Monday, May 11, 2020

ကြင်ရာတော် ချန်အန်း (Unicode) - အပိုင်း (၂၈)

အပိုင်း (၂၈)

ဆောင်းရာသီအမဲလိုက်ပွဲမှသည် ထိုကဲ့သို့သော သွေးထွက်သံယိုတိုက်ခိုက်မှုများဖြစ်လာခဲ့ချိန်တွင်တော့...ဧကရာဇ်မင်းကြီးထံတွင် ထိုပွဲအား ဆက်လက်ကျင်းပလိုစိတ်မရှိတော့မည်မှာ အထူးပြောနေစရာမလိုလောက်ပေ။ ထို့ကြောင့်...ရှောင်းချင်းယန့်နှင့် ရှီချန်အန်းတို့ ထွက်သွားပြီး၍ များမကြာမီတွင်...မူလက မြို့တော်မှ ခမ်းနားကြီးကျယ်စွာ ထွက်လာခဲ့ကြသောလူအုပ်ကြီးသည်လည်း အမဲလိုက်ကွင်းမှ အသီးသီးအလျှိုလျှို လျင်မြန်စွာ ပြန်လည်ထွက်ခွာသွားကြတော့သည်။

နန်းတော်သို့ပြန်ရောက်သည်နှင့်...ဧကရာဇ်မင်းကြီးသည် နောက်ထပ်သော တော်ဝင်သမားတော် အများအပြားအား ရှန်ဝမ်အိမ်တော်သို့သွား၍ ရှန်ဝမ်၏ဒဏ်ရာအား ကြည့်ပေးရန် ထပ်မံစေလိုက်လွှတ်သည်။ ကျင့်ဝမ် ရှောင်းချင်းကျန်သည်လည်း နောက်မှလိုက်သွားသဖြင့် ရှန်ဝမ်အိမ်တော်သို့ ရောက်နေပြီဖြစ်သည်။ ဒုတိယမင်းသားရှောင်းချင်းနျဥ့်မှာတော့ ဧကရာဇ်မင်းကြီးမှ နေခိုင်းထား၍ နန်းတော်တွင်းတွင် ကျန်နေခဲ့သည်။

"ကိုယ်တော် မင်း ဘာတွေစဉ်းစားနေတယ်ဆိုတာ သိတယ်...ဒါပေမယ့်...အရင်က ရှီချန်အန်းက ဘယ်လိုအဆင့်အတန်းပဲရှိခဲ့ရှိခဲ့...အခုအချိန်မှာတော့ သူက မင်းရဲ့'မရီးတော်'ပဲ...ဘယ်ဟာက အရေးကြီးတယ်ဆိုတာ မင်း သိထားရင် အကောင်းဆုံးပဲ..."

ဧကရာဇ်၏မျက်နှာသည် စိတ်သဘောမတွေ့မှုတို့အပြည့်နှင့်ပင်။ သူ ပြောသည့်စကားတို့မှာလည်း အမှန်တကယ်ပင် ရှီချန်အန်း၏ မတရားခံရမှုများအတွက် သူကိုယ်တိုင် စာနာသနားခံစားပေးနေသကဲ့သို့ပင်။

ရှီချန်အန်းသည် အမဲလိုက်ကွင်းထဲရှိနေစဉ်က သူ့အား စွပ်စွဲပြစ်တင်ပြောဆိုသွားခဲ့သည်။ ထိုအတွက် သူ့ဖခမည်းတော်သည် သူ့အား အရေးမယူ မတုန့်ပြန်ဘဲ နေမည်မဟုတ်မှန်း ရှောင်းချင်းနျဥ့် သိသည်။ သို့သော် သူ့ထံတွင် အစောကြီးကတည်းက ဘယ်လိုဖြေရှင်းရမည်ဟူသော နည်းလမ်းရှိသည်ဖြစ်ရာ သူအနေဖြင့် စိုးရိမ်ပူပန်နေခြင်း လုံးဝ မရှိပေ။ သူ့မျက်နှာထက်တွင် နောင်တရနေသည့်အရိပ်အယောင်ပင် တစိုးတစိမျှပင် မြင်တွေ့ရခြင်းမရှိပေ။ သို့စေကာမူ သူသည် ဧကရာဇ်မင်းကြီး၏ရှေ့တွင် ဒူးထောက်ကာ ပြန်လည်လျှောက်တင်လိုက်သည်။

"ဖခမည်းတော်...အဲ့ဒီရှီချန်အန်းက ဘယ်လိုပဲကြည့်ကြည့် အစ်ကိုတော်နဲ့ မလိုက်ဖက် မထိုက်တန်တဲ့သူပါ...သားတော်ကတော့ သူ့ကို ဘယ်လိုမှ သဘောမကျနိုင်ပါဘူး..."

ဘယ်လိုပဲဖြစ်ဖြစ် "အစ်ကိုတော်"အတွက်ဆိုသည့်ခေါင်းစဉ်အောက်ကနေ ပြောလိုက်ရုံသာ။ ညီအစ်ကို သံယောဇဉ်တွေ၊ လေးစားမှုတွေ၊ ဂရုစိုက်မှုတွေ ဘယ်လောက်တောင်ရှိသလဲဆိုတာ ပြလိုက်ရုံပဲလေ...။ ဖခမည်းတော်ကလဲ အဲ့ဒီလိုဖြစ်နေတာကိုပဲ မြင်ချင်နေတာပဲမလား...။

"ဘာလို့လဲ...မင်းက အဲ့ဒီလက်ထပ်ထိမ်းမြားခြင်းအပေါ်မှာ မကျေနပ်တာရှိနေတာလား..."

“သားတော် မဝံ့ရဲပါဘူး...” 

ဧကရာဇ်၏ရှေ့တွင် ဒူးထောက်အရိုသေပေးနေသည့် ရှောင်းချင်းနျဥ့်သည် သူ၏မျက်နှာပေါ်မှ ခံစားချက်၊အမူအရာတို့အား ဧကရာဇ်မင်းကြီး မမြင်နိုင်စေရန် မြေသို့ထိမတတ် ဦးခေါင်းအား ငုံ့ညွှတ်ထားလိုက်သည်။ သူ...ရှောင်းချင်းနျဥ့်က ဘယ်လိုလုပ်ပြီး အစ်ကိုတော်ရဲ့ အဲ့ဒီထိမ်းမြားလက်ထပ်မင်္ဂလာအပေါ်မှာ မကျေနပ် သဘောမတွေ့ဘဲနေရမှာလဲ...။ အဲ့ဒါက သူ့ရဲ့မယ်တော်နဲ့ အဘိုးရဲ့ နှစ်ပေါင်းများစွာ ကြံစည်လာခဲ့ခြင်းရဲ့ အကျိုးရလာဒ်လေ...။ သူ့အနေနဲ့သာဆိုရင် ရှောင်းချင်းယန့်ကို တရားဝင်သားသမီး မရနိုင်တဲ့အဆင့်လောက်နဲ့တောင်မကဘူး...ဖြစ်နိုင်ရင် ရှိသမျှမိန်းမအားလုံးနဲ့ ဘာမှမလုပ်နိုင်၊ အဆက်အဆံလုပ်ခွင့် မရှိတဲ့အခြေအနေထိ ရောက်သွားအောင် လုပ်ပစ်လိုက်ချင်သေးတာ...။ အကောင်းဆုံးကတော့...သူ့ရဲ့ မိသားစုမျိုးဆက်ပြတ်သွားရင် အကောင်းတကာ့အကောင်းဆုံးပဲ...။

"ဟင်း...'မဝံ့ရဲပါဘူး'...ဟုတ်စ...ကိုယ်တော် ထင်တယ်...မင်း တော်တော်လေးကို သတ္တိတွေ ကောင်းနေတာပဲ...ထားလိုက်တော့...ကိုယ်တော် ဘာမှ ထပ်မပြောချင်တော့ဘူး...မင်း နောက်တခါသာ ထပ်ပြီး ရှန်ဝမ်ဖေးကို ပြဿနာသွားမရှာနဲ့...သွား...ဒီနေ့ လုပ်ကြံသူတွေကိစ္စနဲ့ မင်းမယ်တော်လဲ လန့်သွားလောက်တယ်...မင်း သူ့ကို သွားကြည့်လိုက်ဦး..."

"မယ်တော့်ကို စိတ်ပူပန်ပေးတဲ့အတွက် ဖခမည်းတော်ကို ကျေးဇူးတင်ပါတယ်...သားတော်ကို သွားခွင့်ပြုပါဦး..."

သူ၏ဖခမည်းတော်မှ ထိုပြဿနာနှင့်ပတ်သက်၍ သူ့အား ဒီထက်ပိုပြီး အခက်တွေ့အောင်လုပ်မည်မဟုတ်ကြောင်း သူသိသော်လည်း...သူ၏ဖခမည်းတော်သည် အဘယ်ကြောင့် ထိုကိစ္စအား အလွယ်တကူ အလွတ်ပေးလိုက်သည်ကိုကား ရှောင်းချင်းနျဥ့်တယောက် ဘယ်လိုပင်တွေးတွေး နားမလည်နိုင်သေးပေ။ အချိန်အတော်ကြာ စဉ်းစားကြည့်ပြီးနောက်တွင်...ရှောင်းချင်းနျဥ့်သည် အဖြေတခုအား နားလည်သဘောပေါက်သလိုရှိသွားသည်။ ဧကရာဇ်မှ သူ့အား ဟန်ပြအနေဖြင့် အပြစ်တင်စကားနှစ်ခွန်းသုံးခွန်းလောက် ပြော၍လွှတ်ပေးလိုက်သည်မှာ...ဖြစ်နိုင်သည်မှာ သူ့အစ်ကိုတော်အား တနည်းနည်းဖြင့် မျက်နှာသာတချက်ပေးလိုက်တာပဲဖြစ်မည်။ ဘယ်လိုပဲပြောပြော သူက ရှန်ဝမ်ဖေးအား ပညာပေးထိခိုက်အောင်လုပ်ခဲ့သည်မှာတော့ အမှန်ပဲမဟုတ်လား...။ သို့စေတိုင် ဖခမည်းတော်မှ သူ့အား ပြင်းထန်စွာ အပြစ်ပေးခြင်းမရှိခဲ့ပေ။ ဖြစ်နိုင်တာကတော့...ဖခမည်းတော်သည် သူ့အား အတွင်းစိတ်ထဲတွင် မုန်းတီးဆန့်ကျင်နေမည့်သားတယောက်အတွက်နှင့် နောက်ထပ်သားတယောက်အား မထိခိုက်စေလို၍ပင် ဖြစ်ရမည်။

"အရှင်မင်းကြီး...ကျွန်တော်မျိုးကို သတင်းကောင်းတခု ပြောခွင့်ပြုပါ...တော်ဝင်အရှင်မင်းသမီးလေးက နန်းတော်ကို ပြန်လာတော့မှာပါ...လွှတ်လိုက်တဲ့ အထောက်တော်ရဲ့ပြောစကားအရဆိုရင်...မင်းသမီးလေးက မနက်ဖြန်ဆိုရင်ပဲ မြို့တော်ကို ရောက်လာလောက်ပါပြီ..."

ရှောင်းချင်းနျဥ့် ထွက်သွားပြီးနောက်တွင်...ဧကရာဇ်သည် တချိန်လုံး မျက်နှာအပြောင်းအလဲမရှိ တည်ငြိမ်စွာ ရှိနေခဲ့တာဖြစ်ပြီး သူ၏အတွေးတို့တွင် မည်သို့သော စိတ်ကူးအကြံအစည်များရှိနေသည်ကိုမူ မည်သူမျှ သိနိုင်စွမ်းမရှိပေ။ ဖူကုန်းကုန်းမှ အပြုံးမျက်နှာအပြည့်ဖြင့် ဝင်လာ၍ သတင်းကောင်းအား လာရောက်လျှောက်တင်ပါမှ... ဧကရာဇ်၏မျက်နှာတော်သည် နောက်ဆုံးတော့ အပြုံးတို့ဖြင့် ရွှင်လန်းလာလေတော့သည်။

"ယွဲ့အာက ဒီနှစ်ဆိုရင် ဆယ့်ရှစ်နှစ်ပြည့်ပြီ...ဒီတခေါက် နန်းတော်ကိုပြန်လာရင် သူ့ကို အရင်လို အလိုလိုက်ဆိုးသွမ်းခွင့်ပေးလို့ မရတော့ဘူး...ကိုယ်တော် သူ့အတွက် စိတ်ကျေနပ်လောက်မယ့် သမက်တော်တယောက်လောက် ရှာပေးဦးမှပဲ..."

ရှောင်းချင်းယွဲ့သည် ကျင့်ဝမ် ရှောင်းချင်းကျန်၏ အမေတူ ညီမတော်ဖြစ်ပြီး ဧကရာဇ်၏ တဦးတည်းသော သမီးတော်လည်း ဖြစ်သည်။ သူမ၏ချူချာလှသည့်ကျန်းမာရေးကြောင့် သူမသည် ငယ်စဉ်ကတည်းကပင် ထူးချွန်လှသည့်သိုင်းပညာရှင်တဦးအား ဆရာအဖြစ်သတ်မှတ်ကာ၊ ထိုဆရာ၏နောက်သို့လိုက်၍ မြို့တော်မှ မိုင် ၅၀၀ခန့်ကွာဝေးသော ချင်းယွင်တောင်ပေါ်တွင် အမြဲနေထိုင်သူဖြစ်ပြီး တနှစ်လျှင် တကြိမ်သာ နန်းတော်သို့ ပြန်လာလေ့ရှိသည်။

ယခုတခေါက်တွင်မူ အချိန်မတိုင်ခင် စော၍ပြန်ရောက်လာခြင်းဖြစ်လေရာ ဧကရာဇ်၏စိတ်ထဲတွင် အနည်းနှင့်အများ ရိပ်စားမိသလိုတော့ရှိသည်။ သူ၏ ထိုရှုမငြီးလှသည့် သမီးတော်သည် ရှုပ်ထွေးလှသည့် လောကကြီးထဲသို့ ပြန်လည်ဝင်ရောက်ရန်အချိန် ရောက်နေပြီဖြစ်ကြောင်းကိုပင်...။

"အရှင်မင်းကြီးပြောတာ မှန်လှပါတယ်...ဒါပေမယ့် ဘယ်အိမ်တော်ကသခင်လေးကများ ပင်တိုင်စံမင်းသမီးလေးနဲ့ လိုက်ဖက်ညီ ထိုက်တန်မယ်ဆိုတာ သိပါရစေ..."

ရှောင်းချင်းယွဲ့ အသက်ဆယ့်ငါးနှစ်အရွယ်တွင် ချင်းဝမ်ဘွဲ့ထက်အဆင့်ပိုမြင့်သည့် ပင်တိုင်စံမင်းသမီး (မင်းသမီးကြီး)ဘွဲ့ ချီးမြှင့်မြောက်စားခြင်းခံရသည်။ တာ့ရှောင်းမင်းဆက်တလျှောက် ထိုပင်တိုင်စံမင်းသမီးဘွဲ့ရရှိခဲ့ကြသည့်မင်းသမီးအားလုံးတို့သည် ပထမမိဖုရားခေါင်ကြီးများမှ ဖွားမြင်လာသည့်သူများသာဖြစ်သည်။ နောက်တက်လာသည့် မိဖုရားခေါင်ကြီးများမှဖွားမြင်လာသည့် မင်းသမီးများပင်လျှင် ထိုဘွဲ့ထူးအား ခံစားခွင့်မရှိချေ။* ရှောင်းချင်းယွဲ့၏ မွေးမယ်တော်မှာ သာမန်အဆင့်မျှသာဖြစ်သောကွေ့ဖေးတပါးသာဖြစ်လေရာ...ဧကရာဇ်မင်းကြီးသည် သူမအား မည်မျှပင် ချစ်မြတ်နိုးလေသည်မှာ စဉ်းစားကြည့်စရာပင် မလိုတော့ပေ။ 

*(T/N: ပထမမိဖုရားခေါင်ကြီး သေလို့ နောက်ထပ်အသစ်တင်မြှောက်တဲ့မိဖုရားခေါင်တွေက မွေးတဲ့မင်းသမီးတွေတောင် မရတဲ့ဘွဲ့။)

"ဟင်း...သူ ဘယ်သူ့ကို သဘောကျမလဲဆိုတာ အရင် ကြည့်ကြတာပေါ့..."

ယခုလို သူ၏ တဦးတည်းသော သမီးတော်လေးအား စဉ်းစားမိချိန်တွင်တော့ ဧကရာဇ်၏စိတ်ထဲတွင် အနည်းနှင့်အများ သက်သာရာရလာသေးသည်။ သို့ပေမယ့်...ချက်ချင်း သူ၏သားတော်အကြောင်း တွေးမိပြန်လေတော့.....သူ၏မျက်နှာထက်မှ အပြုံးသည်လည်း တဖြည်းဖြည်း ကွယ်ပျောက်သွားပြန်သည်။

သူ၏ဘေးတွင်ရှိသော ဖူကုန်းကုန်းအား သူ့အား မည်သည့် ဘယ်လိုလူကမှ လာမရှာ၊ နှောင့်ယှက်ခွင့်မပေးရန်၊ ထို့အပြင် သူ၏နောက်သို့ မည်သည့် နန်းတွင်းသူ၊နန်းတွင်သားများ လိုက်မလာစေရန် အမိန့်ပေးပြီးသည်နှင့်...ဧကရာဇ်မင်းကြီးသည် ထိုက်ကျီနန်းဆောင်မှထွက်၍ ချန်ရှန်းနန်းဆောင်ရှိရာသို့ ထွက်သွားလေတော့သည်။

ရှောင်းချင်းနျဥ့် လက်ရှိမိဖုရားခေါင်ကြီး၏နန်းဆောင်သို့ ရောက်ရှိချိန်တွင် မိဖုရားခေါင်ကြီးမှလည်း သူ့အား အသင့်စောင့်ဆိုင်းနေခဲ့တာပဲဖြစ်သည်။

"နျဥ့်အာ...သားတော် ဘယ်လိုလုပ်ပြီး အဲ့ဒီလို မစဉ်းစားဘဲ လုပ်လိုက်ရတာလဲ...ဒီနေ့ သားတော်လုပ်လိုက်တဲ့ကိစ္စက အရမ်း အလျင်စလိုနိုင်လွန်းတယ်..."

မပြောမဆိုနဲ့ လုပ်ကြံသူတွေ စီစဉ်ထားတယ်...။ ပြီးတော့ လုပ်ကြံတဲ့နေရာကလဲ အမဲလိုက်ကွင်းမှာ...။ အခုလို မအောင်မြင်တဲ့အခြေအနေမျိုးရှိလာခဲ့ရင် အဲ့ဒီလုပ်ကြံသူတွေကို စကားလျှောက်မဖွနိုင်အောင် လက်စသတ်ဖို့ စီစဉ်ထားတာလဲမရှိ...။ ဒီနေ့ လုပ်ကြံသူတွေ ဖမ်းမိတယ်ဆိုတဲ့သတင်းကြားတုန်းကဆိုရင် သူ(မိဖုရားခေါင်ကြီး) လန့်သွားလိုက်တာ အသက်တဝက်တောင် တိုသွားသလိုပဲ...။ တော်သေးတယ်...အရှင်မင်းကြီးက အဲ့ဒီလုပ်ကြံသူတွေကို နေရာမှပဲ ခေါင်းဖြတ်မိန့်ပေးလိုက်လို့...။ အဲ့ဒီအချိန်ကျမှပဲ သူ့ရင်ထဲလာဆို့နေတဲ့ အလုံးကြီး ပြုတ်ကျသွားတော့တယ်။

"မယ်တော်...အဲ့ဒီလုပ်ကြံသူတွေက သားတော် စီစဉ်ထားတာမဟုတ်ဘူး..."

ရှောင်းချင်းနျဥ့်သည် ရှောင်းချင်းယန့်အား သေစေလိုသည်မှာ အမှန်ပင်ဖြစ်သည်။ ဒါပေမယ့်...အခုရှောင်းချင်းယန့်သည် သူ၏မျက်စိထဲတွင် ဘာမှ အရေးလုပ်စရာမရှိသည့်လူတယောက်သာ ဖြစ်သည်။ အဲ့ဒါကို သူက ဘာကိစ္စနဲ့ ကိုယ့်ကိုကိုယ် ပြန်ဒုက္ခရောက်စေမယ့်အလုပ်မျိုး လုပ်နေရဦးမှာလဲ...။

"မယ်တော်...အဲ့ဒီလုပ်ကြံသူတွေက အမှန်ပဲ တောင်ပိုင်းရှင်းကျန်းကလူတွေ...ဒါပေမယ့် သားတော်နဲ့ သူတို့ကြားမှာ ဘာပတ်သက်မှု နည်းနည်းမှတောင် မရှိဘူး...သူတို့ကို ဘယ်သူက ဘယ်လိုစီစဉ်ပြီးလွှတ်လိုက်တာလဲဆိုတာကတော့ သားတော်လဲ မသိဘူး..."

လွန်ခဲ့သော သုံးနှစ်ခန့်က ရှောင်းချင်းနျဥ့်သည် မမျှော်လင့်ဘဲ တောင်ပိုင်းရှင်းကျန်း (နန်ကျန်း)မှ မိန်းမလှတဦး ရရှိခဲ့သည်။ ထိုသူအား ကြားခံအကူအညီအဖြစ်ထားကာ နန်ကျန်းမှလူများနှင့် အဆက်အသွယ်ရှိခဲ့သည်ဆိုတာကတော့ ပြောစရာမလိုသည့်ကိစ္စပင်ဖြစ်သည်။ နန်ကျန်းမှလူများသည် အဆိပ်နှင့် အင်းဆက်ပိုးမွှားများ အသုံးပြုရာတွင် ကျွမ်းကျင်လှသူများဖြစ်သည်။ ထိုသို့ နန်ကျန်းမှလူများ၏ နောက်ကွယ်မှအကူအညီကြောင့် သူ ငွေကြေးဥစ္စာ မနည်းမနော စုဆောင်းရရှိခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော်...ယနေ့ကိစ္စသည် သူ့အား အလွန်ဒေါသထွက်စေသည်။ အဲ့ဒီလူတွေက တော်တော်သတ္တိတွေကောင်းနေကြတာပဲ...။ဘယ်လိုလုပ်ပြီး သူတို့ရဲအစီအစဉ်ကို သူ့ကိုတောင် ဖုံးကွယ်ထားရဲကြတာလဲ...။

ရှောင်းချင်းနျဥ့်သည် အစကတည်းက နန်ကျန်းမှလူများနှင့်အဆက်အဆံရှိနေခဲ့သည်ဖြစ်ရာ ထိုကဲ့သို့သောအခြေအနေမျိုးတွင် ထိုလုပ်ကြံသူများသည် တခြားသောသူတဦးမှ စေလွှတ်လိုက်သည့်လူများလည်း ဖြစ်နိုင်သည်ဟူသောအချက်အား သူမ သံသယမဝင်မိသည်မှာ သဘာဝကျသည်။ အဆုံးတွင်တော့...ထိုကိစ္စသည် နန်ကျန်းဘက်မှ သူတို့ဘာသာသူတို့ စီစဉ်လုပ်ဆောင်မှုသက်သက်သာ ဖြစ်နေခဲ့သည်။ မိဖုရားခေါင်ကြီးသည် သူမ၏သားတော်စကားအား ကြားပြီးနောက်တွင်...စိတ်သက်သာရာရသွားသလို တချိန်ထဲမှာလည်း သံသယဝင်မိသည်။ နောက်ဆုံးတွင်တော့ လက်ဆုပ်လက်ကိုင်ပြစရာ အကြောင်းအချက်အလက် အခိုင်အမာမရှိသဖြင့် သူမလည်း ဆက်၍မစဉ်းစားနေချင်တော့ပေ။

"သားတော်...မယ်တော်တို့ သည်းခံနေခဲ့တာ ဆယ်နှစ်ရှိခဲ့ပြီ...ဒီအချိန်ခဏလေးမှာ အလောမကြီးနဲ့...မယ်တော်ရဲ့စကားကို သေချာမှတ်ထား...ကိစ္စတွေဟာ အလျင်လို အနှေးဖြစ်တတ်တယ်...မြို့တော်ရဲ့အင်အားတဝက်က အခုထိ အရှင်မင်းကြီးလက်ထဲမှာ ရှိနေသေးတယ်...မယ်တော်တို့ ကိစ္စကြီးလုပ်တဲ့အခါမှာ ဖြည်းဖြည်းချင်း သေသေချာချာ စီစဉ်လုပ်ဆောင်ဖို့လိုအပ်တယ်..."

မိဖုရားခေါင်ကြီး၏စိတ်ထဲတွင် တစုံတခုအား ရတက်မအေးသလို ခံစားနေရသည်။ ဖြစ်နိုင်တာက...အခြေအနေတွေသည် သူမ ထင်ထားသလို အကောင်းဖက်သို့ ဦးတည်နေ၍ဖြစ်မည်။ ရှောင်းချင်းယန့် မရှိတော့ဘူးဆိုရင်တောင်မှ အရှင်မင်းကြီးအနေဖြင့် သူမ၏သားတော် ဒုတိယမင်းသားအား မဖြစ်မနေ ရွေးချယ်ရမည့်အခြေအနေ မဟုတ်သေးပေ။ ကျင့်ဝမ်၏စရိုက်အရ သူသည် အရှင်မင်းကြီး၏ အကောင်းဆုံး ရွေးချယ်သင့်သောလူစာရင်းထဲတွင် မပါနိုင်သော်လည်း...လက်ရှိ တာ့ရှောင်းပြည်ကြီးတွင် လိုအပ်နေသည်မှာ ယခင်မင်းအဆက်ဆက်မှ အောင်မြင်မှုများအား ဆက်လက်ထိန်းသိမ်းနိုင်သူသာ ဖြစ်သည်။ အကယ်၍ နောင်အနာဂတ်၌ ကျင့်ဝမ်တွင် ထူးချွန်ထက်မြက်သည့် ပညာရှင် အရာရှိမှူးမတ်များ၏ ပ့ံပိုးထောက်ခံမှုသာ ရသွားပါက...သူသည် ထူးချွန်ထက်မြက်သော မင်းကောင်းတပါး ဖြစ်မလာနိုင်ပါဟု ဘယ်သူမှ မပြောနိုင်ပေ။

ယနေ့ လုပ်ကြံသူများအား စေလွှတ်သည့် နောက်ကွယ်မှကြိုးကိုင်သူကိုတော့ အပိုတွေဆက်ပြောမနေတော့ဘဲ 'ကျင့်ဝမ် ရှောင်းချင်းကျန်'ဟုသာ သူတို့နှစ်ဦး စိတ်ထဲတွင် တပြိုင်တည်း မှတ်ယူထားလိုက်သည်။ သူတို့စိတ်ထဲတွင် အားလုံးတွက်ချက်ပြီးသားဖြစ်သည်။ လက်ရှိအချိန်တွင် သူတို့ သတိထားစောင့်ကြည့်ရမည့်သူမှာ ရှောင်းချင်းယန့် မဟုတ်တော့ဘဲ...တိုက်ပွဲတိုင်းတွင် အောင်ပွဲအလီလီ ဆက်တိုက်ခံနေသည့် ရှောင်းချင်းကျန်သာ ဖြစ်ပေတော့မည်။ 

အကယ်၍ သူသည် တောင်ပိုင်းမျိုးနွယ်စုတို့အား တိုက်ခိုက်အောင်မြင်၍...ကျင့်ဝမ်အနေဖြင့် အောင်မြင်မှုကြီးအားပိုက်ကာ မြို့တော်သို့ ပြန်ရောက်လာခဲ့ပါက...ထိုအချိန်တွင် ကျင့်ဝမ်သည် တော်ဝင်ထီးနန်းဆက်ခံရာပလ္လင်ထက်သို့ရောက်ရန် နောက်ထပ်ခြေတလှမ်းသာလှမ်းရန်ကျန်တော့သောအခြေအနေသို့ ရောက်သွားတော့မည်ဖြစ်၍ဖြစ်သည်။

XXXXX

ရှောင်းချင်းယန့်နှင့်ရှီချန်အန်းတို့ ရှန်ဝမ်အိမ်တော်သို့ ပြန်ရောက်ပြီး များမကြာမီ... တော်ဝင်သမားတော် တပြုံတမကြီးသည် သူတို့နှင့် မရှေးမနှောင်းပင် ရောက်ရှိလာခဲ့သည်။ ရှောင်းချင်းယန့်၏ဒဏ်ရာအား အားလုံး သေချာစွာ သန့်စင်ဆေးထည့်ပြီး၊ အိပ်ရာထက်တွင် ကောင်းစွာအနားယူနေ၍ ဘေးတွင်လည်း ရှောင်းချင်းကျန်ပါ စောင့်ရှောက်အဖော်ပြုပေးနေသည့်အချိန်ထိ စောင့်ပြီးပါမှ...ရှီချန်အန်းသည် သူ့ကိုယ်သူ ရေချိုးသန့်စင်ရန် ထွက်သွားလေတော့သည်။ သူ၏အဝတ်အစား အားလုံးတို့သည် ညစ်ပတ်ပေရေနေပြီဖြစ်ပြီး...ထိုသည်တို့အား ဝတ်ဆင်ထားသည့်သူ့မှာလည်း အလားတူ ပေရေနေ၍ လူရုပ်ပင် မပေါ်တော့ပေ။ 

"အစ်ကိုတော်...ယွဲ့အာက ပြန်လာတော့မှာ...ချင်းယွီက အဲ့ဒါ ယွဲ့အာကို သွားကြိုနေတာ..."

သူ၏အစ်ကိုကြီး ဂရုအစိုက်ဆုံးသောသူသည် ရှောင်းချင်းယွီဖြစ်သည်အား သိသည့်အလျောက်...ယခုလို သူ ဒဏ်ရာရထားသည့်တိုင် ရှောင်းချင်းယွီမှ လုံးဝလာမကြည့်သည်အား ရှောင်းချင်းယန့် သိသွားပါက...အစ်ကိုကြီး၏စိတ်ထဲတွင် ဝမ်းနည်းသွားမှာ သေချာသည်။ ထို့ကြောင့်သာ ရှောင်းချင်းကျန်သည် ထိုတခြားသူအတွက် အလျင်အမြန် ဖြေရှင်းပေးရခြင်းဖြစ်သည်။ ဒါပေါ့...သူက အရမ်းဖြေရှင်းပေးချင်လွန်းလှသည်ရယ်တော့မဟုတ်...။ သူက သူ့အစ်ကိုကြီးက ရှောင်းချင်းယွီကို အမြင်ကတ်ပါစေလို့် ဆုတောင်တောင်းလိုက်ချင်နေတာ...။

*(T/N: our little boy (a great general) with brother complex😊)

"သူလဲ ပြန်လာသင့်ပြီပဲ...မင်းက သိပ်မကြာခင် မြောက်ပိုင်းစစ်မြေပြင်ကို စစ်ထွက်ရတော့မှာ...သူ ပြန်လာပြီး မင်းကို လိုက်ပို့သင့်တာပေါ့..."

"ဟွန်း...သူက ပြန်လာတာ ကျွန်တော့်ကို လိုက်ပို့ဖို့ မဟုတ်ဘူးတဲ့...သူ စာရေးပြီး ကျွန်တော့်ကို အားလုံးပြောပြီးသွားပြီ...သူ ပြန်လာတာက အစ်ကိုတော်ရဲ့ဝမ်ဖေးကို တွေ့ချင်လို့ပါတဲ့...ဟဲဟဲ...အစ်ကိုတော်...အစ်ကိုတော်.......အဲ့ဒီရှီချန်အန်းအပေါ် ဘယ်လိုထင်လဲ..."

ရှောင်းချင်းကျန်သည် ရှီချန်အန်းနှင့် အဆက်အဆံသိပ်မရှိသည်ဖြစ်ရာ ရှီချန်အန်းသည် ဘယ်လိုလူမျိုးလဲဆိုတာ သူ သေချာ မသိပေ။ ထို့အပြင် သူ၏အစ်ကိုတော်မှ ရှီချန်အန်းအပေါ်တွင် ဘယ်လိုအတွေးမျိုးရှိသည်အား ပို၍ပင် မသိသေးချေ။ ထို့ကြောင့် ထိုမေးခွန်းအား နည်းနည်း သတိထားပြီး မေးနေရခြင်းပင်။ မေးပြီးတော့လည်း သူ၏အစ်ကိုတော်၏တုန့်ပြန်မှုအား တိတ်တခိုး အကဲခတ်ရတာလဲ အမောပင်။ 

ပြောရရင်တော့ ထူးဆန်းသည်။ ဘယ်လိုပဲတွေးတွေး ရှောင်းချင်းယန့် ကိုယ်တိုင်ပင်လျှင် သူနှင့် ရှောင်းချင်းကျန်ကြားမှ ဆက်ဆံရေးသည် အဘယ့်ကြောင့် ဤကဲ့သို့ကောင်းမွန်လှသည်အား နားမလည်နိုင်ပေ။ သူတို့အားလုံးသည် မင်းသားများဖြစ်သည်။ သာမန်မင်းသားသက်သက်သာမဟုတ်...ထီးနန်းဆက်ခံရန် အခွင့်အရေးကိုယ်စီရှိကြသည့် မင်းသားများဖြစ်ကြသည်။ သို့စေကာမူ...သူတို့နှစ်ဦးသည် ငယ်စဉ်ကပင် သာမန်အိမ်များမှ သာမန်ညီအစ်ကိုကဲ့သို့သောဆက်ဆံရေးရှိခဲ့ကြတာဖြစ်သည်။ ယခုပဲ ကြည့်လေ။ ရှောင်းချင်းကျန်၏လက်ရှိပုံစံသည်...သူ၏အစ်ကိုကြီးမှ သူ၏မရီးဖြစ်သူအပေါ်တွင် မည်သို့သော သဘောထားရှိသည်ကို စပ်စပ်စုစုသိလိုနေ၍...ထိုအဖြေပေါ်မူတည်၍သာ နောင် ထိုမရီးဖြစ်သူအပေါ်တွင် မည်သို့သဘောထား၍ဆက်ဆံရမည်အား ဆုံးဖြတ်ချနိုင်မည့် မတ်ငယ်တဦးကဲ့သို့ပင်...။

“ချင်းကျန်...သူက ငါ့ဝမ်ဖေး...” 

ချင်းယွီက ရာထူးမြင့်မြင့်ရယူနိုင်ဖို့ စိတ်အားမထက်သန်သလို...သူကိုယ်တိုင်လဲ ထီးနန်းအတွက် ဆက်လက်တိုက်ပွဲဝင်ရန် အင်အားမရှိပေ။ အခု သူက ချင်းကျန် ထီးနန်းရရန် ထောက်ခံပေးသွားဖို့ ဆုံးဖြတ်ချက်ချထားပြီးပြီဖြစ်လို့...အဲ့ဒီတော့ သူရဲ့ဝမ်ဖေးက ယောက်ျားတယောက်ဖြစ်နေတော့ရော...ဘာအရေးလဲ...။

"ကျွန်တော် သိတယ်လေ...အဲ့ဒါဆိုရင်...အစ်ကိုတော် သူ့ကို သဘောကျသလား မကျဘူးလား...အဲ့ဒါပဲပြော...ကျွန်တော်က အဲ့ဒါသိမှ သူ့ကို ဘယ်လိုဆက်ဆံရမလဲဆိုတာ ဆုံးဖြတ်လို့ရမှာလေ..."

“ဟားဟား...မင်းကတော့...” 

သူ ထင်တဲ့အတိုင်းပဲဆိုတာ ထင်သားပဲ။ ရှောင်းချင်းကျန်၏အလောတကြီး သိချင်နေသည့်ပုံစံအားကြည့်ရင်း ရှောင်းချင်းယန့်လည်း ပျော်ရွှင်လာမိသည်။ သဘောကျသလား မကျဘူးလား.....။ သူ့ကိုယ်သူတောင် မသိပေ။ ဒါပေမယ့် ရှီချန်အန်းက သူ ထင်ထားခဲ့သလို အဲ့ဒီလောက်ကြီးမုန်းစရာကောင်းလှတယ်လို့တော့ မထင်မိ။ ပြီးတော့...သူနဲ့ အနီးကပ်ဆက်ဆံကြည့်ပြန်တော့လဲ.....လူက အဲ့ဒီလောက်ကြီး အမြင်ကတ်စရာ မကောင်းသလိုပါပဲ...။**

"ကျွန်တော် သိပြီ...သိပြီ...အစ်ကိုတော် သူ့ကို သေချာပေါက် သဘောကျနေတာပဲ...အင်းပါ...ကျွန်တော် နောက်ကျရင် သူ့ကို တရိုတသေ ဆက်ဆံပါ့မယ်...ဒါပေမယ့် ကျွန်တော် သူ့ကို 'မရီးတော်'လို့ ခေါ်ရမှာလား..."

သူ့ကို 'မရီးတော်'လို့ ခေါ်သင့်တာ မှန်ပေမယ့်...သူက ယောက်ျားလေးလေ...။ အဲ့ဒီအခေါ်ကို သူက ကြိုက်မကြိုက်က ရှိသေးတယ်မလား...။

ရှောင်းချင်းကျန်၏ နာမည်အခေါ်လေးတခုအပေါ်တွင် ဗျာများ ဆုံးဖြတ်ရခက်နေပုံအား ကြည့်ရင်း ရှောင်းချင်းယန့်သည် ရှောင်းချင်းကျန် စောစောကပြောသည့်စကားတို့အား ချွင်းချက်မရှိ ယုံကြည်သည်။ သူ တကယ်ပဲ ရှီချန်အန်းကို 'မရီးတော်'တယောက်အနေနဲ့ ရိုသေလေးစားဖို့ ပြင်နေတာပဲ...။

"သူက မင်းထက် အသက်ကြီးတယ်...သူ့ကို ဒီအတိုင်း 'အစ်ကိုချန်အန်း'လို့ ခေါ်..."

“ကောင်းသားပဲ~” 

သူ၏မရီးတော်မှာ သူ့ထက်အသက်ကြီးသည်ဖြစ်ရာ...ရှောင်းချင်းကျန်သည် သူ့အား 'အစ်ကို'*ဟု ခေါ်ရမှာ သူ့ကိုယ်သူ အရှုံးမရှိဟု ထင်ခဲ့မိသည်။ သို့သော်...နောက်နှစ် သူတို့နှစ်ဦး၏မွေးနေ့သို့ ရောက်မှသာလျှင်...ရှီချန်အန်းသည် တကယ်တမ်းတော့ သူ့ထက် အသက် 'တရက်'လေးသာကြီးသည်အား ရှောင်းချင်းကျန် သိလိုက်ရသည်။ ထိုအချိန်ရောက်မှသာ ရှောင်းချင်းကျန်သည် ရုတ်တရက် အရှုံးကြီးရှုံးသွားခဲ့သလို ခံစားလိုက်ရသည်။ အသက်လေးတရက်ကြီးတာကို ဘာ'အစ်ကို'ခေါ်ရမှာလဲ...။

*(T/N: မူရင်းမှာက "哥哥"(gege)လို့ ရေးထားတာ။ ထူးပြီးတော့ ကွာတာမဟုတ်ပေမယ့် ချင်းကျန်က ချန်အန်းကို '"哥哥"လို့ ခေါ်တာ ကြားယောင်နေလို့...။ 😂 တရက်ကြီးများတော်ကြီးတဲ့ 哥哥! So sad, ချင်းကျန်! 😂😂😂)

XXXXX

* (T/N of english translator & mine (နှစ်ခုရောမွှေ): ရှောင်းချင်းကျန်ရဲ့ အခေါ်နဲ့အတွေးပေါ်မှာ မူတည်ပြီး 'အစ်ကိုတော်'နဲ့ 'အစ်ကိုကြီး'နှစ်ခုဖြစ်နေတာပါ။ 'အစ်ကိုတော်'လို့ ပါးစပ်ကခေါ်ပြီး စိတ်ထဲကနေတော့ 'အစ်ကိုကြီး'လို့ ခေါ်လို့ပါ။)

** (T/N: အမြင်ကတ်စရာ မကောင်းဘူးဆိုတော့ ချစ်စရာကောင်းတယ်ပေါ့? တည့်တည့်ပြော ရှင်းနေမယ့်ဥစ္စာ...။ 
အပြုံးမျက်နှာ ဖုံးမရဖိမရဖြင့် စာရိုက်သွားသည်။ - by Mioki.)

XXXXX

T/N: Sorry for the late!
Hope you enjoy!

အားလုံးရဲ့commentတွေ ဖတ်ပါတယ်နော်။ notiကနေဆိုတော့ ဝင်ပြီးပြန်replyမဖြစ်တာ really sorryပါ။ (replyပြန်မလုပ်ရဲတာ...updateမလုပ်နိုင်သေးလို့🤧)
စောင့်ပေးကြတာ ကျေးဇူးအများကြီးတင်ပါတယ်။ 
ပြီးတော့ Wattpad fic guideတို့ ဘာတို့ Wattpad recommendation pageတွေမှာ ဒီဝတၳုကို ကောင်းတယ်ဆိုပြီး pageမှာ recommendationပေးတဲ့သူတွေ၊ ဒီဘာသာပြန်လေးလဲကောင်းတယ်လို့ commentတွေမှာ ညွှန်းပေးတဲ့သူတွေကို အရမ်းကျေးဇူးတင်ပါတယ်😍😘
တွေ့တုန်းကဆို အရမ်းပျော်သွားတာပဲ💕
ကိုယ့်ရဲ့ အချိန်မမှန်တဲ့updateနဲ့ ရှည်လျားကွန့်ညွှန့်ထားတဲ့ ဘာသာပြန်ကို စိတ်ရှည်ပြီး ဖတ်ပေးသလို recommendကောင်းကောင်းလေးလဲ ပေးပေးလို့😘
တတ်နိုင်သမျှ updateမှန်အောင် လုပ်ပါမယ်😁
အခုတော့ updateမှန်ဖို့ တဖြည်းဖြည်း နီးစပ်လာပါပြီ!
Please wait patiently!
Thank you & love you all!

Haa...Too much T/N! 😅

XXXXX

PREVIOUS << TOC >> NEXT

No comments:

Post a Comment

Support My Translations