဒုတိယမင်းသား နန်းတက်သည်ထက်စာလျှင် ပိုကောင်းနိုင်ပေလိမ့်မည်။
ရှောင်းချင်းယန့်သည် ညီတော်ဖြစ်သူကား ပေါ့ပေါ့ပါးပါးနေချင်သူဖြစ်ပြီး သူ၏စိတ်အာရုံသည် ဘယ်အရာကိုသာ စိတ်ဝင်စားခြင်းရှိသည်အား အစကတည်းကပင် ကောင်းစွာ နားလည်ထားပြီးဖြစ်သည်။ ယခုကိစ္စများသည် ဤအခြေအနေသို့ရောက်နေမှတော့ ညီတော်ဖြစ်သူအား စကားဝေ့မနေတော့ဘဲ ရှင်းလင်းပြတ်သားစွာ စကားပြောကြည့်ရန်သာရှိတော့သည်။ အကယ်၍ ရှောင်းချင်းယွီသာ ထိုနေရာအား စိတ်မဝင်စားဘဲ အတွေးမျှပင် မရှိပါက သူ့အနေဖြင့် ကျင့်ဝမ်အား ရာဇပလ္လင်ဆက်ခံနိုင်ရန် အင်တိုက်အားတိုက် ထောက်ပံ့ပေးသွားရန်သာ ရှိပေတော့မည်။
ကျင့်ဝမ်၏ စိတ်သဘောထားသည် ရိုးရှင်းပြီး သူနှင့်လည်း အမြဲ ကောင်းမွန်သော ဆက်ဆံရေးရှိသူဖြစ်သည်။ ကျိုးကွေ့ဖေးနှင့် သူ၏မယ်တော်ကြားတွင်လည်း မကျေလည်မှုရန်ငြိုးဟောင်းများ မရှိခဲ့ပေ။ အကယ်၍...တနေ့ ကျင့်ဝမ်သာ ထီးနန်းဆက်ခံရပါက သူနှင့် သူ၏ညီတော်သည် ဤတသက်တော့ ငြိမ်းချမ်းစွာ ဖြတ်သန်းနိုင်ပေလိမ့်မည်သာ...။
"ဟုတ်ကဲ့ပါ ဝမ်ရယ်...ဒါနဲ့ ဝမ်ရယ်...ဒီနေ့ ကျွန်တော်မျိုးဖခင် ဝမ်ဖေး စီစဉ်ထားတဲ့ အိပ်ဆောင်အလှည့်ကျစာရင်းစာအုပ် ယူလာခဲ့တာ...စားပွဲပေါ်မှာပဲ တင်ထားခဲ့တာပဲ...ဝမ်ရယ် ကြည့်ပြီးသွားပြီလား..."
ကျူးချွမ် အိမ်တော်သို့ ပြန်ရောက်ရောက်ချင်းပင် ဖခင်မှ လူလွှတ်၍ ထိုကိစ္စအား အကြောင်းကြားလာခဲ့ခြင်းဖြစ်သည်။ ပထမ စကြားကြားချင်းကတော့ သူ ဘာမှ မတုံ့ပြန်နိုင်သေးပေ။ အခိျန်အတန်ငယ်ကြာမှသာလျှင် 'ဒါပေါ့...ဒီလိုပဲ ဖြစ်သင့်တာပေါ့...'ဟု တုံ့ပြန်နိုင်တော့သည်။ ယခင်တုန်းက ဝမ်ရယ်သည် လက်မထပ်ရသေးသလို ကိုယ်လုပ်တော် စီ့ဖေးများ တင်မြှောက်ထားခြင်းလည်း မရှိပေ။ အနောက်နန်းဆောင်မှ ချီးမြှောက်ထားသည့် လေ့ကျင့်သင်ကြားပြီးသား ယားထိုနှစ်ဦးသာ ရှိခဲ့သည်။ ယခုတော့ ကျန့်ဖေး၊ စီ့ဖေး စုံလင်စွာ ရှိနေပြီး နောင်များတွင်လည်း လူသစ်များ တဦးပြီးတဦး ထပ်တိုးလာဦးမည်ဖြစ်လေရာ ယခုကတည်းက စည်းမျဉ်းသတ်မှတ်ရေးဆွဲထားခြင်းသည် ဖြစ်သင့်ပေသည်။
ကျူးချွမ်၏စကားအား ကြားကြားချင်း ရှောင်းချင်းယန့်သည် ချက်ချင်း မယုံနိုင်သေးပေ။ 'အဲ့ဒီရှီချန်အန်းက အဲ့ဒီကိစ္စကို စီစဉ်ထားတယ်.......'။
သူ နေ့စဉ်ဓူဝ ရာထူးကိစ္စအဝဝအား စီမံခန့်ခွဲရာနေရာအား ရောက်မှသာ စားပွဲပေါ်တွင် အမှန်တကယ်ပင် စာရင်းစာအုပ်အား တင်ထားသည်ကို တွေ့လိုက်ရသည်။ ရှောင်းချင်းယန့် ထိုစာအုပ်အား ဖွင့်ကြည့်ရန် ကြံနေစဉ်ပဲ ရှီချန်အန်းသည် အခန်းအပြင်မှနေ၍ တွေ့ခွင့်တောင်းလာသည်။
မိမိ အရှေ့တွင်ရှိနေသော စာအုပ်အားကြည့်ရင်း ရှီချန်အန်း လာသည်မှာ ဤကိစ္စနှင့် ပတ်သက်၍ဖြစ်မည်ဟု ရှောင်းချင်းယန့် တွေးမိလိုက်သည်။ သူ ဘယ်လိုမှ မထင်မှတ်ထားသည်က ရှီချန်အန်း၏လာရင်းကိစ္စမှာ စင်စစ်တော့ အစေခံတစု၏အကျိုးအတွက် လာရခြင်း ဖြစ်ကြောင်းကိုပင်...။
"အစေခံ သုံးလေးယောက် အပြစ်ခံရတာ...သူတို့ စည်းကမ်းမလိုက်နာလို့ စည်းကမ်းသိသွားအောင် အပြစ်ပေးရမှာလေ...မင်းက 'ဝမ်ဖေး'...သူတို့က မင်းလူတွေလေ...ပိုပြီးတော့တောင် ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်သေးတာ...ဒါကို မင်းက သူတို့အတွက် အသနားလာခံရဲသေးတယ်..."
ရှောင်းချင်းယန့်၏ လေသံသည် မာထန်နေသဖြင့် ရှီချန်အန်း ယောင်လို့ပင် သူ့အား မော့မကြည့်ရဲပေ။ ထိုအစား အလျင်အမြန် ဒူးထောက်ချလိုက်ပြီး သူ၏အပြစ်အား ဝန်ခံလိုက်သော်လည်း ပါးစပ်ကမူ အဆတ်မပြတ် ပြောရာပြေကြောင်း ပြောနေမိသေးသည်။
"ဝမ်ရယ်...မနေ့ကကိစ္စက သူတို့နဲ့ ဘာမှမဆိုင်ပါဘူး...ကျွန်တော်ကသာ သူတို့ကို အတင်းအကြပ် ခိုင်းစေပြီး ကျွန်တော်နဲ့အတူ သောက်ခိုင်းတာပါ...သူတို့က ကျွန်တော့်ကို မလွန်ဆန်ရဲလို့သာ ဖြစ်သွားတာပါ...ဖြစ်သမျှအားလုံးက ကျွန်တော့်အပြစ်တွေပါ...စည်းကမ်းချိုးဖောက်တာကလဲ ကျွန်တော်ပါပဲ...တကယ်လို့ အပြစ်ပေးရမယ်ဆိုရင် ကျွန်တော့်ကိုပါ အပြစ်ပေးပါ..."
"အဆင်အခြင်မဲ့လိုက်တာ...မင်းက 'ဝမ်ဖေး'ဖြစ်ပြီး ဒီအစေခံ နှစ်ယောက်သုံးယောက်လောက်အတွက်နဲ့ ဒူးထောက်တဲ့အထိ ဖြစ်ရတယ်ပေါ့..."
ထိုအစေခံတစုအတွက်နှင့် ရှီချန်အန်း ဒူးထောက်တောင်းပန်သည်အထိ လုပ်လိမ့်မည်ဟု သူ ဘယ်လိုမှ မထင်ထားခဲ့။ ရုတ်တရက်ဆိုသလိုပင် ရှောင်းချင်းယန့် ထိန်းမရသိမ်းမရ ဒေါသကြီးစွာ ထွက်သွားမိသည်။ ဒူးထောက်နေသည့်လူအား လုံးဝ ပြန်မကြည့်တော့ဘဲ ဘေးတွင်ရှိနေသော ကျူးချွမ်အား ချက်ချင်း အမိန့်ပေးလိုက်သည်။
"အမိန့်သွားပြန်လိုက်...အဲ့ဒီအစေခံတစုကို ကြိမ်ဒဏ် အချက်နှစ်ဆယ်ချစေ...သေသွားရင် အိမ်တော်အပြင်ကို စွန့်လိုက်...မသေခဲ့ရင်လဲ ပင်မခြံဝန်းကိုပြန်လာပြီး ဝမ်ဖေးကို ခစားခွင့် ပိတ်လိုက်...အားလုံးကို ထင်းလှောင်ရုံမှာပဲ အလုပ်လုပ်ဖို့ ပို့လိုက်..."
ရှောင်းချင်းယန့်၏လေသံသည် ဒေါသသံအပြည့်ဖြင့် ဖြစ်သလို ချမှတ်လိုက်သောအမိန့်သည်လည်း ပြင်းထန်လွန်းလှသည်။ ရှီချန်အန်းသည် ကြောက်ရွံ့အံ့အားသင့်မှုကြောင့် မြေပြင်သို့သာ ပုံကျသွားတော့သည်။ သူ၏မျက်နှာသည် သွေးဆုတ်ဆုတ်ဖြူလျက် လက်နှစ်ဖက်တွင်လည်း အားအင် တစက်ကယ်မျှ မရှိတော့။ သူ ဘယ်လိုမှ မထင်မှတ်ထားခဲ့...။ ကိစ္စတွေသည် ဤကဲ့သို့ ဆိုးဆိုးရွားရွား ပြောင်းလဲသွားခဲ့မည်ဟု...။ သူ အဆိုးဆုံးတွေးထားခဲ့သည်က မောမော့တို့သည် ရက်အတော်ကြာ ထိန်းသိမ်းခံပြီး သိပ်မကြာခင်မှာပဲ ပြန်လွတ်လာလိမ့်မည်ဟုသာ.....။
ဘယ်လိုဖြစ်ပြီး ကိစ္စတွေက...ဘယ်လိုဖြစ်ပြီး ဒီလိုအခြေအနေ ရောက်လာခဲ့တာလဲ...။
"ဝမ်ရယ်...အရှင်မင်းသား...အရှင်မင်းသား...တောင်းပန်ပါတယ်......ကျွန်တော် တောင်းပန်ပါတယ်......."
တော်ဝင်မိသားစုဝင်တဦး ဖြစ်လာကတည်းက သေခြင်း ရှင်ခြင်း၊ ဆင်းရဲ ချမ်းသာ အားလုံးသည် တဒင်္ဂအတွင်း ပြောင်းလဲနိုင်သည်အား သူ အမြဲ နားလည်ထားခဲ့သည်။ သတိတချက်လွတ်ယုံမျှဖြင့် တယောက်၏အသက်ဆုံးရံှုးရသည်အထိ ဖြစ်သွားနိုင်သည်။ လက်ရှိအချိန်တွင်တော့ ရှီချန်အန်း ဘာဆိုဘာမှ မစဉ်းစား မဆင်ခြင်နိုင်တော့။ သူ သိသည်မှာ သူ၏ ခဏတာ စိတ်အလိုလိုက်မှုကြောင့် ယန်မောမော့တို့ ယခု ဒုက္ခရောက်ခြင်း ဖြစ်သည်။ အားလုံး သူ့ကြောင့်...။ သူ သေသင့်သည်...။ သူသာ သေသင့်သည်.....။
အခန်းတွင်း၌ ဆက်လက်ရှိမနေရဲတော့သော ကျူးချွမ်သည် အလျင်အမြန် အခန်းအပြင်သို့ ထွက်လိုက်ရသည်။ အပြင်သို့ ရောက်လျှင်ရောက်ချင်းလည်း အခန်းတံခါးအား အမြန် ပိတ်လိုက်ရသည်။ ဝမ်ဖေးနှင့် ဝမ်ရယ်၏ ဤအခြေအနေအား တခြားသူများ မမြင်မိလေ ပိုကောင်းလေပင် ဖြစ်သည်။
"ဟွန်း..."
ထို 'ဖူးသစ်စ ပန်းအသွင် ကျောက်စိမ်းနှယ်'ယားထိုနှစ်ဦးသည် ရှီချန်အန်း၏တွင်နံဘေး အချိန်ပြည့် ရှိနေသည်အား စဉ်းစားမိလိုက်လျှင်...ထို့အတူ ရှီချန်အန်း၏ လက်ရှိ ဖြစ်ပျက်နေသောအသွင်အား မြင်လိုက်ရသော ရှောင်းချင်းယန့်အဖို့ အခြားအတွေး...မည်သည့်အတွေးမှ မတွေးနိုင်တော့...။ သူ၏အတွေးထဲသို့ အတွေးတခုထဲသာ ဝင်လာသည်။ ထိုယားထိုနှစ်ဦးနှင့် သူ၏ဝမ်ဖေးအကြားရှိ ဆက်ဆံရေးသည် သာမန် သခင်နှင့် အစေခံကြားရှိ ဆက်ဆံရေးမျှမက...ထိုထက်များစွာ သာလွန်နေသည်ဟူ၍...။
"အရှင်မင်းသား..."
ယခုတော့ ရှီချန်အန်း သိက္ခာကျခြင်း မကျခြင်းတို့အား မစဉ်းစားနိုင်တော့။ ကြမ်းပြင်ပေါ်တွင် 'ဒုန်း'ကနဲမြည်သည်အထိ ရှောင်းချင်းယန့်အား ဦးသုံးကြိမ်တိုက်ပြီးသည်နှင့် တဖြည်းဖြည်း သူ၏ခန္ဓာကိုယ်အား မတ်မတ်ပြင်လိုက်သည်။ အတတ်နိုင်ဆုံး ကြည်လင်နေအောင် ကြိုးစားထားသည့် မမှိတ်မသုံသောမျက်ဝန်းများဖြင့် ရှောင်းချင်းယန့်၏မျက်ဝန်းအိမ်တို့အား တည့်တည့်ကြည့်ကာ တလုံးချင်း တခွန်းချင်း ပြောလိုက်သည်။
"သူတို့က ကျွန်တော့်အတွက်တော့ သာမန် မောမော့နဲ့ ယားထိုတွေ မဟုတ်ပါဘူး..."
“ပန်ဝမ်က ဒီအတိုင်း....”
"သူတို့က ကျွန်တော့်ရဲ့ အသက်သခင် ကျေးဇူးရှင်တွေပါ..."
ရွာငယ်လေးတွင် နေထိုင်ခဲ့ရသောနေ့ရက်များတွင် အကယ်၍ သူတို့သာ မရှိခဲ့ပါက...သူ ဒီနေ့အထိ အသက်မရှင်နိုင်လောက်ပေ။
"ကျွန်တော့်မိခင်က လွန်ခဲ့တဲ့သုံးနှစ်က ဆုံးပါးသွားခဲ့ပါတယ်...ဖခင်က ကျွန်တော့်ကို မိခင်ရဲ့အုတ်ဂူအား ထိန်သိမ်းရန်ဆိုပြီး စေလွှတ်ခဲ့ပါတယ်...တကယ်တမ်းကျတော့ ကျွန်တော်ကို ဖခင်က အိမ်တော်ကနေ အပြင်ကို နှင်ထုတ်လိုက်တာဖြစ်ပြီး ယာတောခြံထဲမှာ ကျွန်တော့်ကို ပိတ်လှောင်ထားဖို့ ဖြစ်ပါတယ်...ဖခင်က ဘာကြောင့် အဲ့ဒီလိုလုပ်ရတာလဲဆိုတော့...ဘာလို့လဲဆိုတော့...ကျွန်တော်က မိခင်သေဆုံးသွားရတဲ့အကြောင်းအရင်းက ရောဂါကြောင့်မဟုတ်ဘဲ...တကယ်တော့ သူများ အဆိပ်ခတ်ခံရလို့ ဆုံးပါးသွားရတာဆိုတဲ့ အကြောင်းကို သိရှိသွားလို့ပါ......ဘယ်လောက်တောင် ရယ်စရာရော...စက်ဆုတ်စရာရော ကောင်းလိုက်သလဲ...
မိခင်ဟာ တခြားသူရဲ့ အဆိပ်ခတ်သတ်ခြင်းကို ခံခဲ့ရတယ်...ဒါပေမယ့် ဖခင်ကတော့ ကျွန်တော့်မိခင်အတွက် တရားမျှတမှုကို ရှာပေးရမယ့်အစား လူသတ်သမားကိုတောင် ကာကွယ်ပေးလိုက်သေးတယ်...ကျွန်တော် ဒီအမှန်တရားကို သိတဲ့အချိန်မှာတော့ ကျွန်တော်ပဲ ရှီအိမ်တော်ကနေ နှင်ထုတ်ခံလိုက်ရတယ်...မိခင်ရဲ့ တရားမမျှတတဲ့ သေဆုံးမှုက ကျွန်တော့်အပေါ်မှာ ကြီးမားတဲ့ပူဆွေးမှု သက်ရောက်စေခဲ့တဲ့အပြင် ဖခင်ရဲ့ တုံ့ပြန်မှုကလဲ ကျွန်တော့်စိတ်မှာ ပိုပြီး စိတ်ပျက်ယူကြုံးမရဖြစ်စေခဲ့တယ်...ကျွန်တော် ယာတောခြံကို ရောက်တဲ့အချိန်ကစပြီး ကျွန်တော့်ကျန်းမာရေးက တဖြည်းဖြည်း ဆိုးရွားလာခဲ့တယ်...အဲ့ဒါတွေအပြင် ယာတောခြံမှာရှိတဲ့ အစေခံတွေကလဲ ကျွန်တော် အခက်တွေ့အောင် အမြဲလုပ်နေခဲ့တာမို့...ကျွန်တော့်ကျန်းမာရေးက ဘယ်တော့မှ ပြန်မကောင်းနိုင်လာခဲ့ဘူး...
အဲ့ဒီသုံးနှစ်လုံး...ကျွန်တော်ဖြစ်ခဲ့တဲ့ ရောဂါတွေဆိုတာ မရေတွက်နိုင်အောင်ပဲ...ကျွန်တော် သောက်ခဲ့ရသမျှ ဆေးတွေအားလုံးက မောမော့တို့ စုဆောင်းထားတဲ့ ပိုက်ဆံတွေနဲ့ ဝယ်ထားတာ မဟုတ်ရင် တုန်းရွှယ် ကိုယ်တိုင် တောထဲတောင်ထဲ သွားပြီး ရှာလာခဲ့တာတွေပါပဲ...အဲ့ဒီနေ့ရက်တွေတုန်းကဆိုရင် ကျွန်တော်ရဲ့ အစားအသောက်တွေက အစေခံတွေ စားရတဲ့အစားအသောက်ကိုတောင် မမှီခဲ့ပါဘူး...မောမော့တို့...သူတို့တွေပဲ သူတို့ရဲ့ အစားအသောက်တွေကို မစားရက်ဘဲ စုထားပြီး ကျွန်တော့်ကို ကျွေးခဲ့ကြတာပါ...
အရှင်မင်းသား...ကျွန်တော် တောင်းပန်ပါတယ်...ကျေးဇူးပြုပြီး သူတို့ကို မရိုက်ဖို့ တောင်းပန်ပါရစေ...အဲ့ဒီအစား သူတို့ကို အိမ်တော်အပြင်သာ ထွက်သွားခိုင်းလိုက်ပါ...တကယ် စည်းကမ်းချိုးဖောက်တဲ့သူက ကျွန်တော်ပါ...ကျွန်တော့်ကိုသာ ရိုက်ပါ...တကယ်လို့ သူတို့သာ မရှိခဲ့ဘူးဆိုရင်...ကျွန်တော်အနေနဲ့ ဒီအချိန်ထိတိုင် အသက်ရှင်နိုင်ခဲ့မှာ မဟုတ်ပါဘူး..."
သူ့လက်ထဲတွင် မိခင်၏ပစ္စည်းတွေ ကျန်နေသေးသည်။ အကယ်၍ မောမော့တို့ အိမ်တော်အပြင်ထွက်နိုင်ပါက သူတို့ဘဝသည် ဤဝမ်ရယ်အိမ်တော်တွင် နေရသည်ထက်တော့ ပိုကောင်းမည်မှာ အမှန်ပင်။ ထို့အပြင်...ယခု သူ၏ မကျေနပ်မှု အမုန်းတရားကြီးသည်လည်း လက်တုံ့ပြန်ခွင့်ရခဲ့ပြီဖြစ်သဖြင့် သူ၏စိတ်နှလုံးတွင် မည်သည့် မကျေလည်မှု၊ စိုးရိမ်ပူပန်စရာဟူ၍ မရှိတော့။ ဒါက ဘဝတခုပဲ မဟုတ်လား...။ လူဆိုတာ တရက် အသက်ရှင်ရရင် တရက် သေခြင်းတရားဆီ နီးကပ်လာကြတာပဲ မဟုတ်လား...။ မဟုတ်ရင်တောင် နောက်ဆုံးမှာ ထိုတနေ့အား သူ ရင်ဆိုင်ရဦးမှာပဲ။ သူ့နှလုံးသားထဲမှာ နောင်တရစရာ မရှိမှတော့ သူ့အတွက် ဘယ်အရာ ကြောက်စရာရှိတော့မည်နည်း။
ရှောင်းချင်းယန့် လုံးဝ ထင်မထားခဲ့ပေ။ သူက ထိုအစေခံတစုအား အပြစ်ပေးချင်ယုံသက်သက်သာ...။ သို့သော် ယခု အားလုံး နားထောင်ပြီးချိန်တွင်တော့ သူ သံသယဝင်ခဲ့မိသည်ထက် အဆများစွာ ခြားနားသည့်အကြောင်းအချက်တို့က သူ့အား တုန်လှုပ်စေခဲ့သည်။ ဟွန်း...။ ဒီလောကကြီးမှာ ထိုမျှလောက် ကောက်ကျစ်ယုတ်မာသူတွေ တကယ်ရှိနေသေးတာပဲ...။ ကြည့်ရတာ ရှီယုံနျဉ်၏ လက်ရှိအပြစ်ဒဏ်တို့က သူ့အတွက် ညှာတာရာရောက်နေသေးသည်ပဲ...။
“အပြင်က ဝင်လာခဲ့...”
"ဝမ်ရယ်...ဝမ်ရယ်အား သတင်းပို့ပါတယ်...အပြင်မှာ ဝမ်ဖေးကို လာရှာတဲ့သူ ရှိပါတယ်...ကြည့်ရတာ ဝမ်ဖေးရဲ့မိဘအိမ်က လူတွေပါ...သူတို့ကို ဝင်လာခိုင်း...."
"မလိုဘူး...နေဦး...လာရှာတဲ့သူက ဘယ်သူလဲ..."
သူတို့က ကိုယ်တိုင်ကိုယ်ကျ အိမ်တော်တံခါးရှေ့ ရောက်လာခဲ့ပြီးမှ ဝင်ခွင့်မပြု၊ ဧည့်မခံပြန်ရင်လည်း အများအမြင်တွင် မကောင်းလှပေ။
"ဝမ်ဖေးရဲ့ ဖခင်နဲ့ ကိုယ်လုပ်တော်ဖွား ညီမလို့ ပြောပါတယ်..."
"ကျူးချွမ်...ဝမ်ဖေး နေလို့မကောင်းဘူး...မင်း ဝမ်ဖေးကို အနားယူဖို့ ပြန်ပို့ပေးလိုက်...အပြင်က ဧည့်သည်တွေကတော့......သူတို့ကို အရင် ဝင်လာခိုင်းလိုက်...ပြီးရင် ဝမ်ဖေးရဲ့ခြံဝန်း အပြင်မှာပဲ စောင့်ခိုင်းထားလိုက်..."
ရှောင်းချင်းယန့် မိမိကိုယ်ကို နားမလည်တော့ပေ။ ဘာကြောင့်များ သူ့ဘဝအား ပျက်စီးစေခဲ့သည့်သူအစားဝင်ပေးပြီး ထိုသူ၏ မကျေနပ်မှု၊ ဒေါသပြေပျောက်စေရန် ကူညီပေးနေမိသနည်း...။* အခန်းတွင်းမှလူများ ထွက်သွားသောအခါမှသာ ရှောင်းချင်းယန့် မိမိဘာသာ မတင်မကျ ပြောမိတော့သည်။
"ဘာဖြစ်လို့လဲဆိုတော့...အင်း...သူနဲ့ငါက ဘဝတူတွေမို့လို့ နေမှာပါ..."
မယ်တော် မရှိတော့သည့်အချိန်မှစ၍ သူ ဤလောကကြီး၏ အပူအအေး* အားလုံးအား အဆုံးစွန် ခံစားကြုံတွေ့ခဲ့ပြီးပြီဖြစ်သည်။ ယခုတော့ သူ၏မယ်တော်အတွက်ပါပေါင်း၍ သူ၏ ငယ်ရွယ်သေးကာ လောကကြီးအကြောင်း နားမလည်သေးသည့်ညီငယ်ကိုသာ အစွမ်းရှိသမျှ အားကုန်သုံးကာ စောင့်ရှောက်ကာကွယ်သွားပေတော့မည်။
XXXXX
***T/N:
* အရှေ့အပိုင်းမှာတော့ 'ကျူးစုန်း'လို့ပြောထားပေမယ့် အခုအပိုင်းကစပြီး 'ကျူးချွမ်'လို့ ပြောင်းသွားပါတယ်။
*ရှီချန်အန်းနှင့် လက်ထပ်လိုက်ရ၍ အိမ်ရှေ့စံနေရာ ယှဉ်ပြိုင်မှုကနေ ထွက်လိုက်ရတာကို ပြောလိုတာပါ။
*လောကကြီးရှိ လူအများ၏ လိုတမျိုး မလိုတမျိုး ဆက်ဆံရေး။
XXXXX
No comments:
Post a Comment