Monday, May 11, 2020

ကြင်ရာတော် ချန်အန်း (Unicode) - အပိုင်း (၉)

အပိုင်း (၉)

ယန်မောမော့ လာနှိုး၍ ရှီချန်အန်း အိပ်ရာမှနှိုးလာချိန်တွင်တော့ ညစာစားရန်အချိန်ပင်ရှိနေပြီဖြစ်သည်။ သူ အိပ်ရာမှထ၍ ရှောင်းချင်းယန့် ညစာလာစားမည်အား စောင့်နေခဲ့ပေမယ့် အတန်ကြာ၍ ပြင်ဆင်ထားသည့် ဟင်းလျာတို့အေးစက်စပြုလာချိန်အထိ ထိုသူ ရောက်မလာသေးပေ။ ရှီချန်အန်း လူလှမ်းခေါ်ကာ ထိုဟင်းလျာတို့အား ပြန်နွှေးခိုင်းရန်ပြင်နေချိန်တွင်ပဲ ရှောင်းချင်းယန့်မှ စေခိုင်းလိုက်သောလူရောက်လာ၍ ဤညစာအတွက် ဝမ်ရယ် မလာတော့ကြောင်း အကြောင်းကြားလာသည်။ 

ရှောင်းချင်းယန့် မလာတော့ဘူးဆိုသည်မှတော့ ထိုညစာအား ပြန်လည် ပြင်ဆင်နေရန် မလိုအပ်တော့ဟု ရှီချန်အန်း တွေးမိပြီး ချက်ချင်းပင် သူ၏ညစာအား စတင်ကာစားလိုက်တော့သည်။ 

ယခင် သူတို့ ယာတောခြံငယ်လေးတွင်နေခဲ့စဉ်ကတော့ အားလုံး အတူစုကာ ညစာစားလေ့ရှိသည်။ အစပထမတွင်တော့ ယန်မောမော့သည် ထိုသို့ သခင်လေးနှင့်အတူ စားသောက်ရမည်အား မဝံ့ရဲသေးပေ။ သို့ပေမယ့် အချိန်ကြာလာသည်နှင့်အမျှ ရှီချန်အန်း၏အစားအသောက်၊ ညစာထမင်းတို့သည် သူမတို့နှင့် ထူးမခြားနားဖြစ်လာခဲ့လေသည်။ ထို့နောက်ဆုံးတွင်မှာတော့ သူမတို့ အစေခံများ စားသောက်ရသည်တို့နှင့် အတူတူပင် ဖြစ်လာခဲ့လေရာ ယန်မောမော့ ငြင်းဆန်မနေတော့ပေ။ အားလုံး အတူတူ စားသောက်ကြသည်က အနည်းနှင့်အများတော့ သူမတို့၏ သခင်လေး စိတ်သက်သာရစေပေသည် မဟုတ်ပါလား။ 

ညစာစားပြီးချိန်တွင်တော့ ရှီချန်အန်းသည် အိမ်တော်ထဲ လမ်းလျှောက်ထွက်ရန် ပြင်လေတော့သည်။ သူသည် ဤနေရာတွင် အချိန်အတော်ကြာသည်အထိ နေဖြစ်သွားမည်အား တွေးမိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤဝမ်ရယ်အိမ်တော်၏ ပတ်ဝန်းကျင်၊ အခြေအနေနှင့် မြေအနေအထားတို့အား သူ ရင်းနှီးထားရန် လိုအပ်ပေသည်။ 

ရှောင်းချင်းယန့်သည် မူလကပင် ကြီးမြတ်လှသော ရှောင်းမင်းဆက်၏ ဂုဏ်သရေကြီးမြင့်သော၊ မြင့်မြတ်လှသော မင်းသားကြီးတပါးဖြစ်ရုံသာမက လက်ရှိဧကရာဇ်၏ အမြတ်နိုးဆုံးသော သားတော်ကြီးလည်းပဲ ဖြစ်ပေသည်။ ထို့ကြောင့်ပင် သူ၏ ဝမ်ရယ်အိမ်တော်သည် ကြီးမား ကျယ်ဝန်းလှသည်မှာတော့ အထူးလုပ်၍ပြောနေရန် မလိုအပ်ပေ။ ရှီချန်အန်းအတွက်တော့ ယခုအထိ ဝမ်ရယ်အိမ်တော်၏ ပင်မဝင်ပေါက် ဂိတ်တံခါးသို့ သွားရာလမ်းကိုသာ မှတ်မိသေးသည်။ ထိုလမ်းသည်ပင် အိမ်တော်၏ ပင်မခြံဝန်းသို့ရောက်ရန် အချိန်အတော်ကြာ လမ်းလျှောက်ရသေးသည်။ ထိုသို့ ပင်မခြံဝန်းသို့ သွားရာလမ်းတလျှောက်တွင် ဝမ်ရယ်အိမ်တော်၏ 'အရှေ့ခန်းမဆောင်'နှင့် 'အနောက်ခန်းမဆောင်'အား ဖြတ်သန်းသွားရသေးသည်။ သို့ပေမယ့် ရှီချန်အန်း ထိုနေရာတို့အား အထူး အာရုံစိုက်နေခြင်း မရှိပေ။ သူသည် မည်မျှပင် အိမ်တော်၏ နောက်'သခင်'တဦးဟု အမည်ခံပေဦးတော့ သူ့အနေဖြင့်တော့ ထိုခန်းမဆောင်များအား သွားလာ ဝင်ထွက်ခွင့် ရှိမည်မထင်။ ထိုခန်းမဆောင်တို့သည် ရှောင်းချင်းယန့်မှ မှူးမတ် အရာရှိတို့အား လက်ခံတွေ့ဆုံကာ သူ၏ ရာထူး တာဝန်တို့အား စီမံဆောင်ရွက်သည့် နေရာများ ဖြစ်သည်။ 

ယခုတော့ ရှီချန်အန်း၏ ကမ်ဘာငယ်လေးသည် ဝမ်အိမ်တော်၏ အနောက်ခြံဝန်းတွင်သာ ဖြစ်တည်ပေတော့မည်။ 

ဝမ်ရယ်အိမ်တော်၏ အိမ်တော်ထိန်းသည် မျိုးရိုးမှာ 'ကျူး'ဖြစ်သည်။ သူသည် ကွယ်လွန်သွားပြီဖြစ်သော မိဖုရားခေါင်ကြီး၏ မိဘအိမ်တော်ဖြစ်သော 'ကျူးအိမ်တော်၊ ကျူးမိသားစု'၌ မွေးဖွားခဲ့သူဖြစ်ပေရာ သူ၏ ရှောင်းချင်းယန့်အပေါ်တွင် သစ္စာရှိမှုနှင့် ရိုသေသိတတ်မှုသည် မွေးရာပါပင် ဖြစ်လေသည်။ ရှောင်းချင်းယန့်သည်လည်း ကျူးအိမ်တော်ထိန်းအပေါ်တွင် ကြီးမားသော ရိုသေလေးစားမှု၊ ဂရုစိုက်မှုနှင့် ယုံကြည်အားထားမှုတို့ ထားရှိလေသည်။ ရှီချန်အန်း ပင်မခြံဝန်းမှ အထွက်မှာပင် ကျူးအိမ်တော်ထိန်းနှင့် သူ၏နောက်လိုက်တစုတို့နှင့် ဆုံမိကြသည်။ ရှီချန်အန်းအား ထိုသူတစုတို့ အရိုအသေပေး နှုတ်ဆက်ပြီးသည်နှင့် ကျူးအိမ်တော်ထိန်းမှ စတင်ကာ စကားပြောလာခဲ့သည်။ ထိုအခါမှာသာ အိမ်တော်ထိန်း၏ အနောက်မှ ထိုလူတစုတဝေးကြီးတို့သည် ရှောင်းချင်းယန့်မှ သူ့အား ခစားရန် ပေးအပ်ဖို့ ညွှန်ကြားလိုက်သောသူများဖြစ်ကြောင်း ရှီချန်အန်း သိလိုက်ရသည်။ 

"ဝမ်ဖေး...'အခုအချိန်ကစပြီး ဝမ်ဖေး အပြင်ထွက်တဲ့အခါတိုင်း ဝမ်အိမ်တော်ရဲ့ တော်ဝင်ကိုယ်ရံတော်တွေ ဝမ်ဖေးရဲ့ဘေးမှာ လိုက်ပါခေါ်ဆောင်သွားဖို့ လိုအပ်တယ်'လို့ ဝမ်ရယ်က အတိအကျ မှာကြားလိုက်ပါတယ်...ပြီးတော့ 'ဝမ်ဖေးနောက်လိုက်ပြီး ခစားရမယ့် ယားဟွမ်*နဲ့ ပေါ်ဇီ့*တို့ကလဲ မနည်းစေရဘူး'လို့ မိန့်ကြားလိုက်ပါတယ်...ဝမ်ဖေးက 'ဝမ်အိမ်တော်ရဲ့ "ဝမ်ဖေး"ဖြစ်တာမို့လို့...အိမ်တော်ရဲ့'မျက်နှာ'ဖြစ်တာနဲ့အညီ ချမှတ်ထားတဲ့ ဓလေ့ထုံးတမ်းတွေကို အလေးမပြု၊ လျစ်လျူရှုလို့ မရဘူး'လို့ မှာကြားလိုက်ပါတယ်...."

ကျူးအိမ်တော်ထိန်းသည် ရှောင်းချင်းယန့် ပြောကြားလိုက်သည့်စကား 'အတိအကျ'အတိုင်းပင် ပြန်ပြောလိုက်သည်။ သို့သော် သူ သေချာ နားမလည်နိုင်သေးပေ။ ဝမ်ရယ်သည် ဝမ်ဖေးနှင့် ပတ်သက်၍ ဂရုစိုက်သည်မှာ သိသိသာသာကြီးပင် ဖြစ်သည်။ ထိုသည်ကို ဘာကြောင့် စကားလုံး ကောင်းကောင်းသုံး၍ မပြောဘဲ စကား ခပ်တင်းတင်း ဆိုရသနည်း။ ထို့အပြင် သူပြောလိုက်သည့် စကား အတိအကျအတိုင်း ဝမ်ဖေး နားထောင်မိစေရန်လည်း 'အထူး' မှာလိုက်ပြန်သေးသည်။ 

*(ယားဟွမ်/ယားထို = အစေခံမိန်းကလေး၊ သက်ငယ်ပိုင်း အမျိုးသမီးအစေခံ။)
*(ပေါ်ဇီ့ = သက်လတ်ပိုင်း (သို့) သက်ကြီးပိုင်း အမျိုးသမီးအစေခံ။)

ရှောင်းချင်းယန့်၏ ဤစီစဉ်မှုသည် သူ၏ဒဏ်ရာရရှိခဲ့မှုနှင့်ပတ်သက်၍ဖြစ်ကြောင်း သူ ရှင်းရှင်းလင်းလင်း နားလည်သောကြောင့် ရှောင်းချင်းယန့်၏စကားတို့သည် အကျိုးအကြောင်းဆီလျော်သည်ဟု ရှီချန်အန်း တွေးမိသည်။ ထို့ကြောင့် သူ အထူးအထွေ ထပ်မေးမနေဘဲ ထိုလူစုကြီးကိုသာ လက်ခံထားလိုက်သည်။ 

တော်ဝင်ကိုယ်ရံတော်များသည် ဝမ်ရယ်အိမ်တော်၏ မည်သည့်ဝန်းခြံအတွင်းတွင်မှ ရှိနေခွင့် မရှိချေ။ ထို့ကြောင့် ရှီချန်အန်း ကိုယ်ရံတော်နှစ်ယောက်သာ ခေါ်၍ ပင်မခြံဝန်းအတွင်း ပြန်ဝင်ခဲ့သည်။ ထိုနှစ်ဦးမှ သူ့အား လိုအပ်သော ဂါရဝပြု အရိုအသေပေးပြီးသည်နှင့် ထိုသူတို့အား ခြံဝန်းအပြင်ရှေ့သို့ သွားနေခိုင်းလိုက်သည်။ အတူပါလာသည့် အစေခံမိန်းကလေး ဆယ်ဦးကိုတော့ ချွန်းယွီနှင့် တုန်းရွှယ်၏လက်သို့အပ်ကာ သူတို့အတွက် သင့်လျော်သော အလုပ်များ စီစဉ်စေလိုက်သည်။

ညရောက်လာချိန်အထိ ရှောင်းချင်းယန့် ရောက်မလာသေးပေ။ ရှောင်းချင်းယန့် ပုံမှန် ရောက်လာချိန်အထိ စောင့်ဆိုင်းပြီး နောက်ထပ် အချိန်အတော်ကြာသည်အထိ ထပ်စောင့်ဆိုင်းခဲ့သော်လည်း ထိုအချိန်အထိ ရှောင်းချင်းယန့် ရောက်မလာခဲ့ပေ။ ထို့ကြောင့် ရှီချန်အန်း စိတ်သက်သာရာရသွားပြီး ရေချိုးပြီးနောက် အိပ်ရာဝင်တော့သည်။ ထိုညအတွက်တော့ သူ အတွင်းခန်းထဲရှိ အိပ်ရာကြီးပေါ်တွင် အိပ်စက်အနားယူဖြစ်သည်။ သူ ထိုသို့ ကြီးမားပြီး သက်တောင့်သက်သာရှိသော အိပ်ရာပေါ်တွင် မအိပ်ရသည်မှာ ဘယ်နှရက်တောင် ရှိသွားခဲ့ပါလိမ့်။ ဒီညအတွက်တော့ သူ့အား စိုးရိမ်ကြောက်လန့်နေစေမည့် ရှောင်းချင်းယန့်သည်လည်း မရှိသောကြောင့် ရှီချန်အန်း စိတ်လက်သက်သာစွာဖြင့် အိပ်ရေးဝဝ အိပ်စက်အနားယူနိုင်ခဲ့ပေသည်။

နောက်တနေ့ မနက်စောစောတွင်တော့ ရှီချန်အန်းသည် ယန်မောမော့၊ ချွန်းယွီနှင့် သူ၏တော်ဝင်ကိုယ်ရံတော်နှစ်ဦးအား ခေါ်ဆောင်၍ အိမ်တော်အပြင်သို့ ထွက်လာခဲ့သည်။ ယနေ့ သူ့အတွက် အိမ်တော်ထိန်း ပြင်ဆင်ပေးထားသောမြင်းလှည်းသည် မနေ့ကထက် သိသိသာသာကြီးပင် ပို၍ ခမ်းနားတောက်ပလှသည်။ 

အရပ်အမောင်းမြင့်မားကာ ထွားကျိုင်းလှပြီး အရှိန်အဝါအားကောင်းလှစွာသော ဓားကိုင်ဆောင်ထားသည့် တော်ဝင်ကိုယ်ရံတော်နှစ်ဦးသည် မြင့်မားထွားကျိုင်းသောမြင်းကြီးများစီး၍ သူတို့အရှေ့မှ ဦးဆောင်ကာသွားနေလေရာ မြင်းလှည်းမောင်းသူအနေဖြင့် တစုံတဦး အရှေ့မှ လမ်းလာပိတ်မည်အား စိုးရိမ်နေစရာ မလိုတော့ပေ။ သူသည် ဝမ်ရယ်အိမ်တော်၏ တရားဝင်မြင်းလှည်းအား မောင်းနှင်နေသည်ဖြစ်ရာ ဤနေရာသည် မိုးကောင်းကင်၏သားတော်၏ခြေတော်ရင်းဖြစ်သော နိုင်ငံ၏တော်ဝင်မြို့တော်ဖြစ်စေဦးတော့...လက်ရှိဧကရာဇ်မှလွဲ၍ ဤမြင်းလှည်းပေါ်တွင် စီးနင်းလာသည့်သူအား အခြားလမ်းကြောင်းသို့ပြောင်းခိုင်းခြင်း၊ လမ်းဖယ်ခိုင်းခြင်းမျိုး လုပ်နိုင်မည့်သူ၊ လုပ်ပိုင်ခွင့်အာဏာရှိသူ မည်သူမျှ မရှိပေ။ 

"သခင်လေး...ဒီနှစ်တွေအတွင်းမှာ သခင်ကြီးက ဈေးဆိုင်ကလူတွေကို လဲပစ်လောက်ရောပေါ့..."

ယန်ရှီး ဆုံးပါးသွားခဲ့သည်မှာ ယခုဆိုလျှင် သုံးနှစ်ရှိသွားပြီဖြစ်သည်။ အကယ်၍ ရှီယုံနျဉ်သည် သူ၏ဇနီး ယန်ရှီး၏ ခန်းဝင်ပစ္စည်းများအပေါ်တွင် မှီခိုအသုံးချချင်ပါက အချိန်အစောကြီးကပင် ထိုသို့အောက်တန်းကျသောနည်းလမ်းများအား အသုံးပြုပြီးသားပင် ဖြစ်မည်။

မနေ့ညက တုန်းရွှယ်အား ဆေးထည့်ပေးနေစဉ်၌ ထိုဒဏ်ရာသည် ရှီမိသားစုမှလူများမှ ရိုက်လိုက်၍ ရလာခြင်းဟု ချွန်းယွီတယောက် သူမဘာသာ ထင်လိုက်သည်။ သခင်လေး ဈေးဆိုင်ခန်းတွေဆီသွားတုန်း ထိုရှီအိမ်တော်မှလူများနှင့် တွေ့ခဲ့သည်ဟု သူမ သံသယဝင်နေစရာပင်မလို။ သေချာသည်။ ဒီလူတွေက အတော်ကြီးကို သတ္တိတွေကောင်းနေကြပါလား။ သခင်လေးအပေါ် ရိုက်နှက်ဖို့ လက်ဝင့်ရဲသေးလောက်အောင် သူတို့တွေက တော်တော်ကြီးကို ရမ်းကားလှပါလား။ ပြီးတော့ တုန်းရွှယ်ကိုလည်း ဒဏ်ရာအပြင်းအထန်ရအောင် ရိုက်လိုက်သေးသည်။ တကယ့်ကိုပဲ...အဲ့ဒီလူတွေ သေရမှာ မကြောက်ကြတော့ဘူးပဲ။ ဝမ်ရယ်ကို ဒီအကြောင်းတွေ သိအောင် ပြောပြရမယ်။ 

ချွန်းယွီ ထိုသို့ ဒေါသထွက်ကာ သခင်လေးအတွက် ပူပန်ပေးနေသကဲ့သို့ သူမ ပါးစပ်မှ ရိုက်နှက်လိုက်သည့် ထိုသူများအား ကျိန်ဆဲပြောဆိုနေခြင်းများကလည်း အတားအဆီးမရှိ ရပ်နားခြင်းမရှိပေ။ သို့သော် သူမအား တုန်းရွှယ်မှ အမြန်တားဆီးလိုက်သည်။ တုန်းရွှယ်ထံမှ အဖြစ်အပျက်အစုံအလင်အား ကြားပြီးသည့်နောက်တွင်တော့ သူမ သွေးပျက်မတတ် ကြောက်လန့်မိသွားသည်။ ကျင့်ဝမ်၏ ထင်ရှားကြီးကျယ်လှသောဂုဏ်သတင်းသည် မြို့တော်ရှိလူတိုင်း အသိပင်ဖြစ်သည်။ သူမ စောစောက ပြောဆိုနေသည်များအား တခြားသူများသာ ကြားသွားခဲ့ပါက သူမအတွက် သေဖို့ရာသာ ရှိတော့သည်။ ထို့အပြင် ထိုသို့ဖြစ်လာခဲ့လျှင် သူမ၏သခင်လေးဆီသို့ပါ ပတ်သက်ဆက်နွယ်လာနိုင်သေးသည်။ 

သူမ အလွန်ကြောက်လန့်နေစဉ်အတွင်း သခင်လေး၏ သတိပေးပြောစကားများအား ချွန်းယွီ ပြန်သတိရလာသည်။ စိုးထိတ်မှုတို့ရှိနေသည့်ကြားမှပင် သခင်ဆိုသည်ကတော့ အမြဲသခင်ပဲပင်ဖြစ်သည်...သူမတို့ အစေခံ ကျေးကျွန်များထက် ပို၍ အရာကိစ္စများအား နားလည်ပေသည်ဟု ချွန်းယွီ တွေးနေမိသည်။ အင်း...ဤအရှိန်အဝါကြီးလှပြီး ခမ်းနားလှသည့် ခြံဝန်းကြီးထဲရှိ လူတိုင်း၊ အရာတိုင်းအား သတိကြီးကြီးထားပြီး ပြုမူပြောဆိုမှသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ 

"ဒါပေမယ့် သခင်လေး စိတ်မပူပါနဲ့...တကယ်လို့ သခင်ကြီးက ဆိုင်ကလူတွေကို လဲပစ်ထားပြီးပြီဆိုရင်တောင် ကျွန်မတို့ အဲ့ဒီလူတွေကို အားလုံး နှင်ထုတ်လိုက်ရုံပဲ....ဘာပဲဖြစ်ဖြစ် ကျွန်မတို့မှာ ဆိုင်ခန်းစာချုပ်တွေရော၊ ဆိုင်ကလူတွေရဲ့ ကျွန်စာချုပ်တွေ အကုန်ရှိနေတာပဲ....ဟုတ်သားပဲ....ဝမ်ရယ်လဲ ရှိသေးတာပဲ....ကျွန်မတို့ ဘာမှ ကြောက်နေစရာ မလိုဘူး...."

မနေ့ညက သူမ သွေးပျက်မတတ် ကြောက်လန့်သွားပြီး ပြန်တည်ငြိမ်လာချိန်တွင်တော့ ချွန်းယွီသည် အသာလေးပင် ရှိသမျှ အပြစ်တင်မှုအားလုံးတို့အား ရှီအိမ်တော်မှလူများအပေါ်သို့ လွှဲချလိုက်သည်။ ရှီမိသားစုသည် အလွန်ဆိုးဝါးလှသည်ဟု သူမ ထင်မိသည်။ မဟုတ်ဘူး....တကယ်ပင် ဆိုးရွားသောသူများဟု သူမ သိသည်။ သူမ ထိုကဲ့သို့ ကျင့်ဝမ်အပေါ် အပြစ်ပြုမိခြင်းသည်လည်း စေ့စေ့တွေးကြည့်လျှင် ရှီမိသားစု၏အပြစ်ကြောင့်သာ ဖြစ်သည်ဟူ၍.....။

ရှီချန်အန်းသည် သူ၏အစေခံမိန်းကလေးနှစ်ဦးအား အမြဲခွင့်လွှတ်ပြီးသား ဖြစ်သည်။ ထို့ကြောင့်လည်း ယခု ချွန်းယွီ၏ ယုံကြည်မှုအပြည့်နှင့် မိမိဘာသာ အားရပါးရပြောဆိုနေမှုအား တားမြစ်ကာ သူမ၏စိတ်ထက်သန်နေမှုအား ချိုးနှိမ်မနေတော့ပေ။ သူမ ပြောချင်သလောက်သာ ပြောပါစေတော့။ မြို့တော်ထဲရှိ အထည်ဆိုင်ခန်းသို့ရောက်မှသာ သူ ချွန်းယွီအား ပါးစပ်ပိတ်ကာ ထိန်းထိန်းသိမ်းသိမ်းနေရန်သာ သတိပေးတော့မည်။

"အထည်ဆိုင်ကို ခန့်ခွဲနေတဲ့သူက မေမေ့အမေဘက်ကပါလာတဲ့သူဖြစ်ပြီး အရည်အချင်းရှိ၊ ကျွမ်းကျင်နှံ့စပ်တဲ့သူလို့ မေမေပြောဖူးသေးတာ ငါ မှတ်မိသေးတယ်...မေမေ လက်ထပ်တော့ ဘွားဘွားက မေမေ့ကိုယ်စား ဆိုင်ခန်းတွေနဲ့ ဆိုင်ကလူတွေကို စီမံအုပ်ချုပ်ဖို့ သူ့ကို မေမေ့လက်အောက်လွှဲပေးလိုက်တာတဲ့...ဒီတော့ သူ့ကို အရင်သွားတွေ့ကြတာပေါ့...ပြီးမှ သူ့ကို လူလွှတ်ပြီး တခြားဆိုင်ကလူတွေကို သွားပြောခိုင်းလိုက်တာပေါ့...ရက်တရက်သတ်မှတ်ပြီး သူတို့အားလုံးကို ဝမ်ရယ်အိမ်တော်ကိုလာပြီး ငါနဲ့လာတွေ့ဖို့ကို...."

"ဒါပေါ့...ဒီလိုပဲ ဖြစ်သင့်တာပေါ့... သခင်လေးက သခင်ပဲဥစ္စာ...ဘယ်သခင်ကများ ရှိရှိသမျှကျေးကျွန်တွေကို သွားတွေ့တာ ရှိဖူးလို့လဲ....သူတို့ကသာ သခင်လေးဆီ လာပြီးတွေ့သင့်တာ...သူတို့ရဲ့သခင်အသစ်အနေနဲ့ သခင်လေးကို သူတို့ကသာ လာပြီးတွေ့ရတာကမှ အမှန်ပဲ...."

ယန်မောမော့သည် အမြဲအစဉ် စည်းမျဉ်းစည်းကမ်းတို့အား လိုက်နာသူဖြစ်ပြီး သူမ၏ပြောသမျှစကားတို့သည် တဖက်လူ အပြစ်ရှာ၍မရအောင် ထောင့်စေ့လှသည်။ သို့ပေမယ့် ယနေ့တွင်မူ ပုံမှန်နှင့်ဆန့်ကျင်စွာ...ရှီချန်အန်း အမြဲတွေးထားလေ့ရှိသော သူမ၏ပုံရိပ်နှင့်ခြားနားစွာ ပြောဆိုနေလေသည်။ 

ရှီချန်အန်းသည် ရှီမိသားစု၏ လောဘကြီးသောအကျင့်စရိုက်အား သိရှိပြီးသားဖြစ်သည်။ ဈေးဆိုင်ခန်းများအားခန့်ခွဲနေသူများအား ဝမ်ရယ်အိမ်တော်သို့လာ၍ သူ့အား လာတွေ့ခိုင်းခြင်းမှသာလျှင် ရှီမိသားစုအား သတိပေးရာရောက်ပြီး သူတို့၏ စိတ်ကူးယဉ်အထင်မှားနေမှုတို့အား အဆုံးသတ်ရာရောက်ပေတော့မည်။ ထို့အပြင် ရှီမိသားစုအား အရှင်သခင်အဖြစ် ဆယ်နှစ်ကျော် ဆက်ဆံခဲ့သော ဈေးဆိုင်ခန်းများအား စီမံခန့်ခွဲသူ၊ ဆိုင်ထိန်းများအား ရှီမိသားစု၏ သခင်အဖြစ်ဟန်ဆောင်နေမှုအား သိလာစေပြီး သူတို့၏ လက်ရှိသခင်အသစ်သည် မည်သူဆိုသည်အား နားလည်စေရန်ဖြစ်သည်။ သူတို့၏ 'သခင်'အဟောင်းသည် ဝမ်ရယ်အိမ်တော်အရှေ့တွင် မည်သည့်ပြဿနာမျှမရှာရဲကြောင်း သိစေပြီး ထိုအချိန်မှစ၍ သခင်အနေဖြင့် သူတယောက်ထဲကိုသာ အသိအမှတ်ပြုစေရန် ဖြစ်သည်။ 

"မင်းတို့ ဒီဆိုင်ရဲ့ဆိုင်ထိန်းက ဘယ်သူလဲ..."

တော်ဝင်ကိုယ်ရံတော်နှစ်ဦးသည် ထွားကျိုင်းသန်မာလှပြီး ဓားများ ကိုင်ဆောင်ထားသူများဖြစ်တာနှင့်အညီ ဆိုင်အတွင်းရှိ ဧည့်သည်များအား မထိတ်လန့်စေရန်အလို့ငှါ ရှီချန်အန်းသည် ယန်မောမော့နှင့် ချွန်းယွီသာ ခေါ်၍ ဆိုင်အတွင်းသို့ ဝင်လာခဲ့သည်။ ထိုကိုယ်ရံတော်နှစ်ဦးအား အပြင်ဘက် ဆိုင်ရှေ့တွင်သာ စောင့်ခိုင်းထားလိုက်သည်။

ရှီချန်အန်း ဝမ်ရယ်အိမ်တော်သို့ ဝင်ရောက်ပြီးချိန်မှစ၍ သူ၏အဝတ်အစားတို့သည် ယခင်နှင့် ခြားနားသွားခဲ့ပြီဖြစ်သည်။ ထိုသူသုံးယောက် ဆိုင်အတွင်းသို့ဝင်လာသည်အား မြင်လိုက်သော ဆိုင်အလုပ်သမားလေးသည် အလျင်အမြန်ပင် အပြုံးတို့နှင့် ကြိုဆိုလိုက်သည်။ 

"ဧည့်သည်...အခု ဆိုင်ထိန်းက အထဲမှာ ပိုင်ရှင်နဲ့ စကားပြောနေပါတယ်...ဧည့်သည် ဘယ်အဆင်၊ အရောင်နဲ့ ဘယ်လိုပိတ်စအမျိုးအစားကို အလိုရှိသလဲဆိုတာ ကျွန်တော့်ကိုပြောလိုက်ပါ...ကျွန်တော် ဧည့်သည်တော်ကြီးတို့ ရှေ့မှောက် ယူလာပေးခဲ့ပါမယ်...ဧည်သည်တော်ကြီးတို့ စိတ်တိုင်းကျစေရမယ်ဆိုတာ အာမခံပါတယ်...."

ထိုဆိုင်အလုပ်သမားလေး၏ မျက်နှာသည် စိတ်အားထက်သန်မှုတို့ဖြင့် တောက်ပနေသည်။ သူ ပြောလိုက်သောစကားများနှင့် သူ၏စကားပြောဆိုပုံတို့သည် အမှားမရှိဟု သူ ယုံကြည်သည်။ သို့သော် သူ ပြောပြီးသွားသည်နှင့် အလယ်တွင်ရပ်နေသော သခင်လေး၏မျက်နှာပျက်သွားခဲ့ပြီး ဘေးတွင်ရှိနေသော ပေါ်ဇီ့နှင့် ယားထိုတို့သည်လည်း မကျေမချမ်း ဖြစ်သွားခဲ့သည်။ 

"ပိုင်ရှင်....ဘယ်နားက ပိုင်ရှင်လဲ...နင်တို့ရဲ့ ပိုင်ရှင်အစစ်က နင့်မျက်စိရှေ့မှာတင် ရပ်နေတာလေ...နင့်မှာ မျက်စိမပါဘူးလား...သွား...နင်တို့ရဲ့ ဒီဆိုင်ထိန်းကို ချက်ချင်း သွားခေါ်လာခဲ့..."

ချွန်းယွီသည် အခါတိုင်း သတိလက်လွတ် စကားပြောဆိုလေ့ရှိပေမယ့် သူမသည် ဘာမှ မသိနားမလည်သောသူတယောက်တော့ မဟုတ်ပေ။ ထိုဆိုင်အလုပ်သမားထံမှ 'ပိုင်ရှင်'ဟူသောစကားအား ကြားလိုက်သည်နှင့် ရှီမိသားစုမှလူများအား ပြောလိုက်ကြောင်း တန်းသိလိုက်သည်။ သူမ တခါမှ ဤကဲ့သို့ အရှက်တရား ကင်းမဲ့လှသောသူများအား မမြင်ဘူးပေ။ အရာအားလုံးသည် သခင်လေး၏ ပိုင်ဆိုင်မှုများဖြစ်ပြီး သခင်လေး၏လက်အောက်သို့ ပြန်လည်ရောက်ရှိပြီးသွားသည်တောင်မှ လက်ဝါးကြီးအုပ်ဖို့ ထပ်လာရဲသေးတယ်ပေါ့...။ တကယ့်ကိုပဲ အရှက်ကို မရှိကြဘူး...။

ချွန်းယွီ တွေးမိသောအတွေးများကဲ့သို့ ရှီချန်အန်းသည်လည်း တွေးမိပေသည်။ သို့သော် သူကတော့ ချွန်းယွီကဲ့သို့ ဒေါသထွက်မနေပေ။ ထိုအစား ဘေးပတ်ဝန်းကျင်ကိုသာ အကဲခတ်၍ နေရာတခုရှာကာ သွားထိုင်နေလိုက်သည်။

ယန်မောမော့သည်ကား သူမ၏သခင်လေးအား တချက်ကြည့်ကာ ဘာမှ မပြောချေ။ ထိုအစား ဆိုင်အလုပ်သမားလေးအားသာ တန်းမေးလိုက်သည်။

"မင်းတို့ဆိုင်ပိုင်ရှင်ရဲ့မျိုးရိုးနာမည်က ဘာလဲ..."

"မျိုးရိုးက 'ယန်'ပါ..."

အလုပ်သမားလေးသည် ဒါတော့သိသည်။ သိဆို သူ ဒီဆိုင်တွင် အလုပ်စဝင်သည့်နေ့မှစ၍ ဆိုင်ထိန်းမှ သူ့အား ပြောပြထားခြင်းဖြစ်သည်။ 

"ဪ...တော်သေးတာပေါ့..."

ထိုအလုပ်သမားလေး၏အဖြေသည် ယန်မောမော့အား စိတ်သက်သာရာရစေသည်။ အနည်းဆုံးတော့ ဒီဆိုင်မှဆိုင်ထိန်းသည်ကား သူ့ကိုယ်သူ ဘယ်မိသားစုမှ လူဖြစ်ကြောင်းတော့ သိသေးသည်လေ။

"စောစောက မင်း ပြောတော့ မင်းတို့ဆိုင်ထိန်းက ပိုင်ရှင်နဲ့ စကားပြောနေတယ်ဆို...ဒါဆို အထဲကသူက ဘယ်သူလဲဆိုတာ မင်းသိလား...အခု မင်းရှေ့မှာ ထိုင်နေတဲ့သူကရော ဘယ်သူဆိုတာ မင်းသိလား..."

ယန်မောမော့၏ တရားခံစစ်သကဲ့သို့သော အမေးစကားတို့ကြောင့် ဆိုင်အလုပ်သမားလေးအဖို့ မည်သို့ပြန်ဖြေရကောင်းမှန်းမသိအောင်ပင် ဖြစ်နေတော့သည်။ သို့ပေမယ့် သူ့အား အနေကျပ်အောင် အတင်းမေးနေသည်လည်းပဲ မဟုတ်ပြန်။ ဘေးတွင်ရှိနေသော လူတချို့မှ ပြဿနာဖြစ်နေသော အရိပ်အယောင်အား တွေ့လိုက်ရသဖြင့် ဆိုင်ထိန်းအား အသိပေးရန် အပြေးသွားကြပြီးဖြစ်သည်။

"ငါတို့မိသားစုရဲ့ သခင်လေးရဲ့မိခင် 'ယန်ရှီး'က ဖုန်းပြည်နယ်ကလာပြီး သူ မင်္ဂလာဆောင်တဲ့နှစ်မှာပဲ ဒီကဆိုင်ခန်းတွေအားလုံးကို ယန်အိမ်တော်ကနေ ငါတို့သခင်လေးရဲ့မိခင်အတွက် မင်္ဂလာခန်းဝင်ပစ္စည်းအနေနဲ့ ပေးအပ်ခဲ့တာ...ငါတို့သခင်လေးရဲ့မိခင်က လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ဆုံးပါးသွားရှာပြီ...ငါ မေးကြည့်စမ်းချင်ပါသေးရဲ့...ငါတို့သခင်လေးကလွဲပြီး ဘယ်သူကများ ဒီဆိုင်ခန်းတွေရဲ့ပိုင်ရှင်အဖြစ် ပြောရဲတာလဲဆိုတာ..."

ယန်မောမော့၏စကားတို့သည် မြန်လည်းမမြန်၊ နှေးလည်းမနှေး။ ထို့အပြင် အကျိုးအကြောင်းသင့်လျော်စွာ ပြောဆိုသွားပြီး ဘေးလူတို့အား သိချင်စိတ်တို့ နိုးကြားစေသည်။ ဆိုင်အလုပ်သမားလေးကတော့ ထိုနေရာတွင်ပင် ကြက်သေသေနှင့်ပြီး ဖြစ်သည်။ သူသည် ထုံထိုင်းစွာ ရပ်နေခဲ့ပြီး ခေါင်းထဲတွင်လည်း ဗလာနတၳိဖြစ်နေကာ မည်သို့ ပြန်လည်ဖြေဆိုရမည်မှန်းလည်း မသိတော့ပေ။ ယန်မောမော့ နောက်ထပ် ထပ်ကာပြောလိုက်ရန်ပြင်နေစဉ်တွင်ပဲ သူမ၏အနောက်မှ ဇရာအို၏အရိပ်စွက်နေပြီဖြစ်သော်လည်း သူမ ရင်းနှီးကျွမ်းဝင်နေဆဲဖြစ်သောအသံတခုအား ကြားလိုက်ရသည်။

"မေ......ယားထို.......''

ယန်မောမော့၏တသက် အိမ်ထောင်ပြုခဲ့ခြင်း မရှိချေ။ သူမ ငယ်ရွယ်စဉ်ကာလကပင် ယန်ရှီး၏ မင်္ဂလာခန်းဝင် အစေခံမိန်းကလေးဖြစ်လာခဲ့ရပြီး ယန်ရှီး၏ ခွင့်ပြုချက်ရရှိခဲ့ခြင်းကြောင့်သာ ရှီယုံနျဉ်၏ အိပ်ရာဖော် မဖြစ်ခဲ့ရခြင်းသာ။ ထိုနောက်တွင်မူ ယန်ရှီးမှ သူမအတွက် အိမ်ထောင်ဖက်အား ရှာဖွေပေးခဲ့သော်လည်း သူမကမူ အားလုံးကို ငြင်းပယ်ခဲ့သည်။ ထိုနောက်ပိုင်းနှစ်များတွင်မူ ယန်ရှီးသည် ကံမကောင်းမှုတို့နှင့်ကြုံတွေ့လာခဲ့သည်။ ရှီယုံနျဉ်သည် သူမအား မုန်းတီး ရှောင်ဖယ်လာပြီး နောက်ဆုံးတွင်တော့ ယန်ရှီးအား ပစ်ပယ်ထားတော့သည်။ ထိုသို့ဖြစ်လာသောအခါ ယန်မောမော့အနေဖြင့် သူမ၏ကံဆိုးလှရှာသော သခင်မလေးအား ပို၍ပင် စွန့်ခွာမသွားရက်နိုင်တော့ပေ။ သူမသည်သာ သခင်မလေးအနားနေ၍ အစစအရာရာ ပြုစုစောင့်ရှောက်ခဲ့ပြီး ထိုအချိန်မှစ၍ ဆယ်နှစ်ကျော် ကြာညောင်းခဲ့ပြီဖြစ်သည်။ ထိုနှစ်များအတောအတွင်း သူမသည် "မေယားထို"အဖြစ်မှသည် "ယန်မောမော့"အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"ဦးလေးယန်...ကျွန်မက 'မေယားထို'မဟုတ်တော့ဘူး....အခု 'ယန်မောမော့'ဖြစ်နေပြီ..."

ယန်မောမော့အား လူကုန်သည်တဦးမှ ယန်အိမ်တော်သို့ ရောင်းချသွားခဲ့ခြင်းဖြစ်သည်။ သူမ အရင် ယားထိုအဆင့်သာရှိခဲ့စဉ်က သခင်မလေးမှ သူမအား 'လာ့မေ'ဟု အမည်ပေးခဲ့သည်။ သူမ ဒီတသက် လက်မထပ်တော့ပေဟု ဆုံးဖြတ်ချက်ချလိုက်သည့်နောက်တွင်တော့ လာ့မေအား သခင်မလေးက သူမ၏ မိသားစုမျိုးရိုးအား ဆက်ခံခွင့်ပေးခဲ့သည်။ ထိုအချိန်မှစတင်၍ သူမသည် 'ယန်မောမော့'ဟု အမည်တွင်လာခဲ့တော့သည်။

ဆိုင်ထိန်း ထွက်လာခဲ့သည့်တိုင်အောင် ဆိုင်အလုပ်သမားလေးပြောသည့် ထို'ပိုင်ရှင်'ဆိုသူကတော့ ထွက်မလာသေးပေ။ ရှီချန်အန်း အခြေအနေကြည့်ရသလောက်တော့ ကိစ္စများ ပြောဆို၍မပြီးသေးခင်မှာ အပြင်မှာ လူတချို့ ပြဿနာလာရှာနေသည်ဟု တစုံတယောက် သတင်းသွားပို့လိုက်၍ ဆိုင်ထိန်း ထွက်လာကာ အခြေအနေအား လာအကဲခတ်ခြင်း ဖြစ်တန်ရာ၏။

ဘေးပတ်ဝန်းကျင်တွင်လည်း ပိတ်စလာရွေးကာ ဝယ်ယူနေသည့်လူအများအပြားကလည်း ရှိနေပေသည်။ ရှီချန်အန်း သူ၏ကိစ္စအား ချက်ချင်း ဖြေရှင်းချင်သကဲ့သို့ အခြားတဖက်တွင်လည်း ခဏနေ သူပြောမည့်စကားများအား လူအများ မကြားစေလိုပေ။ ထို့ကြောင့် သူ နေရာမှထကာ ပြောလိုက်သည်။

"သွားကြတာပေါ့...အဲ့ဒီ'ပိုင်ရှင်'ဆိုတဲ့သူကို ငါကိုယ်တိုင် သွားပြီး ကြည့်ရသေးတာပေါ့...."

ရှီယုံနျဉ်သည် အစကတော့ သူကိုယ်တိုင်တွေးထားသည့် အကြံအစည်ဖြစ်သောကြောင့် ကိုယ်တိုင်လာရန်ပင်။ သို့သော် အိမ်တံခါးမှ ထွက်ခါနီးကျမှ စိတ်ကူးပြောင်းသွားကာ လျိုရှီးကိုသာ ဆိုင်ထိန်းနှင့် ပြောဆိုဆွေးနွေးရန် စေလွှတ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူသည် တော်ဝင်လွှတ်တော်၏ခန့်အပ်ခြင်းခံထားရသော အမတ်တဦးပင်ဖြစ်သည်။ အကယ်၍ သူသာ 'ပိုင်ရှင်'ဟူသော အမည်ခံကာ ထိုဆိုင်ခန်းငယ်လေးဆီသို့ သွားရောက်သည်အား လူအများ မြင်တွေ့သွားပါက သူ၏မျက်နှာအား ဘယ်နား သွားထားရမည်နည်း။ သူသည် 'စာပေပညာရှင်'တဦးဖြစ်သည်။ လူအများ ဝိုင်းဝန်း၍ သူ့အား ဝေဖန်ပြောဆိုကြမည်တော့ သူ သေမတတ် ကြောက်လှပေသည်။

သူမ၏ 'အိမ်ကြီးသခင်မ'၊ 'ရှီသခင်ကြီး၏ဇနီးသည်'ဟူသော ဂုဏ်ပုဒ်အား အများသိစေရန် သရုပ်ပြရန်အလို့ငှါ လျိုရှီးသည် ယနေ့အတွက် နောက်လိုက်နောက်ပါ အများအပြား ခေါ်ဆောင်လာခဲ့သည်။ သူမနောက်တွင် အစေခံမိန်းကလေးများက လေးငါးဦးမကသည့်အပြင် တောင့်တောင့်တင်းတင်းနှင့် သန်မာလှသော ပေါ်ဇီ့နှစ်ဦးသည်လည်း လိုက်ပါလာသေးသည်။ သူမသည် ထိုင်ခုံတွင်ထိုင်ကာ သူမလူများက ခစားပြုစုနေသည်အား ခံစားနေရင်း စိတ်ကူးယဉ် အတွေးနက်နေတော့သည်။ မကြာသေးမီ သူမ ဆိုင်ခန်းအတွင်း ဝင်ရောက်လာစဉ်က မြင်တွေ့ခဲ့ရသော တန်ဖိုးကြီး အကောင်းစား ပိတ်လိပ်တို့သည် သူမ၏အာရုံအား စိုးမိုးနေသည်။ ဟိုဟိုဒီဒီ တွေးတောမိပြီးနောက်တွင်တော့ ထိုပိတ်လိပ်တို့အား သူမ ပြန်လျှင် ယူဆောင်သွားပြီး သူမ၏သားအတွက် ဝတ်စုံအသစ်ချုပ်ပေးရန် ဆုံးဖြတ်လိုက်သည်။

"လျိုယိနျှောင်......ဒီနေရာက လျိုယိနျှောင် လာသင့်တဲ့ နေရာမို့လို့လား...."

အမှန်ပင် အခန်းတွင်း၌ ရှိနေသောသူသည် ရှီမိသားစု၏လူပင် ဖြစ်သည်။ ထိုထက်ပိုသည်ကတော့ ထိုသူသည် လောဘအိုး'လျိုရှီး'ပင် ဖြစ်နေသေးသည်။ ရှီချန်အန်း လှောင်ကာ ရယ်လိုက်ပြီးချိန်တွင်တော့ သူ၏နှုတ်မှထွက်လာသောစကားတို့သည် လှောင်ပြောင်ဟာသစကားတို့သာ ဖြစ်သည်။ 

လျိုရှီး ယခုအချိန်တွင် မကြားချင်ဆုံး စကားသည် ထို"လျိုယိနျှောင်"ဟူသော စကားသုံးလုံး ဖြစ်သည်။ ထိုနှစ်တွေအတွင်းမှာတော့ သူမ ဘာမှ မတတ်နိုင်ခဲ့ဘူးဆိုသည်မှာတော့ ထားလိုက်ပါတော့။ ယခုတော့ သူမအား ''ယိနျှောင်''အဖြစ်သို့ ရောက်စေခဲ့သော မိန်းမယုတ်သည်လည်း သေသွားခဲ့ပြီ။ သူမ၏သားသည်လည်း အိမ်ထောင်ပြုသွားခဲ့ပြီ။ ယနေ့ ရှီအိမ်တော်တွင် သူမအား 'ယိနျှောင်'ဟု ခေါ်ဆို သတ်မှတ်ရဲသူ မည်သူရှိသနည်း။ အားလုံး သူမအား ''သခင်မကြီး၊ ဖူရန်*'' ဟူ၍သာ ခေါ်ဝေါ်ကြလေပြီ ဖြစ်သည်။ 

*(ဖူရန် = သခင်မ၊ သခင်မကြီး၊ ဇနီးသည်(တရားဝင်)။)

"ဟွန်း....ဘယ်သူများလဲလို့...လက်စသတ်တော့ ဒီကောင်စုတ်လေးကိုး....နင် ဒီသခင်မကြီးကို ဘယ်လိုခေါ်လိုက်တယ်....နင်တို့တွေကရော ဘာရပ်ကြည့်နေကြတာလဲ...မြန်မြန် ဒီ လူကြီးသူကြီးမှန်း မသိတဲ့၊ အဲ့ဒီအသုံးမကျတဲ့သားကို ငါ့အစား သင်ခန်းစာ ပေးလိုက်စမ်း..."

ရှီချန်အန်းသည် ရှီယုံနျဉ်၏သား ဖြစ်သည်။ လျိုရှီး၏အတွေးတို့သည်ကား သူမသည် ရှီယုံနျဉ်၏ "ဇနီးသည်"ဖြစ်လာခဲ့ပြီဖြစ်ရာ အလိုလိုပင် သူမသည် ရှီချန်အန်း၏ "မိခင်"ဖြစ်လာခဲ့ပြီ ဟူ၍...။ ထို့ကြောင့် ရှီချန်အန်းထံမှ သူမအား ''ယိနျှောင်"ဟု ခေါ်သံကြားလိုက်ရသောအခါ သူမ၏"မိခင်"ဟူသော ရာထူးအဆင့်အတန်းအား အသုံးပြု၍ ရှီချန်အန်းအား သင်ခန်းစာ ကောင်းကောင်း ပေးရလေမည် ဟူ၍...။

ရှီချန်အန်း ဤလျိုရှီးဆိုသူမှာ ကျေးတောရွာမှ ရွာသူတဦးမျှသာဖြစ်ကြောင်း သိသည်။ သို့တိုင်အောင် ဤကဲ့သို့ ပညာမရှိ၊ ဝက်တကောင်ကဲ့သို့ မိုက်မဲလှသော ကျေးတောသူတဦး ဖြစ်လိမ့်မည်ဟု တခါမျှ မထင်ထားခဲ့ဘူးချေ။ သူမက ရှီအိမ်တော်ကိုများ မိုးကောင်ကင်အောက်ကအရာအားလုံး*ဟုများ ထင်မှတ်နေတာလား...။ သူမကိုယ်သူမ ရှီအိမ်တော်၏ 'သခင်မ'ဖြစ်လာပြီဆိုပြီး တလောကလုံးအပိုင်စားရသည့် သခင်မကြီး ဖြစ်သွားပြီဟုများ တွေးတောနေခဲ့တာလား...။

*(မိုးကောင်ကင်အောက်ကအရာအားလုံး = တလောကလုံး၊ တရုတ်တပြည်လုံး၊ အရာအားလုံး။

T/N: ပြောချင်တာကတော့ လျိုရှီးသည် သူမကိုယ်သူမ 'ဘုရင်မကြီး'အဖြစ်သို့ သွေးနားထင်ရောက်နေသည်ဟူ၍ ဖြစ်သည်။ 'တလောကလုံးအပိုင်စားရသည့် သခင်မကြီး'သည်လည်း ထိုအဓိပ္ပါယ်ပင် ဖြစ်သည်။)

"ကြည့်စမ်း....ဒီ ကြောက်စရာကောင်းလှအောင် အတင့်ရဲလွန်းလှတဲ့မိန်းမ...'ဝမ်ဖေး'ကို ဒီလို စော်ကားမော်ကားပြောဆိုရဲလောက်အောင်ကို ရိုင်းစိုင်းလွန်းလှပါလား...ကိုယ့်နေရာကိုယ် သိသွားအောင် ဆုံးမလိုက်စမ်း*..."

ရှီချန်အန်း ဘာမှ ပြန်မပြောနိုင်ခင် နံဘေးတွင်ရှိနေသော ယန်မောမော့ထံမှ အသံထွက်လာခြင်းဖြစ်သည်။ ထို့နောက်တွင်မူ 'ဖြန်း'ဟူသောအသံသည် ရှီချန်အန်း၏နားစည်သို့ ရိုက်ခတ်လာခဲ့ပြီး လျိုရှီး၏မျက်နှာတွင် မယုံကြည်နိုင်မှု၊ အ့ံအားသင့်မှုတို့ အပြည့် ထင်ဟပ်လာခဲ့သည်။

*(T/N: ယန်မောမော့မှ ရှီချန်အန်းအစား ဆုံးမခိုင်းလိုက်ခြင်းဖြစ်သည်။ Kudos! ယန်မောမော့...😎😏။)

XXXXX

PREVIOUS << TOC >> NEXT

No comments:

Post a Comment

Support My Translations