Monday, May 11, 2020

ကြင်ရာတော် ချန်အန်း (Unicode) - အပိုင်း (၁၂)

အပိုင်း (၁၂)

ရှန်ဝမ်အိမ်တော်၏ စီ့ဖေးများအား ကြိုဆိုမှုသည် တရားဝင်ဇနီးသည်ဖြစ်သည့် ကျန့်ဖေးအား ကြိုဆိုဧည့်ခံပွဲ၏ အပြင်အဆင်တို့အား မမှီနိုင်သော်ငြားလည်း အနောက်နန်းသခင်ထံမှ လူလွှတ်၍ ဂုဏ်ပြုချီးမြှင့်ခြင်းကိုကား ခံရပေသေးသည်။ ထို့အပြင် စီ့ဖေးနှစ်ပါး၏ မိသားစုနောက်ခံအင်အားသည်လည်း မသေးလှပေရာ ထိုပွဲနေ့သည်ကား တော်ဝင်အမိန့်စာဖြင့် ချီးမြှောက်ခဲ့သော မင်္ဂလာပွဲတခုနှင့် သိပ်မခြားလှပေ။ ထို့ကြောင့် ထိုစီ့ဖေးနှစ်ပါး အိမ်တော်သို့ ဝင်ရောက်သောနေ့သည် အိမ်တော်အတွက် နေ့ထူးနေ့မြတ်တရက်အလား စည်ကားသိုက်မြိုက်လှသော နေ့တနေ့ပင် ဖြစ်လေတော့သည်။

ရှီချန်အန်းသည် မနက်အစောကြီးကပင် ကြိုဆိုပွဲအတွက် စတင်ပြင်ဆင်နေခဲ့သည်။ သူ၏မျက်နှာသွင်ပြင်သည်ကား တည်ငြိမ်နေခဲ့ပင်မယ့် အမှန်တကယ် သူ၏စိတ်ထဲတွင်တော့ စိုးရိမ်ပူပန်မှုများက မသေးလှပေ။ အဘယ့်ကြောင့်ဆိုသော် ထိုအသစ်ဝင်လာမည့် စီ့်ဖေးနှစ်ပါး၏ စိတ်အခြေအနေ၊ သဘောထားတို့နှင့် ပတ်သက်၍ ကောင်းသည်၊ ဆိုးသည်၊ ပေါင်းသင်းဆက်ဆံရလွယ်မလွယ်ဟူ၍ သူ ဘာမှ မသိရသေးချေ။ သူ သူ့ကိုယ်သူ အနာဂတ်နေ့ရက်များတွင် အနောက်ခြံဝန်းထဲတွင်သာ နေ၍ သာမန်မိန်းမများကဲ့သို့ ယောကျ်ားတယောက်၏ အချစ်အတွက် ရှိရှိသမျှသော ခွန်အားနှင့် နည်းလမ်းပေါင်းစုံအား သုံးကာ အခြားသော မိန်းမများအား အကွက်ချ ကြံစည်ကာ တိုက်ခိုက်ရင်း ဖြတ်သန်းသွားရမည့် သူတယောက်အနေတော့ စိတ်ကူးဖြင့်တောင် မတွေးချင်မိပေ။

သူ၏ လက်ထပ်မင်္ဂလာပွဲနေ့တွင်မူ မင်္ဂလာအခမ်းအနား ထုံးတမ်းဖြစ်သော မိုးမြေကန်တော့ခြင်း ပြီးဆုံးသည်နှင့် ဦးခေါင်းတွင် မင်္ဂလာပုဝါနီ အုပ်လျက်သားဖြင့် မင်္ဂလာဦးအခန်းအတွင်းသို့ ခေါ်ဆောင်သွားခြင်း ခံခဲ့ရပေရာ အပြင်တွင် မည်ကဲ့သို့သော ဧည့်သည်များ လာရောက်ခဲ့ကြသည်အား ရှီချန်အန်း မသိခဲ့ရပေ။ ယနေ့တွင်မူ သူကား ဤဝမ်ရယ်အိမ်တော်၏ အခြားသော အရှင်သခင်တဦးအဖြစ် လာရောက်ကြသည့် ဧည့်သည်များအား ဧည့်ခံနှုတ်ဆက်ရတော့မှပင် 'လက်စသတ်တော့ ဤဝမ်ရယ်အိမ်တော်၏ မင်္ဂလာဧည့်ခံပွဲသည် ကြီးကျယ်ခမ်းနားကာ စည်ကားလှပေတကား'ဟု သူ သိလိုက်ရတော့သည်။

သဘာဝကျကျ စိတ်သက်တောင့်သက်သာဖြင့် ကြွရောက်လာကြသည့် မိသားစုများ၏ အမျိုးသမီးဧည့်သည်တို့အား ဧည့်ခံနှုတ်ဆက်နိုင်ရန် ရှီချန်အန်းတယောက် ယန်မောမော့အား သူ့အနားတွင် တဖဝါးမျှမခွာ ထပ်ကြပ်မကွာ လိုက်ခိုင်းထားရသည်။ ထိုသို့ သူ့အနားတွင် ယန်မောမော့ ရှိနေပေမှသာ သူ့အား စိတ်ရှုပ်ထွေး၊ ကြောက်လန့်သွားစေမတတ်သော ကြီးမားများပြားလှသည့် အမျိုးသမီးဧည့်သည်တော် လူအုပ်ကြီးအား ဟန်မပျက် နှုတ်ဆက်ဧည့်ခံနိုင်ပေတော့သည်။

"အရင်က တခါမှ ဝမ်ဖေးကို မမြင်ခဲ့ဖူးပေမယ့်...ဒီလောက်ကြီး ချောမောသိမ်မွေ့ပြီး ဆွဲဆောင်မှု ရှိလိမ့်မယ်လို့ မထင်ထားမိဘူး....သမိုင်းရေးရာအမတ်မင်းရဲ့ သမီးက သူ့ရဲ့အလှအပနဲ့ ပတ်သက်ပြီး နာမည်ကြီးလှချည်ရဲ့လို့တော့ ငါ ကြားမိပေမယ့်....အခုတော့ မြို့တော်ထဲမှာ အလှဆုံးတယောက်ကို ရွေးပါဆိုရင်တော့ 'ဝမ်ဖေး'ကိုပဲ ရွေးရတော့မှာ အသေအချာပဲ....ငါ့အထင်ကတော့ အမတ်ကြီး သမီးရဲ့အလှက ဒီအတိုင်း သာမန်လောက်ပါပဲ...."

အသက် ဆယ့်ခြောက် ဆယ့်ခုနစ်နှစ်ခန့်ရှိသော....အမျိုးသားတဦးအသွင် ဝတ်ဆင်ထားသော မိန်းကလေးတဦး.......။ ရှီချန်အန်း၏ တကိုယ်လုံးအား အထက်အောက် စုန်ချည်ဆန်ချည်ဖြင့် တချက်မျှ မျက်တောင်မခတ်ဘဲ အကဲခတ် ကြည့်ရှုပြီးနောက် ထွက်လာခဲ့သော ကောက်ချက်စကား....။ ထို့နောက်တွင်မူ သူ့အား ပြုံးပြကာ ပြန်လှည့်ထွက်သွားတော့သည်။ ထိုကဲ့သို့သော ရုတ်တရက်ဆန်သော အပြုအမူ၊ အထိန်းအကွပ်မဲ့ စိတ်ရှိတိုင်း ပြောလာခဲ့သော မှတ်ချက်စကား....ထို မည်သည့်အမတ်မင်းအိမ်တော်၏ သမီးပျိုလေးမှန်း မသိရသည့် မိန်းမပျိုလေးကြောင့် ရှီချန်အန်း မည်သို့ပြန်တုံ့ပြန်ရမည် မသိအောင် စိတ်ရှုတ်ထွေးသွားရသည်။ နံဘေးတွင်ရှိသော ယန်မောမော့၏မျက်နှာထက်တွင်လည်း အ့ံအားသင့် တုန်လှုပ်မှု အပြည့်ဖြင့်ပင်။

အဆုံးသတ်ရလျှင်ဖြင့် သူမသည် မည်သည့်မိသားစု၏ သမီးပျို မမလေးများပါလိမ့်။ ဤကဲ့သို့ ဝမ်ရယ်အိမ်တော်အတွင်း ယောကျ်ားသား တဦးအသွင် ဝတ်ဆင်ကာ ဧည့်သည်အဖြစ်လာရဲလောက်အောင် မျက်နှာပြောင်တိုက်ရဲ၊ သတ္တိကောင်းရလောက်အောင်....။ ထို့အပြင် ဝမ်ဖေး၏ ရုပ်ရည်သွင်ပြင်နှင့် ပတ်သက်၍ ကောက်ချက်ချရဲလောက်အောင်....။ မဟုတ်သေးပေ...။ ချီးကျူးသွားခဲ့သည်ဟုပဲ ပြောရမည်လား....။

ရှီချန်အန်း အ့ံအားသင့် ဆွံ့အသွားမိသည်။ သူ၏နံဘေးတွင်ရှိနေကြသော လူအုပ်ကြီးသည်လည်း သူ့နည်းတူပင်ဖြစ်သည်။ သို့သော် စောစောက မိန်းကလေးသည် မည်သူဆိုသည်အား ဘယ်သူမှ မသိချေ။ ထိုကိစ္စနှင့် ပတ်သက်၍ ပြောဆိုဝေဖန်ကြမှုများ ပြီးဆုံးသွားသည့်တိုင် ရှီချန်အန်း၏ အံ့သြမှုတို့ကတော့ မကုန်နိုင်သေးပေ။ အမှန်ပြောရလျှင် သူ၏စိတ်ထဲတွင်တော့ ထိုမိန်းကလေးအား သူ အားကျမိသည်။

ထိုမိန်းကလေး၏ အပြောအဆို၊အပြုအမူတို့သည် ထိုသို့ လူအများ ဝေဖန်ပြောဆိုစရာ ဖြစ်နေဦးတော့....သူမသည် ဤနေရာကဲ့သို့ အထက်တန်းလွှာ မင်းမျိုးမင်းနွယ်တို့၏ အိမ်တော်နေရာ၌ ရှိနေစေကာမူ သူမ၏ ကိုယ်ပိုင် စရိုက်လက္ခဏာ၊ ရဲရင့်ခြင်း ဝိသေသတို့ကား ပျောက်ပြယ်မသွားခဲ့ပေ။ သူမ၏ မိဘများက အလွန်အမင်း ချစ်ခင်အလိုလိုက်ထားမှုကြောင့်သော်လည်းကောင်း၊ မည်သည့် ပူပန်စိတ်ဆင်းရဲမှုမျိုးကိုမှ မခံစားစေခဲ့ကြောင့်သော်လည်းကောင်း... ထိုအကြောင်းအရင်းများကြောင့် သူမသည် ယနေ့ လောကကြီးတွင် ဖြစ်ပျက် လည်ပတ်နေသော အကြောင်း အကောင်းအဆိုးတို့အား နားမလည်ဟု ဆိုနိုင်ပါသော်လည်း သူမ၏ ပင်ကိုယ်စရိုက်ကပင် လွတ်လပ်၍ ချုပ်ထိန်းမှုမရှိသောသူ ဖြစ်သောကြောင့်ပင် ဤကဲ့သို့ ပြုမူနေထိုင်နိုင်ခြင်း ဖြစ်ပေလိမ့်မည်။ 

တော်ဝင်မျိုးနွယ်၊ တော်ဝင်မိသားစုဝင်တို့၏ အိမ်တော်များတွင် ကြင်စဦးဇနီးမောင်နှံတို့အား မင်္ဂလာခန်း မဝင်ခင် မင်္ဂလာပွဲလာ ပရိသတ်တို့မှ နောက်ပြောင်ကြည်စယ်ခြင်း ဓလေ့ထုံးတမ်းကား မရှိသောကြောင့် မင်္ဂလာအခမ်းအနား ပြီးဆုံးသည်နှင့် ဧည့်သည်အားလုံးတို့သည် မိမိတို့အိမ်တော်သို့ ပြန်ကြလေသည်။ ညနေ နေစောင်း၍ မိုးကောင်းကင် မှောင်ရိပ်သန်းခါမှသာ သတို့သမီးရှိရာ မင်္ဂလာအိပ်ခန်းသို့ မင်္ဂလာသတို့သားအား ဝင်ခွင့်ပြုပေလိမ့်မည်။

ယနေ့အဖို့ကား တနေ့လုံး ဟိုဟိုဒီဒီ ပြေးလွှားလှုပ်ရှားနေရသဖြင့် ရှီချန်အန်းတယောက် ပင်ပန်းနွမ်းနယ်နေလေပြီ။ ထို့ကြောင့် ဧည့်သည်များ အားလုံး ပြန်သွားကြသည်နှင့် ရှီချန်အန်း မိမိအခန်းသို့ ပြန်လာခဲ့လိုက်တော့သည်။ ပြန်ရောက်သည်နှင့် ယန်မောမော့အား ထမင်းဝိုင်းနှင့်အတူ ဝိုင်အရက်ပါ ပြင်ဆင်ပေးရန် တခါမှ မမှာစဖူး ရှားရှားပါးပါး အမှာတော်ပါးလိုက်လေသည်။

"သခင်လေး.....ဝမ်းမနည်းပါနဲ့....သခင်လေးက..............."

“ချွန်းယွီ....ငါတို့ ရှေ့လျောက် အခေါ်အဝေါ်တွေ ပြင်မှဖြစ်မယ်....သခင်လေးကို ဒီအချိန်ကစပြီး 'သခင်လေး'လို့ ခေါ်လို့မရသလို ခေါ်ဖို့လဲ မသင့်တော့ဘူး...ဒီကစပြီး ရှေ့လျောက် သခင်လေးကို 'ဝမ်ဖေး'လို့ ခေါ်ကြရမယ်...သခင်လေးက ဝမ်ရယ်ရဲ့ တရားဝင်ဇနီး 'ကျန့်ဖေး'....အရှင်မင်းကြီးဆီက တော်ဝင်အမိန့်စာနဲ့ 'ရှန်ဝမ်ဖေး'ဘွဲ့ ချီးမြှောက်ခြင်း ခံထားရတာ...ပြီးတော့ ဒီဝမ်ရယ်အိမ်တော်ရဲ့ မိသားစုခေါင်းဆောင် 'အိမ်တော်သခင်မ'ဆိုလည်း ဟုတ်တယ်...ငါတို့က ဘယ်လောက်ပဲ ဇနီးသည်ရဲ့အိမ်တော်ကလူတွေပဲ ဖြစ်ဦးတော့ လိုက်နာရမယ့် ဓလေ့စည်းကမ်းတွေကိုတော့ လျစ်လျူရှု ဂရုမစိုက်လို့ မရဘူး....”

သခင်လေးနှင့် ဝမ်ရယ်တို့သည် အိပ်ခန်းတခန်း၊ တကုတင်ထဲ သုံးကြသည့်သူများ မဟုတ်ပေ။ ယခု စီ့ဖေးနှစ်ပါးပင် အိမ်တော်သို့ ဝင်ရောက်လာကြပြီ ဖြစ်လေရာ သခင်လေး၏ နေရာ၊ အခြေအနေတို့သည် ပို၍ ခက်ခဲလာတော့မည်အား ယန်မောမော့ ကောင်းစွာ သိပေသည်။ သူတို့အနေဖြင့် "တရားဝင်ဇနီးသည်"ဟူသော နာမည်ကိုသာ ဖက်တွယ် ကာကွယ်သွားရန်သာ ရှိတော့သည်။ ထိုအမည်သာ ရှိနေသရွေ့တော့ ဤဝမ်ရယ်အိမ်တော်တွင် သခင်လေးအနေဖြင့် ကောင်းစွာ နေထိုင်ဖြတ်သန်းသွားနိုင်ပေလိမ့်မည်။

ယန်မောမော့၏ အတွေးစိတ်ကူးတို့အား ရှီချန်အန်း နားလည်သည်။ ထို'ဝမ်ဖေး'ဟူသော အခေါ်အဝေါ်သည် သူအတွက် ကြီးလေးလှသော အခေါ်အဝေါ်တခု ဖြစ်ပေမယ့်... သို့သော်လည်း....... ယခုမှစ၍ ထိုအမည်နှင့် ကျင့်သားရစေရန် သူ ကြိုးစားရပေဦးမည်။ သူ၏မိခင်သည် ရှီအိမ်တော်အကြီးအကဲ၏ တရားဝင်ဇနီးသည်ဖြစ်သော်ငြား၊ သူသည်လည်းပဲ တရားဝင် သားကြီး၊ မိသားစု၏အမွေဆက်ခံသူဖြစ်သော်ငြား...သူ ကလေးဘဝမှပင် ဖခင်၏ ချစ်မြတ်နိုးခြင်းအား တခါမျှပင် မခံခဲ့ရဘူးပေ။ ထို့ကြောင့် သူတို့ အမေနှင့်သား နှစ်ဦးတို့၏ ရှီအိမ်တော်ရှိ နေ့ရက်များကား သိမ်နုပ် အရေးမပါလှသော ကိုယ်လုပ်တော်တဦး၏ အခြေအနေ၊ ဆက်ဆံခံရမှုတို့နှင့် ထူး၍ ကွာခြားလှခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ရှီချန်အန်း ရင်ထဲ အသည်းထဲကပင် နားလည်ထားသည်ကား ရှောင်းချင်းယန့်၏ အသိအမှတ်ပြုမှုအား မရရှိပါက သူ၏'ဝမ်ဖေး'ဟူသော ဂုဏ်ပုဒ်သည်ကား အခွံသာသာမျှသော ဟန်ပြ အဆင်တန်ဆာတခု၊ အများ လေးစားရမည့် အဆင့်အတန်းပြ အမည်ဂုဏ်ပုဒ်တခု ဖြစ်လာလိမ့်မည် မဟုတ်ပေ။ သို့စေကာမူ သူ ယန်မောမော့အား စိတ်မပူပန်စေလိုတော့သည်။ ထို့အပြင် သူ ဘာကိုမှ အာရုံစိုက် ပူပင် မနေချင်တော့ပေ။ ခြေတလှမ်းချင်းသာ လှမ်းပြီး နောက်တလှမ်းမလှမ်းမှီမှသာ အခြေအနေအား အကဲခတ် ဆုံးဖြတ်ကြတာပေါ့....။

ထိုအခေါ်အဝေါ် ပြောင်းလဲရမည့် ခေါင်းစဉ်အောက်၌ပင် ရှောင်းချင်းယန့်၏ ကိုယ်လုပ်တော်အဖြစ် နေရေးနှင့် ပတ်သက်၍ ချွန်းယွီနှင့် တုန်းရွှယ်တို့၏ အတွေးတို့အား ရှီချန်အန်း မေးမြန်းမိသည်။ အကယ်၍ သူမတို့တွင် ထိုသို့သော အတွေးစိတ်ကူးများ ရှိနေပါက ရှီချန်အန်း တားဆီးနေမည် မဟုတ်ပေ။ လူတိုင်းတွင် ကိုယ်ပိုင်အတွေးစိတ်ကူး ကိုယ်စီ ရှိနိုင်ကြပြီး သူအနေနှင့်လည်း ထိုသည်အား အပြစ်တင်နေမည် မဟုတ်ပေ။ 

"သခင်လေး....ကျွန်မကတော့ မလုပ်ချင်ဘူးနော်....ကျွန်မက သခင်လေးကိုပဲ ပြုစုစောင့်ရှောက်သွားချင်တာ...နောက်ကျမှ ဒီဝမ်ရယ်အိမ်တော်ထဲက သင့်တော်ပြီး ယုံကြည်ရမယ့် ရှောင်စူး*တယောက်လောက် သခင်လေး ရွေးပြီး ကျွန်မနဲ့ လက်ထပ်ပေးလို့ရတယ်....လက်ထပ်ပြီးရင်လဲ ကျွန်မကတော့ သခင်လေးကိုပဲ ဆက်ခစားနေချင်သေးတယ်...."

မည်သို့ဆိုစေကာမူ ချွန်းယွီသည် ယားထိုတယောက်အနေဖြင့် သေချာ လေ့ကျင့်သင်ကြားပေးခြင်း ခံခဲ့ရသူ ဖြစ်သည်။ ဤကဲ့သို့သော ကြီးကျယ်မြင့်မြတ်လှသော၊ အာဏာရှိ ထင်ရှားလှသော မိသားစု၊ အိမ်တော်တို့၏ ပြဋ္ဌာန်းထားသော ဓလေ့ထုံးတမ်းများအား သူမ မသိရှိဘဲ ဘယ်နေပါမည်နည်း။ သူတို့သည်ကား သခင်လေး၏နောက်မှ လိုက်၍ သခင်လေး၏ခင်ပွန်းသည်ဖြစ်သူ၏ အိမ်တော်သို့ အတူ လိုက်ဝင်ရောက်လာသည့် အမျိုးသမီးအစေခံများဖြစ်ကြရာ တကယ်တမ်းပြောရလျှင် သူတို့အား ဝမ်ရယ်မှ ပိုင်ဆိုင်သည်။ သို့သော် သူမ အမှန်တကယ်ပင် မလုပ်ချင်။ လိုလားခြင်း မရှိပေ။ အကယ်၍ ဝမ်ရယ်မှ သခင်လေးအပေါ် ကောင်းကောင်း ဆက်ဆံသည်ဆိုပါက ထားလိုက်ပါတော့။ ယခုတော့ ဝမ်ရယ်မှ သူမ၏သခင်လေးအပေါ် ဤကဲ့သို့ ပြုမူဆက်ဆံနေမှတော့ သူမ ဘယ်လိုလုပ်ပြီး ထိုသို့သော အတွေးမျိုး ဝင်နိုင်ရမည်နည်း။

*(ရှောင်စူး = အငယ်တန်း အမျိုးသားအစေခံ။ အစေခံကောင်လေး။ )

"မင်းတို့ သဘောပဲလေ...."

ချွန်းယွီ၏ စကားတို့သည် သူမ၏စိတ်ရင်း အမှန်အတိုင်းပင် ဖြစ်ကြောင်း ရှီချန်အန်း သိသည်။ တုန်းရွှယ်အတွက်မှာမူ....။ သူမသည် ပင်ကိုကပင် စကားနည်းသူ ဖြစ်သည်။ ထို့ကြောင့် မျက်မှောင်ကြုံ့ကာ နေနေသည့် တုန်းရွှယ်အား ရှီချန်အန်း မြင်သည်နှင့် ထိုကိစ္စနှင့် ပတ်သက်၍ သူမ သဘောမကျ၊ သဘောမတူလေကြောင်း သူ သိလိုက်ရသည်။ သို့ကြောင့်ပင် ရှီချန်အန်း အထူးအထွေ ဆက်မေးမြန်းမနေတော့ဘဲ သူမတို့အား သူ့အား ခစားရန် မလိုတော့ကြောင်း၊ ညစာသွားစားကြရန်သာ စေခိုင်းလိုက်တော့သည်။ ယနေ့ ဝမ်ရယ်အိမ်တော်တွင် အရသာရှိလှမည့် စားကောင်းသောက်ဖွယ်များက မနည်းလှပေဘူး မဟုတ်ပါလား...။

"မောမော့...မောမော့လဲ သွားနားလိုက်တော့....တနေကုန် ပင်ပန်းထားတာမလား....ခဏနေလို့ ကျွန်တော့ဆီ ပြန်လာပြီး စောင့်ပေးစရာမလိုဘူး...အခု ခြံဝန်းထဲမှာလဲ ယားဟွမ်လေးတွေ ရှိနေတာပဲ...အခန်းထဲ တခုခု လိုအပ်တာရှိရင် ကျွန်တော် သူတို့ကိုပဲ ခိုင်းလိုက်လို့ရတယ်...."

"သခင်လေး...သခင်လေးလဲ စောစော အနားယူသင့်တယ်....မနက်ကျရင် စီ့ဖေးတွေက သခင်လေးဆီ လာပြီး လက်ဖက်ရည်ဆက်သကြမှာ....ဒါကြောင့်မို့လို့ သခင်လေး အားနည်းနေလို့ မရဘူး...."

သူမတို့ သခင်လေးကား အပြင်ပန်းမှ ကြည့်လျှင် ပြောရဆိုရ ကောင်းမည့်ပုံ ရှိသော်လည်း တကယ်တမ်းတွင် အခြားသော သူများထက် ပို၍ ခေါင်းမာသည့်သူဖြစ်ကြောင်း ယန်မောမော့ သိသည်။ သူ ဆုံးဖြတ်ထားပြီးသည့်ကိစ္စအား ဘယ်သူမှ ပြောင်းလဲနိုင်စွမ်း မရှိပေ။ ထို့ကြောင့် သူမ ထွက်မလာခင် သခင်လေးအတွက် ဂရုစိုက်စကား အနည်းငယ်သာ ပြောနိုင်ခဲ့သည်။

အားလုံး ထွက်သွားကြသောအခါ ရှီချန်အန်း အတော်အသင့် စိတ်သက်သာရာရသွားသကဲ့သို့ ခံစားမိသွားသည်။ ဝိုင်အရက်နွေးနွေးတို့သည် တခွက်ပြီးတခွက် သူ၏ကိုယ်ထဲသို့ ဝင်ရောက်ကျူးကျော်လာခဲ့သည်။ သို့ဖြင့် သွန်မှောက်လိုက်သော ဝိုင်ပုလင်းငယ်မှ အရည်တစက်ကယ်မျှ ထွက်မလာသောအခါမှသာ ရှီချန်အန်းသည် သူ့အတွက် ချိုးရေပြင်ပေးရန် အပြင်ရှိ ယားဟွမ်ငယ်လေးအား စေခိုင်းလိုက်တော့သည်။ 

ရေချိုးပြီးသွား၍ အိပ်ရန်ပြင်နေသော ရှီချန်အန်း ခုတင်ပေါ်မှ တဖန် ပြန်လည်ဆင်းလာသည်။ ထို့နောက် အသုံးပြုခြင်းမရှိသည့် အလှပြင်ခုံရှိရာသို့ လှမ်းသွားရင်း သစ်သားသေတ္တာငယ်လေးအတွင်းမှ ကျောက်စိမ်းဆွဲပြားတခုအား ရှာဖွေထုတ်ယူလာသည်။ သူ၏လက်ထဲသို့ရောက်လာသော ထိုအရာလေးအား သူ အကြာကြီး စိုက်ကြည့်နေမိသည်။ အနီးကပ်၍ကြည့်ကြည့်ပါက ထိုအရာအား ပထမတန်းစား အရည်အသွေးမြင့် ကျောက်စိမ်းဖြူဖြင့် ပြုလုပ်ထားသည်အား တွေ့ရပေမည်။ ရှီချန်အန်း ထိုကျောက်စိမ်းဆွဲပြားအား သူ၏ခါးစည်းတွင် ချိတ်ဆွဲလိုက်ကာ အိပ်ရာရှိရာသို့ ပြန်လာခဲ့သည်။ ထို့နောက် သူ၏မျက်ဝန်းတို့အား မှိတ်လိုက်ကာ ခပ်ထွေထွေဖြစ်နေသော ခံစားချက်တို့ဖြင့် တဖြည်းဖြည်း အိမ်မက်ကမ်ဘာထဲသို့ တိုးဝင်သွားတော့သည်။ 

ယနေ့ ဝမ်ရယ်အိမ်တော်တွင် ပျော်ရွှင်ရမည့် မင်္ဂလာပွဲ ကျင်းပဖြစ်သည်။ ထို့ကြောင့် ညအချိန်သို့ ရောက်လာသည့်တိုင် အိမ်တော်တဝင်းလုံး မီးထိန်ထိန်လင်းအောင် ထွန်းညှိထားဆဲဖြစ်သည်။ မင်္ဂလာဦးအိပ်ခန်းအတွင်းရှိ သတို့သမီးနှစ်ဦးတို့သည် ယခုအချိန်ထိတိုင် သူမတို့၏ ခင်ပွန်းသည်နှင့်အတူ များမကြာမီ ရောက်လာမည့် သူမတို့၏ အနာဂတ်နေ့ရက်တို့အား စောင့်မျှော်နေဆဲပင် ဖြစ်သည်။ သို့စေကာမူ ရှောင်းချင်းယန့်သည်ကား ယခုထိတိုင် သူ၏စာကြည့်ဆောင်ထဲတွင် ရှိနေဆဲ ဖြစ်သည်။ 

"ဝမ်ရယ်....ဘယ်စီ့ဖေးမယ်မယ်ဆီ သွားမှာလဲ....မြန်မြန်ဆုံးဖြတ်ပေးမှရမှာလေ....အချိန်လဲ မစောတော့ဘူး....."

ကျူးစုန်းသည် ကျူးအိမ်တော်ထိန်း၏ တဦးတည်းသောသား ဖြစ်ပြီး ဤနှစ်တွင် ဆယ့်ခြောက်နှစ်ရှိပြီဖြစ်သည်။ ရှောင်းချင်းယန့်၏ အနားတွင် ရှိနေခဲ့သည်မှာ သုံးနှစ်သာ ရှိသွားခဲ့သည်...သူ၏အိမ်တော်သခင်သည် ဘာတွေ စဉ်းစားထားသည်၊ မည်သို့သော အတွေးတို့ရှိသည်အား တခါတရံ သူ နားမလည်နိုင်သည့် အချိန်များစွာ ရှိနေသေးသည်။

စီ့ဖေးနှစ်ပါး၏ အိမ်တော်တို့သည် ဒုတိယမင်းသားနှင့် တတိယမင်းသားတို့အား အသီးသီး အထောက်အပံ့ပေးနေကြသော်လည်း ယခုတော့ သူတို့သည် သူ၏သခင်နှင့် လက်ထပ်ပြီးမှတော့ သူတို့၏အိမ်တော်များသည်လည်း ဝမ်ရယ်အပေါ် သစ္စာစောင့်သိ အထောက်အကူပေးရမည်အား အထူးတလည် ထောက်ပြပြောဆိုနေစရာ မလိုပေ။ ဤသည်မှာ အမတ်မင်းနှစ်ပါးအား ကိုယ့်ဘက်ပါအောင် ဆွဲခေါ်နိုင်တော့မည့် အခွင့်အရေးပင်ဖြစ်သည်။ သို့တိုင်အောင် အဘယ်ကြောင့် သူ၏သခင်ကား တစက်ကလေးမှပင် မပျော်ရွှင်သည့်ပုံ ပေါက်နေရသနည်း...။

"ဝမ်ဖေးရော....အိပ်သွားပြီတဲ့လား...."

“ဟင်...” 

မည်သည့်အချိန် ရှိနေပြီလဲ။ ဘယ်လိုဖြစ်ပြီး ဝမ်ရယ်က ဝမ်ဖေးအကြောင်း လာမေးနေရပြန်တာလဲ။ ကျူးစုန်း သိထားသည်က ဝမ်ရယ်နှင့်ဝမ်ဖေးတို့၏ ကြီးကျယ်ခမ်းနားလှသော တော်ဝင်မင်္ဂလာပွဲနေ့ညတွင် ဝမ်ရယ်သည် မင်္ဂလာဦးအိပ်ခန်းသို့ ဝင်ခဲ့ပေမယ့် ဝမ်ဖေးနှင့်အတူ မင်္ဂလာဦးညအား အတူ မကုန်ဆုံးခဲ့ကြောင်း၊ ဇနီးမောင်နှံအရာ မမြောက်သေးကြောင်းပင် ဖြစ်သည်။ ယနေ့ထိတိုင် ဝမ်ရယ်နှင့်ဝမ်ဖေးတို့ကြားရှိ ဆက်ဆံရေး တိုးတက်လာသည်ကိုလည်း သူ မမြင်မိသေးပေ။ ထိုသည်ကို ဒီအချိန်ကျမှ ဝမ်ရယ်က ဝမ်ဖေးအကြောင်း စကားစလာရသနည်း။

"မင်း ပြန်နားလိုက်တော့....အပြင်မှာရှိတဲ့ မိန်းမစိုးလေးကိုပဲ အခန်းပြန်တဲ့အခါ မီးအိမ်ကိုင်ခိုင်းလိုက်လို့ ရတယ်...."

“သခင်....ဘယ်မယ်မယ့်အဆောင်ကို သွားမှာလဲ....” 

ဒါပေမယ့် ဘာလို့ သခင် ပြောလိုက်တဲ့စကားက........

"ဘယ်ကိုမှ မသွားဘူး..... ပန်ဝမ် ကိုယ့်အိပ်ခန်းကိုယ် ပြန်မှာ....."

“.....…” 

ကျူးစုန်း စိတ်ထဲတွင် နားမလည်နိုင်ရှိနေသည်များအား ယခုကဲ့သို့ သူ၏သခင်မှ ရှင်းလင်းပေးသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဒါပေမယ့် ဒါက.....ဒါက နည်းနည်းလေးတော့.....အွန်း....

"သခင် အရမ်း အမြော်အမြင် ရှိတာပဲ..... ဒီလို ဘယ်စီ့ဖေးမယ်မယ်ဆီ သွားရမလဲ ရွေးရခက်နေမှတော့...ဝမ်ဖေးရှိတဲ့ဆီ သွားတာက ပိုကောင်းတာပေါ့...."

သခင်ဖြစ်သူ၏ အတွင်းစိတ်အား ခန့်မှန်းနိုင်သွားသည်ဟု မိမိဘာသာ အထင်ရောက်သွားသော ကျူးစုန်းတယောက် အပြင်တွင်ရှိနေသော မိန်းမစိုးလေးအား သခင် အခန်းသို့ပြန်ကာ အနားယူမည့် လမ်းတလျှောက် မီး သေချာပြပေးရန် ညွှန်ကြားပြီးသည်နှင့် မိမိအခန်းသို့ အိပ်စက်ရန် ထွက်သွားတော့သည်။

ရှောင်းချင်းယန့် ပင်မခြံဝန်းသို့ ရောက်လာခဲ့ချိန်တွင်တော့ ရှီချန်အန်းအား ညစောင့်စောင့်ပေးနေသော ယားထိုလေးပင် အိပ်ပျော်၍နေလေပြီ။ ပင်မခြံဝန်းသို့ ယားထိုငယ် ဆယ်ယောက်ကျော် ရောက်လာသည့်အချိန်မှစ၍ ပင်မအိပ်ခန်း၏ အပြင်ခန်းသည် ညစောင့်တာဝန်ကျသူများ အမြဲ အသုံးပြုသည့်အခန်းဖြစ်လာပြီး ရှီချန်အန်းသည်လည်း အလိုအလျောက်ပင် ပင်မအိပ်ခန်းဖြစ်သော အတွင်းခန်းတွင်သာ အိပ်စက်ရန် ဖြစ်လာတော့သည်။

အပြင်ခန်းထဲရှိ ညစောင့်ယားထိုသည်ကား နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခြင်းမဟုတ်ရာ ရှောင်းချင်းယန့်နှင့်အတူ ပါလာသောသူများ၏အသံအား ကြားသည်နှင့် ချက်ချင်း နိုးလာသည်။ ရှောင်းချင်းယန့်အား အရိုအသေပေး နှုတ်ဆက်ပြီးသည်နှင့် ဝမ်ဖေးအားနှိုးရန် ပြင်လေတော့သည်။ သို့စေကာမူ အကြိမ်ကြိမ် မည်မျှပင်ခေါ်ကာနိုးစေကာမူ ဝမ်ဖေးကား အိပ်နေရာမှ နိုးမလာ။

“ဝမ်ရယ်...ဝမ်ဖေးက...…”

“မင်းတို့ သွားကြတော့.....ဒီမှာ မင်းတို့ စောင့်နေစရာ မလိုဘူး.......”

“ဟုတ်ကဲ့ပါ.....” 

ယားထိုငယ်လေးမှ ရှီချန်အန်းသည် စောစောလေးကမှ ဝိုင်အရက်သောက်ထားကြောင်း၊ အရက်မူးကာ အိပ်ပျော်သွားသဖြင့် နိုးမလာသည် ဖြစ်နိုင်ကြောင်း ရှောင်းချင်းယန့်အား ရှင်းပြရန်ကြံစည်ထားပေမယ့် သူမပင် စကားမစရသေး...ရှောင်းချင်းယန့်မှ ကြားဖြတ်ပြောလာသည်။ ထို့ကြောင့် သခင်၏အမိန့်အား မလွန်ဆန်ရဲသည့်ယားထိုလေးလည်း အလျင်အမြန် အခန်းအတွင်းမှ ထွက်ခွာသွားတော့သည်။

ခုတင်အနီးသို့ နီးကပ်လာသည်နှင့်အမျှ ပြင်းထန်သော ဝိုင်အရက်နံ့တို့က ရှောင်းချင်းယန့်အား ဆီးကြိုလေသည်။ ထို့အတူ ရှောင်းချင်းယန့် တွေးမိသည်ကတော့ သူ၏ ဤဝမ်ဖေးကား အရေးကြီးလှသော အခြေအနေများတွင် အမြဲ တည်ငြိမ်ကာ ရင့်ကျက်သူ မျက်နှာဖုံးတပ်ထားပေမယ့် တကယ်တမ်း ယခုကဲ့သို့ သူ၏စိတ်အား လွှတ်ထားသည့် အချိန်အခါမျိုးလည်း ရှိပေသေးသား ဟုပင်။

သူ၏ကိုယ်ပေါ်တွင် ဝတ်ဆင်ထားသော ဝတ်စုံနှင့် အဆင်တန်ဆာများအား အရင် ဖယ်ရှားလဲလှယ်လိုက်သည်။ စီးထားသည့်ဖိနပ်အား ခုတင်ပေါ်တက်ကာ မလှဲလျောင်းမီကပင် ကန်ချွတ်ထားပြီးဖြစ်သည်။ ထို့နောက် မျက်စိအစုံအား မှိတ်လိုက်သည့်အချိန်တွင်တော့ ရှောင်းချင်းယန့်တယောက် အိပ်စက်ရန် အဆင်သင့် ဖြစ်နေလေပြီ။ သူ ငယ်စဉ်ကလေးဘဝတုန်းကတော့ နည်းနည်းလေးမှပင် သူ့ကိုယ်သူ အတင်းလုပ်ကာ ဟန်ဆောင်နေစရာ မလိုခဲ့ပေ။ ထိုအချိန်....ထိုအချိန်တုန်းကတော့ သူသည် မည်သည့်ပုံစံ၊ မည်သို့သောသူဖြစ်နေစေကာမူ ဖခမည်းတော်မှ သူ့အား ချစ်မြတ်နိုးပြီးသားပင်။ ယခုလည်း တဖန် သူကိုယ်သူ အတင်းဟန်လုပ်ကာ ဟန်ဆောင်မျက်နှာဖုံးတို့တပ်ရန် မလိုတော့သည့်အချိန် ရောက်လာပြန်ပြီ။ အမှန်အတိုင်း ပြောရမည်ဆိုရင်တော့ သူ မည်သို့သောပုံစံ၊ အခြေအနေဖြစ်နေစေကာမူ သူ့အား မည်သူမှ ဂရုစိုက်ကြတော့မည် မဟုတ်ပေ။ 

ရှီချန်အန်း သူ၏တသက် ဘယ်သောအခါမှ မစဉ်းစားခဲ့ဖူးမိသည်က....တနေ့ သူ အိပ်ရာမှနိုး၍ မျက်ဝန်းအစုံအား ဖွင့်လိုက်သည်နှင့် အရင်ဆုံး မြင်တွေ့ရသည်က 'ယားထို'လည်း မဟုတ်၊ 'မောမော့'လည်း မဟုတ်....ကြီးမြတ်လှသော အရှင် ရှန်ဝမ် ''ရှောင်းချင်းယန့်"ဖြစ်နေလိမ့်မည်ဟုပင်...။ ထို့ထက်ပိုသည်က သူ့ကိုယ်သူအား ဤကဲ့သို့ ရှောင်းချင်းယန့်နှင့် ဖက်လျက်သား အခြေအနေဖြင့် နိုးထလာခြင်းပင်.....။

ရှောင်းချင်းယန့်၏ လက်နှစ်ဖက်လုံးသည် ဖွင့်ကာဆန့်ထုတ်ထားပြီး ထိုကြားထဲမှာမှ ရှီချန်အန်းသည် ရှောင်းချင်းယန့်ဘက် မျက်နှာမူကာ တစောင်းလှဲအိပ်နေမိသား...။ ရှောင်းချင်းယန့်၏ လက်မောင်းအား ခေါင်းအုံးကာအိပ်နေသည့် ရှီချန်အန်း၏လက်တဖက်မှာမူ ရှောင်းချင်းယန့်၏ ခါးပေါ်တွင် အကျအနကို တင်ကာထားသည်။ သူ ခေါင်းအုံးလုပ်ကာထားသည့် ရှောင်းချင်းယန့်၏ ထိုလက်တဖက်အား ထိုနေရာမှ ဆက်၍ကြည့်လိုက်ပါက သူ၏ခါးအောက်နားတွင် နေရာယူကာ......*****

အသာလေး သူ၏လက်အားမကာ ဘာမှမဖြစ်သလိုဟန်ဖြင့် ရှီချန်အန်း သူ၏ကိုယ်အား တဖက်သို့ အသံတိတ် အသာအယာ လှည့်လိုက်သည်။ ထို့နောက် ရှောင်းချင်းယန့် သူ၏မျက်နှာပေါ်မှ အမူအရာတို့အား မမြင်နိုင်လောက်သည့် အနေအထားသို့ ရောက်နေကြောင်း သေချာသွားမှသာ ရှီချန်အန်း ထူပူနေသောနားနှစ်ဖက်အား လက်ဖြင့်အုပ်၍တဖုံ....မျက်နှာပြင်အား လက်နှစ်ဖက်ဖြင့် ဖုံးကွယ်၍တမျိုး....ပါးပြင်နှစ်ဖက်အား သူ၏လက်ချောင်းများဖြင့် ဆွဲလိမ်၍တဖွယ်...အမျိုးမျိုး လုပ်နေမိသည်။ အဘယ့်ကြောင့်ဆိုသော် သူ ကိုယ့်ကိုကိုယ် သင်ခန်းစာကောင်းကောင်းပေးရန် လိုအပ်သောကြောင့် ဖြစ်သည်။ နောက်တခါ အရက်မူးပြီး ဒီလို ကုလားသေကုလားမော အိပ်ပျော်သွားလို့ မဖြစ်ဘူး....။ ပြီးတော့....ပြီးတော့ ရှောင်းချင်းယန့်ထက် အရင် အိပ်ရာက နိုးနေမှ ဖြစ်မယ်...။

“အပြင်ကလူတွေ...ဝင်လာခဲ့....”

“.....…” 

အခုလေးတင်မှ ရှောင်းချင်းယန့် နိုးမလာသေး၍တော်သေးသည်ဟု မိမိကိုယ်ကို အားတင်းနှစ်သိမ့်ထားသော ရှီချန်အန်း၏ နားအတွင်းသို့ တိုးဝင်လာသည်က ရှောင်းချင်းယန့်၏ အသံ...။ ချက်ချင်း ရှီချန်အန်း သူ၏မျက်လုံးများအား မှိတ်ချလိုက်သည်။ သူ၏နှလုံးကား ထိန်းမရအောင်ပင် ကျယ်လောင်စွာ ခုန်နေသည်မှာ ထိုနှလုံးကား လည်ပင်းထဲသို့ပင် တက်၍လာခုန်နေသည့်နှယ်...။ ထိုအချိန် မနေ့ညက သူ ရူးမိုက်စွာ ပြုလုပ်ခဲ့သောကိစ္စအား စဉ်းစားမိသည်နှင့် သူ၏ခါးတွင်ချိတ်ဆွဲထားသည့် ပစ္စည်းလေးအား အမြန် ဆုတ်ကိုင်ကာ လက်ထဲတွင် သိုဝှက်ထားလိုက်မိသည်။

ဒီနေ့ကား စီ့ဖေးများမှ ဝမ်ဖေးအား လက်ဖက်ရည် လာရောက် ဆက်သရမည့်နေ့ဖြစ်လေရာ ဝမ်ဖေးနိုးလာမည့်အချိန်အား စောင့်နေသည့် ယားထိုများကလည်း အခန်းအပြင်ဘက်တွင် အဆင်သင့် ရှိနေပြီးသားပင်။ ရှောင်းချင်းယန့် လှမ်းခေါ်လိုက်သည်နှင့် မျက်နှာသစ်ရန်နှင့် ခံတွင်းဆေးရန် ရေဇလုံနှင့် ပစ္စည်းများ ကိုင်ဆောင်လာသည့် ယားထိုတစုသည် အခန်းတံခါးအား တွန်းဖွင့်ကာ ဝင်လာကြသည်။

အစမူလက သူမတို့ထင်ထားသည်က ဤဝမ်ရယ်အိမ်တော်၏ ဝမ်ဖေးသည် မျက်နှာသာပေး မြတ်နိုးခြင်း မခံရသူဟူ၍ ဖြစ်သည်။ ထို့ကြောင့် ဘယ်သူမှ ထင်မထားခဲ့သည်က ဝမ်ရယ်သည် စီ့ဖေးနှစ်ပါးအား လက်ခံရရှိသည့်နေ့တွင်မှ ဝမ်ဖေး၏အဆောင်တွင် တညတာ လာရောက်ကုန်ဆုံးသွားခဲ့လိမ့်မည်ဟုပင်။ ယားထိုတစုအတွက်မှာမူ အံ့သြရခြင်းနှင့်အတူ သူတို့၏တာဝန်အား ပို၍ အလေးအနက်ထားကာ လုပ်ဆောင်သွားကြရန် ဆုံးဖြတ်လိုက်ကြသည်။ အစကတည်းကပင် ဝမ်ဖေးသည် အိမ်တော်၏အကြီးအကဲ၊ အခွင့်အာဏာရှိသူ ဖြစ်သည်။ ယခု ဝမ်ရယ်၏ ချစ်မြတ်နိုးမှုအား ရရှိထားနေမှတော့ ဝမ်ရယ်အတွက် မျိုးဆက်အမွေ ဆက်ခံမည့် သားသမီး မမွေးပေးနိုင်လည်း ဘာအရေးလဲ။ သားသမီးအတွက်ကတော့ ဝမ်ရယ်ဘက်မှ အမျိုးရင်း ယောကျ်ားလေးတဦးအား မွေးစားလိုက်လျှင်လည်း ရတာပဲဖြစ်သည်။ ထို့ကြောင့် ယခုမှစ၍ ဝမ်ဖေးအား ပို၍ သတိထားကာ အလေးပေး ပြုစုခစားသွားမှဖြစ်မည်။ 

ရှောင်းချင်းယန့်ကား သူ၏နံဘေးတွင် အိပ်ချင်ယောင်ဆောင်နေသောသူအား အထူးတလည် သွား၍ အနှောင့်အယှက်ပေးမနေတော့။ မိမိဘာသာ အိပ်ရာမှထ၊ အဝတ်အစားလဲ၊ မျက်နှာသစ်၊ ခံတွင်းဆေးပြီးသည်နှင့် "ဒီနေ့ တော်ဝင်ညီလာခံမှာ လုပ်စရာကိစ္စတွေ ရှိတယ်...ညနေ နောက်ကျမှပြန်လာမယ်...''ဟူသော စကားအား ချန်ထားခဲ့ပြီးသည်နှင့် အခန်းထဲမှ ထွက်သွားတော့သည်။

ရှောင်းချင်းယန့် ထွက်သွားမှသာ ရှီချန်အန်း အိပ်နေရာမှ ထရဲတော့သည်။ သို့တိုင် အဘယ့်ကြောင့် ယခုထိ သူ၏မျက်နှာပေါ်တွင်...အထူးသဖြင့် ပါးပြင်နှစ်ဖက်တွင် နီမြန်းသောအရောင်တို့က ကျန်ရှိနေသေးရသနည်း။ ထိုမျက်နှာအရောင်သည် ရှီချန်အန်းအား ကယောင်ကတမ်းနိုင်လောက်အောင် ပြုစားနိုင်လေသည်။ သူအနေနှင့် ဘာမှ မဖြစ်ခဲ့သယောင်သာ အားတင်း၍ဟန်ဆောင်ထားရန်သာ ရှိတော့သည်။ သို့စေကာမူ ထိုမျက်နှာကား ယားထိုတယောက်၏ မျက်စိအောက်မှ မလွတ်ချေ။ 'မနေ့ညက ဝမ်ရယ်နဲ့ ဝမ်ဖေးကြားထဲမှာ ကိစ္စကောင်းတွေ ရှိခဲ့မယ်ထင်တယ်...'

"နူးပိ*...ဝမ်ဖေးအား ဝမ်းမြောက်ဂုဏ်ပြုအပ်ပါတယ်...."

“နူးပိ....ဝမ်ဖေးအား ဝမ်းမြောက်ဂုဏ်ပြုအပ်ပါတယ်....”

ယားထိုတယောက်မှ စကားစလိုက်သည်နှင့် ကျန်ရှိနေသည့် ယားထိုအားလုံးလည်း သူမနောက်မှ လိုက်ကာ ဂုဏ်ပြုစကားပြောလာကြသည်။

*(နူးပိ = ကျေးကျွန်၊ အစေခံ။)

ရှီချန်အန်း သူတို့တတွေ ဘာအတွက်ကြောင့် သူ့အား ဝမ်းသာဂုဏ်ပြုပေးနေမှန်း နားမလည်ပေ။ ထို့အတူ မေးလည်း မမေးချင်ပေ။ ထိုကိစ္စမျိုးကား သွားရောက်မေးမြန်းလိုက်ပါက အဆုံးတွင် အကြပ်တွေ့ အရှက်ရမည့်သူမှာ သူပဲ ဖြစ်လိမ့်မည် မဟုတ်ပါလား။ ဘာပဲဖြစ်ဖြစ် သူတို့ကမှ သူ့အား ဂုဏ်ပြုဝမ်းသာစကားပြောနေမှတော့ အဲဒီကိစ္စသည် ကောင်းသောကိစ္စဖြစ်ဖို့သာများသည်။ ဘာကိစ္စလဲ ဆိုသည်ကတော့ အဲ့ဒီလောက်ကြီး သိချင်စရာကိစ္စမဟုတ်ပေ။ 

ရှီချန်အန်း၏ 'မသိကျိုးကျွံပြုလိုက်မှု'က ဝမ်ဖေး၏ခြံဝန်းသို့ ယခုမှ ပြောင်းရွေ့တာဝန်ကျသည့် ယားထိုငယ်အချို့အား ပို၍ပင် ဝမ်းသာသွားစေသည်။ သူတို့ ပထမထင်ထားခဲ့သည်က သူတို့သည် ခက်ခဲပင်ပန်းလှသည့်နေ့ရက်များအား ဖြတ်သန်းသွားရမည့် သနားစရာ ဝမ်ဖေးတပါးအား ပြုစုခစားသွားရလိမ့်မည် ဟူ၍ပင်။ ယခုတော့ မထင်မှတ်ဘဲ ဝမ်ဖေးနှင့်ဝမ်ရယ်ကြားရှိ ဆက်ဆံရေးသည် အများကြီး ကောင်းနေလေသည်။

သူတို့ယားထိုတစုသည် သူတို့ဘာသာသူတို့ မိမိတို့၏ဦးနှောက်သေးသေးလေးထဲမှ အတွေးစိတ်ကူးယဉ်မှုတို့ဖြင့် ဝမ်ဖေးအား ရှန်ဝမ်ရယ်အိမ်တော်၏ ချစ်မြတ်နိုးမှုအခံရဆုံးဇနီးနေရာသို့ သတ်မှတ်ပေးလိုက်ကြသည်။ ထိုသို့ဖြင့် တယောက်မှအစပြု၍ အားလုံး ပျော်ရွှင်ကြည်နူးနေကြသည့်အခိုက်အတန့်တွင်တော့ များမကြာမီတွင် လက်ဖက်ရည် လာရောက်ဆက်သကြမည့် စီ့ဖေးနှစ်ပါးကိုလည်း သူတို့ မေ့ပစ်လိုက်ကြကာ ဂရုစိုက်မနေတော့ပေ။ ဘာပဲဖြစ်ဖြစ် ဒီလိုပထမဆုံးနေ့ဆိုတာ ရှန်ဝမ်အိမ်တော်တွင် တကယ့်အိမ်တော်သခင်မသည် ဘယ်သူဆိုတာ သူတို့ ကောင်းကောင်း နားလည်သဘောပေါက်သွားရန် ပြသပေးဖို့ အကောင်းဆုံးနေ့ပင် မဟုတ်ပါလား.....။

XXXXX

***** (T/N: တမင် ဖတ်ရင်း feelကြဲသွားမှာစိုးလို့ ဒီနား လာရေးတာ...😁
အဲ့ဒီအပိုဒ်လေးကိုပဲ Englishလို အခါ၂၀...တရုတ်လို အခါ၂၀...အဲ့လောက်ဖတ်တာကို ဘယ်လိုချောအောင် ပြန်ရေးရမှန်း မသိတော့ဘဲ တစ်နေတာ😭😭😭 (တော်သေး...ဒီစာအုပ်က ဘာဘာညာညာ သိပ်မပါလို့....ဖတ်သာဖတ်တတ်တာ...ကိုယ်တိုင် ရေးကြည့်တော့ ဒါလေးကို ခက်နေတာ....My Deep Respect to All Authors and Translators 🙏😊)
ခုတော့ ကိုယ့်ဘာသာ ဖြည့်ပြီး ဘာသာပြန်ပစ်လိုက်တယ်😁
အဲ့နေရာ မရှင်းကြသူများရှိရင်လေ...ကိုယ်ပိုင်အတွေ့အကြုံများဖြင့် စိတ်ကူးကြည့်နိုင်ပါကြောင်း...ကိုယ်ပိုင်အတွေ့အကြုံမရှိသေးကြသူများဆိုရင်ဖြင့် Mr.Google၏အကူအညီကို ရယူနိုင်ပါကြောင်း...(ပုံတွေ ရှာကြည့်ကြပေါ့)

XXXXX

PREVIOUS << TOC >> NEXT

No comments:

Post a Comment

Support My Translations