အပိုင်း (၁၅)
“အစ်ကိုကြီး...”
ရှီချန်အန်းသည် ခြံတံခါးအပြင်တွင်ရပ်ထားသော မြင်းလှည်းအား မြင်ကတည်းက ရှီမိသားစုမှလူရောက်နေကြောင်း သိသည်။ သို့သော် ထိုရောက်နေသောသူသည် ဤမောင်နှမနှစ်ယောက်......... လျိုရှီး၏ အမွှာသားသမီးနှစ်ဦးဖြစ်နေမည်ဟု ထင်မှတ်မထားခဲ့ပေ။
"ဝူရန်...ဝူယိ...ဒီခြံထဲမှာရှိတဲ့လူတွေ အကုန်လုံးလာခဲ့ကြဖို့ သွားခေါ်ပေးပါ...ငါ ပြောစရာကိစ္စရှိတယ်...''
အရှေ့တွင်ရှိနေသော ထိုလူနှစ်ယောက်အား ဆက်မကြည့်ချင်သလို သူတို့အား အသိအမှတ်ပြုရန်အတွေးသည်လည်း ရှီချန်အန်းတွင် လုံးဝ မရှိချေ။ နှစ်စဉ် နွေရာသီကုန်ဆုံးသည်နှင့် ဘိုးဘွားကန်တော့ရန် ရှီယုံနျဉ်၏မွေးရပ်မြေသို့ ရှီယုံနျဉ်အစား ထိုမောင်နှမနှစ်ယောက် သွားရလေ့ရှိသည်။ ရက်တွက်ကြည့်ပါက ယခု သူတို့သည် ဘိုးဘွားကန်တော့ပြီး၍ပြန်လာခြင်း ဖြစ်တန်ရာသည်။ သို့ရာတွင် ရှီအိမ်တော်သို့ တန်းမပြန်ဘဲ ဤယာတောခြံသို့ သူတို့ အဘယ့်ကြောင့် လာရသနည်းကိုတော့ ရှီချန်အန်း မသိပေ။
"ရှီချန်အန်း...မင်း နားကန်းနေတာလား ဟင်...ဒီမှာ ညီမလေး မင်းကိုခေါ်နေတာ မကြားဘူးလား..."
လျိုရှီး၏သားဖြစ်သူ ရှီရှန့်တယ်သည် ရှီချန်အန်း၏ပမာမခန့်အမူအရာအား ကြည့်ပြီး ဒေါသထွက်လာသည်။* ထိုသူနှစ်ဦးသည် ယခုမှ မြိုတော်သို့ပြန်ရောက်လာခြင်း ဖြစ်သည်။ သူတို့ မြို့တော်တွင်မရှိခိုက် ရှီအိမ်တော်တွင် ကိစ္စများစွာ ဖြစ်ပွားခဲ့သည်။ သို့ရာတွင် လက်ရှိ ရှီအိမ်တော်၏ ပြောင်းလဲသွားခဲ့ပြီဖြစ်သော နေ့ရက်များအကြောင်းအား ထိုမောင်နှမနှစ်ဦးအား သတင်းပေးအကြောင်းကြားမည့်သူမရှိခဲ့ပေ။ ထို့ကြောင့်ပင် ရှီရှန့်တယ်သည် အတိတ်ကနေ့ရက်များအတိုင်းပင် ရိုင်းပျစွာ အဆင်အခြင်မဲ့စွာ ပြောဆိုနေခြင်းပင်။ သူသည် ရှီချန်အန်းအား ရှီအိမ်တော်မှ အစေခံတဦးကဲ့သို့ သဘောထားကာ ပြောဆိုဆက်ဆံနေခြင်း ဖြစ်သည်။ သူ စိတ်တိုင်းကျ ဆူပူအော်ငေါက်နိုင်သော၊ အနိုင်ကျင့် ဖိနိပ်နိုင်သော သူတယောက်ကဲ့သို့.....။
*(T/N: အိမ်း...သူက အဆင့်အတန်းမြင့်လေရှာတာကိုး...ပြီးတော့ သူ့ထက်အကြီးကိုများ...😒)
ရှီအိမ်တော်၏ ပထမသခင်မလေး*ဖြစ်သော ရှီယင်ဟွေ့သည် အပြင်လူများ၏အရှေ့တွင်တော့ ရှီချန်အန်းအား 'အစ်ကိုကြီး'ဟူ၍ ခေါ်လေ့ရှိသည်။ ယခုကဲ့သို့ ရှီချန်အန်းမှ သူမအား အရေးတစက်ကယ်မျှမလုပ်မည်အား ရှီယင်ဟွေ့ ထင်မထားခဲ့ပေ။ အကယ်၍ အခါတိုင်းများကဲ့သို့သာ ရှီအိမ်တော်တွင် ရှိနေပါက သူမသည်လည်း ထိုရှီချန်အန်းဆိုသည်အား အရေးလုပ် ဂရုစိုက်နေမည် မဟုတ်ပေ။ ယခုကဲ့သို့ အပြင်လူများရှိနေသောအခိုက်တွင်တော့ ရှီယင်ဟွေ့ ထင်ထားခဲ့သည်က ရှီချန်အန်းသည် သူမအား မျက်နှာထောက်လိမ့်မည်ဟု...။ ထို့ကြောင့်ပင်...ခံပြင်းဒေါသထွက်၍လော...အရှက်ရဒေါသထွက်သွားသည်လော မသိ...သူမသည် တလောကလုံးမှ မကျေနပ်မှု၊နစ်နာမှုများအား သယ်ထမ်းထားရသည့် မတရားခံရသည့်မျက်နှာဖြင့် ရှိနေလေသည်။
*(T/N: ရှီယုံနျဉ်၏ အကြီးဆုံးသမီး။ ကိုယ်လုပ်တော်မှ မွေးသော်လဲ မောင်နှမနှစ်ဦးလုံးသည် ရှီအိမ်တော်တွင်တော့ တရားဝင်သားသမီးများကဲ့သို့ ဆက်ဆံခံရသူများ၊ မိမိကိုယ်ကို တရားဝင်သားသမီးဟု မှတ်ယူနေကြသူများဖြစ်သည်။
သူ့ခမျာ ချန်အန်းက အစ်ကိုကြီးအခေါ်ခံလိုက်ရလို့ သူ့ကို အသည်းအသန် လာဖားမယ်ထင်နေရှာတာ😆😂😏)
ရှီရှန့်တယ်သည် သူ၏ညီမငယ်အား အလွန် ချစ်မြတ်နိုးသူဖြစ်လေသည်။ ယခု သူ၏ညီမငယ်ထံမှ မတရားခံနေရသည့်အသွင်အား မြင်လိုက်သည်နှင့် ရှီချန်အန်း၏ နံဘေးတွင်ရှိနေသောသူများအား အရေးမမူနိုင်စွာ ရှီချန်အန်းအား ပညာပေးဆုံးမရန် အရှေ့တက်လာသည်။ ရှီချန်အန်း၏အနားသို့ ရောက်ရန် မဆိုထားနှင့်... သူ၏ခြေတဖက်အား ကြွရန်ရှိသေးသည်...အရိပ်တခုသည် သူ့မျက်လုံးရှေ့မှ ဖြတ်ပြေးသွားသည်။ ထို့နောက်တွင်မူ ပူလောင်ပြင်းစပ်သော ခံစားမှုတခုက သူ၏မျက်နှာပေါ်တွင် ဖြတ်ပြေးသွားသည်။ သူ...တကယ်ပဲ တခြားတယောက်ထံမှ ပါးရိုက်ခံလိုက်ရတာလား...။
"ရမ်းကားလိုက်တာ...ဝမ်ဖေးရဲ့နာမည်က မင်းတို့ပါးစပ်ကနေ ခေါ်ချင်တိုင်းခေါ်လို့ရမယ် ထင်နေတာလား..."
ဝူယိသည် သူ၏အစ်ကိုဖြစ်သူထက် ပို၍ စိတ်မြန်သူဖြစ်သည်။ ထို့အပြင် သူ၏ ရှီမိသားစုမှလူဟူသမျှ ကြည့်မရခြင်းအား ထပ်ပေါင်းထည့်လိုက်သောအခါ သူ၏စိတ်ထဲတွင် ရှီအိမ်တော်မှလူများဆိုကာ ထောက်ထားနေခြင်း မရှိတော့ပေ။ ထို့ကြောင့် ရှီချန်အန်း ပြောလာမည်အား စောင့်မနေတော့ဘဲ သူ့ဘက်မှ အရင်ဦးစွာလှုပ်ရှားကာ ရိုက်လိုက်ခြင်း ဖြစ်သည်။
ရှီရှန့်တယ်မှာမူ အရိုက်ခံလိုက်ရ၍ အ့ံသြမပြေနိုင်သေးသော်ငြား ရှီယင်ဟွေ့သည် ဝူယိ ပြောလိုက်သည့် 'ဝမ်ဖေး'ဟူသော စကားနှစ်လုံးကြောင့် ထိတ်လန့်တုန်လှုပ်သွားမိသည်။ 'ဝမ်ဖေး' တဲ့လား...။ ရှီတအိမ်တော်လုံးက အနိုင်ကျင့် နှိပ်စက်၍ရပါသော ထိုကောင်စုတ်လေး...ထိုကောင်စုတ်လေးသည် မည်သည့်အချိန်က 'ဝမ်ဖေး'ဖြစ်သွားရသနည်း။
တယောက်က အ့ံသြသွားသည့်မျက်နှာ၊ နောက်တယောက်က အံ့သြမပြေ အသိပြန်မဝင်သေးသည့်မျက်နှာဖြင့် ရှိနေသောမောင်နှမနှစ်ယောက်အား တချက်သာကြည့်ပြီး ရှီချန်အန်း ထိုနေရာမှ ထွက်လာခဲ့သည်။ သူနှင့် ထိုသူများအကြားတွင် မောင်နှမသံယောဇဉ်ဟူသည် အစကတည်းက မရှိခဲ့ပေ။ ထို့ကြောင့် စကားအား မည်သို့လှအောင်ပြောလည်း သူတို့ကြားတွင် ဘာမှ ထူးထူးခြားခြားပြောင်းလဲလာမည် မဟုတ်ပေ။*
*(T/N: ဘာညာသာရကာ အပိုတွေ သူတို့နဲ့ ဆက်မပြောဖြစ်တာကို ပြောတာပါ။)
"အစ်ကို...အိမ်ပြန်ရအောင်...ကျွန်မတို့ အိမ်အရင်ပြန်ကြရအောင်..."
သူမ၏ထိတ်လန့်မှုပြေပြီးသွားသည့်နောက် ရှီချန်အန်း၏နောက်တွင်ရှိနေသောလူနှစ်ဦး၏ ဝတ်စုံအား အကဲခတ်ပြီးသွားသောအခါ သူမတို့ အမှန်တကယ်ပင် ပြဿနာအကြီးကြီးနှင့် ထိပ်တိုက်တွေ့နေကြောင်း ရှီယင်ဟွေ့ သိလိုက်သည်။ တကယ်ကိုပင် ထိုကောင်စုတ်လေးသည် ဘဝပြောင်းသွားသည့်ပုံပင်။ ယခု သူမတို့ လုပ်နိုင်သည်မှာ အိမ်တော်သို့ အမြန်ပြန်ကာ ပြန်လည်တုံ့ပြန်နိုင်ရန်အတွက် ဖခင်အား နည်းလမ်းရှာခိုင်းရန်ပင်။
"သခင်...ဘာများဖြစ်လို့ပါလဲ..."
စောစောတုန်းကတော့ ရှီချန်အန်းသည် အလျင်လိုနေဟန်ဖြင့် သူ၏ခြေလှမ်းများသည် သွက်နေခဲ့သော်လည်း ယခုတော့ အရှိန်ကျသွားကာ ရပ်တန့်သွားသည်။ အနောက်ကလိုက်လာသော ဝူရန်ကတော့ နေရာတွင်သာ ရပ်တန့်လိုက်ပေမယ့် ဝူယိကတော့ အကြောင်းအရင်းအား မေးလာသည်။
"ထားလိုက်ပါတော့...ငါတို့ အိမ်တော်ပဲ ပြန်ကြရအောင်..."
ရုတ်တရက် ရှီချန်အန်း ဤယာတောခြံမှ မဖြစ်စလောက်သောသူများနှင့် စာရင်းရှင်းချင်စိတ် မရှိတော့ပေ။ ထိုသူများကြောင့် အမှန်တကယ်ပင် ရှီချန်အန်း ပင်ပန်းဆင်းရဲဒုက္ခများမြောင် ကြုံတွေ့ခဲ့ရသည်။ သို့သော် ထိုဒုက္ခများ၏ အရင်းအမြစ်အား သေချာပြန်စစ်ကြည့်ပါက ထိုသည်တို့သည် ရှီယုံနျဉ်ထံမှ မြစ်ဖျားခံလာခြင်းဖြစ်သည်။ ထို့ကြောင့် ပြောရမည်ဆိုလျှင် သူ့အတွက်တော့... ရှီယုံနျဉ်သာ သူ၏အပြစ်အားလုံးတို့၏ ထိုက်သင့်သောအပြစ်ဒဏ်ခံရပြီးပါက လုံလောက်သွားပြီ။ ကျန်သည်များကတော့ သူ ဂရုစိုက်မနေတော့ပေ။ ပြီးတော့...ဤယာတောခြံထဲမှလူများ၏ လက်ရှိနေ့ရက်များသည်လည်း ပြောရလောက်အောင် သက်သာနေမည် မဟုတ်လောက်ပေ။ ရှီချန်အန်း သိသည်။ သူ ဤယာတောခြံမှ ထွက်လာ၍ 'ဝမ်ဖေး'ဖြစ်သွားသည့်နေ့မှစ၍...ဤခြံတွင်ရှိနေကြသောသူတို့သည် ညတိုင်း ကောင်းစွာ အိပ်ပျော်နိုင်ကြမည်မဟုတ်ဆိုသည်အား...။
XXXXX
ထိုနေ့...ကျင့်ဝမ်နှင့် လမ်းပေါ်တွင် ဆုံတွေ့ခဲ့သည့်နေ့တွင် သူ ဒဏ်ရာအနည်းငယ်ရရှိခဲ့သော်လည်း ရှီချန်အန်း၏စိတ်ထဲတွင် မည်သို့မှ မရှိချေ။ ထိုအစား သူ့ကိုယ်သူ ကံကောင်းလှသည်ဟုပင် မှတ်ယူမိသေးသည်။ အဘယ့်ကြောင့်ဆိုသော် ဟိုးယခင်နှစ်များစွာကပင် ထိုကျော်ကြားလှပါသော စစ်နတ်ဘုရားလူငယ်အား သူ ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးချင်ခဲ့သောကြောင့် ဖြစ်သည်။
ယနေ့...သူတို့ မြို့တော်လမ်းမကြီးအတိုင်းလာရင်း သူတို့အရှေ့တွင် တစုံတရာအားဝိုင်းအုံကြည့်ရင်း စိတ်လှုပ်ရှားနေပုံရသော လူအုပ်ကြီးအား မြင်လိုက်ရသည်။ ထိုစဉ် ရှီချန်အန်း၏စိတ်ထဲတွင် အရင်ဖြစ်သွားသည့်အတွေးကတော့...'ကျင့်ဝမ်တယောက် မြို့တော်လမ်းမပေါ် ထပ်သောင်းကျန်းနေပြီ ထင်တယ်...'ဟူ၍ပင်။ သို့သော် သူ မြင်းလှည်းပေါ်မှ ဆင်းကြည့်မှသာ ထိုရှေ့တွင်ရှိနေသည်မှာ ကျင့်ဝမ်၏ တော်ဝင်ရဲမက်အုပ်စု မဟုတ်ကြောင်း သိလိုက်ရသည်။ ထိုအစား ရှိနေသည်မှာ မြင်းနှစ်ကောင်ဆွဲသောလှည်းတစီး....။ ထိုသည်မှာ ရှန်ဝမ်အိမ်တော်၏ ရှောင်းချင်းယန့် အပြင်ထွက်သည့်အခါ အထူးအနေဖြင့်အသုံးပြုသော မြင်းလှည်းပင် ဖြစ်သည်။
"သခင်...ကြည့်ရတာ အရှေ့မှာရှိနေတာ ဝမ်ရယ်ထင်တယ်..."
"ငါတို့ သွားကြည့်ရအောင်..."
သူသည် 'ရှန်ဝမ်ဖေး' ဖြစ်သည်။ ယခုကဲ့သို့ လမ်းတွင် ရှန်ဝမ်နှင့် ဆုံမိသည့်အချိန်တွင် သူ သွား၍တွေ့ရမည်မှာ ထုံးစံပင်ဖြစ်သည်။ ရှီချန်အန်းသည် အရှေ့သို့ ခြေလှမ်း တည်တည်ငြိမ်ငြိမ် လှမ်းနေသော်လည်း စိတ်ထဲတွင်တော့ အရှေ့တွင် ဘာများဖြစ်နေလို့ပါလိမ့်ဟု အမျိုးမျိုး စဉ်းစားတွေးတောနေမိသည်။ ရလာဒ်အနေဖြင့် သူ့အတွေးထဲ ပထမဆုံးဝင်လာသည့် ဖြစ်နိုင်ခြေကတော့...'ဘယ်မိန်းကလေးကများ သူ့ခန္ဓာကိုယ်ကို သူ့ဖခင်ရဲ့အလောင်းသင်္ဂြိုဟ်စရိတ်အတွက် ရောင်းနေတာပါလိမ့်...'။
"ဝမ်ရယ်..."
အရှေ့ကို ဆက်လျှောက်လာရင်း မြေပြင်ပေါ်တွင် ဒူးထောင်နေသော မိန်းကလေးတဦးအား ရှီချန်အန်း မြင်လိုက်ရသည်။ ထိုမိန်းကလေးသည် ဝမ်းနည်းခြင်းဈာပနဝတ်စုံအား ဝတ်ဆင်ထားသော်လည်း သူမဘေးတွင်မူ သူမ၏ကွယ်လွန်ပြီးသား ဖခင်၏ရုပ်အလောင်းကတော့ မရှိပေ။ ရှောင်းချင်းယန့်အား နှုတ်ခွန်းဆက်စကားဆိုပြီးနောက် ရှီချန်အန်းသည် သူ၏ဘေးတွင်ရှိနေသောလူအုပ်ကြီးထံမှ စကားများအရရော၊ ရှောင်းချင်းယန့်၏နံဘေးရှိ ရှောင်စူး၏ရှင်းပြချက်များကြောင့် လက်ရှိဖြစ်ပျက်နေသော အခြေအနေတို့အား နားလည်သွားသည်။
ရှီချန်အန်းသည် ယခုဖြစ်ပျက်နေသောကိစ္စသည် သူ တွေးမိသည်၏တဝက်မျှသာ မှန်နေသော်လည်း သူ စောစောကတွေးမိသည့်အတိုင်း ဖြစ်နေမည်ဟု မထင်ထားမိပေ။ မြေပြင်တွင်ဒူးထောက်လျက်ရှိနေသော မိန်းကလေးသည် သူမ၏ကွယ်လွန်သွားသောဖခင်အား မြေမြှုပ်ရန်ငွေ ရရှိရန်အတွက် တစုံတခုအား ရောင်းချနေသည်မှာမှန်သော်လည်း ထိုအသုဘစရိတ်အတွက် သူမ၏ခန္ဓာကိုယ်အား ရောင်းချနေခြင်းတော့ မဟုတ်ချေ။ ထိုအစား သင်္ဂြိုဟ်စရိတ်ရစေရန် သူမကိုယ်တိုင် တောင်ပေါ်တက်ကာ ရှာလာသည့်ဆေးပင်များအား ရောင်းချနေခြင်းဖြစ်သည်။ အစပိုင်းတွင်တော့ အားလုံးအဆင်ပြေနေခဲ့ပြီး သူမ၏ဖခင်အတွက် အခေါင်းတလုံးဝယ်ရန် လုံလောက်တော့မည့် ငွေပမာဏပင် ထိုမိန်းကလေး ရရှိနေပြီဖြစ်သည်။ သို့်သော် ယနေ့တွင်မူ မည့်သည့်မိသားစုမှ သခင်လေးမှန်းမသိရပါသော ပိုးဝတ်ရုံဝတ်*သခင်လေးတဦးနှင့် သူမ ရင်ဆိုင်ရသည်။ ထိုသခင်လေးသည် မိန်းကလေး၏ရုပ်ရည် မဆိုးလှသည်အား မြင်ပြီး မိန်းကလေးထံ ငွေစအချို့အား အလွယ်တကူပစ်ချကာ သူနှင့်အတူ ထိုမိန်းကလေးအား ခေါ်သွားရန် လုပ်လေတော့သည်။ ဘယ်သူသိမှာလဲ...ထိုမိန်းကလေးသည် သူ့နောက်သို့ လိုက်မည့်အစား အသေသာခံလိမ့်မည်ဟု...။ ဤသို့ဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ကြကာ အိမ်တော်သို့ ပြန်နေသည့် ရှောင်းချင်းယန့်နှင့် အဆင်သင့်ပင် တည့်တည့်တိုးမိခြင်းဖြစ်သည်။
"ကျွန်တော်မျိုးမ...ကျွန်တော်မျိုးမရဲ့အသက်ကို ကယ်တင်ပေးတဲ့ ဝမ်ရယ်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်...ဟောဒီဆေးပင်တွေအတွက် ဝမ်ရယ် စိုးရိမ်စရာမလိုပါဘူး...ကျွန်တော်မျိုးမက ငယ်စဉ်ကတည်းက ဖခင်နောက်လိုက်ပြီး တောထဲမှာ ဆေးမြစ် အတူလိုက်ရှာခဲ့ပြီး ဆေးပင်တွေအကြောင်းကိုလဲ လေ့လာခဲ့ပါတယ်...အိမ်မှာလဲ ကိုယ်ခန္ဓာအတွက် အားအင် ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ဆေးတွေ ဖော်စပ်ထားတာရှိပါသေးတယ်...ကျွန်တော်မျိုးမရဲ့ဖခင်ကို သင်္ဂြိုဟ်ပြီးတာနဲ့...ဆေးတွေကို ဝမ်ရယ်ဆီ ပို့ပေးပါရစေ...ဝမ်ရယ် သဘောကျဖို့ မျှော်လင့်ပါတယ်...ဝမ်ရယ် ကျေးဇူးပြုပြီး မငြင်းပယ်ပါနဲ့..."
ဈာပနဝတ်စုံဝတ်ဆင်ထားသော ထိုမိန်းကလေး၏ အသွင်သည် ကိုယ်စိတ်နှစ်ပါးနွမ်းလျကာ ညှိုးငယ်နေသည့်နှယ်။ မျက်နှာပြင်တွင်လည်း မျက်နှာချေမဆိုထားနှင့် မျက်ခုံးမွေးပင် ခြယ်သမထားသဖြင့် ရှင်းသန့်ပြောင်ရှင်းနေသည်။ သို့စေကာမူ သူမအပေါ် အကြည့်တချက်မျှဖြင့် ကြည့်ရှုသူတို့၏စိတ်နှလုံးအား ဖမ်းစားနိုင်ကာ ရင်ခုန်မြန်စေသည်။ လူအများ၏မျက်လုံးထဲတွင်တော့ ဤသာမန်မိသားစုမှ သမီးပျိုလေးသည် အလွန်ပင် ချောမောလှပသောမျက်နှာဖြင့် မွေးဖွားလာသူဖြစ်ပြီး ပြိုင်ဘက်ကင်းအလှပိုင်ရှင်ဟု ခေါ်ဆိုထိုက်သူလေးပင် ဖြစ်သည်။
အလှအပအားနှစ်သက်သည့်စိတ်သည် လူတိုင်းတွင် ရှိသည်။ အစက မျက်စိရှေ့တွင်ရှိနေသော ဤမိန်းကလေးသည် သာမန် သနားစရာကောင်းသည်ဟု စဉ်းစားမိသော ရှီချန်အန်းသည်ပင် ယခု ထိုမိန်းကလေးအတွက် သူ့ရင်ထဲတွင် သနားကြင်နာစိတ်ယိုဖိတ်လာသည်။ သူ၏နံဘေးတွင် ရှိနေသော ရှောင်းချင်းယန့်အား တချက်ကြည့်လိုက်ရင်း သူတွေးလိုက်သည်မှာ...ဤမိန်းကလေးသည် ပင်ကိုချောမောလှပသူ ဖြစ်သည်။ ယခု ရှောင်းချင်းယန့်နှင့် ဤကဲ့သို့ ကြမ္မာရေစက်ဆုံလာလေတော့ ဤကိစ္စအား ရှောင်းချင်းယန့် မည်သို့စီရင်မည်အား သူ မသိရသေးပေ။
မူလကတော့ ရှောင်းချင်းယန့်သည် အိမ်တော်သို့ ပြန်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။* သို့သော် သူ၏ဝမ်ဖေး ဤနေရာသို့ ယခုကဲ့သို့ ရောက်လာခဲ့မည်ဟု ရှောင်းချင်းယန့် ထင်မထားခဲ့။ ထို့ကြောင့် ရှောင်းချင်းယန့်သည် မျက်စိရှေ့တွင်ရှိနေသော ထိုကိစ္စအား ရှီချန်အန်း၏လက်ထဲသို့ စီစဉ်ဖြေရှင်းရန် လွှဲခဲ့လိုက်ပြီးသည်နှင့် သူကိုယ်တိုင်ကမူ ထိုနေရာမှ ချက်ချင်း ထွက်လာခဲ့လိုက်သည်။
*(T/N: အဲ့ဒီနေရာက ကိစ္စတွေကို တခြားလူကိုခိုင်းပြီး အိမ်တော်ကို ပြန်ဖို့လုပ်နေတာကို ပြောတာပါ။)
ရှီချန်အန်းမှာမူ သူ့အား ရှောင်းချင်းယန့်မှ ဤကိစ္စအား ဖြေရှင်းရန်အတွက် အပ်ခဲ့လိုက်မည်ဟု မျှော်လင့်မထားမိလေရာ ယခုတိုင် သူ့အနေဖြင့် အ့ံအားသင့်မှင်သက်နေတုန်းပင်။ 'ငါ့ကို 'စီစဉ်လိုက်'တဲ့...။ ငါက ဒါကို လုပ်နိုင်ပါ့မလား...။'
"မိန်းကလေး...ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာကျေးဇူးကြွေးကိုမှ ပြန်ဆပ်ဖို့ စိုးရိမ်မနေပါနဲ့...ရှန်ဝမ်က ဒီတာ့ရှောင်းပြည်ကြီးရဲ့ မင်းသားတပါးပဲ...ဒီလိုတရားမမျှတမှုနဲ့ ကြုံလာရင် ပြည်သူဘက်က ရပ်တည်ပြီး တရားမျှတအောင် ဆောင်ရွက်ရမှာက တာဝန်ပဲလေ...ကဲ...အခုတော့ မြန်မြန် မင်းရဲ့ဖခင်ကို သင်္ဂြိုဟ်ဖို့ လုပ်ပါ...မင်းရဲ့မိဘကို မြန်မြန် အေးချမ်းစွာအနားယူနိုင်ပါစေ..."
ရှောင်းချင်းယန့် ဤနေရာမှ ဒီအတိုင်းထွက်သွားသည့်ပုံအား ကြည့်ခြင်းဖြင့် သူ၏စိတ်ထဲတွင် ဤအလှပဂေးနှင့် ပတ်သက်၍ မည်သည့်အတွေး၊ စိတ်ဝင်စားမှု မရှိနိုင်ဟု ရှီချန်အန်း တွေးမိလိုက်သည်။ ဤသို့ဆိုနေမှတော့ သူကလည်း ဘာတွေများ အထူးတလည် စီစဉ်ဖြေရှင်းနေရဦးမည်နည်း။ သူ ထိုမိန်းကလေးအား လုံလောက်မည့် ငွေစအချို့ ပေးလိုက်သည်။ ထို့နောက် အစေခံနှစ်ယောက်အား ထိုမိန်းကလေး၏ ဖခင်အား မြေမြှုပ်ရာတွင် လိုအပ်သောအကူအညီများပေးရန် ညွှန်ကြားပြီးသည်နှင့်လုံလောက်သွားပြီဖြစ်သည်။
ဤမိုးကောင်းကင်၏သားတော်၏ခြေတော်ရင်းရှိ မြိုတော်တွင် ဤကဲ့သို့သော မဖြစ်စလောက်သောကိစ္စများသည် မမျှော်လင့်ဘဲ ကိစ္စကြီးများအသွင်သို့ ပြောင်းလဲသွားနိုင်သည်။ ထို့ကြောင့် ရှီချန်အန်း သူ ပြောလိုက်သမျှစကားတို့အား အထူးဂရုစိုက်ရကာ သင့်တော်မည့်စကားလုံးများအားလည်း သတိထားရွေးချယ်ရပေသေးသည်။ သူ့အနေဖြင့် ဤကိစ္စအား အကြောင်းပြု၍ ရှောင်းချင်းယန့်အပေါ်အပြစ်ရှာကြပြီး ဒုက္ခရောက်အောင် ဝိုင်းဝန်းကြံစည်ကြမည်အား အထူး စိုးရိမ်မိသည်။
"ကျွန်တော်မျိုးမ ဝမ်ရယ်နဲ့ဝမ်ဖေးကို ကျေးဇူးအများကြီးတင်ပါတယ်...ကျွန်တော်မျိုးမ ဝမ်ရယ်နဲ့ဝမ်ဖေးရဲ့ ကြင်နာမှုကို ရင်ထဲအမြဲမှတ်သားထားပါ့မယ်...နောင်ဘဝမှာ ကျွန်တော်မျိုးမ နွားတကောင်ကဲ့သို့ အလုပ်လုပ်စေရဦးတော့...ဝမ်ရယ်ရဲ့ကြင်နာမှုအတွက် ပြန်လည်ပေးဆပ်ပါ့မယ်..."
အစမှအဆုံးတိုင်အောင် ထိုမိန်းကလေး၏အပြုအမူတို့သည် လွန်ကဲခြင်းလည်း မရှိသလို ကြောက်ရွံ့တုန်လှုပ်နေခြင်းလည်း မရှိပေ။ ရှောင်းချင်းယန့် ဤနေရာမှ ထွက်သွားတုန်းကလည်း သူမ တားမြစ်ခဲ့ခြင်းမရှိသလို ယခု ကျေးဇူးတင်စကားဆိုနေချိန်တွင်လည်း ရှီချန်အန်းအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ အကြိမ်အနည်းငယ် ဦးညွှတ်ကန်တော့ပြီးသည်နှင့် ရပ်တန့်လိုက်သည်။*
*(T/N: ဘာညာအပို dramaတွေ မခင်းဘူးလို့ပြောချင်တာ။)
ရှီချန်အန်း ထိုနေရာမှ ထွက်လာခဲ့သည့်တိုင် ထိုမိန်းကလေး၏ ကျေးဇူးတင်စကားတို့သည် သူ၏နားထဲတွင် ကြားယောင်နေဆဲဖြစ်သည်။ သူ ထိုမိန်းကလေးအား ရင်ထဲမှပင် လှိုက်လှိုက်လဲလဲ ချီးကျူးမိသည်။ ဤမြို့တော်၏ နေရာအနှံ့တွင် ချမ်းသာကြွယ်ဝကာ သြဇာအာဏာအရှိန်အဝါကြီးမားလှသော မိသားစုအိမ်တော်ပေါင်း များစွာ ရှိသည်။ သူမ၏ထိုကဲ့သို့သောရုပ်ရည်ဖြင့် ထိုအိမ်တော်များတွင် ဝင်ရောက်မှီခိုလိုပါက အခက်အခဲများစွာ ကြုံတွေ့နိုင်မည် မဟုတ်ချေ။ သို့တိုင် သူမသည် ဖခင်အိုနောက်သို့လိုက်ကာ သူမတို့၏စားဝတ်နေရေးအတွက် ရိုးသားစွာ ရှာဖွေလေသည်။ ယခု သူမ၏ဖခင် ကွယ်လွန်သွားသည့်အခါတွင်လည်း ဤမြို့တော်တွင် သူမ၏ခန္ဓာကိုယ်အား အသုံးပြု၍ ငွေရှာရန် မစဉ်းစား။ ထိုအစား တောင်ပေါ်သို့တက်ကာ ဆေးဝါးဆေးမြစ်များအား စုဆောင်းရှာဖွေကာ ဖခင်အတွက် အခေါင်းဝယ်နိုင်ရန် ရောင်းချလေသည်။ ထိုကဲ့သို့သော မိန်းကလေးမျိုးအား ဤလောကတွင် ရှာတွေ့ရန် ခက်ခဲလှပေသည်။
ရှီချန်အန်းသည် မနက်အစောကြီးကပင် အပြင်သို့ ထွက်လာခဲ့သည်ဖြစ်ရာ ယနေ့ မနက်ခင်းတော်ဝင်ညီလာခံတွင် ဖြစ်ပျက်ခဲ့သမျှကိစ္စတို့အား ဘာမှ မသိရသေးပေ။ ထို့ကြောင့်ပင် သူ၏အပြန်လမ်းတလျှောက်လုံးတွင် စဉ်းစားနေမိသည်မှာ ယနေ့ ထိုမောင်နှမနှစ်ယောက်သည် အရံှုးနှင့်ပြန်သွားကြသော်လည်း အိမ်တော်ပြန်ရောက်သည်နှင့် သူ့အား ရင်ဆိုင်ရန် ဘယ်လိုနည်းလမ်းများအား ကြံစည်ရှာဖွေနေပါလိမ့် ဟူ၍ဖြစ်သည်။ သို့သော် သူ မသိလိုက်သည်က လက်ရှိ ရှီယုံနျဉ်သည် သူ့အား ရင်ဆိုင်ရန်နည်းလမ်း စဉ်းစားရန် အချိန်မရှိ ဟူသည်ပင်။ အဘယ့်ကြောင့်ဆိုသော် ယခု ရှီယုံနျဉ်သည်ကား ပူဆွေးနောင်တအကြီးအကျယ် ရနေ၍ဖြစ်သည်
ယနေ့မှစ၍ သူ တလျှောက်လုံး အမျှော်လင့်ကြီး မျှော်လင့်ခဲ့ရပါသော သားသည် ဤတသက် အစိုးရအရာရှိလောကသို့ ဝင်ရောက်ရန် မဖြစ်နိုင်တော့။ သူ၏ 'ပန်းကလေးနှယ် လှပ၍ ကျောက်စိမ်းနှယ် အဖိုးမဖြတ်နိုင်သည့်' သမီးသည်လည်း မိသားစုကောင်းကောင်းနှင့် လက်ထပ်နိုင်မည့်အခွင့်အရေး တသက်စာ ဆုံးရံှုးသွားပြီဖြစ်သည်။ ပြီးတော့...သူ...။ သူ၏ အရာရှိဘဝသည်လည်း တသက်တာ ပြန်အဖတ်ဆည်၍မရနိုင်တော့အောင်ပင် ပျက်စီးသွားလေပြီဖြစ်သည်။ အားလုံး...ပျက်စီးသွားခဲ့လေပြီ.....။
"ဒါက.....ဒါက....ဘယ်လိုလုပ်ပြီး.....အဲ့ဒီလို ဖြစ်နိုင်ရမှာလဲ....."
အိမ်တော်ပြန်ရောက်သည်နှင့် ဖခင်အား 'အစ်ကိုကြီး'ဟူသည့် စကားသာ စရသေးသည်...ချက်ချင်းပင် သူမ ဘဝတလျှောက် သူမအား အမြဲ ချစ်ခင်အလိုလိုက်ခဲ့သောဖခင်ထံမှ ပါးရိုက်ခြင်းအား ရှီယင်ဟွေ့တယောက် ခံလိုက်ရသည်။ သို့သော် သူမ ဖခင်ဖြစ်သူအား 'ဘာကြောင့်'ဟူသည်အား မေးမြန်းနိုင်သေးသည်။ ဖခင်ထံမှ အကြောင်းအရင်း အစုံအလင်အား ကြားပြီးနောက်တွင်တော့ သူမသည် ထိတ်လန့်တုန်လှုပ်ခြင်းများစွာဖြင့် မြေပေါ်သို့ ပုံကျသွားတော့သည်။
နံဘေးတွင်ရှိနေသော ရှီရှန့်တယ်သည်လည်း ထူးမခြားနားစွာ အခြေအနေမကောင်းလှပေ။ သူ၏ခေါင်းထဲတွင် အတွေးတခုသာ လွှမ်းမိုးနေသည်။ 'ရှီမိသားစုသာ ပျက်စီးသွားပါက သူ၏ဘဝသည်လည်း ပျက်စီးခြင်း ရောက်ပြီ' ဟူ၍သာ....။
"ငါ့အမှားတွေ...ငါ့အမှားတွေ...အားလုံး ငါ့အမှားတွေပဲ.....ငါ အတွေးမှားခဲ့တာ...ငါအတွေးမှားခဲ့တာ....."
ယခုမှသာ ရှီယုံနျဉ် သူ၏အတိတ်လုပ်ရပ်များအတွက် နောင်တ အကြီးအကျယ် ရမိသည်။ သူ အစတုန်းက တွေးထားသည်က ယောကျ်ားတယောက်သာဖြစ်သော ရှီချန်အန်းသည် ဝမ်ရယ်ထံမှ နှစ်သက်ခြင်းခံရမည်မဟုတ် ဟူ၍ဖြစ်သည်။ သို့သော် သူ ဆက်မတွေးမိသည်ကား မည်သို့ပင် သူ၏ ထိုကျေးဇူးမသိတတ်သောသားသည် ယောကျ်ားတဦး ဖြစ်နေစေဦးတော့...ရှန်ဝမ်၏နှစ်သက်မှုကို မခံရစေဦးတော့...သူသည် 'ရှန်ဝမ်၏ တရားဝင်ဇနီးသည်၊ ကျန့်ဖေး' ဖြစ်နေပြီး 'ရှန်ဝမ်၏ မျက်နှာ၊ ရှန်ဝမ်အား ကိုယ်စားပြုသူ' ဖြစ်နေပြီဖြစ်သည်။ ဟိုဉာဏ်မရှိ၊ မိုက်မဲလှသောမိန်းမ၏ ထိုနေ့ကလုပ်ရပ်သည်ကား ရှန်ဝမ်၏မျက်နှာအား ဖြတ်ရိုက်ကာ စော်ကားလိုက်လိုက်သည်နှင့် အတူတူပင် ဖြစ်သည်။
ဧကရာဇ်မင်းကြီးသည် တချိန်လုံး ရှန်ဝမ်အား ချစ်ခင်မြတ်နိုးခဲ့သူ ဖြစ်သည်။ ယခုကဲ့သို့ ရှန်ဝမ်၏ ထီးနန်းရရန်လမ်းကြောင်းအား ပိတ်ပင်မိလိုက်သည့်အချိန်တွင် ရှန်ဝမ်အား အခြားတဖက်မှ ပြန်၍ အစားပြန်ပေးရန် လုပ်မည်မှာ အသေအချာပင်။ ယခု သူက ရှန်ဝမ်ဖေးအား သွားရန်စထားမိမှတော့ သည်ကရှေ့လျှောက်သည် သူ့အတွက် ပျက်စီးခြင်းလမ်းကြောင်း တလမ်းသာ ရှိတော့သည်။
*(T/N: သူတို့ နောင်တရတာကလည်း ကိုယ်ဒုက္ခရောက်မှာစိုးလို့ ရနေကြတာ။ ခုထိကို ချန်အန်းတို့သားအမိကို အားနာစိတ်လေးတောင် မဝင်ကြသေးဘူး😒...)
တကိုယ်လုံး အားမရှိတော့သကဲ့သို့သောအသွင်ဖြင့် ရှီယုံနျဉ် ကုလားထိုင်ပေါ်သို့ အရုပ်ကြိုးပြတ်ထိုင်ကျသွားသည်။ သူ၏အသွင်သည်ကား တကိုယ်လုံး အားအင်မရှိ မလှုပ်ရှားနိုင်သည့်ပုံဖြင့် ကုလားထိုင်တွင် ကိုယ်တပိုင်း မှီတွဲ၍ နေသည်။ သူ၏ ခေါင်းစခြေအဆုံး တက်ကြွအသက်ဝင်မှုဟူ၍ တစက်မျှ ရှာမတွေ့နိုင်တော့။
သူ၏ညီမငယ်နံဘေး ဒူးထောက်လျက်ရှိနေသော ရှီရှန့်တယ်မှာမူ ဘယ်သူ့အား သွား၍ နှစ်သိမ့်ပေးရမည်အား မသိတော့ချေ။ အကယ်၍ နှစ်သိမ့်ပေးမည်ဆိုဦးတော့...မည်သို့သော စကားအားဆို၍ နှစ်သိမ့်ရမည်အား သူကိုယ်တိုင်ပင် မသိတော့ချေ။ ရှီယင်ဟွေ့အတွက်တော့ သူမ၏မိဘနှင့် အစ်ကိုအား မည်သို့လုပ်ပေးရမည်အား မစဉ်းစားအားနိုင်။ သူမ၏ အတွေးထဲတွင် 'သူမ ဘာလုပ်ရမည်နည်း'ဟူသော အတွေးတခုတည်းသာ ရှိသည်။ အရာရှိအိမ်တော်များနှင့် လက်ထပ်ခွင့်မရှိတော့ပါက သူမ၏အနာဂတ်သည် မည်သို့ ဖြစ်သွားတော့မည်နည်း။
ရှီယင်ဟွေ့၏ဦးနှောက်ထဲတွင် အတွေး ထောင်သောင်းများစွာ ဖြတ်ပြေးနေသည်။ သူမ၏ စိတ်ဒုက္ခရောက်မှုတို့ကား စကားဖြင့်ပင် ဖော်ပြ၍ မလုံလောက်နိုင်။ သူမ အမှန်တကယ်ပင် သူမ၏အတိတ်လုပ်ရပ်များအတွက် နောင်တရမိသည်။ အကယ်၍ သူမသာ ရှီချန်အန်းအတွက် လွတ်လမ်းအနည်းငယ် ချန်ထားပေးခဲ့မိလျှင် သူတို့ ယခု အခြေအနေသို့ မရောက်နိုင်။ ပြီးတော့...သူမ၏မိခင်။ သူမ၏မိခင်သည် ဉာဏ်နည်းလှပြီး အဆင်အခြင်မရှိ၊ အမျှော်အမြင်ကင်းမဲ့သောသူဖြစ်ကြောင်း သူမ အစောကြီးကတည်းက သိသည်။ အဘွားနှင့် ဖခင်တို့က နောက်ကွယ်မှ ကူညီပ့ံပိုးပေးခဲ့၍သာ မိခင်သည် ယန်ရှီးအား ရှင်းပစ်ခဲ့နိုင်ခြင်းဖြစ်သည်။ ယခုလည်း သူမ စိတ်တိုင်းကျ ရှီအိမ်တော်၏ စစ်မှန်သော အရှင်သခင်မ ဖြစ်နေပြီပဲ။ ဘာကိစ္စကြောင့်များ ရှီချန်အန်းအား သွား၍ ရန်စကာ တိုက်ခိုက်ရတာလဲ။
'အား...ဟုတ်ပြီ'
"ဟုတ်ပြီ...အဖေ...အစ်ကိုကြီးကို သွားပြဿနာရှာတာက ကျွန်မအမေ တယောက်ထဲလေ....မဟုတ်သေးဘူး...အစ်ကိုကြီးကို သွားရန်ရှာတာက ရှီအိမ်တော်က ယိနျှောင်တယောက်ထဲလေ...သူက ယိနျှောင်အဆင့်ပဲရှိတာ...ဘယ်လိုလုပ်ပြီး ရှီအိမ်တော်တခုလုံးကို ကိုယ်စားပြုနိုင်ရမှာလဲ...ကျွန်မတို့သာ အဲ့ဒီယိနျှောင်ကိုသာ ထုတ်ပေးပြီး အစ်ကိုကြီး လက်ထဲအပ်လိုက်ရင်...အစ်ကိုကြီး စိတ်တိုင်းကျ သူ့ဒေါသပြေသွားအောင် စီရင်ပါစေ...သူ ဒေါသပြေသွားတဲ့အချိန်ကျရင် အစ်ကိုကြီးကို ရှန်ဝမ်ဆီ ကျွန်မတို့အတွက် စကားကောင်း သွားပြောခိုင်းလိုက်တာပေါ့...အဲ့ဒါဆို ကျွန်မတို့အိမ်တော် ဒီအခြေအနေကနေ လွတ်မြောက်နိုင်ပြီလေ..."
ရှီယင်ဟွေ့သည် ယခု လုံးဝပင် အောက်ဆုံးသို့ ကျရောက်သွားပြီဖြစ်သည်။ သူမသည် အမြဲတမ်း ကုန်သည်မိသားစု၊ စီးပွားရေးတခုသာ(ငွေရှာရန်)သိသည့် အိမ်တော်များအား အထင်သေးခဲ့သည်။ ယခု အရှင်မင်းကြီး၏ အမိန့်တော်သည် သူမအား သူမဘဝအတွက် ပျက်စီးခြင်းလမ်းကြောင်းပေါ်သို့ အတင်းပို့နေခြင်းပင် မဟုတ်ပါလား။ သူမအတွက် အခြားရွေးချယ်စရာ လမ်းကြောင်း မရှိတော့ပေ။ ဤအကြံသည် သူမ ယခုမှသာ ရုတ်တရက် စဉ်းစားမိခြင်းဖြစ်သော်လည်း လက်ရှိအခြေအနေအတွက်တော့ ထိုနည်းလမ်းသာ တခုတည်းသော ဖြေရှင်းနည်း ဖြစ်သည်။
"ညီမလေး...မင်း ဘယ်လိုပြောလိုက်တာလဲ...မင်း အမေ့ကို သေစေချင်နေတာလား..."
ထို'အစ်ကိုကြီး'ဖြစ်သူ၏ မိခင်အပေါ်တွင် ထားရှိသောအမုန်းတရားအား တခြားသူများထက် ရှီရှန့်တယ် ပိုသိသည်။ သူ၏မိခင်အား ထိုသူ၏လက်ထဲသို့ လွှဲပေးမည်ဆိုခြင်းသည် သူ့မိခင်၏ အသက်ရှင်ရာလမ်းကြောင်း မှန်သမျှအား ပိတ်ပစ်လိုက်ခြင်းပင် ဖြစ်သည်။
လက်ရှိ ရှီအိမ်တော်ကား ကံဆိုးမှုတိမ်ဆိုင်မည်းများ၏ ဖုံးလွှမ်းမှုကို ခံနေရသည်ဖြစ်ရာ...ရှီအိမ်တော်ရှိ ထိုသခင်များ မဆိုထားနှင့်၊ အိမ်တော်ရှိ အစေခံများပင် ကြောက်လန့်စိုးရိမ်မှုတို့ဖြင့် တုန်လှုပ်နေကြပြီဖြစ်သည်။ ဧကရာဇ်မင်းကြီးထံမှ ရှီချန်အန်းအတွက် တော်ဝင်လက်ထပ်ပွဲအမိန့်စာ ရောက်လာသည့်နေ့မှစ၍ ရှီအိမ်တော်တွင် အလုပ်လုပ်နေကြသော အစေခံများထဲမှ ရှီအိမ်တော်၏လက်ထဲတွင် သူတို့၏ကျေးကျွန်စာချုပ်မရှိသောသူတို့သည် တယောက်ပြီးတယောက် တဖြည်းဖြည်းချင်း ထွက်ခွာသွားကြပြီ ဖြစ်သည်။ လက်ရှိ ရှီအိမ်တော်တွင် ကျန်ရှိနေသောသူများသည်လည်း ရှီအိမ်တော်မှ ဝယ်ထား၍ ရှီမိသားစု၏လက်ထဲတွင် သူတို့၏အသက်ဖြစ်သော ကျေးကျွန်စာချုပ်များ ချုပ်ကိုင်ခြင်းခံထားရသူများသာ ဖြစ်သည်။ လက်ရှိတွင် ထိုအစေခံများအားလုံးသည် လေးသံအား နားစွင့်နေရသည့် ငှက်များနှင့် မခြားလှတော့ပေ။ ယခု ရှီယင်ဟွေ့၏စကားများအား ကြားပြီးသည့်နောက်တွင်တော့...သူတို့အားလုံး တွေးမိသည်မှာ ရှီယင်ဟွေ့ ပြောသည်မှာ အကြောင်းသင့်လျော်လှသည်ဟူ၍ ဖြစ်သည်။
"သခင်...ဟောဒီကျေးကျွန်က အတင့်ရဲလှမှန်း နားလည်ပါတယ်...ဒါပေမယ့် အခု သခင်မလေး ပြောသွားတာတွေက အမှန်တွေလို့ ထင်ပါတယ်..."
"အဖေ...အဖေ...အဖေ ရှီတမိသားစုလုံးအတွက် စဉ်းစားပေးပါ..."
သူမ၏ဖခင် တွေဝေမဆုံးဖြတ်နိုင်သည့်အသွင်အား မြင်လိုက်ရသော ရှီယင်ဟွေ့အဖို့ သူမရင်ထဲတွင် စိုးထိတ်ရလွန်း၍ သွေးပျက်သွားမတတ်ပင်။ သူမ၏ဖခင်သည် မိခင်အား အမြဲ ချစ်ခင်အလိုလိုက်ခဲ့သည်အား သူမ သိသည်။ သို့ပေမယ့် မိခင်သည် အသက်ကြီးလေပြီ။ ထို့ကြောင့် နှစ်သိပ်မကြာမီအချိန်များတွင် 'ပုလဲအိုသည်လည်း အချိန်ကြာညောင်း၍ အဝါရောင်သို့ ပြောင်းရလေသည်'ဟူသောစကားကဲ့သို့ ဖခင်၏မိခင်အပေါ်တွင်ထားသော အချစ်စိတ်များသည်လည်း လျော့ပါးသွားကာ ဖခင်သည် အခြားသော ငယ်ရွယ်သည့်ကိုယ်လုပ်တော်များအား ပြောင်းလဲချစ်ခင်ပေတော့မည်။ ထိုအချိန်ကျလျှင် မိခင်၏ဘဝနေ့ရက်များသည် ခက်ခဲပင်ပန်းလေမည်ဖြစ်သည်။ ထိုကြောင့် ယခုကတည်းကပင် ရှီမိသားစု၏အကျိုးအတွက် မိခင်ဖြစ်သူမှ အနစ်နာခံလိုက်ခြင်းက ပို၍ကောင်းပေမည်။ ဤနည်းဖြင့် ရှီအိမ်တော်သည် မိခင်၏စွန့်လွှတ်အနစ်နာခံမှုတို့အား အမြဲ အမှတ်ရသွားမည် ဖြစ်သည်။ ထိုသည်က ပိုမကောင်းပေဘူးလား။
ရှီယုံနျဉ် တွေဝေနေခဲ့သည်။ အစောကြီးကတည်းကပင် ဘာဆက်လုပ်ရမည်အား သူ မတွေးနိုင်တော့ပေ။ ယခု သူ၏လက်ရှိအခြေအနေသည် အသူတရာနက်လှသော ချောက်ကမ်းပါးစွန်းတွင် ရပ်နေသောသူတဦးနှင့် အတူတူပင်။ အတိတ်နေ့ရက်များတုန်းက သူသည် ညင်သာသောလေဟုန်စီးကာ ချောမွေ့သောရေစီးအတိုင်း မျောပါရင်း ဘဝ၏သာယာသောနေ့ရက်များနှင့် အသားကျခဲ့လေသူ ဖြစ်သည်။ သူ့ဘဝတွင် ယခုကဲ့သို့သော နေ့ရက်များ ကြုံတွေ့လာခဲ့မည်ဟု တခါမှ မတွေးမိပေ။ သူ၏ စိတ်ဒုက္ခရောက် ပင်ပန်းနေမှုများကြားမှ သမီးဖြစ်သူ၏စကားများအား နားထောင်ရင်း ရုတ်တရက် အတွေးတခုဝင်လာသည်။ 'သူ အခု ဘယ်လိုလုပ်ပြီး ဒီလိုနေနေရတာလဲ...'။
ဧကရာဇ်၏ အပြစ်ဒဏ်သည် လျိုရှီးနှင့် သူမ၏အမြွှာသားသမီးတို့အတွက်သာ ဖြစ်သည်။ သူ့အတွက်မှာမူ လက်ရှိရာထူးမှ အဆင့်သုံးဆင့်လျော့ကျသွားစေဦးတော့...သူ၏အရာရှိလစာ ပိတ်ပင်ခံထားရသည် ဆိုဦးတော့...သူသည် အရာရှိအမတ်တဦးအဖြစ် ရှိနေသေးသည်။ သူသာ အမတ်အဖြစ် ရှိနေသေးသရွေ့တော့ ရှီအိမ်တော်အတွက် မျှော်လင့်ချက် ရှိသေးသည်။ သူ၏အသက်သည် ယခုမှ လေးဆယ်စွန်းကာစသာ ရှိသေးသည်။ သူ နောက်ထပ် မိန်းမတယောက် လက်ထပ်ယူကာ သူ၏မျိုးရိုးအား ဆက်ခံမည့်သားတဦးအား ထပ်မွေး၍ ရသေးသည်။ ထိုသည်က ပိုမကောင်းပေဘူးလား။ ဘာပဲဖြစ်ဖြစ် မှူးမတ်အရာရှိဖြစ်ခွင့်မရရှိသည်မှာ၊ အရာရှိအိမ်တော်များနှင့် လက်ထပ်ခွင့်မရှိသည်မှာ လျိုရှီး၏ သားသမီးများသာ ဖြစ်ပြီး...သူ၏သားသမီးများပါ အရာရှိအမတ်လောကသို့ ဝင်ခွင့်မရှိဟု ဆိုလိုခြင်းမဟုတ်ပေ။
"မင်း...မင်းတို့...အမြန် အိမ်တော်ထဲက ရှိသမျှ လူတွေအားလုံး သွားခေါ်လာခဲ့...ငါ အားလုံးကို အသိပေး ကြေညာစရာရှိတယ်..."
ရှီယုံနျဉ်သည် ရုတ်တရက် စိတ်ဓာတ်ခွန်အားတို့ ပြန်လည်ပြည့်တင်းလာသလိုပင်။ စောစောက သူ၏ မှိုင်တွေပျက်ယွင်းနေခဲ့သော မျက်နှာသည်လည်း ယခု ပြန်လည်တောက်ပလာလေသည်။ သူမ၏အကြံပေးမှုအား ဖခင် လက်ခံလိုက်မှန်း ရှီယင်ဟွေ့ တွေးမိသည်နှင့် သူမ၏စိတ်တို့ တက်ကြွလာကာ ဘဝမျှော်လင့်ချက်ရောင်ခြည်တို့ ပြန်သန်းလာလေသည်။ မြေပြင်တွင် ထိုအတိုင်းသာ ဆက်ရှိနေသေးသည့် ရှီရှန့်တယ်တယောက်သာ မယုံနိုင်ခြင်းအကြည့်တို့ဖြင့် ရှိနေလေသည်။ ဘယ်လိုကိစ္စကြီးတွေဖြစ်နေပါစေ...သူကတော့ နားမလည်နိုင်တော့ပေ။ သူ၏ဖခင်နှင့်ညီမငယ်တို့သည် မိခင်၏ အရင်းနှီးဆုံးလူများ ဖြစ်သည်။ သို့သော် သူတို့သည် ယခုလိုအချိန်မျိုးတွင် ဘယ်လိုလုပ်ပြီး မိခင်အား စွန့်ခွာပစ်ပယ်နိုင်ရတာလဲ.....။
XXXXX
ဒီစာရေးဆရာမှာ ပြောစရာတခုရှိတယ်: "ချန်အန်းက BOSSအငယ်တဦးနဲ့ ဆုံခဲ့ပြီးပြီ...'
(T/N: This is spoiler! There is hint!)
XXXXX
No comments:
Post a Comment