အပိုင်း (၁၀)
သူမ မျက်နှာပေါ်တွင် ပူလောင်စူးရှသည့် ခံစားချက်တခုဖြစ်ပေါ်သွားခဲ့ပြီးနောက် တကိုယ်လုံး တောင့်တင်းသွားခဲ့သည်။ ထို့နောက်မှသာ လျိုရှီး အသိပြန်ဝင်လာခဲ့သည်။ အရိုက်ခံလိုက်ရတာ......။ အရိုက်ခံလိုက်ရတာမှ ဟိုအစေခံမ ချွန်းယွီဆီမှာ.....။
ရှီယုံနျဉ်နှင့် လက်ထပ်ပြီးနောက်ပိုင်း လျိုရှီး၏ဘဝတွင် အခက်အခဲ၊ ဒုက္ခခံခဲ့ရမှုဆိုတာ မရှိခဲ့ပေ။ သူမ ယုံပင်မယုံကြည်နိုင်ပေ။ ဒီအမြဲ နှုတ်ဆိတ်ကာ ဘာမှပြန်မလုပ်ရဲတဲ့ကောင်လေးကများ...အခုတော့ သူမအား ရိုက်နှက်စေရန် သူများအား ခိုင်းစေရဲနေသည်ပေါ့...။ ဒီရှီမိသားစုရဲ့ ကျွန်မကများ သူမအပေါ် လက်ပါ ရိုက်နှက်ရဲတယ်ပေါ့.....။
"ရှီချန်အန်း.....နင်...နင်...လူယုတ်မာလေး...နင်ကများ....တကယ်ပဲဲ ငါ့ကိုရိုက်ဖို့ အဲ့ကောင်မကိုခိုင်းလိုက်တယ်ပေါ့...ဟဲ့ နင်တို့ကရော...ဘာရပ်ကြည့်နေကြသေးတာလဲ....ငါ့အစား ဝင်မရိုက်ကြသေးဘူးလား...အဲ့ဒီကောင်မရဲ့ ပါးစပ်ကိုဆွဲဖြဲပစ်လိုက်စမ်း....သေလောက်အောင် ရိုက်ပစ်လိုက်ကြစမ်း....ပြီးတော့ အဲ့ဒီလက်ကို ရိုက်ချိုးပစ်လိုက်ကြစမ်း....ကျန်သေးတယ်....အဲ့ဒီ အကောင်ယုတ်ကလေးနဲ့ ဟိုအဘွားကြီးကိုလဲ ဝင်ရိုက်ကြလေ..."
လျိုရှီး ဘယ်လိုမှ မကျေနပ်နိုင်ပါ။ သို့ပေမယ့် ဒီနေ့ လူတွေ အများကြီးခေါ်လာခဲ့မှုအပေါ် ကျိတ်၍ဝမ်းသာမိသေးသည်။ မဟုတ်ပါက သူတို့လက်ထဲရောက်၍ သေအောင်အရိုက်ခံရမည့်သူမှာ သူမဖြစ်သွားနိုင်သည်မလား။
လျိုရှီးသည် အသိဉာဏ်မရှိ၊ မိုက်မဲသူတဦးဖြစ်သည်။ သို့ပေမယ့် သူမနှင့် ပါလာသူများသည် သူမကဲ့သို့ အသိဉာဏ်မရှိ၊ မတွေးတောတတ်ကြသူများ မဟုတ်ပေ။ ရှီချန်အန်းသည် 'ရှန်ဝမ်ဖေး' ဖြစ်သည်။ ယနေ့ ထိုကိစ္စအား မသိသူဟူ၍ မည်သူရှိသနည်း။ လျိုရှီး၏နောက် လိုက်လာခဲ့သော ယားဟွမ်နှင့် ပေါ်ဇီ့တို့သည် လျိုရှီး အရိုက်ခံရမှုအပေါ် ရပ်ကြည့်၍သာ နေနိုင်သည်။ သူတို့ ဝင်ရောက်၍ လက်တချောင်းမျှပင် မဝေ့ရဲကြပေ။ သူတို့၏သခင်မကိုသာ အရှက်ရနေသော မျက်နှာများဖြင့် စိတ်ထိန်းရန်သာ ဝိုင်းဝန်း ဒူးထောက်တောင်းပန်နေကြသည်။ သူတို့သည် လျိုရှီးအား သိသိသာသာရော၊ သွယ်ဝိုက်သောအားဖြင့်လည်းကောင်း ရှီချန်အန်း၏လက်ရှိအဆင့်အတန်းအား သတိပေးနေရသည်။ သူတို့အနေဖြင့် ရှီချန်အန်းအား ရိုက်နှက်၍မရကြောင်း၊ သို့မဟုတ်ပါက ပြဿနာ အကြီးအကျယ် တက်သွားနိုင်ကြောင်း ပြောပြနေရသည်။
"ဝမ်ဖေး......ဘာ ဝမ်ဖေးလဲ....အဓိပ္ပာယ်မရှိတာ...သူက ယောကျ်ားလေးပဲ....အဲ့ဒါကို ရှန်ဝမ်က သူ့ကိုများ ဝမ်ဖေးဆိုပြီး အသိအမှတ်ပြုပါ့မလား...ပြီးတော့ ငါက သူ့အမေ....အမေက သားကို ဆုံးမတာ ဘာမှမမှားဘူး....မင်းကြီးတောင် ပြောချင်ရင် ဘာမှဝင်ပြောလို့မရဘူး...."
အကယ်၍ ရှီချန်အန်း အရိုက်ခံရရင်တောင်မှ ရှန်ဝမ်မှ ရှေ့ထွက်လာပြီး ထိုကောင်စုတ်လေးဘက်မှ ရပ်တည်ပေးမည်မဟုတ်ဟု လျိုရှီးကတော့ အခိုင်အမာပင် ယုံကြည်သည်။ ဒီတကြိမ်တော့ လျိုရှီးသည် ရှီချန်အန်းအား သူ၏'သားသမီး၊ အဆုံးအမခံ လူငယ်'ဆိုသည့်အဆင့်အား သေသေချာချာ သိသွားစေရန် ကောင်းကောင်း ဆုံးမပစ်ရန် ရည်ရွယ်ထားပြီးဖြစ်သည်။ သူမ ရှီချန်အန်းအား 'သားသမီး ဝတ္တရား'ဟူသည့်စကားလုံးဖြင့် ဒီနေ့တော့ ကောင်းကောင်း ဖိနှိပ်ပစ်ရမည်။ ထိုဝတ္တရားအောက်တွင် ရှီချန်အန်း မည်သည့်လေကြီးမိုးကြီး စကားတို့ ဘာဆိုဘာမှ မဆိုနိုင်တော့မည်ဖြစ်သည်။ သူမ သခင်ကြီး ပြောဖူးသည်အား မှတ်မိသေးသည်။ လက်ရှိမိုးနတ်မင်းကြီး၏သားတော်ဖြစ်သော မင်းကြီးသည် 'သားသမီးဝတ္တရား၊ လူ့ကျင့်ဝတ်နှင့်ဝတ္တရား'တို့အပေါ် အလွန်အရေးပေးကြောင်း၊ တော်ဝင်လွှတ်တော်သည်လည်း ယခင်ကထက် ပို၍ စည်းကမ်းကြီးလာကြောင်း၊ ကျင့်ဝတ်၊ဝတ္တရားမသိသူဟူသည် မည်မျှတော်စေကာမူ ရာထူးမခန့်အပ်ကြောင်း အစရှိ၍ပင်ဖြစ်သည်။ သူမတို့ရွာတွင်ပင် ထိုအတိုင်းပင် လိုက်နာကျင့်သုံးကြလေသည်။ ထို့ကြောင့်...။ သူမကတော့ လက်မခံနိုင်ပေ။ သူမဘက်တွင် သခင်ကြီးတယောက်လုံးလည်း ရှိနေပေသေးသည်။ ဒီရှီချန်အန်းဆိုသည့် အကောင်စုတ်ကလေးကများ သူမအပေါ် ဘာများလုပ်နိုင်ဦးမှာလဲ။
"နင်တို့တွေ အခုထိ ဘာမှမလုပ်ကြသေးဘူးလား...ဘာလဲ...ငါကိုယ်တိုင် ဝင်လုပ်ရမယ့်အချိန်အထိ စောင့်နေကြတာလား...စားတော့ စားတတ်ကြပြီး ဘာမှအသုံးမကျတဲ့ဟာတွေ...နေဦး...အိမ်တော် ပြန်ရောက်လို့ကတော့ ဒီသခင်မကြီး နင်တို့အားလုံးကို ပြည့်တန်ဆာအိမ်ရောင်းစားပစ်ဦးမယ်..."
လျိုရှီးသည် သူမ၏နေ့ရက်များအား ဆယ်နှစ်ကျော်ကြာ အနှီရှီအိမ်တော်ဟူသော လေးမျက်နှာကာရံထားသည့် ခြံဝန်းတွင်း၌သာ မပူမပင် ဖြတ်သန်းခဲ့သူဖြစ်သည်။ 'မသိသောသူသည် ကြောက်လန့်ခြင်းကင်း၏'ဟူသောစကားကဲ့သို့ပင် သူမသည် သူမ၏စကားများသည် ဘယ်နား မှားနေသည်ဟူ၍ အဆုံးထိတိုင်အောင် မသိသေးချေ။
အခြးတဖက်တွင်မူ သူမ၏စကားတို့သည် သူမ၏နောက်လိုက် ပေါ်ဇီ့နှင့် ယားဟွမ်တို့အား သွေးပျက်ကြောက်လန့်စေသည်။ အကယ်၍ သူတို့သာ ရှီချန်အန်းအား ရိုက်နှက်ခြင်းမပြုပါက လျိုရှီးသည် အမှန်ပင် သူမတို့အား ဆောင်ကြာမြိုင်သို့ ရောင်းချတော့မည်။ သို့ပါက....လျိုရှီး၏စကားအား နားထောင်လိုက်သည်က ပိုကောင်းမည်။ ထို့အပြင် ဝမ်ဖေးမှ မကျေနပ်ပါက အယုတ်လွန်ဆုံး...သူတို့ အရိုက်ပြန်ခံလိုက်ယုံသာ။ ပို၍ ကံကောင်းပါက ဝမ်ဖေးသည် ဤကိစ္စနှင့်ပတ်သက်ပြီး ဝမ်ရယ်အား ပြန်မတိုင်လောက်ပေ။ ဘာပဲပြောပြော ပထမသခင်လေးသည် ငယ်စဉ်မှပင် အားနည်းသူ၊လူကြောက်တဦးသာ ဖြစ်သည်။ ဒီရက်ပိုင်းလောက်မျှဖြင့်တော့ သူ အကြီးအကျယ်ပြောင်းလဲသွားကာ တခုခု တတ်နိုင်လိမ့်မည်ဟုတော့ မထင်။
လျိုရှီး ခေါ်ဆောင်လာခဲ့သောသူများမှ စတင်ရိုက်နှက်လာခဲ့သည်နှင့် အခန်းအတွင်း ရုတ်ရုတ်သဲသဖြစ်လာတော့သည်။ ဆိုင်ထိန်းသည် ထိတ်ထိတ်ပျာပျာဖြစ်သွားကာ ရှေ့မှရပ်ကာ ထိုသူတို့အား ဝင်ရောက်တားဆီးလိုက်သည်။ သို့သော် သူ၏အသက်အရွယ်က ကြီးမြင့်နေသည်ကတကြောင်း၊ လျိုရှီးဘက်တွင်ပါလာသော ပေါ်ဇီ့တဦးမှာ မထင်မှတ်ထားစွာ သန်မာထွားကျိုင်းလှသူဖြစ်နေလေရာ သူ့အား လက်တဖက်တည်းဖြင့်ပင် မြေပြင်ပေါ်သို့ တွန်းလှဲပစ်လိုက်လေသည်။ ထိုသည်အား မြင်လိုက်ရသော ယန်မောမော့ အမြန်ကူညီပေးရန် ပြေးဝင်လာခဲ့သော်လည်း ရလာဒ်ကတော့ သူမ၏တံကောက်ကွေးအား ထိုလူစု၏ ကန်ကျောက်ခြင်းခံလိုက်ရပြီး မြေပြင်သို့သာ တန်း၍ဒူးထောက်လျက်သား ကျသွားခဲ့ခြင်းသာ...။
ချွန်းယွီမှာမူ ထိုလူတစု စတင်ရိုက်နှက်လာသည်နှင့် ချက်ချင်း ကျယ်လောင်စွာ 'အား'ကနဲ အော်ဟစ်ပစ်လိုက်ပြီးဖြစ်သည်။ ထိုအချိန်တွင် သူမ မည်သည့်အရာမျှ ဝင်မလုပ်ချေ။ မည်သည့်အတွေးမျှပင် တွေးတောမနေဘဲ ရှီချန်အန်းကိုသာ တင်းတင်းကျပ်ကျပ်ဖက်ကာ ကာကွယ်ထားလေတော့သည်။ သူမ ရှိနေသ၍...ဘယ်လိုနည်းနှင့်မျှ သခင်လေးအား ဆံတခြည်မျှင်လေးမျှပင် ထိခိုက်စေခွင့် မပြုနိုင်ပေ။
ရှီချန်အန်းသည်လည်း အနည်းနှင့်အများတော့ ထိခိုက်မိသေးသည်။ သူ ချွန်းယွီအား တွန်းဖယ်ရန် ကြိုးစားကြည့်သေးသော်လည်း အနှီကလေးမ၏အင်အားသည် သူ့ထက် များစွာ သာနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ထို့ကြောင့် သူ နှုတ်မှသာ အပြင်ရှိလူများအား လှမ်းခေါ်နိုင်တော့သည်။
"အပြင်ကလူတွေ....မြန်မြန် ဝင်လာခဲ့..."
ဤအထည်ဆိုင်ကြီး၏ ဧည့်ခန်းဖြစ်သော အတွင်းခန်းသည် ကျယ်ဝန်းပါသည်ဟု ဆိုနိုင်သော်လည်း အခန်းတွင်းရှိလူအင်အားသည်ကား မနည်းချေ။ ယခုကဲ့သို့ ရုန်းရုန်းကားကားဖြစ်နေချိန်တွင်တော့ ဆူညံအော်ဟစ်သံတို့သည် ပြောစရာပင်မလို၊ ကျယ်လောင်ဆိုးရွားစွာ ထွက်ပေါ်လာတော့သည်။ အခန်းအတွင်းမှ ရုန်းကန်အော်ဟစ်သံများအား ကြားရသော အပြင်ဘက်ရှိ ဆိုင်အလုပ်သမားတို့သည် အခန်းအတွင်း ဝင်ရောက်ကာ ထိုလူစုအား တားဆီးဆွဲခွာကြလေသည်။ ကျန်အလုပ်သမားတို့မှာမူ ဆိုင်အတွင်းရှိ ဈေးဝယ်များအား အပြင်သို့ခေါ်ထုတ်ကာ နောက်တနေ့မှ ပစ္စည်းလာကြည့်၊ ဝယ်ယူရန် ပြောဆိုနေကြသည်။ အကယ်၍ ထိုဈေးဝယ်များ ဆိုင်အတွင်း ဆက်ရှိနေပါက သူတို့၏ဆိုင်နာမည် ကျဆင်းထိခိုက်စေမည် မဟုတ်ပါလား။
ထိုဈေးဝယ်တို့အား တဖြည်းဖြည်း ဆိုင်မှထွက်ခွာရန် ပြောဆိုနေခြင်းသည် ပုံမှန်မဟုတ်သည်အား ဆိုင်ပေါက်ဝတွင် စောင့်ဆိုင်းနေသော တော်ဝင်ကိုယ်ရံတော်တို့မှ သတိပြုမိကာ ဆိုင်အတွင်းသို့ ဝင်ကြည့်ရန် ချက်ချင်း ပြင်ကြတော့သည်။ သူတို့၏တာဝန်မှာ ဝမ်ဖေး၏လုံခြုံရေးအား ကာကွယ်ရန်ဖြစ်သည်။ အကယ်၍ ဝမ်ဖေးအပေါ်တွင် တစုံတခု အန္တရာယ်၊ မကောင်းသည်များ ဖြစ်ပေါ်ခဲ့ပါက ထိုသည်မှာ သူတို့၏တာဝန်ပေါ့လျော့မှုကြောင့် ဖြစ်ပြီး သူတို့ အပြစ်ပေးခံရပေမည်။
တော်ဝင်ကိုယ်ရံတော်ကဲ့သို့ ဝတ်ဆင်ထားသောလူများ ဆိုင်တံခါးအားဖြတ်ကာ ဝင်ရောက်လာသည်အား တွေ့လိုက်ရသော ဆိုင်အလုပ်သမားငယ်လေးမှာတော့ ကြောက်လန့်တုန်လှုပ်သွားကာ မြေပေါ်သို့ ချက်ချင်း ဒူးထောက်လိုက်လေသည်။ ထိုဝတ်စုံများသည် တော်ဝင်မိသားစုအား ခစားစောင့်ရှောက်ရသည့်သူများ ဝတ်ဆင်ရသည့်ဝတ်စုံဖြစ်လေရာ....မည်သည့် အဆင့်မြင့် တော်ဝင်လူကြီးမင်းများ ရောက်လာလို့ပါလိမ့်...။
"ငါတို့အိမ်တော်ရဲ့ ဝမ်ဖေး ဘယ်မှာလဲ..."
"ဝမ်.....ဝမ်ဖေး........."
"ဘာတွေ တိုးတိုး တိုးတိုးနဲ့ ရေရွတ်နေတာလဲ....မြန်မြန် လမ်းပြစမ်း....ရှန်ဝမ်ဖေး ဘယ်နားမှာလဲ...."
ဆိုင်အလုပ်သမားလေးမှာတော့ ကြောက်လန့်လွန်း၍ ခေါင်းပင် မဖော်နိုင်တော့ပေ။ တုန်ယင်ခြောက်ခြားစွာပင် 'အတွင်းခန်း'ဟူသော စကားကိုသာ ထစ်အစွာ ဖျစ်ညှစ်၍ပြောနိုင်တော့သည်။ ထို့နောက်တွင်မူ ကြောက်လန့်လွန်း၍ ပျော့ခွေနေသော ခြေထောက်များကြောင့် သူ မြေပေါ်သို့ ပုံကျသွားတော့သည်။ အဘယ်ကြောင့်ဆိုသော်...သူ စောစောလေးကမှ မြင်တွေ့လိုက်ရသည်။ အဲ့ဒီ 'သခင်လေး'.....မဟုတ်သေးဘူး....၊ အဲ့ဒီ'ရှန်ဝမ်ဖေး'အား လူတွေ ဝိုင်းရိုက်နေကြသည်ကိုလေ......။
လျိုရှီးကတော့ အလွန်ပင် ကျေနပ်အားရနေလေတော့သည်။ ထိုမျှမကသေး သူမကိုယ်တိုင်ပင် ဝင်ရောက်ကာ ဆုံးမလိုက်ရန်ပင် ကြံလိုက်သေးသည်။ ထိုသို့တွေးလိုက်စဉ်မှာပဲ မြင့်မားထွားကျိုင်းလှသောလူနှစ်ယောက်ဝင်လာပြီး သူမ၏လူများအား လက်တဖက်တည်းဖြင့်ပင် မ ယူကာ ပစ်ပေါက်လိုက်သည်အား မြင်တွေ့လိုက်သည်။ မည်သည့်သိုင်းပညာ အနည်းငယ်မျှပင် သုံးစရာမလိုဘဲ အချိန်တိုအတွင်းမှာပင် ဆယ်ယောက်မျှသော သူမ၏လူတို့သည် တနေရာထဲသို့ ပစ်ပေါက်ခံရပြီး တယောက်ပေါ်တယောက်ထပ်ကာ တောင်ပူစာငယ်တခုအသွင်သို့ ပြောင်းလဲသွားသည်။ ထိုသူနှစ်ဦးအား မည်သူတွေနည်းဆိုသည်အား သူမ မေးမြန်းရန် ပါးစပ်ဟရုံရှိသေးသည်....သူမ၏ကိုယ်သည် ပေါ့ပါးသွားပြီး သူမသည်လည်းပဲ အတူ ပစ်ပေါက်ခြင်း ခံလိုက်ရတော့သည်။
"နင်တို့...နင်တို့နှစ်ယောက်...ခွေးကောင်တွေ....ငါ့ကို ဒီလို ဆက်ဆံရဲရအောင် သတ္တိအတော်ကောင်းနေကြတယ်ပေါ့...ဟင်...ငါ့ကို ဒီလို ဆက်ဆံရဲလောက်အောင်....."
လျိုရှီးအား ထိုလူတောင်ပူစာပေါ်သို့ ပစ်ပေါက်လိုက်ခြင်း မဟုတ်ဘဲ ထိုနံဘေးရှိ နေရာလွတ်သို့ ကိုင်ပေါက်လိုက်ခြင်းဖြစ်သည်။ သူမ တကိုယ်လုံးရှိ ခြေ၊လက်နှင့် အရိုးအားလုံးတို့တွင် နာကျင်မှုတို့ လွှမ်းမိုးလာခဲ့ကာ သူမ ပြောလိုက်ခဲ့သော စကားတို့သည် တုန်ယင်နေသော စကားလုံးဖြင့် စီထားခြင်း ဖြစ်သည်။ သို့စေကာမူ ထိုနှုတ်ထွက်စကားတို့သည် ယခုအချိန်အထိ 'တောမှန်း၊ တောင်မှန်း' မသိသေးသော စကားတို့သာ ဖြစ်နေဆဲပင်...။
ဤမြို့တော်တွင် ဆယ်နှစ်ကျော် နေထိုင်လာခဲ့သော လျိုရှီးသည် ယခုအချိန်အထိ အမှန်တကယ်ပင် မည်သည့် အတွေ့အကြုံ၊ ဗဟုသုတမျှမရှိ၊ ဆင်ခြင်တုံတရားခေါင်းပါးလိမ့်မည်ဟု ရှီချန်အန်း ထင်မှတ်မထားခဲ့ပေ။ ဤတော်ဝင်ကိုယ်ရံတော်ဝတ်စုံအား သူမ အမှန်ပင် မသိရှိပေဘူးလား။ တကယ်ကိုပဲ သူမကတော့ သူမ၏သေလမ်းအား ရှာနေသူပင်...။
*(T/N: ဆိုင်အလုပ်သမားလောက်တောင် မသိ၊ အဆုံးထိ လေကျယ်နေဆဲ လျိုရှီး...So speechless!)
"ကျွန်တော်မျိုးတို့ အလာနောက်ကျသွားပါတယ်...ကျေးဇူးပြုပြီး ဝမ်ဖေး ခွင့်လွှတ်ပေးပါ...."
လျိုရှီးအား သူမ၏လူ နှစ်ယောက်သုံးယောက်မှ ဝိုင်းထိန်းထားလိုက်တော့သည်။ တော်ဝင်ကိုယ်ရံတော်နှစ်ဦးကတော့ ရှီချန်အန်း ရှိရာသို့ အမြန်သွားကာ ခွင့်လွှတ်ပေးရန် တောင်းခံနေသည်။
စောစောတုန်းက ရှီချန်အန်းသည် အမှန်ပင် ကြောက်လန့်နေခဲ့တာ ဖြစ်သည်။ သို့သော် ထိုသူနှစ်ဦးသည် ဆိုင်အပြင်ဘက်တွင် စောင့်နေသူများသာဖြစ်သည်။ သူတို့သည် စက္ခုတထောင်နှင့် အကြားပါရမီ ထက်သန်နေသူများ မဟုတ်ချေ။ ဘယ်လိုလုပ်ပြီး သူတို့အပေါ် အပြစ်တင်ရမည်နည်း။
"ငါ ပေါ့ဆတာပါ...ဒီ'ရှီသခင်မ'*က ဒီလောက်ကြီး ဒေါသကြီးလိမ့်မယ်လို့ ငါမထင်ခဲ့မိဘူး...ပြီးတော့ မင်းတို့လည်း အမြန်လာခဲ့ကြတာပဲ.... မင်းတို့ရဲ့လုပ်ဆောင်ချက်ကလဲ မသေးပါဘူး....ဘေးမှာကြည့်နေတဲ့လူတွေ အများကြီး ရှိတယ်...မင်းတို့ အမြန် ထကြတော့..."
ရုတ်တရက် ရှီချန်အန်း အကြံတခု ရလိုက်မိသည်။ ဒီနေ့ လျိုရှီးမှ ပြဿနာရှာလိုက်ပြီးမှတော့ သူ၏မိခင် ခံစားခဲ့ရသည့် တရားမမျှတမှုအားလုံးတို့သည်လည်း နောက်ချန်ထားခဲ့၍မရဟု သူ တွေးမိလိုက်သည်။*
*(T/N: ရှီယုံနျဉ်နဲ့ လျိုရှီး အကြောင်း အပြင်လူတွေ သိသွားအောင် လုပ်ရမည်လို့ ပြောချင်တာပါ။)
"'ရှီသခင်မ'....'ရှီသခင်မ'ကိုပဲ အနှောင့်အယှက်ပေးရတော့မှာပဲ...အိမ်တော်ပြန်ရောက်ရင် ကျွန်တော့်ဖခင်ကိုသာ...'သူရဲ့သားက စာရင်း ဘယ်လိုတွက်ရမယ်ဆိုတာ မသင်ခဲ့ရပေမယ့်လဲ...ဝမ်ရယ်အိမ်တော်မှာ စာရင်းအင်း ကိုင်တွယ်တွက်ချက်တတ်တဲ့သူတွေ မရှားပါဘူး'လို့....'နောင်အတွက်လဲ...မေမေ့နာမည်နဲ့ရှိတဲ့ အိမ်ခြံတွေနဲ့ ဆိုင်ခန်းတွေအတွက် အဖေ့အနေနဲ့ စိတ်ပူပန်ပေးစရာ မလိုဘူး'ဆိုတာ တဆင့် ပြန်ပြောပေးပါဦး...."
အစောပိုင်းတုန်းက ရှီချန်အန်းအား ချွန်းယွီမှ ကာကွယ်ပေးထား၍ အထူးအထွေ မထိခိုက်မိသော်လည်း....ဆံပင်ကတော့ အကြိမ်အတော်များများ ဆွဲဆောင့်ခြင်း ခံခဲ့ရသဖြင့်...ယခုမူ သူ၏ဦးရေပြားသည် အတန်ငယ် ကျိန်းစပ်၍နေလေသည်။
ယခုမှသာ ရှီချန်အန်း၏အဆင့်အတန်းအား စိုးရိမ်ကြောက်လန့်ရကောင်းမှန်းသိသော လျိုရှီး၏နောက်လိုက် လူတစုသည် တုန်ယင်ကြောက်လန့်နေကာ သေပြီးသောသူများအတိုင်း ဖြူရော် အားပျော့နေကြသည်။ လျိုရှီးတယောက်သာ မည်ကဲ့သို့အခြေအနေမှန်း နားမလည်နိုင်သေးဘဲ...ထကာ ရန်တွေ့ချင်နေဆဲပင်ဖြစ်သည်။ သို့သော် ရှီချန်အန်း လှည့်ထွက်သွားလေပြီ။
"ဆိုင်ထိန်း....ကျွန်တော် နေသိပ်မကောင်းလို့ အိမ်တော်ကို စောစော ပြန်နားတော့မယ်...မနက်ဖြန် ကျွန်တော့်ကို အိမ်တော်မှာ လာတွေ့ဖို့ ဆိုင်ထိန်းကိုပဲ အနှောင့်အယှက်ပေးရတော့မှာပဲ...ကျွန်တော် ဆွေးနွေးစရာကိစ္စလေးတွေ ရှိသေးတယ်..."
"ပိုင်ရှင် စိတ်ချပါ...မနက်ဖြန် မနက်ရောက်တာနဲ့ ဟောဒီအစေခံကြီး ချက်ချင်း လာခဲ့ပါ့မယ်...."
ဆိုင်ထိန်းယန်သည် ယန်ရှီး၏မိခင်၏အိမ်တော်ဘက်မှ ပါလာသောသူဖြစ်သည်။ ထို့အပြင် ကျွန်စာချုပ်များသည်လည်း လက်ရှိတိုင်အောင် ယန်မိသားစု၏လက်ထဲတွင်သာ ရှိသေးသည်။ ထို့ကြောင့် ရှီချန်အန်းသည် မည်သို့သော အဆင့်အတန်းဖြစ်နေစေကာမူ ရှီချန်အန်း၏ရှေ့မှောက်တွင်တော့ သူသည် ကျေးကျွန်တဦးပင် ဖြစ်သည်။
ရှီချန်အန်းအတွက်တော့ ယနေ့ အပြင်ထွက်ရခြင်း၏ရည်ရွယ်ချက် ပြီးမြောက်သွား၍ အိမ်တော်သို့ ပြန်ရန်ပင်။ သူ ဆိုင်တံခါးဆီသို့ လျှောက်လာခဲ့တော့မှသာလျှင် ယနေ့၏ပြဇာတ်အား ကြည့်ရှုနေကြသည့် မနည်းလှသော လူအုပ်ကြီးအား မြင်တွေ့လိုက်ရသည်။ တချိုကတော့ အသစ်ရောက်လာကြသော ဈေးဝယ်များဖြစ်ပြီး၊ ကျန်သူများကတော့ ဖြတ်သွားဖြတ်လာများဖြစ်ပြီး ဆိုင်တွင်းမှ အုတ်အုတ်သဲသဲမြင်ကွင်းအား အရသာခံ ရပ်ကြည့်စပ်စုနေကြခြင်းဖြစ်သည်။
ယနေ့ဖြစ်ပျက်သမျှသည် လူအများကြား ရပ်တန့်၍မရတော့မည့် ပြောစရာတခုဖြစ်လာမည်အား တွေးမိသော ရှီချန်အန်း...သူ၏ခေါင်းအား ငုံလိုက်ကာ မျက်နှာထက်တွင် အပြုံးတခု ယောင်ယောင်လေး ဖြတ်ပြေးသွားသည်။ ကိစ္စတွေသည် ဤကဲ့သို့ ချောချောမွေ့မွေ့ ဖြစ်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သိပ်မကြာခင်ပင် ရှီမိသားစု၏ မကောင်းမှုတို့အတွက် ကြမ္မာဆုံးဖြတ်ချက် ကျရောက်လာပေတော့မည်။
(T/N: ဒီနေရာမှာ လျိုရှီးကို ရှီချန်အန်းမှ 'ရှီသခင်မ'ဟု ခေါ်လိုက်သော်လည်း ရွဲ့၍ ခေါ်လိုက်ခြင်းသာဖြစ်ပြီး လျိုရှီးသည် တရားဝင်ဇနီးသည်အဆင့် အရောက်သေးဘဲ၊ ကိုယ်လုပ်တော် ယိနျှောင်အဆင့်သာ ရှိသေးသည်။
လျိုရှီးတယောက် ကိုယ့်ဘာသာ သွေးနားထင်ရောက်နေတာပါ။😒😩)
XXXXX
No comments:
Post a Comment