အပိုင်း (၂၂)
ဘာတွေ ဘယ်လိုဖြစ်ပျက်ခဲ့သည်အား ရှီချန်အန်းတယောက် ယန်မောမော့အား မေးနေစရာမလိုပေ။ ဤကိစ္စသည် မင်ယွိ၏ လက်ချက်ဆိုသည်အား ရှီချန်အန်း အတပ်ပြောနိုင်သည်။ ယနေ့ သူမသည် သူနှင့်ပတ်သက်၍ အရှက်ရဒေါသထွက်ခဲ့ရသည် မဟုတ်ပါလား။ ထို့နောက် ချက်ချင်းပင် ဤနေရာသို့လာ၍ သူ့လူများအပေါ်တွင် ပြဿနာရှာကာ ဒေါသလာပုံချသွားခဲ့ခြင်းသာ ဖြစ်ပေမည်။
"အဲ့ဒီ မင်ယွိက တကယ့်ကို မောက်မာရမ်းကားလွန်းပါလား..."
ယခုကဲ့သို့သော အခြေအနေမျိုးတွင် မင်ယွိသည် အမှန်တကယ်ပင် လက်ထောက်ဝန်ကြီးမင်၏ သွန်သင်ဆုံးမမှုခံယူလာသည့် သမီးပျိုမှ ဟုတ်ပါလေစဟု ရှီချန်အန်း သံသယပင်ဝင်မိလေသည်။ အဘယ်ကြောင့် ထိုကဲ့သို့သော ဆွေကြီးမျိုးကြီး အိမ်တော်ကြီးမှ ဆင်းသက်လာသောသူတဦးသည် အမျိုးသမီးတန်မဲ့ စည်းလွတ်ဝါးလွတ် ရမ်းကားနိုင်လွန်းရပါသနည်း။
"သခင်လေး...ဒီနေ့ဖြစ်သွားတာက ချွန်းယွီကိုပဲ အပြစ်တင်ရမှာပဲ...ဟောဒီကလေးမက အပိုတွေ လျှောက်ပြောပြီး မင်စီ့ဖေးအပေါ် အပြစ်ပြုမိသွားတော့...သူ့အနေနဲ့ ဒီလိုလုပ်ဖို့ အခွင့်အရေးရသွားတာပေါ့...အားလုံးက ကျွန်မတို့ အပြစ်တွေပါပဲ..."
သူမ၏သခင်လေးနှင့် ဝမ်ရယ်တို့ကြားရှိ ဆက်ဆံရေး အခြေအနေအား သူမသည်လည်း အနည်းနှင့်အများတော့ ရိပ်စားမိပါသည်။ လက်ရှိ ရှန်ဝမ်အိမ်တော်ရှိ သခင်လေး၏ ရပ်တည်မှုအခြေအနေမှာ အခြေမခိုင်သေးပေ။ တည်ငြိမ်မှုမရှိသေးဘဲ ခက်ခဲသောနေရာတခုတွင် ရှိနေဆဲသာဖြစ်သည်။ ဤသို့သော အခြေအနေမျိုးတွင် သူမတို့သည် သခင်လေးအပေါ်တွင် ဝန်ထုပ်ဝန်ပိုးများအဖြစ်နှင့် အပိုပြဿနာ ထပ်မပေးချင်ပေ။ ထိုအပြင် ယနေ့အဖြစ်အပျက်တွင် အမှန်တကယ်ပင် ချွန်းယွီ...ထိုကလေးမ၏ မဆင်မခြင်၊ စိတ်လိုက်မာန်ပါပြုမှုကြောင့် ဖြစ်ပွားခဲ့ရသည် မဟုတ်ပါလား။
ယန်မောမော့ ပြောနေသည်များအား ရှီချန်အန်း အဘယ်မှာ နားဝင်နိုင်ပါတော့မည်နည်း။ ယခုကဲ့သို့ ယန်မောမော့တို့ အခန်းပိတ်ခံရသည်မှာ သူ၏အပြစ်ကြောင့်သာဖြစ်သည်ဟု တချိန်လုံး ရှီချန်အန်း မှတ်ယူထားကာ မိမိကိုယ်ကို အပြစ်တင်နေသူဖြစ်သည်။ ထိုအထဲမှာမှ...ယခုတဖန် သူနှင့်ပတ်သက်ဆက်နွယ်သော အကြောင်းကြောင့်ပင် ယန်မောမော့တို့ ရိုက်နှက်နှိပ်စက်ခံရပြန်လေသည်။ သူ၏စိတ်ထဲတွင် အခြားမည်သို့သော အတွေးတို့ မရှိတော့ပေ။ တခုတည်းသာ...။ ထိုသည်မှာ...သူ ယန်မောမော့တို့၏ မတရားခံရမှုအပေါ် တရားမျှတမှုရှာပေးချင်သည်...။
ယနေ့ မင်ယွိတယောက် သူမ၏ခြံဝန်းသို့ ပြန်ရောက်ပြီးနောက်...သူမ၏အရှက်ရခဲ့မှုအပေါ်တွင် ဒေါသတို့က ဘယ်လိုဖြေဖြေ မပြေနိုင်ခဲ့ပေ။ ထို့နောက် အခန်းပိတ်အပြစ်ပေးခံနေရသည့် ရှီချန်အန်း၏ အစေခံတစုအား သူမ သတိရလိုက်မိချိန်တွင် မင်ယွိသည် အိမ်တော်၏ အနောက်ခြံဝန်းသို့ ချက်ချင်းပင် ထွက်လာခဲ့လိုက်သည်။ အစကတော့ ထိုသူတို့အား ကြောက်လန့်စေရန် ရည်ရွယ်ရင်းဖြင့် ချောက်လန့်စကားများ ပြောဆိုလေသည်။ ထိုသို့ပြောနေရင်းမှ ထိုသူတို့ရှေ့တွင် ရှီချန်အန်းအား အပြစ်တင်၊ မကောင်းသောစကားများ ပြောဆိုမိချိန်တွင်...။ သူမ ဘယ်လိုထင်ထားမိမှာလဲ...အဲ့ဒီချွန်းယွီဆိုသောသူက သည်းမခံတတ်ဘဲ စိတ်မြန်တဲ့သူဆိုတာကို...၊ သူမက မင်ယွိအား နှုတ်လန်ပြန်ထိုးကာ ပြန်ပြောလိမ့်မည်ဟု...။ ထို့ကြောင့် မင်ယွိတယောက် သူမနံဘေးရှိ အစေခံအား ချွန်းယွီ၏ပါးစပ်အား ရိုက်နှက်စေရန် အမိန့်ပေးလိုက်သည်။ ထိုအချိန်တွင် တုန်းရွှယ်မှ တဖန် နေရာမှထလာကာ ဝင်တားလေသည်။
မင်ယွိသည် ထိုနေရာသို့ မိမိ၏ဒေါသဖြေဖျောက်ရန် လာခြင်းဖြစ်သည်။ တချိန်လုံးလည်း ဒေါသတို့က မပြေနိုင်သေးဆဲဖြစ်သည်။ ယခုကဲ့သို့ ဘာမဟုတ်သည့်အစေခံတစုက အမိန့်နာခံခြင်းမရှိသည့်အပြင် သူမနှင့်အပြိုင် ပြန်လန်ပြောဆိုပြုမူလာချိန်တွင်တော့...။ ဤသည်မှာ သူမအား မျက်စိထဲပင်မထား၊ မလေးမစားပြုမူသည်ဟူ၍ နဂိုကပင် ချိုးနှိမ်မရသည့်ဒေါသတို့သည် အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်လာကာ သူမကိုယ်တိုင်ကိုယ်ကျပင် ရှေ့မှဝင်ရောက်ကာ ရိုက်နှက်လေတော့သည်။
ပုံမှန်အချိန်များတွင် ချွန်းယွီနှင့် တုန်းရွှယ်သည် ရှီချန်အန်း၏ အလိုလိုက်အရေးပေးမှုကြောင့် ပေါ့ပေါ့ပါးပါးနေကာ ဘာကိုမှ အရေးမထားကြသူများအဖြစ် မြင်ရသော်ငြား စင်စစ်အားဖြင့်တော့ သူမတို့သည် ကလေးဘဝမှပင် အရာရှိအိမ်တော်သို့ ကျေးကျွန်အဖြစ် ရောင်းစားခံရသူများ ဖြစ်လေသည်။ သို့ဖြစ်၍ ချမှတ်ထားသော၊ လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများအား ကောင်းစွာ နားလည်ကြသူများဖြစ်သည်။ ထို့ကြောင့်ပင်...သူမတို့သည် မင်ယွိ၏ ကိုယ်တိုင်ဝင်ရောက်ရိုက်နှက်မှုအား ဘယ်လိုမှ တားဆီးနိုင်စွမ်းမရှိသလို... ခုခံတားဆီးမှုလည်း မလုပ်တော့ပေ။ ဤသို့ဖြင့် မင်ယွိ၏ နောက်လိုက်တစု၏ ရိုက်နှက်ခံထားရသည့် ယားထိုနှစ်ယောက်သည်...ပါးပြင်နှစ်ဖက်သည် နီရဲဖူးယောင်ကာ ခန္ဓာကိုယ်အနှံ့တွင် ကုတ်ရာခြစ်ရာများ၊ ညိုမဲဒဏ်ရာများအပြည့်ဖြင့် တကိုယ်လုံး စုတ်ပြတ်ပေရေနေတော့သည်။
"မောမော့...ဒီမှာ ခဏစောင့်နေဦး...ကျွန်တော် အခုပဲ မောမောတို့ကို ချက်ချင်း လွှတ်ပေးဖို့ ဝမ်ရယ်ကို သွားတောင်းပန်မယ်...ချွန်းယွီ...တုန်းရွှယ်... မင်းတို့ ဘာမှ မကြောက်ကြနဲ့..."
ရှီချန်အန်းသည် ထိုသို့ ရှောင်းချင်းယန့်အား တောင်းပန်ရန်သွားမည်ဟု ဆိုခဲ့သော်လည်း သူ တန်းတန်းမတ်မတ် အရောက်သွားသည့်နေရာမှာ မင်ယွိ၏ခြံဝန်းသို့သာ ဖြစ်သည်။ ထိုခြံဝန်းသို့ရောက်သည်နှင့် သူသည် တခြားဘာမှမလုပ်...မင်ယွိကိုသာ ခြံဝန်းနေရာပြောင်းရွေ့ရန်သာ တန်းပြောလိုက်သည်။
"ရှင်က ဘာကိစ္စနဲ့ ကျွန်မကို ပြောင်းခိုင်းရတာလဲ..."
ဤခြံဝန်းပြောင်းခြင်းကိစ္စသည် ရှီချန်အန်း သူမအား သက်သက် ပြဿနာလာရှာခြင်းဖြစ်ကြောင်း မင်ယွိ သိသော်လည်း သူမ လုံးဝ မကြောက်ပေ။ ဘာပဲဖြစ်ဖြစ် ဝမ်ရယ်က သူ့ကိုလည်း သဘောမကျဘူးမဟုတ်လား။ အားလုံး အတူတူပဲကို ဘာဂရုစိုက်နေရဦးမှာလဲ...။
"'ဘာကိစ္စနဲ့'ဟုတ်လား...ကဲ...အဲ့ဒီတော့...မင်းက ပြောင်းမှာလား...မပြောင်းဘူးလား..."
အခု သူမ သူ့ကို ပြန်ပြောနေတာ မဟုတ်ဘူးလား...။ သူမလို စီ့ဖေးတပါးကို အစေခံတွေက ပြန်ပြောတယ်ဆိုပြီး အပြစ်ပေးတဲ့အနေနဲ့ ရိုက်နှက်တယ်။ သူကရော...။ ဝမ်ဖေးတပါး မဟုတ်ဘူးလား...။ ဒါဆို သူ့ကို ပြန်ပြောတဲ့သူမကရော...အပြစ်ပေးခံသင့်တယ် မဟုတ်လား...။
"ကျွန်မ မပြောင်းဘူး..."
ရှီချန်အန်းအနေနှင့် သူမအား တခုခု တုံ့ပြန်နိုင်လိမ့်မည်ဟု မင်ယွိကတော့ လုံးဝ မယုံပေ။ သူက ယောက်ျားတယောက်ပဲ...။ ဘာတွေကိုများ ဂုဏ်ယူဝင့်ကြွားနေတာလဲ...။ သူကများ...သူ့ကိုယ်သူ အဲ့ဒီ'ဝမ်ဖေး'ဆိုတဲ့နေရာကို အချိန်အကြာကြီး ဖက်တွယ်ထားနိုင်မယ်လို့များ အထင်ရောက်နေတာလား...။
"အဲ့ဒီတော့...ရှင်...ရှင် ဘာလုပ်ချင်..အား......နင်..နင်...နင် ငါ့ကို ရိုက်ရဲတယ်..."
ရှီချန်အန်းတယောက် တလှမ်းချင်း သူမဆီ ဖြေးဖြေးလာနေသည်အား ကြည့်ရင်း မင်ယွိ စိတ်ထဲတွင် တုန်လှုပ်ကြောက်ရွံ့လာသလို ခံစားရမိသည်။ ထို့ကြောင့် ရှီချန်အန်းအား 'အဲ့ဒီတော့ ဘာလုပ်ချင်လဲ'ဟု သူမ မေးရန်ကြံနေစဉ်တွင်ပဲ...ရုတ်ချည်းဆိုသလို သူမ၏ပါးပြင်ထက်တွင် ပူလောင်စူးရှသော နာကျင်မှုတခုအား ခံစားလိုက်ရသည်။
အတင့်ရဲလို့...ရှီချန်အန်းကများ... သူ့ကို ရိုက်ရဲတယ်...။
"ဘာလို့ ငါက 'မရိုက်ရဲ'ရမှာလဲ... မင်းက ဆွေမျိုးကြီးအိမ်တော်က သခင်မလေး မဟုတ်ဘူးလား...လက်ထောက်အမတ်ကြီးအိမ်တော်ရဲ့ မမလေးမဟုတ်ဘူးလား... မင်းမိခင်က မင်း ဒီလိုကိုယ်လုပ်တော်လုပ်ရင် လိုက်နာရမယ့်စည်းကမ်းတွေ ရှိတယ်ဆိုတာ မသင်ပေးလိုက်ဘူးလား..."
ယခု ရှီချန်အန်း၏ရင်ထဲတွင် အရှိန်ပြင်းပြင်းဖြင့် တောက်လောင်ပူပြင်းနေသာ မီးပုံကြီးအား ပွေ့ပိုက်ထားနေရသလိုပင်။ အမျိုးမျိုးသော စိတ်ခံစားချက်တို့က သူ့တကိုယ်လုံး လွှမ်းမိုးနေသလို ပြင်းထန်သော စိတ်လှုပ်ရှားမှုကလည်း ထိန်းချုပ်၍မရတော့ပေ။ သူ၏မသိစိတ်ထဲမှ ဤသို့ဖြင့် သူ မသင့်တော်သော အမှားတခုခု လုပ်မိသွားနိုင်သည်ဟု ပြောနေသော်ငြား...ယခုတော့ သူ တခြား ဘာဆိုဘာမှ ဂရုမစိုက်နိုင်တော့ပေ။ သူ၏ လူများအား ကာကွယ်ပေးရန်မဆိုထားနှင့် သူ့ကိုယ်သူပင် ကာကွယ်နိုင်စွမ်းမရှိပါက...ဤလောကတွင် သူ အသက်ဆက်ရှင်နေတော့ရော ဘာအဓိပ္ပါယ်ရှိပါဦးမှာလဲ...။
“ရှီချန်အန်း......နင်… ”
“သခင်မလေး...မလုပ်နဲ့...”
မင်ယွိသည် သူမ၏လက်အား လွှဲမြှောက်ထားပြီးဖြစ်သည်။ ထိုလက်၏ ဦးတည်ရာမှာ ရှီချန်အန်းဆီသို့ ချိန်တည်ထားသည်ဆိုသည်အား အထူးပြောနေစရာမလိုပေ။ သို့သော် သူမ ထိုလက်အား လွှဲမရိုက်မီအချိန်လေးတွင် မင်ယွိ၏နံဘေးရှိမောမော့မှ အလျင်အမြန် ဝင်ကာဆွဲတားလိုက်သည်။ မည်မျှအလျင်လိုသည်ဆိုသည်မှာ မင်ယွိ၏ မိဘအိမ်တော်တွင်ရှိစဉ်က အခေါ်အဝေါ်ကိုပင် သတိလက်လွတ် ထုတ်ခေါ်မိသည်အထိပင်။
"ဟွန့်...ကျွန်မကတော့ လုံးဝ မပြောင်းနိုင်ဘူး...ရှင်မှာ လုပ်နိုင်တဲ့အစွမ်းရှိရင် ကျွန်မကို ဒီကနေပြောင်းသွားအောင် လုပ်ကြည့်လိုက်လေ..."
မင်ယွိသည် အလွန်ပင် ဒေါသထွက်နေခဲ့တာဖြစ်သည်။ သို့ပေမယ့် သူမ၏မောမော့မှ ဝင်ရောက်တားဆီးလိုက်သည့်အချိန်တွင် သူမ၏တွေးနိုင်စွမ်း၊ အသိိစိတ်တို့က ပြန်လည်ဝင်ရောက်လာခဲ့ပြီဖြစ်သည်။ သူမ စောစောကသာ စိတ်လက်လွတ် အမှန်တကယ်ပြုမူမိခဲ့ပါက....သူမ ဘယ်လောက်ပဲ မိုးလောက်ကြီးသည့်မကျေနပ်ချက်၊ နစ်နာမှုခံစားနေရပါစေ...ဘာမှအသုံးမဝင်တော့ဘူး ဖြစ်သွားမှာပဲ။ *
*(T/N: သူသာ ရှီချန်အန်းကို ရိုက်မိသွားရင် သူပဲအပြစ်ပေးခံရပြီး သူ ဘယ်လောက် မကျေနပ်ကျေနပ် ဘယ်သူမှ ဂရုစိုက်မှာမဟုတ်ဘူးလို့ ပြောချင်တာပါ။)
"အဲ့ဒီလိုဆိုရင်တော့လဲ...စီ့ဖေး...နောက်မှ နောင်တမရမိပါစေနဲ့..."
မင်ယွိနှင့် ချင်ရှင်းတို့သည် တဖွဲ့တည်းသားများဖြစ်ကြောင်းအား ရှီချန်အန်း သိထားပြီးသားဖြစ်သည်။ ယခု သူ ဤအခွင့်အရေးအား အသုံးချ၍ သူမတို့နှစ်ဦးအား ခွဲပစ်လိုက်ရန်သာ ဖြစ်သည်။ မင်ယွိမှ ခြံဝန်းပြောင်းပေးရန်ဆန္ဒမရှိဘူးဆိုမှတော့...ချင်ရှင်းအား ပြောင်းခိုင်းလိုက်ယုံသာ။ ထိုအတွက် ချင်ရှင်းအား ပို၍ကောင်းသောခြံဝန်းနေရာအား သူ ရွေးချယ်ပြင်ဆင်ပေးလိုက်ရန်သာ။
"စိတ်တိုလိုက်တာ...ဒေါသထွက်လို့ သေတော့မှာပဲ..."
ရှီချန်အန်း ပြန်သွားသည်နှင့်၊ သူမ၏မျက်စိရှေ့တွင် ရှိရှိသမျှသော ပစ္စည်းများအား မင်ယွိ ကိုင်ပေါက်ကောက်ခွဲပစ်ပြီး ဖြစ်သည်။ ထို့သို့ အခန်းတွင်းရှိ ပစ္စည်းများအား ပျက်ဆီးပစ်ခွဲပြီးသည့်တိုင် မင်ယွိ၏ဒေါသတို့သည် ဘယ်လိုမှ မပြေနိုင်သေးပေ။ သူမ ငယ်စဉ်ကတည်းကပင် တခါမျှ ဤကဲ့သို့ စော်ကားမှုမျိုး ခံစားခဲ့ရဖူးခြင်း မရှိခဲ့ပေ။ သို့ဖြစ်၍ ဤသို့သောအခြေအနေအား သူမ ဒေါသထွက်သည့်အပြင် ဘယ်လိုမှ သည်းမခံနိုင်ပေ။
"သခင်မလေး...သခင်မလေး တကယ်ပဲ ဒီဒေါသကို မမျိုသိပ်နိုင်ဘူးဆိုရင်.......ကျွန်မတို့ ဒီလို လုပ်ကြမလား.............."
မင်ယွိ၏နံဘေးရှိမောမော့သည် မင်ယွိ ငယ်စဉ်မှပင် သူမအနောက်လိုက်ခဲ့ရသူဖြစ်သည်။ ယခုဆိုလျှင် သူမတယောက်ထဲသာမဟုတ်။ သူမ၏သမီးပင် သူ၏ခင်ပွန်းဖြစ်သူနှင့်အတူ မင်ယွိနောက်သို့ မင်အိမ်တော်မှ ရှန်ဝမ်အိမ်တော်သို့ ပြောင်းလဲလိုက်ပါခဲ့ပြီးဖြစ်သည်။ ယခု သူမလုပ်သမျှအားလုံးသည် မင်ယွိအကျိုးအတွက်သာမဟုတ်။ စင်စစ်အားဖြင့် သူမကိုယ်ကျိုးအတွက်ပင်ဖြစ်လေသည်။ ဤတွင် မင်ယွိတယောက် ရှန်ဝမ်အိမ်တော်တွင် မိုးမသင့်လေမခဘဲ သာယာသောဘဝအား ပိုင်ဆိုင်နိုင်ရန် လိုအပ်ပေသည်။
မင်ယွိ၏ခြံဝန်းမှ ထွက်လာပြီးသည်နှင့် ရှီချန်အန်းတယောက် သူ၏လူများအား လွှတ်ပေးဖို့တောင်းဆိုရန် ရှောင်းချင်းယန့်ရှိရာသို့ တန်းသွားလိုက်သည်။ ရှောင်းချင်းယန့်သည်လည်း နဂိုကပင် ရှီချန်အန်းအား ထိုလူတစု၏ကိစ္စဖြင့် အခက်တွေ့အောင်လုပ်လိုရင်းမရှိသည်ဖြစ်ရာ...ဤသို့ ရှီချန်အန်းမှ နောက်ထပ်တကြိမ် လာရောက်အသနားခံသောအခါတွက် အသာတကြည်ပင် လွှတ်ပေးရန် သဘောတူလိုက်သည်။
"ကျေးဇူးအများကြီးတင်ပါတယ် ဝမ်ရယ်...ဝမ်ရယ်...စတုတၳမင်းသား ပြန်သွားပြီလား..."
စောစောကပဲ စတုတၳမင်းသား အိမ်တော်ကို လာတယ်လို့ ပြောနေကြတာမဟုတ်ဘူးလား။ အခု လူရော...မတွေ့ပါလား...။
“အင်း...”
ရှောင်းချင်းယန့်၏ တစုံတခုအရေးကိစ္စလုပ်ရန်ရှိသည့်ပုံစံအား ကြည့်ရင်း...သူသည်လည်း ယန်မောမော့တို့အား အလျင်အမြန် လွတ်လာစေရန် စိတ်စောနေသဖြင့်...ရှီချန်အန်း အပိုစကားထပ်ပြောမနေတော့ဘဲ ထိုနေရာမှ အမြန်ထွက်လာခဲ့လိုက်သည်။
မောမော့တို့အား သွားခေါ်ခိုင်းသည့်လူတွေပင် ပြန်မရောက်ရသေး...ရှီချန်အန်းသည် အိမ်တော်အပြင်သို့ လူလွှတ်၍ သမားတော် ပင့်ခိုင်းပြီးသွားပြီဖြစ်သည်။ သမားတော်ရောက်လာပြီး မောမော့တို့အား စစ်ဆေးကြည့်ရှုပြီးနောက်... သမားတော်ထံမှ 'စိုးရိမ်စရာမလိုသော အပေါ်ယံဒဏ်ရာများသာဖြစ်သည်'ဟူသောစကားအား ကြားမှသာလျှင် ရှီချန်အန်း သက်ပြင်းချနိုင်လေတော့သည်။
"အခုတခေါက်ဖြစ်ရတာ အားလုံး ကျွန်တော့်အပြစ်တွေပါပဲ...ဒီလိုတွေဖြစ်မယ်မှန်းမသိခဲ့လို့...အစကတည်းက ကျွန်တော် မောမောတို့ပြောစကား နားထောင်ခဲ့ရမှာ...အခုတော့ မောမောတို့ အခန်းပိတ်ခံ အရိုက်ခံရပြီ..."
ရှီချန်အန်းကား မိမိကိုယ်ကို အပြစ်တင်၍မဆုံးတော့ပေ။ သူသည် သူ၏လူများအား အစေခံဟု မသတ်မှတ်ဘဲ မိမိ၏ဆွေမျိုးရင်းချာများသဖွယ် သတ်မှတ်ဆက်ဆံသူဖြစ်လေရာ ယခုကဲ့သို့ သူ၏ပြဿနာအကိျုးဆက်ကြောင့် ထိုသူတို့ပါ အဖျားခတ်ဒုက္ခခံစားရချိန်တွင်တော့ ရှီချန်အန်း ဝမ်းနည်းစိတ်မကောင်းဖြစ်မိသလို တဖက်တွင်လည်း စိုးရိမ်ပူပန်မှုတို့က ပို၍ ကြီးထွားလာလေသည်။ စောစောက သူ၏လုပ်ရပ်သည် မလုပ်သင့်မှန်း သူ ကောင်းကောင်း နားလည်သည်။ မင်ယွိဟူသည်မှာ ဒီအတိုင်း ငြိမ်ခံနေမည့်သူမဟုတ်။ သို့ဖြစ်၍ နောက်ပိုင်းတွင် သူမ ဘယ်သို့သော ပြဿနာအဖုံဖုံရှာမည်ကိုကား မစဉ်းစားဘဲနှင့်ပင် သိနိုင်လေသည်။ သို့စေကာမူ သူ၏ရင်ထဲမှ ဒေါသမီးအား မထိန်းချုပ်နိုင်ခဲ့ပေ။ ထို့ကြောင့်ပင် သူကိုယ်တိုင် သွားရောက်ကာ ယန်မောမော့တို့အတွက် လက်တုံ့ပြန်၊ ဒေါသသွားဖြေမိလိုက်ခြင်းပင်...။
"သခင်လေးရယ်...ဘယ်လိုမျိုး ပြောလိုက်ရတာလဲ...ဒါတွေက ကျွန်မတို့..အ.."
"ဝမ်ဖေး...မကောင်းတော့ဘူး...ပြဿနာတက်ပြီ...မင်စီ့ဖေး မတော်တဆဖြစ်လို့တဲ့..."
မင်ယွိကား လက်လျော့ကာ ငြိမ်ခံနေမည့်သူမဟုတ်ကြောင်း ရှီချန်အန်း သိသည်။ သူ မထင်ထားခဲ့သည့်တချက်က မင်ယွိသည် ဤမျှမြန်မြန် လှုပ်ရှားလိမ့်မည်ဟု...။ လမ်းပြသည့်ယားထိုငယ်နောက်မှ လိုက်လာသည့်တလျှောက်လုံး ရှီချန်အန်း စဉ်းစားနေမိသည်မှာ ဤကိစ္စနှင့်ပတ်သက်၍ ရှောင်းချင်းယန့်အား မည်သို့ရှင်းပြရမည်နည်းဟူ၍ပင်။ သို့သော် သူ ဘယ်လိုမှ မတွေးခဲ့မိသည်က ယနေ့ သူ စိတ်လိုက်မာန်ပါလုပ်လိုက်သည့်ကိစ္စသည် ရှောင်းချင်းယန့်သို့ပါ ပတ်သက်ဆက်နွယ်သွားခဲ့ကာ ရှောင်းချင်းယန့်ပါ အပြစ်ဒဏ်ကျခံရမည်ကိုပင်.....။
နဖူးတွင် ဆေးပတ်တီးစည်းထားကာ သတိလစ်အိပ်ပျော်နေသည့် မင်ယွိအားကြည့်ရင်း ရှီချန်အန်း နောင်တအနည်းငယ်ရမိသည်။ မင်ယွိသည် ဤကဲ့သို့ စိတ်ဓာတ်ပြင်းထန်လှသည့်သူဖြစ်မှန်း သူ တကယ်ပင် မထင်ထားခဲ့ပေ။ သူ ထွက်သွားပြီးသည့်နောက်တွင် မင်ယွိသည် ဒေါသတကြီး၊ စိတ်လိုက်မာန်ပါဖြင့် နဖူးနှင့် စားပွဲစွန်းအား ဆောင့်တိုက်ခဲ့လေသည်တဲ့...။ ယခုတော့ သူမသည် အိပ်ရာထက်တွင် သတိလစ်ကာ အိပ်ပျော်နေလေသည်။
ဤကဲ့သို့သော ပြဿနာကြီးဖြစ်ပွားသွားခဲ့သည်အား ရှောင်းချင်းယန့်သည်လည်း အနှေးနှင့်အမြန် သိရှိသွားပြီးဖြစ်သည်။ အဖြစ်အပျက်နှင့် အကျိုးအကြောင်းတို့အား နားလည်သိရှိပြီးနောက်တွင်...ရှောင်းချင်းယန့်သည် အစေခံများအား မင်ယွိအား ကောင်းကောင်းဂရုစိုက်လိုက်ရန်၊ လိုအပ်သလို သမားတော်များ ပင့်ဖိတ်ကာ စစ်ဆေးကြည့်ရှုစေရန်သာ မှာကြားလိုက်သည်။ ထို့နောက် ရှီချန်အန်းအား ပင်မခြံဝန်းမှ အပြင်ထွက်ခွင့် သုံးရက်ပိတ်လိုက်ပြီးသည်နှင့် ထိုကိစ္စအား အပြီးသတ်စေလိုက်တော့သည်။
ရှီချန်အန်းအတွက်တော့ ထိုသုံးရက် အပြင်ထွက်ခွင့်ပိတ်ခံရမှုအပေါ် မကျေနပ်စရာ ဘာအကြောင်းမှမရှိချေ။ ဘာပဲဖြစ်ဖြစ် ယန်မောမော့တို့တွေလည်း သိုလှောင်ခန်းမှ လွတ်လာခဲ့ပြီ။ မင်ယွိအားလည်း သင်ခန်းစာပေးပြီးသွားပြီဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် ထိုကိစ္စသည် ဤသို့ဤနှယ် အဆုံးသတ်သွားလေပြီဟု သတ်မှတ်လိုက်လေသည်။ သို့ဖြစ်၍...နောက်တနေ့ သူနှင့် ရှောင်းချင်းယန့်အား ဧကရာဇ်မင်းကြီးနှင့် လက်ရှိမိဖုရားခေါင်ကြီးထံသို့ အသီးသီး ဆင့်ခေါ်ခြင်းခံရချိန်တွင်တော့ သူသည် ဘယ်သို့သောကိစ္စများကြောင့် ဆင့်ခေါ်ခံရလေသည်အား ဘယ်လိုမှ မတွေးတတ်တော့ပေ။
နောက်ကွယ်ကအကြောင်းအရင်းအမှန်မှာ...မနေ့က ရှောင်းချင်းယန့်မှ ရှီချန်အန်းအား အပြင်ထွက်ခွင့် သုံးရက်ပိတ်လိုက်သည်ဟူသော အလွန်တရာ ပေါ့လျော့သက်သာလှသော အပြစ်ဒဏ်ချမှတ်လိုက်ခြင်းကြောင့်ပင် ဖြစ်သည်။ ဒေါသမပြေနိုင်သေးသော မင်ယွိ၏ရင်ထဲမှ ဒေါသမီးသည်ကား ပို၍ ကြီးထွားလာရလေတော့သည်။ သူမ ဤသို့သော အပင်ပန်းခံ အသားအနာခံ၍ကြံစည်ခဲ့ရသော မဟာအစီအစဉ်ကြီးသည် ရှီချန်အန်းအား အပြစ်ပေးခံရသည်ဟုဆိုကာ သူ၏အခန်းထဲတွင် သုံးရက်နေခိုင်းလိုက်ရုံဖြင့် ပြီးဆုံးသွားရန်မဟုတ်...။ ပြီးတော့...ပြီးတော့...အဲ့ဒါတွေထက်ဆိုးသည်မှာ...သူမ ဤကဲ့သို့ ဒဏ်ရာအပြင်းအထန်ရသည့်တိုင် ရှောင်းချင်းယန့်သည် သမားတော်များအား လိုအပ်သလိုသာခေါ်၍ကြည့်ခိုင်းလိုက်ပါဟူသော အမိန့်တခွန်းသာ ဆိုခဲ့သည်တဲ့...။ ထိုရှီချန်အန်း နဖူးတွင် မဆိုစလောက် အရာထင်သွားခဲ့သည့်ကိစ္စတုန်းကတော့ နန်းတော်တွင်းထဲသို့ လူလွှတ်ကာ တော်ဝင်သမားတော်အား ပင့်ဆောင်ကြည့်ရှုခိုင်းလေသည်တဲ့...။
ထိုဒေါသအား ဘယ်လိုမှ မမြိုသိပ်နိုင်တော့သောမင်ယွိသည် ချက်ချင်းပင် မိဘအိမ်တော်သို့ လူလွှတ်အကြောင်းကြားခိုင်းလိုက်သည်။ ဤသို့ဖြင့် နောက်တနေ့ မနက်အစောကြီးမှာပင် သူမ၏မိခင်ဖြစ်သူသည် မိဖုရားခေါင်ကြီး၏နန်းဆောင်သို့ သွားရောက်ကာ နှလုံးသည်းခြေပျက်မတတ် ငိုကြွေးတိုင်တန်းလေတော့သည်။ သို့ဖြင့်...များမကြာမီအချိန်တွင်ပဲ ရှန်ဝမ်အိမ်တော်သို့ အရှင်မင်းကြီး၏ နှုတ်မိန့်ဆင့်ခေါ်စာနှင့်အတူ မိဖုရားခေါင်ကြီး၏ တော်ဝင်အမိန့်စာပါ ရောက်ရှိလာခဲ့လေသည်။
“ဝမ်ရယ်…”
တော်ဝင်နန်းတွင်းမှ စေလွှတ်လိုက်သော ဆင့်ခေါ်စာတွင် မည်သည့်အကြောင်းကြောင့်ဟူ၍ သေချာမရည်ညွှန်းထားသော်လည်း စင်စစ်တော့ မနေ့ကဖြစ်ပွားသွားသောကိစ္စကြောင့်ဖြစ်ကြောင်း ရှီချန်အန်း သိသည်။ ကြည့်ရသည်မှာ... သူ ရှောင်းချင်းယန့်အား ပြဿနာပေးမိပြီထင်သည်။
“အမှန်အတိုင်းပဲ ပြောကြတာပေါ့...”
ရှောင်းချင်းယန့်သည် ရှီချန်အန်းအား မိမိကိုယ်ကို အပိုအပြစ်တင်စကား ဆက်မပြောစေတော့။ မနေ့က ကိစ္စအား သူကိုယ်တိုင်လည်း သိပြီးသားဖြစ်သည်။ ရှီချန်အန်း စိတ်ထဲတွင် စိုးထိတ်ပူပန်နေမည်ဖြစ်မှန်းလည်း သူ သိသည်။ သို့ပေမယ့် သူကတော့ ဘာမှဂရုစိုက်မနေပေ။ သူတို့တွေ ဘယ်လိုပဲ ပြဿနာရှာကြပါစေ...အဆုံးသတ်မှာ ရလာဒ်ကတော့ တခုထဲသာ။
သူ၏ဖခမည်းတော်ကတော့ ထိုသို့သောကိစ္စအသေးအမွှားလေးလောက်ဖြင့်တော့ သူ၏ နန်းသွေးရာထူးအား ဖယ်ရှားမည်မဟုတ်။ အလွန့်အလွန်ဆုံးမှ သူ့အား စည်းကမ်းပိုင်းဆိုင်ရာအပြစ်ဒဏ်တခု ချမှတ်ရုံသာ။ ရှီချန်အန်း...ဤအမျိုးသားမိဖုရားအတွက်ကတော့....။ တောင်ဝင်အမိန့်စာသည် ဆင့်ခေါ်စာမဟုတ်...။ အနောက်နန်းဆောင်မှ မိဖုရားခေါင်ကြီး၏ လာရောက်တွေ့ဆုံပါရန် မေတ္တာရပ်ခံသည့်သဘောမျိုးဆောင်သည့်စာသာ ဖြစ်သည်။ ထို့အပြင်...ဤကိစ္စမျှလောက်သည် သူ့အား ဝမ်ဖေးရာထူးနေရာမှ ဖယ်ရှားရန် မလုံလောက်ပေ။ ဤသို့ ရှီချန်အန်းအား ဝမ်ဖေးရာထူးနေရာမှ ဖယ်ရှားပစ်ရန် မတတ်နိုင်မှတော့ သူမအနေဖြင့် ရှန်ဝမ်ဖေးအပေါ် ပို၍ မျက်နှာသာပေးရန်သာ ရှိသည်။ ထို့ကြောင့် ရှီချန်အန်းအတွက်လည်း ဘာပြဿနာမှရှိမည် မဟုတ်ပေ။
စိတ်လက်မအေးနိုင်သော ရှီချန်အန်းမှာတော့ စိုးတထိတ်ထိတ်ဖြင့်ပင် လက်ရှိမိဖုရားခေါင်ကြီး၏ နန်းဆောင်သို့ ရောက်ရှိသွားပြီဖြစ်သည်။ မိဖုရားခေါင်ကြီးအား အရိုအသေမပေးရသေးခင်တွင် ရာထူးမြင့် အဆင့်အတန်းနှင့်ညီစွာ ဝတ်စားဆင်ယင်ထားသောအမျိုးသမီးတဦးအား မြေပြင်တွင် ဒူးထောက်အနေအထားဖြင့် ရှိနေသည်အား သူ မြင်မိသည်။ သူ့စိတ်ထဲတွင် ထိုအမျိုးသမီးသည် မင်ယွိ၏မိခင်ဖြစ်လိမ့်မည်ဟု တွေးလိုက်မိသည်။
"မိဖုရားခေါင်မယ်မယ်အား ဂါဝရပြု အရိုအသေပေးပါတယ်...မယ်မယ်...ဘယ်သို့သော အရေးကြီးကိစ္စများကြောင့် ချန်အန်းအား နန်းတွင်းသို့ ဆင့်ခေါ်ရတာပါလဲ..."
ဘယ်အကြောင်းကြောင့်ဟူသည်အား သူ ရှင်းရှင်းလင်းလင်း သိပြီးဖြစ်သည်။ သို့သော်ငြား ယဉ်ကျေးမှုအရ မသိဟန်ဆောင်ကာ ဝတ္တရားရှိသည့်အတိုင်း မေးမြန်းရသေးသည်။ မည်သို့ပဲဖြစ်ဖြစ် မနေ့ကကိစ္စတွင် ဘယ်လိုပဲကြည့်ကြည့် သူ့အနေဖြင့် အမှားကျူးလွန်ထားခြင်း မရှိပေ။ သူတို့အနေဖြင့် ထိုကိစ္စနှင့်ပတ်သက်၍ သူ့အပေါ်တွင် ဘာမှမလုပ်နိုင်ပေ။
"မိဖုရားခေါင်မယ်မယ်...မယ်မယ် ကျွန်တော်မျိုးမရဲ့သမီးလေးအတွက် တရားမျှတမှုရှာပေးပါ...ကျွန်တော်မျိုးမရဲ့သမီးလေးအတွက် အမှန်တရား ရှာဖွေပေးပါ..."
ရှီချန်အန်းမှ မိဖုရားခေါင်ကြီးအား အရိုအသေပေး နှုတ်ဆက်ပြီးသည်နှင့် ဘေးနားတွင်ရှိနေသော ထိုအမျိုးသမီးသည် စတင်ငိုကြွေးလေပြန်သည်။ ထိုအမျိုးသမီး၏ နီရဲနေသောမျက်လုံးများ၊ မျက်နှာချေများ တဝက်မကပျက်နေပြီဖြစ်သော မျက်နှာအား ကြည့်ချင်းအားဖြင့် ထိုအမျိုးသမီး ငိုကြွေးနေသည်မှာ အချိန်အတော်ပင် ကြာနေလောက်ပြီဟု ရှီချန်အန်း စိတ်ထဲ မှတ်ချက်ချမိသည်။
"မင်ကတော်...မင်ကတော်ဘက်က ပြောတဲ့စကားကို ပန်ကုန်း* နားထောင်ပြီးပြီ...အခုတော့ ရှန်ဝမ်ဖေးဘက်က ဘာပြောစရာရှိသေးလဲဆိုတာ အရင်နားထောင်ရအောင်..."
*(ပန်ကုန်း = မိဖုရား၊ မင်းသမီးများ မိမိကိုယ်ကို ရည်ညွှန်းသည့်အသုံး။)
မိဖုရားခေါင်ကြီးအနေဖြင့် အရှေ့တွင်ရှိနေသော ထိုအမျိုးသမီးအား မည်သို့သဘောထား၍ဆက်ဆံရမည်အား မသိနိုင်တော့ပေ။ ပြောရလျှင်... သူတို့မင်အိမ်တော်နှင့် သူမ၏သားတော်တို့သည် တလှေတည်းစီးနေကြသူများဟု သတ်မှတ်၍ရသည်ဖြစ်ရာ သူမအနေဖြင့် သူတို့မင်အိမ်တော်ဘက်သို့ အမှန်တရားအား မျက်နှာသာလိုက်ပေးလိုက်ရုံသာ။ သို့သော်...အခု မင်ကတော်က သူမ၏သမီးလေး ရှန်ဝမ်ထံမှ မျက်နှာသာပေး ကြင်နာမှုမခံရ၍ နန်းတွင်းသို့ဝင်လာပြီး သူမအား အကူအညီလာတောင်းသည်တဲ့...။ ဒါက ဘာသဘောလဲ...။ အခုတောင်မှ သူ့သမီးကို အထိမခံနိုင်အောင် ဂရုစိုက်နေတာ...နောင်များ သူ့သမီးသာ 'ရှန်ဝမ်ဖေး' ဖြစ်သွားခဲ့ရင်ရော.....။ အနာဂတ်မှာ သူတို့မင်အိမ်တော်က သူမ၏သားတော်အတွက် စိတ်ရောကိုယ်ပါနှစ်ပြီး သစ္စာရှိရှိ အလုပ်လုပ်ပါ့မယ်လို့ အာမခံနိုင်ပါဦးမလား...။
"မိဖုရားခေါင်မယ်မယ်... မယ်မယ် ကျွန်တော်မျိုးကို နန်းတွင်းထဲ ဆင့်ခေါ်လိုက်တာက...မဟုတ်မှလွဲရော မင်စီ့ဖေးကိစ္စကြောင့် ခေါ်လိုက်တာလား..."
အနောက်နန်းဆောင်သို့ မရောက်ခင်တုန်းကတော့ ရှီချန်အန်း အမှန်ပင် စိုးရိမ်ပူပန်နေခဲ့တာဖြစ်သည်။ သို့သော် ယခုအခြေအနေတွင်တော့ သူထံတွင် စိုးထိတ်ပူပန်နေခဲ့သောခံစားချက်တို့ အားလုံး မရှိတော့။ ထိုအစား...သူ၏မျက်နှာထက်တွင် ရဲရင့်ပြတ်သားမှု၊ မိမိကိုယ်ကို ယုံကြည်ချက်ရှိမှုတို့သာ ရှိနေတော့သည်။
မိဖုရားခေါင်ကြီးသည် ရှီချန်အန်းမှ အရင်စ၍ ဤကိစ္စအား ပြောလာလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ထို့အပြင် ရှီချန်အန်းမှ သူမနှင့်ညှိနှိုင်းကာ မင်စီ့ဖေးကိစ္စအား သူနှင့်ဘာမှမသက်ဆိုင်သည့်ကိစ္စအဖြစ်သို့ ပြောင်းလဲပုံဖော်လိမ့်မည်ဟုပင် သူမ ထင်ထားခဲ့တာဖြစ်သည်။ သူမ စိတ်ထဲတွင် အမျိုးမျိုး စဉ်းစားတွက်ချက်ပြီးချိန်တွင်တော့...ဤကိစ္စတွင် မင်အိမ်တော်အနေဖြင့် ဘယ်လိုပဲလုပ်လုပ် သူများအား အလွယ်တကူ အပြစ်ဖို့နိုင်တော့မည်မဟုတ်ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် ရှီချန်အန်းအား မနေ့ကကိစ္စအား အမှန်အတိုင်းပြောရန်သာ အချက်ပြလိုက်တော့သည်။ ရှီချန်အန်းသည်လည်း အားနာမနေဘဲ... ဖြစ်ပျက်ခဲ့သည်များနှင့် ပြောစရာရှိသည်များအား ကွေ့ဝိုက်မနေတော့ဘဲ ပြောလေတော့သည်။
"ချန်အန်း လုပ်ခဲ့တာက ကောင်းစေလိုရင်းနဲ့ပါ...ဘယ်သိခဲ့ပါ့မလဲ...မင်စီ့ဖေးက စေတနာကိုမမြင်တဲ့အပြင် နှုတ်လန်ထိုးပြန်ပြောလိမ့်မယ်..ချန်အန်းကိုပါ နာမည်ရင်းတပ်ခေါ်ပြီး ပြန်ပြောလိမ့်မယ်ဆိုတာကို...အဲ့ဒီအချိန်တုန်းက ကျွန်တော်မျိုးလဲ စိတ်လိုက်မာန်ပါဖြစ်သွားပါတယ်...ဒါကြောင့် မင်စီ့ဖေးကို ဆုံးမတဲ့နေရာမှာ လက်ပါသွားပါတယ်...မင်အိမ်တော်ရဲ့သမီးက အဲ့ဒီလောက်ကြီး ဒေါသကြီးတဲ့သူဆိုတာကို ချန်အန်းက ဘယ်လိုလုပ်သိနိုင်ခဲ့မှာလဲ...ပြီးတော့...ဒီလိုကိစ္စအသေးလေးတွေအပေါ်မှာ အကျိုးအပြစ် သေချာ မစဉ်းစား မဆင်ခြင်ဘဲ...အဲ့ဒီလို...စားပွဲစွန်းနဲ့ ခေါင်းတိုက်ပစ်လိုက်မယ်ဆိုတာ..."
ချွန်းယွီတို့နှင့် ဖြစ်ကြသည့်ကိစ္စကိုမူ ရှီချန်အန်း ကျော်သွားလိုက်သည်။ ထိုဖြစ်ပျက်သည့်ကိစ္စများအား ပြောနေချိန်တွင်လည်း ရှီချန်အန်း၏မျက်နှာတွင် မိမိကိုယ်ကို ယုံကြည်မှု၊ ရဲရင့်ပြတ်သားမှု အပြည့်ဖြင့်ပင်။ ထိုကိစ္စသည်လည်း တရားနည်းလမ်းကျ ကြည့်လိုက်ပါက သူပြောသည့်အတိုင်းပင်ဖြစ်လေရာ ဤနေရာတွင် မင်ယွိ ကိုယ်တိုင်ရှိနေရင်တောင် သူ ပြောသွားသည့်စကားများအား ဘယ်လိုမှ ပြန်လည် မချေပနိုင်ပေ။
"'ကောင်းစေလိုရင်းနဲ့ပါ' ဟုတ်လား...ကျွန်မသမီး ကိုယ့်ခြံဝန်းထဲမှာ ကောင်းကောင်းမွန်မွန် နေနေတဲ့ဟာကို...ဝမ်ဖေးက ဘယ်လိုအကြောင်းကြောင့် သူ့ကို ခြံဝန်းနေရာပြောင်းခိုင်းရတာလဲ...ဝမ်ဖေးဆီမှာ ဘယ်လို အကြောင်းပြချက်ကောင်းကောင်းများ ရှိနေလို့ပါလိမ့်...ပြီးတော့...စီ့ဖေးတပါးက အဲ့ဒီလောက်ပြင်းထန်တဲ့ဒဏ်ရာကြီးရထားတောင် ဝမ်ဖေးက ဘာဖြစ်လို့ နန်းတွင်းကို လူလွှတ်ပြီး တော်ဝင်သမားတော် မပင့်ပေးရတာလဲ...ဘာဖြစ်လို့ လက်လွတ်စပယ် ဘာနာမည်မှမရှိတဲ့ လူမသိသူမသိတဲ့သမားတော်တွေလောက်ပဲ ပင့်ပြီး ကြည့်ခိုင်းရတာလဲ...အဲ့ဒီသမားတော်တွေကြောင့် မတော်တဆ အလွဲအချော်ဖြစ်သွားပြီး မင်စီ့ဖေး ထိခိုက်သွားမှာကို ဝမ်ဖေးက မကြောက်ဘူးလား..."
"အဟမ်း အဟမ်း...မင်ကတော်...စကားအပြောအဆို ဂရုစိုက်ပါ..."
ယခု မိဖုရားခေါင်ကြီးအတွက်တော့ မင်အိမ်တော်သည် ကြည့်လေကြည့်လေ မျက်စိထဲ သဘောမကျလာလေဖြစ်သည်။ ဆန့်ကျင်ဖက်အနေဖြင့် ရှောင်းချင်းယန့်အား ထိုသို့ ပြဿနာကြီးများ အမျိုးမျိုးခံစားရအောင်လုပ်နိုင်သော ရှီချန်အန်းအား စိတ်ထဲတွင် ပို၍ သဘောကျလာလေပင်ဖြစ်သည်။ ဘယ်လိုအကြောင်းရင်းတွေကြောင်းပဲဆိုဆို ထိုရှီချန်အန်း ရှိနေခြင်းအကြောင်းကြောင့်ပင်... သူမ၏သားတော်သည် ရာဇပလ္လင်ရှိရာသို့ ခြေတလှမ်းအလို အနေအထားသို့ ရောက်ရှိသွားခဲ့သည် မဟုတ်ပါလား။ ထိုကိစ္စအတွက် သူမ ရှီချန်အန်းအား အတော်ပင် ကျေးဇူးတင်မိသည်ပဲ မဟုတ်လား...။
မိဖုရားခေါင်ကြီး၏ ထိုတုံ့ပြန်မှုသည် မင်ယွိ၏မိခင် မျက်လုံးထဲတွင်တော့ ရှီချန်အန်းအား ကာကွယ်ပေးခြင်းသက်သက်ဟုသာ မြင်မိသည်။ ထိုခဏအတွင်းမှာပင် သူမ သွေးပျက်သွားမတတ်ပင်။ သူမ ဤကဲ့သို့ နန်းတော်တွင်းသို့ ဝင်လာရဲခြင်းမှာ သူမတို့မင်အိမ်တော်နှင့် ဒုတိယမင်းသားတို့ကြားရှိ ဆက်ဆံရေးအား အားကိုးပြုခြင်းကြောင်းပင်။ ယခုကဲ့သို့ မိဖုရားခေါင်ကြီးမှ သူမအပေါ် မျက်နှာသာမပေးဘူးဆိုပါက... သူမ ဘာဆက်လုပ်နိုင်ပါတော့မည်နည်း...။
"မင်ကတော်... မင်ကတော် သိဖို့လိုတာက...မိန်းမတယောက်က လက်ထပ်ပြီးပြီဆိုတာနဲ့ မိဘအိမ်ကထွက်လို့ ခင်ပွန်းသည်နောက် လိုက်ရမယ်ဆိုတာလေ...အခု မင်ကတော်ရဲ့သမီးက မင်အိမ်တော်က သခင်မလေး မဟုတ်တော့ဘူး...ရှန်ဝမ်အိမ်တော်က စီ့ဖေး ဖြစ်သွားပြီလေ...ဘာလဲ...အခု မင်ကတော်က ရှန်ဝမ်နဲ့ ရှန်ဝမ်ဖေးကို သမီးဖြစ်သူအပေါ်မှာ မင်အိမ်တော်ရဲ့ သခင်မလေးအဖြစ်နဲ့ပဲ သတ်မှတ်ဆက်ဆံစေချင်နေသေးတာလား... "
မိဖုရားခေါင်ကြီးကား မင်ယွိမိခင်ဖြစ်သူ၏မျက်နှာအား တချက်လေးမှပင် မထောက်ဘဲ ပြောသွားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သူမ၏လေသံသည်လည်း သရော်လှောင်ပြောင်သံ အပြည့်ဖြင့်ပင်။
“မိဖုရားခေါင်မယ်မယ်.....”
မင်ယွိ၏မိခင်မှာတော့ လုံးဝပင် သွေးပျက် ဆွံ့အသွားမိသည်။ ဘယ်လိုလုပ်ပြီး မိဖုရားခေါင်ကြီးက သူမအား ဆုံးမအပြစ်တင်နေရတာလဲ...။
"မနေ့က ရှန်ဝမ်အိမ်တော်မှာဖြစ်တဲ့ကိစ္စက ပန်ကုန်း အားလုံး သိပြီးသား...ဝမ်ဖေးက ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ စိတ်လိုက်မာန်ပါဖြစ်သွားတယ်ဆိုတာ မှန်တယ်...ဒါပေမယ့် သူ့မှာ ဘာအမှားမှ မရှိဘူး...ရှန်ဝမ်အိမ်တော်ရဲ့ ကိုယ်လုပ်တော်တွေကို စည်းကမ်းပေး ဆုံးမတာနဲ့ အိမ်တော်တွင်းကိစ္စတွေကို စီစဉ်ဖြေရှင်းတာက အစကတည်းက ဝမ်ဖေးရဲ့ လုပ်ပိုင်ခွင့်နဲ့ အာဏာတွေပဲလေ...မင်ကတော်...အဲ့ဒါဆိုရင် ပန်ကုန်းကို ပြောပြစမ်းပါဦး...မင်လူကြီးမင်းရဲ့ ကိုယ်လုပ်တော်တွေက မင်ကတော်အပေါ် စော်ကားပြောဆိုဆက်ဆံတဲ့အချိန်မှာ...မင်ကတော်ဆိုရင်ရော...ဒီအတိုင်းပဲ နေရာမှာ ငြိမ်ငြိမ်လေးနေပြီး သည်းခံနေမှာလားလို့..."
“….. ချန်ချယ့်… မှားမှန်းသိပါပြီ...မိဖုရားခေါင်မယ်မယ်...ဝမ်ဖေးမယ်မယ်လူကြီးမင်းလို အရေးကြီးပုဂ္ဂိုလ်မျိုးနဲ့ ချန်ချယ့်က ဘယ်လိုလုပ် နှိုင်းယှဉ်လို့ရမှာလဲ...ချန်ချယ့်ရဲ့ သမီးအပေါ်ချစ်တဲ့စိတ်ကြောင့် အမှားအမှန်အပေါ် အကြောင်းအကျိုး မဆင်ခြင်နိုင်တော့ဘဲ...မိဖုရားခေါင်မယ်မယ့်ဆီလာပြီး ပြဿနာရှာမိပါတယ်...မယ်မယ်...ကျေးဇူးပြုပြီး အပြစ်မှ ခွင့်လွှတ်ပေးပါ..."
ကျယ်လောင်လှသာ နဖူးတိုက်တောင်းပန်မှုနှင့်အတူ မျက်ရည်နှစ်စက်သည်လည်း မြေပေါ်သို့ တန်းတန်း စီးဆင်းသွားတော့သည်။ မင်ကတော် သိလိုက်ရသည်မှာ.....မိမိသမီးဖြစ်သူ၏ဘဝသည် တသက်တာအတွက်...ပြင်ဆင်၍မရနိုင်အောင် ပျက်ဆီးသွားပြီဟုသာ......။
မူလက သူ့ခေါင်းပေါ်သို့ကျလာမည့် ထောင်သောင်းမက ကြီးလေးမည့်အပြစ်ဒဏ်အတွက် စိတ်အခြေအနေအား ကြိုတင်ပြင်ဆင်လာခဲ့သော ရှီချန်အန်းသည် ဤတခေါက်ဖြစ်သောကိစ္စတို့အား ထိုကဲ့သို့ ပေါ့ပေါ့ပါးပါးနှင့် ပြီးဆုံးသွားလိမ့်မည်ဟု လုံးဝ မတွေးထားမိခဲ့။ ဧကရီမိဖုရားခေါင်ကြီးက သူ့အား တခါလေးမှတောင် အခက်တွေ့အောင် မလုပ်လိုက်ပါလား...။ မည်သို့မည်ပုံဖြစ်၍ ဤသို့သော ရလာဒ်မျိုးထွက်လာသည်အား ဘယ်လိုမှ မတွေးတတ်တော့သော ရှီချန်အန်းသည် မိဖုရားခေါင်ကြီး၏ နန်းဆောင်မှ ထွက်လာပြီးသည်နှင့် ရှောင်းချင်းယန့်အား သွားရှာကာ အိမ်တော်သို့ အတူတူပြန်ကြရန်ပင်...။ သို့စေကာမူ...ဧကရာဇ်၏ ထိုက်ကျီနန်းဆောင်ရှေ့တွင် အချိန်အတော်ကြာသည်အထိ သူ စောင့်ဆိုင်းနေခဲ့သော်လည်း ရှောင်းချင်းယန့်တယောက် ထွက်လာသည်အား မတွေ့ရ...။
သူ စိုးရိမ်တကြီးဖြင့် သေချာမေးမြန်းကြည့်မှသာ စောစောက ရှောင်းချင်းယန့်အား ဧကရာဇ်မင်းကြီးမှ ဆုံးမပြောဆိုပြီးသည်နှင့် နှစ်ဦးသားအတူ ရှောင်းချင်းယန့်၏မယ်တော်၏ ကမ္ဗည်းတိုင်ထားရှိရာ ချန်ရှန်းနန်းဆောင်သို့ ထွက်သွားကြမှန်း သိလိုက်ရသည်။
ချန်ရှန်းနန်းဆောင်၏ အဝင်ပေါက်မှာပင် ရှီချန်အန်းသည် နန်းဆောင်တွင်းမှထွက်လာသော ဧကရာဇ်မင်းကြီးနှင့် ဆုံလေသည်။ ဧကရာဇ်မင်းကြီးအား ဂါဝရပြု အရိုအသေပေးပြီးနောက် ခေါင်းမော့ကြည့်လိုက်သော ရှီချန်အန်းသည် ဧကရာဇ်သည်လည်း သူ့အား စိုက်ကြည့်နေသည်အား တွေ့လိုက်ရသည်။ ထိုအကြည့်တို့သည် နက်ရှိုင်းလှကာ သူ နားမလည်နိုင်သည့်အဓိပ္ပါယ်များစွာ ပါဝင်နေသလိုပင်...။ ဧကရာဇ်သည် သူ၏နှုတ်ခွန်းဆက်သမှုအပေါ် မည်သည့်တုံ့ပြန်စကားမှ မဆိုလာသလို၊ သူ့အား အပြစ်တင်ပြောဆိုခြင်း၊ စည်းကမ်းပေးခြင်း၊ ဆုံးမခြင်းလည်း မရှိပေ။ ထိုသို့ သူ့အား တချက်စိုက်ကြည့်ပြီးသည်နှင့် နေရာမှ တန်း၍ထွက်ခွာသွားတော့သည်။
“ရှောင်းချင်းယန့်....…”
ရုတ်တရက် သူ၏နှလုံးသားသည် ရပ်တန့်၍မရနိုင်စွာ တဒိန်းဒိန်းခုန်လာလေသည်။ သူ၏ မသိစိတ်ထဲတွင်... ရှောင်းချင်းယန့်ထံတွင် တစုံတရာ မကောင်းတာဖြစ်နေပြီဟု ခံစားမိလိုက်သည်။
အပြေးတပိုင်းဖြင့် နန်းဆောင်တွင်းသို့ အလျင်စလို ဝင်လာခဲ့သော ရှီချန်အန်းသည်... များမကြာမီမှာပဲ သူ၏မျက်ဝန်းတွင် ထင်ဟပ်လာသည့် ရှောင်းချင်းယန့်၏နောက်ကျောပုံရိပ်အား တွေ့လိုက်ရသည်။ ထိုသူသည် မယ်တော်ဖြစ်သူ၏ကမ္ဗည်းတိုင်ရှေ့တွင် အရင်တခါအတိုင်းပင် ဒူးထောက်လျက် ရှိနေမြဲ...။ အရင်တခါအတိုင်းပင် ဒူးထောက်ရန်ခင်းထားသည့်အခင်းအား ဖယ်ကာ ဒူးထောက်နေဆဲပင်...။
“အရှင်မင်းသား.....…”
“မိဖုရားခေါင်ကြီးက မင်းကို အခက်တွေ့အောင် လုပ်လိုက်သေးလား...”
“မလုပ်လိုက်ပါဘူး...”
ထိုသူအား ကြည့်လိုက်စဉ်ခဏမှာပင် ရှီချန်အန်း သူ၏လုပ်ရပ်တို့အတွက် နောင်တရမိသည်။ ရှောင်းချင်းယန့်၏ ဘယ်ဘက်ပါးပြင်တွင် နီရဲထင်ရှားနေသောလက်ဝါးရာသည် နေရာအပြည့်ယူထားလေသည်။ နဖူးပြင်ထက်တွင်လည်း ချွေးစီးတို့ သီးနေသည်မှာလည်း မနည်းလှပေ။ ကြည့်လိုက်ရုံဖြင့်ပင် ဧကရာဇ်၏ လက်ဝါးတချက်တည်းမျှဖြင့် ရှောင်းချင်းယန့်၏အပြစ်ပေးခံရမှုတို့က အဆုံးမသတ်သေးမှန်း သိသာလေသည်။ အခြားသောနေရာတို့တွင်လည်း ရိုက်နှက်အပြစ်ပေးခံထားရကြောင်းက အသေအချာပင်။ သို့မဟုတ်ပါက သူသည် ဤမျှပင်ပန်းအားကုန်နေသည့်ပုံစံဖြင့် ရှိနေမည် မဟုတ်ပေ.....။
“အရှင်မင်းသား.......… ကျွန်တော် တောင်းပန်ပါတယ်...”
ဤရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သောကိစ္စများသည် အားလုံး သူ့ထံမှ မြစ်ဖျားခံစတင်လာခဲ့ခြင်းများသာ ဖြစ်သည်။ ရှီချန်အန်းတယောက် ရုတ်တရက် အသက်ရှူမဝ မွန်းကြပ်လာသလိုပင်။ ရင်ထဲတွင် စူးအောင့်လာကာ နာကျင်မှုတို့က အတိုင်းအဆမဲ့သကဲ့သို့ပင်...။ ရှောင်းချင်းယန့်၏နံဘေးတွင် အတူ ဒူးထောက်လိုက်ကာ ယခင်မိဖုရားခေါင်ကြီး၏ ကမ္ဗည်းတိုင်အား ရှီချန်အန်း သုံးကြိမ် ဦးတိုက်အရိုအသေပေးလိုက်သည်။ ထို့နောက်တွင်မူ...စကားတခွန်းမှ ဆက်မဆိုတော့... ချွေးသီးချွေးပေါက်တို့ တဒီးဒီးစီးကျနေစေကာမူ ဘာမှမဖြစ်သည့်နှယ် ကျောရိုးအား သံမဏိတံတိုင်းသဖွယ် မတ်မတ်ထားကာ ဒူးထောက်နေဆဲသော ရှောင်းချင်းယန့်အား တချိန်လုံး တိတ်ဆိတ်စွာ ကြည့်နေမိတော့သည်.....။
XXXXX
ဤစာရေးဆရာတွင် ပြောစရာရှိသည် : အတူတူ ရင့်ကျက်ကြရအောင်...။
ဤဘာသာပြန်သူတွင် ပြောစရာရှိသည် : ဤအပိုင်း အရမ်းရှည်သည်...။
XXXXX
Translator's note:
နည်းနည်းလေး ပြောစရာရှိလို့ပါ...။
ဒီစာအုပ်ကို စကတည်းက မေးတဲ့သူတိုင်းကို ပြောပြီးသားပါ။ ထပ်ပြောပါ့မယ်။
"အပိုင်း ၈၀လုံး ပြီးတဲ့အထိ သေချာ ဘာသာပြန်သွားမှာပါ။ တခုပဲ။ အချိန်တော့ ကြာမှာပါ။"
ကိုယ့်မှာလဲ တခြားလုပ်စရာတွေ၊ ပြဿနာတွေ ရှိပါတယ်။ ဒီတခေါက်ဆို သေချာပြီဆိုပြီး တခါမှမရေးဘူးတဲ့ message boardထိ တက်ရေးပြီးမှ အကြောင်းကြောင်းကြောင့် အခုထိ ကြာသွားတယ်။ ဒါကြောင့် သေချာပြောနိုင်တာက ဒီစာအုပ်ပြီးဖို့က တော်တော်ကြာမှာပါ။
ကိုယ်စတဲ့ဇာတ်လမ်းတော့ ပြီးအောင်လုပ်သွားမှာပါ။ ကြာမှာတခုပါပဲ။ ကိုယ်တိုင်လည်း အပြီးမသတ်တဲ့ဇာတ်လမ်းတွေကို မုန်းတာမို့ နားလည်ပါတယ်။ အဲ့လိုပဲ ဒီဘက်ကိုလည်း နားလည်ပေးစေချင်ပါတယ်။ please!
အကယ်၍မစောင့်ချင်ရင် မူရင်းတရုတ်ဝတၳုကိုရော၊ English translationရော သွားဖတ်လို့ရပါတယ်။ နှစ်ခုစလုံးက ပြီးသွားပြီမို့လို့ တခါတည်း အပြီးအထိ သွားဖတ်လို့ရပါတယ်။ linkတွေကို Chinese & English websites၊ English translatorရဲ့ Wattpad accountအထိပါ Descriptionမှာ အပြည့်အစုံ တင်ထားပေးပြီးသားပါ။ ဝတၳုရဲ့ တရုတ်နာမည်၊ အင်္ဂလိပ်နာမည်၊ မူရင်းစာရေးဆရာကအစ တင်ပေးထားပါတယ်။ Descriptionမှာ ဝင်ကြည့်ပေးကြပါ။
နောက်ပြီး ဒီဝတၳုကို တခြားသူတွေလည်း ယူပြန်လို့ရပါတယ်။ ကိုယ်ပိုင်တဲ့ဝတၳုလည်း မဟုတ်ပါဘူး။ တခြားမြန်မြန်တင်ပေးနိုင်တဲ့သူရှိရင် ကိုယ်ကတောင် ကျေးဇူးတင်ရဦးမှာပါ။
ကိုယ်ကတော့ လိပ်နှုန်းနဲ့ပဲ သွားနိုင်မှာပါ။ ပြီးအောင် ဘာသာပြန်မှာပါ။ တပတ်တပိုင်းတော့ ဖြစ်အောင်ကြိုးစားပါ့မယ်။ That's all!
Thank you all for waiting patiently!
Happy New Year!!!🎉🎉🎉
May U All Have A Happy & Blissful Year of 2020!!!🎉🎉🎉
XXXXX
No comments:
Post a Comment