Monday, May 11, 2020

ကြင်ရာတော် ချန်အန်း (Unicode) - အပိုင်း (၁၉)

အပိုင်း (၁၉)

မိမိ၏အဆောင်သို့ မည်သို့မည်ပုံဖြင့် ပြန်ရောက်လာသည်အား ရှီချန်အန်း မမှတ်မိနိုင်တော့။ သူ၏စိတ်အာရုံအားလုံးသည် ရှောင်းချင်းယန့် စောစောက ပြောလိုက်သည့်စကားတို့တွင်သာ ရှိနေသည်။ မိမိ လက်ရှိရောက်နေသည့်နေရာအား ကြည့်ပြီးနောက်တွင်တော့ ရှီချန်အန်း မိမိစိတ်အား တည်ငြိမ်နေစေရန် အတင်းထိန်းချုပ်လိုက်ရတော့သည်။

ယခုအချိန်သည် မိမိကိုယ်ကို အပြစ်တင်နေမည့်အချိန် မဟုတ်သေးပေ။ သူ့အနေဖြင့် ဘယ်လိုလုပ်မှသာ ယန်မောမော့တို့ အမြန်လွတ်မြောက်လာနိုင်မည်၊ ဘယ်လိုနည်းလမ်းမျိုးဖြင့် ရှောင်းချင်းယန့်၏ဒေါသပြေရန် လုပ်ရမည်၊ မည်သို့လုပ်၍ ယခုကိစ္စအား အဆင်ပြေပြေ ကျော်ဖြတ်နိုင်မည်နည်း စသည့်နည်းလမ်းများအား စိတ်အေးအေးထားပြီး သေချာ စဉ်းစားရမည်ဖြစ်သည်။

"သူက ဘာလို့ အဲ့လောက်ကြီး ဒေါသထွက်နေရတာလဲ..."

သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို ချိုးဖောက်မိပါတယ်ဆိုဦးတော့...ဘာဖြစ်သွားမှာမို့လို့လဲ။ အဲ့ဒီစည်းမျဉ်းစည်းကမ်းတွေဆိုတာ လူတွေကပဲ သတ်မှတ်ထားတာ မဟုတ်ဘူးလား။ ဘယ်လောက်ကြီးပဲ စည်းမျဉ်းစည်းကမ်းတွေကို သတ်မှတ်ထားဦးတော့...သခင်ကသာ အဲ့ဒီကိစ္စက အရေးတယူလုပ်ရမယ်ဆိုရင်လည်း အရေးကြီးကိစ္စဖြစ်သွားနိုင်သလို၊ ဘာမှမဟုတ်တဲ့ကိစ္စလို့ သတ်မှတ်လိုက်ရင်လည်း ဘာပြဿနာမှ ကြီးလာစရာမရှိဘူးပဲ...မဟုတ်ဘူးလား။ ပြီးတော့...မနေ့ကကိစ္စက တကယ်တမ်းပြောရရင် ဘာမှရေးကြီးခွင်ကျယ်လုပ်စရာကိစ္စကြီးမျိုးလဲ မဟုတ်ပါဘဲနဲ့...ဘာလို့ ရှောင်းချင်းယန့်က အဲ့ဒီလောက်ကြီး ဒေါသထွက်နေရတာလဲ မသိဘူး...။

"သူကတော့ ငါ့ကို ဒီထက်ပိုပြီး အထင်သေးတော့မှာပဲ..."

သူ ရှောင်းချင်းယန့်အား ပြောပြခဲ့သည့်စကားများသည် သူ့တသက်တွင် တခြားသူများအား ဘယ်သောအခါမှ ပြန်မပြောပြချင်သည့်ကိစ္စဖြစ်သည်။ သို့စေကာမူ သူ နောင်တတော့ မရမိပေ။ ရှောင်းချင်းယန့်သည် အကြင်နာတရားကင်းမဲ့၍ နှလုံးသားမရှိသည့်သူမဟုတ်ဆိုသည်အား သူ သိသည်။ ထိုစကားများ ကြားပြီးသည့်နောက်တွင်တော့ ရှောင်းချင်းယန့်သည် သူပြောခဲ့သည့်စကားများအား လျစ်လျူမရှုဘဲ သေချာစဉ်းစားပေးမည်ဟု ရှီချန်အန်း ယုံကြည်သည်။ 

သူ့စိတ်သူတည်ငြိမ်သွားစေရန် ထိန်းချုပ်ပြီးနောက်တွင် ရှီချန်အန်းသည် လူလွှတ်၍ ယန်မောမော့တို့အတွက် အစားအသောက်များ သွားပို့ခိုင်းလိုက်သည်။ သူကိုယ်တိုင်အတွက်မှာမူ ဝူညီနောင်အား ခေါ်၍ မြင်းစီးဆက်လေ့ကျင့်ရန် ထွက်လာခဲ့လိုက်သည်။ အကယ်၍ ရက်သေချာတွက်ကြည့်လိုက်ပါက ရှောင်းချင်းယန့် ပြောထားသည့် ဆောင်းရာသီ အမဲလိုက်ပွဲရောက်ရန် ရက်သိပ်မလိုတော့ပေ။ မြင်းစီးခြင်းနှင့် မြှားပစ်တာအတွက်ကတော့ သူ ပို၍တတ်မြောက်ရန် လေ့ကျင့်နိုင်လေ ပိုကောင်းလေပင် ဖြစ်သည်။ ထိုမှသာ သူရော၊ ရှောင်းချင်းယန့်အတွက် အကောင်းဆုံး ဖြစ်ပေမည်။

"ဝမ်ဖေး...ဝမ်ရယ်အိမ်တော်ရဲ့ အနောက်ခြံဝန်းဘက်မှာ စစ်ရေးလေ့ကျင့်ကွင်းတခု ရှိပါတယ်...မြို့ပြင်ကလွင်ပြင်လောက်တော့ မကျယ်ပေမယ့် မြင်းစီးလေ့ကျင့်တာနဲ့ မြှားပစ်သင်ဖို့အတွက်တော့ အဆင်ပြေလုံလောက်ပါတယ်..." 

"ဟုတ်လား...ဒါဆို ဒီနေ့တော့ အဲ့ဒီနေရာပဲ သွားကြတာပေါ့...ပြီးတော့ ငါ့ကို မြှားပစ်သင်ပေးကြပါဦး..."

ရှီချန်အန်းသည် ပင်မခြံဝန်းသို့ ပြန်ရောက်ပြီး အချိန်သိပ်မကြာခင်မှာပဲ အပြင်ပြန်ထွက်သွားခဲ့ခြင်းသည်ဖြစ်သည်။ ထို့ကြောင့် ရှီသားအဖနှစ်ဦး ပင်မခြံဝန်းသို့ ရောက်လာချိန်တွင် သူကား ဝူညီနောင်နှင့် ဝမ်ရယ်အိမ်တော်၏အနောက်ဘက်သို့ ထွက်သွားနှင့်ပြီ ဖြစ်သည်။ 

ရှန်ဝမ်အိမ်တော်၏ အရှေ့ဘက်ခြမ်းသည် အထူးလုပ်ပြီးပြောနေစရာမလိုအောင် ကျယ်ဝန်းလှသလို အနောက်ဘက်ခြမ်းသည်လည်း အလွန်တရာ ကျယ်ပြောလှသည်။ အနောက်ဘက်ခြံဝန်း၊ အိမ်တော်အနောက်ခြမ်းဟု ခေါ်ရသော်လည်း လူနေထိုင်ခြင်းမရှိသည့် ခြံဝန်းများနှင့် ပန်းခြံကြီးငယ်အသွယ်သွယ်တို့သာ ရှိပေသည်။ 

ရှောင်းချင်းယန့်သည် တခါမျှ စစ်တပ်တွင်းသို့ ဝင်ရောက်ခြင်းမရှိသေးသော်လည်း အိမ်တော်တွင်း၌မူ အထူးပြင်ဆင်ထားသည့် စစ်ရေးလေ့ကျင့်ကွင်းနှင့် အမျိုးအစား စုံလင်လှသောလက်နက်တိုက်များစွာ ရှိလေသည်။ မည်သို့ပင်ဆိုစေကာမှု ရှီချန်အန်းသည် ယောကျ်ားတဦးသာ ဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့ စုံလင်လှသော လက်နက်ကြီးငယ်တို့အား မြင်လိုက်ရချိန်တွင် သူ၏မျက်လုံးများသည် အရောင်တောက်ပလာခဲ့သည်။ မိမိကိုယ်ကိုအား မျက်စိရှေ့တွင်ရှိနေသော လက်နက်မိျုးစုံအား ကျွမ်းကျင်ပိုင်နိုင်စွာ ဝှေ့ယမ်းကစားနေသည့် ခန့်ညားဝင့်ကြွားလှသောယောကျ်ားတဦးအဖြစ် စိတ်ကူးယဉ်အတွေးကြွယ်နေသော ရှီချန်အန်းသည် ထိုလက်ရှိအချိန်ခဏလေးအတွက်တော့ သူ၏စိုးရိမ်ပူပန်မှုများအား ခေတ္တခဏ ဘေးဖယ်ထားနိုင်ခဲ့သည်။

"ဝမ်ဖေး...ကျွန်တော်တို့ မြင်းစီး အရင်လေ့ကျင့်ကြတာပေါ့...မြင်းစီးတာ ကောင်းကောင်း ကျင့်သားရသွားတဲ့အချိန်ထိတော့ ခဏ စောင့်ပါဦး...လှံပစ်သင်ဖို့က...အလျင်မလိုပါသေးနဲ့ဦး...နောက်မှ ဖြေးဖြေးချင်း သင်လို့ရပါတယ်..."

သူတို့၏ဝမ်ဖေး မြင်းစီးနှင့်မြှားပစ်လေ့ကျင့်နေရသည့် ဦးတည်ချက်အား ဝူညီနောင် သိထားပြီးဖြစ်သည်။ ယခုကဲ့သို့ ဝမ်ဖေးမှ လက်နက်များအပေါ် စူးစမ်းမှုနှင့် စိတ်ဝင်စားမှုပြလာသောအခါ အမှန်အတိုင်းပြောရရင် ဝူညီနောင် သဘောကျမိသည်။ ပြောရမည်ဆိုလျှင် သူတို့၏သခင်သည် ယောကျ်ားသားတဦးသာ ဖြစ်သည်။ အမျိုးသမီးတဦးဟန်ကဲ့သို့နေရမည့်အစား ယောကျ်ားပီပီသသဖြင့် ယောကျ်ားတဦးအဖြစ် နေသည်ကမှ ပိုကောင်းသေးသည်။

ရှီချန်အန်းသည်သာ ချွန်းယွီအား အခြားသောခြံဝန်းများသို့သွား၍ သတင်းထောက်လှမ်းခွင့်မပြုခဲ့သော်လည်း သူ့အပေါ်နှင့် သူနှင့်ပတ်သက်သမျှသော သတင်းတို့အား အချိန်ပြည့် စောင့်ကြည့်နေသူများကား ဤအိမ်တော်တွင် ရှိလေသည်။ ရှောင်းချင်းယန့်၏စာကြည့်ဆောင်မှ ရှီချန်အန်း ထွက်လာသည်နှင့် ချက်ချင်းပင်...မည်သို့သောဆူညံသံများထွက်လာမည်နည်းဟု စောင့်မျှော်နေသည့် မင်ယွိ၏ခြံဝန်းသို့ သတင်းလှမ်းပို့သူ ရှိပြီးသားပင်။ ထို့ကြောင့်ပင် ပင်မခြံဝန်းတံခါးရှေ့သို့ လိုက်ပို့ကာ စောင့်ဆိုင်းခိုင်းခံနေရသည့် ရှီသားအဖ အရင်တွေ့ရသည့်သူမှာ ရှီချန်အန်း မဟုတ်ဘဲ ပွဲကြီးပွဲကောင်း ကြည့်ရန်ရည်ရွယ်ချက်ဖြင့်လာသော မင်ယွိနှင့် အပေါင်းအပါတစုပင် ဖြစ်သည်။ 

"နင်တို့တွေက ဘယ်သူလဲ...ဘယ်လိုတောင် အတင့်ရဲလို့ ဝမ်ရယ်အိမ်တော်ရဲ့ အနောက်ဆောင်ထဲထိ ရောက်လာရတာလဲ..."

ရောက်လာသည့်သူမှာ ရှီယင်ဟွေ့တဦးထဲသာဆိုပါက ကိစ္စမရှိသော်လည်း ယခုမူ သူမနှင့်အတူ ရှီယုံနျဉ်ပါ အတူလိုက်ပါလာခဲ့ခြင်းဖြစ်ပြီး ထိုသို့ အတူခေါ်ဆောင်လာခဲ့ရန် အမိန့်ပေးစေလွှတ်လိုက်သူမှာ ရှောင်းချင်းယန့် ကိုယ်တော်တိုင်ပင် ဖြစ်သည်။ ဤကဲ့သို့ ဝမ်ရယ်အိမ်တော်၏ အနောက်ဆောင်ခြံဝန်းတွင် ပြင်ပမှ ယောကျ်ားတဦးအား မြင်တွေ့လိုက်ရသော မင်ယွိကား 'သဘာဝကျကျ' ဒေါကြီးမောကြီးဖြင့် မေးခွန်းထုတ်လေတော့သည်။ သူမသည် ထိုသူ မည်သူဖြစ်သည်အား အမှန်မသိ၍မဟုတ်ဘဲ ထိုသူအား သိက္ခာကျ အရှက်ရစေလိုခြင်းက သူမ၏ရည်ရွယ်ချက်ဖြစ်သောကြောင့် ဖြစ်သည်။

ဘယ်လိုပဲပြောပြော အဲ့ဒီလူက ဝမ်ဖေး၏ဖခင်ဖြစ်သူ မဟုတ်လား။ သူ၏ မွေးသဖခင်သာ ဤနေရာတွင် အရှက်တကွဲအကျိုးနည်းဖြစ်သွားပါက ဝမ်ဖေးကိုယ်တိုင်လည်း မျက်နှာလှနိုင်ပါဦးတော့မလား။

"စီ့ဖေးမယ်မယ်...ရှီလူကြီးမင်းကို ဒီနေရာမှာ စောင့်ခိုင်းထားတာက ဝမ်ရယ်ရဲ့အမိန့်အရ ဖြစ်ပါတယ်..."

ကျူးချွမ်သည် ယခုထိ ဤနေရာတွင် ရှိနေသေးသည်။ ဝမ်ရယ်သည် သူ့အား ထိုလူများအား ပင်မခြံဝန်းသို့ လိုက်ပို့ခိုင်းလိုက်သော်လည်း ထိုသို့လိုက်ပို့ပြီးနောက်ပိုင်းတွင် မည်သို့ဆက်လုပ်ရမည်အား မညွှန်ကြားလိုက်ပေ။ မည်သို့ပင်ပြောပြော ထိုလူနှစ်ဦးသည် သာမန်လူနှစ်ဦး မဟုတ်သောကြောင့် သူ့အနေဖြင့် လိုက်ပို့ပေးပြီး သူတို့အား ဤနေရာတွင် လက်လွတ်စပယ် ပစ်မထားခဲ့ရဲပေ။

"ဟုတ်လား..."

သို့သော် မင်ယွိ ဒီနေ့ သတင်းရထားသည်ကတော့...ဝမ်ရယ်၏စာကြည့်ဆောင်ထဲတွင် ဝမ်ဖေးသည် အပြစ်ပေးဆုံးမခံရသည်ဆိုသလားပဲ...။ ပြောမရဘူးလေ...သူက အခု ဒီလူတွေကို ထွက်တွေ့ချင်စိတ်မရှိသေးလို့ပဲလား...။ ဒါမှမဟုတ်...ထွက်လာပြီး မတွေ့နိုင်လောက်အောင် ဖြစ်နေလို့ပဲလား...။

ရှီချန်အန်း ရှောင်းချင်းယန့်၏စာကြည့်ဆောင်မှ ထွက်လာသည့်သတင်းကြားပြီးနောက် မင်ယွိ၏စိတ်ထဲတွင် အတွေးစိတ်ကူးများစွာ ခန့်မှန်းကြံစည်ထားပြီးဖြစ်သည်။ သူမ ခန့်မှန်းထားသည်ကတော့ ဝမ်ရယ်သည် ဒီတကြိမ်တွင်တော့ ရှီချန်အန်းအား 'လုံးဝ' လွယ်လွယ်ကူကူ အလွတ်မပေးလောက်တော့ပေ။ ဘာလို့များ ဝမ်ရယ်က အဲ့ဒီယောကျ်ားတယောက်ဖြစ်တဲ့လူကို သူ့ဝမ်ဖေးကိုအဖြစ် အမြဲတမ်း ထားထားနေရဦးမှာလဲ။ ဝမ်ရယ်က သူမနှင့် ချင်ရှင်းအား သဘောမကျဘူးဆိုဦးတော့ သူမတို့က ဘယ်လိုပဲပြောပြော မိန်းမတွေပဲလေ။ အခု သူမတို့၏ မိဘအိမ်တော်တွေက ဘယ်သူ့နောက်မှာ ရပ်ပြီး အထောက်အပံ့ပေးမယ်ဆိုတာက သတ်မှတ်ထားပြီးသားကိစ္စဆိုပေမယ့် အခု ဝမ်ရယ်နှင့် သူမတို့က တလှေတည်းစီး တခရီးတည်းသွားနေကြတဲ့သူတွေ ဖြစ်နေပြီလေ။* ဝမ်ရယ်သာ သူမတို့အပေါ် စိတ်ကလေး နည်းနည်းရှိလိုက်တာနှင့်...သူတို့မိသားစုက ဘယ်သူ့ကို အထောက်အကူပေးမယ်ဆိုတာက အသေအချာ ပြောရခက်သွားတော့မှာပဲ မဟုတ်လား။

*(T/N: ကျောင်းအစ်မရဲ့ စိတ်ကူးယဉ်မှုကတော့ မသေးရှာဘူး။ အားလုံးကို ကျိန်းသေကို တွက်ထားတာပဲ...😅)

မင်ယွိ ဤနေရာသို့ လာခဲ့သည်မှာ ရှီချန်အန်းတယောက် ဟာသဖြစ်သွားရှာသည်အား ကြည့်ရန်ဖြစ်သည်။ ယခု သည်ရှီအဖေနှင့် သမီးက ပင်မခြံဝန်းတခါးရှေ့မှာ ရပ်စောင့်နေပေမယ့် ခြံဝန်းအထဲကတော့ မည်သည့်လှုပ်ရှားမှု၊ အသံမျှပင် ထွက်မလာနိုင်သေးပေ။ မင်ယွိ ပင်ကိုယ်အသိစိတ်အရ ပြောရဲသည်။ သူမ အကြိမ်ရှစ်ဆယ် သေချာသည်။ ရှီချန်အန်းက ထွက်လာပြီး မတွေ့ချင်တာ မဟုတ်။ ဝမ်ရယ်က သူ့ကို အပြင်ထွက်ခွင့် ပိတ်ပင်လိုက်ထားတာပဲ ဖြစ်ရမယ်။ အခု သူ လုံးဝ အပြင်ထွက်လာနိုင်တော့မှာ မဟုတ်ဘူး။

ရှီယင်ဟွေ့ရှေ့သို့ တလှမ်းခြင်း လျှောက်လာပြီး မင်ယွိသည် လက်ညှိုးဖျားဖြင့် ရှီယင်ဟွေ့၏မေးအား ပင့်တင်လိုက်သည်။ ပစ္စည်းတခုအား စစ်ဆေးကြည့်နေသကဲ့သို့ ဘယ်ကြည့်ညာကြည့် ကြည့်ပြီးသည်နှင့် သူမ၏နှုတ်ခမ်းစွန်းတို့က ကော့တက်လာပြီး မင်ယွိသည် စုတ်တသပ်သပ်ဖြင့် ပြောလိုက်သည်။

"တကယ့်ကို မိန်းမလှလေးပဲ...ငါထင်တယ်...နင့်မွေးအမေကလဲ 'လရောင်ဆမ်းတဲ့ ပန်းပွင့်ကလေး'လို လှတဲ့သူပဲ ဖြစ်ရမယ်...ရှီလူကြီးမင်းက အဲ့ဒီလောက်ထိ အလိုလိုက် အကြိုက်ဆောင်တယ်ဆိုတာ မထူးဆန်းပါဘူး..."

ယခု မြို့တော်ထဲတွင် ရှီမိသားစု၏အတွင်းရေးအကြောင်း မသိသေးတဲ့သူ ဘယ်သူများ ရှိသေးပါလဲ။ ပညာတတ် အိမ်တော်တွေ၊ လူလတ်တန်းစားမိသားစုတွေ မဆိုထားနှင့်...သာမန်အဆင့်နိမ့်မိသားစုများပင် ရှီအိမ်တော်အား ဥပမာပြုကာ သူတို့၏သားသမီးများအား ဆုံးမခြင်းပြုနေပြီ ဖြစ်သည်။ ဤတာ့ရှောင်းတိုင်ပြည်ကြီး စတင်တည်ထောင်ခဲ့ချိန်မှစ၍ ပဏာမဇနီးသည်နှင့် ကိုယ်လုပ်တော်အကြား ခြားနားချက်၊ စောင့်ထိန်းလိုက်နာရမည့် စည်းကမ်းဓလေ့များအား ပြည်သူအားလုံး စောင့်စည်းလိုက်နာခဲ့ကြတာဖြစ်သည်။ ဤသည်အား တိုင်းပြည်၏ ဥပဒေတရပ်အဖြစ်ပင် ပြဋ္ဌာန်းထားသေးသည်။ ဤစည်းမျဉ်းအား ချိုးဖောက်ရန် ရှီယုံနျဉ်ကဲ့သို့ အတင့်ရဲလှသောသူမျိုး လောကတွင် ရှိလိမ့်မည်ဟု အားလုံး ထင်ပင်မထားခဲ့ပေ။ သူ၏ဦးနှောက်အား ဘယ်မြည်းသတ္တဝါကများ ကန်ထုတ်သွားခဲ့၍များလား။ သို့တည်းမဟုတ်...အဲ့ဒီမျက်နှာသာပေး အကြိုက်ဆောင်ခံရသည့် ကိုယ်လုပ်တော်သည် ဘယ်မိုးပေါ်ကဆင်းသက်လာသည့်သူများ ဖြစ်နေလို့ပဲလား...။ သူ၏စိတ်၊အသိတရားလက်လွတ် အရူးအမူးဖြစ်တဲ့အထိရုန်းထွက်မရနိုင် ဖြစ်နေရအောင်လေ...။

ရှီယင်ဟွေ့သည် သာမန်အဆင့်လေးအမတ်ငယ်တဦး၏ သမီးမျှသာဖြစ်သည်။ သူမ၏မွေးမိခင်သည်လည်း ကိုယ်လုပ်တော်တဦးအဆင့်သာ။ သူမသည် ရှိမိသားစု၊ ရှီအိမ်တော်တွင် အဘယ်မျှ အလိုလိုက်ခံစေရပါမူ၊ သူမ၏လောကကြီးအပေါ်အမြင်သည် နွားခြေရာခွက်ထဲမှ ဖားသူငယ်မျှသာ။ မင်ယွိ၏ မိဘများကမူ နှစ်ဦးစလုံး မိသားစုကြီးများမှ လာကြသူများဖြစ်ပြီး သူမကိုယ်တိုင်ကလည်း မိသားစု၏ ပထမဆုံးမွေးဖွားလာသည့် တိသမီးကြီးဖြစ်ပေသည်။ သူမ ငယ်စဉ်ကတည်းက ကြုံတွေ့လာခဲ့ရသည့် လောကနှင့် အတွေ့အကြုံတို့အား ရှီယင်ဟွေ့သည် အဘယ်ယှဉ်နိုင်မည်နည်း။

ပုံမှန်အားဖြင့် ရှီယင်ဟွေ့သည် မိမိကိုယ်ကို ယုံကြည်၍ မာနအပြည့်ရှိသူဖြစ်သည်။ သူမအား ဘယ်သူမှ မယှဉ်သာနိုင်ဟု အမြဲမှတ်ယူထားသူလည်း ဖြစ်ပေသည်။ ဤသည်မှာလည်း သူမ၏ပတ်ဝန်းကျင်တွင် သူမထက်အဆင့်နိမ့်ပါးသောမိန်းမများသာ မြင်တွေ့ရသေး၍ ဖြစ်သည်။ ယခု ဝမ်ရယ်အိမ်တော်သို့ ရောက်ရှိကာ အိမ်တော်တွင်းသို့ ဝင်ရောက်ခွင့်ရ၍ တကယ်မိသားစုကြီးမှလာသည့် သခင်မလေးဆိုသည်အား မျက်ဝါးထင်မြင်လိုက်ရချိန်တွင်တော့ သူမ၏ အတိတ်ကမာနတို့သည် ထိုသူ၏ခြေအောက်မှတဆင့် ရွှံ့နွံအောက်သို့ တဖြည်းဖြည်း စုံးစုံးမြုပ်သွားလေပြီ။ သူမသည် ဘာမှ မဟုတ်သေးပေ။

"စီ့ဖေးမယ်မယ်ရဲ့ ရှေ့မှောက်မှာ ဘယ်သူကများ 'လရောင်ဆမ်းတဲ့ ပန်းပွင့်ကလေး'ဆိုတဲ့စကားနဲ့ ထိုက်တန်မှာလဲ...ကျွန်တော်မျိုးမရဲ့မျက်စိထဲမှာတော့ မယ်မယ်ကသာ မိုးပေါ်ကဆင်းသက်လာတဲ့ နတ်သမီးလေးပါ...မယ်မယ့်ရဲ့အလှနဲ့ အဆင်းကြောင့် တိုင်းပြည်တုန်လှုပ်ရပါတယ်လို့ ပြောရရင်တောင် လွန်တယ်ဆိုတာမရှိသေးပါဘူး..."

ရှီယင်ဟွေ့သည် မင်ယွိ၏လက်အား အသာဝှေ့ရှောင်ကာ မြေပေါ်တွင် ဒူးထောက်လိုက်သည်။ သူမ၏စကားတို့သည် လွန်ကဲမြှောက်ပင့်နေကြောင်း သိသာလှသော်လည်း သူမ၏လေသံကမူ အရိုးခံပြောနေသည့်နှယ်။ ထိုပြောသမျှစကားတို့သည် သူမ၏ရင်တွင်းမှ နက်နက်ရှိုင်းရှိုင်းလာသောစကားများဖြစ်၍ မုသားတခွန်းမှ မပါသကဲ့သို့ ထင်မှတ်ရလောက်အောင်ပင်။ 

မင်ယွိသည် သူမကိုယ်သူမ အလှဆုံးဟု မှတ်ယူသူဖြစ်ရာ ရှီယင်ဟွေ့၏စကားများအား နားထောင်လေလေ သူမကိုယ်ကို အလှထိပ်ခေါင်တင်ဟု အထင်ရောက်လေဖြစ်သည်။ ထို့ကြောင့် စိတ်ကျေနပ်မှု အပြည့်ရသွားသောသူမသည် ရှီယင်ဟွေ့အပေါ်တွင် အာရုံဆက်ထားမနေတော့ပေ။ ထိုအစား ရှီယုံနျဉ်ထံသို့ ပစ်မှတ်ပြောင်းလိုက်သည်။

"ရှီလူကြီးမင်း...ရှင်က ဒီနေ့ ဝမ်ဖေးဆီလာပြီး ဘာအကူအညီများ လာတောင်းမလို့ပါလိမ့်...ခက်တာက ကံမကောင်းချင်တော့...ဝမ်ဖေးက အခု သူ့ကိုယ်သူကိုတောင် မကာကွယ်နိုင်ရှာတော့ဘူး...အံ့သြစရာတော့ မရှိပါဘူး...စကားပုံတောင်ရှိသေးတာပဲ...ဘာတဲ့...'ရှေ့ဆောင်နွားက ဖြောင့်ဖြောင့်သွားမှ နောက်လိုက်နွားက ဖြောင့်ဖြောင့်လိုက်'မှာတဲ့...အရှေ့မှာ ရှီလူကြီးမင်းက အဖေလုပ်ပြီး ကိုယ်လုပ်တော်ကို အလိုလိုက်ပြီး အိမ်ကြီးသခင်မနေရာ ပေးပြနေမှတော့ ရှင့်နောက်မှာ ချမှတ်ထားတဲ့ စည်းကမ်းလဲမသိ...အစေခံကျွန်မတွေနဲ့ တစားပွဲထဲ သောက်စားနေတဲ့သားတယောက်ရှိတာ မထူးဆန်းပါဘူးလေ..."

"စီ့ဖေးမယ်မယ် သင်ပြဆုံးမတာ ဟုတ်ပါတယ်..."

ရှီယုံနျဉ်သည် ယနေ့အဖို့ အဆုံးစွန် အရှက်ရ အစော်ကားခံလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ ယခု သူ၏နှုတ်မှ အလွန်ချိုသာနှိမ့်ချသောစကားများအား မြှောက်ပင့်ပြောဆိုနေသလောက် သူ၏စိတ်ထဲတွင်လည်း တပြိုင်တည်းပင် ရှီချန်အန်းအား ဒေါသထွက်၊ အပြစ်တင်မုန်းတီးနေတော့သည်။ ထိုမျိုးမစစ်သည့်၊ ကျေးဇူးကန်းသည့်သားကြောင့်သာ မဟုတ်လျှင် သူ ယနေ့ကဲ့သို့ အောက်ဆုံးအခြေအနေထိ ရောက်လိမ့်မည်မဟုတ်...။

ယခုလက်ရှိ သူမရှေ့တွင် ဒူးထောက်နေသည့်သူများသည် ရှီချန်အန်း၏ သွေးရင်းဆွေမျိုးများ ဖြစ်လေသည်။ သူမသည် ထိုသူနှစ်ဦးအား ဆုံးမနေသည်ဖြစ်သော်လည်း မင်ယွိ၏စိတ်ထဲမှာမူ ရှီချန်အန်းကိုယ်တိုင်အား ဆုံးမနေရသကဲ့သို့ ခံစားနေရသည်။ ထို့သို့သောအတွေးစိတ်ကူးတို့အား ထပ်ပေါင်းထည့်လိုက်သောအခါ မင်ယွိ၏ ဘဝင်ခိုက်သဘောကျနေသောမျက်နှာကား ဖုံးဖိမရနိုင်အောင် ပေါ်လွင်နေတော့သည်။ သူမကတော့ အားတက်တရောပင် အရှေ့တွင်ရှိနေသော လူနှစ်ဦးအား သင်ခန်းစာပေး ဆိုဆုံးမနေဆဲဖြစ်သည်။

ယနေ့ မင်ယွိနှင့်အတူပါလာသောသူတို့မှာ ချင်ရှင်းအပြင် ရှောင်းချင်းယန့်၏ ကိုယ်ရေးကိုယ်တာသုံး အစေခံမိန်းကလေးနှစ်ဦးပါ ပါသေးသည်။ ချင်ရှင်းကတော့ မိမိသဘောဖြင့် လိုက်ပါလာခဲ့သူဖြစ်ပြီး ထိုအစေခံမိန်းကလေးနှစ်ဦးကတော့ မင်ယွိ လူလွှတ်ကာ ခေါ်လိုက်၍ အတူပါလာခဲ့ခြင်းဖြစ်သည်။

သူတို့လေးယောက်အပြင် အနောက်မှလိုက်ပါလာသော သူတို့၏ ယားထိုနှင့် ပေါ်ဇီ့များအား ပေါင်းလိုက်သော် ရှီချန်အန်း၏ခြံဝန်းတံခါးရှေ့တွင် ဆယ်ဂဏန်းကျော်သောလူအုပ်ကြီးတစု ဖြစ်ပေါ်နေပြီဖြစ်သည်။ မင်ယွိ ထင်သည်။ ဤမျှသောလူအင်အားဖြင့်တော့ ယနေ့ ဖြစ်ပျက်သွားသမျှအကြောင်းစုံအား အိမ်တော်တခုလုံးသိသွားရန် နှစ်ရက်ပင် ကြာလိမ့်မည်မဟုတ်။ အဲ့ဒီအချိန်ကျရင် ရှီချန်အန်းတယောက် ဘယ်လိုမျက်နှာနှင့် အိမ်တော်ထဲတွင် နေနိုင်မည်အား သူမ စောင့်ကြည့်လိုက်ဦးမည်။

မင်ယွိ၏ ပဏာမဇနီးသည်မွေး'တိဖွား'နှင့် ကိုယ်လုပ်တော်မွေး'ရှုဖွား'ဟူသည့်စကားအား အထပ်ထပ်အခါခါ အထူးလုပ်၍ပြောနေသည်အား နားထောင်နေရင်း ချင်ရှင်းသည် စိတ်ထဲတွင်သာ လှောင်ရယ်နေတော့သည်။ မင်ယွိသည် ဤမျှလောက်အထိ တုံးမိုက်လိမ့်မည်ဟု သူမ တခါမှ မထင်ထားခဲ့ဖူးပေ။

သူမက မိမိ၏မိဘအိမ်တွင် 'တိသမီး'ဖြစ်သည်ဆိုတော့ရော ဘာလုပ်ရမှာလဲ။ အခု သူမက သူများ၏ကိုယ်လုပ်တော်အဆင့်ပဲ ဖြစ်နေပြီ မဟုတ်လား။ 'စီ့ဖေးမယ်မယ်'ဟူသည့် ဘွဲ့အမည်တပ်ကာ အခေါ်ခံရတော့ရော...အဲ့ဒီအခေါ်လေးလောက်နဲ့ ဘာများလုပ်လို့ရလို့လဲ။ 'ကိုယ်လုပ်တော်'ဆိုတာက 'ကိုယ်လုပ်တော်'ပဲလေ။ အနာဂတ်မှာ သူမသာ သားသမီးမွေးလာခဲ့မယ်ဆိုရင်ရော...။ အဲ့ဒီသားသမီးတွေက အခု သူမ ဆက်တိုက်ရှုံ့ချအပြစ်တင်နေတဲ့ ကိုယ်လုပ်တော်ကမွေးသည့် ရှုသားသမီးတွေအပြင် ဘာများဖြစ်လာနိုင်သေးလို့လဲ။ ဘဝနေ့ရက်တွေကို အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ဖို့ ကိုယ့်နေရာကိုယ်သိပြီး တသက်လုံးနှိမ့်ချပြီးနေသွားရတော့မယ့် ကိုယ်လုပ်တော်ရဲ့သားသမီး 'ရှုဖွား'တွေပဲ ဖြစ်လာမှာလေ...။

အတိတ်နေ့ရက်များမှ ခါးသီးခဲ့မှုများအား ပြန်လည်တွေးတောမိရင်း ရုတ်တရက်ဆိုသလို ချင်ရှင်းတယောက် စိတ်သက်သာရာအချို့ရသွားသလိုပင်။ အခုကစပြီး သူမတို့နှစ်ဦးသည် အတူတူပဲ ဖြစ်သွားပြီဖြစ်သည်။ အားလုံး...အတူတူပဲ...ဖြစ်သွားပြီ...။

"နင်က အဲ့ဒီမှာ ဘာလို့ရယ်နေရတာလဲ...ဟမ်...ငါပြောတဲ့ထဲမှာ ဘာမှားတာပါနေလို့လဲ..."

မင်ယွိ နည်းနည်းတော့ စိတ်တိုလာသည်။ သူမကတော့ ပြောလိုက်ရတာ အာတောင်ခြောက်လို့။ ချင်ရှင်းက သူမအား ဘေးကနေ၍ မကူညီပေးချင်ရင်လဲ ထားလိုက်ပါဦး...။ အခုတော့ သူက ထတောင်ရယ်နေသေးတယ်လား...။ သူ့မှာ ဘာရယ်စရာများ ရှိနေလို့လဲ...။ ဘာလဲ...သူက အခု ငါ့ကို ရယ်နေတာလား...။

"ဘာမှ မမှားပါဘူး ညီမလေးရဲ့...ဒီလိုပါပဲ...ရုတ်တရက် နေလို့မကောင်းဖြစ်လာသလားလို့...အရင်ပြန်နှင့်တော့မယ်...ညီမလေးကတော့........ဆက်လုပ်လိုက်ပါဦးနော်..."

ချင်ရှင်း၏ 'ဆက်လုပ်လိုက်ပါဦး'ဟူသောစကားအဆုံးတွင် မြေပြင်တွင် ဒူးထောက်နေသည့် ရှီသားအဖသည် တချိန်တည်းလိုပင် တောင့်တင်းသွားရသည်။ ရှီယုံနျဉ်ကား နောင်တရ၍မဆုံးတော့။ အဲ့ဒီကျေးဇူးမသိတတ်တဲ့သားက သူ့ကို အရိုးထဲစွဲအောင်ကို မုန်းနေတာ သူ အစောကြီးကတည်းက သိထားရဲ့သားနဲ့...ဘယ်လိုလုပ်ပြီး အဲ့ဒီကောင်လေးက သူ့ကို ကူညီပေးမှာတဲ့လဲ။ သူ တကယ်ကိုပဲ စိတ်လွတ်သွားခဲ့တာဖြစ်ရမယ်။ ဘယ်လိုလုပ်ပြီး အဲ့ဒီအသုံးမကျတဲ့ကောင်မလေး 'ယင်ဟွေ့'ရဲ့စကားကို နားယောင်မိသွားရတာလဲ။ အဲ့ဒီကောင်မလေးက ဘာများအသုံးကျမှာမို့လို့လဲ...။ သူ့လိုငယ်ငယ်ရွယ်ရွယ်ကောင်မလေးက ဘာအတွေးအခေါ်၊ အမျှော်အမြင်ရှိနိုင်မှာလဲ...။ အခုတော့...သူက ဘာအတွက်နဲ့ ဒီနရာအထိလာပြီး ကိုယ့်အရှက်ကိုယ် အခွဲလာခံနေရတာလဲ...။

ရှီယင်ဟွေ့မှာမူ ယခုအချိန်တွင် သူမဖခင်အား တွေးပေးနိုင်ရန်ပင် အာရုံမရှိတော့။ သူမ၏စိတ်တို့သည် နားမလည်နိုင်မှုတို့ဖြင့် ရှုပ်ထွေးနေပြီဖြစ်သည်။ လက်ရှိအခြေအနေတို့သည် ကောင်းသည်ဆိုးသည်အား သူမ ကောင်းကောင်း မသိရသေးပေ။ ထိုမိန်းမပြောနေသည်များအား နားထောင်ရသလောက်ဆိုလျှင် ရှီချန်အန်းသည် ယခု ဒုက္ခတွေ့နေသည့်ပုံပင်...။ ဤဝမ်ရယ်အိမ်တော်ထဲတွင် သူ ကောင်းကောင်းနေရသည့်ပုံလည်း မပေါ်ပေ။ ထိုသည်အား ကြားရချိန်တွင် သူမ အလွန်ပျော်သွားမိသည်။ သို့သော် လက်ရှိအခြေအနေသည် အဲ့ဒီအကောင်စုတ် ဒုက္ခရောက်သည်အား အပျော်လွန်နေရမည့်အချိန် မဟုတ်သေးပေ။ အိမ်မှာဖြစ်နေသည့် ပြဿနာတို့ကဖြင့် မဖြေရှင်းရသေးဘူး...အဲ့ဒီကောင်စုတ်က ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် အသုံးချလို့တောင်မရတဲ့ အခြေအနေရောက်သွားရတာလဲ...။

တကယ်လို့...သူမသာဆိုလျှင်....။ အဲ့ဒီနေရာမှာ သူမသာဆိုလျှင်........။ လက်ရှိဖြစ်ပျက်နေသောအခြေအနေတို့အား စဉ်းစားမိလိုက်လျှင် ရှီယင်ဟွေ့ စိတ်ထဲမှနေ၍ ရှီချန်အန်းအား အကြိမ်ရှစ်ရာလောက် ကျိန်ဆဲပစ်လိုက်သည်။ အသုံးမကျတဲ့ မိန်းမပျက်ရဲ့သားဆိုတော့လည်း သူ့သားကလည်း ဘာများ အသုံးကျနိုင်မှာလဲ။ 'ဝမ်ဖေး'ဆိုသည့်နေရာရထားတာတောင်မှ အိမ်အတွက် ဘာအကျိုးမှမပေးနိုင်ဘူး။ တကယ်လို့ သူမသာဆိုလျှင်......။ သူမသာဆိုပါက...ဟွန်း...ဒီနေ့လိုအခြေအနေမျိုး လုံးဝ အရောက်ခံမှာ မဟုတ်ဘူး...။

"ဟတ်ချိုး"

“ဝမ်ဖေး...ရာသီဥတုက တဖြည်းဖြည်း အေးလာပြီ...ဝမ်ဖေး အပေါ်ထပ်ဝတ်ရုံ ဝတ်ထားသင့်ပြီ..."

"အင်း...ဒါနဲ့...အိမ်တော်အတွက် ဆောင်းရာသီအဝတ်အစား ပြင်ဆင်ဖို့အချိန် ရောက်လာပြီပဲ...မင်းတို့ ငါ့ကို ပြောပြပါဦး...အရင်တုန်းက ဆောင်းရာသီအဝတ်အစားနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ခဲ့ကြတယ်ဆိုတာ..."

သည်လိုကိစ္စအသေးအမွှားလေးများအတွက်တော့ ရှောင်းချင်းယန့်နှင့် တိုင်ပင်နေစရာ မလိုပေ။ ဤသည်ကား ရှီချန်အန်း လုပ်ရမည့်ကိစ္စဖြစ်သလို သူ၏'ဝမ်ဖေး'နေရာ၏လုပ်ပိုင်ခွင့်၊ လုပ်ဆောင်ရမည့်တာဝန်များလည်း ဖြစ်သည်။ အရင်ဆုံး ယခင်တုန်းက ဤကိစ္စနှင့်ပတ်သက်၍ ဘယ်လိုလုပ်ခဲ့သည်အား အိမ်တော်ရှိလူဟောင်းများအား အရင်မေးမြန်းလိုက်မည်။ ထို့နောက် ဘယ်လိုဆက်လုပ်ရမည်အား မိမိဘာသာ စဉ်းစားဆုံးဖြတ်၍ လုပ်လိုက်လျှင် ရပေမည်မဟုတ်လား။

*(T/N: confidence levelတွေ so highနေသော ချန်အန်းလေး😊...fighting!)

သူတို့လူစုသည် တရှီချန်(နှစ်နာရီ)နီးနီးမျှ လေ့ကျင့်ပြီးသည်နှင့် ပြန်လာခဲ့ကြသည်။ လုံးလုံးစိတ်မချနိုင်သေးသော ရှီချန်အန်းသည် ကိုယ်တိုင် ယန်မောမော့တို့အား သွားတွေ့ရန်ပြင်လိုက်သည်။ လောလောဆယ် သူတို့အား မလွှတ်ပေးနိုင်သေးသော်လည်း သူ့အနေဖြင့် သူတို့အား စိတ်မပူပန်စေရန် သွားပြောလိုသည်။ သူတို့အား မကြာခင်် လွှတ်ပေးတော့မည်ဖြစ်ကြောင်း၊ စိတ်ပူစရာဘာမှမရှိကြောင်းအား သူတို့ စိတ်ချစွာနေနိုင်စေရန် ကိုယ်တိုင်သွား၍ အသိပေးချင်သည်။ 

ရှောင်းချင်းယန့်၏နှုတ်မှ မည်သည့်ကတိစကားမျှ မပြောခဲ့သော်လည်း သူ စိတ်ပြောင်းသွားပြီဖြစ်ကြောင်း ရှီချန်အန်း ယုံကြည်သည်။ ထို့ကြောင့် ယန်မောမော့တို့အား ဆက်မရိုက်ခိုင်းတော့သလို အိမ်တော်မှလည်း နှင်ထုတ်တော့မည်မဟုတ်ပေ။ အဲ့ဒီအချိန်တုန်းက ရှောင်းချင်းယန့် ဘာလို့အဲ့ဒီလောက် ဒေါသထွက်သွားရသည်အား သူ နားမလည်နိုင်သေးပေ။ ဖြစ်နိုင်တာက...သူ တခုခုမှားပြောမိလိုက်လို့များလား...။သို့မဟုတ်...တခုခု အမှားလုပ်မိလိုက်လို့လား...။ တညပင် ကုန်လွန်သွားပြီးမှ...ထိုအချိန်မှ ရှောင်းချင်းယန့်က ဒေါသထွက်လာပြီး ထိုသို့သောအမိန့်ပေး၊ ဆုံးဖြတ်ချက်ချသည်တဲ့လား...။ ဒါ...ဘယ်လိုမှ ပုံမှန်မဟုတ်ပေ။ အကယ်၍ ရှောင်းချင်းယန့်သာ တကယ်ဒေါသထွက်သည်ဆိုပါက မနေ့ညကတည်းကပင် မောမော့တို့အား လူလွှတ်၍ ရိုက်ခို်င်းပြီးလောက်ပြီ။ ဒီနေ့ရောက်သည်အထိ တကူးတက စောင့်နေစရာမလိုပေ။

*(T/N: စုံထောက်လေး မောင်ချန်အန်း...ဆက်ပြီးစဉ်းစားလိုက်ပါဦး😅)

သူ၏စိတ်ထဲတွင် အကြောင်းအချက်အလက်များ ခိုင်လုံစွာဖြင့် တည်ဆောက်ထားသည့် အဖြေတခုထွက်လာပြီးမှသာ* ရှီချန်အန်းတယောက် ယန်မောမောတို့အား မျက်နှာချင်းဆိုင် တွေ့ရဲသည့်သတ္တိရှိလာတော့သည်။ အကယ်၍ လူချင်းတွေ့ခွင့်မရဘူးဆိုလျှင်လည်း သူ အပြင်မှနေ၍ အော်ပြော၍ရသည်ပဲ။ အရေးကြီးတာက မောမော့တို့ စိတ်ပူပန်ကြောင့်ကြမနေရရင်ပဲ အဆင်ပြေလှပြီ။ ဘာပဲဖြစ်ဖြစ် သူတို့တွေ သိပ်မကြာခင် လွတ်လာတော့မည်ပဲ မဟုတ်လား။

*(T/N: ဟိုတွေးဒီတွေးနဲ့ ယန်မောမော့တို့ လွတ်လာနိုင်မှာ သေချာပြီဆိုမှ...အဲဒါတောင်မှ ရှောင်းချင်းယန့် ဒေါသထွက်ရတဲ့အကြောင်းကို မပေါက်သေးရှာဘူး😌)

အိမ်တော် အနောက်ဘက်ခြံဝန်း၏ ထင်းသိုလှောင်ရုံမှ သူ၏ပင်မခြံဝန်းသို့ အပြန်လမ်းတလျှောက်လုံး ရှီချန်အန်း သူ၏စိတ်အား ဖြေးဖြေးချင်း တည်ငြိမ်အောင် ထိန်းလာခဲ့သည်။ သို့သော် သူ၏ခြံဝန်းရှေ့သို့ ရောက်ခါစမှာပင် ထိုတည်ငြိမ်စစိတ်နှလုံးသားလေးမှာ ပြန်လည်အသက်ဝင်လာပြန်တော့သည်။

ဒါက ဘာတွေဖြစ်နေကြတာလဲ။ ဒီလောက်များတဲ့လူအုပ်ကြီးက ဘာဖြစ်လို့ သူ့ခြံဝန်းရှေ့ ရောက်နေရတာလဲ။ မြေပြင်ပေါ်မှာ ဒူးထောက်နေတဲ့ လူနှစ်ယောက်လဲ ရှိသေးတယ်။ ရှောင်းချင်းယန့်တောင် ဒီနေရာမှာ ရှိနေလိုက်သေးတယ်............။

XXXXX

PREVIOUS << TOC >> NEXT

No comments:

Post a Comment

Support My Translations