Monday, May 11, 2020

ကြင်ရာတော် ချန်အန်း (Unicode) - အပိုင်း (၈)

အပိုင်း (၈)

ရှောင်းချင်းယန့် ရှိနေစဉ်တုန်းက ဒဏ်ရာက နာကျင်မှုအား သတိမထားမိသော်လည်း သူ ထွက်သွားပြီးမှ လက်မောင်းမှ ဒဏ်ရာက မခံရပ်နိုင်အောင် နာကျင်လာသည်အား ရှီချန်အန်း သတိပြုမိသည်။ ထို့ကြောင့် ချွန်းယွီနှင့် ယန်မောမော့အားခေါ်လိုက်ကာ တုန်းရွှယ်ကိုတော့ ချွန်းယွီနောက်မှလိုက်ကာ သူမတို့အခန်းသို့ပြန်၍ ဆေးထည့်စေလိုက်သည်။ သူ့အတွက်တော့ ယန်မောမော့အား ဆေးထည့်ခိုင်းလိုက်သည်။ 

ထိုအစေခံကလေးမနှစ်ယောက်အား သူ အချိန်တန်လာလျှင် အိမ်ထောင်ရက်သားချပေးရမည်ဖြစ်ပြီး လက်ရှိအချိန်အထိ သူအား ကိုယ်ခန္ဓာ အသားချင်း ထိတွေ့ဆက်ဆံကာ ပြုစုပေးရမည့်ကိစ္စများတွင် သူမတို့နှစ်ယောက်အား ရှီချန်အန်း စေခိုင်းခဲ့ခြင်းမရှိပေ။ 

"ခဏ......"

ကလေးမနှစ်ယောက်အား အိမ်ထောင်ချပေးရမည့်ကိစ္စအား စဉ်းစားမိလေမှ....သူတို့ တာ့ရှောင်းပြည်ကြီး၏ ထုံးတမ်းအစဉ်အလာတခုအား သူ သတိရမိလိုက်သည်။ ထိုသည်မှာ မင်္ဂလာခန်းဝင်ပစ္စည်းများဟု ဆိုသည့်အထဲတွင် အတူပါလာသည့် အစေခံမိန်းကလေးများသည် ခင်ပွန်းဖြစ်သူ၏ ကိုယ်ရေးကိုယ်တာသုံး အစေခံမိန်းကလေးများအဖြစ် အကြုံးဝင်လေသည်ဟူ၍ ဖြစ်သည်။ ထိုကိုယ်ရေးကိုယ်တာသုံး အစေခံအဆင့်မှ ကိုယ်လုပ်တော်အဆင့်သို့ ပြောင်းလဲနိုင်မည်လားဟူသည်ကတော့ သူမတို့၏သခင်မထံမှ မည်မျှမျက်နှာသာပေးမှုရလေသည် သို့မဟုတ် ခင်ပွန်းသည် သခင်ကြီးဖြစ်သူ၏ သဘောကျမှု ခံရသည်လော၊ မခံရသည်လော....ထိုအချက်များပေါ်တွင် မူတည်လေသည်။ 

"မောမော့....အဲ့ဒီလို စည်းမျဉ်းမျိုး ရှိသလား...."

ရှီချန်အန်း ထိုကလေးမနှစ်ဦး၏အတွေး မည်သို့ရှိမည်အား မသိသေးသော်လည်း သူ့အနေဖြင့် ပြောရလျှင်တော့ သဘောမကျ၊ ထိုအစဉ်အလာအား လိုက်နာလိုခြင်း မရှိပေ။ သူမတို့သည် အမြင့်ဆုံးအဆင့်အနေဖြင့် သာမန် ကိုယ်လုပ်တော်အဆင့်အထိသာ တက်လှမ်းနိုင်မည်။ ထို့အပြင် အိမ်တော်၏အနောက်ခြံဝန်းအတွင်းသာ နေထိုင်သွားရမည်ဖြစ်ပြီး အခြားသူတို့၏ စိတ်သဘောထား၊ စိတ်အခြေအနေတို့အပေါ်မှာတွင်လည်း မှီခိုရှင်သန်သွားရဦးမည်။ ရှန်ဝမ်အိမ်တော်သည် ကြီးမားကျယ်ဝန်းလှပြီး ခမ်းနားလှပသော ဝန်းခြံများ၊ ရှုမငြီးလှသော အဆောင်များဖြင့် ပြည့်နှက်နေရာ ယခု အိမ်တော်သို့ ဝင်ရောက်လာမည့် စီ့ဖေးနှစ်ပါးသာမက နောင်လာမည့်ကာလများတွင် ကိုယ်လုပ်တော်၊ မောင်းမများ မည်မျှပင် အိမ်တော်သို့ ဝင်ရောက်လာကြမည်အား မခန့်မှန်းနိုင်ပေ။ လူ၏စိတ်သဘောထားဟူသည်ကား မခန့်မှန်းနိုင်ပေ။ ထိုကလေးမနှစ်ယောက်သည် ပင်ကိုကပင် စဉ်းလဲခြင်းကင်း၍ လျှို့ဝှက်ကြံစည်တတ်ခြင်းမျိုး မစွမ်းသာပေရာ....အကယ်၍ သူမတို့သာ ရှောင်းချင်းယန့်၏မိန်းမအနေဖြင့် မျက်နှာသာပေးမှုခံရလိုပါက သူမတို့အတွက် သေခြင်းတရားသာ ရွေးချယ်စရာ လမ်းတလမ်းအနေဖြင့် ကျန်ရှိပေလိမ့်မည်။ *

*(T/N: တုန်းရွှယ်နှင့် ချွန်းယွီသာ ထိုကိုယ်ရေးကိုယ်တာသုံး အစေခံအဖြစ်နေမည်ဟု လက်ခံလိုက်ပါက အနောက်ဆောင်က လူတွေ ဝိုင်းဒုက္ခပေး၊ အကောက်ကြံလို့ ထိုကလေးမနှစ်ဦး ဒုက္ခရောက်မည်အား ရှီချန်အန်း စိုးရိမ်ခြင်း၊ ပြောလိုခြင်းဖြစ်သည်။)

သူမ၏သခင်လေးမှ ထိုသို့မေးမြန်းလာမည်အား ယန်မောမော့ ထင်မှတ်ထားခဲ့ခြင်းမရှိပေ။ သူမ ရင်ထဲမချိလှသော်လည်း ယန်မောမော့ အံကြိတ် အားတင်းကာ အဖြေပြန်ပေးရသည်။

"သခင်လေး...သခင်လေး အဲ့ဒီကလေးမနှစ်ယောက်ကို ဂရုစိုက်တယ်ဆိုတာ နားလည်ပါတယ်...ဒါပေမယ့် သူတို့အတွက် အကောင်းဆုံးလမ်းအနေနဲ့ရော...သခင်လေးအတွက် အကောင်းဆုံး အထောက်အကူဖြစ်ဖို့အတွက်က သူတို့ကို အမြန်ဆုံး ဝမ်ရယ်ရဲ့လူအဖြစ် လုပ်ဖို့ပါပဲ...သခင်လေးက ဘယ်လိုပဲ ဝမ်ရယ်ရဲ့ တရားဝင် ဇနီးမယားပါလို့ ပြောနေပေမယ့်လည်း ယောကျ်ားတဦးဖြစ်ပြီး တရားဝင်ဆက်ခံသူမမွေးပေးနိုင်တာက ငြင်းလို့မရပါဘူး...ပြီးတော့ အရှင်မင်းကြီးက သခင်လေးနဲ့ ဝမ်ရယ်ရဲ့ လက်ထပ်ပွဲကို ချီးမြှောက်ထားတယ်ဆိုဦးတော့ ဒါကမဖြစ်သင့်တဲ့ကိစ္စဆိုတာ အားလုံးသိပြီးသားပါ....ဝမ်ရယ်က အခု သခင်လေးကို ပစ်ပယ်လို့၊ စွန့်ပစ်လို့မရဘူးဆိုပေမယ့်....သခင်လေးသာ ဝမ်ရယ်ဆီက မျက်နှာသာပေးမှု၊ ထိုက်သင့်တဲ့ လေးစားမှုသာ မရဘူးဆိုရင်....ရှေ့လျောက် အိမ်တော်မှာနေရမယ့် သခင်လေးရဲ့ နေ့ရက်တွေက ခက်ခဲလာမှာပါ....."

သူမ၏သခင်လေးထံမှ ကန့်ကွက်လာခြင်းမရှိဘဲ သေချာနားထောင်နေသည်အား မြင်လိုက်ရသောအခါ ယန်မောမော့ သခင်လေးအား ဆေးသေချာစွာ ထည့်ပေးရင်း ဆက်ပြောလိုက်သည်။ 

"သိပ်မကြာခင် စီ့ဖေးတွေ အိမ်တော်ထဲ ဝင်လာကြတော့မယ်...အကယ်၍များ သူတို့ထဲက တယောက်သာ ဝမ်ရယ်ရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့မယ်ဆိုရင်...ဝမ်ရယ်ရဲ့ဂရုစိုက်မှုတွေနဲ့အတူ...ကလေးတယောက်မွေးလာဖို့ဆိုတာ အနှေးနဲ့အမြန်ပဲ....
သခင်လေး...သခင်လေး ဒီစကားတွေ မကြားချင်ဘူးဆိုတာ လောင်နူ* သိပါတယ်...ဒါပေမယ့် ဒီတကြိမ်တော့ ဟောဒီ့အစေခံကြီးရဲ့စကားကို နားထောင်ပေးပါ...သခင်လေး တုန်းရွှယ်နဲ့ ချွန်းယွီတို့ကို ကိုယ်လုပ်တော်အဖြစ် အမြန်စီစဉ်ဖို့လိုတယ်....စီ့ဖေးနှစ်ပါးမတိုင်ခင် ကလေးရနိုင်ရင် အကောင်းဆုံးပါပဲ...အဲ့ဒါမှ ကလေးကို သခင်လေးရဲ့နာမည်အောက်မှာ မွေးနိုင်မှာ...ဒီလိုမျိုးမှသာ သခင်လေးရဲ့တရားဝင်ဇနီးနေရာက ခိုင်မြဲနိုင်ပြီး...သခင်လေး လက်အောက်မှာ ကလေးတယောက်ရှိနေမှသာ သခင်လေးရဲ့အနာဂတ်နေ့ရက်တွေကို မပူမပင်ဖြတ်သန်းနိုင်မှာပါ.... "

*(လောင်နူ=ဟောဒီအစေခံကြီး၊ အစေခံအိုကြီး။)

"မောမော့...စိတ်ချပါ...ကျွန်တော် စီစဉ်လိုက်ပါ့မယ်..."

တရားဝင်ဇနီးသည်ဆိုသည့်နေရာရယ်၊ သူ့အနားမှာ ကလေးတဦးသာရှိရင် အားလုံးအဆင်ပြေသွားပြီး စိတ်ပူစရာ မလိုတော့ဘူးတဲ့လား။ ရှီချန်အန်း ယန်မောမော့အား ဘာမှထပ်မပြောချင်တော့ပေ။ ယန်မောမော့သည် သူ့အပေါ်မှာ စိုးရိမ်၍ ဤသို့ပြောရကြောင်းလည်း သူ နားလည်သည်။ ထို့အပြင် ယန်မောမော့ ပြောသည့်အရာများသည် ဖြစ်သင့်ဖြစ်ထိုက်သည်များသာ ဖြစ်ကြောင်းလည်း သူ သဘောပေါက်သည်။

သို့စေကာမူ သူ၏မိခင်သည် အကောင်းဆုံးသော ဥပမာ၊ သင်ခန်းစာပင် မဟုတ်လား။ ဘာကြောင့် မသေချာ မရေရာသည့် နေ့ရက်တွေအတွက် သူ ချွန်းယွီနှင့် တုန်းရွှယ်အား ဆုံးရှုံးခံရမည်နည်း။

သူ့မေမေကရော တရားဝင်ဇနီးသည် မဟုတ်ဘူးလား...။ သူကရော....သူ့ဖခင်၏ တရားဝင် သားကြီး မဟုတ်ဘူးလား....။ ဒါပေမယ့် အဲ့ဒါတွေက ဘာများ အသုံးဝင်ခဲ့လို့လဲ...။ သူ သိတတ် မှတ်မိသည့်အရွယ်မှစပြီး သူ့မိခင်သည် အိမ်တော်၏ ချောင်ကျ ဝေးလံလွန်းလှသည့် ခြံဝန်းငယ်လေးတွင်သာ နေထိုင်ခဲ့ရသည်။ သူ့ဖခင်၏ ချစ်ခြင်း မေတ္တာအား အနည်းငယ်မျှပင် မရရှိသွားခဲ့ပေ။

သူ လေးနှစ်အရွယ်တွင် အက္ခရာစာလုံးရေ တထောင်ကျော် ဖတ်နိုင်ခဲ့ပြီ။ အသက်ခုနစ်နှစ်တွင် စာအုပ်ငါးအုပ် ဖတ်ပြီးသွားပြီ။ သူ၏အသက် ကိုးနှစ်တွင်မူ ကိုယ်ပိုင်ကဗျာရေးနိုင်နေပြီ။ ဒါပေမယ့် ဘာလုပ်လို့ရခဲ့သလဲ။ ထိုအစား လျိုရှီး၏သားထံမှ အသင့်ရေးပြီးသား* ရှေးဟောင်းကဗျာကသာ သူ့ဖခင်အား ပျော်ရွှင်စေခဲ့သည်။ 

*(ဈေးများထဲတွင် ရောင်းချလေ့ရှိသော အခြားစာပေပညာရှင်များမှ ရေးသားထားသော ကဗျာများ။)

သူ၏မိခင်အကြောင်း စဉ်းစားမိသောအခါ ရှီချန်အန်း အတိတ်နေ့ရက်များအကြောင်း သတိရမိလာသည်။ သူ၏မိခင် ကွယ်လွန်သွားပြီးနောက် သူ့ဖခင်မှ သူ့အား ရွာငယ်လေးမှ စိုက်ပျိုးရေးခြံတခုဆီသို့ ပို့ခဲ့သည်။ ထိုမတိုင်မီ ရှီအိမ်တော်တွင် နေထိုင်ခဲ့စဉ်ကာလများတွင်တော့ သူ၏ဖခင်သည် မျက်နှာလိုက်တတ်ပြီး သူနှင့် သူ့မိခင်အပေါ်တွင် လုံးလုံး အာရုံစိုက်၊ ဂရုပြုခဲ့ခြင်းမရှိခဲ့ပေမယ့် သူ ကြီးပြင်းလာခဲ့သည့်ကာလတလျောက်လုံးတွင် အခက်အခဲ တွေ့ခဲ့ရခြင်းမျိုး မရှိပေ။

သူ၏ လိုအပ်ချက်၊ နေ့စဉ်စားဝတ်နေရေး အားလုံးတို့အား မိခင်ဖြစ်သူမှ အစစအရာရာ စီစဉ်ဆောင်ရွက်ပေးကာ ဂရုစိုက်ခဲ့သည်။ သို့သော် သူ ထိုခြံငယ်လေးသို့ ပြောင်းရွေ့နေထိုင်ရသည့်အခိျန်မှစ၍ သူ သိလိုက်ရသည်ကတော့ ရှီအိမ်တော်မှ ခက်ခဲပင်ပန်းလှပါသည်ဟု သူ ထင်ထားခဲ့သောအရာများသည် လက်တွေ့ဘဝနှင့် ယှဉ်ကြည့်လိုက်သောအခါ ဘာမှမဟုတ်ပါလား ဟူ၍ပင်။ သူ၏မိခင် အသက်ရှင်စဉ်ကာလများတုန်းက သူ ဘာစားချင်သည်၊ ဘာလုပ်ချင်သည်၊ ဘယ်ဟင်းအရသာအသစ် မြည်းစမ်းချင်သည် စသည့် သူ၏အလိုဆန္ဒအားလုံးအား မိခင်ဖြစ်သူမှ သူ စိတ်ကျေနပ်သည်အထိ ဖြည့်ဆည်းပေးလေ့ရှိသည်။ ထိုခြံငယ်သို့ ရောက်ရှိသွားသည့်အချိန်မှာတော့ ထိုခြံငယ်မှ အစေခံများသည် သူ့အား မလေးမစား ဆက်ဆံကာ ဂရုမစိုက်ကြပေ။ သူ၏နေ့စဉ်ဓူဝ စားဝတ်နေရေးသာမက သွားရေးလာရေးအထိ သူ ကိုယ်တိုင်ကိုယ်ကျ ပါဝင် လုပ်ဆောင်ရသည်။ သူ အခန့်မသင့်ဘဲ အအေးမိသည့်အချိန်တုန်းကလည်း ဆေးအတွက် ကလေးအရွယ်သာရှိသေးသော တုန်းရွှယ်ကိုသာ အားထားရပြီး ဆေးဆိုင်သို့လည်း ကိုယ်တိုင် သွားရောက်ရသည်။ အဘယ့်ကြောင့်ဆိုသော် ခြံဝန်းထဲရှိ ရှိရှိသမျှသော အစေခံတို့သည် အမိန့်ပေးထားသည့်အတိုင်း သူအတွက်ဆိုလျှင် တုတ်တုတ်မျှမလှုပ်ကြသောကြောင့် ဖြစ်သည်။ 

"အဟွတ်...အဟွတ်...."

သူ သူ၏မိခင်နှင့် ယာတောမြေက ခြံဝန်းထဲတွင်နေထိုင်ခဲ့စဉ်က သူ၏ ခါးသီးလှသော ခံပြင်းမှုတို့အား စဉ်းစားမိသည့်အခါတိုင်း...ရှီချန်အန်း၏ ပင်မဝိညာဉ်နှင့် သွေးကြောတို့သည် ပြင်းထန်သောလှုံ့ဆော်မှုအား ခံစားရလေ့ရှိသည်။ ရှိသမျှ ခြေလက်အားလုံးနှင့် အရိုးထဲသို့ စိမ့်ဝင်လာသည့် အေးစက်မှုကြောင့် သူ၏တကိုယ်လုံး တုန်ယင်လာသည်။

"သခင်လေး....သခင်လေး အအေးမိတာက တော်တော်လေး ပြန်ကောင်းလာပြီဆိုပေမယ့် ဒီချောင်းဆိုးနေတာကြီးက တော်တော်နဲ့မပျောက်နိုင်သေးဘူးနော်...အခုဆို တလတောင်ပြည့်တော့မယ်...သခင်လေး...ဝမ်ရယ်ကို မေးပြီးတော့ နန်းတွင်းသမားတော်နဲ့ ပြကြည့်တာ ပိုမကောင်းဘူးလား...ဘာပဲဖြစ်ဖြစ် သခင်လေးက အခု ......"

"မောမော့....အခုလိုမျိုးစကားကို နောက်ဘယ်တော့မှ မပြောမိပါစေနဲ့...ဝမ်ရယ် မကြားချင်ဆုံးဖြစ်မယ့်စကားတွေက မောမော့ အခုပြောမယ့်စကားတွေပဲ..."

ဝမ်ဖေး....ဟုတ်လား။ သူ၏ဝမ်ဖေးဟူသော ဂုဏ်ပုဒ်သည် ရှောင်းချင်းယန့်အား အရှက်ရစေရန်သာ တတ်နိုင်သည်။ 'ယောကျ်ားတယောက်အား ''ဝမ်ဖေး''အရာမြှောက်ကာ လက်ထပ်ထားရသူ' ဟူ၍...။ ထိုအကြောင်းကြောင့် နဂိုကပင် သူ့အပေါ်တွင် မကျေမချမ်းဖြစ်မှုတို့က ရှိနေပြီးသားပင်။ သူကလည်း စောစောစီးစီး မသေချင်သေးပေ။ ဘာကြောင့် ထို'ဝမ်ဖေး'ဟူသောအမည်အားသုံး၍ ကိုယ့်ပြဿနာကိုယ် မီးထွန်းပြီးရှာနေရဦးမည်နည်း။ 

“မောမော့...အိမ်တော်ထိန်းကို သွားခေါ်ပေးပါဦး...ကျွန်တော် သူ့ကို မေးစရာလေးရှိလို့...”

“သခင်လေး နားလိုက်ပါဦး....ကျွန်မ သွားခေါ်လိုက်ပါ့မယ်...”

ယန်မောမော့ ထွက်သွားသည့်အခါ အဆောင်ထဲတွင် ရှီချန်အန်း တယောက်သာ ကျန်နေခဲ့သည်။ သူ၏ခြံဝန်းထဲတွင် လူသိပ်မရှိသည်အား ရှီချန်အန်း တွေးနေမိသည်။ သူသည် တိတ်ဆိတ်အေးချမ်းခြင်းအား သဘောကျသည်မှာ အမှန်ပင်ဖြစ်သော်လည်း သူ၏ဂုဏ်ဒြပ်နှင့် လိုက်လျောညီထွေစွာ မနေ၍လည်း မရပြန်ပေ။ နောက်မှ အစေခံမိန်းကလေးတချို့ကို သူ့ခြံဝန်းသို့ လာရောက်ပြောင်းရွေ့စေတာ ပိုကောင်းမည်။ အင်း...ဟုတ်တယ်။ လှလှပပအရာတွေကို ကြည့်ပြီး မျက်စိပသာဒခံချင်ကြတာတော့ လူတိုင်းပင်။ ရှောင်းချင်းယန့် ဒီကို မကြာခဏ လာဖြစ်တာပဲ။ လာတိုင်း မိန်းမလှလှလေးတွေကို မြင်ရရင် သူလည်း စိတ်ကြည်လင်သွားမှာပဲ။ ဒါဆို ရှောင်းချင်းယန့် သူ့အပေါ်မှာ အာရုံစိုက်မိတော့မှာ မဟုတ်ဘူးပဲ။ 

သူ၏ခြံဝန်းနှင့်ပတ်သက်သောကိစ္စများအား မည်သို့ဆောင်ရွက်ရန် စဉ်းစားနေရင်းမှ ရှောင်းချင်းယန့် သူ့အား တာဝန်ပေးအပ်ထားသည့်ကိစ္စအား ရှီချန်အန်း တွေးဆမိပြန်သည်။ စောစောက ရှောင်းချင်းယန့်သည် အိမ်တော်သို့ စီ့ဖေးနှစ်ပါး ဝင်ရောက်လာမည့်အကြောင်းပြောသွားခဲ့သည်။ တဦးက လယ်ယာစိုက်ပျိုးရေးဌာနက ဝန်ကြီး၏ သမီးကြီး။ နောက်တဦးက ဘာသာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက လက်ထောက်ဝန်ကြီး၏ ပဏာမဇနီးသည်၏သမီး။ သူ ဆက်လက်တွေးတောမိသည်က ဘာသာရေးနှင့် ယဉ်ကျေးမှုဌာနမှ လက်ထောက်ဝန်ကြီး၏ သမီးသည် ပဏာမသမီးဆိုသည့်အတိုင်း တရားဝင်သမီးဖြစ်ရမည်။ လယ်ယာစိုက်ပျိုးရေးဝန်ကြီး၏သမီးကြီးဆိုသည်ကတော့ သမီးကြီးဆိုသည်သာရှိသဖြင့် တရားဝင်ဇနီးသည်မှမွေးသည်တော့ မဖြစ်တန်ရာ။ 

သူတို့ တာ့ရှောင်းပြည်ကြီးတွင် တရားဝင်ဇနီးသည်မှ မွေးဖွားသည့်သားသမီးနှင့် ကိုယ်လုပ်တော်မှမွေးဖွားသည့် သားသမီးသည် အကြီးအကျယ် ကွာခြားလှပေသည်။ လက်ထောက်ဝန်ကြီး၏ ပဏာမသမီးနှင့် ဝန်ကြီးတဦး၏ ကိုယ်လုပ်တော်ဖွား သမီးကြီးဆိုတော့ ရှောင်းချင်းယန့် ဘာတွေကိုများ စီစဉ်နေချင်တာပါလိမ့်။***

ရှီချန်အန်း အတွေးပိုနေစဉ်မှာပဲ အိမ်တော်ထိန်း ရောက်လာသည်။ ထို့နောက် အိမ်တော်ထိန်းမှ ရှီချန်အန်းအား လိုအပ်သည့် အရိုအသေပေးမှု ပြီးသွားသည်နှင့် ကွေ့ဝိုက်မနေတော့ဘဲ ရှီချန်အန်း မေးလိုသည်အား တန်း၍မေးလိုက်သည်။

"အိမ်တော်ထိန်း....အရင် ဝမ်ရယ်ကို ခစားရတဲ့ အစေခံမိန်းကလေးတွေရော...အခု ဘယ်ရောက်သွားတာလဲ..."

ယခုအဆောင်သည် ဝမ်ရယ်အိမ်တော်၏ ပင်မအဆောင်ဖြစ်သည်။ ထိုအပြင် ယခင်က ရှောင်းချင်းယန့် အိပ်စက်အနားယူရာ အဆောင်လည်းပဲ ဖြစ်သည်။ သို့ပေမယ့် ဘာကြောင့် ယခင်က ရှောင်းချင်းယန့်အား ခစားခဲ့ရသည့် အစေခံတို့အား သူ မမြင်မိရသနည်း။ 

"ဝမ်ဖေးအား ပြန်လည်ဖြေကြားအပ်ပါတယ်...ယခင် ဝမ်ရယ်အား ပုံမှန် ခစားရတဲ့သူတွေကတော့ ဝမ်ဖေး တွေ့ခဲ့ပြီးသားဖြစ်တဲ့ ဇီယွဲ့နှင့် ဇီယန့်တို့ပါ... နန်းတွင်းမှ သူတို့နှစ်ဦးကို ချီးမြှောက်ပြီးတဲ့အခါမှာတော့ ဝမ်ရယ်က သူတို့ကို တခြားခြံဝန်းသို့ သွားရောက်နေခိုင်းပါတယ်... ယခင်ကတော့ ဒီခြံဝန်းကို ဇီယွဲ့၊ ဇီယန့်နှင့်အတူ အငယ်တန်း အစေခံနှစ်ယောက်က စီမံကြတာပါ...ဝမ်ရယ် ခရီးထွက်တဲ့အခါမှာတော့ ကျွန်တော်မျိုးရဲ့သားဖြစ်သူက အဖော်လိုက်ပြီး ပြုစုခစားရတာပါ..."

ဇီယွဲ့နှင့် ဇီယန့်တို့သည် အစေခံဟူ၍ အမည်တပ်ရသော်လည်း တကယ်တမ်းတွင် ရှောင်းချင်းယန့်အား ခစားရသည့်သူများဖြစ်သဖြင့် သူမတို့လက်အောက်တွင် ခစားရသည့် အငယ်တန်းအစေခံတယောက်စီ ပြန်ရှိသေးသည်။ ဤသို့နှင့် ရှီချန်အန်း အိမ်တော်သို့ ရောက်လာခဲ့သည့်အချိန်တွင်တော့ ထိုသူတစုတို့သည် ပင်မခြံဝန်းမှ ပြောင်းရွေ့သွားကြရသည်။

"ဝမ်ဖေး...စိုးရိမ်စရာ မရှိပါဘူး...ဇီယွဲ့နှင့် ဇီယန့်တို့က အဆင့်အတန်းကွာခြားပါတယ်...သူတို့ ဒီခြံဝန်းမှာ နေကြတုန်းက အစေခံအိပ်ခန်းထဲမှာသာ နေကြတာပါ...."

အိမ်တော်ထိန်းမှ ထပ်ဆင့်ပြောကြားလိုက်သောစကားတို့အတွက် သူ မည်သို့ ပြန်တုံ့ပြန်ရမှန်းပင် မသိတော့ချေ။ သူ ထို့ကဲ့သို့အတွေးမျိုး တွေးမိခြင်းပင် မရှိပေ။ သို့ပေမယ့် အိမ်တော်ထိန်း၏ ထပ်မံရှင်းလင်းချက်အချို့နောက်တွင်တော့ သူ အကျိုးအကြောင်းသင့်လျော်ပေသည်ဟုသာ နားလည်လိုက်တော့သည်။ ဤအိမ်တော်ထိန်းသည် ရှောင်းချင်းယန့်၏လူယုံဖြစ်သည်နှင့်အညီ သူ၏မျက်လုံးထဲတွင် ရှောင်းချင်းယန့် တယောက်သာ သခင် ဖြစ်သည်။ ရှီချန်အန်းသည်ကား မမျှော်လင့်ဘဲ ပေါ်ပေါက်လာသည့် အမည်မသိသည့် နတ်၊ တစေၧတို့၏ ပဉ္စလက် လုပ်ရပ်တခုသာဖြစ်သည်။ အိမ်တော်ထိန်းသည် စိတ်သက်သာရာရသွားသော အပြုံးတခုအား ဆင်မြန်းရင်း အခြားကိစ္စတခုအား အလျင်အမြန် မေးမြန်းလိုက်သည်။ 

"မူလက အိမ်တော်မှာ သခင်ဆို၍ ဝမ်ရယ်တယောက်ထဲရှိတာပါ...ပြီးတော့ အိမ်တော်မှာ ဝန်းခြံအလွတ်တွေကလည်း အမြောက်အများ ရှိတာပါ...ဝမ်ဖေး ညွှန်ကြားပြီးတာနဲ့ ကျွန်တော်မျိုး စပြီး စီစဉ်လိုက်ပါ့မယ်...."

"ကောင်းပြီ....အဲ့ဒါဆိုရင် ပင်မခြံဝန်းနဲ့ ဖွဲ့စည်းပုံ သိပ်မကွာတဲ့ သီးသန့်ခြံဝန်းနှစ်ခု ပြင်ဆင်လိုက်ပါ...ခြံဝန်း ပြင်ပနှင့် အဆောင်အတွင်းပိုင်းအတွက်လည်း လိုအပ်တဲ့ အလှဆင် ပြင်ဆင်မှုတွေ လုပ်ထားလိုက်ပါ...ပြီးတော့ ခြံဝန်းနှစ်ခုရဲ့ ပြင်ဆင်မှုတွေက ကွာခြားမှု သိပ်မရှိပါစေနဲ့....စီ့ဖေးတွေက နောက်လ အစောပိုင်းမှာ အိမ်တော်ထဲ ဝင်လာကြမှာဆိုတော့ သူတို့ခြံဝန်းတွေမှာ ခစားရမယ့် အစေခံတွေကိုလဲ စောစောစီးစီး ကြိုရွေးထားလိုက်ပါ..."

"ဝမ်ဖေး စီစဉ်ညွှန်ကြားလိုက်တဲ့အတိုင်း ဟောဒီအစေခံကြီး ချက်ချင်း စီစဉ်ပြင်ဆင်လိုက်ပါ့မယ်..."

"ကောင်းပြီ...သွားလို့ရပါပြီ..."

အိမ်တော်ထိန်း ထွက်သွားပြီးသည့်အခါတွင်တော့ ရှီချန်အန်း အနည်းငယ် ပင်ပန်းလာကာ ခဏအနားယူချင်လာသည်။ ထို့ကြောင့် သူ ယန်မောမော့အား အပြင်ထွက်ခိုင်းလိုက်သည်။

ရှောင်းချင်းယန့် ပင်မအဆောင်ရှိ အခန်းအတွင်းသို့ ဝင်ရာက်လာသည့်အချိန်တွင်တော့ သူ့အား ခစားမည့် အစေခံများ တယောက်မျှ အခန်းတွင်း၌ မရှိသကဲ့သို့ ရှီချန်အန်းသည်လည်း မရှိပေ။ ဒီနေ့ သူ့အား ချင်းယွီမှ ရုတ်တရက် အပြင်ခေါ်ထုတ်သွားခဲ့ပြီး ပြန်လာခဲ့သည့်နောက်ပိုင်းတွင်လည်း သူ စာကြည့်ဆောင်တွင်သာ အချိန်တော်တော်ကြာ နေခဲ့သည်။ ယခု သူ အနည်းငယ် ပင်ပန်းလာ၍ အိပ်ခန်း၌ အနားယူရန် ပြန်လာခြင်းဖြစ်သည်။ သို့သော် ယခုကဲ့သို့ သူ့အား ခစားရန်စောင့်ဆိုင်းနေမည့်သူ တယောက်မှ မရှိသည့် အခြေအနေအား ထင်မှတ်ထားခဲ့ခြင်းမရှိပေ။ 

အပြင်ပြန်ထွက်ရန် လှည့်လိုက်ပြီးကာမှ နောက်ထပ် ခြေတလှမ်း ထပ်မလှမ်းမိခင် ရှီချန်အန်း၏လက်မောင်းမှ ဒဏ်ရာအား ရှောင်းချင်းယန့် သတိရသွားမိသည်။ သူက ဒဏ်ရာရထားရဲ့နဲ့ အိမ်တော်မှာ အနားယူနေသင့်တာကို....။ အခု ဘယ်တွေများ သွားနေတာပါလိမ့်။

"အဟွတ်...အဟွတ်..."

ရှောင်းချင်းယန့် မည်သည့်အချိန်တွင် ရောက်လာမည်မှန်း မသိနိုင်သောကြောင့် ရှီချန်အန်းသည် အတွင်းခန်းရှိ အိပ်ယာထက်တွင် ဘယ်သောအခါမှ မအိပ်စက်ရဲပေ။ သူ လက်ထပ်ပြီးသည့်အချိန်မှစ၍ ညစောင့်အစေခံမိန်းကလေး နေရသည့် ပင်မအိပ်ခန်းအပြင်ဘက်ရှိ အပြင်ခန်းတွင်သာ နေလေ့ရှိသည်။ ယခုတော့ သူ ထိုအပြင်ခန်းအား သူ၏ကိုယ်ပိုင် အိပ်ခန်းအဖြစ်သို့ သတ်မှတ်ထားပြီး ဖြစ်သည်။

ခပ်ကျယ်ကျယ် ချောင်းဆိုးသံတို့ကြောင့် ရှောင်းချင်းယန့်၏ အပြင် ပြန်ထွက်မည့်ခြေလှမ်းများ ရပ်တန့်သွားသည်။ သူ အပြင်ခန်းတံခါးအား ဖွင့်ကြည့်မိသည့်အခါတွင်တော့ ကုတင်ငယ်လေးပေါ်တွင် ခြုံစောင်မပါဘဲ သူ၏အဝတ်အစား သက်သက်ဖြင့်သာ အိပ်နေသော ရှီချန်အန်းအား တွေ့လိုက်ရသည်။ သူသည် အိပ်နေသည်မှာမှန်သော်လည်း တချက်တချက် ချောင်းကလည်း ထဆိုးနေသေးသည်။

ပြန်လှည့်ကာ ထွက်သွားချင်ပေမယ့် ရှောင်းချင်းယန့်၏ခြေလှမ်းတို့ကတော့ အိပ်ရာငယ်လေးဆီသို့ အမြန် ဦးတည်နေမိသည်။ သေချာ အနီးကပ်ကြည့်မိမှပဲ အိပ်ရာငယ်လေးထဲမှ ထိုသူသည် အိပ်မက်ဆိုးတချို့ မက်နေပုံရသည်။ သူ၏မျက်မှောင်တို့အား ကြုံ့ထားပြီး သူ၏နှုတ်ဖျားမှလည်း တစုံတရာအား မပီဝိုးတဝါး ရေရွတ်နေသေးသည်။

ရုတ်တရက် ရှီချန်အန်း ဘာတွေများ ယောင်ယမ်းရေရွတ်နေသလဲဆိုတာ သူ ကြားသိချင်မိသွားသည်။ ရှောင်းချင်းယန့် ညင်သာသောခြေလှမ်း ဖွဖွလေးလှမ်းကာ တိုးသွားရင်း အိပ်ရာငယ်လေး၏ နဘေးတွင် ထိုင်ချမိသည်။ ထိုသို့ နီးကပ်သွားသည့်အခါမှသာလျှင် ရှောင်းချင်းယန့် သူ ပူပူနွေးနွေး လက်ထပ်ထားသည့် ဇနီးသည်၏ မျက်နှာအား ကောင်းစွာ မြင်ရတော့ပြီး ထိုမျက်နှာသည် ထင်မှတ်မထားမိစွာ လွန်စွာပင် သွေးဆုတ်နေကာ ဖြူရော်လွန်းနေသည်အား တွေ့လိုက်ရသည်။

သူ၏ အသားအရေသည် ပင်ကိုကပင် ဖြူလွန်းလှသည်။ သို့ပေမယ့် ယခုက အရောင်အဆင်းမဲ့ကာ ဖြူရော်လွန်းလှသည်။ သူ၏နှုတ်ခမ်းအရောင်သည်လည်း ဖြူဖတ်ဖြူရော်ဖြင့် သွေးမရှိသကဲ့သို့ပင်။ အမှန်ပင် သူသည် ချောမောလှပသော ရုပ်ရည်ရှိသည်။ သို့သော် ယခုတွင်မူ ထိုသူ၏ မျက်နှာပေါ်ရှိ ထင်ရှားလှပသော အစိတ်အပိုင်းအားလုံးတို့သည် နေမကောင်းဖြစ်နေဟန်တူသော မျက်နှာရိပ်၏ လွှမ်းမိုးမှုအောက်တွင် သိသာထင်ရှားနေခြင်း ရှိမနေပေ။ သို့စေကာမူ.........

"မေမေ....."

ရှီချန်အန်း လူတချို့မှ သူ့မိခင်၏ပါးစပ်ထဲသို့ အဆိပ်ခွက်ထဲမှ အဆိပ်ရည်များ လောင်းထည့်နေသည်အား မြင်ပြီး ထိုလူစုအား တွန်းဖယ်ပစ်ရန် အားကုန်ကြိုးစားမိသည်။ သို့သော် သူ မည်သူ့ကိုမှ ဖမ်းမိတားမြစ်နိုင်ခြင်း မရှိဘဲ သူမ၏အသက်အား ဝါးမြိုဖျက်စီးပစ်မည့် အဆိပ်ဆေးအား သူ့မိခင် သောက်နေရသည်အား အကူအညီမဲ့စွာသာ ရပ်ကြည့်နေရသည်။ 

သူ စိတ်သက်သာရာမရ၊ နာကျင် ခံရခက်စွာ ခံစားနေစဉ်တွင်ပဲ ရုတ်တရက် သူ သူ့မိခင်၏အုတ်ဂူရှေ့တွင် ရပ်နေမိနေသည်။ သူ့အနေဖြင့် ဝမ်းနည်းနောင်တကြီးစွာဖြင့် ရှေ့တွင်ရှိသော အေးစက်နေသည့် ကျောက်တိုင်ကိုသာ ဖက်ငိုနိုင်တော့သည်။  သူ့မိခင်၏ အကျႌအဖျားစလေးကိုပင် သူ ဒီတသက် မထိတွေ့နိုင်တော့ပေ။

တင်းကြပ်စွာ ပိတ်ထားသော ရှီချန်အန်း၏ ရှည်လျားသွယ်ပျောင်းလှသည့် မျက်ခွံထောင့်မှ မျက်ရည်တို့ ဖြည်းညင်းစွာ စီးဆင်းလာပြီး ကော့ညွှတ်နေသော မျက်တောင်ရှည်ရှည်တို့ တဖြည်းဖြည်း လှုပ်ခတ်လာသည်အား တွေ့လိုက်ရသည့် ရှောင်းချင်းယန့်... သူ၏လှုပ်ရှားမှုများအား ရုတ်တရက် ရပ်တန့်ကာ ထရပ်မိသွားသည်။ ထို့နောက် အလျင်စလိုဖြင့် ထိုအပြင်ခန်းငယ်လေးထဲမှ ထွက်သွားလေသည်။ ယခုအချိန်တွင် သူ ကိုယ်တိုင်ကပင် လူအများ၏ သနားဂရုဏာသက်မှု...သို့တည်းမဟုတ်ပါက လှောင်ပြောင်ဝေဖန်မှုအား ခံနေရသော မင်းသားတပါးသာ....။ ထိုသို့သော သူသည် အဘယ်မှာ သူတဦးပေါ်တွင် သနားဂရုဏာသက်နေရန် အရည်အချင်းမျိုး ရှိပါသနည်း....။

*[T/N: ဒီအပိုင်းက ဒီဝတၳုကို စဖတ်ကတည်းက အကြိုက်ဆုံး အခန်းလေး။ ရှောင်းချင်းယန့်၏ မသိမသာ လူမသိ ချန်အန်းမသိ roသော အခန်းလေး😁။
ဒါနဲ့ English Translationက ပြီးသွားပြီ။ ဒီWattpadထဲမှာကို ဝင်ဖတ်လို့ရတယ်။ သွားအားပေးကြပါဦးနော်။ ဒါမှ အဲ့ဒီTranslatorက တခြားဝတၳုတွေ များများ ဆက်ပြန်ဖြစ်အောင်😊။ သူ ပြန်တဲ့ဝတၳုတွေ အကုန်လုံးက ကိုယ့်အကြိုက် genreတွေချည်းပဲ။ Mpreg အကြိုက်တူတဲ့သူရှိရင်...please give it a check! (said with a shameless face!)]

XXXXX

*** (Spoiler: စီ့ဖေးနှစ်ပါးကိစ္စက မင်းကြီး စီစဉ်တဲ့ကိစ္စပါနော်...)

XXXXX

PREVIOUS << TOC >> NEXT

No comments:

Post a Comment

Support My Translations