Monday, May 11, 2020

ကြင်ရာတော် ချန်အန်း (Unicode) - အပိုင်း (၁၁)

အပိုင်း (၁၁)

ဝမ်ရယ်အိမ်တော်သို့ ပြန်ရောက်ပြီးနောက် ရှီချန်အန်း မိမိကိုယ်မှ ထိခိုက်မိထားသည်များအား အတန်အသင့် ဆေးထည့်ပြီးသည်နှင့် ယန်မောမော့ ဦးဆောင်သော ယားထိုတစုနှင့်အတူ အိမ်တော်ရှိ ပန်းဥယျာဉ်သို့ ထွက်လာခဲ့သည်။ ဥယျာဉ်တော်ထဲတွင် လက်ဖက်ရည်သောက်ရင်း ပန်းမန်များအား ကြည့်ရှုကာ အနားယူနေလိုက်သည်။ ဥယျာဉ်တော်ထဲရှိ ဆောင်းဂန္ဓမာများ ပွင့်လန်းနေသည်အား ကြည့်ရင်း များမကြာမီတွင် ဆောင်းလလယ်ပွဲတော် အချိန်အခါသို့ ရောက်လာတော့မည်ဖြစ်ကြောင်း ရှီချန်အန်း ရုတ်ချည်း သတိရမိလိုက်သည်။ ဆောင်းရာသီ၏အလယ်ပိုင်းလတွင် ကျင်းပသည့် ဤပွဲတော်အား ပြည်သူများမှ အလေးထားကာ ပျော်ရွှင်ကြသကဲ့သို့ တော်ဝင်နန်းတော်မှလည်း နှစ်စဉ် အရေးပေး ကျင်းပလေ့ရှိသည်။ ထို့ကြောင့် တော်ဝင်နန်းတော်မှ ညစာစားပွဲ ကျင်းပမည့်အခိျန်သည် ရက်အနည်းငယ်အတွင်း ရောက်ရှိလာတော့မည်ဖြစ်သည်။

"သခင်လေး....ဘာတွေများ သက်ပြင်းချနေရတာလဲ...ကျွန်မတို့ ဒီနေ့တော့ ပွဲကြီးပွဲကောင်း တပွဲ နွှဲခဲ့ပြီးပြီ မဟုတ်ဘူးလား...."

ဒီနေ့အတွက် ချွန်းယွီ၏ ကျေနပ်အားရမှု၊ ပျော်ရွှင်မှုတို့သည် အတိုင်းထက်အလွန်ပင်။ သူတို့ ဆိုင်အတွင်းမှ ပြန်ထွက်လာချိန်လေးတွင် အများရှေ့တွင် မည်သို့ ပြုမှုပြောဆိုရမည်အား ချွန်းယွီ မမေ့ခဲ့သေးပေ။ သူမ၏ သခင်လေး မြင်းလှည်းအတွင်း ဝင်ရောက်ပြီးသည်နှင့် သူမ၏နှုတ်မှ 'သခင်ကြီးသည် တကယ်ကို မျက်နှာလိုက်ကြောင်း၊ တရားမမျှတကြောင်း၊ အဘယ့်ကြောင့် "သခင်မကြီး"အား သူမ စိတ်သဘောကျ လုပ်ဆောင်ကာ ပြဿနာရှာခွင့် ပေးထားရသနည်း' စသည်ဖြင့် အော်ဟစ်မြည်တမ်းကာ သူတို့ မတရားခံခဲ့ရကြောင်း လူအများအား သိစေခဲ့လေသည်။

ရှီမိသားစု၏ သခင်မကြီးသည် လွန်ခဲ့သော သုံးနှစ်က ကွယ်လွန်သွားခဲ့ပြီး ရှီယုံနျဉ်သည်လည်း နောက်တကြိမ် လက်ထပ်ထားခြင်း မရှိသေးလေရာ မည်သည့်နေရာမှနေ၍ ဤရှီမိသားစု၏'သခင်မကြီး'သည် ထွက်ပေါ်လာရသနည်း။

အခြေကြီးသည့် မိသားစုကြီး၊ အိမ်တော်ကြီးများ အနေဖြင့် ဤကဲ့သို့သော ကောလဟာလမျိုးအား ဂရုမစိုက်ဘဲ နေနိုင်သော်ငြား ရှီမိသားစု၊ ရှီအိမ်တော်အတွက်တော့ ထို့သို့ မဟုတ်ပေ။

"ဘာမှမဟုတ်ပါဘူး...ငါ့ဘာသာ ဟိုတွေးဒီတွေးနဲ့ အတွေးလွန်နေတာ...."

ရှီချန်အန်းသည် မစဉ်းစားတတ်သောလူတယောက် မဟုတ်ပေ။ ယခု အရှင်မင်းကြီး၏သားတော်များ အားလုံး အရွယ်ရောက်လာကြပြီဖြစ်ရာ အိမ်ရှေ့မင်းသား ရွေးချယ်တင်မြှောက်ရေးတိုက်ပွဲသည်လည်း ယခင်ကထက် ပို၍ ပြင်းထန်ကာ ကြီးမားလာတော့မည်ဖြစ်သည်။ ရှောင်းချင်းယန့်သည် ရွေးချယ်ခံရန် အရည်အချင်းမမှီတော့ပြီဖြစ်သော်လည်း မည်သို့ပင်ဆိုစေကာမူ အခြားသူအများ၏မျက်လုံးထဲတွင်တော့ သူသည် အချိန်အကြာကြီး အရှင်မင်းကြီး၏ ချစ်မြတ်နိုးမှုအား ပိုင်ဆိုင်ထားခဲ့သော မင်းသားကြီးတပါးပင်။ သူသည် ထိုသူတို့အတွက်တော့ အစမှအဆုံးတိုင် သတိထား စောင့်ကြည့်သွားရမည့် စိတ်ပူစရာ ပြာဖုံးနေသည့်မီးခဲတခုပင် ဖြစ်နေဦးမည်သာ။

ယခု သူနှင့် ရှောင်းချင်းယန့်သည် တသားတည်းပင် ဖြစ်လေရာ...အကယ်၍ သူ အမှားတစုံတရာ ပြုမိပါက ထိုအမှားသည် ရှောင်းချင်းယန့်အပေါ်တွင် အားလုံး သက်ရောက်သွားမည်ဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် အစစအရာရာ သတိကြီးစွာ ထားပြီးရင်းထားရမည်ဖြစ်ပြီး သူ့ကြောင့်တော့ ရှောင်းချင်းယန့်အား အမှုပိုကာ ဒုက္ခမရောက်စေလိုပေ။ 

"သခင်လေးကလဲ....အဲ့ဒါတွေ လျှောက်တွေးမနေပါနဲ့....အခု သခင်ကြီးက ကျွန်မတို့ကို အရင်လို လုပ်ချင်တိုင်းလုပ်ပြီး ထိန်းချုပ်လို့မရတော့ဘူး...အဲ့ဒီလျိုရှီး အိမ်တော်ကိုပြန်ပြီး ဘယ်လောက်ပဲ အပိုတွေပြောပြီး တိုင်တန်းနေစေဦးတော့...သူတို့ ကျွန်မတို့အပေါ် ဘာမှ လာလုပ်လို့မရတော့ဘူး...သခင်လေးက ဘာတွေ ကြောက်နေရသေးတာလဲ..."

"မင်းပဲ အားလုံးသိနေတော့တာပဲ..."

ရှီချန်အန်း ချွန်းယွီအား ဘာမှ ထပ်၍ ရှင်းမပြချင်တော့ပေ။ သူမ စိတ်တိုင်းကျသာ ပျော်သလိုသာ စဉ်းစားပါစေတော့...။

'လျိုရှီး'ဆိုကာမှ ရှီချန်အန်း တွေးရင်း လှောင်ပြုံးတခု မျက်နှာထက်တွင် ဖြတ်ပြေးသွားသည်။ လျိုရှီးသာ ဖြစ်ပျက်ခဲ့သမျှအား အဖြူအမည်း ပြောင်းပြန်လှည့်ကာ အမှန်တရားအား ဖုံးကွယ်ကာ မပြောသရွေ့တော့ ရှီအိမ်တော်ရှိ ဖခင်ဖြစ်သူတယောက်တော့ ယနေ့ကိစ္စအတွက် စိတ်ညစ်ပူပန်နေရော့မည်။

ရှီချန်အန်း မသိလိုက်ရသည်ကတော့ ရှီယုံနျဉ်အတွက်တော့ ထိုကိစ္စသည် စိတ်ညစ်ပူပန်ရသည်ထက် အဆများစွာ ပိုကြောင်းပင်...။ လျိုရှီးတယောက် မခံမရပ်နိုင်အောင် စိတ်ဆိုး ဒေါသထွက်ကာ ရှီအိမ်တော်သို့ ပြန်ရောက်ချိန်တွင်တော့ သူမ၏နှုတ်မှလည်း 'တယောက်သောသူ'အား အမည်တပ်ကာ အော်ဟစ်ဆဲဆိုနေပြီး ပေါက်ကွဲနေဆဲဖြစ်သည်။ ထို့သို့ဖြင့် ယနေ့ ဖြစ်ပျက်ခဲ့ရသမျှအား ရှီယုံနျဉ်အား အားကိုးတကြီး တိုင်တန်းပြီးချိန်တွင်တော့ ရှီယုံနျဉ်အဖို့ စိတ်တိုရလွန်းသဖြင့် စကားတလုံးမျှပင် အသံမထွက်နိုင်တော့ပေ။ သူ၏တကိုယ်လုံး အမျက်ဒေါသတို့ဖြင့် ဖုံးလွှမ်းကာ လျိုရှီးအား လက်ညှိုးငေါက်ငေါက်သာ ထိုးနိုင်တော့ပြီး နှုတ်မှတော့ မည်သည့်စကားတခွန်းမှ မဆိုနိုင်လောက်အောင်ပင်။ နောက်ဆုံးတွင်တော့ ပါးစပ်အပြည့်ရှိသော သွေးတပွက်အန်ပြီး ထိုနေရာ၌ပင် သတိလစ် မေ့မျောသွားတော့သည်။

ရှီယုံနျဉ် မေ့လဲသွားချိန်တွင်တော့ အနှီလျိုရှီးသည်ကား သွေးပျက်မတတ် ထိတ်လန့်ကြောက်ရွံ့သွားကာ မိုးပြိုကျလာတော့မည့်အလား အော်ကြီးဟစ်ကျယ် ငိုကြွေးလေတော့သည်။ သူမသည် ရှီယုံနျဉ်၏အိပ်ရာနံဘေးတွင် တချိန်လုံး ဒူးထောက်လျက်ရှိကာ ရှီယုံနျဉ်၏လက်အား တင်းတင်းဆုတ်ကာ ဆက်လက်ငိုကြွေးနေတော့သည်။ ထိုငိုကြွေးနေမှုတွင် ရှီချန်အန်းအား အပြစ်တင်ပြောဆိုနေမှုသည်လည်း အဆတ်မပြတ် ပါဝင်နေဆဲပင်ဖြစ်သည်။

"အစ်ကိုကြီး....အစ်ကိုကြီး ကျွန်မကို စိတ်ပူတယ်...ကျွန်မအစား ဒေါသထွက်တယ်ဆိုပေမယ့် ကိုယ့်ကျန်းမာရေးလဲ ကိုယ်ဂရုစိုက်မှပေါ့....အခုတော့ကြည့်ဦး....ဟိုအကောင်စုတ်လေးကို ဒေါသထွက်ရတာနဲ့ ကိုယ်ပဲ နေမကောင်းဖြစ်ရပြီမလား...."

လျိုရှီး အမှန်တကယ်ပင် စိုးထိတ်ကြောက်ရွံ့နေမိသည်။ သူမ အဘွားအိုလျိုရှီးအား မြန်မြန် သေဆုံးသွားစေရန် အမြဲ မျှော်လင့်နေခဲ့သော်လည်း ရှီယုံနျဉ်ကတော့ မည်သည့်ကံဆိုးမှုမျိုးမှ ကြုံတွေ့၍မဖြစ်ပေ။ နေမကောင်း၍ အိပ်ရာထဲလဲနေသော အမယ်အိုလျိုရှီးသည်ကား ယခုတော့ သူမအတွက် ဝန်ထုပ်ဝန်ပိုးတခုသာ ဖြစ်သော်လည်း ရှီယုံနျဉ်ကတော့ သူမနှင့် သူမ၏သားသမီးတွေအတွက် အားကိုးရမည့်၊ ကာကွယ်ပေးမည့် မိုးကောင်းကင်ကြီးကဲ့သို့သောလူ ဖြစ်သည်။ 

ရှီယုံနျဉ် တဖြည်းဖြည်း သတိပြန်လည်လာချိန်တွင်တော့ သူ၏နားအတွင်းသို့ ဝင်လာခဲ့သည်ကတော့ တစေၧတကောင်၏ငိုကြွေးသံကဲ့သို့သော၊ ဝံပုလွေအူသံနှင့်အလားတူလှသော လျိုရှီး၏ ငိုကြွေးနေသံသာ...။ ထို့အပြင် သူမ၏ ရှီချန်အန်းအား အမည်တပ်၍ ကျိန်ဆဲအပြစ်တင်နေသံ...။ ရှီယုံနျဉ် လျိုရှီးအား တချက်ငဲ့ကြည့်လိုက်ပြီး သူ၏မျက်လုံးအစုံအား မှိတ်လိုက်သည်။ ထို့နောက်တွင်တော့ အညှာအတာမရှိ လျိုရှီး၏ပါးပြင်ထက်သို့ သူ၏လက်ဝါးအား လွှဲကာရိုက်လိုက်တော့သည်။

"အသုံးမကျတဲ့ မိန်းမ...မင်းက ငါ့ကို သေအောင်လုပ်နေတာ...အသေသတ်နေတာ..."

ရှီယုံနျဉ်သည် သူ့ကိုယ်သူ ဘက်လိုက်တတ်သူ၊ သူ၏ လုပ်ရပ်၊ မျက်နှာလိုက်မှုသည် ချမှတ်ထားသော စည်းမျဉ်း ဥပဒေတို့မှ များစွာ သွေဖယ်လာခဲ့ပြီးဖြစ်ကြောင်း မူလအစကတည်းမှပင် နားလည်ပြီးသားဖြစ်သည်။ သို့သော် ဤသည်များကား သူ၏ အိမ်တွင်းရေး၊အတွင်းရေးကိစ္စများသာ ဖြစ်သည်။ သူ လျိုရှီးအား သတ်ခဲ့သည်ဖြစ်စေ၊ တရားဝင်သားဖြစ်သူအား လျစ်လျူရှု စွန့်ပစ်ထားခဲ့သည်ဖြစ်စေ...ထိုသည်များအား အပြင်လူများ မသိသရွေ့တော့ သူ့အပေါ် မည်သူကမှ အပြစ်တင် အရေးယူ၍မရပေ။ ယခုတော့ ဤအသုံးမကျ၊ ဉာဏ်နည်းလှသောမိန်းမက လူပေါင်း မြောက်များစွာ၏ရှေ့မှောက်တွင် မိုက်မဲလှသော လုပ်ရပ်တခုအား လုပ်ဆောင်ခဲ့ရုံသာမက ဝမ်ရယ်အိမ်တော်၏ တော်ဝင်ကိုယ်ရံတော်များကိုပင် ထိပ်တိုက်တွေ့ခဲ့လေသေးသည်။ သူတို့၏ လူမသိရမည့် စည်းကမ်းဥပဒေမှ သွေဖယ်လှသည့် လုပ်ရပ်သည်ကား ယခုတော့ လူအများ၏ပါးစပ်ဖျားတွင် ပြောစရာဖြစ်လာတော့မည်။

ရှီယုံနျဉ်၏ရိုက်ချက်သည်ကား လျိုရှီးအပေါ်သို့ မရေရာ၊ စိတ်ရှုပ်ထွေးမှုတို့နှင့်အတူ ကျရောက်လာခဲ့သည်။ သူမ အမှန်တကယ်ပင် သူမ ဘာအမှားများလုပ်ခဲ့သနည်းဆိုတာ နားမလည်နိုင်ပေ။ ပြီးတော့ သူမ၏ အစ်ကိုကြီး...သခင်ကြီး.......။ ဘာကြောင့် သူမအား ရိုက်ရသနည်း....။

"ဒီအသုံးမကျတဲ့မိန်းမကို လာဆွဲခေါ်သွားကြစမ်း....ဒီမိန်းမယုတ်ကို ထင်းသိုလှောင်ရုံထဲ ထည့်ပိတ်ထားလိုက်စမ်း....ပြီးတော့ ချက်ချင်း ရှန်ဝမ်ရယ်အိမ်တော်ကို လူလွှတ်ပြီး ဝမ်ဖေးရဲ့ အဘွား အသည်းအသန် နေမကောင်းလို့ သူ့မြေးကို အရမ်းတွေ့ချင်နေတယ်လို့ ပြောခိုင်းလိုက်....ဝမ်ဖေးကို မနက်ဖြန် ရှီအိမ်တော်ကို အမြန်ပြန်လာပြီး သူ့အဘွားကို လာတွေ့ပါလို့ ပြောလိုက်...."

အစကတော့ ရှီယုံနျဉ် သူကိုယ်တိုင် ရှန်ဝမ်အိမ်တော်သို့ သွားရန်ပင်။ သို့သော် သူကိုယ်တိုင် သွားလည်း မည်သည့်အကိျုးမှ ထူးလာမည်မဟုတ်ကြောင်း သေချာ စဉ်းစားပြီးနောက်တွင်တော့....သူ့မိခင်၏နေမကောင်းဖြစ်နေမှုအား အသုံးချကာ ထိုအကောင်စုတ်ကလေးအား အိမ်ပြန်လာစေသည်ကမှ အကောင်းဆုံးဟု ဆုံးဖြတ်ချက်ချလိုက်သည်။ 

လျိုရှီးသည်ကား အမှန်တကယ်ပင် သူမ ဘာအမှားများလုပ်မိ၍ သူမ၏အစ်ကိုကြီးမှ ဤကဲ့သို့ သူမအပေါ် ဆက်ဆံရသည်အား နားမလည်နိုင်သေးပေ။ အစေခံများမှ သူမအား ဆွဲခေါ်ကာ ထင်းရုံထဲသို့ ထည့်ပိတ်သည်အထိ သူမ အော်ဟစ်ငိုကြွေးရုံသာတတ်နိုင်တော့သည်။

လျိုရှီးအား ဆွဲခေါ်သွားပြီးနောက်တွင်တော့ ရှီယုံနျဉ်၏ မျက်နှာတွင် နောင်တ အနည်းငယ်ရမိသော အမူအရာတချို့ ဖြစ်ပေါ်လာခဲ့သည်။ တနေ့ ကိစ္စတွေသာ ဤကဲ့သို့ ဖြစ်လာခဲ့မည်အား သူ စောစီးစွာ သိခဲ့ပါက ယခုကဲ့သို့သော ထိန်းသိမ်းမရသည့်အခြေအနေသို့ မရောက်လာခဲ့ရန် သူ ကာကွယ်တားဆီးမိခဲ့မည် ဖြစ်သည်။

သူ ယန်ရှီးနှင့် လက်ထပ်ဖြစ်ခဲ့သည်က မူလကတော့ ယန်ရှီး၏ နောက်ခံအသိုင်းအဝိုင်း တောင့်တင်းမှုအား အသုံးချလို၍ဖြစ်သည်။ သို့သော် ယန်မိသားစုသည် ဤကဲ့သို့ ကြီးကျယ်လှမည်၊ သူ့အား အထင်သေးလိမ့်မည်ဟု မည်သူက ထင်ထားခဲ့မည်နည်း။ သူတို့၏သမီးဖြစ်သူနှင့်တော့ သူ့အား လက်ထပ်ပေးခဲ့ပေမယ့် လက်ထပ်ပြီးသည်နှင့် ချက်ချင်း သမီးဖြစ်သူနှင့် အဆက်အသွယ် ဖြတ်တောက်ခဲ့သည်။ သူ့အား အထောက်အပံ့ပေးရန် မပြောနှင့်ဦး...ဇနီးဖြစ်သူ၏ ကြီးကျယ်ခမ်းနားလှပါသော မိသားစု၏အိမ်တော်တံခါးကိုပင် သူ ဖြတ်ဝင်ခွင့်မရခဲ့ပေ။ ထို့ကြောင့် သူ၏ လုပ်ဖော်ကိုင်ဖက် အရာရှိတချို့ပင်လျှင် အလျဉ်းသင့်လျှင် သင့်သလို သူ့အား လှောင်ပြောင်လေ့ရှိတော့သည်။

ထိုယန်ရှီးသည်လည်းပဲ အသုံးမကျပေ။ သူမ၏မိသားစုဘက်မှ သူ့အပေါ် အထောက်အကူ မပေးနိုင်သကဲ့သို့ပင် သူမသည်လည်း ကပ်စေးနှဲ ကော်တရာတဦးမှ သူ ပိုင်ဆိုင်သမျှအား ဆုပ်ကိုင်ထားသကဲ့သို့ သူမ၏ခန်းဝင်ပစ္စည်းတို့အား ဖက်တွယ်ထားကာ သူ့အား အနည်းငယ်မျှ ပေးရန်ပင် တွန့်တိုလှသည်။ အိမ်တော်ရှိ မိသားစုအားလုံး၏ အသုံးစရိတ်သည် လစဉ် တွက်ချက်ပေးကမ်းရန် လိုအပ်သည်။ ထိုအချိန်တိုင်း...သူမ တွက်ချက်ပြသမျှ မိသားစုအသုံးစရိတ်တို့အား သူ နားထောင်ရသည့်အခါတိုင်း...သူ၏မျက်နှာတည့်တည့်သို့ ယန်ရှီးမှ ဖြတ်ရိုက်လိုက်သကဲ့သို့ပင်။ ယန်ရှီးအား ထိုနေရာတွင်ပင် လဲသေသွားစေရန် မလုပ်နိုင်သည့် သူ့ကိုယ်သူပင် မုန်းတီးမိသည်။

ထိုကိစ္စများအပြင် အနှီကျေးဇူးကန်းလှသော သားသည်လည်းပဲ သူနှင့် အနည်းငယ်လေးမျှပင် ဘယ်နေရာမှ မတူပေ။ ငယ်စဉ်ကလေးဘဝမှပင် သူနှင့် ရင်းနှီးခြင်းမရှိပေ။ ထို့အပြင် သူ၏မောင်နှမများအပေါ်တွင်လည်း ရင်းနှီးမှုမရှိ၊ နှလုံးသားမဲ့စွာ ဆက်ဆံတတ်သေးသည်။ သူ၏ ပစ္စည်းများအား ညီငယ် ညီမငယ်များနှင့် ဝေမျှကစားခြင်းလည်း မရှိပေ။ သူကတော့ ထို ကြီးကျယ်လှသောအမေနှင့်သားအား သူ့အား ကောင်းကျိုးပေးမည့်'အရာ'များ မဟုတ်ဟု အစကတည်းကပင် မှတ်ယူထားပြီးဖြစ်သည်။ 

ရှီယုံနျဉ်သည် 'သူ၏ဇနီးသည်'နှင့် 'သူ၏တဦးတည်းသော တရားဝင်သားကြီး'အား အလွန် မုန်းတီးလှသူဖြစ်သည်။ ထို့ကြောင့် မိခင်ဖြစ်သူနှင့် လျိုရှီးမှ ယန်ရှီးအား တဖြည်းဖြည်း အဆိပ်ခတ်သတ်နေမှုအား သိသော်လည်း ဘာမှဝင်မပြောဘဲ ဘေးမှ ရပ်ကြည့်နေလိုက်သည်။ ထို့အပြင် ယန်ရှီး၏ သေဆုံးမှုအား အသုံးချ၍ သူမ၏ ချစ်လှစွာသော သားဖြစ်သူအား ချက်ချင်း စွန့်ပစ်ရန် သူ စီစဉ်ထားပြီးဖြစ်သည်။ သို့သော် ထိုကျေးဇူးမသိတတ်လှသောသားဖြစ်သူသည် ဤကဲ့သို့ ကံကောင်းမှုမျိုး ကျန်ရှိနေသေးမည်ဟု ဘယ်သူကများ တွေးမိမှာလဲ။ ဧကရာဇ်မင်းကြီးမှ သူ့အား မင်းသားတပါးနှင့် လက်ထပ်ပေးလိမ့်ဟု....။

လျိုရှီးသည် ဉာဏ်နည်းလှသည်။ ဤသည်ကို ရှီယုံနျဉ် သိသည်။ သို့သော် သူသည် ထိုဉာဏ်နည်းလှပြီး သူ့အပေါ် မှီခိုအားထားရုံသာ တတ်နိုင်သည့် လျိုရှီးအား အလွန် သဘောကျလေသည်။ စဉ်းစားဉာဏ်မရှိ၊ ဉာဏ်နည်းလှပေမယ့် သူအပေါ်တွင် သိမ်မွေ့ ကျိုးနွံကာ စကားနားထောင်လေသော လျိုရှီး ဖြစ်လေသည်။ သို့သော် ထိုလျိုရှီး၏ စဉ်းစားဉာဏ်မရှိမှုသည် တနေ့တွင်တော့ သူ့အား ဒုက္ခပေးလေလိမ့်မည်ဟု သူ မည်သည့်နည်းနှင့်မျှ မျှော်လင့်ထားခြင်း မရှိပေ။ ယခုတော့ သူ၏ အရာရှိအမှုထမ်းလမ်းသည်ကား လုံးဝ ပျက်စီးသွားတော့မည်ဖြစ်ပြီး သူ၏ တသက် ယခုနေရာထက်ပို၍ မသွားနိုင်တော့ပေ။ 

*(T/N: ကိုယ့်ဘာသာ နစ်နာနေရှာသော ရှီယုံနျဉ်....😒)

အခြားတဖက်...ဝမ်ရယ်အိမ်တော်၏ စာကြည့်ဆောင်ထဲတွင်တော့ လက်အောက်ငယ်သား၏ ပြန်လည် အစီရင်ခံမှုအား ရှောင်းချင်းယန့် သေချာ နားထောင်ကာ အချိန်အနည်းငယ် ငြိမ်သက်နေပြီးနောက်တွင်တော့ ဝမ်ဖေး ရှိရာနေရာသို့ သွားမည်ဖြစ်ကြောင်း ရှောင်းချင်းယန့် အမိန့်ပေးလိုက်သည်။ 

ရှီချန်အန်းသည်ကား ဝမ်ရယ်အိမ်တော်၏ ပန်းဥယျာဉ်ထဲသို့ ရောက်ပြီး သိပ်မကြာခင် အိပ်ပျော်သွားတော့သည်။ ထို့ကြောင့် ယားထိုတဦးထံမှ ဝမ်ရယ် ရောက်ရှိလာကြောင်း အသံကြားသည်နှင့် ချက်ချင်း ချွန်းယွီ ရှီချန်အန်းအား အမြန်နှိုးရတော့သည်။ ဤသို့သော အကြောင်းများကြောင့် ရှောင်းချင်းယန့် ရှီချန်အန်းအား တွေ့ရချိန်တွင်တော့ ရှီချန်အန်းသည် ရဲရဲနီနေသောမျက်လုံးများနှင့် ပင်ပန်းနွမ်းနယ်နေသော အသွင်ဖြင့် ဖြစ်လေတော့သည်။

ရှီချန်အန်း၏ ဖြစ်ပျက်ခဲ့သမျှကိစ္စအားလုံးအား သိရှိပြီးဖြစ်၍ ဤကဲ့သို့သော ရှီချန်အန်းအား မြင်တွေ့လိုက်ရသော ရှောင်းချင်းယန့်သည် ရှီချန်အန်းအား မိခင်ဖြစ်သူနှင့်ပတ်သက်၍ ဝမ်းနည်းနေလေသည်ဟု အလိုလို ကောက်ချက်ချမိတော့သည်။ 

"အင်း...သိပ်မကြာခင် တတိယညီတော်က မြောက်ပိုင်းစစ်မြေပြင်ကို ပြန်ထွက်ရတော့မှာ...စစ်မထွက်ခင် ဖခမည်းတော်က တတိယညီတော်ကို ချီးမြှောက်တဲ့အနေနဲ့ ဆောင်းရာသီ အမဲလိုက်ပွဲတော် ကျင်းပဖို့ စီစဉ်ထားတယ်...အဲဒါပြီးလို့ ဆောင်းလလယ်ပွဲတော်ညကျရင်တော့ တော်ဝင်နန်းတော်ကနေ တတိယညီတော်အတွက် ကျင်းပပေးမယ့် ညစာစားပွဲ ရှိတယ်....မင်း......အဆင်သင့် ပြင်ဆင်ထားလိုက်....."

သူ့မိခင်ရဲ့ ကွယ်လွန်ခြင်းနှစ်ပတ်လည်ကတော့...ဒီကိစ္စတွေပြီးတဲ့အခါ စီစဉ်ကြတာပေါ့...။

"ဝမ်ရယ်....ကျွန်တော်လဲ.........သွားရမှာလား..."

"ဆောင်းလလယ်ပွဲတော် ညစာစားပွဲက အဆင့်မြင့်အရာရှိတွေ အကုန်လုံးက သူတို့မိသားစုတွေနဲ့အတူ ပွဲတော်တက်ဖို့ လိုအပ်တယ်....မင်းက ပန်ဝမ်ရဲ့ ဝမ်ဖေးပဲ...ဘာတွေ လူရှေ့မထွက်ရဲစရာရှိလို့ မသွားဘဲနေရမှာလဲ...."

ရှောင်းချင်းယန့် မတွေ့မြင်ချင်ဆုံးကတော့ ရှီချန်အန်း၏ အမြင်ကျဉ်းကာ နိမ့်ကျသည့်ပုံစံပင်။ လောကကြီးအား တခါမှ မမြင်ဖူး၊ လူတောမတိုးရဲသည့်ပုံစံသည် သူ့အား တကယ် အရှက်ရစေသည်။

ရှီချန်အန်းသည် စမေးကတည်းက သတိကြီးကြီးထားပြီး မေးရခြင်းဖြစ်ပြီး ယခုကဲ့သို့ ရှောင်းချင်းယန့်ထံမှ ဤကဲ့သို့သော ခပ်ထန်ထန် ပြန်မေးခွန်းထုတ်ခံရချိန်တွင်တော့ ပို၍ ဂရုစိုက်ကာ ပြန်ဖြေရတော့သည်။

"ဝမ်ရယ်....ကျွန်တော်...ကျွန်တော် ပြောချင်တာက အမဲလိုက်ပွဲနေ့အတွက်ပါ...အဲ့ဒီနေ့ကျ ကျွန်တော်လဲ သွားရမှာလား.....အဲ့ဒါက.......ကျွန်တော် မြင်းမစီးတတ်ဘူး......"

အမဲလိုက်မှာဆိုမှတော့ မြင်းလှည်းထဲ တချိန်လုံး ထိုင်နေလို့မှ မရတာ....။ မြင်းမစီးဘဲနဲ့ ဘယ်လိုများ အမဲလိုက်ရမှာလဲ....။

ရှောင်းချင်းယန့် အမှန်ပင် ရှီချန်အန်း ထိုကိစ္စအပေါ် အာရုံစိုက်လိမ့်မည်ဟု မစဉ်းစားမိချေ။ သူ ရှီချန်အန်းအား သူ၏မိသားစုအဖြစ် သတ်မှတ်လိုက်ကတည်းက ရှီချန်အန်း၏ စိုးရိမ်ကြောင့်ကြမှုတို့အား မစဉ်းစားမိသည်အား ဝန်ခံရမည်။ ယခု သူ စဉ်းစားကြည့်မှပဲ ထိုကိစ္စသည် မလွယ်ကူမှန်း သိရသည်။

အခြားသော မင်းကတော်များနှင့် မိန်းမပျိုတို့သည်ကား ငယ်စဉ်ကတည်းကပင် အိမ်တော်၏အနောက်ဆောင်ထဲတွင်သာ ကြီးပြင်းလာခဲ့သူများ ဖြစ်ကြရာ သူတို့အနေဖြင့် မြင်းမစီးတတ်သည်မှာ ကိစ္စမရှိပေ။ သို့သော် ရှီချန်အန်းသည်တော့ မည်သို့ပင်ဆိုစေကာမူ ယောကျ်ားသားတဦးပင် ဖြစ်သည်။ အကယ်၍များ ထိုနေ့တွင် တစုံတယောက်ကများ ရှီချန်အန်းအား အမဲလိုက်ရန်အတွက် မြင်းပေါ်တက်ခိုင်းခဲ့ပါက ဘယ်လိုလုပ်ရမည်နည်း။ ထို့အပြင် ထိုကိစ္စအား စတင်အဆိုပြုသည့် ထို'တစုံတယောက်'သာ ဖခမည်းတော် ဖြစ်နေပါက ဘယ်လိုလုပ်ရမည်နည်း။ 

"ဝမ်ရယ်....ဝမ်ရယ် ကျွန်တော့်ကို ပေးထားတဲ့ ကိုယ်ရံတော်နှစ်ယောက်က အကုန် မြင်းစီးကျွမ်းကျင်အဆင့်တွေပဲ....ကျွန်တော် သူတို့ဆီက သင်လို့ရမလား....ပွဲနေ့ရောက်ဖို့ ဆယ်ရက်တောင် လိုသေးတာပဲ....ဒီကြားထဲ ကျွန်တော် သင်ဖို့ အချိန် လုံလောက်မှာပါ...."

“မင်း အဆင်ပြေသလို လုပ်လိုက်.....”

"ကျေးဇူးတင်ပါတယ် ဝမ်ရယ်...."

အမှန်တော့ ရှီချန်အန်း သင်ချင်သည်မှာ မြင်းစီးတာတခုထဲသာ မဟုတ်ပေ။ သူ သိုင်းပညာလည်း သင်ယူချင်သေးသည်။ တော်ဝင်ကိုယ်ရံတော်များကဲ့သို့ ခွန်အားကြီးကာ အားကောင်းသော တိုက်ခိုက်ရေးသမားအဆင့်သို့ မရောက်စေကာမူ....အနည်းဆုံးတော့ သူ ကျန်းမာ၍ သန်မာကာ မိမိကိုယ်ကို ကာကွယ်နိုင်သူတယောက်တော့ ဖြစ်ချင်မိသည်။ ယခုကဲ့သို့ အနည်းငယ် ခန္ဓာကိုယ်တောင့်တင်းကာ အင်အားရှိသော ပေါ်ဇီ့တဦးနှင့် ရင်ဆိုင်ရသည့်အခါ သူအနေနှင့် ဘာမှပြန်မလုပ်နိုင်သော အဖြစ်မျိုးတော့ ထပ်မကြုံချင်တော့ပေ။ 

"ဒါနဲ့....ငါ မင်းကို ပြင်ဆင်ထားခိုင်းတဲ့ ခြံဝန်းတွေရော အဆင်ပြေရဲ့လား....နောက်နှစ်ရက်နေရင် စီ့ဖေးတွေ ပြောင်းလာကျတော့မှာ...."

ထိုစကားအား ပြောလိုက်သည့်အချိန်တွင် ရှောင်းချင်းယန့် တမင်တကာပင် သူ၏ခေါင်းအား ငုံ့၍ လက်ဖက်ရည် သောက်လိုက်သည်။ သို့စေကာမူ ရှီချန်အန်း၏ မျက်နှာအမူအရာ ပြောင်းလဲမှု အားလုံးတို့အား သူ တချက်မလွတ်စေရဘဲ အကဲခတ်နေဆဲပင်။

သူ ရှီချန်အန်း တချက် အံ့အားသင့်သွားသည်အား သိသိသာသာကြီးပင် မြင်လိုက်ရသည်။ သို့ပေမယ့် ရှီချန်အန်း ချက်ချင်းပင် ခံစားချက်မရှိသော မျက်နှာအမူအရာသို့ ပြောင်းလဲကာ ရိုရိုသေသေပင် ပြန်၍ အဖြေပေးလာသည်။ 

"အားလုံး စီစဉ်ပြီးပါပြီ....အရင်ရက်တွေတုန်းက ကျွန်တော် အိမ်တော်ထိန်းကို ပြင်ဆင်မှုတွေကို လက်စသတ်ခိုင်းလိုက်ပြီ....အခုဆို အားလုံး ပြင်ဆင်တာတွေ ပြည့်စုံသွားလောက်ပါပြီ....လူတွေရောက်လာရင် တခါတည်း အဆင်သင့် ပြောင်းနေရုံပါပဲ...."

စီ့ဖေးအကြောင်း ပြောကာမှပင် ကိုယ်ရေးကိုယ်တာသုံး အစေခံမိန်းကလေးနှစ်ဦးအား ရှီချန်အန်း သတိရမိလိုက်သည်။ သူတို့တွေသည် ရှောင်းချင်းယန့်နှင့် နှစ်များစွာ အတူ ရှိနေခဲ့သူများဖြစ်သည်။ ယခု ရှောင်းချင်းယန့်တွင် တရားဝင်ဇနီးသည်'ကျန့်ဖေး'နှင့် စီ့ဖေးများလည်း ရှိနေပြီဖြစ်ရာ သူတို့အားလည်း အမည်အဆင့် တခုခုတော့ ပေးသင့်နေပြီ မဟုတ်ပါလား။

"ဝမ်ရယ်...အရင် ဝမ်ရယ်ကို ခစားရတဲ့ ဇီယန့်နှင့် ဇီယွဲ့...သူတို့ကိုလဲပဲ........"

""ဇီယွဲ့''....အဲ့ဒီကလေးမ အခုထိ နာမည် မပြောင်းရသေးဘူးလား.....မင်းသမီး 'ချင်းယွဲ့'...သူ ဒီနှစ်ထဲ ပြန်လာလိမ့်မယ်ထင်တယ်....မင်း သူ့ကို 'ချင်းယွဲ့'ဆိုတဲ့ နာမည်ပဲ ပြောင်းခေါ်သင့်တယ်...."

"ဪ....ဟုတ်ကဲ့....ကျွန်တော် နားလည်ပါပြီ....."

မူလကတော့ ရှီချန်အန်း အစေခံမိန်းကလေးနှစ်ဦး၏ အမည်အဆင့်နှင့် ပတ်သက်၍ ပြောရန်ပင်။ သို့သော် ရှောင်းချင်းယန့်၏ အမူအရာကြည့်ရသည်မှာ သူတို့နှစ်ဦးအား နှစ်သက်သဘောကျသည့်ပုံ မပေါ်ပေ။ သူတို့အကြောင်းအားလည်း ရှောင်းချင်းယန့် တခွန်းမှ မပြောချေ။ ထို့အပြင် ထိုမိန်းကလေးနှစ်ဦးနှင့် သူလည်း မည်သည့် ပတ်သက်မှုမျိုးမှ မရှိပေ။ သူ ဝင်ပြောပေးကာမှ ရှောင်းချင်းယန့်သာ သဘောမကျ၊ မကျေနပ်ပါက....နောက်ဆုံး ကံမကောင်းမှုနှင့် ကြုံရမည့်သူမှာ သူသာ ဖြစ်ပေလိမ့်မည်။

XXXXX

PREVIOUS << TOC >> NEXT

No comments:

Post a Comment

Support My Translations