Monday, May 11, 2020

ကြင်ရာတော် ချန်အန်း (Unicode) - အပိုင်း (၂၉)

အပိုင်း (၂၉)

ရှီချန်အန်းသည် ရေချိုးသန့်စင်ကာ အဝတ်အစားလဲပြီးသည်နှင့် ရှောင်းချင်းယန့်ရှိရာနေရာသို့ အမြန်ပြန်သွားလေသည်။ သူ ရောက်သွားချိန်အထိ ရှောင်းချင်းကျန်သည် အခန်းထဲတွင် ရှိနေသေးသည်။ သို့သော် ပြန်ရန်ပြင်နေပြီဖြစ်သည်။ 

"မရီးတော်...ဒီရက်ပိုင်းမှာ အစ်ကိုတော့်ကို သေချာ စောင့်ရှောက်ပေးပါဦး...သူ့ကို ဟိုဟိုဒီဒီ လျှောက်မသွားခိုင်းနဲ့ဦး...ဪ ပြီးတော့...နောက်သုံးရက်နေရင် လုပ်မယ့် နန်းတွင်းညစာစားပွဲလဲ သွားတက်မနေနဲ့...အလကား အလုပ်ရှုပ်ပြီး လူပင်ပန်းတယ်...အစ်ကိုတော်သာ သေချာ ကောင်းကောင်း အနားယူပါစေ..."

ရှောင်းချင်းကျန်၏ ရုတ်တရက် လူလဲလိုက်သလိုပြောင်းလဲသွားသော ပြောဆိုဆက်ဆံပုံတွင် ရှီချန်အန်းတယောက် အငိုက်မိ နားမလည်နိုင်ဖြစ်သွားရရှာသည်။ ဘယ်လိုလုပ်ပြီး ရှောင်းချင်းကျန်က သူ့ကို 'မရီးတော်'လို့ ရုတ်တရက်ကြီး လာခေါ်နေရတာလဲ...။ ပြီးတော့...နောက်သုံးရက်နေရင်လုပ်မယ့် နန်းတွင်းညစာစားပွဲဆိုတာကရော ဘာပြောတာလဲ...။

"ချင်းကျန်က သိပ်မကြာခင်မှာပဲ မြောက်ပိုင်းစစ်မြေပြင်ကို စစ်ထွက်ရတော့မှာ...နောက်သုံးရက်နေရင် ဖခမည်းတော်က တတိယညီတော်အတွက် အထူး နန်းတွင်းညစာစားပွဲ ကျင်းပပေးမှာ...ညီတော် စစ်မြေပြင်မှာ အောင်ပွဲစောစောရပြီး အန္တရာယ်ကင်းကင်း ပြန်လာအောင် ဆုတောင်းပေးတဲ့အနေနဲ့..."

ရှောင်းချင်းယန့်သည် သူ၏ခါးနှင့်ဗိုက်တွင် ဒဏ်ရာရထားသည်ဖြစ်သော်လည်း ကံကောင်းထောက်မစွာပင် ထိုဒဏ်ရာတို့မှာ သိပ်ပြီး မပြင်းထန်လှပေ။ သူ့အနေဖြင့် ဆယ်ရက်ကျော် လဝက်မျှ ကောင်းစွာ အနားယူလိုက်လျှင် သက်သာသွားမည်ဖြစ်သည်။ သို့သော် သူ၏ညာခြေထောက်သည်လည်း ဒဏ်ရာရထားသည်ဖြစ်ရာ သူ့အနေနှင့် သွားလာလှုပ်ရှားရာတွင် ဒဏ်ရာကြောင့် အတော်အသင့် အဆင်မပြေဖြစ်ရသည်။ ထို့ကြောင့် ရှောင်းချင်းကျန်မှ သူ့အား အိမ်တော်တွင်သာ ကောင်းစွာ အနားယူ၍ အားဖြည့်စေချင်တာဖြစ်သည်။ ရှီချန်အန်းတယောက် ညစာစားပွဲကိစ္စနှင့်ပတ်သက်၍ ဘာမှမသိ နားမလည်နိုင်ဖြစ်နေမှာ သေချာသိနေသော သူကသာ နားလည်အောင် ဝင်ရောက်ရှင်းပြပေးလိုက်ပြီး ရှီချန်အန်းအား တလက်စတည်း ညစာထမင်းပွဲပြင်ခိုင်းလိုက်သည်။ သူ နည်းနည်း ဗိုက်ဆာနေပြီဖြစ်သည်။

"သူတို့ကို ပြင်ခိုင်းထားနှင့်ပြီးသားပါ...ဝမ်ရယ်...ခဏလောက် စောင့်ပေးပါဦး...ကျွန်တော် သွားပြီး မြန်မြန် လုပ်ပေးဖို့ ပြောလိုက်ပါမယ်..."

ရှောင်းချင်းယန့်သည် ဒဏ်ရာရထားသည်ဖြစ်ရာ သူ၏ညစာအား ပုံမှန်စားနေကျကဲ့သို့ ပြင်ဆင်ပေး၍မဖြစ်ဟု ရှီချန်အန်း တွေးမိသည်။ ထို့ကြောင့် သူသည် တော်ဝင်သမားတော်အား သင့်တော်မည့်ဓာတ်စာ အစားအသောက်များအား ဆေးညွှန်းပေးခိုင်းထားသည်ဖြစ်သည်။ အိမ်တော်တွင် ယခင်က ထိုကဲ့သို့ ဓာတ်စာ အစားအသောက်များ ပြင်ဖူးခြင်းမရှိခဲ့လေရာ ညစာပြင်ဆင်မှုတွင် အနည်းငယ် ကြန့်ကြာနေခြင်းဖြစ်သည်။

မူလက ရှီချန်အန်းသည် အခန်းအပြင်ထွက်လာ၍ ယားထိုတဦးအား စားဖိုဆောင်သို့သွားကြည့်ရန် ပြောမလို့ပင်။ သို့သော် သူပင် ပါးစပ်မဟရသေး...ယားထိုတဦးမှလာ၍ အခြားသောကိစ္စတခုအား သတင်းပို့လာသည်။

"မင်း...သူတို့ကို ပြန်ပို့ပေးလိုက်...သူတို့ကို မနက်ဖြန်မှ ပြန်လာဖို့ပြောလိုက်...ဒီနေ့တော့ ဝမ်ရယ် ကောင်းကောင်း အနားယူဖို့လိုအပ်တယ်..."

ရှောင်းချင်းယန့်၏ ကိုယ်လုပ်တော်၊မောင်းမ အားလုံးတို့သည် ခြံဝန်းအပြင်ဘက်တွင် စောင့်ဆိုင်းနေကြတာဖြစ်ပြီး သူတို့သည် ဝင်လာပြီး ရှောင်းချင်းယန့်အား တွေ့ချင်နေကြတာဖြစ်သည်။ သို့သော် ရှေ့ရက်ပိုင်းက မင်ယွိတယောက် ပညာပေး သင်ကြားခြင်း ခံလိုက်ရပြီးကတည်းက သူတို့သည်...ဝမ်ဖေးထံမှ မည်သည့်စကားဆို၊ ခွင့်ပြုခြင်းမရှိပါက သူတို့အနေနှင့် အတင်းအကြပ် ထင်ရာလုပ်ရဲခြင်းမရှိတာ့ပေ။ ထို့ကြောင့် သူတို့သည် အသာတကြည် ခြံဝန်းအပြင်ဘက်တွင် စောင့်နေရုံသာရှိတော့သည်။

“ဟုတ်ကဲ့...ကျွန်တော်မျိုးမ သွားပြောလိုက်ပါမယ်...”

ယားထို၏စကားတို့ကြောင့် ရှီချန်အန်းသည် ဘာကြောင့်ရယ်မသိ ထို'နန်ရှီး'ဟုခေါ်သော အမျိုးသမီးအား သတိရသွားမိသည်။ ရှောင်းချင်းယန့်သည် ထိုအမျိုးသမီးအပေါ်တွင်တော့ စိတ်ဝင်စားမှုတခုတော့ ရှိပုံရသည်ဟု ရှီချန်အန်း ခံစားမိသည်။ ရှောင်းချင်းယန့်သည် အိမ်တော်တွင် ရှိသမျှသောမိန်းမအားလုံးတို့အား သဘောကျခြင်းမရှိပေ။ သို့ဆိုစေဦးတော့...သူသည် ကျန်းမာသန်စွမ်းသော အရွယ်ရောက်ပြီးသား ယောကျ်ားတဦးဖြစ်လေရာ ဇီဝကမ္မ ခန္ဓာကိုယ်လိုအပ်မှုတွေရှိမှာ အမှန်ပဲဖြစ်သည်။ သို့ဆိုပါက...။ အင်း...အဲ့ဒီအမျိုးသမီးကို ဘယ်အချိန်လောက် အိမ်တော်ဝင်ခိုင်းမလဲ မသိဘူး...။

“ဝမ်ဖေး...ညစာ အဆင်သင့်ဖြစ်ပါပြီ...”

"ဘယ်လိုလုပ်ပြီး မင်းတို့ဖြစ်နေရတာလဲ...ငါ မင်းတို့ကို ဒီရက်ပိုင်း ကောင်းကောင်း အနားယူပါလို့ ပြောထားတယ်မို့လား...ဘာဖြစ်လို့ အပြင်ထွက်လာပြီး ဒါတွေလာလုပ်နေကြတာလဲ..."

ချွန်းယွီ၏မျက်နှာပေါ်မှ ဒဏ်ရာများသည် အရှင်း မပျောက်သေးပေ။ ရှီချန်အန်းသည် ညစာအား သေချာပေါက် ခြံဝန်းထဲမှာရှိတဲ့ယားထိုငယ်လေးကို ပြင်ဆင်ခိုင်းထားခဲ့တာပဲဖြစ်သည်။ ဒါကို...ဘယ်လိုဖြစ်ပြီး ချွန်းယွီနှင့် တုန်းရွှယ်က ရောက်လာကြတာလဲ။

"ဝမ်ဖေး...ကျွန်တော်မျိုးမတို့ အခု ဘာမှမဖြစ်တော့ပါဘူး...ကိုယ်ပေါ်ကဒဏ်ရာတွေလဲ ဘယ်နားမှ မနာတော့ဘူး...ကျွန်တော်မျိုးမတို့က ဝမ်ဖေးရဲ့ယားထိုတွေလေ...ဝမ်ဖေးကို ခစားဖို့က ကျွန်တော်မျိုးမတို့ရဲ့တာဝန်ပါ...ဝမ်ဖေး...ဝမ်ရယ်က အခု နေမကောင်းဘူးဆိုတော့...ဟင်းပွဲတွေကို အခန်းထဲထိ သယ်သွားရမလား..."

အသားလွတ် အရိုက်ခံရသည့်အပြင် ရက်အတော်ကြာသည်အထိ အခန်းပိတ်ခံရသည့်အပေါ်တွင် ချွန်းယွီအနေဖြင့် ထူးထွေပြီး ခံစားနေခြင်း မရှိချေ။ သို့သော်...သူမ၏ သခင်လေးအတွက်တော့ ချွန်းယွီ သခင်လေးဖက်မှ နာသည်။ လူတွေ ပြောနေကြစကားရှိတယ်မလား...။ ခွေးကိုရိုက်ချင်ရင်တောင် သခင်မျက်နှာကြည့်ရတယ်တဲ့...။ အခုလို မင်စီ့ဖေးက သူတို့အပေါ် ကိုယ်ထိလက်ရောက်လုပ်တယ်ဆိုတာ...သူက သခင်လေးကို လုံးဝ ဂရုမစိုက်ဘူးလို့ ဆိုလိုချင်တာမလား...။ တကယ်လို့...သခင်လေးမှာသာ နောက်ခံအင်အားကောင်းတဲ့မိဘအိမ်သာ ရှိကြည့်ပါလား...။ ဒါမှမဟုတ် သခင်လေးသာ မိန်းကလေးဖြစ်ကြည့်ပါလား...။ အဲ့ဒီမင်စီ့ဖေး အခုလို ရမ်းကားရဲဦးမှာလား...။

ယခုတခါ သင်ခန်းစာ ကောင်းကောင်းရသွားပြီးနောက်တွင်...ချွန်းယွီတို့အနေဖြင့် အိမ်တော်၏ လိုက်နာရန်ချမှတ်ထားသည့် စည်းကမ်းဥပဒေများအား စိတ်ထဲတွင် မှတ်ထားရုံသက်သက် မလုပ်ရဲတော့ပေ။ သူတို့၏'သခင်လေး'ဟူသောအခေါ်အတွက်ကတော့လား...သူတို့စိတ်ထဲကနေသာ ခေါ်နိုင်တော့မည်ဖြစ်သည်။ ဤမှရှေ့လျောက် သူမတို့၏ သခင်လေးအား 'ဝမ်ဖေး'ဟု ခေါ်ရုံအပြင် အခြားမရှိတော့...။*

"အားလုံးကို အထဲသယ်သွားလိုက်...ဟင်းတွေချထားပြီးတာနဲ့ အခန်းကို တန်းပြန်ပြီး နားတော့...ခဏနေရင် သိမ်းဖို့က ဒီမှာ တခြားယားထိုတွေရှိတယ်..."

“ဟုတ်ကဲ့...”

ညစာစားရာတွင် ရှီချန်အန်းသည် သူကိုယ်တိုင်ပဲ ရှောင်းချင်းယန့်ဘေးမှနေ၍ လိုအပ်တာ လုပ်ပေး၊ ကူညီပေးလိုက်သည်။ ညစာစားပြီးချိန်တွင်တော့ ရှီချန်အန်းသည် ရှောင်းချင်းယန့်အား ယခင်က အကူအညီတောင်းထားသည့်ကိစ္စအား သတိထပ်ပေးလိုက်သည်။ သူ၏အနားတွင် တော်ဝင်မိသားစုနှင့် နန်းတွင်း စည်းမျဉ်းစည်းကမ်း၊ ဓလေ့ထုံးစံတွေ ကောင်းစွာ တတ်သိနားလည်သည့် မောမော့တဦးရှိနေခြင်းက ပို၍အဆင်ပြေလိမ့်မည်ဟု သူ့အနေနှင့် ထင်မိသည်။

“ပန်ဝမ် အဲ့ဒီကိစ္စကို စီစဉ်လိုက်မယ်...”

“ကျေးဇူးတင်ပါတယ် ဝမ်ရယ်...” 

သူ၏အနားတွင်ရှိနေကြသောလူများသည် တခြားသူ၏မျက်စိထဲတွင် ဘာမှမဟုတ်သည့်သူများသာဖြစ်သည်။ ရှီချန်အန်းသည် သူ့ဘေးနားမှလူများအား ယခုလိုစော်ကားခံ၊ ရိုက်နှက်ခံရသည့်အဖြစ်မျိုး နောက်ထပ် ဘယ်သောအခါမှ ထပ်မဖြစ်စေလိုပေ။ အကယ်၍ ဤခြံဝန်းတွင် နန်းတော်မှ ချီးမြှောက်ထားသည့် မောမော့တဦးသာရှိနေမည်ဆိုပါက အကောင်းဆုံးအခြေအနေပင်ဖြစ်သည်။ ဘယ်သူကများ အတင့်ရဲပြီး ဧကရာဇ်ရဲ့မျက်နှာတော်ကို ရိုက်ရဲမှာလဲ...။

ယန်မောမော့လည်း အသက်ကြီးလာပြီ...။ ချွန်းယွီနှင့်တုန်းရွှယ်သည်လည်း အိမ်ထောင်ပြုရမည့်အသက်အရွယ်သို့ ရောက်နေပြီ...။ ရှီချန်အန်းသည် ဤအခြေအနေတွင် သူတို့အား အိမ်တော်မှ ထွက်သွားစေ၍ အပူအပင်ကင်းသည့် သာမန်ဘဝမျိုးနေနိုင်ရန်လုပ်ပေးလျှင်ကောင်းမည်လားဟု စဉ်းစားမိသည်။

ယန်မောမော့တွင် မှီခိုရမည့်သားသမီးမရှိပေ။ ထို့ကြောင့် သူ သူမအား ယာတောခြံအား ပေးလိုက်ပြီး ပြုစုစောင့်ရှောက်ပေးမည့်ယားထိုအချို့ပါရှာကာ ပေးလိုက်၍ရသည်။ ချွန်းယွီနှင့်တုန်းရွှယ်အတွက်ကတော့...သူ သူမတို့အတွက် သင့်တော်မည့်လူ၊ မိသားစု စရှာရတော့မည်ဖြစ်သည်။ သူမတို့ လက်ထပ်ပြီးသွားလျှင်လည်း...သူ သူမတို့အား အိမ်တော်မှာပဲ ဆက်နေစေပြီး အလုပ်လုပ်မည်ဆိုလည်း အဆင်ပြေသလို၊ အိမ်တော်သို့ သူမတို့အိမ်မှလာ၍ အလုပ်လာလုပ်မည်ဆိုလျှင်လည်း အဆင်ပြေသည်ပဲဖြစ်သည်။ အကယ်၍ အဆင်မပြေဖြစ်လာခဲ့ရင်တောင်မှ သူ့အနေနှင့် သူမတို့အား ပြင်ပတွင် သူမတို့ဘာသာ လွတ်လွတ်လပ်လပ် နေထိုင်စားသောက်ရန် ထောက်ပံ့ပေးလိုက်မည်။

ထိုသို့ စိတ်ကူးအတွေးရှိပြီးသည်နှင့် ရှီချန်အန်းသည် အချိန်ဆိုင်းမနေတော့ဘဲ ယန်မောမော့တို့တတွေအား တခါတည်းတွေ့ကာ ပြောပြလိုက်သည်။

"မဟုတ်သေးပါဘူး သခင်လေးရယ်...ဒီအိမ်တော်ကြီးမှာ သခင်လေးကို တယောက်ထဲထားခဲ့ရမှာ ကျွန်မတို့က ဘယ်လိုလုပ်ပြီး စိတ်ချနိုင်ရမှာလဲ...မဖြစ်ဘူး မဖြစ်ဘူး...သခင်လေး...ဒီကိစ္စက လုံးဝ မဖြစ်နိုင်ဘူး..."

"ကျွန်တော် ဆုံးဖြတ်ပြီးသွားပြီ...နောက်ရက် နည်းနည်းနေရင် ကျွန်တော် ကျွန်တော်တို့နေခဲ့တဲ့ ယာတောခြံကို သွားမယ်...အဲ့ကအစေခံတွေ အားလုံးကို လဲပစ်ရမယ်...အဲ့ဒါပြီးသွားရင်...မောမော့ ပြောင်းနေလိုက်ရုံပဲ...ကျွန်တော် မောမော့ကို မကြာမကြာ လာတွေ့မှာပါ...ပြီးတော့ ချွန်းယွီနဲ့တုန်းရွှယ်...မင်းတို့လဲ အိမ်ထောင်ပြုသင့်တဲ့အရွယ်ရောက်လာပြီ...ငါ မင်းတို့နဲ့ သင့်တော်မယ့်လူ ရှာကြည့်ပေးမယ်...မင်းတို့လဲ မင်းတို့ဘာသာ လွတ်လွတ်လပ်လပ် စိတ်တိုင်းကျမယ့်သူ ရှာလို့ရတယ်...မင်းတို့ သဘောကျတဲ့သူတွေ့ရင် ငါ့ကိုသာ လာပြော...တဖက်မိသားစုက မင်းတို့အတွက် ဖိအားမများ၊ အရမ်းကြီးအခြေအနေကွာမနေလို့ရှိရင်...ငါ မင်းတို့အတွက် အစွမ်းကုန်ကြိုးစားပြီး အဆင်ပြေသွားအောင် တာဝန်ယူပေးမယ်..."

အမှန်အတိုင်းပြောရလျှင် ရှီချန်အန်းသည်လည်း သူတို့နှင့် မခွဲချင်ဘူးဖြစ်သည်။ ဘယ်လိုပဲပြောပြော သူတို့နှင့် သူက ကောင်းတူဆိုးဖက် အရာအားလုံးကို အတူရင်ဆိုင်လာခဲ့ကြတာပဲမဟုတ်လား...။ ဒါပေမယ့်...လက်ရှိအခြေအနေတွေအရတော့...သူတို့ သူနှင့်အတူရှိနေခြင်းသည် ကောင်းခြင်းထက် သူတို့အား ဒုက္ခရောက်စေခြင်းသာ ပိုစေလိမ့်မည်ဖြစ်သည်။ သို့ဖြစ်ပါက...သူတို့အား သူတို့၏ကိုယ်ပိုင်ဘဝအား လွတ်လပ်စွာ လျှောက်လှမ်းခိုင်းလိုက်သည်က ပို၍ကောင်းပေမည် မဟုတ်ပါလား...။

သူတို့သခင်လေး၏ ဆုံးဖြတ်ချက် ခိုင်မာစွာ ချထားပြီးပြီဟူသည့်အသွင်အားကြည့်ရင်း ထိုလူစုသည် အားလုံး ခြေမကိုင်လက်မကိုင်မိ ထိတ်လန့်သွားကြသည်။ သူတို့အနေနှင့်တော့ သူတို့သခင်လေး၏စကားအား လိုက်နာရုံအပြင် အခြားလုပ်နိုင်စွမ်း ဘာမှမရှိချေ။

"မောမော့...သိပ်စိတ်မပူပါနဲ့...ကျွန်တော် ဝမ်ရယ့်ကို အကူအညီတောင်းထားပြီးပြီ...သူ့ကို နန်းတွင်းဝင်ပြီး ကျွန်တော့်အတွက် မောမော့တယောက်လွှတ်ပေးပါလို့ သွားပြောပေးဖို့...သူကလဲ လုပ်ပေးမယ်လို့ ကတိပေးထားပြီးပြီ...မောမော့...မောမော့က ကျွန်တော့်ကို ဒီလောက်နှစ်တွေအကြာကြီး ပြုစုစောင့်ရှောက်ပေးခဲ့တာ...အခုက မောမော့ အေးအေးချမ်းချမ်းနဲ့ ကောင်းကောင်း အနားယူသင့်တဲ့အချိန်ရောက်ပြီလေ...ကျွန်တော့်ကို စိတ်မပူပါနဲ့...တကယ်တမ်းကျတော့ ဝမ်ရယ်က ကျွန်တော့်အပေါ်မှာ ကောင်းရှာပါတယ်...အဲ့ဒါကြောင့်မို့လို့ အားလုံးလဲ ကျွန်တော့်အတွက် သိပ်မစိုးရိမ်ကြပါနဲ့..."

တကယ်ကိုလဲ ရှောင်းချင်းယန့်သည် သူထင်ထားခဲ့သည်ထက် အများကြီးကောင်းတဲ့သူတယောက်ဖြစ်သည်။ ရှီချန်အန်း ထင်ထားခဲ့သည်က...ရုတ်တရက်ကြီး အမျိုးသားဇနီးသည်တဦးအား မလွှဲရှောင်သာ လက်ထပ်ယူလိုက်ရသည့် ပထမမင်းသားအနေဖြင့် ဧကရာဇ်အပေါ်တွင် ပြန်လည်ခုခံငြင်းဆန်၍မရသည် အားလုံးတို့အား သူ့အပေါ်တွင် ဒေါသပုံချလိမ့်မည်ဟု...။ အခု လက်ရှိအခြေအနေများအရကတော့ အစက သူထင်ထားခဲ့သည်များထက်တော့ အခြေအနေ ပိုကောင်းနေသည်ဟု ပြော၍ပင်ရသည်။

ရှီချန်အန်းသည် ဆုံးဖြတ်ပြီးသွားပြီဖြစ်သည်။ ထို့ကြောင့် သူတို့ ဘာတွေ ဘယ်လိုပဲဆက်ပြောနေပါစေ ဘာမှမထူးချေ။ ထိုမိန်းကလေးနှစ်ဦးအား နှစ်သိမ့်စကားအချို့ဆိုပြီးသည်နှင့် ရှီချန်အန်းသည် သူ၏အခန်းသို့ ပြန်သွားလေသည်။ ရှောင်းချင်းယန့်က ဒဏ်ရာရထားတာ...။ သွားလာလှုပ်ရှားရတာ လွယ်တာမဟုတ်ဘူး...။ သူ သူ့ဘေးနားမှာစောင့်ပြီး လိုအပ်တာတွေ လုပ်ပေးရမယ်မဟုတ်လား...။

"ဝမ်ရယ်ရော..."

ရှောင်းချင်းယန့်က ဒဏ်ရာရထားတာ မဟုတ်ဘူးလား...။ အဲ့ဒါကို ဘာလို့ အခန်းထဲမှာနေပြီး ကောင်းကောင်း အနားမယူတာလဲ...။

"ဝမ်ဖေးကို ပြန်လည်ဖြေကြားအပ်ပါတယ်...ဝမ်ရယ်က အိပ်ခန်းထဲမှာ အနားယူနေပါတယ်...စောစောလေးကမှ ကျွန်တော်မျိုးမကို အခန်းထဲဝင်ပြီး မနှောက်ယှက်ဖို့ မှာထားပါတယ်..."

"........အင်း...ခုနက ငါ မျက်စိလျှမ်းသွားတာပဲနေမှာ...စောစောက ခန်းစီးတွေနဲ့ဆိုတော့ အိပ်ရာပေါ် သေချာမမြင်လိုက်ဘူး...မင်းတို့ အခန်းအပြင်ကနေပဲ သွားစောင့်လိုက်တော့...တခြားဘယ်သူ့ကိုမှ ဝင်မလာခိုင်းနဲ့..."

ယားထိုများအား အပြင်ထွက်ခိုင်းပြီးသည်နှင့် တပြိုင်နက် ရှီချန်အန်း မျက်မှောင်ကြုံမိသည်။ စောစောက အိပ်ခန်းထဲမှာ သူ သေချာပေါက်  ရှောင်းချင်းယန့်ကို မတွေ့မိပါဘူး။ ပြီးတော့...ခုတင်နားမှာ ဘာခန်းစီးမှချထားတာ မရှိဘူး။ ရှောင်းချင်းယန့် အခန်းထဲမှာ မရှိတာ လုံးဝ သေချာတယ်။ အဲ့ဒါကို သူ အပြင်ထွက်သွားတာမရှိဘူးလို့ ယားထိုက ပြောနေရတာလဲ...။

ယားထိုကတော့ သူ့ကိုလိမ်မှာမဟုတ်တာ သေချာတယ်...။ ရှီချန်အန်းသည် ဘယ်လိုစဉ်းစားစဉ်းစား အဖြေမထွက်နိုင် ဖြစ်ရသည်။ ဝေခွဲမရ အတွေးပေါင်းများစွာသောမျက်နှာဖြင့် သူ အိပ်ခန်းအတွင်းသို့ ဝင်လာခဲ့ပြီး... အခန်းထဲဝင်ဝင်ချင်း ထိုနေရာတွင်ပင် မှင်သက်ရပ်တန့်နေတော့သည်။ ရှောင်းချင်းယန့်က ဘယ်လိုလုပ်ပြီး အိပ်ရာပေါ်မှာ လဲှနေတာလဲ...။ စောစောက သူ တကယ်ပဲ မျက်စိလျှမ်းသွားတာလား...။

"မင်း အဲ့မှာ ဘာရပ်လုပ်နေတာလဲ...ဒီပစ္စည်းကို ယူသွားပြီး တနေရာရာ ရှာပြီး သွားထားထားလိုက်..."

ရှောင်းချင်းယန့်သည် စကားဆုံးသည်နှင့်တပြိုင်တည်း လက်ထဲတွင်ကိုင်ထားသည့် သူ တရေးတယူတောင်းလာခဲ့သောရေဘူးအိတ်အား သူ၏အရှေ့မြေပြင်ပေါ်သို့ တွေဝေနေခြင်းမရှိ ပစ်ချလိုက်သည်။ သူ စောစောက ထိုရေဘူးအိတ်ပေါ်တွင် သတိထား၍ညင်ညင်သာသာကိုင်တွယ်မှုတွေ တစက်မှ မရှိခဲ့၊ မလုပ်ခဲ့သလိုပင်။

မြေပေါ်မှ ရေဘူးအိတ်အား ခပ်ဖြေးဖြေးလှမ်းကောက်ရင်း ရှီချန်အန်းတယောက် တကယ်ကို အံ့အားသင့်ကြောင်အနေဆဲဖြစ်သည်။ ရှောင်းချင်းယန့်...အဲ့ဒီလူကို သူ ဘယ်လိုမှနားလည်နိုင်မည်မဟုတ်ဟု ရှီချန်အန်း ထင်မိသည်။ ပြီးတော့...သူ့မျက်နှာအပြောင်းအလဲကလဲ စာရွက်လှန်တာထက်တောင် မြန်သေးတယ်...။

“ခုနက ငါပြောတာ မင်းမကြားလိုက်ဘူးလား...”

“ဟင်...အင်း.....ဟုတ်ကဲ့ပါ...” 

သူ အဲ့ဒီမိန်းကလေးကို သဘောကျနေတာ မဟုတ်ဘူးလား...။ ဘာလို့ အဲ့ဒီမိန်းကလေး အမှတ်တရပေးထားတဲ့ ရေဘူးအိတ်ကို စက်ဆုတ်ရွံရှာစရာကောင်းလှတဲ့ပစ္စည်းတခုလို.....ကြည့်နေရတာလဲ...။ အဟုတ်ပဲ...ရှောင်းချင်းယန့်ရဲ့အကြည့်တွေက တကယ်ကြီးကို ရွံစရာကောင်းတဲ့ပစ္စည်းတခုကို ကြည့်နေတဲ့အတိုင်းပဲ...။ 

ရှောင်းချင်းယန့် အဘယ့်ကြောင့် ထိုသို့ဖြစ်နေရသည်အား ရှီချန်အန်း နားမလည်နိုင်သေးသော်လည်း ရှောင်းချင်းယန့်၏အမိန့်ကိုတော့ သူ နာခံရဦးမည်မလား...။ သူ ရေဘူးအိတ်ထဲမှရေများအား သွန်ပစ်ပြီးမှ တနေရာရာတွင် သွားသိမ်းထားလိုက်မည်ဟု စိတ်ကူးမိရင်း ရေဘူးအိတ်အဖုံးအား ဖွင့်လိုက်သည်။ သူ တွေ့လိုက်တာကတော့...ရေဘူးအိတ်ထဲတွင် ရေတစက်ကယ်မျှမကျန် အကုန်ပြောင်စင်နေသည်ကိုပင်...။

ရေဘူးအိတ်ထဲတွင် ဘာမှမရှိပေ။ ရှီချန်အန်း စဉ်းစားကြည့်လိုက်တော့.....ရေဘူးအိတ်ထဲမှာ ရေမရှိတော့တာက ရှောင်းချင်းယန့် သောက်လိုက်ပြီး ဒီထဲကရေတွေက သူ့ဗိုက်ထဲကို ရောက်သွားလို့ပဲဖြစ်ရမယ်...။ အဲ့ဒါမို့လို့ကို သူက ပိုပြီးနားမလည်နိုင်တာ...။ သူကဖြင့် သူများရေဘူးအိတ်ထဲကရေတွေတောင် အကုန် သောက်ပစ်ပြီးသွားပြီပဲကို...။ အခုကျမှ လာပြီး ဘာလို့ သူများရေဘူးအိတ်ကို ရွံသလိုလို ဘာလိုလို လာလုပ်နေရတာလဲ...။

*(T/N: His thinking is so cute! Maybe he's jealous! 😂)

သူ အခန်းထဲပြန်ရောက်လာချိန်တွင်တော့ ရှောင်းချင်းယန့်သည် အိပ်ပျော်နေပြီဖြစ်သည်။ ရှောင်းချင်းယန့်သည် ဒဏ်ရာရထားသလို ပုံစံကြည့်ရသည်မှာ သူ့စိတ်အခြေအနေကလည်း သိပ်မကြည်သည့်ပုံပေါက်သည်ဟု ရှီချန်အန်း တွေးမိသည်။ ထို့ကြောင့် သူ သူ့ဘာသူ အပြင်ထွက်အိပ်ရန် ပြင်လိုက်သည်။ တကယ်လို့ ရှောင်းချင်းယန့် တခုခုလိုအပ်တာရှိရင် သူ့ကို လှမ်းခေါ်လိုက်၍ရသည်ပဲ...။

"မင်းက ဝမ်ဖေး...အစေခံတွေအိပ်တဲ့အခန်းသွားပြီး အိပ်ရင်...လူတွေ ဘယ်လိုထင်ကြမလဲ...ကျန်တဲ့အသေးအမွှားကိစ္စတွေက ယားထိုတွေ လုပ်လိမ့်မယ်...မင်းက ဘာလို့ နေရာတကာ အပိုဝင်ပါနေရတာလဲ..."

".......ဒါပေမယ့် ဝမ်ရယ်က ဒဏ်ရာရထားတာလေ...ကျွန်တော်က အအိပ်ကြမ်းတယ်...တော်ကြာ ကျွန်တော် အိပ်ပျော်သွားပြီး မသိဘဲနဲ့ ဝမ်ရယ့်ကို ဖိမိသွားရင် ဘယ်လိုလုပ်မလဲ..."

မတော်လို့ သူ့လက်က ဝမ်ရယ့်ဗိုက်ကို သွားရိုက်မိရင် ဘယ်လိုလုပ်မလဲ...။ မတော်လို့ သူ့ခြေတဖက်က ဝမ်ရယ့်ခြေထောက်ကိုများ သွားဖိမိရင်ရော ဘယ်လိုလုပ်မလဲ...။ ရှောင်းချင်းယန့် ဒဏ်ရာမရထားတဲ့အချိန်တုန်းကတော့ ဖိမိလဲ သူက ဘာမှအရေးလုပ်ပြီး ပြောမနေလောက်ပေမယ့်... အခုကျ သူက နေမကောင်းဘူးလေ...။ မတော်လို့ သူသာ ရှောင်းချင်းယန့်ကို အိပ်နေရင်း သွားဖိမိကြည့်ပါလား...သူ(XQY) သေချာပေါက် ဒေါသအကြီးအကျယ် ထွက်မှာပဲ...။

"မင်း အိပ်တဲ့ပုံစံကို စိတ်ပူမနေနဲ့...အမြန်သာလာပြီး အိပ်စရာရှိတာသာ အိပ်ပါ..."

လူကဖြင့် အိပ်ရင် ယုန်တကောင်လို လုံးခွေလို့အိပ်ပြီး တစက်ကလေးမှတောင် တုတ်တုတ်မလှုပ်ပဲနဲ့...ဘယ်နားကလာပြီး သူ့ကို လာဖိမိရမှာလဲ...။ သူတို့က တအိပ်ရာထဲ အတူအိပ်နေကြတာပဲ...သူ အိပ်တဲ့ပုံစံ ဘယ်လိုရှိတယ်ဆိုတာ ရှောင်းချင်းယန့် သိနေတာ အထူးလုပ်ပြီးပြောနေစရာမှမလိုတာ...။ လူကို အိပ်ရာပေါ်လာပြီးအိပ်ခိုင်းလိုက်ယုံမှ သိပ်မကြာလှသေး...သူ့ဘေးမှာအိပ်နေသည့်ထိုလူသည် နှစ်ခြိုက်စွာ အိပ်မောကျသွားသည့်ပုံပင်...။

ရှီချန်အန်းသည် ဒီနေ့တနေ့လုံး အလွန်ပင်ပန်းနေခဲ့တာပဲဖြစ်သည်။ နောက်ဆုံး သူ့စိတ်ထဲတင်းထားခဲ့သည့်ကိစ္စများအား လွတ်ချနိုင်သည့်အခါတွင်တော့...ခေါင်းအုံးပေါ် ခေါင်းချပြီးသည်နှင့် သိပ်မကြာခင်ဆိုသလို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေသည်ပဲဖြစ်သည်။

ရှောင်းချင်းယန့်သည် ရှီချန်အန်း၏ နှစ်ခြိုက်စွာ အိပ်မောကျနေသည့်ပုံစံအား ကြည့်နေမိသည်။ သူကိုယ်တိုင်ကတော့ ဘယ်လိုမှ အိပ်မပျော်နိုင်သေးပေ။ သူ စိတ်ဆိုးနေတုန်းပင်ဖြစ်သည်။ ထိုသို့ဖြင့် သူ့စိတ်ထဲတွင် ခပ်ညစ်ညစ်အကြံတခု တွေးမိသွားသည်။

သူ၏လက်တဖက်အား ဆန့်ထုတ်ကာ ဘေးမှလူ၏နှာခေါင်းအား သွားညှစ်ထားလိုက်သည်။ ဘယ်သိမှာလဲ...အချိန်သာအတော်ကြာသွားတယ်...အိပ်နေတဲ့လူဆီက ဘာတုန့်ပြန်မှုမှ ထွက်မလားဘူးဆိုတာ.....။ စိတ်ထဲအတော်ထူးဆန်းသွားပြီး နောက်တခေါက် သေချာပြန်ကြည့်လိုက်တော့မှ.....။ လက်စသတ်တော့ ရှီချန်အန်းက အဆုတ်အားတွေကောင်းနေပြီး အသက်အကြာကြီးအောင့်နိုင်လို့မဟုတ်ဘဲ...သူကသာ ရှီချန်အန်းရဲ့နှာခေါင်းကို သွားပိတ်ထားရတာ...ရှီချန်အန်းကတော့ ပါးစပ်လေး ခပ်ဟဟနဲ့ မျှဉ်းမျှဉ်းလေး အသက်ဆက်ရှူနေတာတဲ့လေ...။**

ခပ်နွေးနွေး ဝင်လေထွက်လေက သူ၏လက်ဝါးပြင်အား လာရောက်ကြည်စယ်ရိုက်ခတ်နေသည်။ ရုတ်တရက်ဆိုသလို ရှောင်းချင်းယန့် သူ၏လက်ဝါးပြင်က ယားကျိကျိဖြစ်လာသလို ခံစားရသည်။ သူ နှာခေါင်းသွားညှစ်ထားသည်အား လွှတ်ပေးလိုက်သည်။ သို့တိုင်အောင် သူ၏လက်အား ပြန်မရုတ်သိမ်းမိသေး။ ထို့အပြင်...သဘာဝကျကျပင် ထိုလက်တကမ်းတွင်ရှိနေသည့်မျက်နှာပြင်အား ညင်သာစွာ ထိတွေ့လိုက်သည်။

ဒါက သူ့ရဲ့ဝမ်ဖေး။ သူ့ရဲ့ဇနီးသည်။ သူက ယောကျ်ားတယောက်ဖြစ်နေစေဦးတော့...ဒီကရှေ့လျောက် သူတို့နှစ်ယောက်က သေတပန်သက်တဆုံး အတူရှိသွားကြမယ့်သူတွေ။ အင်း...ရှေ့လျောက် သူ သူ့အပေါ်မှာ ပိုပြီး ကောင်းကောင်းဆက်ဆံသင့်ပြီထင်တယ်...။

XXXXX

* (T/N: အဲ့နားလေး ဖတ်တုန်းက ဘာလို့လဲမသိ ဝမ်းနည်းမိတယ်။ လူတွေက ဘယ်လောက်ပဲ ရင်းနှီးတယ်ပြောပြော...အချိန်တန်ရင် သူ့လမ်းသူသွား ကိုယ့်နေရာကိုယ်နေကြရတာချည်းပဲ...😔)

** (T/N: ချန်အန်းက နိုးမလာပါဘူး။ သူ့ဘာသာ ပါးစပ်လေးဟ အသက်ရှူပြီး ဆက်အိပ်နေတာ။😅
အဲ့နားလေးကို မူရင်းစာရေးဆရာက သူ သူ့တူမလေးနဲ့ သုတေသနလုပ်ကြည့်ထားတဲ့အကြောင်းရေးထားသေးတယ်။ ပျင်းလို့ ဘာသာမပြန်တော့တာ။ ခု stay homeကာလမှာ ပျင်းနေတဲ့သူတွေ စမ်းကြည့်ကြပေါ့။ ချန်အန်းလို ဆက်အိပ်နေသလား၊ နိုးလာသလားဆိုတာ။🙂)

XXXXX

ဒီဘာသာပြန်သူမှာ ပြောစရာစကားရှိသည် : ဒီနားလေးမှာ ရှောင်းချင်းယန့်ကို အရမ်းသဘောကျသွားတာ။😊 
အိမ်ထောင်ပြုပြီးပါပြီဆိုမှ ချစ်လို့၊ မချစ်လို့ လုပ်မနေတော့ဘဲ ကိုယ့်တာဝန်ကိုယ်ယူဖို့ဆုံးဖြတ်လိုက်တာ နှစ်ဖက်စလုံးအတွက် အဆင်ပြေဆုံးပဲ။
နောက်ဆုံး ကိုယ်နဲ့အတူရှိနေမယ့်သူက သူတယောက်ပဲလေ။

ကဲ...အခုကစပြီး ရှောင်းချင်းယန့်ကနေ အားလုံးကို အချိုပေးလိုက် အခါးပေးလိုက်လုပ်ပါတော့မယ်။ အားလုံးပဲ ဆီးချိုဆေးနဲ့ သွေးတိုးဆေးပါ တခါတည်း ဆောင်ထားကြပါတော့။ ဒီကတယောက်ကတော့ ကိုယ့်ဘာသာ စာရိုက်နေရင်း အော်လိုက်၊ သဘောကျလိုက်နဲ့ တချိန်လုံး ပြုံးစိစိဖြစ်နေပြီ။😊
ဖတ်နေရင်း မsweetဘူးလို့ထင်ရင် အဲ့ဒါ ဒီဘာသာပြန်သူရဲ့လိုအပ်ချက်ပါ။ ဇာတ်လမ်းကတော့ ကိုယ့်အတွက်တော့ အရမ်းsweetပါတယ်နော်။😁
OK! Hope you enjoy this chapter!
See you next week!

P.S: ဒီတပတ် အရမ်းကြီး နောက်မကျပါ။😎

XXXXX

PREVIOUS << TOC >> NEXT

No comments:

Post a Comment

Support My Translations