အပိုင်း (၂၀)
“ဝမ်ရယ်...ဒီမှာ....…”
မြေပြင်တွင် ဒူးထောက်ထားဆဲ ရှီသားအဖနှစ်ဦးသည် သူတို့၏ခေါင်းများအား ငုံထားကြပေရာ ရှီချန်အန်းသည် ထိုသူနှစ်ဦး၏မျက်နှာများအား သေချာ မမြင်ရသေးပေ။ ထို့အပြင် သူတို့အား ဤနေရာတွင် တွေ့ရလိမ့်မည်ဟုလည်း မထင်ထားခဲ့ဘူးပေ။ ထို့ကြောင့် ဒူးထောက်လျက်ရှိနေသောသူနှစ်ဦးအား အတန်ငယ် မြင်ဖူးသလို ခံစားမိလိုက်သော်လည်း ရှီယုံနျဉ်နှင့် ရှီယင်ဟွေ့ဖြစ်နေလိမ့်မည်ဟု ရှီချန်အန်း သံသယအတွေးလေးပင် မဝင်မိချေ။
သူက ရှောင်းချင်းယန့်အား သည်နေရာတွင် ဘာများဖြစ်နေလို့ပါလဲဟု မေးကြည့်ချင်ယုံသက်သက်သာ။ သို့သော် ရှောင်းချင်းယန့်သည် သူ့အား ပြန်လည်အဖြေမပေးရုံသာမက မသာမယာမျက်နှာဖြင့် ပြန်ကြည့်လာလိမ့်မည်ဟု ရှီချန်အန်း မတွေးထင်ထားခဲ့ပေ။
"ဟယ်...ဝမ်ဖေးရဲ့နဖူးက ဘယ်လိုများ ဖြစ်ရတာလဲ...ကြည့်စမ်းပါဦး...ဘာလို့များ တခုခုနဲ့ဆောင့်မိထားတယ်လို့ ခံစားမိနေပါလိမ့်..."
မင်ယွိ ပြောသံကြားရမှသာ ရှီချန်အန်းတယောက် သူ၏နဖူးနာလာသည်အား ယခုချက်ချင်းပင် ခံစားလိုက်ရသလိုပင်။ စောစောက စာကြည့်ဆောင်ထဲတွင် ရှိနေတုန်းကတော့ စိတ်လှုပ်ရှားမှုပြင်းထန်နေခဲ့သောကြောင့် သူ့အနေဖြင့် တခြားဘာကိုမှ အရေးတယူ အာရုံမစိုက်နိုင်ခဲ့ပေ။ သူ ဦးတိုက်တောင်းပန်သည့်အချိန်တုန်းက မိမိ၏အင်အားအား ထိန်းကွပ်နိုင်ခဲ့ခြင်းမရှိသည့်အပြင် ထိုခေါင်းတိုက်ချသည့်အကြိမ်တိုင်းတွင် မိမိကိုယ်ကို ညှာတာခြင်းမရှိဘဲ အရှိန်ပြင်းပြင်း ဆောင့်တိုက်ချခဲ့သည်။ ပြန်ရောက်လာသည့်အချိန်တွင်လည်း အခြားဦးစားပေးလုပ်ရမည့်ကိစ္စများက ရှိနေသည့်အပြင် သူ၏နဖူးမှလည်း အထူးအထွေ ဘာမှမခံစားမိခဲ့သောကြောင့် သူလည်း ဂရုစိုက်မနေတော့ဘဲ ဒီအတိုင်း ထားထားလိုက်ခြင်းဖြစ်သည်။
ဘာလဲ...။ ဒဏ်ရာက အရမ်းကြီးများသိသာနေလို့လား...။ သွေးတွေဘာတွေတော့ စီးကျမနေလောက်ပါဘူးနော်...။
စောစောတုန်းက ဝမ်ရယ်၏စာကြည့်ဆောင်သို့ ရှီချန်အန်း သွားရောက်ခဲ့ပြီး ထိုအချိန်တုန်းက သူနှင့်ဝမ်ရယ်တို့ကြားတွင် ပဋိပက္ခဖြစ်နေခဲ့သည်ဟု သူမ သတင်းကြားထားခဲ့သည်။ အခု ကြည့်ပါလား... သူ့နဖူးပေါ်မှာ ဒဏ်ရာကြီးနှင့် ပြန်ရောက်လာတာလေ...။ ထိုဒဏ်ရာကလည်း တချက်ကြည့်လိုက်ရုံဖြင့် မြေကြီးပေါ်တွင် ဆောင့်မိ၍ရထားသည်ဆိုသည်မှာ အသိအသာကြီးပင်။ ရှီချန်အန်း၏ ဤသို့သောပုံစံအား ကြည့်ရင်း သူမ တွေးထားခဲ့သည့်အတိုင်းပဲဟု မင်ယွိတယောက် မိမိကိုယ်ကို ဂုဏ်ယူချီးကျူးလိုက်သည်။ မင်ယွိသည် ရှီချန်အန်း၏နဖူးရှိဒဏ်ရာအား ကောင်းကောင်းမြင်ရရန်အတွက် ရှေ့တိုးကာ အနီးကပ်ကြည့်ရန် ကြံလိုက်သည်။ ထိုအချိန်မှာပဲ ရှောင်းချင်းယန့်သည် မကြည်လင်သောမျက်နှာဖြင့် စကားစပြောလာခဲ့သည်။
"စောစောတုန်းက မင်းကို ပြန်လာပြီး အနားယူခိုင်းထားတာလေ...အခု ဒါက ဘယ်ကနေ ပြန်လာတာလဲ...နဖူးပေါ်ကဒဏ်ရာကရော...ဘာဖြစ်ရပြန်တာလဲ..."
ရှီချန်အန်းအား တည့်တည့်ကြည့်၍ ထိုစကားများပြောပြီးသည်နှင့် ရှောင်းချင်းယန့်သည် ရှီချန်အန်း၏အနောက်တွင် ရပ်နေသော ဝူညီနောင်ထံသို့ အကြည့်လွှဲလိုက်သည်။ သူ၏အကြည့်တွင် အပြစ်တင်လိုမှုများအား အတိုင်းသား မြင်နိုင်သည်။ သူတို့တွေသည် ဝမ်ဖေးအား အနီးကပ်စောင့်ရှောက်ရသည့် ကိုယ်ရံတော်များ ဖြစ်သည်။ ဒါပေမယ့် အခုကျ ဝမ်ဖေးက ဒဏ်ရာတွေနှင့် ပြန်လာသည်တဲ့လား။
"ဝမ်ရယ်...ကျေးဇူးပြုပြီး သက်ညှာပေးပါ...ကျွန်တော်မျိုးရဲ့ကာကွယ်မှု ပေါ့လျော့သွားလို့ ဝမ်ဖေး မြင်းပေါ်က မတော်တဆ ပြုတ်ကျသွားရပြီး အခုလို နဖူးမှာ ထိခိုက်သွားရတာပါ...ဝမ်ရယ် သဘောထားကြီးစွာဖြင့် ခွင့်လွှတ်ပေးပါလို့ တောင်းပန်ပါတယ်..."
ဝူရန်သည် နောက်ထပ် ဘာမှဆက်မပြောတော့ဘဲ မြေပြင်တွင် ဒူးထောက်လိုက်ကာ ရှောင်းချင်းယန့်ထံမှ ခွင့်လွှတ်မှုအား တောင်းခံလိုက်သည်။ ဘေးတွင်ရှိနေသော ဝူယိကတော့ ဘာတွေဘယ်လိုဖြစ်သွားသည်အား နားမလည်နိုင်သေးပေ။ သို့စေကာမူ စကားအပိုတခွန်းမှမဆိုဘဲ သူ၏အစ်ကိုနှင့်အတူ ဒူးထောက်နေလိုက်သည်။ ကိုကို ဘာတွေပြောနေသည်မှန်း သူနားမလည်နိုင်ပေမယ့် ကိုကိုပြောသမျှစကားများသည် အားလုံး အမှန်တွေပဲ ဖြစ်ရမည်။
"ဟွန်း...အသုံးမကျတဲ့ ကိုယ်ရံတော်တွေ...မင်းတို့ကို......"
“ဝမ်ရယ်..ဝမ်ရယ်... ကျွန်တော် သူတို့ကို အပြစ်ပေးပြီးသွားပါပြီ...သူတို့ရဲ့လစာငွေ သုံးလစာဖြတ်ပြီး အပြစ်ပေးထားပါတယ်...ပြီးတော့ ကျွန်တော့်အတွက် ပိုပြီးသက်တောင့်သက်သာရှိနိုင်မယ့် မြင်းကုန်းနှီးကိုလဲ ရှာခိုင်းထားပါတယ်...ဆောင်းရာသီ အမဲလိုက်ပွဲက နီးလာတော့ ကျွန်တော်လဲ အလျင်လိုပြီး မြန်မြန်တိုးတက်လာလိုဇောနဲ့ ဖြစ်သွားတာမို့လို့...အခုလို ပြုတ်ကျတာက ကျွန်တော့်အပြစ်လဲ မကင်းပါဘူး...”
သူ မြင်းစီးလေ့ကျင့်နေတုန်းက ရှီချန်အန်း အမှန်တကယ်ပင် မြင်းပေါ်မှ ပြုတ်ကျတော့မလို ဖြစ်သေးသည်။ သို့သော် သူ အချိန်မှီ တုံ့ပြန်နိုင်ခဲ့သည်။ သူ ချက်ချင်း ကိုယ်ကို နိမ့်ချလိုက်ကာ မြင်းဇက်ကြိုးအား တင်းတင်းဆွဲလိုက်သည်။ ခြေနှစ်ဖက်အား မြင်း၏ဝမ်းဗိုက်တဖက်တချက်စီတွင် တင်းကြပ်နေအောင် ဖက်တွယ်ထားခြင်းဖြင့် ပြုတ်ကျမသွားအောင် သူ ထိန်းနိုင်ခဲ့သည်။ ယခု...ရှောင်းချင်းယန့်နှင့် ဝူရန်တို့၏ အတိုင်အဖောက်ညီသော စကားအသွားအလာကိုနားထောင်ရခြင်းအားဖြင့် သူ့စိတ်ထဲတွင် သည်တခုကိုတော့ ကောင်းကောင်း နားလည်လိုက်သည်။ ရှောင်းချင်းယန့်သည် သူ,ရှီချန်အန်း ဘယ်လိုဖြစ်၍ ဒဏ်ရာရလာသည်အား အခြားမဆိုင်သူများအား မသိစေလိုကြောင်းပင်...။
သို့ပေမယ့် ဝူရန်နှင့် ဝူယိကတော့ ဤကိစ္စတွင် အပြစ်ကင်းသူများ ဖြစ်သည်။ သူ့အနေဖြင့် ဘာမှမဆိုင်သည့်သူများအား ဆွဲမထည့်ချင်ပေ။ ရှောင်းချင်းယန့်...သည်လူကား ဒေါသ ဘယ်လောက်တောင်ကြီးလိုက်သလဲ...။ သူ့ပါးစပ်ဟလိုက်တာနှင့်တပြိုင်တည်း လူကိုရိုက်ရန် အမိန့်ပေးဖို့က အဆင်သင့်ပင်။ အကယ်၍ သူ့ကြောင့် ဝူညီနောင်သာ ကြိမ်ဒဏ်ပေးခံရပါက ရှီချန်အန်း မိမိကိုယ်ကို အပြစ်တင်၍ဆုံးတော့မည် မဟုတ်။ ဝူညီနောင်သာ အမှန်တကယ် ကြိမ်ဒဏ်ပေးခံရပါက သူ့အနေဖြင့် ဆေးဖိုးလေးပေးရုံ၊ လစာငွေလေးတိုးပေးရုံလောက်ဖြင့် ပြီးသွားနိုင်မည်၊ သူ့စိတ်ထဲမှ အပြစ်မကင်းစိတ်ကျေပျက်သွားလိမ့်မည်ဟု ရှီချန်အန်း လုံးဝ မထင်ပေ။ မဆိုင်သည့်သူများအား မိမိအစား အပြစ်ခံစေပြီးမှ ငွေလေးအနည်းငယ်ပေးပြီး ကျေအေးခိုင်းခြင်းသည် မမှန်ကန်ပေ။ ထို့ကြောင့် ရှောင်းချင်းယန့် ဘာမှမပြောရသေးခင် ရှီချန်အန်းသည် အလျင်စလို ရှေ့မှဝင်ကာ ပိတ်ပြောလိုက်ရသည်။
အသေအချာပင်။ ရှီချန်အန်း၏စကားအား နားထောင်ပြီးသည်နှင့် ရှောင်းချင်းယန့်၏မျက်နှာသည် အတန်အသင့် ပြေလျော့သွားပြီး ဝူညီနောင်အား သတိပေးစကားသာ ပြောလိုက်သည်။
"ဝမ်ဖေးက မင်းတို့ကို အပြစ်ပေးပြီးသွားပြီဆိုတော့လဲ...ပန်ဝမ် ဒီတခေါက်တော့ မင်းတို့ကို ခွင့်လွှတ်ပေးလိုက်မယ်...ဒါပေမယ့် မင်းတို့ မှတ်ထားပါ...နောင်ကျရင် ဝမ်ဖေးကို ဒီထက်ပိုပြီး ဂရုတစိုက် ကာကွယ်စောင့်ရှောက်ရမယ်ဆိုတာကို..."
“ဟုတ်ကဲ့ပါ ဝမ်ရယ်...”
ရှီချန်အန်းထံသို့ ဦးတည်ခြေလှမ်းပြင်ပြီးထားသည့် မင်ယွိအဖို့ ဤသို့သောကိစ္စများ ဖြစ်လာမည်ဟု မထင်မှတ်ထားခဲ့။ သူမ၏စိတ်ထဲတွင် မကျေမချမ်းဖြစ်မှုတို့က ထိန်းမရတော့သော်လည်း ထိုဒေါသတို့အား ရှီချန်အန်းအပေါ် ပုံချနိုင်မည့်အခွင့်အရေးကား လက်လွှတ်သွားပြီဖြစ်သည်။ အခြားရွေးချယ်စရာမရှိတော့သော မင်ယွိသည် မြေပေါ်တွင် ဒူးထောက်နေဆဲဖြစ်သောလူနှစ်ယောက်ကိုသာ ဦးတည်တိုက်ခိုက်သွားရန် ဆုံးဖြတ်လိုက်သည်။
"ကိုကိုကြီးကလဲနော်...ဒီနေ့ကျမှ ကံဆိုးပြီး ဒဏ်ရာရလာရတယ်လို့....ဒီနေ့ ကိုကို....."
"မင်းက ဘယ်သူ့ကို 'ကိုကိုကြီး'ခေါ်နေတာလဲ..."
မင်ယွိ၏စကားတို့သည် ဆုံးအောင်မပြောရသေး...နောက်တကြိမ် ရှောင်းချင်းယန့်ထံမှ စကားဖြတ်တောက်ခံလိုက်ရပြန်သည်။ ပြောချင်သည့်စကားများက လည်ပင်းတွင် တစ်ဆို့သွားရင်း သူမ ဘေးပတ်လည်ရှိလူအများအား မျက်စိဝေ့ကြည့်လိုက်သည်။ သူမစိတ်ထဲတွင် လူအားလုံးက သူ့အပေါ် ပျက်ရယ်ပြု လှောင်ပြောင်နေကြသလို ခံစားလိုက်ရသည်။ ချက်ချင်းပင် သူမ၏မျက်နှာသည် ရဲတက်လာကာ မျက်ဝန်းတွင်လည်း မျက်ရည်တို့ ဝေ့သီလာခဲ့သည်။ ထို့နောက် မင်ယွိသည် ထိုမတရား အပြစ်တင်ခံရသောမျက်နှာဖြင့် ရှောင်းချင်းယန့်၏အမေးစကားအား ပြန်ပြောလိုက်သည်။
"ဝမ်ရယ်ကလဲ...ဘယ်သူရှိရဦးမှာလဲလို့...သေချာပေါက် ဝမ်ဖေးကို ခေါ်နေတာပေါ့လို့...ချန်ချယ့်*က အခု ရှန်ဝမ်အိမ်တော်ကို ဝင်ပြီးလို့ ဝမ်ဖေးနဲ့အတူ ဝမ်ရယ်ကို ပြုစုခစားနေပြီလေ...အားလုံးက ညီအစ်မတွေပဲပေါ့...ဒါပေမယ့် ဝမ်ဖေးက ယောကျ်ားလေးဆိုတော့...ချန်ချယ့်က သူ့ကို 'မမကြီး'လို့ ခေါ်လို့မှမရတာ...အဲ့ဒီတော့လဲ အခုလို 'ကိုကိုကြီး'လို့ ခေါ်လိုက်ရတာပေါ့..."
*(ချန်ချယ့် = ကျွန်တော်မျိုးမ၊ ရိုသေသမှုဖြင့် သုံးသော စကားလုံး။)
မင်ယွိမှ သူ့အား 'ကိုကိုကြီး'ဟု ခေါ်သည့်အသံကြားတိုင်း ထိုအကြိမ်တိုင်းပင် သူ့ခေါင်းကျိန်းလာသလို ရှီချန်အန်း ခံစားရသည်။ သူ့မှာလည်း ညီမတဦး ရှိပါသေးသည်။ သို့သော် ထို'ညီမလေး'နှင့်ပတ်သက်၍ပဲဖြစ်ဖြစ်၊ ထိုအခေါ်အဝေါ်နှင့် ပတ်သက်၍ပဲဖြစ်ဖြစ် ရှီချန်အန်း၏စိတ်ထဲတွင် မနှစ်မြို့ခါးသီးခြင်းတခုတည်းသာ ခံစားရသည်။ ထို့ကြောင့်ပင် ဖြစ်မည်။ ထို'ညီမလေး'ထံမှသာမဟုတ်၊ အခြားမည်သည့်မိန်းကလေးထံမှ 'အစ်ကိုကြီး'၊'ကိုကိုကြီး'ဟူသည့်ခေါ်သံကြားတိုင်း...ရှီချန်အန်းသည် ဒုက္ခရောက်တော့မည့်နှယ်၊ ထိုသူများမှ သူ့အား ဒုက္ခပေးတော့မည့်နှယ် ခံစားရလေ့ရှိသည်။
"မင်း အခုပဲ 'ဝမ်ဖေး'ဆိုပြီး မှန်မှန်ကန်ကန် ခေါ်သွားခဲ့တယ် မဟုတ်လား...အခုကစပြီး မင်း ဝမ်ဖေးကို 'ဝမ်ဖေး'လို့ပဲ ခေါ်ပါ...မင်းမှာ ဘာ'ကိုကိုကြီး'လို့ ခေါ်ပိုင်ခွင့်မရှိဘူး..."
“ဝမ်ရယ်...ဒီ....…ဟုတ်ကဲ့ပါ...ချန်ချယ့် နားလည်ပါပြီ...”
သူမ ရှန်ဝမ်အိမ်တော်သို့ လက်ထပ်ဝင်ရောက်ခြင်း မပြုရသေးသည့်အချိန်အထိ မင်ယွိသည် ရှောင်းချင်းယန့်နှင့် တခါမျှ တွေ့ဆုံဆက်ဆံဖူးခြင်း မရှိခဲ့ပေ။ သို့တိုင် ရှောင်းချင်းယန့်နှင့်ပတ်သက်သောသတင်းအချို့ကိုမူ သူမ ကြားဖူးပါသည်။ သူတို့အားလုံးပဲ ပြောကြတော့ ပထမမင်းသားကြီး ရှောင်းချင်းယန့်က ကြင်နာတတ်ပြီး တည်ငြိမ်အေးဆေးသည့်သူဆို...။ အခုကျ ဘာလို့ ဒီလောက်တောင် ခက်ထန်နေရတာလဲ...။
မင်ယွိသည် ဆက်၍ ရှီချန်အန်းအား ပစ်မှတ်ထားတိုက်ခိုက်၍ မရတော့ကြောင်း သိလိုက်သည်။ ထိုသို့ဆိုမှတော့ သူမ၏မြှားဦးအား ရှီသားအဖနှစ်ဦးထံသို့ ထပ်မံဦးတည်လိုက်ရန်သာ။ ထို့ကြောင့် စောစောက သူမ ပြီးဆုံးအောင်မပြောလိုက်ရသည့်စကားတို့အား ဆက်ပြောလိုက်သည်။
"ဝမ်ဖေး...ဒီနေ့ ဝမ်ဖေးရဲ့ဖခင် လာတယ်လေ...အခု ဝမ်ဖေးရဲ့နဖူးပေါ်ကဒဏ်ရာကို တွေ့လိုက်ရတော့ သူ့ခမျာ ရင်နာရှာတော့မှာပဲ...အာ မဟုတ်သေးဘူးပဲ...ကျွန်မ ကြားတာကတော့ ဝမ်ဖေးက ဝမ်ဖေးရဲ့ဖခင်ဆီက တခါမှ အချစ်မခံဖူးဘူးဆိုပဲ...ဒါက တကယ့်ကိုပဲ............ဟင်း..."
စုရုံးစုရုံးဖြစ်နေသော လူအုပ်ကြီးအား အဝေးက လှမ်းမြင်လိုက်ရကတည်းက ဘာမှမသိသေးသော ရှီချန်အန်းသည် စိတ်ထဲထင့်နေခဲ့တာဖြစ်သည်။ ဒီလောက်များသည့်လူစုကြီးက သူ့ခြံဝန်းရှေ့မှာ ဘာလာလုပ်နေကြမှန်း သူ တကယ် နားမလည်နိုင်သေးပေ။ ယခု မင်ယွိ ပြောသည့်စကားများကြားရမှသာ ဘာတွေဖြစ်နေကြသည်အား သူ ခန့်မှန်းနိုင်တော့သည်။ လက်စသတ်တော့ သူ စိတ်ထင်နေခဲ့တာ မဟုတ်ဘူးဘဲ...။ ထိုလူနှစ်ဦးသည် အမှန်တကယ်ပင် ရှီယုံနျဉ်နှင့် ရှီယင်ဟွေ့ ဖြစ်နေခဲ့သည်ပဲ။
"အဖေတို့က ကျွန်တော့်ကို ဘာအတွက်လာရှာတာလဲ..."
ရှီမျိုးနွယ် အဖေနှင့်သမီးသည် လူအုပ်ကြီး ပတ်လည်ဝိုင်းခံရသည့်အထဲတွင် နှစ်နာရီနီးပါးမျှ ဒူးထောက်လျက် ရှိနေခဲ့တာဖြစ်သည်။ ထို့ကြောင့် သူတို့၏ခြေထောက်များသည် ယခုအချိန်တွင် နာကျင်ထုံထိုင်းနေပြီဖြစ်သည်။ ထိုအဖြစ်များကြားထဲမှာမှ သူတို့နှစ်ဦးသည် ခေါင်းမော်၍လည်း မော့မကြည့်ရဲသေးပေ။ အဘယ်ကြောင့်ဆိုသော်...သိပ်မကြာသေးခင်က ရှောင်းချင်းယန့်သည် 'အရှက်မရှိ သိက္ခာကင်းမဲ့တဲ့လူတွေကို မမြင်ချင်ဘူး'ဟူ၍ ပြောထားသောကြောင့်ဖြစ်သည်။
ယခုအချိန်ကျမှ ရှီယုံနျဉ် နောင်တရလည်း မမှီနိုင်တော့။ အစကတည်းက သူ ဒီနေရာကို မလာခဲ့သင့်တာ...အဲ့ဒီအချိန်တုန်းက သူ ဘာစိတ်ရူးပေါက်ပြီး ရှန်ဝမ်အိမ်တော်ကို လာဖို့ ဆုံးဖြတ်ခဲ့တာပါလိမ့်။ အဲ့ဒီ ကျေးဇူးကန်းတဲ့အကောင်စုတ်လေးက ဒီဝမ်ရယ်အိမ်တော်မှာ မျက်နှာသာပေးခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ...ထိုနှစ်ခုလုံးက သူ့အတွက်တော့ ကောင်းသည့်ကိစ္စတရပ်မဟုတ်။ အကယ်၍ အဲ့ဒီကောင်စုတ်လေးသာ အရေးပေးခံရပါက...ရှန်ဝမ်သည် ထိုကောင်စုတ်လေးအစား သူ့အပေါ်မှာ လက်စားချေပေလိမ့်မည်။ သို့ဆိုလျှင် သူ သူ့ကိုယ်သူပင် နှုတ်ဆက်ချိန်တောင် ရလိုက်မှာ မဟုတ်ဘူး။ အကယ်၍ မျက်နှာသာပေးမခံရဘူးဆိုလျှင်ရော...ထိုသို့ဖြစ်လျှင်လည်း 'တနွယ်ငင် တစင်ပါ'ဆိုသလို သူသည်လည်းပဲ ရှန်ဝမ်၏အမျက်မှ လွတ်ရာလွတ်ကြောင်း မရှိချေ။
"ချန်အန်း...မင်း အိမ်တော်ကို ပြန်မလာ ရက်တော်တော်ကြာပြီလေ...ငါနဲ့ မင်းအဘွားက မင်းကို အရမ်းသတိရနေတာ...မင်းအဘွားကလဲ အခုတလော ကျန်းမာရေး သိပ်မကောင်းဘူး...ဒါကြောင့်မို့လို့ ငါ မင်းညီမကိုပါ ခေါ်လာပြီး မင်းကို လာတွေ့တာ..."
ရှီယုံနျဉ်၏စိတ်ထဲတွင် ဤတခါတော့ အမြင်မှန်မှန် မြင်နိုင်သွားပြီ ဖြစ်သည်။ သူ၏ ယခုခရီးစဉ်တွင် မည်သူ့မည်သူကိုမှ အဆင်ခြင်မဲ့စွာ ဆက်ဆံပြောဆိုလိုက်၍ မဖြစ်ပေ။ သို့သော်...ယခုကဲ့သို့သော အပေါ်ယံနှုတ်ခွန်းချိုစကားများကိုတော့ သူ မပြောချင်ရင်တောင် ပြောရပေဦးမည်။ မဟုတ်ပါက သူ လက်ရှိရောက်နေသောအခြေအနေထက် သာ၍ဆိုးသော အနေအထားတခုသို့ ရောက်သွားနိုင်သည်လေ။
မျက်စိရှေ့တွင်ရှိနေသော ထိုလူပေါ်တွင် မိုးလောက်ကြီး ကြီးမားလှသော အမုန်းတရားတို့ ရှိနေစေကာမူ ရှီချန်အန်းသည် ဤမျှ များပြားလှသောလူအုပ်ကြီး၏ရှေ့မှောက်တွင် မဖြေရှင်းချင်ပေ။ ထို့ကြောင့် သူ ရှီယုံနျဉ်၏စကားတို့အား ပြန်မဖြေသေးဘဲ ထိုအစား ဝိုင်းဝန်းကြည့်နေကြသည့်လူများကိုသာ မိမိတို့၏ အဆောင်၊ခြံဝန်းအသီးသီးသို့ ပြန်ခိုင်းလိုက်သည်။
"ဝမ်ဖေး...ဒီကိစ္စက ဝမ်ရယ်အိမ်တော်ရဲ့ အိမ်တွင်းရေးကိစ္စလို့ ပြောလို့ရတာပဲ...အဲဒါကို ဝမ်ဖေးက ဘာလို့......."
အရှေ့ပိုင်းတုန်းက မင်ယွိသည် သူမတို့သည် တမိသားစုထဲ ဖြစ်နေပြီဟူသော သဘောရသည့်စကားမျိုး ပြောထားခဲ့ပြီးဖြစ်သည်။ ယခု ရှီချန်အန်းက သူရဲ့အိမ်တွင်းရေးကိစ္စတွေကို ဖြေရှင်းတော့မယ်ဆိုတော့...သူမက သေချာပေါက် လက်မလွတ်တမ်းကို ကြည့်ပေးရမှာပေါ့...။
ရှီချန်အန်း ထိုမင်ယွိအား တချက် အကဲခတ်ကာ ကြည့်လိုက်ရုံဖြင့် မင်ယွိသည် သူ လူအများကြား အရှက်တကွဲ ဟားတိုက်ခံစရာဖြစ်လာမည်အား စောင့်ကြည့်ချင်နေကြောင်း သိလိုက်ရသည်။ ခက်တာက...အရင်က ရှီချန်အန်းဆိုရင်တော့ ဟိုဟိုဒီဒီ ထောက်ထားညှာတာကာ အလျော့ပေးချင်ပေးလိမ့်မည်။ အခုတော့ သူ့မှာ ထိုသို့ ပျော့ပြောင်းသောသဘောထားမျိုး မရှိတော့။ ထိုသို့လုပ်စရာ မလိုတော့။ ဤရှန်ဝမ်အိမ်တော်တွင် သူ အလေးထားဆက်ဆံရမည့်သူဟူ၍ ရှောင်းချင်းယန့် တဦးတည်းသာ ရှိသည်။ ပြီးတော့...ဒီအခြေအနေပဲ ရောက်နေပြီ...သူ နားမလည်နိုင်ပဲ ရှိပါဦးမလား။ ထိုမင်ယွိဟူသည် ရှောင်းချင်းယန့်၏မျက်လုံးထဲသို့ပင် ဝင်သည့်သူမဟုတ်ပေ။ အဲ့ဒီတော့...သူက ဘာအတွက်ကြောင့်များ မင်ယွိအား မျက်နှာသာပေးနေရဦးမည်နည်း။
"မင်စီ့ဖေး...ဒီနေရာက ရှန်ဝမ်အိမ်တော်ပါ...မင်းရဲ့မိသားစုရေးက ပန်ဝမ်ဖေး*ရဲ့အရေးပဲ...ဒါပေမယ့် ပန်ဝမ်ဖေးရဲ့မိသားစုရေးကတော့ မင်းရဲ့အရေးကိစ္စ မဟုတ်ဘူး...နောက်ဆုတ်နေပါ..."
*(ပန်ဝမ်ဖေး = ဒီဝမ်ဖေး။ မိမိထက် အဆင့်နိမ့်သည့်သူများအပေါ် သုံးသည့်စကားလုံး။)
ရှီချန်အန်း၏စကားတို့သည် မင်ယွိသာမက... ဘေးတွင်ရပ်ကြည့်နေသည့်သူများအပြင်... အခြားတဖက်တွင်ရပ်ကာ အကဲခတ်နေသည့်ရှောင်းချင်းယန့်ပါမကျန်...အ့ံအားသင့်သွားကြသည်။ သူတို့အားလုံးက ဤဝမ်ဖေးတွင် ဤကဲ့သို့သော ပြတ်သားခိုင်မာသည့်အချိန်မျိုး ရှိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ထိုအစား ဝမ်ဖေး၏ ပျော့ပြောင်းအေးဆေးသည့်ပုံစံမျိုးဖြင့်ဆိုပါက လူအများကပင် သူ့အား အနိုင်ကျင့်လို့ရသည်ဟု ထင်ထားကြတာဖြစ်သည်။
မင်ယွိသည်ကား အ့ံအားသင့်ပြီးသွားသည့်နောက်တွင် ဒေါသထွက်လာခဲ့သည်။ သူမစိတ်ထဲတွင် အစော်ကားခံလိုက်ရသည်ဟုပင် ခံစားလိုက်ရသည်။ ဒီရှီချန်အန်းက ဘာမို့လို့လဲ...။ ဘာကိစ္စနဲ့ သူကများ...သူမအပေါ် ဒီလိုပြောစရာလား...။ ချက်ချင်းပင် မျက်ရည်စီးကြောင်းနှစ်တန်းက မင်ယွိ၏မျက်နှာပေါ်တွင် ဖြတ်သန်းသွားသည်။ မင်ယွိသည် သူမ၏မတရားခံရမှုအား ဖြေရှင်းပေးစေပါရန်... ရှောင်းချင်းယန့်၏ရှေ့မှောက်တွင် ဒူးထောက်ချလိုက်သည်။
မျက်စိရှေ့က အလိုက်ကန်းဆိုးမသိ ရွံမုန်းစရာကောင်းသည့်မိန်းမအား ဆက်လက်မြင်တွေ့ချင်စိတ်မရှိသော ရှောင်းချင်းယန့်သည် ဒူးထောက်လျက်ရှိနေသော မင်ယွိအပါအဝင် ကျန်ရှိနေသေးသည့်လူစုကြီးအား မျက်လုံးထဲတွင်အသက်မပါသော လုပ်ပြုံးတခုဖြင့် မေးလိုက်သည်။
"ဝမ်ဖေးပြောလိုက်တာ မင်းတို့ မကြားလိုက်ရဘူးလား..."
"ဟုတ်ကဲ့ပါ...ကျွန်တော်မျိုးမတို့ သွားလိုက်ပါတော့မယ်..."
တိုးလိုးတန်းလန်းဆွဲခေါ်ခံသွားရသော မင်ယွိမှာတော့ သူမ၏နားမှကြားလိုက်ရသည်အား အခုထိ မယုံကြည်နိုင်သေးပေ။ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ...။ အဲ့ဒီရှောင်းချင်းယန့်က အရူးလား...။ သူက ဘယ်လိုလုပ်ပြီး အဲ့ဒီရှီချန်အန်းအတွက်နဲ့ သူမအပေါ်မှာ ဒီလို လုပ်ရက်ရတာလဲ...။ အခု သူ့ဆီမှာ ဘာမှမကျန်တော့ဘဲကို...နောက်ခံအင်အား မလိုချင်တော့ဘူးလား...။ သူ သူ့အာဏာပြန်ရအောင် မလုပ်ချင်တော့ဘူးလား...။
မဆီမဆိုင် လာရောက်စုဝေးနေသည့်လူအုပ်ကြီး ထွက်သွားသည်နှင့် ရှီချန်အန်း အနည်းငယ် စိတ်သက်သာရာရသွားသည်။
"ဝမ်ရယ်...ကျွန်တော်မျိုး မိသားစုကိစ္စတချို့ ဖြေရှင်းစရာ ရှိသေးတယ်...ဝမ်ရယ်........"
"ဝမ်ဖေးရဲ့မိသားစုအရေးဆိုတာ ပန်ဝမ်ရဲ့မိသားစုအရေးပဲ မဟုတ်လား...မင်း လုပ်စရာရှိတာသာ လုပ်ပါ...ပန်ဝမ် ဒီအတိုင်းပဲ ဘေးကနေ ရပ်ကြည့်နေမယ်...မင်းကို မနှောင့်ယှက်ပါဘူး..."
“…”
ရှီချန်အန်း ရှောင်းချင်းယန့်အား မည်သို့ပြန်လည်ဖြေရမည်မှန်း မသိတော့။ သူ့ကိစ္စတွေမှာ ရှောင်းချင်းယန့် ဘာမှအာရုံစိုက်စရာ မလိုဘူးလို့ပဲ ပြောလိုက်သင့်လား...။ သေချာပါတယ်...သူသာ အဲ့ဒီလိုဖြေလိုက်လို့ကတော့ ရှောင်းချင်းယန့်က ချက်ချင်း လူတွေခေါ်ပြီး သူ့ကို ကြိမ်ဒဏ်ပေးခိုင်းတော့မည်ဆိုတာ...။
ထားလိုက်ပါတော့။ မဟုတ်ရင်တောင် ရှောင်းချင်းယန့်ရှေ့မှာ သူ အရှက်ရစရာကိစ္စတွေ လုံလောက်အောင် ပြပြီးသွားပြီပဲ။ ရှောင်းချင်းယန့်က သူ့ကို ပြက်ရယ်ပဲပြုပြု၊ အထင်ပဲသေးသေး၊ စိတ်ပျက်လို့ပဲ မုန်းမုန်း...သူ ကြောက်မနေတော့ပါဘူး...။ ထို့ကြောင့် ဒူးထောက်လျက်ရှိနေသော လူနှစ်ယောက်ကိုသာ ပြောစရာရှိတာ ပြောလိုက်သည်။
"ခင်ဗျားတို့ ပြန်ကြတော့... ကျွန်တော်နဲ့ ခင်ဗျားတို့ကြားမှာ ဘာပြောစရာမှ မရှိဘူး...ရှီအိမ်တော်ကိုလဲ ကျွန်တော် ဘယ်တော့မှ ပြန်သွားမှာ မဟုတ်ဘူး...ပြီးတော့...ကျွန်တော် ဒီနေ့ တခါတည်း ပြောစရာရှိတာ ရှင်းရှင်းလင်းလင်း ပြောလိုက်မယ်...ကျွန်တော် ထင်ပါတယ်...ကျွန်တော်တို့အားလုံး အဲဒီစကားက ဘာလဲဆိုတာ သိပြီးသားဆိုတာ...အခုကစပြီး ကျွန်တော် ရှီချန်အန်း သေသေရှင်ရှင် ဘာကိစ္စပဲရှိရှိ ရှီမိသားစုနဲ့ ဘာမှမသက်ဆိုင်တော့ဘူး...ခင်ဗျားကလဲ ကျွန်တော့်ကို အစကတည်းက သားတယောက်လို့ သတ်မှတ်ထားတာမှ မဟုတ်ဘဲ...အဲ့ဒီတော့...အခုကစပြီး ခင်များ အရင်က ကျွန်တော့်ကို ဖြစ်စေချင်ခဲ့သလိုမျိုး...ကျွန်တော့်ကို အဲ့ဒီယာတောခြံမှာ သေဆုံးသွားခဲ့ပြီလို့ပဲ သတ်မှတ်လိုက်တော့...."
ပြောစရာရှိတာ ပြောပြီးသည်နှင့် ရှီချန်အန်း တခါတည်း လှည့်ထွက်ခဲ့လိုက်သည်။ သို့သော် သူ၏ခြေလှမ်းများအား ရပ်တန့်လိုက်ကာ နောက်တကြိမ် ရှီသားအဖထံ ပြန်သွား၍ သူတို့ရှေ့တွင် အသာထိုင်ချလိုက်သည်။ ထို့နောက် လေသံတိုးတိုးဖြင့် သတိပေးစကား ပြောလိုက်သည်။
"တကယ်လို့ ခင်ဗျားတို့ ဒီထက်ပိုပြီး အဖြစ်မဆိုးစေချင်ရင်...ကျွန်တော့်ကို ကျေးဇူးမသိတတ်ဘူးဆိုတဲ့ တံဆိပ်တပ်ပြီး အပြစ်တင်ကဲ့ရဲ့ခံရအောင်လုပ်မယ့် နည်းလမ်းတွေ ရှာဖို့ မစဉ်းစားနဲ့...တော်ဝင်မိသားစုရဲ့ဂုဏ်သိက္ခာဆိုတာ ခင်ဗျားတို့ ကစားချင်တိုင်း ကစားလို့ရတဲ့အရာ မဟုတ်ဘူး...အခု ရှန်ဝမ်ဆီမှာ ဆုံးရှုံးစရာ ဘာမှမရှိတော့ဘူး...အရှင်မင်းကြီးကလဲ ဘယ်သူကိုမှ သူ့ရဲ့သားတော်ကို ဒုက္ခရောက်အောင် ကြံစည်ခွင့်ပေးမှာ မဟုတ်ဘူး..."
ရှောင်းချင်းယန့် မူလကစဉ်းစားထားသည်က ထိုသူများအား ရှီချန်အန်း၏ခြံတံခါးရှေ့တွင် နေ့လယ်တခင်းလုံး ဒူးထောက်ခိုင်းထားပြီး၊ ပြီးမှသာ လူလွှတ်၍ အိမ်တော်မှ ဆွဲထုတ်ခိုင်းမည်ဟု။ ထိုမင်ယွိဟူသည့်မိန်းမက လာပြီး ပွဲဆူအောင် လုပ်သွားလိမ့်မည်ဟု မတွေးထားမိခဲ့။ အဲ့ဒီတော့လည်း ပိုကောင်းသွားတာပေါ့။ အဲ့ဒီမိန်းမကို ကိုယ့်နေရာကိုယ် သိသွားစေတာပေါ့။ ရှောင်းချင်းယန့် အမုန်းဆုံးကတော့ တယောက်နှင့်တယောက် ချောင်းမြောင်းအကောက်ကြံကာ အမြဲတိုက်ခိုက်နေကြသည့် စိတ်ရှုပ်စရာကောင်းသော အနောက်ဆောင်မှမိန်းမများ ဖြစ်သည်။
"ဝူရန် ဝူယိ...ဒီလူနှစ်ယောက်ကို အိမ်တော်ကနေ ဆွဲထုတ်သွားလိုက်တော့...ပြီးရင် နန်းတော်ဆီသွားပြီး တော်ဝင်သမားတော် ပင့်လာခဲ့..."
ရှောင်းချင်းယန့်သည် ဝူညီနောင်နှစ်ဦးအား အမိန့်ပေးပြီးသည်နှင့် နေရာမှ ထွက်လာခဲ့လိုက်သည်။ ဝူညီနောင်မှာမူ အံ့အားသင့်ဝေခွဲမရသည့်မျက်နှာများဖြင့် ကျန်ရှိနေခဲ့လေသည်။ ဝမ်ဖေးရဲ့ နဖူးကဒဏ်ရာက အဲ့ဒီလောက်တောင် ပြင်းထန်တာလား...။ တော်ဝင်သမားတော်တောင် ပင့်ပြီး ကြည့်ခိုင်းရလောက်တဲ့အထိဆိုတော့......။
ထိုသူရဲ့ခန္ဓာကိုယ်က အမြဲတမ်း အားနည်းနေတာပဲ...။ ရှောင်းချင်းယန့်နှင့် ရှီချန်အန်းတို့ လက်ထပ်ထားသည်မှာ မကြာသေးဘူးဟု ဆိုနိုင်သော်လည်း...ရှီချန်အန်း၏ အားနည်းလှသောခန္ဓာကိုယ်အခြေအနေအား အခုတော့ သူ အနည်းနှင့်အများ ခန့်မှန်းနိုင်ပြီဖြစ်သည်။ လက်စသတ်တော့...သူ ထိုအချိန်တုန်းက နေမကောင်းဖြစ်ပြီး ရရှိခဲ့တဲ့ ရောဂါတွေကြောင့်ပဲ...။ အခုထိ အဲ့ဒီရောဂါတွေက အမြစ်မပြတ်သေးဘဲ နောက်ဆက်တွဲဝေဒနာတွေကို ခံစားနေရတုန်းပဲလား...။
XXXXX
No comments:
Post a Comment