Monday, May 11, 2020

ကြင်ရာတော် ချန်အန်း (Unicode) - အပိုင်း (၁၄)

အပိုင်း (၁၄)

ရှောင်းချင်းယန့်၏ စီ့ဖေးနှစ်ပါး ပြန်သွားသည်နှင့် ရှီချန်အန်းသည် သူ၏ တော်ဝင်ကိုယ်ရံတော်နှစ်ဦးအားခေါ်ကာ မြင်းစီးလေ့ကျင့်ရန် ထွက်လာခဲ့သည်။ နန်းတော်တွင်းတွင်သာရှိသေးသော ရှောင်းချင်းယန့်မှာမူ ဧကရာဇ်မင်းကြီးထံမှ အကြောင်းကိစ္စရေရေရာရာမသိရဘဲ ချန်ရှန်းနန်းဆောင်သို့ ဆင့်ခေါ်ခြင်းခံရသည်။

ချန်ရှန်းနန်းဆောင်သည် ကွယ်လွန်သွားပြီးဖြစ်သော အရင်မိဖုရားခေါင်ကြီး၏ ကမ္ပည်းတိုင်ထားရှိရာ အရေးပါလှသည့်နန်းဆောင်တခုဖြစ်သည်။ သူ့အား ဤနန်းဆောင်သို့ ဆင့်ခေါ်သူမှာ ဧကရာဇ်မင်းကြီး ဖြစ်သော်လည်း ထိုဧကရာဇ်မှာကား ယခုအချိန်အထိတိုင်အောင် ရောက်ရှိလာခြင်း မရှိသေးပေ။ ရှောင်းချင်းယန့် အမှန်တကယ်ပင် လိုက်မမှီနိုင်တော့ပေ။ သူ၏ခမည်းတော် မည်သည့်အရာကို အလိုရှိနေမှန်း၊ ဘာလုပ်ချင်မှန်း သူ မသိတော့ပေ။

ဧကရာဇ်မင်းကြီး မရောက်လာစေကာမူ သူ၏ခွင့်ပြုချက်မရသေးသရွေ့ ရှောင်းချင်းယန့် မိမိသဘောဖြင့် ပြန်သွား၍ မရပေ။ ထို့ကြောင့် သူ သူ့မယ်တော်၏ကမ္ပည်းတိုင်ရှေ့သွားကာ ထိုရှေ့တွင် ဒူးထောက်နေမိသည်။ ထို့နောက်တွင်မူ သူ ငယ်စဉ်ကလေးဘဝမှ အမှတ်တရများအား ပြန်လည်ကာ အမှတ်ရတွေးတောရင်း မယ်တော်ဖြစ်သူအား တိုးညှင်းစွာ တိုင်တည်စကားဆိုနေမိသည်။ 

ထိုစဉ် ဧကရာဇ် စံမြန်းရာ ထိုက်ကျီနန်းဆောင်ထဲတွင်မူ.....။ ရွှေဝါရောင် တော်ဝင်နဂါးဝတ်ရုံအား ဆင်မြန်းထားသည့် ဧကရာဇ်မင်းကြီးသည် သူ၏အရှေ့တွင် အစုလိုက်အပုံလိုက်ရှိနေသော လျှောက်တင်လွှာများအား ပူပန်မှုအပြည့်ဖြင့် စိုက်ကြည့်နေမိသည်။ ယခုနှစ်သည် သူတို့တာ့ရှောင်းပြည် ရှောင်းမင်းဆက်၏ ကံမကောင်းမှုများနှင့် ဆက်တိုက်ကြုံတွေ့ရသည့်နှစ်ဟု ပြော၍ရပေသည်။ နှစ်ဦးအစပိုင်းမှလျှင် မြောက်ပိုင်းဒေသ၏ မတည်မငြိမ်ဖြစ်မှုသည် စစ်ပွဲအသွင်သို့ ပြောင်းလဲသွားခဲ့သည်။ တိုင်းပြည်၏ ဘဏ္႑ာတိုက်သည်လည်း တဖြည်းဖြည်း လျော့နည်းလာခဲ့ရာ ကုန်ခမ်းတော့မည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်။ ဤသို့သောအချိန်မှာမှ ကျန်းနန်ဒေသတွင် မကြုံစဖူး မိုးခေါင်မှုနှင့် ကြုံတွေ့ရလေရာ ဆန်စပါးအထွက်နှုန်းသည် ယခင်နှစ်များထက် သုံးပုံ လျော့ကျသွားခဲ့သည်။ အကယ်၍ မြောက်ပိုင်းစစ်ပွဲသာ နောက်နှစ်အထိ ဆက်သွားမည်ဆိုပါက......ပြည်သူတို့၏ဘဝသည်...........။

"အရှင်မင်းကြီးအား လျှောက်တင်အပ်ပါတယ်...အရှင်ရှန်ဝမ်က အခုအချိန်အထိ ချန်ရှန်းနန်းဆောင်ထဲတွင် ရှိနေသေးပြီး....ယခု မြင့်မြတ်လှသော ဧကရီ၏ ကမ္ပည်းတိုင်ရှေ့တွင် ဒူးထောက်လျက် ရှိနေပါတယ်..."

"မနေ့က ရှန်ဝမ် တော်ဝင်ကိုယ်လုပ်တော်တွေ လက်ခံထားတာ...ဒီနေ့မှ ဒုတိယနေ့ပဲရှိသေးတာပဲ...မောက်အချိန်*ကျရင် မောင်မင်း ချန်ရှန်းနန်းဆောင်သွားပြီး ရှန်ဝမ်ကို အိမ်တော်ပြန်ခိုင်းလိုက်တော့...''

*(မောက်အချိန် = မနက် ၅နာရီမှ ၇နာရီ အကြား)

သူ၏အမိန့်တော်ကြောင့် ရှန်ဝမ်သည် ယခုအချိန်အထိ နန်းတော်ထဲတွင်သာ ရှိနေသေးသည်အား ဧကရာဇ် မေ့လျော့သွားခြင်းကြောင့် မဟုတ်ပေ။* သူက တကယ်တော့....စင်စစ်တော့ သူ၏ အနှီသားတော်ကြီးသည် သူ့အား စိတ်ပျက်စေခြင်းကြောင့်သာ....။ ထိုကိစ္စသက်သက်ကြောင့်သာ ဖြစ်သည်........။

*(T/N: မင်းကြီးက ရှန်ဝမ်ကိုခေါ်ထားပြီး သွားမတွေ့တာကို ပြောတာပါ။ ဘာကိုစိတ်ပျက်တာလဲဆိုတာကတော့.....no spoiler yet!)

"နောက်ပြီး.....ရှန်ဝမ်စီ့ဖေးနှစ်ပါးရဲ့ ဖခင်တွေကလဲ တော်ဝင်ညီလာခံတက်ရတဲ့ အကြီးတန်းအမတ်ကြီးတွေပဲ....ခဏနေရင် မောင်မင်းကိုယ်တိုင် ရှန်ဝမ်အိမ်တော်ကို သွားပြီး...ကိုယ်တော် စီ့ဖေးနှစ်ပါးကိုချီးမြှင့်လိုက်တဲ့ ဆုလာဘ်ပစ္စည်းတွေကို ပို့ဆောင်လိုက်....မောင်မင်း ရှန်ဝမ်ကို အိမ်တော်လိုက်လံပို့ဆောင်ပေးပြီးတော့ အမိန့်တော်ကို တခါတည်း ပြန်ခဲ့လိုက်..."

"အရှင့်ကျေးကျွန်....အမိန့်တော်မြတ်အတိုင်း ဆောင်ရွက်လိုက်ပါ့မယ်....."

ရှောင်းချင်းယန့်အား အရှင်မင်းကြီးမှ အကြောင်းအရင်းမရှိ ချန်ရှန်းနန်းဆောင်သို့ ခေါ်ပြီး သွားမတွေ့သည့်ကိစ္စသည် အချိန်တိုအတွင်းမှာပင် နန်းတော်တခုလုံးအား ပျံ့နှံ့သွားလေသည်မှာ လက်ရှိစံမြန်းနေသည့် ဧကရီမိဖုရားခေါင်ကြီး၏နန်းဆောင်အထိတိုင်အောင်ပင်။ သို့စေတိုင်...ယခုနေ့ရက်များအတွင်း မိဖုရားခေါင်ကြီးတွင် အခြားစိတ်ပူပန်ရမည့်ကိစ္စများ ရှိနေလေရာ ဤကဲ့သို့သောကိစ္စအသေးအမွှားလေးအား အရေးတယူလုပ်နေရန်အချိန် သူမတွင် မရှိပေ။ 

"အဖေ....အရှင်မင်းကြီးရဲ့သဘောထားက ဘယ်လိုရှိတယ်လို့ထင်လဲ....ရှန်ဝမ်ကို သူပဲ အမျိုးသားကြင်ယာတော် ချီးမြှင့်ထားတာ....နောက် ဘာမှမကြာလိုက်ဘူး...အကြီးတန်း အမတ်ကြီးနဲ့ လက်ထောက်အမတ်ကြီးရဲ့ သမီးနှစ်ယောက်ကို အဲ့ဒီကောင်လေးရဲ့စီ့ဖေးအဖြစ် ထပ်ပေးလိုက်ပြန်တယ်....အဲ့ဒီစီ့ဖေးနှစ်ပါးရဲ့အဖေတွေက အဖေနဲ့လက်တွဲလာတာ ကြာလှပြီဆိုပေမယ့်...အခု သူတို့သမီးတွေက ရှန်ဝမ်စီ့ဖေးတွေ ဖြစ်နေကြပြီဆိုတော့.....သူတို့...သူတို့က အရင်လို ဒုတိယမင်းသားအပေါ် သစ္စာစောင့်သိကြပါဦးတော့မှာလား...."

မိဖုရားခေါင်ကြီး၏ စိုးရိမ်ပူပန်မှုတို့က ထိုကိစ္စမျှမဟုတ်၊ ထိုထက်ပင် ပိုသေးသည်။ သူမ၏သားတော် ဒုတိယမင်းသားသည် အရွယ်မရောက်သေးသည်မှာ မှန်သော်လည်း ရှောင်းချင်းယန့်တုန်းကတော့ အသက်ဆယ့်ခြောက်နှစ်မှာပင် တော်ဝင်ညီလာခံ တက်နေပြီဖြစ်သည်။ ယခု ဒုတိယမင်းသားသည် အသက်ဆယ့်ကိုးနှစ်ပြည့်နေပြီဖြစ်သော်လည်း ဧကရာဇ်မင်းကြီးသည် အသက်မပြည့်သေးသည်အား အကြောင်းပြကာ ဘာမှအရေးမပါ၊ အဓိကမကျသည့်၊ မည်သည့်ချောင်ထဲကထွက်လာမှန်းမသိသည့် ရာထူးနေရာတခုသာ ပေးထားသည်။ မည်မျှအရေးမပါလှသည့်နေရာဆိုသည်မှာ နံနက်ခင်းတော်ဝင်ညီလာခံပင် တက်ရန်အကြောင်းမရှိသည့် နေရာဖြစ်လေသည်။

"မယ်မယ်က ဘာတွေ စိုးရိမ်နေရတာလဲ...ဘယ်လိုပဲဖြစ်ဖြစ် ရှန်ဝမ်က ထီးနန်းဆက်ခံရမယ့်အရည်အချင်း မရှိတော့ဘူး...စိတ်ပူပန်နေဖို့တောင် မတန်လှပါဘူး...အခု မယ်မယ် စိုးရိမ်ရမှာက ရှန်ဝမ် မဟုတ်ဘူး...တချိန်လုံး မယ်မယ်နဲ့ ဒီအနောက်ဆောင်မှာ ထိပ်တိုက်တွေ့နေတဲ့ ကျိုးကွေ့ဖေးကိုပဲ...ပြီးတော့ တောက်လျှောက် စစ်ရေးမှာ အောင်မြင်မှုတွေရနေတဲ့ ကျင့်ဝမ်ရောပဲ...သူတို့တွေကသာ မယ်မယ် စိုးရိမ်ရမယ့်သူတွေ..."

ဧကရာဇ်မင်းကြီးကိုယ်တော်တိုင် ရှောင်းချင်းယန့်အတွက် အမျိုးသားကြင်ယာတော်တဦးအား တရားဝင်ဇနီးသည်အဖြစ် ချီးမြှောက်လိုက်ကတည်းက လင်ကော်ကုန်း*အနေဖြင့် ရှောင်းချင်းယန့်အား ဂရုစိုက်စရာမလိုတော့သည့်သူအဖြစ် သတ်မှတ်လိုက်ပြီးဖြစ်သည်။ ယခုလက်ရှိ သူ စိုးရိမ်ကြောက်လန့်နေသည့်သူကတော့ ကျင့်ဝမ်သာ ဖြစ်သည်။ ယခု တော်ဝင်ညီလာခံသည် အဖွဲ့ကြီးနှစ်ဖွဲ့ကွဲကာ စတင်ယှဉ်ပြိုင်နေကြပြီဖြစ်သည်။ အစဉ်အဆက် နိုင်ငံ့စစ်သူကြီးများသာပေါ်ထွက်ခဲ့သည့် ကျိုးအိမ်တော်နှင့် စစ်တပ်၏ကျောထောက်နောက်ခံအား ရရှိထားသည့် ကျင့်ဝမ်အား ထောက်ခံသည့်အုပ်စုနှင့် ဒုတိယမင်းသားအား ထောက်ခံသည့် သူတို့၏ မြင့်မြတ်လှသော တော်ဝင်မျိုးနွယ်အုပ်စုတို့ ဖြစ်သည်။ ထိုကြားထဲမှာမှ မည်သည့်အုပ်စုမှမဝင်ဘဲ ကြားနေသည့်အုပ်စုတစုအတွက်ကတော့.....။ ဟွန်း.....သူတို့ထောက်ခံနေသည့် ရှန်ဝမ်သည် ယခု အရှင်မင်းကြီးထံမှ ရွံရှာမုန်းတီးမှုနှင့် စွန့်ပစ်မှုခံရနေလေရာ ထိုအုပ်စုရှိ လူတိုင်းသူတိုင်း မည်သို့မည်ပုံဆက်သွားရမည်အား ဝေခွဲမရဖြစ်နေကြလေပြီဖြစ်သည်။ ယခုဆိုလျှင် ထိုလူတစုကား လေနှင်ရာလွင့်ပါးရတော့မည့် ရော်ရွက်ကြွေများအလားပင်။ ဟား ဟား ဟား....။

*(လင်ကော်ကုန်း = မြို့စား လင်။)

"ဒါပေမယ့်...ကျွန်မ အခုတလော တွေးတွေးဖြစ်နေတာက.... အရှင်မင်းကြီးရဲ့ဆုံးဖြတ်ချက်တွေက နည်းနည်းများ မူမမှန်လွန်းနေသလားလို့... ဒီကိစ္စတခုလုံးက ဘာအကြောင်းရယ်လို့ ရေရေရာရာမသိလိုက်ရဘဲ ဖြစ်ပျက်သွားတာ..."

ဧကရာဇ်မင်းကြီးသည် ပထမမင်းသားအား တော်ဝင်မိသားစု၏ အစဉ်အလာအရ အနာဂတ် မိုးကောင်းကင်၏သားတော်*အား ပြုစုပျိုးထောင်ရမည့် နည်းလမ်း၊သင်ကြားမှုများအတိုင်း တချိန်လုံး ပြုစုပျိုးထောင်လာခဲ့ပေရာ ရှောင်းချင်းယန့်သာလျှင် အိမ်ရှေ့မင်းသားနေရာအား ရရှိလိမ့်မည်ဟု အများက တွေးတောထားပြီးဖြစ်သည်။ သို့စေကာမူ ဧကရာဇ်၏ ရုတ်ချည်းဆန်လှသော ထိုဆုံးဖြတ်ချက်သည် ညီလာခံတရပ်လုံးမှ အမတ်များအားသာမက မိဖုရားခေါင်ကြီးဖြစ်သော သူမကိုယ်တော်တိုင်ပင် မည်သည့်အကြောင်းအရင်းကြောင့်ရယ်ဟု အဖြေရှာ၍မရသေးပေ။ ထိုကိစ္စနှင့်ပတ်သက်၍ သူမစိတ်ထဲတွင် အမှန်တကယ် ပျော်ရွှင်မိပေမယ့် ဘာကြောင့်ရယ်မသိ စိုးရိမ်စိတ်အနည်းငယ်ကတော့ ရှိနေသေးသည်မှာ အမှန်ပင်ဖြစ်သည်။

"မယ်မယ်က ဘာကြောင့် ဒီလောက်ကြီး အတွေးပိုနေရတာလဲ...မယ်မယ် မှတ်ထားလိုက်ရမှာက ရှန်ဝမ်ဆိုတာက အခုကစပြီး ကျွန်တော်မျိုးတို့ ကြောက်နေစရာ ဘာမှမရှိတဲ့သူဆိုတာပဲ....အရှင်မင်းကြီးက စီ့ဖေးတွေ ချီးမြှင့်လိုက်တဲ့ကိစ္စကတော့.....ဘာပဲပြောပြော ရှန်ဝမ်က အရှင်မင်းကြီးရဲ့ အချစ်ဆုံးသားတော်ကြီးပဲမဟုတ်လား... အင်း...ဖြစ်နိုင်တာက...အရှင်မင်းကြီးက ရှန်ဝမ်ကို သူ့လုပ်ရပ်အတွက် အလျော်ပြန်ပေးတဲ့သဘောနေမှာပါ....."

"ရှန်ဝမ်"ဟူသည့် ဘွဲ့အပါအဝင်ပေါ့.....။ အရှင်မင်းကြီးအနေဖြင့် ရှန်ဝမ်အား မိုးအောက်မြေပြင်ထက်က ကျယ်ပြောလှသောလောကကြီးအား မပေးနိုင်ပေမယ့်...သူ့အတွက် ထိုထက်မနည်းလှသော အမြင့်ဆုံးသောရာထူးဘွဲ့အမည်နှင့် စည်းစိမ်ချမ်းသာတော့ ပေးအပ်လိုက်သည်ပဲဆိုလိုက်ကြပါတော့...။* အရှင်မင်းကြီးအတွက်တော့ ရှန်ဝမ်သည် အမြတ်နိုးဆုံးသော သားတော်ကြီးဖြစ်၍ အမြဲလိုပင် ဦးစားပေးဆက်ဆံခဲ့သောသူတယောက် ဖြစ်ခဲ့လေသည် မဟုတ်ပါလား......။*

*(T/N: ထီးနန်းရရာလမ်းကို ပိတ်လိုက်ပေမယ့် ရှန်ဝမ်ဘွဲ့ပေးလိုက်တာကိုပြောချင်တာပါ။ ရှန်ဝမ်ဘွဲ့ရဲ့ အဓိပ္ပါယ်နဲ့အရေးပါပုံက ရှေ့မှာပါပြီးသားနော်။ ပြီးတော့ ဒီအပိုင်းက လင်ကော်ကုန်းရဲ့ အတွေးသက်သက်တွေပါ။ တကယ် ဟုတ်မဟုတ်ကတော့......။)

မိဖုရားခေါင်ကြီး၏ စိုးထိတ်မှုတို့သည် ဖခင်ဖြစ်သူ၏အပြောတို့ကြောင့် ပြေလျော့သွားခဲ့ပြီးနောက်တွင်တော့ သူမ ရှန်ဝမ်ကိစ္စအား စိတ်ပူပန်ခြင်းမရှိတော့ပေ။ ယခု သူမ အာရုံစိုက်ကာ စိုးရိမ်ရမည့်သူကတော့ ချင်းဝမ်သာ ဖြစ်တော့သည်။
……

ရှီချန်အန်း သူ၏ တော်ဝင်ကိုယ်ရံတော်နှစ်ယောက်ဖြင့် နန်းမြို့တော်၏အပြင် ဆင်ခြေဖုံးတွင်ရှိသော လွင်ပြင်ဘက်သို့ ထွက်လာခဲ့သည်။ ထိုနေရာသည် သူ ယခင်ကနေထိုင်ခဲ့ရသော ရွာငယ်လေးရှိရာအရပ်ပင် ဖြစ်သည်။ ထိုရွာငယ်လေး၏အနောက်တွင် ကြီးမားထူထပ်လှသောတောအုပ်တအုပ်ရှိသကဲ့သို့ အရှေ့ပိုင်းတွင်လည်း အတန်အသင့်ပြေပြစ်လှသော လွင်ပြင်ကျယ်တခုရှိလေသည်။ မြင်းစီးလေ့ကျင်ရာအတွက်ကတော့ ဤနေရာသည် အကောင်းဆုံးပင်ဖြစ်သည်။

ရှီချန်အန်းအား ကာကွယ်စောင့်ရှောက်ရသည့် တော်ဝင်ကိုယ်ရံတော်နှစ်ဦးမှာ အကြောင်းအားလျော်စွာ ညီနောင်အရင်းဖြစ်၍နေသည်။ တဦးမှာ "ဝူရန်"ဟုခေါ်ပြီး ကျန်တဦးမှာ "ဝူယိ"ဟု အမည်တွင်လေသည်။ သူတို့၏ဖခင်သည် အဆင့်ခုနစ်ရှိ အမတ်ငယ်တဦးဖြစ်ပြီး ယခုလက်ရှိတွင် သူတို့နှစ်ဥိီးသည် ရှန်ဝမ်အိမ်တော်၏ တော်ဝင်ကိုယ်ရံတော်များသာ ဖြစ်ကြသော်လည်း တကယ့်ရာထူးအဆင့်အတန်းကတော့ သူတို့၏ဖခင်ထက်ပင် မြင့်မားကြသည်။

"ငါ ငယ်ငယ်ကတည်းက မြင်းနဲ့ထိတွေ့ဖူးတာ မရှိခဲ့ဘူး...ငါ သင်ယူတာလဲ နှေးချင်နှေးနိုင်ပေမယ့် မင်းတို့နှစ်ဦးကိုပဲ အကူအညီတောင်းရတော့မှာပဲ....."

သူကိုယ်တိုင် မြင်းစီးခြင်းနှင့်ပတ်သက်၍ ဘာမှမသိကြောင်း ရှင်းရှင်းလင်းလင်းကြီးသိသည့် ရှီချန်အန်းသည် ကိုယ်ရံတော်နှစ်ဦးအား သူ့အတွက် လူယဉ်ပါးသည့် မြင်းငယ်လေးကိုသာ ယူလာပေးရန် အထူးတလည် မှာကြားထားရသည်။ သို့မှသာ သူ သင်ရလွယ်ပေမည် မဟုတ်ပါလား။ 

ရှီချန်အန်းသည် 'ဝမ်ဖေး'ဟုသာ ဖြစ်လာခဲ့သော်လည်း သူ့ထံတွင် မိန်းမတယောက်၏ နူးညံ့သိမ်မွေ့မှုနှင့် အမူအရာ၊ အပြောအဆိုတို့အား ရှာတွေ့လိမ့်မည် မဟုတ်ပေ။ ထို့အစား သူသည် သဘောထားပျော့ပြောင်း၍ ငယ်သားများအပေါ်တွင် ဖော်ဖော်ရွေရွေရှိကာ ပေါင်းသင်းဆက်ဆံရေးကောင်းသူတဦး ဖြစ်သည်။ ထို့အပြင် အထည်ဆိုင်တွင် ဖြစ်ခဲ့သောကိစ္စနောက်တွင်တော့ ဝူညီနောင်အဖို့ ရှီချန်အန်းအား စိတ်ရင်းထဲကပင် အသနားပိုမိလေသည်။ ထို့ကြောင့် သူတို့အနေဖြင့် ရှီချန်အန်းအား တတ်နိုင်သမျှ အစွန်းကုန် အကူအညီပေးရန် အသင့်ပင်။ ရှီချန်အန်းသည် 'ဝမ်ဖေး'ဖြစ်သည်။ သူတို့သည် ဝမ်ရယ်မှ ရှီချန်အန်း၏ ကိုယ်ရံတော်များအဖြစ် တာဝန်ပေးအပ်ခြင်းခံရသူများဖြစ်သည်။ အကယ်၍ ရှီချန်အန်း အလိုရှိသည်များ ရှိပါက...သူ၏နှုတ်မှ အမိန့်စကား တခွန်းဆိုလိုက်ယုံသာပင်။ သူတို့သည် လိုက်နာရန် အသင့်ရှိနေပြီးသား ဖြစ်သည်။ ယခုကဲ့သို့ ရှီချန်အန်းမှ သူတို့အား အားနာစကားမျိုးဆိုလာသောအခါ ဝူညီနောင်နှစ်ဦး အရှက်ရမိတော့သည်။ ထို့ကြောင့် အလျင်အမြန်ပင် ပြန်ပြောလိုက်ရသည်။

"ကျွန်တော်မျိုးတို့က ဝမ်ဖေးရဲ့ ကိုယ်ရံတော်တွေပါ...ဝမ်ဖေးရဲ့ကိစ္စမှန်သမျှက ကျွန်တော်မျိုးတို့ရဲ့ကိစ္စပါပဲ.....အကယ်၍ ဝမ်ဖေး အလိုရှိရာကိစ္စ တစုံတရာရှိပါက ကျွန်တော်မျိုးတို့ကို အမိန့်ပေးလိုက်ယုံပါပဲ....ကျွန်တော်မျိုးတို့ မလိုက်နာဘဲ မနေရဲပါဘူး....."

ဤအမျိုးသားနှစ်ဦးသည် စစ်တပ်ထဲတွင်ရှိနေပါက စစ်သူကြီးထက်သာအဆင့်နိမ့်မည့် တပ်ဗိုလ်မှူးအဆင့်ရှိသူများ ဖြစ်သည်။ သို့ပေမယ့် သူတို့သည် စတင်တာဝန်ပေးခံရသည့်အချိန်မှစ၍ ရှီချန်အန်း၏ လူများအနေဖြင့် သတ်မှတ်ထားပြီးဖြစ်လေရာ ဝူညီနောင်သည် သူတို့ကိုယ်ကို ရှီချန်အန်း၏ လက်အောက်ငယ်သားအဖြစ် ကိုယ့်ဘာသာ သတ်မှတ်စာရင်းသွင်းပြီးသားဖြစ်သည်။ 

"ဒါဆိုလဲ ရှေ့လျောက် မင်းတို့နှစ်ယောက်ကိုပဲ အကူအညီတောင်းရတော့မှာပဲ...."

ဤနေရာအား ရှီချန်အန်း ရွေးချယ်ရသည့်အကြောင်းအရင်းမှာ ပြန့်ပြူးသောလွင်ပြင်ကျယ်ကြောင့်သာမက နောက်တချက်မှာ သူ အိမ်တော်အပြင်သို့ထွက်ကာ သူ၏မိခင်အား သွားရောက်တွေ့ဆုံချင်သောကြောင့် ဖြစ်သည်။ ထို့အပြင် သူ၏စိတ်ထဲတွင် အခြားအတွေးတခုရှိသေးသည်။ အရင်အချိန်များတုန်းက သူ့အပေါ်တွင် အနိုင်ကျင့်ခဲ့ကြသော ထိုယာတောခြံဝန်းထဲရှိ အစေခံများအား ပညာပြန်ပေးလိုခြင်းပင် ဖြစ်သည်။ ဆိုရပါက ထိုအစေခံတို့သည် မိခင်၏လူများဖြစ်ပေသည်။ သို့တိုင် လျိုရှီးထံမှ မျက်နှာရရန်အလို့ငှါ ထိုသူတို့သည် သူအား နေ့စဉ်နှင့်အမျှ အကြောင်းအရင်းမရှိ နေထိုင်ရခက်ခဲရန် လုပ်ဆောင်ခဲ့ကြသည်။ ထို့ကြောင့် ဘာပဲဖြစ်ဖြစ် သူတို့အား 'မိမိစိုက်ပျိုးသောအပင်မှ အသီးအပွင့်တို့သာ ရိတ်သိမ်းရသည်'ဟူသောစကားအား သေချာနားလည်သွားစေရန် သူ ပြသပေးရမည်။ 

မြင်းမစီးတတ်၍စတင်သင်ကြားသူများအဖို့ အလွန်ယဉ်ပါးသောမြင်းအား အသုံးပြုရန်သာမက မြင်းကုန်းနှီး၏ သက်တောင့်သက်သာဖြစ်မှုသည်လည်း အရေးကြီးသောအချက်တချက်ပင် ဖြစ်သည်။ သူတို့အား သူ၏အခြေအနေအား ကြိုတင်ပြောပြထားသော ရှီချန်အန်းကြောင့် ဝူညီနောင်သည် လိုအပ်သည်များအား ပြီးပြည့်စုံအောင် ပြင်ဆင်လာခဲ့ပြီးဖြစ်သည်။ ရှီချန်အန်း မြင်းပေါ်တွင် အထိုင်ကျစေရန် ကူညီပေးပြီးသည်နှင့် ဝူရန်သည် အရှေ့မှနေ၍ မြင်းအားဆွဲကာ လမ်းကြောင်းထိန်းပေးသည်။ ဝူယိကတော့ အနောက်မှလိုက်ကာ သိရန်လိုအပ်သည်များအား သင်ကြားပြောဆိုပေးသည်။ မြင်းဇက်ကြိုးအား မည်သို့ကိုင်ရန်၊ မြင်းက မြန်သည့်အချိန်တွင် မြင်းစီးသူ၏ခန္ဓာကိုယ်အား မည်သို့ထား၍ နှေးအခါတွင် မည်သို့ထားရန်၊ အကယ်၍ မြင်းအား ထိန်းမနိုင်တော့သည့်အချိန်မျိုးတွင် မိမိ၏ကိုယ်ခန္ဓာအား ထိခိုက်မှုအနည်းဆုံးဖြစ်ရန် မည်သို့သော အနေအထားမျိုးအား အသုံးပြုရမည် အစရှိသည်တို့ဖြစ်သည်။

ယခုအချိန်သည် ဆောင်းဦးသို့ ချည်းနင်းဝင်ရောက်ခဲ့ပြီးဖြစ်သဖြင့် နေရာတိုင်းလိုလိုတွင် ဆောင်းဦးရာသီ၏ခြေရာများအား တွေ့နေပြီဖြစ်သည်။ သိပ်မဝေးလှသောအကွာအဝေးမှ လှမ်းမြင်နေရသည့်လယ်ကွက်များသည် သီးနှံတို့အား ရိတ်သိမ်းပြီးအခြေအနေနှင့် ဖြစ်သည်။ မျက်စိတဆုံး မြင်ရာမဆုံးသည့် တချိန်က စိမ်းစိုတောက်ပခဲ့သည့်တောအုပ်ကျယ်သည်လည်း နီဝါရောင်ခြယ်သကာ ရှုမငြီးသည့်မြင်ကွင်းအား ပြသ၍နေသည်။ 

ရှီချန်အန်းသည် တချိန်က သူ သုံးနှစ်ကြာနေထိုင်ခဲ့သည့်ယာတောခြံရှိရာသို့ မျှော်ကြည့်လိုက်သည်။ သူ၏စိတ်ထဲတွင် သက်ပြင်းတချက်ရှိုက်လိုက်ပြီးနောက် အရှေ့မှသွားနေသည့် ဝူရန်အား လှမ်းပြောလိုက်သည်။

"ငါ ကိုယ့်ဘာသာ စမ်းစီးကြည့်ချင်တယ်...ဒီနေ့တော့ ဒီလောက်နဲ့ တော်လိုက်ကြပြီးတော့ မနက်ဖြန်မှ ဆက်လေ့ကျင့်ကြတာပေါ့...ဒီနေ့ ငါ့မိခင်ရှိရာကို သွားကြည့်ချင်တယ်..."

"ဟုတ်ကဲ့ပါ ဝမ်ဖေး..."

'ဝမ်ဖေး'ဟူသော ထိုအခေါ်သည် သူ၏မျက်နှာအား ဖြတ်ရိုက်လိုက်သည့်နှယ်။ သို့သော် ထိုအခေါ်အဝေါ်ကြောင့်သာ သူ ယနေ့တိုင် အသက်ရှင်နေခြင်းဖြစ်ကြောင်း ရှီချန်အန်း ကောင်းကောင်း နားလည်သည်။ အကယ်၍ သူ့တွင် ဤဘွဲ့အခေါ်အဝေါ်သာ မရှိခဲ့ဘူးဆိုပါက ယနေ့ထိတိုင် ထိုယာတောခြံထဲတွင်သာ သူ နေထိုင်နေဆဲသာ ဖြစ်နေမည်ဖြစ်ပြီး မည်သည့်နေ့တွင် သူ အနောက်နိဗ္ဗာန်ဘုံသို့ ထွက်သွားလိုက်ရမှန်းပင် သိလိုက်ရမည် မဟုတ်ပေ။*

*(T/N: အဲ့ဒီခြံထဲမှာပဲ ဆက်နေနေရပြီး ဘယ်နေ့ လျိုရှီးသတ်ခိုင်းတာ ခံလိုက်ရမှန်း သိလိုက်ရမှာ မဟုတ်ဘူးလို့ ပြောချင်တာ။😔)

သူကပဲ တော်လွန်းသည်လား...ဝူညီနောင် ရှာလာသည့်မြင်းကပဲ လိမ္မာလွန်းသည်လား မသိ။ ဝူရန်အား ဇက်ကြိုးလွှတ်ခိုင်းလိုက်ပြီး ရှီချန်အန်း တော်တော်ကြာကြာ ဆက်စီးလာခဲ့ပြီးသည့်တိုင် ဘာမှမဖြစ်ပေ။ ထို့အပြင် ဝူညီနောင်၏ သင်ကြားပြသမှုကြောင့် သူ မြင်းဇက်ကြိုးအား ကောင်းစွာ ထိန်းနိုင်ပြီး သူ သွားလိုရာအရပ်သို့ မြင်းလိမ္မာလေးအား ဝူညီနောင်၏အကူအညီမလိုဘဲ လမ်းကြောင်းပေးနိုင်သေးသည်။ 

"ငါ နည်းနည်း တတ်လာပြီ မဟုတ်လား..."

စ၍မသင်ခင်တုန်းကတော့ ရှီချန်အန်း စိုးရိမ်နေခဲ့မိသည်။ ဆောင်းရာသီ အမဲလိုက်ပွဲကလည်း မကြာမီ စတော့မည်။ မတော်လို့များ သူ အချိန်မှီ မြင်းစီးမသင်နိုင်ခဲ့ပါက မည်သို့လုပ်ရမည်နည်း။ မြင်းစီးသင်ရသည်မှာ ထင်ထားခဲ့သည်ထက် လွယ်၍နေမည်အား ရှီချန်အန်း မမျှော်လင့်ထားခဲ့ပေ။ နေ့လယ်တခင်းမျှသာ ကြိုးစားသင်ယူလိုက်ရသေးသည် ယခုဆိုလျှင် သူ တော်တော်ကြီးကို တတ်မြောက်နေပြီဖြစ်သည်။

*(T/N: ကလေးခမျာ တော်တော်ပျော်နေရှာတာ😊😌)

ရှီချန်အန်း တွေးရင်း ပျော်လာမိသည်။ ထို့ကြောင့် သူ မသိလိုက်ရဘဲ သူ့နှုတ်ခမ်းထောင့်စွန်းကလေးများသည် ကွေးတက်လာခဲ့ပြီး သူ၏မျက်ဝန်းထောင့်စွန်းကလေးများမှပင် ပြုံးပျော်ရွှင်နေသည်အား ဖော်ပြမိနေသည်။ ဝူညီနောင်နှစ်ဦးသည် ဝမ်ဖေး၏နောက်သို့လိုက်ရသည်မှာ ရက်အတော်အသင့်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် ဝမ်ဖေး၏ အလွန်တရာကြည့်ကောင်းလှသောရုပ်ရည်အား သူတို့ သိပြီးသားဖြစ်သည်။ သို့တိုင် ယခု ဝမ်ဖေး၏အပြုံးမျက်နှာအား မြင်လိုက်ရချိန်တွင်တော့ ဝမ်ဖေး၏အပြုံးသည် သာ၍ကြည့်ကောင်းလှသည်အား သူတို့ သိလိုက်ရသည်။ အပေါ်သို့ ကွေးတက်နေသော နှုတ်ခမ်းထောင့်စွန်းလေးများသည် သူတို့၏သခင်နှင့် ပို၍ရင်းနှီးကျွမ်းဝင်လာစေရန် အားထုတ်လှည့်ပါဟု မြင်လိုက်ရသူများအား လှုံဆော်နေသည့်နှယ်။ ဝမ်ဖေးသည် ဝမ်ရယ်၏အရှေ့တွင် အမြဲတမ်း မျက်နှာသေဖြင့် နေလေ့ရှိသည်။ သူ၏မျက်နှာအမူအရာအား အမြဲတစေ ထိန်းချုပ်ထားလေ့ရှိပြီး ခံစားချက် တစွန်းတလေမျှပင် ပေါ်လွင်မသွားစေခဲ့ပေ။ အကယ်၍များ ဝမ်ဖေးသာ ဝမ်ရယ်၏မျက်စိရှေ့မှောက်တွင် ပို၍ ပြုံးပြုံးရွှင်ရွှင်နေနိုင်ပါက ဘယ်လောက်ကောင်းလိုက်မည်နည်း။ ဝမ်ရယ်ကြီးသည် ဝမ်ဖေးအား ယခုထက်ပို၍ သဘောကျလာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

"ဝမ်ဖေးရဲ့ ဉာဏ်ပညာကြီးမားလွန်းလှတာမို့ ဘယ်အရာပဲသင်သင် အမြန်တတ်လွယ်တာပါ..."

ဝူညီနောင်နှစ်ဦး ဘေးမှ သင်ကြားပြောပြပေးသမျှအား ရှီချန်အန်းသည် တခါနားထောင်ယုံမျှဖြင့် နားလည်သဘောပေါက်သည်။ ထို့အပြင် သူ၏သတ္တိသည်လည်း မနည်းလှပေရာ ယခုကဲ့သို့ အမြန်သင်ယူတတ်မြောက်လေသည်မှာ အထူးအဆန်းမဟုတ်ပေ။

ရှီချန်အန်းသည် ယခင်က မြင်းနှင့်ထိတွေ့ဖူးခြင်းမရှိသည်မှာ မှန်သော်လည်း သူသည် အပြင်မထွက်ရဘဲ အိမ်တော်ထဲတွင်သာ အမြဲနေရသည့် သခင်မလေးတယောက်တော့ မဟုတ်ပေ။ သူသည် ယောက်ျားသားတဦးအနေဖြင့် ဓားလက်နက်နှင့် မြင်းများအပေါ်တွင် စိတ်ဝင်စားမှု ရှိလေသည်။ မြင်းစီးသင်ရန် စတင်စဉ်းစားခဲ့ချိန်တုန်းကတော့ အနည်းငယ် ကြောက်လန့်မှုရှိခဲ့သော်လည်း အမှန်တကယ် စသင်ကြည့်သောအခါ ထိုကြောက်လှန့်မှုသည် စိတ်လှုပ်ရှားမှုသို့ ပြောင်းလဲသွားခဲ့သည်။ ထို့ကြောင့် သူ၏သင်ယူမှုသည် ချောချောမွေ့မွေ့နှင့် အဆင်ပြေသွားသည်။

သူတို့သုံးဦး သိပ်မဝေးလှတော့သည့် ယာတောခြံသို့ ဦးတည်လျှောက်လာခဲ့ချိန်တွင် မြင်းလှည်းတစီးသည် ထိုယာတောခြံအရှေ့သို့ ဆိုက်ရောက်လာခဲ့သည်။ ထိုလှည်းအတွင်းမှ ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်ခန့်သာ ရှိသေးမည့် ယောက်ျားတဦးနှင့် မိန်းမတဦး ဆင်းလာသည်။ ရှီချန်အန်းနှင့် ဝူညီနောင်တို့ ယာတောခြံရှေ့သို့ ရောက်လာချိန်တွင်တော့ ထိုသူနှစ်ဦးသည် ယာတောခြံအတွင်းသို့ ဝင်ရောက်သွားနှင့်ပြီဖြစ်ပြီး ခြံတံခါးရှေ့တွင်ရပ်ထားသည့် မြင်းလှည်းသာ တွေ့လိုက်ရသည်။ 

ထိုတံခါးရှေ့ရှိမြင်းလှည်းအား ကြည့်လိုက်ယုံဖြင့် ရှီမိသားစု၏မြင်းလှည်းဖြစ်ကြောင်း ရှီချန်အန်း တန်းသိလိုက်သည်။ ထိုနေ့ကဖြစ်ပျက်ခဲ့သမျှအား ရှီချန်အန်း ပြန်လှန်တွေးတောမိသွားချိန်တွင်တော့ အထိတ်အလန့်ဖြစ်သွားကာ မိခင်ဖြစ်သူ၏အုတ်ဂူရှိရာသို့ အလျင်အမြန်ပင် ပြေးသွားလိုက်မိသည်။ ထိုအချိန်...သူ၏စိတ်ထဲတွင် အတွေးတခုသာ ရှိသည်။ ထိုနေ့မှ ဖြစ်ပျက်ခဲ့သမျှအား ပေါက်ကွဲပုံချစရာမရှိသော လျိုရှီးသည် ဤနေရာသို့လာ၍ သူ့မိခင်အပေါ် ပုံချပေါက်ကွဲနိုင်သည် မဟုတ်ပါလား။ ယခု သူတို့ အနိုင်ကျင့်နိုင်သောသူဟူ၍ ကွယ်လွန်ပြီးမြေကြီးအောက်တွင် အိပ်စက်နေသည့်၊ သူတို့အား ဘာမှ ပြန်မလုပ်နိုင်သော မိခင်ဖြစ်သူတဦးတည်းသာ ရှိတော့သည် မဟုတ်ပါလား။ 

ဤယာတောခြံဝန်းတွင် အစေခံ ဆယ်ယောက်ထက်မနည်း ရှိသည်။ လမ်းတလျှောက်လုံးတွင် ရှီချန်အန်း ထိုသူများနှင့်တွေ့ရသော်လည်း ဂရုမစိုက်အားပေ။ သူ့မိခင်၏ အုတ်ဂူရှိရာသို့သာ အပြေးသွားနေမိသည်။

သူ၏မိခင်သည် ဤယိုယွင်းပျက်စီးနေပြီဖြစ်သည့် ယာတောခြံဝန်းထဲတွင် တဦးတည်း အထီးကျန်စွာ လဲလျောင်းနေရသည်ဟု ရှီချန်အန်း တွေးမိသည့်အခါတိုင်း ရင်ထဲတွင် ဝမ်းနည်းလွန်းလှကာ အသည်းနာမိသည်။ သူ၏မိခင်သည် ရှီယုံနျဉ်နှင့် တရားဝင်လက်ထပ်ထားသော ပဏာမဇနီးသည်ဖြစ်သည်။ သို့သော်....နောက်ဆုံး သူမ အသတ်ခံလိုက်ရသော်လည်း ရှီယုံနျဉ်၏ လူသတ်သမားအပေါ် မြတ်နိုးအလိုလိုက်မှုကား ဆက်၍ ရှိနေဆဲပင်။ ထိုမျှမကသေး ရှီယုံနျဉ်သည် သူ့စိတ်တိုင်းကျ မြို့တော်အပြင်ဘက် ဆင်ခြေဖုံးအရပ်ရှိ ဤပျက်စီးယိုယွင်းနေသည့်ယာတောခြံထဲတွင် မိခင်ဖြစ်သူအား မြုပ်နှံခဲ့သေးသည်။ ရှီယုံနျဉ်သည် မိခင်၏အခေါင်းအား မိခင်၏မွေးရပ်မြေတွင် မြုပ်နှံရန် မပို့ပေးခဲ့သလို သခိျုၤင်းမြေလုပ်ရန် ဖုန်းရွှေအရသင့်လျော်သော အနေအထားရှိသည့်မြေကိုလည်း ရှာဖွေပေးခဲ့ခြင်း မရှိချေ။ ထိုအစား ဤကဲ့သို့ ပျက်စီးယိုယွင်းနေသည့်ယာတောခြံထဲတွင်သာ မိခင်အား အလေးမထားစွာ မြုပ်နှံခဲ့သည်။

သဲဝါမြေတို့ဖုံးလွှမ်းကာ နာမည်တခုတည်းသာ ရေးထိုးထားသည့်ကျောက်တိုင်တတိုင် စိုက်ထူထားသည့် ဤနေရာသည် မိခင်၏ ထာဝရအိပ်စက်အနားယူရာ နေရာအဖြစ် အလွန်ကြီးကို သင့်တော်လှပေတာပါလား။

*(T/N: ရွဲ့ပြောခြင်းဖြစ်ကြောင်း....)

“ရှီယုံနျဉ်...”

'တနေ့ကျရင် မေမေ ခံစားခဲ့ရသမျှထက် အဆတရာ ခင်ဗျား ပြန်ခံစားရအောင် ကျွန်တော် လုပ်ပြမယ်...'။ ရှီချန်အန်း၏ရင်ထဲတွင် အမုန်းတရားတို့သာ ရှိသည်။ သူ၏ သနားစရာကောင်းလှသောမိခင်အား စဉ်းစားမိလိုက်ရင် မျက်ဝန်းတို့က နီရဲတက်လာသည်။ သူ၏ခြေလှမ်းများအား ပို၍ အရှိန်မြှင့်လိုက်သော်လည်း သတိမထားမိလိုက်ဘဲ ခလုတ်တိုက်လဲကျသွားသည်။ ကံကောင်းထောက်မစွာ အနောက်မှလိုက်လာသော ဝူရန်မှ သူ့အား အချိန်မှီ လှမ်းဆွဲကာကွယ်နိုင်ခဲ့သည်။ 

"ဝမ်ဖေး သတိထား...”

"ဘာမှမဖြစ်ဘူး...ရတယ်...ရုတ်တရက် မေမေ့ကို သတိရလာပြီး မေမေ့အုတ်ဂူရှိရာ အမြန်ရောက်ချင်သွားလို့ပါ..."

ယနေ့ ရောက်ရှိလာသောသူများသည် ရှီအိမ်တော်မှလူများဖြစ်ကြောင်း သေချာလှသည်မို့...ရှီချန်အန်းသည် သူ့မိခင်၏အုတ်ဂူကိုသာ စိတ်ထဲရှိ၊ စိုးရိမ်မိသည်။ ကျန်သည်များကတော့ ဘာပဲဖြစ်ဖြစ် သူ ဂရုမစိုက်ပေ။ မိခင်၏ အုတ်ဂူရှိရာသို့ အပြေးသွားခဲ့သော်လည်း ထိုနေရာတွင် မည်သူတဦးတယောက်မျှ ရှိမနေပေ။ သူ၏စိတ်ထဲမှ စိုးရိမ်ပူပန်မှုများ တည်ငြိမ်အောင်စောင့်ပြီးနောက် ရှီချန်အန်း ဝူညီနောင်နှစ်ဦးအား ခပ်လှမ်းလှမ်းမှ စောင့်နေစေလိုက်သည်။ သူကိုယ်တိုင်ကမူ မိခင်၏အုတ်ဂူရှေ့တွင် ဒူးထောက်လိုက်သည်။ 

"မေမေ...ဟိုတနေ့က ကျွန်တော် မေမေ့ကိုယ်စား လျိုရှီးကို သင်ခန်းစာ ကောင်းကောင်း ပေးလိုက်တယ်...နောက်ကိုလဲ ကျွန်တော် သူ့ကို အရင်လို မောက်မာခွင့် မပေးတော့ဘူး...မေမေ စိတ်ချပါ...မေမေ့သား နောက်ထပ် အဖေနဲ့ လျိုရှီးတို့ရဲ့ အနိုင်ကျင့်ခံတော့မှာ မဟုတ်ဘူး..."

သူ့အပေါ်တွင် မိခင်သည် မျှော်လင့်ချက်ကြီးကြီးထားကြောင်း သိပေမယ့် ရှီချန်အန်း နောင်တ နည်းနည်းလေးမှ မရပေ။ မိခင်ဖြစ်သူသည် သူ့အား အောင်မြင်သောအနာဂတ်တွင် ဇနီးမယားတယောက်အား လက်ထပ်ယူကာ သားသမီးများနှင့် တည်ငြိမ်သောဘဝအား ဖြတ်သန်းသွားစေလိုသည်။ သို့သော်...သူ ထိုကဲ့သို့ မိခင်ဖြစ်သူ မျှော်လင့်ထားသည့်အတိုင်း နေနိုင်ခဲ့သည်ဆိုဦးတော့...ဘာများ ထူးလာမည်နည်း။ သူ၏သားသမီးတို့သည် ရှီမိသားစု၏မျိုးဆက်များ ဖြစ်လာကြမည်သာ...။ သူသည် ရှီယုံနျဉ်အား အလွန်တရာ မုန်းတီးသည်။ ထို့ကြောင့် ဘယ်လိုလုပ်ပြီး ရှီမိသားစု၏မျိုးဆက် တည်တံ့ပြန့်ပွားအောင် သူ စဉ်းစားလုပ်ဆောင်နိုင်ရမည်နည်း...။

XXXXX

PREVIOUS << TOC >> NEXT

No comments:

Post a Comment

Support My Translations