အပိုင်း (၂၄)
ရှောင်းချင်းယန့်နှင့် ရှီချန်အန်းအား နန်းတော်တွင်းသို့ ဝင်ရောက်ရန် ရှေ့ဆင့်နောက်ဆင့် အခေါ်တော်လွှတ်သည့်သတင်းအား ကြားပြီးနောက်တွင်တော့ မင်ယွိသည် သူမကိုယ်သူမ ဂုဏ်ယူ၍မဆုံးပင်။ တော်သေးတယ်...။ သူမ မောမော့ရဲ့စကားကို နားထောင်လိုက်လို့ ကိစ္စတွေကို ဒီလိုကြီးသွားအောင်လုပ်နိုင်တာ...။ မဟုတ်ရင်...သူမတယောက်ထဲပဲ အလကားအနစ်နာခံရပြီး အရှုံးပေးလိုက်ရမှာ...။
"မောမော့...ရှီချန်အန်းက အပြစ်ပေးခံရမှာ သေချာရဲ့လား...တကယ်လို့...ဘာမှ အပြစ်ပေးမခံရဘဲ ဒီအတိုင်း အဆူခံပြီး ပြီးသွားခဲ့ရင်ရော...ဘယ်လိုလုပ်မလဲ...ဒါနဲ့...ဝမ်ရယ်ကပါ ဘာလို့ နန်းတွင်းထဲ အခေါ်လွှတ်ခံရတာလဲ...အရှင်မင်းကြီးက ဘာလို့ ဝမ်ရယ်ကိုပါ နန်းတော်ထဲ ဝင်ခိုင်းရတာလဲ..."
ရှီချန်အန်းသည် ဝမ်ရယ်အိမ်တော်ကြီးတခု၏ ဝမ်ဖေးတပါး ဖြစ်သည်။ ထို့ကြောင့် ဤအိမ်တော်အတွင်း၌ ဝမ်ရယ်ကသာ ရှီချန်အန်းအား အရေးမယူ၊အပြစ်မပေးပါက အိမ်တော်တခုလုံးတွင် ရှီချန်အန်းအား ဘယ်သူမှ အပြစ်မရှာနိုင်ပေ။ သို့သော်...သူမတို့သည် တော်ဝင်မိသားစုအတွင်းသို့ အတူတူ လက်ထပ်ဝင်ရောက်ထားကြသူများဖြစ်သည်။ ထို့ကြောင့် အိမ်တော်၏အနောက်ဆောင်တွင် ဖြစ်ပျက်နေသောကိစ္စများတွင် ဝမ်ရယ်မှ မည်သို့ပင် မျက်နှာလိုက်သောဆုံးဖြတ်ချက်များ ချစေကာမူ...သူမတွင် သူမ၏မတရားခံရမှုတို့အား တိုင်တန်းရမည့်သူ၊ ဖြေရှင်းပေးနိုင်မည့်သူအဖြစ် မိဖုရားခေါင်ကြီးတယောက်လုံး ရှိနေသေးသည်လေ...။
"စီ့ဖေးမယ်မယ်...မယ်မယ် စိတ်ချနေလိုက်စမ်းပါ...မိဖုရားခေါင်မယ်မယ်ရှေ့ရောက်သွားရင်...မိဖုရားခေါင်မယ်မယ်က အဲ့ဒီရှီချန်အန်းကို ဒီအတိုင်း အလွတ်ပေးလိုက်ပါ့မလား..."
ဒုတိယမင်းသားနှင့် ရှန်ဝမ်ကြားတွင် လွန်တရာနက်ရှိုင်းလှသော အငြိုးအတေးများစွာ ရှိသည်။ ရှန်ဝမ်၏ဝမ်ဖေးသာ မိဖုရားခေါင်ကြီးရှေ့သို့ ကျရောက်သွားပါက မိဖုရားခေါင်ကြီးအနေဖြင့် ရှီချန်အန်းအား အလွယ်တကူ လွှတ်ပေးလိုက်စရာ အကြောင်းမရှိချေ။
"ဟုတ်တယ်...ပြီးတော့ ကျွန်မဖေဖေနှင့် လင်အိမ်တော်က တလှေထဲစီးနေကြတဲ့သူတွေပဲ...အဲ့ဒီတော့ မိဖုရားခေါင်မယ်မယ်က ကျွန်မကို ကူညီပေးမှာ အသေအချာပဲ..."
သူမ၏စိတ်ထဲတွင် မိဖုရားခေါင်ကြီးမှ ရှီချန်အန်းအား ကြိမ်ဒဏ်အပြစ်ပေးနေသည့်မြင်ကွင်းအား စိတ်ကူးယဉ်အတွေးပုံဖော်နေရင်း မင်ယွိ သူမ၏ထိခိုက်ဒဏ်ရာရထားသောခေါင်းအား ဖွဖွသာသာလေး ပွတ်သပ်နေမိသည်။ သူမစိတ်ထဲတွင် နောင်တအနည်းငယ် ရနေဆဲဖြစ်သည်။ မနေ့က သူမ အားသုံးတာ နည်းနည်းများသွားသည်...။ နဖူးမှာ အမာရွတ်များ ကျန်နေခဲ့မလား မသိဘူး...။ ကျန်နေလို့ကတော့.....ရှီချန်အန်း နင့်အသက်တဝက်နဲ့ လျော်ကြေးပေးရင်တောင် ကျေအေးမပေးနိုင်ဘူး...။
"ဒါနဲ့...ချင်ရှင်းက ဘာလို့ မလာသေးတာလဲ...ငါ ဒီလို ဒဏ်ရာရထားတာတောင် သူက လုံးဝ လာမကြည့်ဘူးလား..."
စဉ်းစားကြည့်လိုက်တော့ မနေ့ကတည်းကပင် ချင်ရှင်းအား အရိပ်အယောင်ပင် မတွေ့ရသေး...။ မင်ယွိ၏ စောစောကမှ ကြည်လင်စပြုလာသော စိတ်အခြေအနေသည် တဖန်ပြန်လည် နောက်နွမ်းစိတ်တိုစပြုလာပြန်သည်။
"ချင်ရှင်း..သူက...ဒါ ဘာအဓိပ္ပါယ်လဲ..."
တကယ်ကြီးကို သူမဆီ တချက်လေးတောင် လာကြည့်ဖော်မရဘူးပေါ့...ဟုတ်လား...။
"အိုက်ယား...ကျွန်မရဲ့ သခင်မလေးရယ်...ဘာလို့ သူ့ကို သွားဂရုစိုက်နေရတာလဲ...သူ ဒီအိမ်တော်ကို ရောက်ပြီးနောက် ဘယ်နှခါများ သူ့အိမ်တော်ကို ပြန်တာ တွေ့ဖူးလို့လဲ...အဲ့လိုပဲ သူ့အိမ်တော်ကလူတွေကရော...ဘယ်သူကများ သူ့ကို လာတွေ့တာရှိဖူးလို့လဲ...သူက သခင်မလေးနဲ့ ယှဉ်လို့ နိုင်နိုင်ရိုးလား...သူ့ကို ဘာလုပ်ဖို့ ဂရုစိုက်နေရမှာလဲ..."
“ဟွန့်..”
ချင်ရှင်းက သူမနှင့် ဘယ်နေရာမှ မယှဉ်နိုင်ဘူးဆိုတာ သူမ သိသားပဲ...။ သို့ပေမယ့်...မင်ယွိ စိတ်ဆိုးတာကတော့ စိတ်ဆိုးတာပဲဖြစ်သည်။ သူမက ဒဏ်ရာရထားတာ...။ ဒါကို ချင်ရှင်းက လာမကြည့်ဘူး...။ သူက ကျားသစ်သည်းခြေစားထားပြီး သတ္တိတွေ ကောင်းနေတယ်ပေါ့လေ.....။
ပြောစရာမလိုပေ။ မင်ယွိဒဏ်ရာရသည့်အကြောင်းအား ချင်ရှင်း သိသည်။ ထို့အပြင်...ထိုကိစ္စသည် မင်ယွိ၏ နံဘေးရှိ နို့ထိန်းအမေထံမှ ထွက်လာသောအကြံ ဖြစ်ရမည်ကိုလည်း သူမ သိသေးသည်။ သူမသည် ရည်ရွယ်ချက်ရှိရှိပင် မင်ယွိထံသို့ သွားမကြည့်ခြင်းပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူမ ဤအိမ်တော်ရှိ လူများအား တဖြည်းဖြည်း သိလာစေလိုသောကြောင့်ပင် ဖြစ်သည်။ သူမသည် သူမ...။ မင်ယွိသည် မင်ယွိ...။ သူမတို့နှစ်ယောက်သည် တလှေထဲစီးနေကြသည့် အဖွဲ့တူသည့် လူနှစ်ယောက် မဟုတ်ကြောင်း သိစေရန်ပင်။
သူမစိတ်ထဲ စိုးရိမ်နေရသည့်ကိစ္စသည် နောက်ဆုံးတော့ ဖြစ်လာခဲ့တာပဲဖြစ်သည်။
သူမ ရှန်ဝမ်အိမ်တော်သို့ လက်ဆက်ဝင်ရောက်ခဲ့သည်မှာ လဝက်မျှရှိလာခဲ့ပြီဖြစ်ပြီး သူမ၏အိမ်တော်ဘက်မှ တုံ့ပြန်မှုအား ကြည့်ခြင်းအားဖြင့် ယခုမှစ၍ မိမိကိုယ်ကို အားကိုး၍ကြိုးစားကာ နေထိုင်သွားရတော့မည်ဖြစ်ကြောင်း ချင်ရှင်း သိလိုက်ရပြီဖြစ်သည်။ ရှန်ဝမ်နှင့် ဒုတိယမင်းသားသည် မီးနှင့်ရေကဲ့သို့ပင် ယှဉ်တွဲကာနေ၍ မရသည့်သူများ ဖြစ်သည်။ သူမ၏ဖခင်ဖြစ်သူသည် အစောကြီးကတည်းကပင် ဒုတိယမင်းသားဘက်သို့ ကူးပြောင်းအားထည့်ပြီးသားဖြစ်သည်။ ယခုကဲ့သို့ သူမ ရှန်ဝမ်စီ့ဖေးဖြစ်လာခဲ့သည့်အချိန်တွင်တော့...ဖခင်ထံတွင် ရွေးချယ်စရာ လမ်းနှစ်ခုသာ ရှိသည်။ ၎င်းမှာ...ဒုတိယမင်းသားအား စွန့်ခွာ၍ ရှန်ဝမ်ဘက်သို့ ဘက်ပြောင်းထောက်ခံလေမည်လား...၊ သို့တည်းမဟုတ် ဒုတိယမင်းသားအား ဆက်လက် ထောက်ခံအားဖြည့်ပေးနေပြီး...မိမိ၏သမီးဖြစ်သူအား စွန့်ပစ်လိုက်မည်လား.....ဟူ၍ပင်...။
ရှန်ဝမ်သည် အစကတည်းက စွန့်ပစ်ခံမင်းသားတပါး ဖြစ်နေခဲ့ပြီဖြစ်ရာ...ဖခင်၏ ရွေးချယ်မှုသည် ဒုတိယတလမ်းဖြစ်မည်ဆိုသည်မှာ ထင်ရှားနေသောကိစ္စတရပ်သာ...။ သူမစိတ်ထဲ စိုးရိမ်နေရသည့်ကိစ္စသည် နောက်ဆုံးတော့ ဖြစ်လာခဲ့တာပဲဖြစ်သည်။ နောင်အနာဂတ်နေ့ရက်များတွင် သူမသည်လည်း ရှီချန်အန်းနှင့် ထူးမခြားနားသောရပ်တည်မှုတွင် ရှိနေတော့မည်ဖြစ်သည်။ ထိုရပ်တည်မှုသည်... မှီခိုအားကိုးစရာ မိဘအိမ်တော်ရော၊ လူရော မရှိတော့သည့် တူညီသည့်အခြေအနေတခုပင် ဖြစ်သည်။
"မယ်မယ်...အခု ရာသီဥတုက အေးလာပြီ... မယ်မယ် အခုလို အပေါက်ဝမှာ လေတိုက်ခံနေရင်...အအေးမိတော့မယ်လေ..."
"နို့ထိန်းအမေ...ကျွန်မက ဒီအတိုင်းလေးပဲ ကောင်းကောင်း အသက်ရှင်ပြီး နေသွားချင်တာ...ဘယ်သူ့ဆီကမှ အနှိမ်ခံ အနိုင်ကျင့်မခံရဘဲနဲ့လေ..."
သူမရဲ့စိတ်ထဲမှာ အမှန်တကယ်ပဲ မှန်မှန်ကန်ကန် နေထိုင်သွားချင်ပါတယ်ဆိုပြီး ရှင်းရှင်းလင်းလင်း သိနေရင်တောင်မှ...သူမ အခုရောက်နေသည့်နေရာသည် ရုန်းလေနှစ်လေမည့်နွံအိုင်ထဲတွင် ဖြစ်သည်။ သူမ၏ ရှေ့ဆက်သွားရမည့်လမ်းခရီးတွင် အခက်အခဲများစွာအား သေချာပေါက် ကြုံတွေ့ရမည်အား ချင်ရှင်း သိလိုက်ပြီးဖြစ်သည်။
ဝမ်ဖေး၏အဆောင်မှ ပြန်လာသည့်အချိန်မှစပြီး ချင်ရှင်း ကိစ္စတခုအား နားလည်သဘောပေါက်ပြီးသားဖြစ်သည်။ ရှေ့လာမည့်နေ့ရက်များတွင် သူမ ဤရှန်ဝမ်အိမ်တော်တွင် နေထိုင်ရင်း မိမိကိုယ်ကို အရှက်မရစေလိုလျှင်...အကောင်းဆုံးမှာ ဝမ်ဖေးနှင့် ထိပ်တိုက်သွားမတွေ့ရန် ဖြစ်သည်။ ဝမ်ရယ်၏စိတ်ထဲတွင် ဝမ်ဖေးနှင့်ပတ်သက်၍ မည်သည့်အတွေးများ ရှိနေစေကာမူ...အနည်းဆုံးတော့ လက်ရှိအချိန်တွင် ဝမ်ရယ်၏စိတ်ထဲရှိ ဝမ်ဖေး၏ရပ်တည်မှုသည် သူမထက် အများကြီးသာနေသည်မှာ အမှန်ပင်ဖြစ်သည်။
XXXXX
ရှီချန်အန်းသည် မိမိကိုယ်ကို ရေချိုးကန်ထဲတွင် အိပ်ပျော်သွားလိမ့်မည်ဟု ထင်မထားခဲ့။ တစုံတယောက်မှ သူ့အား ပွေ့ချီနေသကဲ့သို့သော မှားယွင်းနေသည့်ခံစားချက်အား ကိုယ်ပေါ်တွင်အာရုံခံစားလိုက်ရသည့်တခဏ...သူ မပီဝိုးတဝါး သူ၏မျက်ဝန်းများအား ဖွင့်ကြည့်မိလိုက်သည်။ ထိုမျက်စိဖွင့်ကြည့်လိုက်သည့်ခဏအတွင်းမှာပင်.....သူ လန့်ဖျပ်သွားခဲ့ပြီး ချက်ချင်း သူ၏အိပ်ချင်စိတ်တို့ အဝေးသို့လွင့်ပျံသွားခဲ့သည်။
“ဝမ်ရယ်..”
သူ တကယ်ကြီး အိပ်ပျော်သွားခဲ့တာ...။ ပြီးတော့...ရှောင်းချင်းယန့်က သူ့ကို ရေချိုးကန်ထဲကနေတောင် သယ်ပြီးခေါ်ထုတ်လာခဲ့ရတဲ့ အခြေအနေထိရောက်သွားအောင်တောင် နေလိုက်သေးတယ်...။ သူ ရှောင်းချင်းယန့်အား အောက်ချပေးပါရန်ပြောမလို့ပင်...။ သို့သော် သူ ပါးစပ်ဟရန်ပြင်လိုက်ရုံရှိသေးသည်...ရှောင်းချင်းယန့်သည် အိပ်ရာဘေးသို့ ရောက်နေခဲ့ပြီဖြစ်ပြီး သူ့အား အိပ်ရာထက်တွင် တခါတည်း ချပေးလိုက်ပြီဖြစ်သည်။
သူ၏ခန္ဓာကိုယ်နှင့် အိပ်ရာထိလိုက်သည်နှင့်ချက်ချင်း...ရှီချန်အန်း စောင်ပုံအောက်ထဲသို့ အလျင်အမြန်ပင် တိုးဝင်ကာ ဖုံးကွယ်လိုက်မိသည်။ သူနှင့် ရှောင်းချင်းယန့်သည် အိပ်ရာတခုထဲတွင် အတူအိပ်စက်ခဲ့သည်မှာ ရက်အတော်ပင်ကြာနေပြီမှာမှန်သော်လည်း ယခုကဲ့သို့ အဝတ်မပါ ကိုယ်ဗလာဖြင့်တော့ တခါမျှ မနေခဲ့ဖူးပေ။ သူတို့နှစ်ဦးလုံးသည် ယောကျ်ားများဖြစ်ကြသည်မှာ မှန်သော်လည်း...၊ တယောက်နှင့်တယောက် ခန္ဓာကိုယ်ချင်းယှဉ်၍လည်း ထူး၍ကွာခြားချက်များ မရှိသည်မှာလည်း မှန်သော်ငြား...၊ ဒါပေမယ့် သူတို့နှစ်ဦး၏ပတ်သက်မှုသည်.......လက်ရှိတွင် ယခုကဲ့သို့ လူအား အရှက်သည်း၊ ကိုးရိုးကားရားနိုင်လှသော ပတ်သက်မှုတခု ဖြစ်နေခဲ့သည် မဟုတ်ပါလား...။
“ဝမ်ရယ်...စောစော အနားယူပါတော့...”
ရှီချန်အန်းတယောက် ယခုအချိန်တွင် မည်သည့်ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းတွေကိုမှ လိုက်နာဖို့ရန် ဂရုမစိုက်အားတော့...။ သူသည် စောင်ပုံကြီးထဲတိုးဝင်ကာ ထိုစောင်ကြီးဖြင့် တကိုယ်လုံးအား ရစ်ပတ်လွှမ်းခြုံထားကာ ထိုအတိုင်းပင် တခါတည်းအိပ်တော့မည့်ပုံစံပင်...။ သူ သူ့ကိုယ်သူ သိသည်။ လက်ရှိသူ၏ပုံစံသည် စည်းမျဉ်းစည်းကမ်းများမှ သွေဖယ်နေသည်အား...။ ဖြစ်သင့်သည်မှာ...သူ အိပ်ရာမှထ၍ အဝတ်အစားဝတ်၍ ရှောင်းချင်းယန့် အရင်အိပ်ပျော်သွားသည်အထိ စောင့်နေရမည် ဖြစ်သော်လည်း...၊ အခု သူ့အနေဖြင့် အဲ့ဒီလောက်အများကြီး ဂရုမစိုက်နိုင်တော့...။ ယခု သူ၏မျက်နှာထက်ရှိ တငွေ့ငွေ့ နီရဲပူပြင်းလာသည့်ခံစားချက်တခုသာ သိတော့သည်။ သူ ရှောင်းချင်းယန့် ရှေ့မှောက်တွင် ဤကဲ့သို့ အရှက်စရာကြုံရမည့်နေ့တနေ့ရှိလာခဲ့မည်ဟု ရှီချန်အန်း တခါမှ မတွေးမိခဲ့ဖူးပေ။
အသည်းအသန် လူတကိုယ်လုံး စောင်ထဲတိုးဝင်ကာ ထိုစောင်ဖြင့်ရစ်ပတ်လုံးထွေးနေသည့် ရှီချန်အန်းအား ကြည့်ရင်း...ရှောင်းချင်းယန့်၏စိတ်ထဲတွင် အမှန်တကယ်ပင် ဝေခွဲမရသည့်အတွေးပဟေဠိတို့ဖြင့် အတွေးများနေမိသည်။ ဤရက်ပိုင်းများတွင် သူ့(ရှောင်းချင်းယန့်)အနေဖြင့် အနည်းငယ်မျှပင် ယောကျ်ားလေးများအား သဘောကျသည့်ပုံစံအား စင်စစ်အားဖြင့် ဖော်ပြခဲ့ခြင်းမရှိသော်လည်း...ဒါပေမယ့် ထိုသူသည် သူ၏ဝမ်ဖေးတပါးလုပ်နေပြီး သူ(ရှောင်းချင်းယန့်) သဘောကျသည်ဖြစ်စေ၊ သဘောမကျသည်ဖြစ်စေ၊ သူ့(ရှီချန်အန်း)ဘက်မှ အရင်စ၍ သူ(ရှောင်းချင်းယန့်) စိတ်ကျေနပ်စေရန်၊ သူ့(ရှောင်းချင်းယန့်)ထံမှ သဘောကျခြင်းခံရစေရန် ကြိုးစားသင့်သည် မဟုတ်ဘူးလား...။ ဒါပေမယ့်...ဘာလို့ ထိုသူက သူ့အနီးနားကပ်ရမည်အား အမြဲကြောက်လန့်နေသည့်ပုံပေါက်နေရတာလဲ...။
ရှောင်းချင်းယန့်သည် သူ၏ကျောမှဒဏ်ရာများကြောင့် နေရသည်မှာ သက်တောင့်သက်သာမရှိသလို အိပ်ရာတွင်လည်း ဘေးတစောင်းသာ လှဲအိပ်နိုင်သည်။ ထိုသို့လှဲအိပ်ပြီးသောအခါတွင်မှ အခန်းတွင်းတွင် ဖယောင်းတိုင်မီးက မငြိမ်းသတ်ရသေးဘဲ ယခုထိ တောက်လောင်လင်းထိန်နေဆဲဖြစ်ကြောင်း သတိပြုမိသည်။ ထို့ကြောင့် နံဘေးနားတွင်ရှိနေသော ရှီချန်အန်းအား ဖယောင်းတိုင်မီး ထငြှိမ်းရန် ပြောပြီးနောက် ဆက်အိပ်နေလိုက်သည်။
ရှောင်းချင်းယန့်ထံမှ မီးထငြှိမ်းပါဟူသောအမိန့်အား ကြားလိုက်ရသည့် ရှီချန်အန်းမှာတော့ လူတကိုယ်လုံး တချက်တုန်လှုပ်တောင့်တင်းသွားမိသည်။ သို့သော်ငြား ထိုအမိန့်အား ချက်ချင်း ထမ်းဆောင်ရသေးသည်။ သို့သော်... သူ ဒီအတိုင်း မွေးရာပါဝတ်စုံ***ဖြင့်တော့ ထမသွားချင်။ ယခုကိုယ်ပေါ်တွင် စောင်ပတ်ထားသည့်အတိုင်း ထသွားရန်မှာလည်း ဘယ်လိုမှ အဆင်မပြေ။ ထို့ကြောင့် အများကြီးတွေးမနေဘဲ ခေါင်းပေါ်မှ ခေါင်းစည်းအားသာ တခါတည်း ဖြေချလိုက်သည်။ ထိုပြေကျလာသည့်ဆံပင်များက သူ၏နောက်ကျောတပြင်လုံးအား ပုန်းကွယ်ဖုံးအုပ်သွားစေသည်အထိ.....။
ဆယ့်ရှစ်နှစ်ပြည့်ပြီးသွားပြီဖြစ်သော်လည်း ယခုထိ သူ၏ခန္ဓာကိုယ်သည် ဖွံဖြိုးဆဲ၊ ပျိုမျစ်နုနယ်သောအသွင်ဖြင့်သာ။ သေးသိမ်သွယ်ပျောင်းသောခါး၊ စုတ်တံတချောင်းသဖွယ် သွယ်လျရှည်လျားသော ခြေအစုံ။ ဖြစ်နိုင်သည်မှာ...ကာယအားကစားလှုပ်ရှားမှုနည်းခြင်း၏ ရလာဒ်ပင်ဖြစ်ရမည်...၊ မျက်စိရှေ့တွင်ရှိနေသော လူတကိုယ်လုံး ခြုံပြောရလျှင်... အနည်းငယ်မျှ သိမ်မွေ့ပျော့ပျောင်းသည့်အသွင်ပေါ်နေ၍ ယောကျ်ားသားတဦးတွင် ရှိသင့်သည့် ယောကျ်ားပီသမှု အနည်းငယ် လိုအပ်နေသလိုပင်...။
ရှောင်းချင်းယန့် ကိုယ့်ကိုကိုယ်ပင် နားမလည်တော့...။ ယောကျ်ားတဦး၏ လုံးဝဥဿုံ***ဖြစ်နေသော ခန္ဓာကိုယ်အား မြင်တွေ့ရသည်တွင် သူ၏အတွေးစိတ်ကူး၊ ထင်မြင်ကောက်ချက်ချမှုများသည် ထိုသို့ မထင်မှတ်ထားသောဘက်သို့ ချဉ်းကပ်သွားလိမ့်မည်ဟု...။ လက်စသတ်တော့ သူ မူလကတွေးထားခဲ့သလို သူသာ ဤလိုယောကျ်ားသားတဦး၏ခန္ဓာကိုယ်အားမြင်လျှင် ရွံရှာစက်ဆုပ်မိလိမ့်မည်ဟူသောအတွေးသည် မဟုတ်ပါလား...။ ထိုအတွေးမှာပင် သူ့ကိုယ်သူ မယုံကြည်နိုင်၊ လက်မခံနိုင်သလိုပင် ခံစားလိုက်ရသည်။
*(T/N: **များသည် မူရင်းအတိုင်းသာ ဖြစ်ပါကြောင်း...။)
အိပ်ရာထက်သို့ တဖန်ပြန်ရောက်လာသည့် ရှီချန်အန်းမှာတော့ ဘယ်လိုမှ အိပ်မပျော်နိုင်သေးပေ။ သူ စောစောက လုံးဝကြီးကို အိပ်ချင်နေခဲ့တာ မဟုတ်ဘူးလား...။ ဘာလို့ အခုကျတော့ တစက်ကလေးမှတောင် မအိပ်ချင်ရတော့တာလဲ...။
"ဝမ်ရယ်... ဆောင်းရာသီအမဲလိုက်ပွဲက ဘယ်နေ့လဲ..."
ရှောင်းချင်းယန့် ဒီလောက်အချိန်အတိုအတွင်း အိပ်မပျော်လောက်သေးဘူးဟု တွေးမိပြီး ရှီချန်အန်း သူ့စိတ်ထဲတွင် သိချင်နေသောကိစ္စအား မေးလိုက်မိသည်။ တကယ်လို့ သူ မြင်းစီး နည်းနည်းပိုကျွမ်းကျင်သွားအောင် လေ့ကျင့်ဖို့ အချိန်ရသေးရင် ပိုအဆင်ပြေသည်။ ဒါမှသာ အမဲလိုက်ပွဲကျင်းပသည့်အချိန်ကျရင် သူ ရှောင်းချင်းယန့်အား မျက်နှာမပျက်စေရမှာဖြစ်သည်။
“နောက်သုံးရက်နေရင်...”
ရှောင်းချင်းယန့်သည် ဘေးတစောင်းလှဲအိပ်နေခြင်းကြောင့်ပင် ဖြစ်မည်။ ဘာကြောင့်ရယ်မသိ... ဤတိတ်ဆိတ်အေးချမ်းလှသော ညနက်အမှောင်ထဲတွင် စောစောက ရှောင်းချင်းယန့် ပြန်ဖြေလိုက်သောစကားသည် သူ၏နားနားသို့ကပ်၍ တိုးညင်းစွာ ပြောလိုက်သကဲ့သို့ ရှီချန်အန်း ခံစားရလိုက်သည်။
သို့သော် သူ ရှိုးတိုးရှန့်တန့်ဖြင့် စိတ်လှုပ်ရှားလိုက်ရန် အချိန်မရလိုက်။ ရှောင်းချင်းယန့်၏အဖြေစကားနောက်ကွယ်မှအဓိပ္ပါယ်က သူ့အာရုံအား ဖမ်းစားသွားသောကြောင့်ပင်။
“ဘယ်လိုလုပ်ပြီး...ဘယ်လိုလုပ်ပြီး ဒီလောက် မြန်ရတာလဲ...ဒါပေမယ့် ဝမ်ရယ့်ကိုယ်ပေါ်က ဒဏ်ရာတွေက မပျောက်သေးဘူးလေ...”
ရှောင်းချင်းယန့်၏ဒဏ်ရာသည် အနည်းဆုံး လေးငါးရက်လောက်နေပါမှ အပေါ်ယံအနာဖေးတက်လာမည်ဖြစ်ပြီး ဒဏ်ရာမှရောင်ရမ်းနာကျင်မှုသည်လည်း ထိုအချိန်လောက်မှ သက်သာမည်ဖြစ်သည်။ သို့သော် နောက်သုံးရက်နေရင်ပဲ ဆောင်းရာသီအမဲလိုက်ပွဲနေ့က ရောက်လာတော့မည်။ အဲ့ဒီအချိန်ကျရင် သူ့ခန္ဓာကိုယ်က အဲ့ဒီဒဏ်တွေကို ခံနိုင်ပါ့မလား...။
"ဝမ်ရယ်...ဝမ်ရယ် ဒဏ်ရာရထားတာ အရှင်မင်းကြီး သိသားပဲ...အဲ့ဒီအချိန်ကျရင် ဝမ်ရယ် အရှင်မင်းကြီးကို မေးကြည့်.."
"ငါ့ကိုယ်ပေါ်ကဒဏ်ရာက ဖခမည်းတော်ကိုယ်တိုင် သူ့လက်နဲ့ အပြစ်ပေးထားတာ...တခြားဘယ်သူမှ မသိဘူး..."
သူ၏စကားမှ မဆုံးသေး ရှောင်းချင်းယန့်မှ စကားဖြတ်ပြောလိုက်သည်။ ရှောင်းချင်းယန့်၏အဖြေစကားကြောင့် ရှီချန်အန်း နောက်ထပ်ဆက်ပြောမည့် မည်သည့်စကားကိုမှ ဆက်မဆိုနိုင်တော့...။
“ဝမ်ရယ်...”
အဲ့ဒီတော့ ရှောင်းချင်းယန့် အိမ်တော်ကိုပြန်ရောက်ပြီး ရှိရှိသမျှ အစေခံတွေကို အခန်းပြင်ထွက်ခိုင်းလိုက်တာက သူ ဒဏ်ရာရထားတာကို ဘယ်သူမှ မသိစေချင်လို့ပေါ့...။ ပြောရမယ်ဆိုရင် ဒီနေ့ နန်းတော်တွင်းမှာ အရှင်မင်းကြီးဆီမှာ သူ အရိုက်ခံရတာကို ဘယ်သူ မသိစေချင်လို့ပေါ့... ။ မဟုတ်သေးဘူး.....။ ဖြစ်နိုင်တာက.....ရှောင်းချင်းယန့် လူတွေကို မသိစေလိုတာက... သူ ဒဏ်ရာရတဲ့ကိစ္စက အရှင်မင်းကြီးရဲ့ဆန္ဒဆိုတာ...။ အဲဒီလိုပဲနေမှာ...။
"ဘာလဲ... ငါ့ကို 'အရှင်မင်းသား'လို့ မခေါ်တော့ဘူးလား..."
အရင်က မင်းပဲ ငါ့ကို 'အရှင်မင်းသား'လို့ တချိန်လုံး ခေါ်နေခဲ့တာ မဟုတ်ဘူးလား... ။
".....ဝမ်ရယ်...ကျွန်တော် နောက်ကို သေချာ မှတ်ထားပါ့မယ်..."
သူပဲ ငါ့ကို မခေါ်ဖို့ သတိပေးထားတာလေ...။ ဘာလဲ...ဆက်ခေါ်ရဦးမှာလား...။ ဆက်ခေါ်တော့ရော သူက မဆူတော့ဘူးတဲ့လား...။
"ဘာဖြစ်လို့ ကိုယ့်ကိုကိုယ်ရော 'ချန်ချယ့်'လို့ မပြောရတာလဲ..."
ပြောမထွက်ဘူး နေမှာပေါ့...။
"......ကျွန်တော် ဒီအတိုင်း 'ချန်'လို့ သုံးလို့ မရဘူးလား..."
'ချန်ချယ့်'ဆိုတဲ့.. အဲ့ဒီစကားလုံးနှစ်လုံးကြားလိုက်ရုံဖြင့်ပင် ရှီချန်အန်း သူ့တကိုယ်လုံး ရှိသမျှ ကြက်သီးမွေးညင်းတွေ အပြိုင်းပြိုင်း ထလာသလို ခံစားလိုက်ရသည်။ သူ့ပါးစပ်ကနေ အဲ့ဒီစကားလုံးကို ပြောထွက်ခိုင်းကြည့်ပါလား......အဲ့ဒါက ရှောင်းချင်းယန့် သူ့ကို တခါတည်း ထင်းသိုလှောင်ရုံထဲ ထည့်ပိတ်ဖို့အမိန့်ပေးခိုင်းမှာကို စောင့်နေတာနဲ့ အတူတူပဲ မဟုတ်လား...။
"ထားလိုက်တော့... မင်း ပျော်သလိုသာလုပ်တော့..."
“ကျေးဇူးတင်ပါတယ် ဝမ်ရယ်...”
နောက်ဆုံး သက်ပြင်းတချက်ချပြီးနောက်တွင်...ရှီချန်အန်း တကယ်အိပ်ဖို့ ပြင်လိုက်သည်။ သို့သော် သူ့စိတ်ထဲတွင်တော့ ဇဝေဇဝါဖြစ်နေဆဲပင်။ သူတို့က ဆောင်းရာသီအမဲလိုက်ပွဲနှင့် ပတ်သက်ပြီး ပြောနေကြတာ မဟုတ်ဘူးလား...။ ဘယ်လိုလုပ်ပြီး ပြောရင်းပြောရင်းနဲ့ ထွေရာလေးပါး စကားစပ်မိသွားကြတာလဲ...။
*(ချန်ချယ့် = ကျွန်တော်မျိုးမ။
ချန် = ကျွန်တော်မျိုး။)
XXXXX
ဒီစာရေးဆရာမှာ ပြောစရာစကားရှိတယ် : ငါ မျှော်လင့်နေတဲ့ ဇာတ်လမ်းလေး စတော့မယ်...။
ဒီဘာသာပြန်သူမှာ ပြောစရာစကားရှိတယ် : အားလုံး မျှော်ရတာ မောသွားပြီ။ ဒီအပိုင်းလေးဖတ်ပြီး ပျော်နိုင်ကြပါစေ။
Thanks!
XXXXX
No comments:
Post a Comment