Monday, May 11, 2020

ကြင်ရာတော် ချန်အန်း (Unicode) - အပိုင်း (၂၁)

အပိုင်း (၂၁)

ရှီသားအဖအား အိမ်တော်တွင်းမှ ဆွဲထုတ်လာချိန်သည် ရှန်ဝမ်အိမ်တော်သို့ မလာသည်မှာ အတော်ကြာနေပြီဖြစ်သော စတုတၳမင်းသား ရှောင်းချင်းယွီ အလည်လာချိန်နှင့် အချိန်ကိုက်ပင် ဖြစ်သည်။ အိမ်တော်ထဲမှ ဆွဲထုတ်လာကာ မြေပြင်ပေါ်သို့ ပစ်ချထားခံရသောလူများအား မြင်လိုက်ချိန်တွင် ရှောင်းချင်းယွီတယောက် အူမြူးလာခဲ့လေသည်။

သူ့အစ်ကိုတော်က အမြဲတမ်း သူ့ရဲ့ စိတ်သဘောထား ကောင်းမွန်မှုအတွက် ကျော်ကြားနေခဲ့တာ မဟုတ်လား။ အခုတော့ ဘယ်လိုတွေဖြစ်ပြီး... တကယ်ကြီး သူ့ရဲ့အိမ်တော်ဝင်းရှေ့တည့်တည့်ကြီးမှာကို အိမ်တော်တွင်းအစေခံတွေကို ဆွဲထုတ်ပစ်ခိုင်းထားသည်တဲ့လား...။

"စတုတၳမင်းသားအား ဂါဝရပြု အရိုအသေပေးပါတယ်..."

"ဒီနှစ်ယောက်က ငါ့အစ်ကိုတော်ကို ဘာအပြစ်တွေများ ကျူးလွန်မိထားလို့လဲ...ဒီလို အတည်ကြီး အပြင်ကို ဆွဲထုတ်ပစ်ရလောက်အောင်လေ..."

အိမ်တော်အပြင်သို့ ဆွဲထုတ်ခံရသည့်သူများ စတွေ့ချိန်တုန်းက သူ့အလိုလိုပင် ရှောင်းချင်းယွီ ပထမဆုံးတွေးမိလိုက်သည်က ထိုလူများသည် အစေခံများ ဖြစ်လိမ့်မည်ဟု။ သို့ပေမယ့် သူ အနီးကပ် လျှောက်လာပြီး လေ့လာကြည့်ပြန်တော့... ထိုလူများ၏အဝတ်အစားများအရလည်း အဆင့်နိမ့်အစေခံများ ဖြစ်ဟန်လည်း မပေါ်ပေ။ 

ဝူညီနောင်နှစ်ဦးမှ ပြန်လည် ဖြေရှင်းချက်မပေးနိုင်သေးခင်တွင်...ရှီယင်ဟွေ့သည် မခိုင့်တခိုင် ခြေထောက်များအား အားပြု၍ မြေပေါ်မှ ချက်ချင်းထလာကာ ရှောင်းချင်းယွီထံသို့ လေးစားအားကိုးသည့်အကြည့်များဖြင့် နှုတ်ခွန်းဆက်သလေတော့သည်။ 

"ကျွန်တော်မျိုးမ ရှီယင်ဟွေ့...စတုတၳမင်းသားအား ဂါရဝပြု နှုတ်ခွန်းဆက်ပါတယ်..."

"အရှင်မင်းသား...သူတို့က ဝမ်ဖေးရဲ့ ဖခင်နဲ့ ရှုဖွားညီမပါ...သူ..သူတို့်က...ဝမ်ရယ်အပေါ် အပြစ်ပြုမိတာကြောင့်...ဝမ်ရယ်က သူတို့ကို နှင်ထုတ်ခိုင်းလိုက်တာပါ..."

မည်သို့ ဖြေရှင်းပြောဆိုရမည်အား မသိနိုင်သည့် ဝူညီနောင်အဖို့ ဤသို့သာ ပြန်ပြောနိုင်ပေတော့သည်။ 

ထို့အပြင် သူတို့ထံတွင် ထမ်းဆောင်ရမည့်တာဝန် ရှိနေသေးသည်။ နန်းတော်တွင်းသို့ ဝင်ရပေဦးမည်။ ထို့ကြောင့် ရှီသားအဖအား အထူးအထွေ အရေးထပ်မလုပ်နိုင်တော့ဘဲ နေရာမှ အရင်ထွက်သွားနှင့်တော့သည်။ 

ဝူညီနောင် ထွက်သွားပြီးသည့်နောက်မှသာ ရှောင်းချင်းယွီသည် သူ၏လက်ထဲရှိ ခေါက်ယပ်တောင်အား ရှီယင်ဟွေ့ရှေ့သို့ လှမ်းထုတ်ပေးကာ ထိုယပ်တောင်မှတဆင့် ရှီယင်ဟွေ့အား နေရာမှ ထစေလိုက်သည်။

"ဒီလောက် လှပလှတဲ့ မိန်းမပျိုလေးက အတိတ်နေ့ရက်တွေတုန်းက ဘယ်ဆီမှာများ ပုန်းနေခဲ့ပါလိမ့်...ဘာကြောင့် ငါမင်းသား အရင်က တခါလေးတောင် ဆုံတွေ့ခွင့် မရခဲ့ရပါလိမ့်..."

ရှောင်းချင်းယွီနှင့် ရှောင်းချင်းယန့်သည် ရုပ်ရည်အားဖြင့် အတော်လေးပင် တူညီသည်ဟု ပြော၍ရပေသည်။ ကွဲပြားချက်ဟူ၍ အပြုံးမျက်နှာအား အမြဲချိတ်ဆွဲထားသူ၏ အစဉ်သဖြင့် ကော့ညွှတ်တက်နေသော နှုတ်ခမ်းစွန်းများနှင့် ညီအစ်ကိုကြားရှိ အသက်ကွာခြားချက်တို့သာ ရှိလေသည်။ ထို့ထက်ပို၍ ထပ်ဖြည့်ကာပြောရမည်ဆိုလျှင် ညီတော်ထံတွင် အစ်ကိုတော်၏ လေးနက်တည်ကြည်မှုမျိုး မရှိသလောက် နည်းပါး၍ ပေါ့ပါးသော ရင်းနှီးနှစ်လိုမှုတို့ကတော့ အလျှံပယ်ပင် ကြွယ်ဝလေသည်။

ဆယ့်** နှစ်အရွယ်၊ နုပျိုငယ်ရွယ်၍ ခန့်ညားချောမောလှသည့် လုလင်ပျိုတဦး။ ထို့အပြင် ထိုအမျိုးသားငယ်သည် မြင့်မြတ်လှသော မင်းသားငယ်တဦးလည်း ဖြစ်နေသေးသည်။ ရှီယင်ဟွေ့တယောက် လဲနေရာမှ ထရပ်နေပြီးသည့်တိုင်...မိမိအနား လွန်စွာနီးကပ်နေကာ တချိန်လုံး အပြုံးမာန်ဝင့်နေသောမျက်နှာဖြင့် စိုက်ကြည့်နေလေသော လူတဦးကြောင့်.....စိတ်လှုပ်ရှားမှုကြောင့်လေလား...သို့မဟုတ် တခြားအကြောင်းတရားတခုကြောင့်လေလားတော့ သူမ မသိ။ သူမ လုပ်နေမိသည်က လက်တွင်းသို့ ရောက်နေသော ယပ်တောင်ဖျားအား တင်းတင်းဆုတ်ထားမိခြင်းသာ...။

"သခင်မလေးက ဒီယပ်တောင်ကို သဘောကျနေတာလား...ဒါဆိုလဲ...မင်းကို လက်ဆောင်အနေနဲ့ ပေးလိုက်မယ်လေ..."

နှစ်ကြိမ်တိုင်တိုင် ဆွဲယူကြည့်သည့်တိုင် ပါမလာသည့် မိမိ၏ယပ်တောင်လေးအား ရှောင်းချင်းယွီ လက်လွှတ်ပေးလိုက်ယုံသာ။

"ဘာရပ်လုပ်နေသေးတာလဲ...အိမ်မပြန်သေးဘူးလား..."

ယနေ့အဖို့ လုံလောက်သည်ထက်ပိုစွာ မျက်နှာပျက်ခဲ့လေသော ရှီယုံနျဉ်အဖို့ ဤနေရာတွင် ဆက်နေချင်စိတ် တရွေးသာမျှပင် မကျန်တော့။ သူတို့ ဤနေရာအား လာရသည်မှာ အားလုံး ရှီယင်ဟွေ့၏အကြံအစည်များပင် ဖြစ်သည်။ ထို့ကြောင့် သူသည် ဖြစ်ပျက်ခဲ့သမျှသောကိစ္စများ၊ ရှိရှိသမျှသောအပြစ်တို့အား ရှီယင်ဟွေ့၏ ခေါင်းပေါ်သို့သာ ပုံချပစ်လိုက်သည်။ ဤသို့သော အခြေအနေတွင် ရှီယုံနျဉ်သည် ရှီယင်ဟွေ့အပေါ်တွင် ကြင်နာသနားရန်မဆိုထားနှင့်၊ စိတ်ရှည်သည်းခံပေးနိုင်စွမ်းပင် မရှိချေ။

ရှီယင်ဟွေ့တယောက်မှာမူ ခပ်စောစောက သူမ ကြုံတွေ့ခဲ့ရသည့် ဒုက္ခပြဿနာအားလုံးအား လုံးလုံး မေ့လျော့သွားလေပြီ။ သူမ၏ စိတ်နှလုံး၊ အတွေးအာရုံနှင့် မြင်လွှာ အားလုံးတို့တွင် မကြာသေးမီက ဖြတ်သွားလေသော စတုတၳမင်းသား ရှောင်းချင်းယွီတယောက် အုပ်စိုးမင်းမူသွားလေပြီ ဖြစ်သည်။ သူမ၏ လက်တွင်းရှိ ယပ်တောင်ငယ်အား စူးစိုက်ကြည့်နေသည့် ရှီယင်ဟွေ့၏ အတွင်းအတွေးတို့အား မသိနိုင်သော်ငြား သူမ၏မျက်နှာပြင်ကတော့ ရဲရဲနီမြန်းခြင်းသို့ ပြောင်းလဲနေလေပြီ။ ထို့အပြင် ရွှင်လန်းတောက်ပသော အပြုံးတို့ကား သူမ၏ မျက်နှာထက်တွင် စိုးမိုးလွှမ်းခြုံထားနေတော့သည်။

ဖခင်ဖြစ်သူနောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာသော ရှီယင်ဟွေ့၏ စိတ်ထဲတွင်တော့ ထိန်းမရသိမ်းမရသော စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်မှုတို့က ဖုံးဖိ၍ မရနိုင်တော့အောင်ပင်။ သူမ သိသားပဲ။ မိုးနတ်မင်းကြီးက သူမအား ဘာပဲဖြစ်ဖြစ် နောက်ဆုံးတွင် မျက်နှာသာပေးလိမ့်မည်ဆိုတာ...။ ငယ်ငယ်ကတည်းက သူမသည် ထိုအကောင်စုတ်ထက် များစွာ သာလွန်သူ ဖြစ်သည်။ ယခု ကြီးလာသည့်အချိန်ကျမှာ ထိုအကောင်စုတ်က သူမထက် သာသွားမည်ဆိုသည်မှာ ဘယ်လိုတွေးတွေး တရားနည်းလမ်းကျသည့်ကိစ္စတခု မဟုတ်သည်မှာ အသေအချာပင်။

ဟွန့်။ 'ရှန်ဝမ်'ဆိုတော့ ဘာဖြစ်တုန်း။ 'ရှန်ဝမ်ဖေး'ဆိုတော့ရော ဘာလုပ်ရမှာလဲ။ ဒီတသက်အတွက်တော့ ရှမ်ဝမ်က 'ရှန်ဝမ်'ဆိုတာနဲ့ပဲ လမ်းဆုံးသွားရမှာ။ ပြီးတော့...အဲ့ဒီကောင်စုတ်ရဲ့ 'ရှန်ဝမ်ဖေး'ဆိုတဲ့နေရာကရော... သူ ဘယ်နေ့အထိပဲ ထိန်းသိမ်းနိုင်မယ်ဆိုတာရော...။ ဘယ်သူ သိမလဲ...။ ဘယ်သူမှ ပြောမရဘူးလေ...။

ဒါပေမယ့်...။ စတုတၳမင်းသားကတော့ မတူဘူးလေ။ သူကလဲ ကွယ်လွန်သွားပြီဖြစ်တဲ့ ပထမဧကရီရဲ့ သားတော်တပါးပဲ မဟုတ်လား။ မျိုးရိုးအစဉ်အလာကြီးမားတဲ့ တော်ဝင်မိသားစုကနေ ဆင်းသက်လာတဲ့သူ။ တာ့ရှောင်းပြည်ကြီးမှာ အရေးကြီးလှပါတယ်ဆိုတဲ့ 'တိရှု'အဆင့်ခွဲခြားမှုမှာလဲ သူက တိသားတဦးလေ။ ပြောရမယ်ဆိုရင်.....။ အို...ဘယ်လိုပဲ ပြောပြော။ စတုတၳမင်းသားက တနေ့နေ့မှာ ဒီမင်းသားအဆင့်ထက်ပိုတဲ့ နေရာတခုကို မရောက်နိုင်ဘူးလို့ ဘယ်သူ ပြောရဲလဲ...။

မိမိ၏ အဆောင်သို့ ပြန်ရောက်ရောက်ချင်းပင် ရှီချန်အန်းသည် အခန်းတွင်းရှိ မှန်ရှေ့သို့ အရင်သွားကာ နဖူးမှ ဒဏ်ရာအား စစ်ဆေးကြည့်လိုက်သည်။ ဒဏ်ရာမှာ အနည်းငယ်သာ ယောင်ယမ်း နီရဲနေရုံမျှသာ။ အပေါ်ယံအရေပြား ပေါက်ပြဲသွားခြင်းတော့ မရှိပေ။ ကြည့်ရသည်မှာ အဆိုးကြီး မဟုတ်ပေ။ ယနေ့ တညအိပ်၍ မနက်ဖြန် အိပ်ယာထချိန်လောက်တွင်ပင် အယောင်ကျသွားမည့် အခြေအနေတွင် ရှိသည်။

စောစောက အဖြစ်အပျက်များအား စဉ်းစားမိပြန်တော့...မည်သည့်အကြောင်းအရင်းကြောင့်ဟု သူ သေချာ မသိနိုင်ပါသော်လည်း...ရှီချန်အန်းတယောက် ရှောင်းချင်းယန့်အပေါ်တွင် လွန်စွာမှ ကျေးဇူးတင်မိသည်။ အကယ်၍ သူ၏နဖူးမှဒဏ်ရာသည် သူ ရှောင်းချင်းယန့်အား တောင်းပန်သည့်အချိန်တုန်းက မိမိဘာသာ နဖူးတိုက်တောင်းပန်၍ရလာသည့်ဒဏ်ရာဟုသာ အများ သိသွားခဲ့ပါက...ဤအိမ်တော်ရှိ လက်အောက်ငယ်သားတို့၏ သူ့အပေါ်တွင်ထားရှိမည့်အမြင်သည် ကောင်းနိုင်တော့မည် မဟုတ်ပေ။

"ဝမ်ဖေး...ဝမ်ရယ်က တကယ်တော့ ဝမ်ဖေးအပေါ် ကြင်နာပါတယ်..."

ယနေ့ ဝမ်ဖေး၏ခြံဝန်းရှေ့တွင် ဆူညံဆူညံဖြင့် မနည်းလှသော လူအုပ်ကြီး ဖြစ်သွားလေသည်။ သို့သော် ထိုသူတို့မှာ ပွဲကြီးပွဲကောင်းအား လာကြည့်ကြသည့် ရည်ရွယ်ချက်များဖြင့်သာ ဖြစ်ကြသည်။ ဝမ်ဖေး၏ပင်မခြံဝန်းမှ ယားထိုများဖြစ်သောသူတို့မှာမူ သူမတို့၏ကိုယ်ကျိုးအတွက်ပဲ စဉ်းစားသည်ဖြစ်စေဦးတော့...ကိစ္စအရာရာတွင် ဝမ်ဖေး၏ကောင်းကျိုးသည် သူမတို့၏ဦးစားပေးပင် ဖြစ်လေတော့သည်။ ထိုယားထို၏စကားအား ကြားပြီးသည့်နောက်တွင် ရှီချန်အန်း၏တုံ့ပြန်မှုမှာ 'ဝမ်ရယ်က ကြင်နာသနားတတ်သူမို့လို့ပါ...'ဟူ၍သာ...။ ထို့နောက် တခြား အပိုစကားများအား သူ ထပ်မပြောမိတော့ပေ။ သူ သိပါသည်။ ယနေ့ကိစ္စတွင် ရှောင်းချင်းယန့်သည် သူ့အပေါ်တွင် ငဲ့ညှာခဲ့ကြောင်းအား...။ ဤသည်မှာလည်း ယနေ့ သူရင်ဆိုင်ရသည့်သူများမှာ လောကကြီးတွင် ရှောင်းချင်းယန့် အမုန်းဆုံးသောလူမိျုးများဖြစ်သောကြောင့်သတ်သတ်သာ...။

ရှီချန်အန်း စောစောက ထင်းသိုလှောင်ရုံသို့သွားကာ ယန်မောမော့တို့တတွေ အဆင်ပြေမပြေအား သေချာစုံစမ်းကြည့်ပြီးသွားပြီ။ ယန်မောမော့တို့၏လက်ရှိအခြေအနေမှာ တံခါးအပိတ်ခံထားရသည်မှအပ အားလုံးအဆင်ပြေသဖြင့် သူ အတန်အသင့်တော့ စိတ်အေးသွားရသည်။ ယခု သူ စဉ်းစားရမည်မှာ ရှောင်းချင်းယန့်မှ ယန်မောမော့တို့အား အမြန် လွှတ်ပေးစေရန် မည်သို့သော စကားမျိုးအား ရွေးချယ်ပြောရမည်အားပင်။

ရှောင်းချင်းယန့်အား အကူအညီတောင်း၊ တောင်းဆိုစရာရှိသည့် ရှီချန်အန်းတယောက် ရှောင်းချင်းယန့် စိတ်ကျေနပ်စေရန် မည်သို့လုပ်ရမည်အား စဉ်းစားမိသည်ကတော့ သဘာဝပင်။ ယနေ့အဖြစ်တွင် ရှောင်းချင်းယန့်သည် မင်ယွိအား အရေးမစိုက်၊မျက်နှာသာမပေးသည်အား ကြည့်ခြင်းအားဖြင့် ယနေ့ညအတွက် သူမထံသွားလိမ့်မည်ဟု ယောင်၍ပင် စဉ်းစားစရာမလိုပေ။ ရှီချန်အန်းသည် စားဖိုဆောင်အား ယနေ့ညစာအတွက် မနည်းလှသော ဟင်းလျာကောင်းများအား ပြင်ဆင်ခိုင်းထားလိုက်သည်။ ထို့နောက် သေရည်ကောင်းကောင်းပါ ရှာဖွေပြင်ဆင်ခိုင်းပြီးချိန်တွင် သူသည် ရှောင်းချင်းယန့် ရောက်လာမည့်အခိျန်အား အဆင်သင့်စောင့်နေရုံသာ ကျန်တော့သည်။ လူဟူသည် အစားကောင်း အသောက်ကောင်း စားသောက်နေချိန်တွင် စိတ်အကြည်လင်ဆုံး မဟုတ်ပေလား။

ညစာစားချိန်ရောက်ချိန်တွင်တော့ ရှီချန်အန်း စောင့်ဆိုင်းနေစဉ် ရောက်လာသည့်သူမှာ ရှောင်းချင်းယန့် မဟုတ်တော့ပေ။ နန်းတွင်းမှ ရောက်လာသည့် တော်ဝင်သမားတော်သာလျှင် ဖြစ်တော့သည်။ ပထမဦးစွာ ရှီချန်အန်း၏နဖူးရှိဒဏ်ရာအား တော်ဝင်သမားတော် ကြည့်ရှုပြီးချိန်တွင်တော့ သူ၏စိတ်ထဲတွင် မကျေမနပ် မြည်တွန်တောက်တီးမိတော့သည်။ လူတွေပဲ ပြောနေကြတော့ ရှန်ဝမ်နှင့် ရှန်ဝမ်ဖေးကြားက ဆက်ဆံရေးက မကောင်းဘူးဆို...။ အခုတော့ ဒီလိုအသေးအမွှားဒဏ်ရာလောက်ကလေးအတွက်နဲ့ နန်းတွင်းကို လူလွှတ်ပြီး တော်ဝင်သမားတော် ပင့်ခိုင်းရတယ်လို့...။ သို့သော် တော်ဝင်သမားတော်မှ ရှီချန်အန်း၏သွေးကြောအား စမ်းသပ်ပြီးချိန်တွင်တော့ သမားတော်အို၏ နဖူးကြောတို့သည် တဖြည်းဖြည်း ရှုံ့တွန့်လာခြင်းအပြင် အခြားမတတ်နိုင်တော့...။

ဝမ်ဖေးက ဒီလောက် အသက် ငယ်ငယ်ရွယ်ရွယ်လေးဖြစ်ပါရဲ့နှင့် သူ၏ကျန်းမာရေးက အဘယ့်ကြောင့် ဤမျှ ဆိုးရွားနေရတာလဲ...။ အစက သူ သတိမထားမိခဲ့သော်လည်း ယခု အနီးကပ်သေချာကြည့်မိချိန်တွင်တော့ ဝမ်ဖေး၏ ဖြူဝင်းပါသည်ဟူသော အသားအရေသည် အမှန်တွင်တော့ ဝါညစ်ညစ်အဆင်း အနည်းငယ် ပေါ်လွင်နေသည်။ နှုတ်ခမ်းအရောင်သည်လည်း ဖြူဖျော့အားနည်းနေသည်။ သွေးခုန်နှုန်းသည်လည်း လွန်စွာ အားပျော့နေလေသည်။ ဤလက္ခဏာတို့သည် ရေတာရှည် စိတ်ဖိစီးမှုနှင့် ဝေဒနာတို့အား ခံစားခဲ့ရသောကြောင့် ဖြစ်သည်။ ကြည့်ရသည်မှာ ရှီမိသားစုမှ ဝမ်ဖေးအပေါ် မတရားဆက်ဆံကာ အနိုင်ကျင့်ခဲ့သည်ဟူသော သတင်းတို့သည် ကောလဟာလသတ်သတ် မဟုတ်လောက်ပေ။

"ဝမ်ဖေး...ဝမ်ဖေးက သာမန်အချိန်မျိုးမှာလဲ အအေးမိလွယ်ပြီး...လေအေး အတိုက်ခံရချိန်တွေဆိုရင်တော့ ချောင်းဆိုးမရပ်တော့ဘူး...ဟုတ်ပါသလား..."

"အခုတော့ အများကြီး ကောင်းလာပါပြီ..."

ရှီချန်အန်းသည် ငယ်ရွယ်စဉ်အချိန်တုန်းက ကျန်းမာရေးကောင်းမွန်သောသူတဦးသာ။ သူသည် ဖခင်ဖြစ်သူထံမှ ကြင်နာဂရုစိုက်ခြင်း မခံရသည်မှာ မှန်ပေသော်ငြား သူ၏မိခင်ဖြစ်သူကတော့ သူ၏နေ့စဉ်နေမှုထိုင်မှုတို့အတွက် လွန်စွာပင် အသေးစိတ် ဂရုစိုက်ခဲ့လေသည်။ သူမသည် သူ၏အစားအသောက်၊ အဝတ်အထည်မှစ၍ အရာရာတွင် အမှားအယွင်းတခုတလေမျှ မဖြစ်ရလေအောင် ဂရုတစိုက် ပြင်ဆင်ပေးခဲ့သည်။ သူ၏ကျန်းမာရေး တဖြည်းဖြည်း ဆိုးရွားလာခဲ့သည့်အချိန်မှာ ထိုသုံးနှစ်ဟူသောကာလအတွင်း၌သာ ဖြစ်လေသည်။ သို့ပေမယ့် ယခုတော့ သူ၏အကြီးမားဆုံးသောဆန္ဒကြီးသည်လည်း ပြည့်ဝသွားခဲ့ပြီဖြစ်သည်။ သို့ဖြစ်၍ ရှေ့လျောက် လာမည့်နေ့ရက်များတွင် သူ၏ကျန်းမာရေးသည် ပို၍ကောင်းမွန်လာလိမ့်မည်ဟု ယုံကြည်မိသည်။

ရှီချန်အန်း၏အဖြေစကားနောက်ကွယ်မှ ဆိုလိုရင်းအား တော်ဝင်သမားတော်အိုသည် အပိုထပ်ပြောစရာမလိုအောင် နားလည်ပေသည်။ သို့စေကာမူ သူသည် ပြောစရာလိုသည်များအား ပြောရပေဦးမည်။

"ဝမ်ဖေးရဲ့ခန္ဓာကိုယ်က သက်သာလာဖို့ ဖြည်းဖြည်းချင်း အချိန်ယူရမှာ ဖြစ်ပါတယ်...ဒါက ရေးကြီးခွင်ကျယ် ဂရုစိုက်စရာတော့ မလိုဘူးဆိုပေမယ့်...လုံးဝ ဂရုမစိုက်ဘဲထားထားလို့ရတဲ့ အသေးအမွှားကိစ္စလဲ မဟုတ်ပြန်ပါဘူး...ကျွန်တော်မျိုး ဝမ်ဖေးအတွက် ဆေးစာရေးပေးလိုက်ပါ့မယ်...အားလုံးက ခန္ဓာကိုယ်နွေးထွေးစေဖို့ အဓိကထားတဲ့ အစာနဲ့ ဆေးဝါးတွေပါ...ကျွန်တော်မျိုး ပြန်တဲ့အလာကျရင် အိမ်တော်က အစေခံတယောက်ကို ဆေးစာ လိုက်ယူခိုင်းလိုက်ပါ...တနှစ်ခွဲလောက် ဆေးသောက်သုံးပြီးသွားချိန်မှာတော့ ဝမ်ဖေးရဲ့ကျန်းမာရေး ပြန်လည် ကောင်းမွန်လာမှာပါ..."

“တော်ဝင်သမားတော်ကို ကျေးဇူးအများကြီးတင်ပါတယ်...ချန်အန်း နားလည်ပါပြီ...”

"ဒီအမတ်အိုကြီး မခံယူဝ့ံပါဘူး...ဒီအမတ်အိုကြီးက ဝမ်ဖေးရဲ့ ကျေးဇူးတင်မှုနဲ့ မထိုက်တန်ပါဘူး...
ဝမ်ဖေး...ဒီအမတ်အိုကြီး အရင် ဆေးစာ ရေးလိုက်ပါဦးမယ်...အိမ်တော်က ရှောင်စူးတယောက်ကို ဒီအမတ်အိုကြီးနဲ့အတူ လိုက်ယူခိုင်းလိုက်ပါ..."

“ကောင်းပါပြီ...”

တော်ဝင်သမားတော်ပြန်သွားပြီးသည့်နောက်တွင်လည်း ရှောင်းချင်းယန့်က ရောက်မလာသေးပေ။ ထိုအချိန်ကျမှသာ ရှောင်းချင်းယန့် ရောက်မလာခြင်းသည် စတုတၳမင်းသား အလည်ရောက်လာသောကြောင့်ဖြစ်သည်အား ရှီချန်အန်း သိရတော့သည်။ သူတို့ညီအစ်ကိုနှစ်ဦးသည် ရှောင်းချင်းယန့်၏စာကြည့်ဆောင်တွင် ညစာစားပြီးကြပြီ ဖြစ်သည်။

ယန်မောမော့တို့တတွေ မရှိသည့်အချိန်အား ရှီချန်အန်း ယခုထိတိုင်အောင် ကျင့်သားမရနိုင်သေးပေ။ အခန်းသည် ခါတိုင်းအချိန်များထက် ပို၍ ကျယ်ဝန်းလာသယောင်ပင် ခံစားရမိသည်။ ထို့အပြင် ဘယ်နေရာကြည့်ကြည့် စိတ်ထဲတွင် တစိမ်းဆန်နေသလိုပင်။

သူ နေ့လယ်ကတည်းက အစားအသောက်နှင့် သေရည်တို့အား ပြင်ဆင်ထားခဲ့သည်မှာ ပမာဏ မနည်းလှပေ။ ယခု ရှောင်းချင်းယန့်သည်လည်း မလာတော့သလို ရှီချန်အန်းတယောက်ထဲလည်း ထိုလောက်အများကြီး စားမကုန်နိုင်ပေ။ ထို့ကြောင့် သူ လူခေါ်ကာ အစားအသောက်အားလုံးအား သေချာ ထုပ်ပိုးစေကာ ယန်မောမော့တို့ထံ ကိုယ်တိုင်သွားပို့ရန် ပြင်လေတော့သည်။

“ဝမ်ဖေး...ဒီ..ဒီကို ဝမ်ဖေး...ဘယ်လိုလုပ်ပြီး ရောက်လာရတာလဲ...”

“ငါ လာလို့ မဖြစ်လို့လား...”

ရှီချန်အန်း ရုတ်တရက် မကောင်းသောခံစားချက်တခု ရလိုက်သလိုပင်။ တံခါးပေါက်တွင် စောင့်နေရသော ပေါ်ဇီ့တို့သည် သူ့အားမြင်လိုက်သည်နှင့် စကားတခွန်းမှ ဖြောင့်အောင်မပြောနိုင်သလို မျက်နှာလည်း အကြီးအကျယ် ပျက်နေကြသည်။ မဟုတ်မှလွဲရော ယန်မောမော့တို့တွေများ တခုခု မကောင်းတာများ ကြုံနေကြလို့များလား...။

“လမ်းဖယ်ပေးကြစမ်း...”

"ဝမ်ဖေး...ဝမ်ဖေး...ဝမ်ရယ်က အမိန့်ချထားတယ်လေ...ဝမ်ဖေးကို ဝင်ခွင့်မပြုရဘူးလို့...ကျေးဇူးပြုပြီး ဒီအစေခံအိုကြီး အခက်တွေ့အောင် မလုပ်ပါနဲ့..."

ထိုစကားသည် ဤပေါ်ဇီ့မှ သူ ပထမအကြိမ်လာခဲ့တုန်းက သူ့အားပြောခဲ့သောစကား ဖြစ်သည်။ ထိုအချိန်တုန်းက ပြောခဲ့သော တူညီသည့်စကားပင်ဖြစ်သော်ငြား ထိုစဉ်က သူမသည် ဤကဲ့သို့သော ပုံစံမျိုးဖြင့်တော့ မဟုတ်ပေ။

မျက်နှာတခွင်လုံး စိုးထိတ်ကြောက်လန့်မှုတို့အပြည့်ဖြင့် မြေပြင်တွင်လည်း ဒူးထောက်ထားလျက်ပင်။ တံခါးပေါက်ဝတွင် သူ အတွင်းသို့ဝင်ရောက်သွားမည်အား ကြောက်လန့်တကြား ပိတ်ဆို့ထားလေရာ... ဘာတွေများ အမြင်မခံနိုင်သည့်အရာများ မြင်မည်အား စိုးရိမ်နေရသနည်း...။

"ငါ့ကို လမ်းဖယ်ပေးကြစမ်း..."

ဝမ်ရယ်က အမိန့်ချထားတယ်ဆိုတော့ရော ဘာဖြစ်လဲ...။ သူသာ အတင်းအကြပ်လုပ်ပါက...သူတို့အနေဖြင့် သူ့အား တားနိုင်စွမ်းရှိနိုင်ဦးမလား...။

မြေပြင်တွင် ဒူးထောက်ကာ တားဆီးနေသော ပေါ်ဇီ့အား တွန်းဖယ်ပစ်ကာ နဂိုကပင် ယိုယွင်းယိုင်နဲ့နေသော သစ်သားတံခါးအား ရှီချန်အန်း ကန်ဖွင့်လိုက်သည်။ သူ လုံးဝ မထင်ထားခဲ့ပေ။ နေ့လယ်ခင်းကပင် ကောင်းမွန်စွာ ရှိနေခဲ့ကြသော ယန်မောမော့တို့သည် ယခုတော့ ရုတ်တရက်ကြီး ဒဏ်ရာဒဏ်ချက်တွေနဲ့တဲ့လား...။

XXXXX

PREVIOUS << TOC >> NEXT

No comments:

Post a Comment

Support My Translations