အပိုင်း (၁၆)
ရှီချန်အန်း ဝမ်ရယ်အိမ်တော်သို့ ပြန်ရောက်ပြီး သိပ်မကြာလိုက် ယနေ့နံနက်ခင်း တော်ဝင်ညီလာခံတွင် ဖြစ်ပျက်ခဲ့သောကိစ္စများအကြောင်း သူ ကြားလိုက်ရသည်။ ရှီမိသားစု၏မကောင်းမှုများအတွက် အပြစ်ဒဏ်သည် ဤကဲ့သို့ စောစီးစွာ ကျရောက်လာမည်ဟု မထင်ထားခဲ့သော ရှီချန်အန်းအဖို့ အချိန်အတော်ကြာသည်အထိ ပြန်လည်စကားမဆိုနိုင်သေးပေ။
"သခင်လေး...နောက်ဆုံးတော့ သူတို့တွေ ထိုက်သင့်တဲ့အပြစ်ဒဏ် ခံရပြီပဲ...ကောင်းကင်ဘုံမှာရှိနေတဲ့ သခင်မကြီးလဲ အခု စိတ်ချလက်ချ အနားယူနိုင်သွားပြီ...ကျွန်မတို့ ဒီနေ့တော့ အောင်ပွဲကြီးကြီး ခံကြရအောင်...''
ထိုသတင်းအား ကြားပြီး အပျော်ဆုံးသူအား ပြပါဆိုလျှင် ချွန်းယွီအား ပြရမည်ဖြစ်သည်။ နေ့လယ် သတင်းကြားရပြီးကတည်းက သူမ၏ အပြုံးမျက်နှာသည် ယခုထိတိုင် ရပ်တန့်၍မရသေးပေ။ ရှီမိသားစု ယခုမှစ၍ မည်သို့သောအခြေအနေမျိုးတို့ဖြင့် ကြုံရတော့မည်အား စဉ်းစားမိလိုက်လျှင် ချွန်းယွီ ထင်သည်။ သူမ ပျော်ရွှင်လွန်းလှသဖြင့် နောက်နှစ်ထိတိုင်အောင် အပြုံးမပျက်ဘဲ တနှစ်ပတ်လုံး အပြုံးမျက်နှာဖြင့်သာ ရှိနေလိမ့်မည်ဟု...။
"မင်းကို ဘယ်သူပြောလိုက်တာလဲ..."
တော်ဝင်ညီလာခံမှကိစ္စများအား ဤအိမ်တော်တွင် ရှောင်းချင်းယန့်မှအပ မည်သူကများ ဤမျှလောက်အထိ မြန်မြန်ဆန်ဆန် သတင်းရနိုင်မည်နည်း။ ဒီကလေးမ ချွန်းယွီ ဘယ်နေရာကများ သတင်းရလာတာပါလိ်မ့်...။ ရှီချန်အန်းအနေဖြင့် သူ၏ ကျန်ရှိနေသော နေ့ရက်များအား အေးအေးဆေးဆေး ဖြတ်သန်းသွားရန်သာ အလိုရှိပေသည်။ မည်သည့်အတွက်မှ ရှောင်းချင်းယန့်အား သွားရောက်ကာ သွေးတိုးစမ်းချင်စိတ်လည်း မရှိပေ။ ကြွယ်ဝချမ်းသာကာ အခွင့်အာဏာကြီးမားလှသောအိမ်တော်ကြီးများတွင် မိမိ၏ခြံဝင်းမှ ယားထိုများအား အခြားခြံဝင်းများသို့ စေလွှတ်ကာ သတင်းစုံစမ်းခိုင်းခြင်း၊ သို့မဟုတ် အခြားခြံဝင်းသို့ အပြစ်လွှဲချ အကောက်ကြံခြင်းတို့မှာ အထူးအထွေမဟုတ်ဘဲ ဖြစ်နေကြကိစ္စများ ဖြစ်သည်။ ရှီချန်အန်းအတွက်တော့ ရှောင်းချင်းယန့်မှ သူသည် ရှောင်းချင်းယန့်၏နံဘေးမှ လူများကြား ဝင်ကာ သတင်းစုံစမ်းသည်၊ ဝင်ရောက်စွက်ဖက်လိုသည်ဟု ထင်မည်၊ တွေးမည်အား မလိုလားပေ။
"အဲ့ဒါ ကျူးအိမ်တော်ထိန်းရဲ့သားက ပြောပြတာ...ဟုတ်သားပဲ...ကျွန်မ အခုထိ သူ့နာမည်တောင် မသိရသေးဘူးဘဲ..."
ချွန်းယွီသည် ဤအိမ်တော်ရှိလူများအား မည်သူ့ကိုတော့ ဂရုထား၊ အလေးပေးဆက်ဆံရမည် စသည်ဖြင့် သေချာစွာ လေ့လာခွဲခြားထားပြီး ဖြစ်သည်။ ထိုသူများထဲတွင် ကျူးအိမ်တော်ထိန်းသာမက သူ၏သားဖြစ်သူလည်း ပါဝင်သည်။ အကြောင်းကတော့ သူသည် ဝမ်ရယ်၏နံဘေးတွင် ခစားရသော ဝမ်ရယ်၏လက်စွဲရှောင်စူး ဖြစ်သောကြောင့်ပင်။ သူသည် နောက်ပိုင်းအချိန်များကျလျှင် ဤရှန်ဝမ်အိမ်တော်၏ အိမ်တော်ထိန်း ဖြစ်လာမည့်သူ ဖြစ်သည်။ ထိုသို့သောသူနှင့် ကောင်းမွန်သော ဆက်ဆံရေးတရပ် တည်ဆောက်ထားနိုင်ပါက မကောင်းပေဘူးလား။ သူမ၏သခင်လေးအတွက် အကျိုးရှိမည့်ကိစ္စပင်။
"အင်း...သိပြီ...ဒါနဲ့ ငါ မင်းတို့ကို ပြောစရာရှိသေးတယ်...ဝမ်ရယ်နဲ့ ပတ်သက်တဲ့ကိစ္စတွေ မင်းတို့ နောက်ထပ် သွား မစပ်စုနဲ့တော့...မင်းတို့ ဘာမှလုပ်စရာမရှိလို့ ပျင်းတဲ့အချိန်တွေဆိုရင်...အိမ်တော် အပြင်ထွက်ပြီး ဟိုဟိုဒီဒီ လျှောက်လည်ကြပေါ့...မင်းတို့ရဲ့ လစာကိုလဲ အထူးအထွေလုပ်ပြီး စုနေစရာမလိုဘူး...မင်းတို့ ဝယ်ချင်တဲ့ပစ္စည်းရှိရင် နှမြောမနေဘဲ ဝယ်စရာရှိတာသာ ဝယ်ပစ်...မင်းတို့ရဲ့ မင်္ဂလာခန်းဝင်ပစ္စည်းတွေအတွက် ငါ စဉ်းစားထားတာ ရှိပြီးသား...မင်းတို့ ကိုယ့်ဘာသာ စုနေစရာမလိုဘူး..."
အိမ်တော်ထိန်း၏ သားနာမည်အား ရှီချန်အန်း ဂရုမစိုက်ပေ။ သူ ဂရုစိုက်ရမည့်ကိစ္စကား သက်သက် ရှိလေသည်။
ချွန်းယွီနှင့် တုန်းရွှယ်တို့သည် လက်ထပ်ရတော့မည်အရွယ်သို့ ရောက်နေပြီ။ ရှီချန်အန်း သူတို့၏ လက်ထပ်ရမည့်အချိန်အား မနှောင့်နှေးစေချင်။ သူ၏နံဘေးတွင်ရှိသော သစ္စာရှိသည့်လူနှစ်ဦး လျော့သွားမည် ဖြစ်သော်လည်း သမီးမိန်းကလေးတို့မည်သည် သီးချိန်တန်သီး၊ ပွင့်ချိန်တန်လျှင် ပွင့်ရပေမည် မဟုတ်ပါလား။
သူမ၏ မင်္ဂလာကိစ္စအကြောင်းပြောလေတော့...မည်သို့ပင်ဖြစ်စေကာမူ ချွန်းယွီသည် ငယ်ရွယ်သေးသည့် အပျိုဖြန်းလေးတဦးသာ ဖြစ်လေရာ သူမ၏မျက်နှာပြင်သည် ရှက်သွေးဖြာကာ နီမြန်းလာလေသည်။ သို့စေကာမူ သူမသည် အားကြိုးမာန်တက် ပြန်ဖြေရှာသေးသည်။
"သခင်လေး...ကျွန်မတို့ နူးပိတွေအတွက် အလျင်မလိုပါဘူး...ပြီးတော့...ပြီးတော့...နူးပိ သခင်လေးကို စိတ်မချပါဘူး...ဘယ်လိုလုပ်ပြီး လက်ထပ်ပြီး ထွက်သွားနိုင်ရမှာလဲ...နူးပိကတော့ ယန်မောမော့လို လက်မထပ်ဘဲ...တသက်လုံး သခင်လေးကို ပြုစုစောင့်ရှောက်သွားမှာ..."
သူတို့နှစ်ဦး၏မင်္ဂလာကိစ္စနှင့် ပတ်သက်၍ ပြောမိသည့်အချိန်တိုင်း ထိုစကားသည် သူတို့၏ပင်တိုင်အဖြေ ဖြစ်လေသည်။ ရှီချန်အန်းသည်လည်း သူတို့နှစ်ဦးအား အတင်းအကျပ် မပြောချင်ပေ။ သူအနေဖြင့် သူမတို့၏အခြေအနေအား အကဲခတ်စောင့်ကြည့်သွားရန်သာရှိတော့သည်။ သူမတို့၏အနေအထားဖြင့် ဝမ်ရယ်အိမ်တော်မှ သင့်တော်သောသူတချို့နှင့် နေရာချပေးရန် ရှီချန်အန်း စီစဉ်လိုက်၍ရသည်။ သို့သော် ဤအိမ်တော်ရှိ ထိုသူများသည် အစေခံကျေးကျွန်များသာ ဖြစ်ကြရာ သူမတို့အပေါ် မတရားရာရောက်သည်ဟု ရှီချန်အန်း တွေးမိသည်။ သို့သော်လည်း သူမတို့၏အဆင့်အတန်းကြောင့် ထိုထက်ပိုကောင်းမည့် မိသားစုအား ရှာတွေ့ရန်မှာလည်း ခက်ခဲလှပေသည်။ မည်သို့ဆက်လုပ်ရမည်အား ရှီချန်အန်း မသိတော့ချေ။ နောက်ဆုံးတော့ ဤအိမ်တော်မှလူဖြင့်ဖြစ်စေ၊ အပြင်မှ မိမိဘာသာ တွေ့လာသောလူဖြစ်စေ...သူမတို့ စိတ်တိုင်းကျသာ ရွေးချယ်ပါစေတော့ဟု သူ ဆုံးဖြတ်လိုက်သည်။* သူမတို့ ရွေးချယ်လာသောသူူသည် စာရိတ္တမဆိုးပါက...သူ့အနေဖြင့် ထောက်ခံပေးကာ လက်ထပ်ပေးလိုက်ရန်သာ ရှိမည်။ သူမတို့၏ အိမ်ထောင်ဖက်သည်လည်း သူ၏လူများသာ ဖြစ်သည်။ နောင်အနာဂတ်တွင် သူသည် သူမတို့၏ တသက်သာအတွက် မပူပင်ရအောင် ထောက်ပံ့စောင့်ရှောက်ပေးနိုင်သူဖြစ်စေရမည်။ သူမတို့၏ သူ့အပေါ်တွင် ထားရှိသော မေတ္တာနှင့် ငယ်စဉ်ကတည်းက သူ့အတွက် စွန့်လွှတ်အနစ်နာခံခဲ့ရမှု၊ ကာကွယ်စောင့်ရှောက်ခဲ့မှုတို့သည် အကျိုးမဲ့ အချည်းအနှီး မဖြစ်စေရပေ။
*(T/N: ကလေးက သူရဲ့ဝမ်းမနာသမီးတွေ အိမ်ထောင်မကျမှာကို ပူနေရှာတာ😄😌...)
"နားလည်ပါပြီ သခင်လေး..."
အာဏာရှိ၊ ချမ်းသာကြွယ်ဝကာ အခြေကြီးလှသော အိမ်တော်ကြီးများ၏ စည်းကမ်းထုံးတမ်းများအား ချွန်းယွီတို့နှစ်ဦးသည် အနည်းနှင့်အများတော့ နားလည်သေးသည်။ ထို့ကြောင့် သူမတို့၏အဖြေသည်လည်း အပိုအလို မရှိပေ။
ယခု အိမ်တော်သို့ စီ့ဖေးများ ရောက်လာကြပြီဖြစ်၍ ရှီချန်အန်း အတန်ငယ် စိတ်သက်သာစွာနေ၍ ရပြီဟုဆိုနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ရှောင်းချင်းယန့်အတွက် ညအချိန်ကုန်ဆုံးရန် ရွေးချယ်စရာနေရာ များလာသောကြောင့်ဖြစ်ပြီး သူသည်လည်းပဲ စိတ်အေးသက်သာစွာ အိပ်စက်နိုင်မည် ဖြစ်သောကြောင့်ပင်။
ချွန်းယွီမှ အောင်ပွဲခံသင့်သည်ဟူသော အကြံပေးချက်ကြောင့် ယနေ့ည၏ညစာစားပွဲသည် ဟင်းမျိုးစုံလင်ကာ များပြားခမ်းနားလှသည်ဟု ဆိုနိုင်သည်။ ထိုတညက သူ သောက်ပြီးနောက် နှစ်ခြိုက်စွာအိပ်ပျော်သွားစေရန် စွမ်းဆောင်နိုင်သော ဝိုင်အရက်အား ရှီချန်အန်း ပြန်အမှတ်ရမိပြီး ညစာနှင့်အတူ ဝိုင်အရက်ပါ ပြင်ဆင်ပေးရန် စေခိုင်းလိုက်သည်။ အားလုံးပြင်ဆင်ပြီး၍ စားရန်အချိန်ကျလာတော့ ရှီချန်အန်း သူ၏ခြံဝန်းထဲရှိ ယားထိုငယ်အားလုံးအား အပြင်ထွက်ကာ စောင့်နေရန် စေခိုင်းလိုက်သည်။ ထို့နောက် ယန်မောမော့၊ ချွန်းယွီနှင့် တုန်းရွှယ်တို့အား အားလုံး အတူထိုင်စားကြရန် ဆိုလိုက်လေသည်။
"ဝမ်ဖေး...ဒါက မသင့်တော်ပါဘူး..."
“ဘာတွေ သင့်တော်တာ...မသင့်တော်တာတွေ ပြောနေတာလဲ...အရင်တုန်းကရော...ကျွန်တော်တို့ အတူတူ တစားပွဲထဲ စားခဲ့ကြတာပဲ မဟုတ်လား...ဒီနေ့က နေ့ကောင်းရက်မြတ်ပဲ...ချွန်းယွီ ပြောသလို ကျွန်တော်တို့ အောင်ပွဲခံသင့်တယ် မဟုတ်လား...မောမော့...မောမော့ ဘာမှ စိုးရိမ်နေစရာ မလိုဘူး...ကျွန်တော် ယားထိုလေးတွေကို အပြင်မှာ စောင့်ခိုင်းထားတယ်...ဘာမှ မဖြစ်ဘူး...”
ပြောရမည်ဆိုလျှင် သူတို့ အစေခံများအနေဖြင့် သခင်၏ စကားအား ကျော်လွှား၍မရ၊ ကျော်လွှားနိုင်ခြင်း မရှိပေ။ ရှီချန်အန်းမှ ထိုသို့ပြောသည့်အခါတွင်တော့ သူတို့သည် ကြောက်ရွံ့ကာ မဝံ့မရဖြစ်မိသော်လည်း စားပွဲတွင် ဝင်ထိုင်လိုက်ရန်သာ ရှိသည်။ ထိုသို့ မသက်သာ၍ထိုင်လိုက်ရသည့်သူနှစ်ယောက်နှင့်မတူသည်ကတော့ ချွန်းယွီပင်ဖြစ်သည်။ သူမကတော့ 'ဟီးဟီး'ဟု သဘောကျစွာ ရယ်ကာ ဝင်ထိုင်ရင်း စားပွဲရှိလူများ အားလုံးအတွက် ဝိုင်အရက်ပင် စတင်ငှဲ့ပေးနေပြီ ဖြစ်သည်။
ရှီချန်အန်း သူတို့အား ရှီအိမ်တော်မှနေ၍ ရွာငယ်လေးရှိ ယာတောခြံငယ်သို့ ရှီယုံနျဉ်မှ နှင်ထုတ်လိုက်သည့်နှစ်အား မှတ်မိနေသေးသည်။ ထိုနှစ်က သူ၏အသက်သည် ဆယ့်ငါးနှစ်ပင် မပြည့်သေးပေ။ ချွန်းယွီနှင့် တုန်းရွှယ်သည်လည်း ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်အရွယ် မိန်းကလေးငယ်များသာ ရှိသေးသည်။ အစောပိုင်းရက်များတွင်တော့ ခြံငယ်လေးရှိလူများသည် သူ၏အဆင့်အတန်းအား လေးစားသောအားဖြင့် ဆက်ဆံကြသောကြောင့် သူတို့၏ အစားအသောက်၊ အဝတ်အထည်နှင့် နေရေးထိုင်ရေးအစရှိသည်တို့သည် သည်းခံ၍ရသည့် အခြေအနေတွင် ရှိသေးသည်။ သို့သော် အချိန်အနည်းငယ်ကြာလာ၍ သူသည် ရှီအိမ်တော်မှ နှင်ထုတ်ခံလိုက်ရသည်အား ယာတောခြံရှိလူအားလုံး သိရှိပြီးသွားချိန်တွင်တော့ ထိုသူတို့သည် သူ့အား မလေးမစားဆက်ဆံကာ အရိုအသေတန်လာကြတော့သည်။ ထို့ကြောင့် သာမန်နေ့ရက်မျိုးအား မဆိုထားနှင့်...နှစ်သစ်ကူးပွဲတော်ရက်များတွင်ပင် သူတို့၏ ထမင်းစားပွဲပေါ်၌ ဟင်းကောင်းတခွက်ပင် မယ်မယ်ရရ မရှိခဲ့ပေ။
ထိုအချိန်များတွင် သူသည်လည်း အမြဲလိုပင် နေမကောင်းဖြစ်နေခဲ့သည်။ ထိုနေ့ရက်များတွင် ယန်မောမော့တို့တတွေသည် သူတို့ ရှီအိမ်တော်တွင် နေခဲ့စဉ်က မသုံးရက်မစွဲရက် စုဆောင်းထားခဲ့သော သူတို့၏ ကိုယ်ပိုင်စုငွေများအား သူ့အတွက် ဆေးဝယ်ရန် အသုံးပြုခဲ့ကြသည်။
"မောမော့...ချွန်းယွီ...တုန်းရွှယ်...ဒီတခွက်က အားလုံးအတွက် ကျွန်တော် အရိုအသေပေးတာပါ...ဒီနှစ်တွေကို အားလုံးရဲ့ ဖေးမစောင့်ရှောက်မှုကြောင့်သာ ကျော်ဖြတ်နိုင်ခဲ့တာပါ...."
မဟုတ်ပါက ယနေ့ထိတိုင် သူ အသက်ဆက်ရှင်ကာ တောင့်ခံနိုင်မနိုင်၊ သို့မဟုတ် ဤကဲ့သို့ ရှီအိမ်တော်၏ အဆုံးသတ်အား မြင်ခွင့်ရမည့် နေ့တနေ့ရောက်လာသည်အား မြင်ခွင့်ရမရဟူ၍ သူကိုယ်တိုင်ပင် သိနိုင်ခဲ့မည် မဟုတ်ပေ။
ရှီချန်အန်း သူ၏စကားဆုံးသည်နှင့် လက်ထဲရှိခွက်အား တခါတည်း မော့ကာ သောက်လိုက်သည်။ ယန်မောမော့တို့တတွေကတော့ ရှီချန်အန်း၏ စကားအား ပြန်မတုံ့ပြန်နိုင်၊ ထို့အတူ လက်မခံနိုင်စွာ 'သူတို့သည် ဤချီးကျူးမှုနှင့် မထိုက်တန်ပါ'ဟူသည့်သဘောဖြင့် လက်များ ဝှေ့ယမ်းကာ ငြင်းပယ်ကြရုံသာ တတ်နိုင်ပေတော့သည်။
"သခင်လေး...သခင်လေး ဒီလိုပြောတာ ကျွန်မတို့နူးပိတွေ မခံယူဝ့ံပါဘူး...သခင်လေးက သခင်ပါ...အဲ့ဒါက ကျွန်မတို့ လုပ်ရမယ့်တာဝန်တွေပါ..."
"ဘာ...'သခင်'ဟုတ်လား...ဘယ်သူပြောလဲ...ဘယ်သူက 'သခင်'...ဘယ်ဟာက 'လုပ်သင့်တဲ့ တာဝန်တွေ'ဆိုတာကို...အဲ့ဒီလျိုရှီးက ယိနျှောင်တယောက်ပဲ...အဲ့ဒါဆို ငါ့မေမေက သူ့သခင် မဟုတ်ဘူးလား...ပြီးတော့ အဲ့ဒီယာတောခြံကလဲ မေမေ ပိုင်တာပဲ...အဲ့ဒီခြံထဲက လူတွေအားလုံး မေမေ့ရဲ့ အိမ်တော်ပါအစေခံတွေ မဟုတ်လို့လား...ဒါဆို ငါကရော...သူတို့ရဲ့သခင် မဟုတ်ဘူးလား...ဒါပေမယ့် သူတို့ ဘယ်လိုလုပ်ခဲ့ကြသလဲ...လူ့စိတ်ဆိုတာ ဘယ်လိုတိုင်းတာရမှာလဲ...'အဆင့်အတန်း'ဆိုတာ တခုထဲနဲ့ပဲ ထိန်းချုပ်ထားလို့ရလို့လား..."
သူ၏ရင်ထဲမှ အဖြစ်ချင်ဆုံးဆန္ဒတခု ပြီးဆုံးသွား၍လောမသိ...ရှီချန်အန်း၏ ပြင်ပမျက်နှာပြင်သည် တည်ငြိမ်နေသယောင်ရှိသော်လည်း သူ၏ရင်ထဲ၊စိတ်ထဲတွင်မူ စိတ်လှုပ်ရှားကာ ခံစားချက်မျိုးစုံ ထွေပြားနေသည်။ နှစ်ခွက်မြောက်...သုံးခွက်မြောက် စသည်ဖြင့် ဝိုင်အရက်အား သောက်သုံးနေသလို နှုတ်မှပြောစကားတို့သည်လည်း တဖြည်းဖြည်း သူ၏ပုံမှန်ထိန်းချုပ်ခြင်းမှ လွတ်ထွက်လာသောစကားများ ဖြစ်လာတော့သည်။
ရှီချန်အန်းသည် ပုံမှန်အားဖြင့် ဝိုင်အရက်သောက်လေ့မရှိပေ။ ထို့ကြောင့် ယန်မောမော့သည်လည်း သူမ၏သခင်လေး၏ ပုံမှန်သောက်သုံးနိုင်သည့် အရက်ပမာဏအား မသိရပေ။ စောစောတုန်းက သခင်လေးသည် တခွက်ပြီးတခွက် သောက်နေခဲ့သည်မှာ မှန်သော်လည်း သူတို့သောက်နေသည့် ဝိုင်အရက်မှာ ပြင်းလှသည့်အမျိုးအစားထဲမှ မဟုတ်ပေ။ ပြီးတော့ ဝိုင်အရက်ထည့်သည့်ခွက်မှာလည်း ခွက်အကြီး မဟုတ်သေးပေ။ ဤကဲ့သို့သော ခွက်အနည်းမျှသာရှိသေးသော အရက်ပမာဏလောက်ဖြင့် သခင်လေးသည် အဘယ့်ကြောင့် ယခုကတည်းကပင် အရက်မူးနေသည့်ဟန်ပေါက်နေရသနည်း။
"သခင်လေး...ဝိုင်အရက်ကိုပဲ မသောက်ပါနဲ့...ဟင်းတွေလဲ နည်းနည်း စားပါဦး...မဟုတ်ရင် သခင်လေး ဗိုက်နာနေဦးမယ်..."
"ဟုတ်တယ် သခင်လေး...သခင်လေးရဲ့အစာအိမ်က အရင်ကတည်းက ကောင်းတာ မဟုတ်ဘူး...အခု အခြေအနေတွေက အရင်ကလိုမှ မဟုတ်တော့တာ...ကျွန်မ အထင်တော့ သမားတော်ကောင်းကောင်းပင့်ပြီး သခင်လေးရဲ့ခန္ဓာကိုယ် တကိုယ်လုံး စမ်းသပ်ခိုင်းသင့်တယ်...ပြီးတော့ သူ့ကို သခင်လေးအတွက် အားဆေးဖော်ခိုင်းရမယ်...ဘယ်လိုလဲ..."
"အေးပါ...ဒီနေ့တော့ အဲ့ဒါတွေ မပြောရအောင်...မင်းတို့ ငါ့ကိုပဲ ဦးစားပေးမနေကြနဲ့...ကိုယ့်ဘာသာလဲ များများ ထည့်စားကြ..."
ရှီချန်အန်း အမှန်တကယ်ပင် ပျော်ရွှင်နေမိသည်။ ပျော်လွန်း၍ ဘယ်လိုရပ်တန့်ရမည်အား မသိတော့အောင်ပင်။ သူတို့ ဒီလိုနေ့မျိုးရောက်လာစေရန် အဘယ်မျှ မျှော်လင့်စောင့်စားနေခဲ့ရသလဲ။
"ဟားဟား...ဟုတ်ကဲ့...ကျွန်မကတော့ အရမ်းပျော်တာပဲ...သခင်မကြီးအတွက်လဲ ပျော်တယ်...သခင်လေးအတွက် ပိုလို့တောင် ပျော်သေးတယ်...''
ချွန်းယွီနှင့် တုန်းရွှယ်အား ရှီအိမ်တော်မှ ဝယ်ခဲ့သည့်အချိန်တုန်းက သူမတို့သည် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်သာ ရှိသေးသည်။ ထိုအချိန်မှစ၍ ရှီချန်အန်း၏ နောက်သို့ သူမတို့ လိုက်ခဲ့ရသည်မှာ နှစ်အတော်အသင့်ပင် ကြာခဲ့ပြီဖြစ်သည်။ ထိုနှစ်များအတွင်း သခင်လေးသည် သူမတို့အား ကောင်းမွန်စွာ ဆက်ဆံခဲ့သည်။ မည်သည့်အိမ်တော်၏သခင်ကမှ သခင်လေးကဲ့သို့ အစေခံကျေးကျွန်များအပေါ် ဤကဲ့သို့ ကောင်းမွန်စွာ ဆက်ဆံသည်အား သူမတို့ တခါမှ မမြင်ဖူးခဲ့။ ထို့ကြောင့်ပင် ရှီချန်အန်းကြောင့် သူမတို့ မည်မျှပင် ပင်ပန်းဒုက္ခခံခဲ့ရသော်လည်း သူမတို့စိတ်ထဲတွင် ရှီချန်အန်းအား မုန်းတီးစိတ် တခါမှ မဖြစ်ပေါ်ဖူးခဲ့ပေ။ ထိုအစား သူမတို့ ဆုတောင်းမိသည်မှာ တနေ့တော့ မိုးနတ်မင်းကြီးသည် သူ၏မျက်စိထဲတွင် သခင်လေးအား မြင်မိ၍ သခင်လေးအတွက် ရှီအိမ်တော်အပေါ် လက်တုံ့ပြန်နိုင်ခွင့်ပေးသနားပါ၊ သခင်လေး၏ နာကျည်းမုန်းတီးမှုများအား ဖြေဖျောက်ခွင့်ပေးသနားပါ ဟူ၍ဖြစ်သည်။
အပျော်ဆုံးသူသည် ချွန်းယွီ တယောက်ထဲပေလား။ မဟုတ်ပေ။ သူတို့ သခင်နှင့်အစေခံ...အားလုံး ပျော်ရွှင်ကြသည်မှာ အတူတူပဲဖြစ်သည်။ ချွန်းယွီသည် နဂိုကပင် အမြဲ တက်ကြွရွှင်လန်းသောသူဖြစ်လေရာ ယနေ့အဖို့ ဘာမှချုပ်ထိန်းနေခြင်းမရှိ စိတ်လွတ်ကိုယ်လွတ် ဟားဟားဟီးဟီး ရယ်ကာ မြူးတူးပျော်ရွှင်နေတော့သည်။ နဂိုအချိန်များတွင် အမြဲ တိတ်ဆိတ်ကာ အေးအေးဆေးဆေးနေလေ့ရှိသည့် တုန်းရွှယ်သည်ပင် နှုတ်ခမ်းဖျားတို့ ကော့ညွှတ်တက်ကာ သူမ၏ပြုံးပျော်နေသည့်အသွင်သည် ဖုံးကွယ်ထား၍မရစွာ ထင်ရှားပေါ်လွင်နေသည်။ ထို့အတူ...ရှီချန်အန်းသည်လည်းပဲ အလားတူပင် ဖြစ်သည်။ သူ၏စိတ်ထဲတွင် မိခင်ဖြစ်သူအား သတိရနေမိသည်။ သူ၏လက်သည် ရပ်တန့်မရဘဲ တခွက်ပြီးတခွက် သောက်နေရင်းမှ သူ ဤကဲ့သို့ စိတ်လွတ်ကိုယ်လွတ် မနေရသည်မှာ အချိန်အတော်ပင်ကြာခဲ့ပြီဖြစ်ကြောင်း တွေးနေမိသည်။
ယန်မောမော့သည်လည်း အစကတော့ စိုးရိမ်နေခဲ့သေးသည်။ ထို့နောက် အပြင်မှ အထူးအထွေ လှုပ်ရှားရှိမလာသောကြောင့် သူမသည်လည်း စိတ်ဖြေလျော့ကာ စိတ်လွတ်လက်လွတ် ပျော်ရွှင်နိုင်တော့သည်။ ဤစားပွဲတွင် ထိုင်နေကြသောသူများသည် ပုံမှန် အရက်သောက်လေ့မရှိသူများဖြစ်ကြကာ မိမိကိုယ်တိုင်ပင် ဝိုင်အရက်အား မည်မျှသောပမာဏအထိ သောက်နိုင်ကြသည်အားလည်း မသိကြသူများ ဖြစ်သည်။ ထို့အတူ မိမိကိုယ်ကို အရက်မူး၍မူးနေကြောင်းလည်း နားမလည်၊ မသိနိုင်ကြသည့်သူများ ဖြစ်လေသည်။ သူတို့ သိသည်မှာ ဤဝိုင်အရက်သည် သောက်လေသောက်လေ သူတို့အကြိုက်တွေ့လေဖြစ်ကာ များများသောက်လေ သူတို့၏ကိုယ်သည် ပို၍ပေါ့ပါးလာသည်ဟု ခံစားမိခြင်းတခုသာဖြစ်လေသည်။ သူတို့၏ခေါင်းသည် တဖြည်းဖြည်း ပေါ့ပါးရီဝေလာသည်အား ခံစားမိသော်လည်း ထိုသည်ကပင် ကောင်းမွန်သည့်ခံစားချက်ပင် ဖြစ်သည်ဟု ယူဆကာ မိမိကိုယ်ကို စည်းကမ်းတင်းကြပ် ထိန်းချုပ်မနေဘဲ တခွက်ပြီးတခွက် သောက်နေကြသည်မှာ ရပ်တန့်၍ မရနိုင်တော့ပေ။
ရှီချန်အန်းသည် မူးယစ်ရီဝေနေပြီ ဖြစ်သည်။ သူ၏တကိုယ်လုံးလည်း အဖျားတက်နေသည့်နှယ် ပူရှိန်းရှိန်း ခံစားနေရသည်။ သူ အပြင်ထွက်ကာ အေးမြသည့်လေညင်းခံရင်း သူ့ကိုယ်မှ အပူဒဏ်သက်သာသွားအောင် လုပ်ပစ်ချင်မိသည်။ ထိုစဉ် တစုံတယောက်မှ 'ဝမ်ရယ်'ဟု ခေါ်လိုက်သံအား သူကြားလိုက်မိသလိုပင်။ ရှောင်းချင်းယန့် လာတာလား...။ အဆင်သင့်လိုက်လေ...။ သူကလည်း ရှောင်းချင်းယန့်အား ကျေးဇူးတင်စကား ပြောချင်နေခဲ့တာ။ အခု လာတာ အတော်ပဲ...။
စားပွဲပေါ် လက်နှစ်ဖက်အား အားပြုထောက်ကာ ထရပ်လိုက်သော ရှီချန်အန်း......အခန်းတံခါးဝသို့ပင် ရောက်နေပြီဖြစ်သော ရှောင်းချင်းယန့်အား မြင်လိုက်ရသည်။ သူ၏အနောက်တွင်လည်း လူအတော်အများ လိုက်ပါလာသည်လား မသိ...။ သို့သော် ကိစ္စမရှိပါဘူး...။ သူက ရှောင်းချင်းယန့်ကိုပဲ ကျေးဇူးတင်စကား ပြောချင်တာ...။အဲ့ဒီနောက်ကလူတွေ ဘယ်သူပဲဖြစ်ဖြစ် သူ ဂရုမစိုက်ပါဘူး...။
*(T/N: ငမူးလေး တယောက်၏အတွေးများ😌)
"အရှင်...……”
"အား...ဒါ...ဝမ်ရယ်...သူတို့လုပ်နေတာ ဘယ်လောက်တောင် မသင့်တော်လိုက်တာလဲ..."
ညစာစားချိန်ထိတိုင်အောင် ဝမ်ရယ်သည် သူမ၏ကိုယ်ပိုင်ခြံဝန်းသို့ ရောက်မလာသေးပေ။ ဝမ်ရယ်သည် ဝမ်ဖေး၏အဆောင်တွင် ရှိနေမှာ သေချာသည်ဟု မင်ယွိ တွေးမိသောကြောင့် 'ဝမ်ဖေး၏ညစာစားချိန်အား ခစားရန်'ဟူသော အကြောင်းပြချက်ဖြင့် ချင်ရှင်းအား အတူခေါ်ကာ ဝမ်ရယ်အိမ်တော်၏ပင်မခြံဝန်းသို့ ထွက်လာခဲ့ကြသည်။ လမ်းတဝက်တွင် မထင်မှတ်ဘဲ ဝမ်ရယ်နှင့် သူတို့နှစ်ဦး ဆုံမိကြသည်။ ထိုထက်မထင်မှတ်ထားသည်က သူတို့ ဝမ်ဖေးဆီလာရင်း အားလုံး အ့ံအားသင့်ရမည့် ဤကဲ့သို့သော မြင်ကွင်းမျိုးအား တွေ့ရလိမ့်မည်ဟူ၍ပင်။
'ဒီရှီချန်အန်းက အစေခံကျွန်အုပ်စုနဲ့ ဒီလို မူးသေနေအောင် အရက်သောက်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး...။ လူကဖြင့် ဝမ်ဖေးဖြစ်ပြီး...ဒီလို **လုပ်ရပ်မျိုး တကယ် လုပ်နေခဲ့တယ်ပေါ့...'
*(T/N: မူရင်းထဲမှာကို **လို့ ပါတာပါ။)
"အရှင်...အရှင်......"
မထင်ရဘူးပဲ...။ သူက ရှောင်းချင်းယန့်အား တွေးလိုက်ရုံပဲ ရှိသေးသည်။ ရှောင်းချင်းယန့် တကယ် ရောက်လာမည်ဟု...။ ရှီချန်အန်း ထိုသူရှိရာဆီသို့ ရှေ့တိုးကာ လျှောက်သွားလိုက်သည်။ သူက ထိုသူအား ကျေးဇူးတင်ကြောင်း ဂါဝရပြုအရိုအသေပေးမလို့ပင်...။ သို့သော် သူ၏ကိုယ်အား ခဏ ကွေးလိုက်ရုံရှိသေးသည်...သူ၏ပျော့ခွေနေပြီဖြစ်သော ခြေထောက်များကြောင့်.......သူ၏ လူတကိုယ်လုံး ထိုသူရှိရာသို့ ပစ်ဝင်လိုက်..................
“အား...”
"ဘာကိစ္စနဲ့ ဒီလောက် အော်ကြီးဟစ်ကျယ် လုပ်နေတာလဲ..."
သူ့ဘက်သို့ လဲကျလာကာ ယခု သူ၏ကိုယ်အား မှီတွဲနေသည့်သူအား လက်နှစ်ဖက်ဖြင့် ဖေးကူထားရင်း ရှောင်းချင်းယန့် မျက်မှောင်ကြုံ့ကာ ဘေးတွင်ရပ်နေသော မင်ယွိအား ပြစ်တင်ဆူပူစကားဆိုလိုက်သည်။ ဒီမိန်းမ၏ စူးရှလှသောအော်သံသည် သူ၏နားစည်ပင် ကွဲထွက်သွားမတတ်ပေ။
“ဝမ်ရယ်....……”
မင်ယွိ သူမ မတရားခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။ ယခု မသင့်တော်သောလုပ်ရပ်၊ မတော်တရော်တွေလုပ်ထားသောသူသည် သူမမှ မဟုတ်တာ။ ရှောင်းချင်းယန့်အား ပြန်မပြောနိုင်သော မင်ယွိသည် အခန်းတွင်းရှိ အရက်မူးကာနေသည့် အစေခံအုပ်စုအပေါ်သို့သာ ဒေါသလွှဲချရန်သာ ရှိတော့သည်။ အတွင်းခန်းထဲတွင် ဖြစ်ပေါ်လာသော ဆူညံဆူညံအသံသည်ကား တိုးတိတ်လှသည် မဟုတ်ပေ။ ချွန်းယွီနှင့် အပေါင်းအပါတစု မျက်လုံးအား မဖွင့်ချင်ဖွင့်ချင် ဖွင့်လိုက်သည့်အခိုက်အတန့်အတွက်တော့ ရှောင်းချင်းယန့်တယောက်သာ ထင်ထင်ရှားရှား မြင်လိုက်ရန်သာ လိုအပ်ပေသည်။ ချက်ချင်းပင် ကြောက်လန့်မှုကြောင့် သူတို့၏ အရက်မူးနေမှု တဝက်ပင် ပြေပျောက်သွားတော့သည်။ အချိန်ဆိုင်းမနေဘဲ သူတို့အားလုံး မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြသည်။
“ဝမ်ရယ်အား ဂါဝရပြု အရိုအသေပေးပါတယ်...”
"နင်တို့ ဒီအစေခံတွေ...သတ္တိအတော်ကောင်းနေကြတယ်ပေါ့...ဟင်...သခင်ရဲ့ အတွင်းခန်းထဲ ဝင်ပြီး မူးရူးနေအောင် အရက်သောက်ရဲတယ်ဆိုတော့...နင်တို့က ဒီနေရာကို နင်တို့ရဲ့ စည်းမရှိ ကမ်းမရှိတဲ့ ရှီအိမ်တော်များ မှတ်နေကြတာလား..."
ယနေ့ ရှီအိမ်တော်သည် မြို့တော်တခုလုံးတွင် လူအများ၏ လှောင်ရယ်စရာတခု ဖြစ်နေလေပြီ။ ရှီမိသားစုဝင်များသာမက ရှီအိမ်တော်ရှိ အလုပ်သမား အစေခံများမှအစ အပြင်ထွက်သည့်အခါများတွင် သူတို့သည် ရှီအိမ်တော်တွင် အလုပ်လုပ်နေပါသည်ဟု လူအများအား မပြောရဲကြသည်အထိပင်။
မင်ယွိသည် ရှီချန်အန်းအား ပြဿနာရှာရန် အကြောင်းရှာမတွေ့မည်အား စိုးရိမ်နေခဲ့တာဖြစ်သည်။ ယခုတော့ အခွင့်အရေးသည် ရေကန်အသင့် ကြာအသင့်ပင် သူမထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြီဖြစ်သည်။ သူမက ဘာကို တွန့်ဆုတ်စောင့်ဆိုင်းနေရဦးမည်နည်း။ သူမ၏မျက်နှာပေါ်မှ ကျေနပ်အားရနေသည့်အမူအရာကား ဖုံးကွယ်ချင်သော် ဖုံးကွယ်၍မရအောင်ပင် ပေါ်လွင်နေသည်။
ရှီချန်အန်းကား ချွန်းယွီတို့အုပ်စုထက် ပို၍ အမူးလွန်နေပြီဖြစ်သည်။ ထို့အပြင်...ဤနေရာသည် သူ၏အဆောင်၊ သူ၏ခြံဝန်း ဖြစ်သည်။ သူ ကြောက်ရမည့်အရာ ဘာမှမရှိပေ...။ ဒီနေ့ သူ့တကိုယ်လုံး နည်းနည်း ပူလောင်နေသည်ဟု ခံစားမိရုံသာ။ ပြီးတော့ လူတကိုယ်လုံး ပေါ့ပါးကာ လေထဲလွင့်နေသလိုပင်။ ဒါပေမယ့် အဲ့ဒီခံစားချက်က ခံစားလို့တော့ ကောင်းသား...။ သူ၏ မတည်မငြိမ်၊ ဒယိမ်းဒယိုင်ဖြစ်နေသောကိုယ်ဖြင့် ကိုယ်တိုင်ပင် မသိလိုက်ဘဲ ရှီချန်အန်း အနားတွင်ရှိနေသောသူအား တင်းကြပ်စွာ ဖက်ထားမိလိုက်သည်။ သူ၏နှုတ်ခမ်းများကတော့ ထိုသူအား တိုးညင်းစွာ တီးတိုးစကားဆိုနေမိသည်။
"အရှင်...ကျေးဇူး.....ကျေးဇူးတင်ပါတယ်......."
မင်ယွိ၏မျက်နှာကတော့ ပို၍ ထွေးရောယှက်တင်ဖြစ်လာသော လူနှစ်ဦး၏ပုံစံကြောင့် ကျေနပ်အားရနေသည့်နှယ်။ သူမသည် အရင်ကတည်းက ရှီချန်အန်းအား အထင်အမြင်သေးနေခဲ့သူ ဖြစ်သည်။ ယခု ရှီချန်အန်း၏လက်ရှိပုံစံအား မြင်လိုက်ရသောအခါ သူမ၏စိတ်ထဲတွင် ပို၍ပင် ရွံရှာသွားသည်။ ယောကျ်ားတယောက် လုပ်နေပြီး....လက်ထပ်ထားသည့်ယောကျ်ားတဦးဆိုဦးတော့...ဒီလို လူအများရှေ့မှာ အရှက်မရှိ ဝမ်ရယ်ကို ဖက်ရမ်းတွယ်ကပ်နေသေးတယ်...။တကယ်ကို အရှက်မရှိတာပဲ...။
"ဝမ်ရယ်...ဒီအစေခံတွေကို..……”
“အပြင်ကလူတွေ ဝင်လာကြစမ်း”
မင်ယွိ တခုခုပြောရန် စကားစရန်ရှိသေး...သူမ၏စကားအား ရှောင်းချင်းယန့် ကြားဖြတ်ပြောလိုက်သည်။ ထို့ကြောင့် သူမ မိမိပါးစပ်အား ပိတ်ကာ ထိုစည်းကမ်းမရှိ၊ အတင့်ရဲလှသည့်အစေခံတစုအား ရှောင်းချင်းယန့် အပြစ်ပေးမည်အား စောင့်နေလိုက်သည်။ ဒါပေါ့...သူတို့ရဲ့သခင်ကိုပါ အပြစ်ပေးမှာကိုရောပေါ့...။
ဘေးသို့ အသာဆုတ်သွားကာ တရိုတသေပင် ရှောင်းချင့်ယန့်၏စကားတို့အား မင်ယွိ စောင့်နေလိုက်သည်။ သို့သော် သူမ မထင်ထားခဲ့သည်က...ရှောင်းချင်းယန့်၏စကားတို့သည် သူမ ကြားရမည်ဟု တွေးထင်ထားခဲ့သည်နှင့် လုံးဝ ကွာခြားနေခဲ့မည်ဟု...။
"ဒီအတင့်ရဲ စည်းကမ်းမသိတဲ့ အစေခံတွေကို ထင်းလှောင်ရုံထဲ ထည့်ထားလိုက်...ကျန်တဲ့လူတွေ အားလုံး သွားကြတော့..."
“ဒါပေမယ့် ဝမ်ရယ်…”
မင်ယွိ၏ မျက်နှာသည် အ့ံအားသင့်မှုနှင့်အတူ လက်သင့်မခံနိုင်မှုတို့ဖြင့် ပြည့်နှက်နေသည်။ ဘယ်လိုလုပ်ပြီး...ဘယ်လိုလုပ်ပြီး ရှီချန်အန်းအကြောင်း တခွန်းမှ မပါရတာလဲ...။ သူက သခင်လေ...။ သူ့ခွင့်ပြုချက်မပါဘဲ အဲ့ဒီအစေခံတွေက ဒီလောက် အတင့်ရဲရဲပါ့မလား...။ ဘာလို့ သူ့ကိုပါ အပြစ်မပေးရတာလဲ...။
"ပန်ဝမ် ခုနကပြောလိုက်တဲ့စကား မကြားလိုက်ဘူးလား...ထွက်သွား..."
“ဝမ်ရယ်..”
“ဟုတ်ကဲ့ပါ ဝမ်ရယ်...”
တချိန်လုံး ဘေးတွင်ရှိနေပြီး တခွန်းတလေမှ ဝင်မပြောသော ချင်ရှင်းသည် ယခုမှသာ ရှောင်းချင်းယန့်၏အမိန့်အား နာခံကြောင်းစကား ဝင်ပြောလာသည်။ ထို့နောက် သူမမှ ဦးစွာ မင်ယွိအား ဆွဲခေါ်သွားကာ အတူပါလာသည့် ယားထို၊ ပေါ်ဇီ့အုပ်စုတို့ဖြင့် နေရာမှ ထွက်သွားတော့သည်။
"ဝမ်ဖေး အရက်မူးနေပြီ...ဝမ်ဖေး ရေပတ်တိုက်ရအောင် ရေနွေး သွားပြင်..."
လူအားလုံး ထွက်သွားသည့်အချိန်အထိ ရှောင်းချင်းယန့် ထိုအတိုင်း ရပ်စောင့်နေပြီး စကားတခွန်းမှ ထပ်မဆိုတော့ပေ။ ထိုနောက်မှသာ အိပ်ပျော်နေပြီဖြစ်သော ရှီချန်အန်းအား အတွင်းခန်းထဲရှိ အိပ်ရာရှိရာသို့ လျင်မြန်သောခြေလှမ်းများဖြင့် အလျားလိုက်*ပွေ့သယ်သွားလိုက်သည်။
*(T/N: ဒီနား အမြင်ကတ်လို့ တိုက်ရိုက်ဘာသာပြန်လိုက်သည်😎 princess carryဆို ပြီးနေတာကို😏)
ရှီချန်အန်း တချိန်လုံး သူ့ဘေးနားမှနေ၍ တယောက်ယောက်မှ ဆက်တိုက်စကားပြောနေသည်အား ခံစားမိသည်။ 'ဆူလိုက်တာ...'။ ထို့နောက်တွင်မူ ရုတ်တရက် တိတ်ဆိတ်သွားပြန်သည်။ ထို့ကြောင့် သူ မျက်လုံး ဖြည်းဖြည်းချင်း ဖွင့်ကာကြည့်မိသည်။ ထိုအချိန်သည် သူ့အား ရှောင်းချင်းယန့်မှ အိပ်ရာပေါ်သို့ ချပေးသည့်အချိန်ကိုက်ပင် ဖြစ်သည်။
"အရှင်...ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ..."
ဘာလို့ စီ့ဖေးတွေဆီ မသွားတာလဲ...။ စီ့ဖေးတွေဆိုမှ အဲ့ဒီစီ့ဖေးနှစ်ယောက်စလုံးက လှပကြသည် မဟုတ်လား။ တယောက်ဆို တော်တော်ချောသည့်အထဲ ပါတာပဲ...။
သူ့အား ရုပ်တည်ကြီးဖြင့် မေးခွန်းထုတ်နေသောသူအား ကြည့်ရင်း...အကယ်၍ ထိုမေးခွန်းမေးလိုက်သည့်အချိန်မှာ ဝိုင်အရက်နံ့သာ ခပ်ပြင်းပြင်း ထွက်မလာခဲ့ဘူးဆိုလျှင်...ထိုသူ၏ ပုံမှန်အချိန်များတွင်ရှိသော နူးညံ့တည်ငြိမ်သော အမူအရာ၊ လေသံတို့နှင့်သာ တောင်နှင့်မြောက်လို ကွာခြားမနေခဲ့ဘူးဆိုလျှင်...ထိုသူသည် အရက်မူးချင်ဟန်ဆောင်နေခဲ့သည်ဟု ရှောင်းချင်းယန့် ချက်ချင်းပင် မှတ်ယူမိလိုက်မည် ဖြစ်သည်။
"ဘာလဲ...ပန်ဝမ် လာလို့မရဘူးလား..."
ရှောင်းချင်းယန့် တချိန်လုံး သိချင်နေခဲ့သည်။ သူ၏ဝမ်ဖေးသည် သူ့အပေါ်တွင် မည်သို့သဘောထားသည်အား...။ သူတို့ အတူရှိသောအချိန်မှစ၍...သူ၏ဝမ်ဖေးသည် သူ့အပေါ် စက်ဆုတ်ရွံ့ရှာသည့်ပုံတော့ မပြပေ။ ထို့အတူ...တစက်ကလေးမှပင် စိတ်ဝင်စားသည့်ပုံလည်း မပြပေ။ ဟုတ်တယ်။ တစက်ကလေးမှကို စိတ်မဝင်စားတာ...။ သူ ဘယ်သူ့အပေါ်တွင် စိတ်ဝင်စားသည်...။ သို့မဟုတ် ဤအဆောင်မှာပဲ သူ တညတာကုန်ဆုံးမည်၊ မကုန်ဆုံးမည်...အားလုံးအား ထိုသူသည် တစက်ကလေးမှ စိတ်မဝင်စားချေ။
မဟုတ်မှလွဲရော...။ သူ မသိဘူးလား...။ ဤဝမ်ရယ်အိမ်တော်တွင် သူ့အပေါ် ကောင်းကောင်း ဆက်ဆံမှသာ တည်ငြိမ်အေးချမ်းသည့်နေ့ရက်များအား ဖြတ်သန်းနိုင်မည်အား...။
*(T/N: ကလေးကို သူ့ဆီလာပြီး ကပ်ချွဲခိုင်းချင်တာများ😏...ဟန်လုပ်နေတဲ့ ကလေးဆိုးကြီး...😌)
"ရတာပေါ့...ဒါပေမယ့်...ကျွန်တော်မှ ဝမ်ရယ်ကို မခစား၊ မပြုစုနိုင်တာ...ဝမ်ရယ်လာတာ အလကား ဖြစ်ရတာပေါ့..."
သူက ယောကျ်ားလေးလေ...။ လက်ချင်း ဆုပ်ကိုင်ပြီး... 'အဟမ်း' တအိပ်ရာထဲ အတူ ယှဉ်တွဲပြီးအိပ်လည်း ဘေးနား နေရာပုပ်ရုံပဲရှိမှာပေါ့...။ နောက်ဆုံးရလာဒ်ကတော့... ဘာအဓိပ္ပါယ်မှ မရှိဘူး မဟုတ်လား...။ စကားဆက်ပြောချင်စိတ် မရှိတော့သော ရှီချန်အန်းသည် ကိုယ်အား တဖက်သို့ စောင်းလှည့်ကာ မျက်စိမှိတ်၍ အိပ်တော့သည်။ သူ ထင်သည်။ ယနေ့ညတော့ သူ ကောင်းကောင်း အိပ်ပျော်မည်ဟု...။
"မင်း..."
အခုတော့ ငါ့ကိုပါ လျစ်လျူရှုပြီပေါ့...။ ရှောင်းချင်းယန့် ဤအခြေအနေအား ဒေါသပဲထွက်လိုက်ရမည်လား...ရယ်မောပစ်လိုက်ရမည်လားပင် မသိတော့။ သူ တကယ်ပဲ မထင်ထားခဲ့မိ။ ထိုသူ...လက်စသတ်တော့ သူ့စိတ်ထဲမှာ အားလုံး သိပြီးသားပဲ.....။*
*(T/N: သူတို့နှစ်ယောက်...အထူးသဖြင့် ယောကျ်ားနှစ်ယောက်ကြားက ဆက်ဆံရေးအကြောင်း ချန်အန်း နားလည်သားပဲလို့ ပြောချင်တာပါ။ အဓိပ္ပါယ်ကတော့ သူတို့ကြားမှာ ကလေးမရနိုင်လို့ သူ့ဆီမလာဘဲ တခြားမိန်းမဆီသွားပါဆိုတဲ့ ချန်အန်းရဲ့အတွေးကို ရှောင်းချင်းယန့်က အခုမှ သဘောပေါက်ကြောင်း😑...။ သူက အခုမှ ချန်အန်းက ဘာလို့ သူ့ကိုရှောင်ချင်နေလဲ သိမှာ😤)
“အွန်း…”
တဖက်ပြန်လှည့်လာသည့် ရှီချန်အန်း...။ ကြည့်ရသည်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့်ပုံပင်။ သောက်ထားသည့် အရက်ရှိန်ကြောင့်ထင်သည်။ သူ၏ပါးပြင်မို့မို့နှစ်ဖက်သည် ပုစွန်ဆီရောင် ညနေဆည်းဆာ၏ တိမ်နီစိုင်များကဲ့သို့ပင်။ နှုတ်ခမ်းအရောင်သည်လည်း ပုံမှန်ထက် ပို၍ တောက်ပလာသလို။ ယခင်ကလောက် အရောင်မရှိ၊ ဖြူလျော်မနေဘဲ အနီရောင် ပိုသန်းလာသလိုပင်...။
တကယ်တမ်းတော့ ယနေ့ ရှီချန်အန်း အဘယ့်ကြောင့် ဤမျှ စိတ်လွတ်ကိုယ်လွတ် ရှိရသည်အား ရှောင်းချင်းယန့် ကောင်းစွာ သိပြီးသားဖြစ်သည်။ ထို့အတူ သူ နားလည်ပေးနိုင်သည်။ ဤကိစ္စနှင့် ပတ်သက်၍ ရှီချန်အန်းအား အပြစ်တင်၊ အပြစ်ပေးရန် စိတ်ကူးလည်း မရှိပေ။ သို့ပေမယ့် အိမ်တော်ရှိ လူအတော်အများက ဤအခြေအနေအား မြင်တွေ့သွားခဲ့သည် မဟုတ်ပါလား။ ဝမ်ဖေးအား အပြစ်မပေး၍ ရသည်။ သို့သော် ထိုအစေခံတစုကိုတော့ အပြစ်ပေးမှ ရမည်။
“မင်းက ပန်ဝမ်ကို 'ကျေးဇူးတင်ပါတယ်' ပြောတယ်...ဒါဆို မင်း ….…”
“ဝမ်ရယ်...ရေနွေး ရပါပြီ...”
"အင်း...မင်း ဝမ်ဖေးကိုယ်ကို ရေပတ်တိုက်ပေးလိုက်..."
သူ၏လက်အား ပြန်ရုတ်ကာ ဘာမှ အထူးအထွေ မဖြစ်သလို ဟန်ဆောင်ရင်း ရှောင်းချင်းယန့် ဘေးဖယ်ကာ ထိုင်နေလိုက်သည်။ အခန်းထဲဝင်လာခဲ့သည့်ယားထိုအား ထိုသူ၏ခန္ဓာကိုယ်အား ရေပတ်တိုက်ခိုင်းလိုက်သည်မှာ မှန်သော်လည်း ထိုယားထိုမှ အိပ်ရာပေါ်ရှိ ထိုသူ၏အဝတ်အစားများဆီသို့ လက်လှမ်းလိုက်သည်အား ကြည့်ရင်း သူ့ရင်ထဲတွင် တစုံတရာ မသက်မသာဖြစ်နေသလို ခံစားလိုက်ရသည်။ ထိုသူကား သူ၏ဝမ်ဖေး ဖြစ်သည်။ ယခုတေ့ာ တခြားသူမှ ထိုသူ၏အဝတ်အစားများအား ချွတ်နေသည်အား သူ ကြည့်နေရသည်။ ဒါ ဘယ်လို အခြေအနေ ဖြစ်နေတာလဲ။
“ပစ္စည်းတွေ ထားခဲ့ပြီး ထွက်သွားကြတော့...”
“…….......ဟုတ်ကဲ့ပါ ဝမ်ရယ်...”
'ဟွန်း...မင်း အစောကြီးကတည်းက ကိုယ့်ကိုယ်ကို သိတယ်ဆိုရင်...ငါ့ကို ပြုစုခစားဖို့ မတတ်နိုင်ဘူးဆိုတာ သိတယ်ဆိုရင်...အဲ့ဒါဆိုလဲ ကိုယ့်ဘာသာ ကိုယ့်ဝမ်ဖေးတာဝန်ကျေအောင် ကောင်းကောင်းမွန်မွန် လုပ်ပါလား...အခုတော့ ပြဿနာရှာထားပြီး...ငါက မင်းကို ပြန်ပြုစုနေရတယ်...'
ထို'တစုံတယောက်'အား ရေပတ်တိုက်ပေးပြီး လက်ထဲရှိ ရေပတ်ဝတ်အား ရှောင်းချင်းယန့် လွှင့်ပစ်လိုက်သည်။ အိပ်ရာပေါ်ရှိ ထိုသူ၏ အဝတ် တဝက်တပျက် ပြေလျော့နေသည့်ပုံစံအား ကြည့်ရင်း ရှောင်းချင်းယန့် စိတ်ထဲတွင် 'မုန်းမုန်း'ဖြင့် မကျေမနပ် ငြီးတွားပြောဆိုနေတော့သည်။
XXXXX
No comments:
Post a Comment