Monday, May 11, 2020

ကြင်ရာတော် ချန်အန်း (Unicode) - အပိုင်း (၁၇)

အပိုင်း (၁၇)

ရှီချန်အန်းသည် ထိုညအတွက်တော့ ကောင်းစွာ အိပ်ပျော်ခဲ့သည်ကိုကား အထူးပြောနေစရာမလိုပေ။ နောက်တနေ့မနက် သူ အိပ်ရာမှ နိုးလာချိန်တွင် မိုးပင် စင်စင်လင်းနေပြီ ဖြစ်သည်။ ပင်မအဆောင်တွင် ရှောင်းချင်းယန့် မရှိသည့်အချိန်များတွင် ရှီချန်အန်းသည် သူ့အား ခစားပြုစုရန်  ယားထိုများအား စောင့်နေခိုင်းလေ့မရှိပေ။ မိမိဘာသာ အဝတ်အစားဝတ်၊ ပြင်ဆင်ပြီးသောအခါမှသာ အပြင်တွင်စောင့်နေသော ယားထိုများအား မျက်နှာသစ်၊ ကိုယ်လက်သုတ်သင်ရန် ရေနွေးလာပို့ခိုင်းလိုက်သည်။ ယခင်နေ့များတုန်းကတော့ ထိုယားထိုများသည် ပြုံးပြုံးရွှင်ရွှင် မျက်နှာများနှင့်သာ။ ယနေ့တော့ ဘာကြောင့်ရယ်မသိ...။ တယောက်ပြီးတယောက် ဝင်လာကြသောယားထိုတို့သည် ခေါင်းများငုံ့ကာဝင်လာပြီး အရာရာ သတိကြီးကြီးထားနေကြသည့်နှယ်။ မဟုတ်မှလွဲရော...သူ မနေ့ညက အရက်မူးမူးနှင့် သူတို့အား အပြစ်ပေးမိသွားတာလား...။

"ဝမ်ဖေး...ဟို...ဟို...ခဏနေရင် ဝမ်ဖေး ယန်မောမော့တို့ကို သွားကြည့်လိုက်ပါဦး...သူတို့ ဘယ်အချိန်အထိ အပိတ်ခံထားရဦးမှာလဲ မသိဘူး...ပြီးတော့ အရိုက်ခံနေရဦးမှာလားလဲ မသိရဘူး..."

ဤယားထိုငယ်နှစ်ဦးသည် ပင်မခြံဝန်းသို့ ရောက်ရှိနေသည်မှာ ရက်အတော်ပင်ကြာခဲ့ပြီ ဖြစ်ရာ...ဝမ်ဖေးသည် ယန်မောမော့၊ ချွန်းယွီနှင့် တုန်းရွှယ်တို့အပေါ် မည်မျှအလေးထားသည်အား သိကြပြီးသားပင်။ ယခု ဝမ်ဖေး၏ပုံစံအား ကြည့်ရသည်မှာ မနေ့ညက ကိစ္စအား လုံးဝ မမှတ်မိသည့်ပုံစံပင်။ သူတို့အနေဖြင့် ဝမ်ဖေးအား အစဖော်သတိပေးရန်သာ...။

"မောမော့က ဘာဖြစ်လို့လဲ..."

ရှီချန်အန်း၏မှတ်ဉာဏ်ထဲတွင် သူ ယန်မောမော့တို့အား အတင်း ဝိုင်အရက် အတူသောက်ခိုင်းသည်အထိသာ ရှိသည်။ ထိုနောက်ပိုင်းများအား သူ လုံးဝ မမှတ်မိပေ။ မဟုတ်မှလွဲရော...မနေ့ညက ရှောင်းချင်းယန့်များ ရောက်လာခဲ့တာလား...။

"ဝမ်ဖေး...ဝမ်ဖေး မမှတ်မိဘူးလား...မနေ့ညက......."

ယားထိုငယ်နှစ်ဦး၏ တဦးကိုတဦးကြည့်ကာ 'နင်ပြောလိုက် ငါပြောလိုက်'ဖြင့် မနေ့ညကဖြစ်ပျက်ခဲ့သမျှအား ဖြစ်ကြောင်းစုံ သေချာစွာ ဇာတ်ကြောင်းပြန်လေတော့သည်။ အားလုံးအား ရှီချန်အန်း နားထောင်ပြီးချိန်တွင်တော့ သူ နောင်တကြီးစွာ ရမိသည်။ 'အားလုံး သူ့ကြောင့် ဖြစ်ရတာ...'။ သူသာ မောမော့တို့ကို အတင်းအကျပ် မလုပ်ခဲ့ရင်...သူသာ မောမော့တို့ကို အတင်း အတူထိုင်ကာ မသောက်ခိုင်းခဲ့ရင်...ဒီကိစ္စတွေ ဖြစ်လာခဲ့မှာ မဟုတ်ဘူး။

"မောမော့တို့ကို ပိတ်ထားတာ ဘယ်နေရာမှာလဲ..."

ကိစ္စတွေက ဤဝမ်အိမ်တော်တွင် ဖြစ်ပျက်ခဲ့ရသည်မို့ ရှီချန်အန်း ယားထိုငယ်နှစ်ဦးအား အခြေအနေအား အမြန်အဆန်မေးရသေးသည်။ ထို့နောက်တွင်မူ ကောင်းစွာ မျက်နှာသစ်၊ အဝတ်အစားကောင်းကောင်းဝတ်ရန်ပင် အချိန်မပေးနိုင်၊ ခေါင်းသာ သင့်တင့်ရုံ ဖြီးပြီးသည်နှင့် သူ့အား မောမော့တို့ရှိရာသို့ လိုက်ပို့ခိုင်းလိုက်သည်။

အစက သူ ထင်ထားခဲ့သည်က မောမော့တို့တတွေအား သူ၏ပင်မခြံဝန်းထဲတွင်သာ ပိတ်ထားခဲ့သည်ဟု...။ သို့သော် ယခု ယားထိုနှစ်ဦးသည် သူ့အား ပင်မခြံဝန်းအပြင်သို့ ခေါ်လာခဲ့သည်။ ပင်မခြံဝန်း၏တံခါးမကြီးအား ကျော်လာခဲ့သည်နှင့် ရှီချန်အန်း၏စိတ်ထဲတွင် စိုးရိမ်ပူပန်မှုတို့ ကြီးထွားလာသည်။ သူ့ခြံဝန်းထဲတွင်တောင် မဟုတ်ဘဲ တခြားနေရာမှာ ပိတ်ထားတာတဲ့လား...။ ဒီအခြေအနေက ကိစ္စကြီးသည်ဟုဆိုနိုင်သော်လည်း...သေးသည်ဟူ၍လည်း ပြောနိုင်သေးသည်။ အဘယ့်ကြောင့်ဆိုသော် ထိုကိစ္စနှင့်ပတ်သက်၍ အပြီးသတ်ဆုံးဖြတ်ချက်သည် အားလုံး ရှောင်းချင်းယန့် မည်သို့ဆုံးဖြတ်မည်ဟူသည့်အချက်တွင် မူတည်နေသောကြောင့်ဖြစ်သည်။

ဝမ်ရယ်အိမ်တော်၏ အနောက်ခြံဝန်း၏အနောက်ဘက်အကျဆုံးအဆောင်သို့ အလျင်စလိုသွားနေရင်း ရှီချန်အန်း အမျိုးမျိုး စိုးရိမ်ပူပန်နေရသည်။ ထိုနေရာသည် အိမ်တော်ရှိအစေခံများထဲတွင်မှ အနိမ့်ဆုံးအဆင့်အစေခံများ နေထိုင်ရာအဆောင် ဖြစ်ပေသည်။ သွားရာလမ်းတလျှောက်လုံးတွင် ရှီချန်အန်း စိတ်ကူးအစီအစဉ်များ အကွက်ကျကျ ချနေမိသည်။ ပထမဆုံးအနေဖြင့် သူ မောမော့တို့အား အရင်တွေ့မည်။ ထို့နောက် လူတွေအား အစားအသောက်များ ယူလာခိုင်းကာ မောမော့တို့အား စားသောက်ခိုင်းရမည်။ အားလုံးပြီးသွားသည့်အခါတွင်တော့ သူ ရှောင်းချင်းယန့်အား သွားရှာကာ တောင်းပန်ရမည်။ ဒီလိုဆိုလျှင် မောမော့တို့တတွေ အချိန်သိပ်မကြာခင်မှာပဲ ကောင်းကောင်းမွန်မွန် ပြန်ထွက်လာနိုင်မည်ဟု သူ ယုံကြည်သည်။ 

သို့သော် ရှီချန်အန်း မထင်ထားခဲ့ပေ။ သူ ထိုနေရာသို့ ရောက်သွားသည့်အချိန်တွင်တော့ ထိုအခန်းအား စောင့်နေသည့်သူတို့သည် သူ့အား အခန်းတွင်းသို့ပင် ပေးမဝင်ပေ။

သူ ဤရှန်ဝမ်အိမ်တော်သို့ ရောက်သည့်နေ့မှစ၍ အရာရာတွင် သတိကြီးစွာ ထား၍ ပြုမူပြောဆိုရသည်ဟု ဆိုသော်ငြားလည်း ထိုနေ့မှစ၍ အစစအရာရာသည် အဆင်ပြေပြေ ချောချောမွေ့မွေ့ ဖြစ်ပျက်ခဲ့သည်များသာ...။ ရှောင်းချင်းယန့်သည် သူ့အား ဘယ်သောအခါမှ အခက်တွေ့အောင် မလုပ်ခဲ့ပေ။ အိမ်တော်ရှိလူများသည်အား သူ့အား အလွန် ရိုသေလေးစားစွာ ဆက်ဆံခဲ့သည်သာ။ ထို့ကြောင့် ယခုကဲ့သို့ သူ့အား အခန်းတွင်းသို့ ဝင်ရန် တားမြစ်ခံရလိမ့်မည်ဟု ရှီချန်အန်း မတွေးထားမိခဲ့ပေ။

ထိုတံခါးစောင့်နေသည့် အစေခံများနှင့် အငြင်းမပွားချင်သလို သူတို့အား အကျပ်တွေ့အောင်လည်း သူ မလုပ်ချင်ပေ။ ထို့ကြောင့် ရှီချန်အန်း ထိုနေရာမှ ပြန်လှည့်ထွက်လာခဲ့ပြီး ရှောင်းချင်းယန့်၏စာကြည့်ဆောင်ရှိရာသို့သာ အမြန် သွားလိုက်တော့သည်။ အမိန့်ပေးသည့်သူမှာ ရှောင်းချင်းယန့် ဖြစ်သောကြောင့် ထိုအမိန့်ပေးသည့်သူထံ တိုက်ရိုက်သွားလိုက်ခြင်းက ပိုမြန်ပေလိမ့်မည်။

ရှီချန်အန်းအနေဖြင့် ရှောင်းချင်းယန့်ထံသို့ အမြန်သွား၍ တောင်းပန်ကာ ယန်မောမော့တို့ အမြန်ဆုံး လွှတ်လာစေရန်သာ စိတ်စောနေပေရာ ယခုအချိန်တွင် ရှောင်းချင်းယန့်သည် နန်းတွင်းထဲ၌ တော်ဝင်ညီလာခံတက်နေဆဲဖြစ်ကြောင်းကိုပင် မေ့လျော့နေခဲ့သည်။ သူတို့၏ဝမ်ဖေး ဦးတည်ထွက်သွားရာနေရာအားကြည့်ရင်း မည်သည့်နေရာသို့သွားမည်ဖြစ်ကြောင်းရိပ်မိသော ယားထိုငယ်နှစ်ဦးသည် ဝမ်ဖေးအား အသံထွက်ကာ သတိပေးမိသည်။ ထိုသတိပေးသံကြားရမှသာ ရှီချန်အန်း၏ တချိန်လုံး ချုပ်ထိန်းဖုံးကွယ်ထားရသည့် စိုးရိမ်ပူပန်မှု၊ ဆောက်တည်ရာမရမှုတို့သည် နောက်ဆုံးတော့ ပေါ်ထွက်လာခဲ့တော့သည်။ 

"အားလုံး ငါ့ကြောင့် ဖြစ်ရတာ...အားလုံး ငါ့ကြောင့် ဖြစ်ရတာ..."

သူ၏ ယခုအချိန်ထိတိုင် အတန်ငယ် အမူးမပြေသေးသည့်ခေါင်းအား လက်သီးဆုပ်ဖြင့် အားပြင်းပြင်း နှစ်ချက်ရိုက်လိုက်ရင်း ရှီချန်အန်း မိမိကိုယ်ကို အပြစ်တင်၍ မဆုံးတော့ပေ။ မနေ့ညက အဲ့ဒီလောက် အပျော်မလွန်သွားသွားသင့်ဘူး...။ အစကတည်းက သူ သိထားရဲ့သားနဲ့...။ ဟောဒီ ဝမ်ရယ်အိမ်တော်ကြီးထဲမှာ အစစအရာရာ သတိကြီးကြီးထားပြီး နေရမယ်ဆိုပြီး...။ ဘယ်လိုလုပ်ပြီး မနေ့ညက အဲ့ဒါကိုမေ့သွားပြီး...အဲ့ဒီလို စိတ်လွတ်ကိုယ်လွတ် ပျော်မိသွားရတာလဲ.....။

"ဝမ်ဖေး...ဝမ်ဖေး မနေ့ညက အရက်မူးတာလဲ ကောင်းကောင်း မပြေသေးဘူး...အခုလဲ နေလို့ကောင်းသေးတာ မဟုတ်ဘူး...အရင်ပြန်ပြီး အနားယူလိုက်ပါဦး...ခဏနေရင် နူးပိ မောမော့တို့ စားဖို့ တခုခု စီစဉ်ပြီး ပို့ပေးလိုက်ပါ့မယ်...ဝမ်ရယ်ပြန်လာတဲ့အချိန်စောင့်ပြီး...အဲ့ဒီအချိန်ကျမှ ဝမ်ဖေး ဝမ်ရယ်ဆီသွားပြီး တောင်းပန်လို့ရတာပဲ..."

"အခုတော့ အဲ့လိုပဲ လုပ်ရတော့မှာပဲ...သွားမယ်...ပြန်ကြတာပေါ့..."

ရှီချန်အန်း တကယ်ပင် ကြောက်ရွံ့ကာ ပူပန်နေရသည်။ သူ့အား ရှောင်းချင်းယန့်မှ မနှစ်သက်ကြောင်း သူ သိသည်။ မဟုတ်မှလွဲရော...သူက တနေ့ သူ ဒီလို အမှားလုပ်မိမယ့်နေ့ကို စောင့်နေတာများလား........။

အပြန်လမ်းတလျှောက်... ရှီချန်အန်း၏ခေါင်းထဲ အတွေးပေါင်းစုံ ပြည့်နှက်နေသည်။ ရှောင်းချင်းယန့် ပြန်ရောက်လာဖို့ကလည်း အချိန် တော်တော်ကြာဦးမည်။ ပြန်ရောက်လာရင် သူ့ကို ဘယ်လိုပြောပြီး တောင်းပန်ရပါ့......။ ထိုသို့ဖြင့် သူ ပင်မခြံဝန်းသို့ ပြန်ရောက်ချိန်တွင်တော့ ယခုအချိန်တွင် သူ ဧည့်ခံချင်စိတ်ပင် မရှိသည့် အမိျုးသမီးနှစ်ဦးသည် သူ့အား စောင့်နေသည်အား တွေ့လိုက်ရသည်။ 

"ဘယ်လိုပဲ ငါက ဝမ်ဖေးဆိုဦးတော့...ဘာပဲပြောပြော ငါက ယောကျ်ားတဦးပဲ မဟုတ်လား...အမျိုးသားနဲ့ အမျိုးသမီးကြားမှာ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေ ရှိသေးတယ် မဟုတ်လား...နောက်ဆို စီ့ဖေးနှစ်ပါး နေ့တိုင်းလာပြီး ဂါရဝပြုစရာ မလိုပါဘူး...ငါးရက်တခါ လာရင်ပဲ အဆင်ပြေပါတယ်..."

ယနေ့အဖို့တော့ သူ ထိုသူများနှင့် ရင်ဆိုင်ဆက်ဆံလိုစိတ် မရှိပေ။ ထိုသူနှစ်ဦးအား အမြန် ဤနေရာမှသာ ထွက်သွားစေချင်လှသည်။ ရှီချန်အန်း ထင်ထားသည်က သူ ဤသို့ပြောပြီးသောအခါတွင် ထိုနှစ်ဦးသည် ပြန်သွားကြလိမ့်မည်ဟု...။ ဘယ်သူ သိမှာလဲ။ ထိုနှစ်ဦးကား ပြန်မသွားသေးသည့်အပြင် သူတို့ဘာသာပင် ထိုင်ခုံ၌ ဝင်ထိုင်ကြလိမ့်မည်ဟု...။

"မမ...အဲ...ကိုကိုကြီးရဲ့စကားက ဘယ်လိုပြောလိုက်တာပါလိမ့်...ကိုကိုကြီးက ဝမ်ရယ်ရဲ့ တရားဝင်ဇနီး 'ကျန့်ဖေး'ပဲ မဟုတ်လား...ကျွန်မတို့ ညီအစ်မတတွေ လာပြီး ဂါရဝပြုရမှာ ချမှတ်ထားတဲ့ စည်းကမ်းပဲ မဟုတ်လား...ဒါပေမယ့် ဒီနေ့ ကျွန်မတို့လာတာက ဂါဝရပြုဖို့ တခုထဲမဟုတ်ပါဘူး...တခြားပြောစရာကိစ္စလေးရှိလို့ ကျွန်မတို့ ဝမ်ဖေးကို လာတွေ့ကြတာပါ..."

မင်ယွိ၏ 'ကိုကိုကြီး'ဟူသောခေါ်သံအဆုံးတွင်တော့ ရှီချန်အန်း၏ခေါင်းတခုလုံး ကျိန်းစပ်သွားသကဲ့သို့ ခေါင်းစမှ ခြေဖျားအဆုံး ကြက်သီးမွေးညင်းများပင် တဖြန်းဖြန်း ထသွားသည်။ ထိုမိန်းမသည် လူကောင်းတယောက်တော့ မဟုတ်နိုင်ဟု သူ အမြဲ ခံစားမိနေသည်။ သူမသည် မျက်နှာအား ပြုံးချိုကာ စကားအား ကြည်သာစွာ ပြောနေပေမယ့်...ဘယ်လိုပြောရမည်နည်း....။ သူမ၏ပြောစကားများသည် အပြောခံရသူအဖို့ ဘာကြောင့်ရယ်မသိ စိတ်မသက်မသာ ခံစားရသလိုပင်။

သူတို့နှင့် အပိုသာရကာပြောချင်စိတ်မရှိသလို၊ သူတို့သည်လည်း အမှန်တကယ် ပြောစရာကိစ္စ ရှိကြောင်းလည်း သိသောကြောင့် ရှီချန်အန်း အချိန်ဆွဲမနေဘဲ တန်းမေးလိုက်သည်။

"ဘာကိစ္စ ရှိလို့လဲ...ပြောလေ..."

သူမ၏အရှေ့တွင်ချထားသော ရေနွေးခွက်အား ကောက်ကိုင်ကာ ခေါင်းငုံ့မသောက်မီလေးတွင် မင်ယွိသည် ချင်ရှင်းအား အဓိပ္ပာယ်ပါသော အကြည့်တချက်ဖြင့် ဝင့်ကြည့်လိုက်သည်။ ချင်ရှင်းအတွက်တော့ မျက်နှာမပျက်ရအောင်ထိန်းရင်း အားတင်းကာ စကားစလိုက်ရတော့သည်။

"ဝမ်ဖေး...အဲ့ဒီကိစ္စက...ကျွန်မတို့ ဒီနေ့ ဝမ်ဖေးကို လာမေးရတာက...ရှန်ဝမ်အိမ်တော်ရဲ့ ညပိုင်း အလှည့်ကျခစားရမယ့် အိပ်ခန်းစာရင်းသွင်းနေရာချမှုကို ဘယ်လိုစီစဉ်ထားလဲ ဆိုတာသိချင်လို့ပါ..."

မည်သို့ပင်ဆိုစေကာမှု ဤကိစ္စသည် လူအား အရှက်သည်းစေသည့် အကြောင်းအရာဖြစ်သည်။ ချင်ရှင်းသည် ဟန်မပျက် အားတင်းကာပြောနေသည်မှာ မှန်သော်ငြား သူမသည် ယခုမှ လက်ထပ်ပြီးကာစ မိန်းမပျိုလေးတဦးသာ။ ထို်ကြောင့် ပြောနေစဉ်တချိန်လုံး သူမ၏မျက်နှာသည် ရဲရဲနီမြန်းနေပေသည်။ သို့တိုင် သူမသည် ပြောစရာစကားအား အဆုံးတိုင်အောင်တော့ ပြောသွားသေးသည်။

သူမတို့သည် လက်ရှိတွင် ပင်မခြံဝန်းတွင်နေရသည့်၊ အိမ်တော်၏အမှုကိစ္စများအား စီစဉ်ဆုံးဖြတ်နိုင်သည့်၊ အိမ်တော်တွင် နေရာတခု သတ်သတ်မှတ်မှတ် ရရှိထားသည့် တရားဝင်ဇနီးသည်နေရာအား မရရှိတော့ပြီဖြစ်ရာ ထိုနေရာအား ရထားသူထံမှ အကောင်းမြင် မျက်နှာသာပေးခံရမှုကိုတော့ အနည်းဆုံး ရယူထားရန် လိုပေသေးသည်။ သို့မှသာ အိမ်တော်တွင် ကျန်ရှိနေမည့် အနာဂတ်နေ့ရက်များသည် အဆင်ပြေချောမွေ့နိုင်မည် ဖြစ်သည်။ 

ရှီချန်အန်း အစကထင်ထားသည်က မနေ့ညအတွက်တော့ ရှောင်းချင်းယန့်သည် ထိုသူနှစ်ဦးထဲမှ တယောက်ထံသို့ သွားလိမ့်မည်ဟု...။ သို့သော်...မနေ့ညက ဖြစ်ပျက်ခဲ့သမျှအား သူ အားလုံးမမှတ်မိသော်လည်း သူ၏စိတ်ထဲတွင် ဝိုးတဝါး မှတ်ဉာဏ်တချို့တော့ ရှိသေးသည်။ ထို့အပြင် ယန်မောမော့တို့တတွေပါ အခန်းပိတ်အပြစ်ပေးခံရသည်ပါ ထပ်ပေါင်းလိုက်သော် ရှီချန်အန်း အသေအချာ ခန့်မှန်းနိုင်သည်ကတော့ မနေ့ညက ရှောင်းချင်းယန့်သည် သူ၏အဆောင်တွင် နေသွားခဲ့သည်မှာ သေချာသည် ဟူ၍...။ ထို့ကြောင့်သာ ဤနှစ်ဦးသည် ယနေ့ သူ့ထံသို့လာကာ အနှီ အိပ်ခန်းအလှည့်ကျနေရာချမှုနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း သိလိုကြောင်းအား ပေါ်ပေါ်ထင်ထင် လာမေးနေခြင်း ဖြစ်သည်။ 

ရှီချန်အန်းသည် ဤကဲ့သို့ တော်ဝင်မိသားစုဝင်တို့၏အိမ်တော်များတွင် ညပိုင်း အလှည့်ကျခစားရမည့် အိပ်ခန်းနေရာချသည့် စည်းကမ်းဓလေ့တခု ရှိကြောင်း သိထားပြီးဖြစ်သည်။ ထို့ကြောင့် သူသည် ထိုနှစ်ဦးအား ပြန်လည်အဖြေပေးစရာရှိသည်အား မြန်မြန်ဆန်ဆန် ပေးပြီးသည်နှင့် အိမ်တော်ထိန်းအား ပင်မခြံဝန်းသို့ အခေါ်လွှတ်လိုက်လေသည်။

သူ လွှတ်လိုက်သည့်သူမှ အိမ်တော်ထိန်းအား သွားခေါ်စဉ်အချိန်အတွင်း ရှီချန်အန်း စိတ်ထဲတွင် ထိုအိပ်ခန်းနေရာချမှုနှင့်ပတ်သက်၍ အမျိုးမျိုး တွက်ဆနေတော့သည်။ ရှောင်းချင်းယန့်၏ အနောက်ဆောင်ထဲတွင် အမျိုးသမီးဟူ၍ သိပ်မများလှပေ။ သူ၏အဆင့်အတန်းနှင့် နှိုင်းယှဉ်တွက်ဆကြည့်ပါက သနားစရာပင်ကောင်းလှသည့် အခြေအနေဟုပင် ပြော၍ရပေသေးသည်။ လက်ရှိ သူ့ထံတွင် အဆောင်ရကိုယ်လုပ်တော်ဟူ၍ လောလောလတ်လတ် အိမ်တော်ဝင်လာခဲ့သည့် စီ့ဖေးနှစ်ပါးသာ ရှိသည်။ ထို့နောက်တွင်တော့ ယခုထိ အမည်အဆင့် မသတ်မှတ်ရသေးသော ကိုယ်ရေးကိုယ်တာသုံး အစေခံမိန်းကလေးနှစ်ဦးသာ ရှိတော့သည်။ အမျိုးသားဝမ်ဖေးဖြစ်သော သူပါ ထည့်ပေါင်းပါမှ ရှောင်းချင်းယန့်၏အနောက်ဆောင်တွင် စုစုပေါင်း လူငါးဦးသာ ရှိပေသည်။

"ငါ အိမ်ခန်းအလှည့်ကျစာရင်းကို ပြင်ထားပြီးသား...ဒါပေမယ့် ငါ ဝမ်ရယ်ဆီကိုတော့ မတင်ရသေးဘူး...မင်းတို့အရင် ကြည့်ကြည့်လိုက်ပေါ့..."

"ဝမ်ဖေး...ဒါက မသင့်တော်လှပါဘူး...ဝမ်ဖေး...တော်ဝင်မိသားစုရဲ့ ဓလေ့စဉ်းမျဉ်းအရ ဝမ်ရယ်အပါအဝင် အားလုံးသော မင်းညီမင်းသားတွေက လရဲ့ ပထမဆုံးရက်နဲ့ ဆယ့်ငါးရက်မြောက်ရက်တွေမှာ တရားဝင်ဇနီးသည် 'ကျန့်ဖေး'တွေရဲ့အိပ်ဆောင်မှာ မဖြစ်မနေ ရှိနေဖို့ လိုအပ်ပါတယ်..." 

ရှီချန်အန်းသည် ထိုအိပ်ခန်းအလှည့်ကျအမည်စာရင်းအား အိမ်တော်ထိန်းလက်ထဲသို့ တခါတည်း လွဲပေးလိုက်ခြင်းဖြစ်သည်။ သို့မှသာ အိမ်တော်ထိန်းမှတဆင့် ရှောင်းချင်းယန့်ထံသို့ တခါတည်း တင်ပြနိုင်မည်ဖြစ်ပြီး သူ၏ ဤအမည်စာရင်းအား ရှောင်းချင်းယန့် သဘောကျနှစ်သက်ပေလိမ့်မည်ဟု ရှီချန်အန်း ယုံကြည်သည်။ 

ပထမဆုံးနေ့မှ ခုနစ်ရက်မြောက်နေ့သည် ချင်ရှင်း၏အဆောင်တွင်ဖြစ်ပြီး ရှစ်ရက်မြောက်နေ့မှနောက်သုံးရက်သည် ဇီယွဲ့၏နေရာတွင်ဖြစ်သည်။ ထို့နောက် ဆယ့်တစ်ရက်နေ့မှ ဆယ့်ခုနစ်ရက်နေ့အထိသည် မင်ယွိ၏ အဆောင်တွင် ဖြစ်သည်။ ဇီယန့်သည် ဇီယွဲ့နှင့်အတူတူ အလှည့်ကျ သုံးရက် ရရှိမည်ဖြစ်သည်။ ထို့နောက် ကျန်ရှိနေသေးသည့်ရက်များမှာမူ ရှောင်းချင်းယန့်၏ စိတ်ကြိုက် စီစဉ်ဆုံးဖြတ်ရန်ဖြစ်သည်။ သူ သွားချင်သည့်နေရာအား သူကိုယ်တိုင် ဆုံးဖြတ်ကာ သွားနိုင်ပေမည်။

*(T/N: ရှီချန်အန်း၏ ယောက်ျားတယောက်လုံးအား ကြည်ဖြူစွာ ခွဲဝေနည်း...😒)

ရှီချန်အန်း တွေးထားသည်က သူ၏စီစဉ်မှုသည် အတော်မဆိုးလှပေဟု...။ သို့သော် တော်ဝင်မိသားစုတွင် ဤကဲ့သို့သော ဓလေ့ထုံးတမ်းရှိနေလိမ့်မည်ဟု သူ မတွေးထားမိခဲ့။ ထိုသို့ဆိုလျှင်လည်း အဲ့ဒီနှစ်ရက်တော့ ဖယ်ထားလိုက်ရုံပေါ့...။ မတတ်နိုင်ဘူးလေ...အဲ့ဒီနှစ်ရက်မှာတော့ ရှောင်းချင်းယန့်အား ပင်မခြံဝန်းသို့လာကာ ဒုက္ခခံခိုင်းရန်သာ ရှိတော့ပေမည်ပေါ့...။ ကျန်တဲ့ရက်တွေကတော့ ရှောင်းချင်းယန့် သူ့ဘာသာ စိတ်ကြိုက်စီရင်ပါစေတော့...။ ပြောရမည်ဆိုလျှင် ရှောင်းချင်းယန့် သဘောကျသည့်သူအား သူမှ မသိနိုင်တာ...။ သူက ဘယ်လိုလုပ်ပြီး ရှောင်းချင်းယန့်အတွက် သူ့စိတ်တိုင်းကျ စီစဉ်ပေးနိုင်မှာလဲ...။

အခန်းတွင်းရှိလူအားလုံးသည် ရှီချန်အန်း၏ ထိုသို့ သူကိုယ်တိုင်အတွက်ပင် တရက်လေးမျှတောင် ကောင်းကောင်း မယူထားသည့် အစီအစဉ်ပေါ်၌ အံ့အားသင့်ကြရသည်။ မူလက သူမနှင့် တခြား ကိုယ်ရေးကိုယ်တာသုံး အစေခံများ၏ ခွဲတမ်းရမည့်နေ့ပင် သိပ်မကွာခြားလောက်ဟု ထင်ထားခဲ့သော မင်ယွိအဖို့တော့ မကျေနပ်စရာအကြောင်း တချက်မှ မရှိပေ။ ထိုအစား သူမ၏ရင်ထဲမှ စက်ဆုပ်ရွံရှာ အထင်သေးမှုတို့ကသာ ကြီးထွားလာသည်။ ဒီလိုမှပေါ့...။ သူက ယောကျာ်းတယောက်ပဲကို...သူ့ကို ဘာဂရုစိုက်နေစရာ လိုဦးမှာလဲ...။ သူ့ဘာသာသူ ကိုယ့်နေရာ အဆင့်အတန်း သိတယ်ဆိုတော့လည်း ကောင်းတာပေါ့...။

သူတို့၏ လာရင်းအလိုဆန္ဒပြည့်ဝသွားသည်နှင့် တခါတည်း ရှီချန်အန်း ထိုသူတို့အား ပြန်ရန်စကားဆိုကာ မိမိအဆောင်များသို့ ပြန်သွားခိုင်းလိုက်တော့သည်။ ယခုလက်ရှိအချိန်တွင် သူသည် ထိုနှစ်ဦးအား ဧည့်ခံစကားဆိုနိုင်သည့်စိတ်အခြေအနေ မရှိပေ။ သူ၏ စိတ်ထဲတွင် ယခုအချိန်အထိ အခန်းပိတ်ခံထားရသော ယန်မောမော့တို့တတွေ၏ အခြေအနေကိုသာ အမျိုးမျိုး မှန်းဆနေမိတော့သည်။ မောမော့တို့ အခု ဘယ်လိုအခြေအနေ ရှိနေပါလိမ့်...။ သူတို့ကို အပြစ်ဒဏ်များ ချမှတ်ပြီးသွားပြီလား...။ မောမော့တို့အား အခန်းပိတ်ထားရုံ သက်သက်သာဖြစ်ပြီး ကြိမ်ဒဏ်အပြစ်ပေးမခံရဖို့သာ ရှီချန်အန်း ဆုတောင်းနေမိသည်။

ဝမ်ဖေး၏ပင်မခြံဝန်းမှ ထွက်လာသည်နှင့် မင်ယွိသည် ချက်ချင်းပင် သူမ၏ ဟန်ဆောင်မျက်နှာဖုံးအား ခွာချတော့သည်။ သူမ ဒီနေ့ ဤနေရာသို့ လာရသည့် အကြောင်းအရင်းမှာ ချင်ရှင်း၏စကားအား နားထောင်မိသောကြောင့် ဖြစ်သည်။

မနေ့ညက သူမ ခက်ခက်ခဲခဲရရှိထားသည့် အခွင့်အရေးအား ကောင်းကောင်း အသုံးချရန်ပင်။ အစက သူမသည် ဝမ်ရယ်၏ရှေ့မှောက်တွင် အဲ့ဒီယောကျ်ား၏ မျက်နှာဖုံးအား ခွာချရန် စဉ်းစားထားခြင်း ဖြစ်သည်။ အဆုံးသတ်တွင်တော့ သူမအား ချင်ရှင်းမှ ဆွဲခေါ်သွားခံခဲ့ရသည်။ ယနေ့မနက်စောစောကလည်း သူမသည် ထိုအစေခံတစုအား မှတ်သားလောက်အောင် ပညာပေးဆုံးမရန်ပင်...။ ထိုသည်လည်း နောက်တခါ ချင်ရှင်းထံမှ ဆွဲခေါ်သွားခံရပြန်သည်။

"အဲ့ဒါ အားလုံး နင့်ကြောင့်...နင်ပဲပြောခဲ့တာ...ဝမ်ရယ်က သူ့အပေါ် ဂရုတစိုက်ရှိတာမို့လို့...ငါ့ကို ဘာ...နည်းနည်း သည်းခံအလျော့ပေးလိုက်ပါတဲ့...အခုတော့ကြည့်ဦး...အဲ့ဒါကို ဘယ်လို ထပ်ပြောချင်သေးလဲ.... ဘာတဲ့...ဝမ်ရယ်နဲ့သူက 'ချင်နဲ့ စဲ့လိုပဲ အသံသာ ညီလှပါတယ်'တဲ့...အဲ့ဒါဆို သူက ဘာလို့ ဝမ်ရယ်ကို သူ့အဆောင်မှာနေစေဖို့ မလုပ်တာလဲ...သူ့အတွက်သူတောင် တရက်ကလေးတောင် မယူထားဘူး...အဲ့ဒါ သူ့ကိုယ်သူ သိလို့လေ...ဝမ်ရယ်က သူ့ကို ဘယ်လောက် ရွံတယ်၊ မုန်းတယ်ဆိုတာကိုလေ...သူ့ကိုယ်သူသိလို့...ဝမ်ရယ် သူ့အပေါ်မှာ အမျက်ရှမှာကြောက်လို့ အဲ့လိုလုပ်တာလေ...ငါသာ အဲ့ဒါကို ခပ်စောစော သိထားရင်..."

"'ခပ်စောစော သိထားရင်'ဟုတ်လား....ပြောပါဦး...ညီမလေးရဲ့ 'ခပ်စောစော ကြိုသိထားရင်' ဆိုတာကို...ညိီမလေးက ဘာများ လုပ်နိုင်မှာမို့လို့လဲ...ထားလိုက်ပါဦး ဝမ်ရယ်က ဝမ်ဖေးကို သဘောမကျဘူးဆိုပြီး...အဲ့ဒါဆို ငါတို့ အိမ်တော်ဝင်လာတာ ဒီလောက်ကြာနေပြီ...ဝမ်ရယ်က ဘယ်တုန်းကများ ငါတို့အဆောင်တွေမှာ တည အချိန်ကုန်ခဲ့ဖူးလို့လဲ...ညီမလေး...အဲ့ဒီအကြောင်းအရင်းကိုရော သိရဲ့လား..."

သူတို့နှစ်ဦး၏မိဘအိမ်တော်များသည် ဒုတိယမင်းသားအား ထောက်ပံ့ပေးကြသူများဖြစ်သည်။ ဝမ်ရယ်သည် မူလက အိမ်ရှေ့စံနေရာအတွက် နံပါတ်တစ် ရွေးချယ်ခံထားရသူ ဖြစ်ပြီး ယခုလက်ရှိ ထိုနေရာမှကျဆင်းလာခြင်းသည် လုံးလုံး ဒုတိယမင်းသားနှင့် မသက်ဆိုင်ပါဟုတော့ တထစ်ချ မပြောနိုင်ပေ။ 

"ဝမ်ရယ်က ဝမ်ဖေးကို သဘောမကျတာဖြစ်ချင်ဖြစ်မယ်...ဒါပေမယ့် ငါတို့ကိုကျတော့ သဘောမကျတဲ့အဆင့်မှာတောင် မဟုတ်လောက်ဘူး...ပြောရမယ်ဆိုရင် စက်ဆုပ်မုန်းတီးတဲ့အဆင့်မှာတောင် ဖြစ်နေလောက်တယ်...ပြောပါဦး...အဲ့လိုအချိန်မျိုးမှာ ညီမလေးက ဝမ်ဖေးနဲ့ ထိပ်တိုက်တွေ့ပြီး အပြစ်တွေ ပိုစုထားချင်တာလား..."

“နင်...နင်....…” 

ချင်ရှင်းမှ သူမအား ဤကဲ့သို့ ပြောလာမည်ဟု မထင်ထားသောမင်ယွိမှာ ဒေါသထွက်လွန်းလှသဖြင့် ထိုစဉ်တခဏ နှုတ်လှန်ပြန်ပြောစရာစကားပင် ရှာမတွေ့တော့။ သူမသည် အလွန်ဒေါသထွက်နေပါသည်ဟူသော အသွင်ကိုပြရန်သာ တတ်နိုင်တော့သည်။ အမုန်းဒေါသများကြောင့် စကားသံပင် ထွက်မလာတော့။ တဖက်တွင်ရှိနေသော ချင်ရှင်းကတော့ သူမ၏ ရှူးရှူးရှားရှားဒေါသပေါက်ကွဲသံအား နားထောင်မနေဘဲ သူမ၏ခြံဝန်းသို့သာ လှည့်ပြန်သွားလေသည်။

"မမလေး...အဲ့လိုပဲ ဖြစ်သင့်တာ...အခု မမလေးနဲ့ မင်စီ့ဖေးက အတူတူပဲ...နှစ်ယောက်စလုံး ဝမ်ရယ်အိမ်တော်ရဲ့ စီ့ဖေးတွေပဲ...မမလေး သူ့ကို အလျော့ပေးနေစရာ မလိုဘူး..."

"လွိကျူး...နင် ဘာမှ နားမလည်ပါဘူး...သူက အဲ့ဒီလို ဆက်လုပ်ချင်နေလဲ သူ့စိတ်တိုင်းကျသာ ဆက်လုပ်ပါစေ..."

ပြောရမည်ဆိုလျှင် ချင်ရှင်းနှင့် မင်ယွိသည် မိခင်ဖက်မှတော်စပ်သည့် ဝမ်းကွဲညီအစ်မများ ဖြစ်သည်။ ချင်ရှင်း၏မွေးမိခင်သည် မင်ယွိ၏မိခင်၏ ကိုယ်လုပ်တော်ဖွားညီမငယ် ဖြစ်သည်။ မိသားစုနောက်ခံအနေဖြင့်ပြောရမည်ဆိုလျှင်တော့ မင်ယွိ၏ ဖခင်သည် တတိယအဆင့် လက်ထောက်အမတ်ကြီးသာ ဖြစ်ပြီး ချင်ရှင်း၏ဖခင်မှာမူ အဆင့်မြင့်အမတ်ကြီးအဆင့်ဖြစ်လေရာ ရာထူးအဆင့်အတန်းအရ ကြည့်ပါက မင်ယွိ၏ဖခင်ထက် ရာထူးကြီးမြင့်သူ ဖြစ်သည်။ သို့ပေမယ့် တကယ့်လက်တွေ့တွင်မူ...သူမတို့နှစ်ဦး အတူကြီးပြင်းလာသည့် ငယ်စဉ်ကလေးဘဝမှပင် တချိန်လုံး အလျော့ပေးဆက်ဆံကာ ခေါင်းငုံ့လာခဲ့ရသူမှာ ချင်ရှင်းသာ ဖြစ်သည်။ 

သူမ၏ဖခင်ဖြစ်သူက ရာထူးအဆင့် ပိုမြင့်တယ်ဆိုတော့ရော...ဘာလုပ်လို့ရလို့လဲ...။ သူမ၏မွေးမိခင်သည် မင်ယွိမိခင်၏ ကိုယ်လုပ်တော်ဖွား ညီမငယ်ဖြစ်သည်ဟူသော အချက်တခုတည်းဖြင့် သူမသည် မင်ယွိ၏အရှေ့တွင် တသက်လုံး ခေါင်းမဖော်နိုင်သည့် ကံကြမ္မာအား လက်ခံထားရပြီးဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူမနှင့်မိခင်ဖြစ်သူ၏ အသက်ရှည်ရှည် ဆက်လက်ရှင်သန်နိုင်မည့်ဘဝနေ့ရက်များသည် တပါးသူ၏လက်ထဲတွင် ရှိနေသောကြောင့်ပင် ဖြစ်သည်။

XXXXX

PREVIOUS << TOC >> NEXT

No comments:

Post a Comment

Support My Translations