Monday, May 11, 2020

ကြင်ရာတော် ချန်အန်း (Unicode) - အပိုင်း (၁၃)

အပိုင်း (၁၃)

ရှီချန်အန်းတယောက် ရှောင်းချင်းယန့်၏ ကိုယ်လုပ်တော်နှစ်ဦးအား မည်သို့ရင်ဆိုင်ရမည်အား စဉ်းစားစိုးရိမ်နေခိုက်တွင်မှာတော့ သူ့အား အကျင့်ပျက်ပုဒ်မတပ်ကာ ဧကရာဇ်မင်းကြီးထံ တိုင်တန်းအစီရင်ခံစာတင်နေသည့်သူများနှင့် ထိပ်တိုက်ရင်ဆိုင်နေရင်း သူ့အတွက် ကာကွယ်တိုက်ခိုက်ပေးနေသူကတော့ ရှောင်းချင်းယန့်ပင် ဖြစ်ပေတော့သည်။

"အရှင်မင်းကြီး...ရှီချန်အန်းသည် ယခုလက်ရှိတွင် မည်သို့ပင် 'ဝမ်ဖေး'ဟုဆိုကာ အလေးထားဆက်ဆံရမည့်သူ ဖြစ်သော်ငြားလည်း... လိုက်နာစောင့်ထိန်းရမယ့် ကျင့်ဝတ်စည်းကမ်းတွေက အရာအားလုံးထက် ပိုပြီး အလေးထားရမယ့်အရာ ဖြစ်ပါတယ်...သို့ပေမယ့် မိမိ မိသားစုမှ အဘွားဖြစ်သူ နေထိုင်မကောင်းဖြစ်နေကြောင်း ဖခင်ဖြစ်သူမှ လူလွှတ် အကြောင်းကြားလိုက်ပေမယ့်....ရှီချန်အန်းက ထိုသူအား တွေ့ဆုံရန် ငြင်းပယ်ခဲ့သည့်အပြင် ယခုထိတိုင် အဘွားဖြစ်သူထံ တခါမျှပင် သွားရောက်တွေ့ဆုံခြင်း မရှိသေးပါဘူး....တကယ်ကိုပဲ ကျေးဇူးမသိတတ်...ဝတ္တရားမလိုက်နာတဲ့သူတယောက် ဖြစ်ပါတယ်....ရှီချန်အန်းသည် ရှန်ဝမ်၏ ကျန့်ဖေး ဖြစ်ပေမယ့် ယခုကဲ့သို့သော အပြုအမူများအား ပြုမူဆောင်ရွက်နေခြင်းအား...ရှန်ဝမ်မှ မသိရှိရခြင်း သို့မဟုတ် မသိကျိုးကျွန်ပြုခြင်းသည်လည်း...တဖက်တလမ်းမှ ရှီချန်အန်းအား အားပေးအားမြှောက်ပြုရာကျပြီး...ဤကိစ္စသည် တော်ဝင်မိသားစုအတွက် အကြီးအကျယ် အရှက်ရစရာကိစ္စပင် ဖြစ်ပါတော့သည်...."

ယခု အားတက်တရော တက်ကြွပြင်းထန်သော မျက်နှာ အမူအရာအပြည့်ဖြင့် ကျင့်ဝတ်စည်းကမ်း၊ဝတ္တရားများ၏ အမှားအမှန် အတွေးအခေါ်တို့အား စည်းလွတ်ဝါးလွတ် ပြောဆိုနေသည့်သူသည် မည်သူဖြစ်သည်အား ရှောင်းချင်းယန့် အမှန်တကယ်ကို မသိပေ။ သို့ပေမယ့်.....ထိုသူမှ ကိုယ်တိုင်ကိုယ်ကျ သူ၏အိမ်ရှေ့ စိမ်ခေါ်တံခါးလာခေါက်နေမှတော့ ရှောင်းချင်းယန့်အနေဖြင့် ထိုသူ၏ရည်ရွယ်ချက် ပြည့်မြောက်သွားရန် ကူညီပေးလိုက်ရတာပေါ့...။

ယခု ရှန်ဝမ်နှင့် ရှန်ဝမ်ဖေးအား ကဲ့ရဲ့အပြစ်တင်သောအဆို တင်သွင်းသူကား ဘာသာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သာမန် အဆင့်လေးမျှသာရှိသော အမတ်တဦးဖြစ်သည်။ ထို့အပြင် ထိုအမတ်၏ ရုပ်လက္ခဏာနှင့် ကိုယ်ရည်ကိုယ်သွေးသည်လည်း သာမန်မျှသာရှိလေရာ သာမန်အချိန်များ၌ ဤကဲ့သို့ ကြီးကျယ်ခမ်းနားလှသော ညီလာခံခန်းမထဲတွင် ထိုပုဂ္ဂိုလ်အား သတိထားမိရန်ကား အပုံတရာတွင်မှ တပုံရှိရန်ပင် ခက်ခဲလှပေသည်။ ဧကရာဇ်သည်လည်း ထိုအမတ်နှင့်ပတ်သက်၍ အထူးတလည် အမှတ်ရနေမှု တစုံတရာမျှပင် မရှိပေ။ အကယ်၍ သူ ပြောဆိုနေသည့်အကြောင်းအရာသည် သာမန်မိသားစု၊ သာမန်အိမ်ထောင်စုတခုမှ အကြောင်းများသာဖြစ်ပါက လူအများမှာ ဝိုင်းဝန်း ထောက်ပြကာ အတန်ငယ် အပြစ်တင်ဝေဖန်ပြောဆိုလိုက်သည်နှင့် ပြီးဆုံးသွားနိုင်မည့်ကိစ္စတခုဖြစ်သည်။ သို့သော် ယခု ထိုအမတ်၏တင်လျှောက်မှုသည်ကား ဧကရာဇ်တပါး၏ သားတော် မင်းသားတပါးအပေါ်တွင် ပြစ်တင်ဝေဖန်သောလျှောက်တင်မှု ဖြစ်သည့်အပြင် တော်ဝင်မိသားစု၏ နာမည်ဂုဏ်သတင်းကိုပင် ထိုအမှုနှင့် ပတ်သက်ဆက်နွယ်ချင်နေပေသေးသည်။ ဧကရာဇ်သည် မည်သို့ပင် သူ၏သားတော်အား ချစ်ခင်ကာ မျက်နှာလိုက်ချင်စေကာမူ သူ၏တာဝန်ဝတ္တရားတို့အား ရှောင်လွှဲကာ မသိကျိုးကျွံပြု၍ မရတော့ပေ။ ရှန်ဝမ်အား ရှေ့သို့ထွက်ကာ ယခု စွပ်စွဲနေသောကိစ္စနှင့်ပတ်သက်၍ အမှန်အမှား ဖြေရှင်းခိုင်းရန်သာ ရှိတော့သည်။ 

"ဖခမည်းတော်အား သားတော် လျှောက်တင်အပ်ပါတယ်...စောစောက အမတ်မင်း လျှောက်တင်သွားတဲ့ကိစ္စမှာ အမှန်တရားတချို့ ပါဝင်ပါတယ်...ဒါပေမယ့် ရှီယုံနျဉ်မှ ရှန်ဝမ်အိမ်တော်သို့ လူလွှတ်အကြောင်းကြားခိုင်းတဲ့ကိစ္စမှာတော့.....ထိုကိစ္စနဲ့ ပတ်သက်ပြီး ဝမ်ဖေးက ဘာမှ မသိရပါဘူး...အဲ့ဒီ်အစေခံကို အိမ်တော်ထဲ မဝင်နိုင်အောင် တားမြစ်ထားသူက သားတော် ဖြစ်ပြီး...ဝမ်ဖေး ရှီအိမ်တော် ပြန်မှာကို တားမြစ်ထားသူကလဲ သားတော်ပဲ ဖြစ်ပါတယ်..."

ရှောင်းချင်းယန့်သည် စွပ်စွဲပြစ်တင်လာမှုများအား တချက်ကလေးမျှပင် မရှောင်လွဲပေ။ ထို့အပြင် ရှိရှိသမျှသော အပြစ်တင်စွပ်စွဲနေမှုများအား သူ့အပေါ်တွင်သာ ပုံကျစေလိုက်သည်။ သူ၏ဝမ်ဖေးကိုကား စွပ်စွဲဝေဖန်မှုများမှ ကင်းလွတ်စေကာ အပြစ်ဟူ၍ မြူတမှုန်မျှပင် မရှိစေရပေ။

ပထမမင်းသားကြီး၏ လက်ထပ်မင်္ဂလာပွဲသည် သူ အမှန်တကယ် လိုလား၍ ဖြစ်လာသောမင်္ဂလာပွဲ မဟုတ်ကြောင်း တလောကလုံးရှိ လူအားလုံး အသိပင်ဖြစ်သည်။ သို့ရာတွင်...ယခုတော့ ထိုကြင်စဦးဇနီးမောင်နှံနှစ်ဦးအကြားတွင် ကောင်းမွန်သောဆက်ဆံရေးတခု ရှိနေသည့်ပုံပင်။ သို့မဟုတ်ပါက အရှင်ရှန်ဝမ်အနေဖြင့် သူ၏ဝမ်ဖေးအတွက် ကာကွယ်ပြောဆိုပေးရန် အကြောင်းမရှိပေ။

ရှန်ဝမ်နှင့် ရှန်ဝမ်ဖေးကြားရှိ ဆက်ဆံရေးသည် မျက်စိတမှိတ်စာမျှသာ တည်တံ့မည့်ဆက်ဆံရေးဖြစ်နိုင်သည်ဟု တွေးတောမိကြသော်လည်း...ရှန်ဝမ်မှ အရင် အပြစ်ဝန်ခံနေသဖြင့်...ထိုနောက်တွင်တော့ မနက်ခင်းညီလာခံတက်လာသော အမတ်အုပ်စုတို့မှ မနည်းလှသော အမတ်ထုကြီးသည်ကား ဧကရာဇ်မှ ဤကဲ့သို့ မောက်မာရိုင်းစိုင်းပြီး စိတ်ကြီးဝင်ကာ ချမှတ်ထားသော စည်းကမ်းဝတ္တရားတို့အား မလိုက်နာ ဂရုမစိုက်သည့်ရှန်ဝမ်အား ပြင်းထန်သောအပြစ် ချမှတ်ကြောင်း အမိန့်တော်ပြန်ရန် ဒူးထောက်ကာ အဆိုတင်သွင်း တောင်းဆိုလေတော့သည်။

"အရှင်မင်းကြီးအား တောင်းဆိုအပ်ပါတယ်...ရှန်ဝမ်အား အပြစ်ဒဏ်ချမှတ်ပေးပါ...."

"အရှင်မင်းကြီးအား တောင်းဆိုအပ်ပါတယ်...ရှန်ဝမ်အား အပြစ်ဒဏ်ချမှတ်ပေးပါ...."

အားလုံး၏အထက် မြင့်မြတ်သောနဂါးပလ္လင်ထက်တွင် မြဲမြံစွာထိုင်နေသည့် ဧကရာဇ်မှာမူ ထိုအမတ်တို့၏ တောင်းဆိုမှုတို့အား ဘာမှ ပြန်မတုံ့ပြန်သေးပေ။ သို့တိုင် သူ၏တည်ငြိမ်လွန်းလှသော မျက်နှာတော်ထက်ရှိ နက်ရှိုင်းလှသော မျက်ဝန်းအစုံသည် ယခုဖြစ်ပျက်နေသည်အား အရေးမစိုက်သဟန် စိတ်မဝင်စား လျစ်လျူရှုထားသော မျက်နှာဖြင့်ရှိနေသည့်ရှန်ဝမ်အားသာ စိုက်ကြည့်နေသည်။

ရှောင်းချင်းယန့်သည် သူ၏ဖခမည်းတော်ထံမှ အကြည့်တို့အား မရှောင်ဖယ်သလို...ကွယ်ဝှက်ပုံးကွယ်နေခြင်းလည်း မလုပ်ပေ။ ထိုအစား သူ၏တော်ဝင်ဖခင်အား ဦးတည်၍ မထီပြုံးတချက်ပြုံးပြီးသည်နှင့် သူ့အား စွပ်စွဲအပြစ်တင်သောအဆိုတင်သွင်းသူထံသို့ အေးဆေးသက်သာစွာ လျှောက်သွားလိုက်သည်။

"ဟောဒီအမတ်မင်းရဲ့ မျိုးရိုးနဲ့ ရာထူးကို တချက်လောက် မေးပါရစေ..."

ရှောင်းချင်းယန့်သည် ကိုယ်ခန္ဓာဖွံ့ဖြိုးကာ မြင့်မားသောအရပ်အမောင်းရှိသူ ဖြစ်သည်။ ဝတ်ဆင်ထားသော ဝမ်ရယ်အဆင့်ရှိ အဆင်တန်ဆာနှင့် ဝတ်ရုံအား ထပ်ပေါင်းလိုက်သောအခါ သူသည် မြင့်မြတ်သောအရိပ်အငွေ့တို့ လွှမ်းခြုံထားသော်လည်း အကြင်နာကင်းမဲ့မည့်သူတဦးအသွင်ပင်။ ထို့ကြောင့်ပင် သူမေးလိုက်သည့် အသံအနိမ့်အမြင့်သည် ပုံမှန်သာဖြစ်သော်လည်း မြေပြင်တွင်ဒူးထောက်လျက်ရှိနေသောသူမှာမူ ရှန်ဝမ်ထံမှ ထွက်ပေါ်လာသော အင်အားကြီးမားလှကာ သူ့အားနှိပ်ကွပ်နေသည့်အရှိန်အဝါတရပ်အား ခံစားမိလိုက်ရသည့်တခဏ...သူ၏ရင်ထဲတွင် စိုးထိတ်ကြောက်လန့်မှုတို့က ချက်ချင်း ကြီးစိုးလာတော့သည်။ ထို့ကြောင့် သူကိုယ်တိုင်ပင် မသိလိုက်ရပါဘဲ မြေပြင်သို့သာ သူ၏ခေါင်းအား ပို၍တိုးလျှိုးသွားလိုက်မိသည်။

သို့တိုင် ယခုလက်ရှိတွင် အရှင်ရှန်ဝမ်သည် ယခင်ကဲ့သို့ အရှင်မင်းကြီး၏အလေးပေးမှုခံရသော ထီးနန်းဆက်ခံခွင့်ရှိသောမင်းသားတပါးမဟုတ်တော့ကြောင်း သတိရလိုက်မိသည့်အပြင့် သူ၏သခင်၏ပြိုင်ဘက်လည်း မဟုတ်တော့ကြောင်း အမှတ်ရမိလိုက်သည်။ ထို့ကြောင့် အတန်ငယ် တွန့်ဆုတ်မိသော်လည်း ရှန်ဝမ်၏ မေးခွန်းအား အဖြေပြန်ပေးလိုက်သည်။ 

"ကျွန်တော်မျိုးက သဘင်နဲ့ အခမ်းအနား ဝန်ကြီးဌာနက မှတ်တမ်းရေးအရာရှိ ချန်ကျိနျဉ် ဖြစ်ပါတယ်..."

"သဘင်နဲ့ အခမ်းအနား ဝန်ကြီးဌာန......ရှီအမတ်မင်းနဲ့ တဌာနထဲပဲ....ချန်အမတ်မင်း....ကြည့်ရတာ အခုတင်သွင်းတဲ့အဆိုက ရှီအမတ်မင်းဆီက ကြားလာတဲ့အကြောင်းအရာတွေကို အခြေခံထားတဲ့ပုံပဲ...ဒီလိုဆိုမှတော့...ရှီအမတ်မင်းက ချန်အမတ်မင်းကို တခြားအကြောင်းအရာတွေရော ထပ်မပြောလိုက်ဘူးလား...ကိုယ်လုပ်တော်အဆင့်က တရားဝင်အမွေဆက်ခံရမယ့်သားဖြစ်သူအပေါ် ဘယ်လို စိတ်တိုင်းကျ ပြုမူဆက်ဆံနေကြောင်းလေ...ဘာမှမဟုတ်တဲ့ ယိနျှောင်အငယ်အဆင့်ကနေ ပန်ဝမ်ရဲ့ဝမ်ဖေးရဲ့မိခင်အဖြစ် ကိုယ့်ဘာသာ ကြော်ညာလိုက်တဲ့အကြောင်းလေ...အဲ့ဒါတွေအပြင် ပန်ဝမ်ရဲ့ ဝမ်ဖေး ခန္ဓာကိုယ်ပေါ်ကို အစေခံတွေရဲ့ ခြေလက်တွေနဲ့ ထိခိုက်ဒဏ်ရာရအောင် စေခိုင်းလိုက်တဲ့အကြောင်းကိုရော.....ဒီလိုအကြောင်းတွေ ချန်အမတ်မင်းကို မပြောပြလိုက်ဘူးလား....."

ရှောင်းချင်းယန့်သည် တချိန်လုံး ချန်ကျိနျဉ်၏ အရှေ့တွင် အပေါ်မှအုပ်မိုးကာ ရပ်ကာခြင်းဖြစ်သည်။ ပြောစရာစကားများဆုံးသွားသည့်အချိန်တွင်တော့ ညီလာခံခန်းမအရှေ့သို့ ပြန်လှည့်ကာ ထွက်သွားတော့သည်။ 

"သားတော် လျှောက်တင်စရာရှိပါတယ်..."

ဧကရာဇ်၏ရှေ့မှောက် ဒူးထောက်ကာ မင်းနှင့် အမတ်ကြား လိုက်နာရမည့်အပြုအမူများအတိုင်း ရှောင်းချင်းယန့်သည် ဧကရာဇ်ထံမှ ခွင့်ပြုစကားအား စောင့်နေလိုက်သည်။ ဧကရာဇ်ထံမှ လျှောက်တင်ခွင့်ရရှိသည်နှင့် ရှောင်းချင်းယန့် မင်းကြီးအား ဦးတည်လျှောက်ထားလိုက်သည်။

"ဖခမည်းတော်...တကယ်တော့ သားတော် ဒီကိစ္စ အသေးအမွှားတွေလောက်နဲ့ ဖခမည်းတော်ကို စိတ်အနှောင့်အယှက် မဖြစ်စေချင်ပါဘူး...ဒါပေမယ့် ချန်အမတ်မင်းက ရှီအမတ်မင်းကိုယ်စား တရားမျှတမှုရှာချင်နေတယ်ဆိုမှတော့...ဖြစ်ပျက်သမျှအားလုံးကို ချန်အမတ်မင်း ရှင်းရှင်းလင်းလင်း မြင်သာသွားအောင် ပြောပြရုံပဲရှိတော့တာပေါ့..."

ထိုနေ့က ဖြစ်ပျက်ခဲ့သမျှအား ရှီချန်အန်း ခေါ်ဆောင်သွားခဲ့သော ကိုယ်ရံတော်နှစ်ဦးမှ ရှောင်းချင်းယန့်အား အသေးစိတ် အစီရင်ခံထားခဲ့ပြီးဖြစ်ရာ ဖြစ်ကြောင်းကုန်စင်အား ရှောင်းချင်းယန့် ကောင်းစွာ သိရှိနားလည်ထားပြီးဖြစ်သည်။ ရှောင်းချင်းယန့်အနေဖြင့် လောကတွင် လျိုရှီးကဲ့သို့သော တုံးအမိုက်မဲသည့်အပြင် ရမ်းကားမောက်မာလွန်းသူ ရှိလိမ့်မည်ဟု ထင်တောင်မထားခဲ့ပေ။ လျိုရှီး၏ အပြုအမူ၊ အပြောအဆိုများအတွက် ရှောင်းချင်းယန့်၏ရင်ထဲတွင် အဖြေတခုသာ ရှိသည်။ ထိုသည်ကတော့...ရှီမိသားစု၏ သူ့အပေါ်တွင် ထားရှိသည့် အထင်သေး၊ အလေးပမာမထားခြင်းပင် ဖြစ်သည်။ ရှီမိသားစု၊ ရှီအိမ်တော်အနေဖြင့် သူ့အား အလိုရှိတိုင်း အနိုင်ကျင့်၍ရနိုင်မည့် အစွန့်ပစ်ခံမင်းသားတပါးကဲ့သို့သာ သဘောထားကြောင်းကား သိသာထင်ရှားလှပေသည်။ ထို့ကြောင့်သာ သူ၏ကျန့်ဖေးဖြစ်နေစေကာမူ သူတို့၏မျက်လုံးထဲတွင် အလေးထားရမည့်သူမဟုတ်သကဲ့သို့မြင်ကာ ထိုကဲ့သို့ မထီမဲ့မြင် ဆက်ဆံပြုမူလိုက်ခဲ့သည်မဟုတ်ပါလား။

ရှောင်းချင်းယန့်ကား တော်ဝင်ကိုယ်ရံတော်နှစ်ဦးမှ သူ့အား အစီရင်ခံခဲ့သောအကြောင်းအရာများအား ဤကဲ့သို့ စစ်ရေးနှင့်စာပေနှစ်ဖြာသောဌာနအုပ်စုတို့မှ မှူးမတ်အပေါင်းတို့အပြည့်ရှိနေသည့် ညီလာခံခန်းမထဲတွင် ပြန်လည်ပြောဆိုရမည်အား အနည်းငယ်မျှပင် ဒုက္ခများလှသည်ဟု မထင်မိပေ။ သူပြောသမျှစကားအားလုံးတို့အား ကြားသိလိုက်ရသည့် ချန်အမတ်မင်းအဖို့သာ ယခုမှသာ ကြောက်ရကောင်းမှန်း နားလည်သွားပြီး ခြေလက်တို့မှ အားအင်ကုန်ခမ်းသွားကာ မြေပေါ်သို့ ပျော့ခွေကာ ကျသွားလေတော့သည်။ သူ၏မျက်နှာထက်တွင်လည်း သွေးရောင်ဟူ၍မရှိတော့ဘဲ တစေၧတကောင်၏မျက်နှာနှင့်ပင် အလားတူနေပေတော့သည်။ သူ သိသည်ကတော့ သူ၏ဘဝကား အဆုံးသတ်သွားပြီဟူ၍သာ။

"အရှင်မင်းကြီးအား လျှောက်တင်အပ်ပါတယ်....ကျွန်တော်မျိုးတွင် တင်လှျှောက်စရာရှိပါတယ်..."

"ချစ်အမတ်မင်းဆီမှာ ဘာတင်လျှောက်စရာများ ရှိလို့လဲ..."

ရှန်ဝမ်၏ ပြောစကားများအဆုံးတွင်တော့ ဧကရာဇ်၏မျက်နှာတော်သည်လည်း ပြန်လည်ရွှင်လန်းလာပြီးဖြစ်သည်။ ယခု တင်လျှောက်စရာအားလုံးအား မချွင်းမချန် တင်လျှောက်လိုသည်အသွင်ဖြင့်ရှိနေသော တရားစစ်ဆေးရေးဌာန၏ တော်ဝင်စစ်ဆေးရေးအမတ်အား ကြည့်ရင်း ခွင့်ပြုစကားပြောလိုက်သော သူ၏အသံနေအသံထားသည်လည်း အတော်ပင် ပျော့ပျောင်းနေပြီဖြစ်သည်။

"ကြီးမြတ်လှသော အရှင်မင်းကြီးအား လျှောက်တင်အပ်ပါတယ်...ကျွန်တော်မျိုး များမကြာမီကာလတုန်းက ရှီအမတ်မင်းရဲ့ မိသားစုအိမ်တွင်းရေးနဲ့ပတ်သက်ပြီး ကောလဟာလတချို့ ကြားမိခဲ့ပါတယ်...သို့ပေမယ့် ထိုကောလဟာလများက အလွန်ပင် အဖြစ်မတန်လှသည်ရှိသောကြောင့် ကျွန်တော်မျိုး မယုံကြည်ခဲ့မိသလို လူလွှတ်၍ အသေးစိတ် စုံစမ်းအတည်ပြုခဲ့ခြင်းလဲ မရှိခဲ့ပါဘူး...ယခု အရှင်မင်းသားရဲ့စကားများအား ကြားပြီးနောက်မှာတော့...ကျွန်တော်မျိုး လက်ရှိ သတင်းရ ကြားထားသည်များက ကောလဟာလသက်သက် မဟုတ်တော့ကြောင်း နားလည်လိုက်ရပါတယ်...ဤလောကကြီးထဲတွင် ထိုကဲ့သို့ ဆိုးဝါးယုတ်ညံ့သည့်မိန်းမမျိုး ရှိနေပါတယ်.....အရှင်မင်းကြီးအား ထိုကိစ္စနဲ့ပတ်သက်ပြီး သေသေချာချာ စုံစမ်းစစ်ဆေးပြီး ထိုယုတ်ည့ံလှသောမိန်းမရဲ့အပြစ်တို့အတွက် အချိန်မဆိုင်းဘဲ ထိုက်သင့်တဲ့အပြစ်ဒဏ် ချမှတ်ပေးပါရန် ကျွန်တော်မျိုး တင်လျှောက်တောင်းဆိုအပ်ပါတယ်...ကိုယ်လုပ်တော်အား ပစားပေးကာ လိုက်နာရန် ချမှတ်ထားတဲ့ စည်းကမ်းဥပဒေတို့အား ရှောင်ဖယ် မသိကျိုးကျွန်ပြုသော ရှီအမတ်မင်းအားလဲ အပြစ်ဒဏ်ချမှတ်သင့်ပါတယ်....လူအများအတွက် နမူနာဖြစ်အောင် ရှီအမတ်မင်းအား လက်ရှိရာထူးမှ ရာထူးအဆင့် သုံးနေရာလျှော့ချ အပြစ်ပေးသင့်ပါကြောင်း တင်လျှောက်အပ်ပါတယ်....."

"တင်လျှောက်ချက် လက်ခံတယ်....သဘင်နှင့် အခမ်းအနား ဝန်ကြီးဌာန အမတ်ငယ် ရှီယုံနျဉ်၏ကိုယ်လုပ်တော် လျိုရှီးသည် ကိုယ်လုပ်တော်အဆင့်နှင့် အမွေဆက်ခံရမည့် တရားဝင်သားအကြားရှိ အဆင့်အတန်း အနိမ့်အမြင့်အား နားမလည်၊ ထင်ရာစိုင်းပြုမူသည့်အတွက် ကြိမ်ဒဏ်ကျခံစေပြီး ကျေးကျွန်အစေခံအဆင့်သို့ သတ်မှတ်စေ.....ထိုမိခင်မှ ပေါက်ဖွားသည့်သားသမီးတို့သည်...သားဖြစ်လျှင် အစိုးရဌာနများ၌ အလုပ်ဝင်ခွင့် ပယ်ဖျက်စေ...သမီးဖြစ်လျှင် မင်းမှူးမတ်အရာရှိအိမ်တော်များနှင့် လက်ထပ်ခွင့် ပယ်ဖျက်စေ...သဘင်နှင့် အခမ်းအနား ဝန်ကြီးဌာန အမတ်ငယ် ရှီယုံနျဉ်သည် လိုက်နာရမည့် စည်းကမ်းဥပဒေ ကျင့်ဝတ်ဝတ္တရားတို့မှ ရှောင်လွဲကာ ကိုယ်လုပ်တော်အား တရားဝင်ဇနီးကဲ့သို့ မြှောက်စားခြင်း၊ ကိုယ်လုပ်တော်မှ အထက်လူကြီးနှင့် လက်အောက်ငယ်သားကြားရှိ အဆင့်အတန်း အနိမ့်အမြင့်ကွာခြားချက်အား မထီမဲ့မြင်ပြုမှုအား မသိကျိုးကျွန်ပြုမှုတို့ကြောင့်.....သူ၏လစာအား သုံးနှစ် ပယ်ဖျက်စေ...လက်ရှိရာထူးမှ အဆင့် သုံးနေရာ လျှော့ကျစေ...ထို့အပြင်...သဘင်နှင့် အခမ်းအနား ဝန်ကြီးဌာနမှ အမတ် ချန်ကျိနျဉ်သည် ထိုကဲ့သို့သော ကိုယ်ကျင့်သိက္ခာ ကင်းမဲ့သည့်သူ၏ မဟုတ်မမှန်စကားများအား နားထောင်ကာ မင်းသားတပါး၏ နာမည်ဂုဏ်သတင်းအား ထိခိုက်နစ်နာစေရန် ကြံစည်သဖြင့်...လက်ရှိအမတ်ရာထူးမှ ရာထူးအဆင့်တစ်သို့ ရာထူးချစေ...သူ၏လစာအား တနှစ် ပယ်ဖျက်စေ...တော်ဝင်ညီလာခံ သိမ်းစေ..."

“အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ....”

တော်ဝင်ညီလာခံ သိမ်းပြီးသည့်တိုင်အောင် ညီလာခံရှိအမတ်တချို့မှာ ယခုတိုင်အောင် အ့ံအားသင့်နေကြဆဲပင်ဖြစ်သည်။ ရှီယုံနျဉ်၏အမှုကား သေးသည်ဟုပြော၍မရသော်လည်း...ကြီးမားလှသည့်အမှုမျိုးသည်လည်း မဟုတ်သေးပေ။ သို့တိုင်အောင် ဧကရာဇ်မင်းကြီးသည် ကြီးလေးလှသော အပြစ်ဒဏ်များသာ ချမှတ်သွားခဲ့သည်။ မဟုတ်မှလွဲရော...ရှန်ဝမ်ဖေး၏အမျက်ဒေါသတို့အား ပြေပျောက်သွားစေရန်အတွက်များလား...။ ရှန်ဝမ်ဖေး၏အမျက်ဒေါသတို့ ဖြေလျော့သွားစေရန် လုပ်ရသည့်အကြောင်းကရော....။ အမှန်တကယ်စင်စစ်ကတော့ ရှန်ဝမ်ကြောင့်ပင် မဟုတ်ပါလား.....။ 

လူအများ ထင်မိကြသည်ကား ဤသည်မှာ ဧကရာဇ်မင်းကြီး၏ ရှန်ဝမ်အတွက် အစားပြန်ပေးမှုဟူ၍သာ...။ ပြောရမည်ဆိုရင်တော့ မည်သည့်အပြစ်မှ မရှိ၊ မလုပ်ထားသောရှန်ဝမ်အား ဘာအကြောင်းအရင်းမှမရှိဘဲ အရှင်မင်းကြီးမှ အမျိုးသားတဦးအား တရားဝင်ဇနီးသည်အရာမြှောက်စေကာ ရှန်ဝမ်၏ ထီးနန်းဆက်ခံရာလမ်းကြောင်းအား တားဆီးပိတ်ပင်ခဲ့သည် မဟုတ်ပါလော။ ဤသည်မှာ အတွေးသက်သက်သာ ဖြစ်သော်လည်း.....အမှန်တရားကတော့...အရှင်မင်းကြီးသည် အများထင်ထားသကဲ့သို့ ရှန်ဝမ်အား မုန်းတီးကာ စွန့်ပယ်ထားခြင်းမရှိကြောင်းပင်.......။

မူလက အိမ်တော်ပြန်ရန် ပြင်နေသော ရှောင်းချင်းယန့်ကား ဧကရာဇ်မင်းကြီး၏ အခေါ်တော်ရှိမှုကြောင့် နန်းတော်ထဲတွင်သာ ရှိနေသေးသည်။ ရှန်ဝမ်အိမ်တော်တွင်ရှိနေသော ရှီချန်အန်းတယောက်မှာမူ သူ၏မိသားစုအတွင်းရေးတို့သည် တော်ဝင်ညီလာခံအထိတိုင် ပြန့်နှံ့ရောက်ရှိသွားလိမ့်မည်ဟု အတွေးအိမ်မက်ပင် မရှိဖူးလောက်ပေ။ ထို့အတူပင်...သူနှင့် သူ၏မိခင်အား ဆယ်စုနှစ်တခုထက်ပို၍ အနိုင်ကျင့်ဖိနှိပ်ကာ သိမ်ငယ်စေခဲ့သော လျိုရှီးတယောက်သည်လည်း...ဤဘဝအတွက် သူမ၏ကျန်ရှိသောနေ့ရက်တို့တွင် လွတ်လပ်သော သူမ၏အတိတ်နေ့ရက်များသို့ နောက်ပြန်လှည့်ကာ ပြန်သွား၍မရနိုင်တော့ကြောင်း....ယခုတိုင် မသိရသေးပေ...။

XXXXX

မျက်နှာ မသာမယာဖြင့် အရှေ့တွင်ရှိနေသော မိန်းမလှနှစ်ဦးအား ကြည့်ရင်း...သူမတို့ ဘာကို မကျေမနပ်ဖြစ်နေသည်ကိုကား ရှီချန်အန်း မှန်းဆနိုင်သည်။ မနေ့ညက သူမတို့၏ ကြီးကျယ်ခမ်းနားလှပါသော လက်ထပ်မင်္ဂလာပွဲနှင့် မင်္ဂလာဦးညဖြစ်သော်ငြားလည်း...ရှောင်းချင်းယန့်သည် သူ၏အဆောင်သို့သာ အိပ်စက်ရန် လာရောက်ခဲ့သည်။ သူ့အနေဖြင့် ထိုရှောင်းချင်းယန့်တွင် မည်သည့်အတွေးရှိသည်အား မသိနိုင်သော်ငြား...ရှောင်းချင်းယန့် ထိုကဲ့သို့လုပ်ဆောင်ခြင်းသည် သူ့အတွက်တော့ ရန်သူတိုးလာစေခြင်းသာ.....။

"စီ့ဖေးမယ်မယ်နှစ်ပါးမှာ တခြားပြောစရာကိစ္စများ ရှိသေးလား မသိဘူး...တကယ်လို့ မရှိတော့ရင် ကျေးဇူးပြုပြီး ပြန်ပေးကြပါလား...ဒီနေ့ ဝမ်ဖေးမယ်မယ် သိပ်ပြီး နေထိုင်မကောင်းဖြစ်နေလို့...မယ်မယ်နှစ်ပါးကို အကြာကြီး ဧည့်မခံနိုင်လို့ပါ...."

ယန်မောမော့သည် သူမ၏သခင်လေး အမှန်တကယ် သက်တောင့်သက်သာ ရှိမနေမှန်းမြင်နေရသောကြောင့် သူမမှစတင်ကာ ထိုစီ့ဖေးနှစ်ပါးအား ပြန်ရန်စကား ပြောလိုက်ရသည်။ ထိုနှစ်ဦးအား ကြာကြာမြင်နေရလေလေ သူမ၏ သခင်လေး ပို၍ စိတ်အနှောင့်အယှက်ဖြစ်ရလေလေ မဟုတ်ပါလား။ 

စီ့ဖေးနှစ်ပါး.....အမတ်ကြီးအိမ်တော်မှ ကိုယ်လုပ်တော်ဖွား သမီးကြီး၏အမည်ကား 'ချင်ရှင်း'ဖြစ်သည်။ သူမ၏အမည်အတိုင်းပင်...သူမသည် ဉာဏ်ရည်ထက်မြက်ကာ အကြောင်းအကျိုးနားလည်လွယ်မည့်အသွင်ရှိလေပြီး ကိုယ်ခန္ဓာအချိုးအဆစ် ပြေပြစ်တင်တယ်သူ ဖြစ်လေသည်။ လက်ထောက်အမတ်ကြီးအိမ်တော်၏ တရားဝင်ဇနီးသည်မှမွေးသည့်သမီး၏အမည်မှာ 'မင်ယွိ'ဖြစ်သည်။ ချင်ရှင်းနှင့်ယှဉ်လျှင် အနည်းငယ် စိတ်မြန်သော်လည်း တက်ကြွသောအသွင်ဖြင့် သွက်သွက်လက်လက်ရှိသူဖြစ်သည်။ သူမ၏မျက်နှာသွင်ပြင်သည်လည်း လှပကျော့ရှင်းလှသလို နှစ်လိုဖွယ် နှင်းပွင့်ကဲ့သို့သော အသားအရေကြောင့် တချက်ကြည့်ရုံဖြင့်ပင် မျက်စိပသာဒရှိလှသူ ဖြစ်လေသည်။ 

"ဝမ်ဖေးရဲ့ဘေးနားမှာရှိတဲ့ လူတွေအကုန်လုံးက ဒီလိုပဲ စည်းကမ်းမသိ ရမ်းကားတဲ့သူတွေချည်းပဲလား..."

ထိုစကားအား မင်ယွိသည် ယန်မောမော့အား မကြည့်ဘဲ လက်ထဲတွင် လက်ဖက်ရည်ခွက်အား ကိုင်ထားရင်း ပြောလိုက်ခြင်းဖြစ်သည်။ သူမ အေးအေးဆေးဆေး လက်ဖက်ရည်တငုံခန့် သောက်ပြီးမှသာ ယန်မောမော့ထံသို့ ဂရုမစိုက်သည့်အကြည့်တချက် ရောက်လာခဲ့သည်။

ရှီချန်အန်းသည် တချိန်လုံး ဘေးမှနေ၍ အကဲခတ်နေခဲ့သည်။ သူ မြင်ရလိုက်သည်ကတော့ မိမိ၏မိဘအိမ်တော်တွင်ရှိနေသည့်အလား တရားဝင်ဇနီးသည်မှဖွားသော အကြီးဆုံးသခင်မလေး၏ မောက်မာသောအသွင်အား အနည်းငယ်မျှပင် မလျှော့ဘဲ မိမိအိမ်တော်မှ အစေခံအား အပြစ်တင်ပြောဆိုနေသည့်ဟန်လုပ်နေသော မင်ယွိ၏အပြောအဆိုနှင့် အမူအရာတို့ပင် ဖြစ်သည်။ ရှီချန်အန်း အမှန်တကယ်ပင် မိန်းမတယောက်နှင့် ဖက်ပြိုင်ကာ ရန်မဖြစ်ချင်သကဲ့သို့ သူတို့နှင့်ယှဉ်ကာ အခြားယောက်ျားတဦး၏ မြတ်နိုးမှုခံရရန်လည်း မကြိုးစားချင်ပေ။ ထိုသို့ဆိုသော်ငြားလည်း သူ့အား မျက်စိထဲပင်မထည့်၊ အလေးမထားသည့်သူများအား သည်းခံကာ နေလိမ့်မည် မဟုတ်ပေ။ 

လူဆိုသည့်သတ္တဝါကား တလက်မမျှပေးလျှင် တပေ လိုချင်လာမည့် 'ရလေ လိုလေ အိုတစေၧ'ဟူသော အမျိုးအစားဖြစ်သည်။ ယနေ့ သူသာ မင်ယွိ၏ ထိုအပြုအမူတို့အား ဒီအတိုင်း မသိကျိုးကျွန်ပြုကာ လွှတ်ပေးလိုက်ပါက သူမသည် နောင်အခါများတွင် အချိန်တိုင်း သူ့အား ထိပ်တိုက်တွေ့ကာ ဆန့်ကျင်နေတော့မည့်သူ ဖြစ်သည်။ 

"မင်စီ့ဖေး...အတွင်းနန်းဆောင်ကမောမော့တွေရဲ့ စည်းကမ်းထိန်းသိမ်းမှုက ပထမတန်းအဆင့်ပဲလို့ ငါ ကြားဖူးတယ်...ခဏနေ ဝမ်ရယ် ပြန်ရောက်လာရင် ငါ ဝမ်ရယ်နဲ့ ဆွေးနွေးပြီး မေးကြည့်လိုက်မယ်...ရှန်ဝမ်အိမ်တော်ကို အတွင်းနန်းဆောင်တာဝန်ခံမောမော့နှစ်ဦး ချီးမြှင့်ပေးဖို့...ဝမ်ရယ် အနောက်နန်းသခင်ဆီသွားပြီး တောင်းဆိုပေးလို့ရမလားလို့..."

အဲ့ဒီမောမော့တွေ အိမ်တော်ကို ရောက်လာပြီး ဘယ်သူ့ကို စည်းကမ်းထိန်းသိမ်းပေးမလဲဆိုတာကတော့...အချိန်တန်ရင် သိရမှာပေါ့.....။

"မောမော့...ကျွန်တော် ပင်ပန်းနေပြီ...မောမော့ စီ့ဖေးနှစ်ပါးကို လိုက်ပို့လိုက်ပါဦး..."

“ဟုတ်ကဲ့ပါ ဝမ်ဖေး...”

စကားဆုံးသည်နှင့် ရှီချန်အန်း နေရာမှထကာ အတွင်းခန်းတွင်းသို့ ဝင်သွားတော့သည်။ အပြင်ခန်းတွင်ကျန်နေခဲ့သော စီ့ဖေးနှစ်ပါးသည် ယန်မောမော့၏ ဧည့်သည်များအား လိုက်ပို့သည့်ဟန်အား မြင်လိုက်ရသည်နှင့် ထိုင်နေရာမှထကာ ပင်မအဆောင်မှ ထွက်လာခဲ့ရသည်။

ဝမ်ဖေး၏ ပင်မအဆောင်မှ ထွက်လာခဲ့သည်နှင့် မင်ယွိသည် သူမ၏ဒေါသတို့အား ထိန်းမထားနိုင်တော့ဘဲ အမုန်းတရားတို့ပြည့်နှက်နေသောအသံဖြင့် ပြောလာခဲ့သည်။

"သူ့ကိုယ်သူ ဘာများထင်နေလို့ ဝမ်ဖေးလိုလို လာလုပ်နေရတာလဲ...သူ့လို အဆင့်လေးသာရှိတဲ့ အမတ်ရဲ့သားကများ...သူက ဝမ်ဖေးဆိုတော့ရော ဘာအရေးလဲ...ဒီတသက် သားတယောက်တောင် မမွေးနိုင်တဲ့သူကများ...ဘယ်လောက်မှ မကြာဘူး ကြည့်နေ...သိပ်မကြာခင်မှာ ဝမ်ရယ်က သူ့ကို ရွံပြီး စွန့်ပစ်ခံရတော့မှာ..."

"ညီမလေး...စကားပြောတာ ဆင်ခြင်ပြီးမှ ပြောရတယ်...ဝမ်ဖေးက ဘာပဲဖြစ်ဖြစ် ဝမ်ဖေးပဲ...အရင်က သူက ဘယ်သူပဲဖြစ်ခဲ့ပါစေ...အခုတော့ သူက တို့တွေရဲ့ အိမ်တော်သခင်မကြီးပဲ..."

ချင်ရှင်းသည် ငယ်စဉ်ကလေးဘဝကတည်းက မည်သို့ပင် တရားဝင်ဇနီးသည်၏အမည်အောက်တွင် ကြီးပြင်းလာခဲ့သည်ဟုဆိုစေကာမူ ကိုယ်လုပ်တော်မှမွေးသည့်သမီးသည် နောက်ဆုံးတွင် ကိုယ်လုပ်တော်မှမွေးသည့်သမီးတဦးအဆင့်သာ...။ သူမတွင် 'တိနွီ'*ဟူသော အမည်တခုရှိလာတော့ရော...ဘာများထူးလာခဲ့လို့လဲ...။ သူမ ငယ်စဉ်ကတည်းကပင် အရာအားလုံးအတွက် 'တိမူ'*၏မျက်နှာ အရိပ်အကဲကိုသာ ကြည့်လာခဲ့ရပြီး သူမ၏စိတ်ဆန္ဒအတိုင်း လုပ်ဆောင်ခဲ့ရသည့်အရာဟူ၍ တခုမှမရှိခဲ့ပေ။

*(တိနွီ = တရားဝင်ဇနီးသည်မှမွေးဖွားသော သမီး။)

*(တိမူ = ကိုယ်လုပ်တော်မှမွေးဖွားသော သားသမီးများမှ ဖခင်ဖြစ်သူ၏ တရားဝင်ဇနီးသည်အား ခေါ်ရသည့် အမည်။)

"မမက ဘာတွေ ကြောက်နေရတာလဲ...မနေ့ညက ဝမ်ရယ်က မမရဲ့အဆောင်မှာ နေခဲ့တာပဲ...အဲ့ဒါကို ဒီနေ့ မမက အစောကြီးထလာသေးတယ်...ကျွန်မသာ မမဆိုရင်လေ...ဒီနေ့ ဘာပဲဖြစ်ဖြစ် လာမနေပါဘူး...ဘယ်လိုနေနေ ဝမ်ရယ်ရဲ့ မြတ်နိုးမှုကို ရထားပြီးပြီပဲ...သူက ဝမ်ဖေးဆိုတော့ရော...မမကို သူက ဘာများ လုပ်နိုင်ဦးမှာလဲ..."

"ညီမလေး...မနေ့ညက ဝမ်ရယ်က ညီမလေးအဆောင်မှာ နေခဲ့တာမဟုတ်ဘူးလား..."

“......…”

မနေ့ညက ရှောင်းချင်းယန့်သည် တဖက်သူ၏အဆောင်သို့ သွားသည်ဟုတွေးကာ ယနေ့တွင် စီ့ဖေးနှစ်ပါးစလုံးသည် တဦးကိုတဦး မိမိတို့၏ အပြောအဆို၊အပြုအမူတို့အား နှိမ်ချကာ ဆက်ဆံနေခဲ့ခြင်း ဖြစ်သည်။ ထိုသည်ကို ယခုမှလာပြီး မနေ့ညက ရှောင်းချင်းယန့် သူတို့နှစ်ယောက်လုံး၏ ဘယ်အဆောင်ကိုမှ မသွားခဲ့ဘူးဆိုတော့........။

မနေ့ညက ရှောင်းချင်းယန့်သည် ချင်ရှင်း၏အဆောင်သို့ မသွားခဲ့ကြောင်း သိလိုက်ရသည်နှင့် ချက်ချင်းပင် မင်ယွိ ချင်ရှင်းအား ဆက်၍ မျက်နှာသာမပေးတော့ပေ။ သူမ ချက်ချင်း မျက်နှာပြင်ကာ သူမ၏အဆောင်သို့ ခပ်သွက်သွက်ပင် ပြန်သွားတော့သည်။*

*(T/N: ဒီနားမှာ မင်ယွိက အစကတော့ ချင်ရှင်းကို ပြုံးပြုံးရွှင်ရွှင် ပြောနေပေမယ့် ညကအကြောင်း အမှန်ကို သိလိုက်ရတဲ့နောက် ချက်ချင်းပဲ ချင်းရှင်းကို ဂရုမစိုက်တော့ဘဲ ကိုယ့်အဆောင်ကို တန်းပြန်သွားတာကို ပြောချင်တာပါ။)

ချင်ရှင်းကတော့ ဝမ်ဖေး၏အဆောင်ဘက်သို့ လည်ပြန်ငေးရင်း အတွေးနက်နေမိသည်။ ထိုစဉ် ချက်ချင်း သူမ၏မျက်နှာတွင် ထိတ်လန့်မှုတို့ ထင်ဟပ်လာခဲ့သည်။

"တော်သေးတယ်...ခုနက ငါ ဝမ်ဖေးကို အမှားမလုပ်မိခဲ့လို့..."

XXXXX

PREVIOUS << TOC >> NEXT

No comments:

Post a Comment

Support My Translations