အပိုင်း (၂၃)
အစောပိုင်းတွင် ဘာတွေဖြစ်ပျက်သွားခဲ့သည်အား ရှီချန်အန်း မသိနိုင်သလို အဘယ့်ကြောင့် အရှင်မင်းကြီးမှ ရှောင်းချင်းယန့်အား အပြစ်ဒဏ်ပေးရသည်အားလည်း သူ နားမလည်နိုင်ပေ။ ဘယ်လိုပင်တွေးတွေး... သူ့အမြင်အရမူ ဖြစ်ပျက်သွားခဲ့သောဤကိစ္စတို့သည် ရှောင်းချင်းယန့်၏ခေါင်းပေါ်သို့ပုံကျကာ အပြစ်ဒဏ်ခံယူရလောက်သည်အထိတော့ မဆိုးဝါးလှချေ။
"မင်းပါ ဒီနေရာမှာ ဒူးထောက်နေစရာမလိုဘူး...မင်း အရင် ပြန်နှင့်..."
ရှောင်းချင်းယန့်၏ ကျောပြင်တခုလုံးသည် စူးရှပြင်းထန်လှသည့် နာကျင်မှုအပြည့်နှင့်သာ...။ စောစောက သူ၏ဖခမည်းတော်သည် သူ့အား အညှာအတာမရှိ ကြိမ်ဒဏ် ၁၀ချက် ရိုက်နှက်အပြစ်ပေးခဲ့သည်။ သူကတော့ ယခုတိုင်အောင် အဘယ့်ကြောင့် ဖခမည်းတော်သည် ဤမျှစိတ်ဆိုးဒေါသထွက်ရသည်အား နားမလည်နိုင်သေးပေ။ ထို့အပြင် ဖခမည်းတော်မှ သူ့အား ပြောသွားသည့် ထိုစကားတခွန်းကရော...ဘာကို ဆိုလိုတာလဲ.....။
"အကြောင်းအရင်းဇာစ်မြစ်အား သေချာမစဉ်းစားဘဲ ထင်ရာတစွတ်ထိုးလုပ်သည်"ဆိုတာက ဘာအဓိပ္ပါယ်များလဲ...။ သူ မည်မျှပင် ခေါင်းပေါက်ထွက်မတတ် စဉ်းစားကြည့်သော်လည်း အဖြေထွက်မလာပေ။ ဖခမည်းတော်က တကယ်တမ်း ဘာကိုပြောချင်နေတာလဲ...။
ဖခမည်းတော်နှင့် ပြောခဲ့သည့်စကားများအား အသေးစိတ် သေချာစွာ ပြန်လည်ဆန်းစစ်ကြည့်သည့်အခါ...ဖခမည်းတော် ပြောသွားသည့်စကားများသည် သူ့အတွက်တော့ အဖြေညှိမရသည့် ပဟေဋ္ဌိများစွာဖြင့် ပြည့်နှက်နေသည်ဟု ရှောင်းချင်းယန့် ထင်မိသည်။ သူ ယနေ့ နန်းတော်တွင်းသို့ ဝင်လာရသည်မှာ အစကတော့ မင်ယွိအရေးကိစ္စကြောင့် ဖခမည်းတော်မှ ဆင့်ခေါ်လေသည်ဟု ထင်ထားခဲ့သော်လည်း...ထိုကိစ္စနှင့်ပတ်သက်၍ ဖခမည်းတော်သည် စကားတခွန်းမှပင် အစမထုတ်ပေ။ ထိုအစား သူ၏ အိမ်ထောင်ရေး၊ လက်ထပ်ထိမ်းမြားခြင်းအကြောင်းများသို့သာ စကားဦးတည်၍ ပြောသွားခဲ့သည်။
'ဝမ်ဖေးရဲ့ ကိုယ်ရည်ကိုယ်သွေး၊ အမူအကျင့်တွေကို ဘယ်လိုထင်လဲ...'၊ 'မင်းအနေနဲ့ ဝမ်ဖေးအပေါ်မှာ အပြစ်တင် မုန်းတီးစိတ်တွေ ရှိသလား...'.....။ ပြီးတော့..... ဖခမည်းတော်မှ သူ့အား တကယ်ကြီးပင် ထီးနန်းဆက်ခံရေး၊ ထီးနန်းဆက်ခံသင့်သည့်သူနှင့် ပတ်သက်၍လည်း သူ၏အမြင်အား မေးမြန်းသွားသေးသည်။ အဲ့ဒီနောက်.....'ထီးနန်းဆက်ခံသင့်သည့်သူအနေဖြင့် 'ကျင့်ဝမ်'အား ထောက်ခံပါသည်'ဟူသောစကားအား သူ့ထံမှကြားပြီးချိန်တွင်တော့ ဖခမည်းတော်အားကြည့်ရသည်မှာ လွန်စွာစိတ်ဆိုးဒေါသထွက်သွားသည့်ဟန်ပင်...။ တန်တော့.....ဖခမည်းတော်၏ရင်ထဲတွင် ထီးနန်းအတွက် ရည်ရွယ်ထားသည့်သူမှာ 'ရှောင်းချင်းနျဥ့်'များလား.....။
ရှောင်းချင်းယန့်တယောက် သူ၏ဖခမည်းတော်နှင့် ပြောခဲ့သည့်စကားများအား ဝေဖန်ခွဲခြားစဉ်းစားနေခြင်းဖြင့် အတွေးနက်နေစဉ်တွင်...ရှီချန်အန်းမှာကား မိမိကိုယ်ကို အပြစ်တင်စိတ်အပြည့်ဖြင့် သူ၏နံဘေးတွင် ဒူးထောက်နေခဲ့လေသည်။ ထိုသူနှစ်ဦး၏ကြားတွင် စကားတလုံးတလေမျှ ဆိုဟခြင်းမရှိခဲ့ပေ.....။
ရှောင်းချင်းယွီသည် နောက်တရှီချန်(၂နာရီ)ခန့်အကြာတွင် ရောက်လာခဲ့ပြီး...သူ ရောက်ရောက်ချင်းပြောလာသည့်စကားမှာ ရှီချန်အန်းအား ကြိမ်းမောင်းသည့်စကားသာ ဖြစ်သည်။
"ရှီချန်အန်း...မင်း ကိုယ့်ဘာသာ ဘာပြဿနာမှ မရှာဘဲ အေးအေးဆေးဆေး 'ဝမ်ဖေး' ထိုင်လုပ်နေလို့ မရဘူးလား...ဘာကိစ္စနဲ့ မိန်းမတယောက်ကို သွားပြီး ပြဿနာသွားရှာရတာလဲ...မင်း...ယောကျ်ားတယောက်လုပ်နေပြီး မင်းရဲ့မနာလိုဝန်တိုစိတ်က မိန်းမတယောက်ထက်တောင် ကြီးလှချေလား...ပန်ဝမ် မင်းကို သတိပေးလိုက်မယ်...မင်းကိုယ်မင်း 'ရှန်ဝမ်ဖေး'...'ရှန်ဝမ်အိမ်တော်ရဲ့ အရှင်သခင်'ဖြစ်နေပြီလို့ သွေးနားထင်ရောက်မနေနဲ့...ငါ မင်းကို ပြောလိုက်မယ်...ငါ့အစ်ကိုတော်က မင်းကို အနှေးနဲ့အမြန် စွန့်ပစ်တော့မှာ...အဲ့ဒီတော့ ငါ့အစ်ကိုတော်ရဲ့ အိမ်တွင်းရေးကိစ္စတွေမှာ မင်းဘာမှ ဝင်မစွက်ဖက်ဖို့ကြိုးစားတာ အကောင်းဆုံးပဲ..."
'ရှောင်းချင်းယန့် ပြဿနာတက်နေသည်'ဟူသောစကားအား ကြားကြားချင်းပင် နန်းတော်တွင်းသို့ ရှောင်းချင်းယွီတယောက် အပြေးအလွှားပင် ရောက်လာခဲ့သည်။ နန်းတော်တွင်းသို့ ရောက်ပြီးနောက်...ဘာတွေဘယ်လိုဖြစ်ကြသည်အား နန်းတော်တွင်ရှိသောသူများအား ရှောင်းချင်းယွီတယောက် ပတ်ပတ်လည် မေးမြန်းစုံစမ်းပြီးချိန်တွင်...စီ့ဖေး၏မိဘအိမ်တော်မှ နန်းတော်တွင်းသို့ ဝင်ရောက်တိုင်တန်းခြင်းမှ အစပြုသည်ဟု သူ သိလိုက်ရသည်။ ရှောင်းချင်းယွီ၏မသိစိတ်မှပြောနေသည်မှာ ဤကိစ္စသည် အနောက်ဆောင်မှ စတင် မီးစပျိုးသည်ဟု...။ သေချာသည်...ယောက်ျားတယောက်၏အာရုံစိုက်ခံရရန် မိန်းမများ သူ့ထက်ငါ မနာလိုဝန်တိုကာ အကောက်ကြံကြရာမှ စတင်ရခြင်းပင် ဖြစ်ရမည်။ ထို့နောက် သူ၏အစ်ကိုတော်မှ ထိုပြဿနာအား ခေါင်းခံလိုက်ရခြင်းပင် ဖြစ်ရမည်...။
ရှောင်းချင်းယွီ၏ အကျင့်စရိုက်၊ စိတ်နေစိတ်ထားတို့နှင့်ပတ်သက်သောသတင်းများအား အနည်းနှင့်အများတော့ ရှီချန်အန်း ကြားဖူးထားသည်သာ...။ ထို့ကြောင့် ရှီချန်အန်း ထိုသူနှင့် ဖက်ပြိုင်ဖြစ်မနေတော့။ 'စတုတၳမင်းသား အထင်လွဲနေတာပါ...'ဟူသော စကားတခွန်းသာပြန်ပြောပြီးနောက် တခြားအပိုစကား ဆက်မဆိုဖြစ်တော့။ သူ့နံဘေးတွင်ရှိနေသော ရှောင်းချင်းယန့်မှ စတင်၍ ရှင်းပြပေးသည်ကတော့ ထင်မထားမိသည့်ကိစ္စပင်...။
"ကိစ္စတွေက မင်း ထင်နေသလိုမဟုတ်ဘူး...မင်း ဒီမှာနေပြီး ဘယ်ထဲမှဝင်မပါချင်စမ်းနဲ့...ကိုယ့်အိမ်တော်ကိုသာ မြန်မြန်ပြန်ပြီး အေးအေးဆေးဆေးနေစမ်းပါ..."
သူ၏ညီတော်၏ ဘဝရည်ရွယ်ချက်*အား သိပြီးသည့်နောက်တွင် ရှောင်းချင်းယွီ ထိုကဲ့သို့နေ့ရက်များအား ပေါ့ပါးစွာ ဖြတ်သန်းနေခြင်းမှာလည်း သိပ်မဆိုးလှဟု ရှောင်းချင်းယန့် ထင်မိသည်။ 'ဘာလုပ်ချင်လဲ...လုပ်ချင်ရာလုပ်ပစ်လိုက်'လို့ရသည်။ ထီးနန်းနေရာဆက်ခံရေးတိုက်ပွဲ၊ အရှုပ်အထွေးများကြားတွင် အာရုံစိုက်ပစ်မှတ်ထားခံစရာ မလိုပေ။ ထိုသို့ လွတ်လပ်ပေါ့ပါး၍ စိတ်အေးချမ်းသာသည့်လူတယောက်အဖြစ် နေသွားနိုင်ပါက အကောင်းဆုံးပင်။ အနည်းဆုံးတော့ သူတို့မယ်တော် စိတ်အေးရမည်လေ...။
*(T/N: ရှောင်းချင်းယွီက ထီးနန်းကို စိတ်မဝင်စားဘဲ စားလိုက်သောက်လိုက် ပျော်ပါးလိုက်နေတာကို ပြောတာပါ။)
"အစ်ကိုတော်...အစ်ကိုတော် သူ့ကို တကယ် သဘောကျသွားတာတော့ မဟုတ်ပါဘူးနော်...သူက 'ယောက်ျားကြီး'လေ..."
ရှောင်းချင်းယွီ စိတ်ထဲတွင် ဘယ်လိုမှ လက်မခံနိုင်ပေ။ သူကား ရှီချန်အန်းအား ရင်ထဲအသည်းထဲကပင် မုန်းတီးလှသည်။ ထို့ကြောင့် ထိုသူအား တချက်ကလေးပင် မျက်နှာသာပေးရန် စဉ်းစားထားခြင်း မရှိပေ။ ထို့ကြောင့် အစ်ကိုတော်က ထိုသူ့အား 'တကယ်ကြီး သဘောကျသွားပါသည်' ဆိုဦးတော့...အစ်ကိုတော်အတွက်နှင့် သူကတော့ အလျော့မပေးနိုင်ပေ။ ပြီးတော့.....အစ်ကိုတော်က အဲ့ဒီလူကို တကယ်ကြီး သဘောကျသွားပါမည်ဟု သူကတော့ 'လုံးဝ' မယုံကြည်ပေ...။
ဘာကြောင့်ရယ်မသိ...ရှောင်းချင်းယွီ၏စကားကြောင့် ရှီချန်အန်း ရင်ထဲ စိုးထိတ်စိတ်ကလေးတခု ဖြတ်ပြေးသွားသလိုပင်...။ သူ၏နံဘေးတွင်ရှိနေသောသူအား သူ မဝင့်မရဲ တချက်လှည့်ကြည့်မိသည်။ ထိုသူမှာမူ စောစောကအတိုင်းပင်... မျက်နှာအမူအရာ တချက်လေးပင် ပျက်သွားခြင်း၊ ပြောင်းသွားခြင်း အလျဉ်းမရှိ...။ ထို့အတူ ထိုသူ၏စိတ်ထဲတွင် မည်သည့်အတွေးများရှိနေသည်အားလည်း ဘယ်သူမှ မဖတ်နိုင်ပေ...။ ရှီချန်အန်း သူကိုယ်တိုင်ပင် မသိလိုက်သည့် စိတ်အားငယ်စိုးထိတ်မှုလေးအား နှလုံးသား၏အနက်ရှိုင်းဆုံးတနေရာတွင် သိမ်းဆည်းလိုက်ရင်း.....ရှောင်းချင်းယန့်နည်းတူ သူတို့ဘေးတွင်ရှိနေသော ရှောင်းချင်းယွီအား လျစ်လျူရှုကာ နေလိုက်တော့သည်။
"ဟွန်း...ငါကလဲ မင်းနဲ့ မပတ်သက်ချင်ပါဘူး..."
အမှန်တော့ သူ၏အစ်ကိုတော်သည် ချန်ရှန်းနန်းဆောင်တွင် အပြစ်ပေးခံနေရသည်ဟု ရှောင်းချင်းယွီ ကြားပြီးသည့်နောက်တွင်မူ သူ၏စိုးရိမ်စိတ်တို့က တဝက်မက လျော့ကျသွားပြီးဖြစ်လေသည်။ သူတို့ညီနောင်နှစ်ဦး မည်သည့်အပြစ်ကြီးပဲ လုပ်လုပ်၊ ဖခမည်းတော်က မိုးလောက်ကြီးပင် ဒေါသထွက်နေနေ...ဤချန်ရှန်းနန်းဆောင်တွင်ရှိနေသော မယ်တော်သာ ဖခမည်းတော်၏ရင်ထဲတွင် ရှိနေသ၍... ဖခမည်းတော်သည် သူတို့ညီနောင်နှစ်ဦးအား လက်တွေ့အားဖြင့် အဘယ်နည်းနှင့်မျှ ပြစ်ဒဏ်အကြီးကြီးပေး၊ အရေးယူနိုင်မည် မဟုတ်ချေ.....။
ဤနည်းဖြင့်... ရှောင်းချင်းယွီသည် သုတ်သုတ်လာ၍ သုတ်သုတ်ပြန်သွားခဲ့လေသည်။ ရှီချန်အန်းသည် လွန်စွာပင် ရှောင်းချင်းယန့်အား တခုခု စကားရှာ၍ပြောချင်နေသော်ငြား အစမှအဆုံးတိုင် သူ၏နှုတ်ခမ်းများအား ဖွင့်ဟခြင်း မရှိခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် 'တောင်းပန်ပါတယ်' ထိုစကားတခွန်းမှလွဲ၍ မည်သည့်စကား ဆိုသင့်သည်အား သူကိုယ်တိုင်ပင် မသိသောကြောင့် ဖြစ်သည်။ ရှောင်းချင်းယန့်သည်လည်း သူ တချိန်လုံး တောင်းပန်စကားပြောနေသည်အား ကြားချင်မည် မဟုတ်လောက်ပေ...။
ရှောင်းချင်းယန့်နှင့် ရှီချန်အန်းသည် နေ့လယ်ခင်းမှနေ၍ တချိန်လုံး ချန်ရှန်းနန်းဆောင်တွင် ဒူးထောက်နေခဲ့ကြသည်။ ညနေခင်းပိုင်းရောက်၍ ကောင်းကင်တခွင် အမှောင်ထုကြီး လုံးလုံးကြီးစိုးသွားသည့်အချိန်ရောက်မှသာ...ဧကရာဇ်၏ နံဘေးတွင်ခစားသည့်သူမှ သူတို့နှစ်ဦးအား နန်းတော်ပြင်သို့ လိုက်လံပို့ဆောင်ပေးလေသည်။ တနေကုန် ဒူးထောက်နေခဲ့ရသဖြင့် ရှီချန်အန်းမှာမူ ပင်ပန်းနွမ်းနယ်နေပြီး အိပ်ချင်နေပြီဖြစ်သည်။ သူ၏ခြေထောက်အစုံမှာလည်း ဖြောင့်ဖြောင့်ပင် မဆန့်နိုင်တော့ပေ။
သူတို့နှစ်ဦး ရှန်ဝမ်အိမ်တော်သို့ ပြန်ရောက်ချိန်တွင်တော့ မင်ယွိအား မမြင်ရဘဲ ချင်ရှင်းတယောက်သာ အိမ်တော်တံခါးရှေ့တွင် စောင့်ကြိုနေသည်။ သူတို့နှစ်ဦးအား နှုတ်ခွန်းဆက်ပြီးသည်နှင့် ချင်ရှင်းသည် ဘာစကားမှ အပိုဆက်မေးမြန်းခြင်း မပြုဘဲ သူတို့နှစ်ဦးအား ပင်မခြံဝန်းသို့ အတူလိုက်ပါပို့ဆောင်လေသည်။ ထို့နောက် မိမိဘာသာ ဦးစွာ ပြန်ခွင့်တောင်း၍ နှုတ်ဆက်ထွက်ခွာသွားလေသည်။
"တင်းရှန်း...အရင်ဆုံး ထမင်းဟင်း ပူပူနွေးနွေးလေး ပြင်ပြီး ယူလာခိုင်းလိုက်...ပြီးရင် ရေနွေး အဆင်သင့် ပြင်ခိုင်းထားလိုက်..."
ရှန်းဝမ်အိမ်တော်ရှိ ယားထိုအားလုံး၏နာမည်သည် ပန်းနာမည်များဖြင့် ဖြစ်သည်။ ရှီချန်အန်းအတွက်တော့ ထိုနာမည်အားလုံးအား မမှတ်ထားနိုင်ပေ။ ထို့ကြောင့် ဤနှစ်ရက်အတွင်း သူ့ဘေးနားမှနေ၍ ခစားနေသည့် ထိုယားထိုသာ သူ မှတ်ထားလိုက်သည်။
ထို'တင်းရှန်း'သည် ချွန်းယွီနှင့် အကျင့်စရိုက်ချင်း သိပ်မကွာလှ။ သူ့မျက်စိထဲတွင်တော့ ထိုယားထိုငယ်လေးသည် သိပ်မဆိုးလှသဖြင့် နောင်ရက်များတွင်လည်း သူ့နံဘေးတွင် ဆက်ထားထားရန် စဉ်းစားထားသည်။ ထို့နောက် သေချာလေ့ကျင့်သင်ကြားပေးခြင်းဖြင့် သူမအား ယားထိုကြီး (အဆင့်မြင့် အစေခံမိန်းကလေး)အဖြစ် အဆင့်တက်ပေးနိုင်မည်ဖြစ်သည်။
"ဝမ်ရယ်...အရင် ခဏ ထိုင်နားလိုက်ပါဦး...အရင်ဆုံး တခုခုစားပြီးမှ ကိုယ်ပေါ်ကဒဏ်ရာကို ကြည့်ကြတာပေါ့..."
ရှီချန်အန်း သူ့ထံတွင် သွေးအားတိုးဆေး၊ ဒဏ်ကြေဆေးတို့ ရှိသည်အား သတိရမိသည်။ သို့သော် ထိုဆေးမျိုးသည် ရှန်ဝမ်အိမ်တော်၏ သိုလှောင်ခန်း၌လည်း ရှိမည်မှာ အသေအချာပင်။ ထိုသို့ဆိုလျှင် သမားတော်ပင့်၍ ကြည့်ခိုင်းစရာ မလိုလောက်ပေ။
ရှီချန်အန်း သိသည်မှာ 'ရှောင်းချင်းယန့်၏ ခန္ဓာကိုယ်တနေနေရာတွင်လည်း ဒဏ်ရာရထားမည်မှာ သေချာသည်' ဤတခုတည်းသာ...။ သို့သော် 'ထိုဒဏ်ရာတို့သည် လွန်စွာပြင်းထန်လှမည်'ဟုတော့ သူ လုံးဝ မတွေးမိခဲ့ပေ။ ညစာစားပြီး၍ လူလွှတ်၍ ယူခိုင်းထားသောဆေးလည်း အဆင်သင့်ဖြစ်ချိန်တွင်တော့ ရှောင်းချင်းယန့်သည် အခန်းတွင်း၌ရှိနေသော အစေခံများအား အားလုံး အပြင်ထွက်နေရန် အမိန့်ပေးလိုက်သည်။ ဤသည်မှာ ရှောင်းချင်းယန့်သည် သူ ဒဏ်ရာရထားသည်အား တခြားသူများအား မသိစေလိုခြင်းကြောင့်ဖြစ်ကြောင်း ရှီချန်အန်း သိသည်။ တခုပဲ သူ တွေးမိသည်က...ဤသို့ဆိုလျှင် 'သူပဲ ရှောင်းချင်းယန့် ရေချိုးချိန်တွင် အဝတ်အစားလဲပေး၊ စောင့်ပေးရမှာပဲ' ဟူ၍သာ...။ ဘာပဲဖြစ်ဖြစ်...အားလုံးက ယောက်ျားလေးတွေပဲ...။ ပြီးတော့ ရှောင်းချင်းယန့်က သူ့အတွက်နှင့် ဒဏ်ရာရထားတာ မဟုတ်လား...။ အဲ့ဒီတော့.....ဒဏ်ရာရထားသည့်သူကို သူ ဂရုစိုက်ပေးတာက ဖြစ်သင့်တာပဲ မဟုတ်လား...။
“ရေမချိုးတော့ဘူး...ဒီတိုင်း ရေနွေးနဲ့ ရေပတ်တိုက်လိုက်ရင် ရပြီ...”
"အော. ဟုတ်ကဲ့...”
ဤသည်မှာ ရှောင်းချင်းယန့်သည် ပင်ပန်းနေ၍ စောစော အိပ်ရာဝင်ချင်သောကြောင့်ဟု ရှီချန်အန်း ထင်နေတုန်းပင်။ ရှောင်းချင်းယန့် သူ၏ဝတ်စုံအား ချွတ်ပြီး၍ သူ၏ကျောပြင်တခုလုံးအား အကာအကွယ်မရှိ ရှင်းရှင်းလင်းလင်း မြင်ရချိန်တွင်တော့.....ရှီချန်အန်း၏မျက်စိထဲတွင် ရှောင်းချင်းယန့်၏နောက်ကျောပြင်အပြည့်ရှိနေသည့် အထပ်ထပ်သော အရှိုးရာများသာ မြင်တော့သည်...။ ထိုဒဏ်ရာများထဲမှ အရှိုးရာနှစ်ခုတွင် အပေါ်ယံအရေပြားပင် ပေါက်ပြဲ၍နေလေပြီ...။ ဤတုန်လှုပ်အံ့အားသင့်စရာကောင်းသော မမြင်ရက်စရာသွေးနီရောင်မြင်ကွင်းကြောင့် ရှီချန်အန်း မိမိကိုယ်ကို မထိန်းနိုင်စွာ တုန်ယင်သွားခဲ့ပြီးနောက် တပြိုင်တည်းပင် မြေပြင်သို့ ဒူးထောက်ချလိုက်သည်။
"ကျွန်တော် တောင်းပန်ပါတယ်...အားလုံးက ကျွန်တော့်ကြောင့်.....ဝမ်ရယ်ပါ ဒုက္ခရောက်ရပြီ..."
ဤအချိန်တွင် 'အရှင်မင်းကြီးက အဘယ့်ကြောင့် ဤမျှစိတ်ဆိုးဒေါသထွက်ရသည်'၊ 'အဘယ့်ကြောင့် ရှောင်းချင်းယန့်အပေါ်တွင် ရက်ရက်စက်စက် အပြစ်ပေးရသည်'...ဘာဆိုဘာမှ ရှီချန်အန်းတယောက် မစဉ်းစား၊မသုံးသပ်နိုင်တော့...။ ရှောင်းချင်းယန့်၏ဒဏ်ရာသည် ဤမျှပြင်းထန်နေလိမ့်မည်ဟု သူ လုံးဝ မတွေးမိခဲ့သည်မှာ အမှန်ပင်.....။ ယခုတော့ သူ့ရင်ထဲတွင် အတွေးတခုတည်းသာ ကြီးစိုးနေတော့သည်။ အားလုံးက သူ့ကြောင့်ဖြစ်ရတာ...။ မောမော့တို့တတွေရော၊ ရှောင်းချင်းယန့်ရော...အားလုံး သူ့ကြောင့် ဒုက္ခရောက်ရပြီ.....။
သူ ဘာကြောင့် နည်းနည်းလေးတောင် အသုံးမကျရတာလဲ...။ ငယ်တုန်းကလည်း သူ၏မိခင်အပေါ် ဒုက္ခပေးတယ်...။ အခု ကြီးလာတော့လည်း သူ့ဘေးနားမှာရှိတဲ့လူတွေကို ပြဿနာတက်၊ ဒုက္ခရောက်စေတယ်.....။
"မင်း ဒီလောက် ဒူးထောက်နေရတာ မပင်ပန်းသေးဘူးလား...ထတော့...ငါ့ကို အရင် ရေပတ်လာတိုက်ပေး..."
ယနေ့ အဘယ့်ကြောင့် ဖခမည်းတော်မှ သူ့အား ကြိမ်ဒဏ်ပေး၊ အပြစ်ပေးရသည်အား ရှောင်းချင်းယန့်ကိုယ်တိုင်ပင် အခုထိတိုင် နားမလည်နိုင်သေးပေ။ သို့တိုင် သူ ယခုလို အရိုက်ခံရခြင်းသည် ရှီချန်အန်းနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိသည်ကိုတော့ ရှောင်းချင်းယန့် ရှင်းရှင်းလင်းလင်း သိသည်။
“အင်း. ဟုတ်ကဲ့...”
ရှောင်းချင်းယန့်၏ကျောပြင်ပေါ်မှ ဒဏ်ရာများအား ဖြည်းညင်းညင်သာစွာ သန့်စင်ပေးနေရင်း ယခုလို ရှောင်းချင်းယန့်၏ကျောပြင်ကိုသာ မြင်နေရခြင်းသည်လည်း တမျိုးတော့ ကောင်းသားဟု ရှီချန်အန်း တွေးနေမိသည်။ မဟုတ်ပါက...သူ ရှောင်းချင်းယန့်အား ဘယ်လိုမျက်နှာဖြင့် ရင်ဆိုင်ရမည်အား မသိတော့။ ကနဦးကတည်းကပင် ထိုသူ့ထံမှ သဘောကျနှစ်သက်ခြင်းမခံရသောသူသည်...ယခုဆိုလျှင် ထိုသူထံမှ မျက်မာန်ရှ အမုန်းပွားခံရယုံအပြင် မရှိနိုင်တော့ပေ.....။
"အရှင်မင်းသား...ကျွန်တော် ရေအသစ် သွားလှယ်လိုက်ဦးမယ်...အရှင်မင်းသား မျက်နှာတော့သစ်ရဦးမှာပေါ့..."
ရှောင်းချင်းယန့်မှာ ယနေ့ တနေကုန်ပင် ချွေးတဒီးဒီးစီးကျနေခဲ့သည်ဖြစ်ရာ သူ၏ကျောပေါ်မှဒဏ်ရာများအပြင် အခြားနေရာများတွင်လည်း ချွေးစီးများဖြင့် နေရသည်မှာ သက်တောင့်သက်သာ မဖြစ်လောက်ပေ။ ကျန်သောနေရာများကိုလည်း သူ သေချာ သန့်စင်ပေးရန် လိုအပ်သည်။
"မင်း ဘာလို့ ငါ့ကို တချိန်လုံး 'အရှင်မင်းသား'လို့ ဆက်ခေါ်နေသေးတာလဲ..."
ယခုဆိုလျှင် သူက 'ဝမ်ရယ်'တပါး ဖြစ်နေပြီပဲ...။ 'အရှင်မင်းသား'ဟူသည့် အခေါ်အဝေါ်သည် 'ဝမ်'*အဆင့် ချီးမြှောက်ခြင်းမခံရသေးသည့် မင်းသားများအတွက်သာ ဖြစ်သည်။ ရှီချန်အန်းသည် သူ့အား 'ဝမ်ရယ်'ဟု ခေါ်လေ့ရှိကြောင်း ရှောင်းချင်းယန့် သိသော်လည်း... တခါတလေတွင် ရှီချန်အန်းသည် သူကိုယ်တိုင်ပင် သတိမမူမိဘဲ အခေါ်အဝေါ် ပြောင်းသွားတတ်သည်။ အထူးသဖြင့်...ယခုလို နှစ်ယောက်တည်းရှိနေသည့်အချိန်မျိုးတွင် ဖြစ်သည်။
*(ဝမ် = ဝမ်ရယ်၊ ဘုရင်ငယ်။)
"ထားလိုက်တော့...မင်း ကြိုက်သလိုသာ ခေါ်ချင်သလို ခေါ်လိုက်တော့..."
ရှီချန်အန်း၏ အူတိအူကြောင်မျက်နှာအား ကြည့်ရသည်မှာ သူကိုယ်တိုင်ပင် ဤအခေါ်အဝေါ်ကိစ္စအား သတိထားမိဟန် မတူပေ။
"ဟုတ်သားပဲ...အရှင်မင်းသား... ခဏစောင့်နေဦးနော်..."
တခဏ အ့ံအားသင့်သွားသည့် ရှီချန်အန်းသည် ရှောင်းချင်းယန့်၏ကျောပေါ်မှ ဒဏ်ရာအား ဖျတ်ခနဲ မြင်လိုက်ရသည့်အချိန်တွင် သတိပြန်ဝင်လာသည်။ သူ့ထံတွင် ရှောင်းချင်းယန့်၏ကျောပေါ်မှဒဏ်ရာများအား လုံးဝ အရှင်းပျောက်သွားစေရမည့် နည်းလမ်းကောင်းရှိသည်အား ရုတ်တရက် သတိရမိလိုက်သောကြောင့်ပင်။ ထိုနည်းလမ်းဖြင့်ဆိုပါက အမာရွတ်သေးသေးလေးပင် ကျန်နေခဲ့မည် မဟုတ်ပေ။
သူနှင့် ချွန်းယွီတို့တွေ အိမ်တော်အနောက်ခြံဝန်းတခွင် လျှောက်ပတ်ကြည့်ခဲ့စဉ်တုန်းက ပန်းဥယျာဉ်ထဲရှိ နံရံများနှင့် အနီးရှိမြေပြင်တဝိုက်တွင် တောဝါဂွမ်းရိုင်းပင်နှင့်ဆင်သောအရွက်များရှိသည့် အပင်များအား မြင်ခဲ့သည်။ ထိုသို့သော တောရိုင်းပင်၏အရွက်တွင် သွေးတိတ်စေသည့်အာနိသင်ကောင်းကောင်းရှိရုံသာမက အရေပြားပေါက်ပြဲနေသည့်ဒဏ်ရာပေါ်တွင် အုံပေး၊လိမ်းပေးလိုက်ပါက မည်သည့်အမာရွတ်မှ ထင်မကျန်စေသည်အထိ အစွမ်းထက်လှသည်။ မည်မျှပင် နက်သောဒဏ်ရာကြီးပင် ရထားစေဦးတော့ အမာရွတ်တချက်မျှပင် ထင်ကျန်စေခဲ့မည် မဟုတ်ပေ။
"ဒီလို လျှပ်တီးလျှပ်ပြာ နမော်နမဲ့နိုင်ပုံမျိုးနဲ့... မင်း ရှီအိမ်တော်မှာ ဆယ်နှစ်ကျော် ရှင်သန်နိုင်ခဲ့တယ်ဆိုတော့...မိုးနတ်မင်းကြီးက တကယ်တမ်းတော့ မင်းကို လျစ်လျူရှုမထားဘူးပဲ..."
ရှီချန်အန်း၏ စောစောကပုံစံအား ပြန်စဉ်းစားကြည့်မိတော့ ရှောင်းချင်းယန့် မိမိကိုယ်ကို မသိလိုက်ခင်မှာပဲ ပြုံးရယ်မိသွားသည်။ တကယ်ပဲ...သူ့အထင် မမှားဘူးပဲ.....။
ရှီချန်အန်း...အဲ့ဒီလူအပေါ်တွင် အမုန်းတရား၊ မကျေနပ်မှု၊ အပြစ်တင်လိုမှု...ဒါတွေ တခုမှမရှိကြောင်းအား ရှောင်းချင်းယန့်တယောက်သာ သိသည်။ သူ၏'ဝမ်ဖေး'...ထိုနေရာသည် ရှီချန်အန်း မဟုတ်ခဲ့လျှင်တောင် အခြားသူတယောက် ဖြစ်လာဦးမည်သာ...။ ပြီးတော့..."ထိုသူသည် မည်သူပဲဖြစ်စေကာမူ...'ယောကျ်ား'တယောက် ဖြစ်ရမည်"ဆိုသည်ကတော့ မပြောင်းလဲနိုင်သော အမှန်တရားပင် ဖြစ်သည်။ ဖခမည်းတော်မှ သူ့အား 'အမျိုးသားဇနီးသည်'တဦးနှင့် လက်ဆက်ပေးသည်ဆိုသည်မှာ... အခြားသူများကတော့ ထင်မမှတ်ထားသည့် ရုတ်တရက်ဖြစ်ပျက်သွားသည့်ကိစ္စတရပ်အဖြစ် မှတ်ယူကောင်း မှတ်ယူနေကြလိမ့်မည်။ သူ့အတွက်ကတော့ ထိုကိစ္စသည် လွန်ခဲ့သောသုံးနှစ်ကပင် ကြိုတင်သတ်မှတ်ထားပြီးသော၊ သိထားခဲ့ပြီးသောကိစ္စတရပ်သာ.....။ ထို့ကြောင့်သာ...ယခုအချိန်တွင် သူ ပြဿနာမရှာဘဲ တည်ငြိမ်စွာ လက်ခံနိုင်ခြင်း ဖြစ်သည်...။
ရှီချန်အန်းကတော့ ရုတ်တရက်ကြီး အပြင်ကို ပြေးထွက်သွားခဲ့သည်။ သူကလည်း တချိန်လုံး ထိုင်စောင့်မနေနိုင်ပေ။ ထို့ကြောင့် အပြင်တွင်ရှိနေသော ယားထိုအား ရေအသစ် လဲကာယူလာခိုင်းပြီးနောက်... ဒူးခေါင်းတွင်ရထားသောဒဏ်ရာအား စစ်ဆေးကြည့်ရန် ပြင်နေစဉ်တွင်ပဲ...ရှီချန်အန်းတယောက် ပြန်ရောက်လာသည်။ သူ၏လက်ထဲတွင်လည်း... ပန်းလည်းမဟုတ် မြက်ပင်လည်းမဟုတ်သည့်အပင်များက အပြည့်ကိုင်လာသေးသည်။ ကြည့်ရသည်မှာ ဆေးပင်တမျိုးဖြစ်ပုံရသည်...။
"အရှင်မင်းသား...ဒီဟာ...ဒါနဲ့ဆိုရင်...အရှင်မင်းသား ကျောပေါ်ကဒဏ်ရာတွေ အမာရွတ်သေးသေးလေးတောင် ကျန်နေခဲ့မှာ မဟုတ်ဘူး..."
ရှီချန်အန်းသည် သူယူလာခဲ့သည့် ဆေးပင်များအား မြှောက်ပြကာ ရှောင်းချင်းယန့်အား ကြည့်ခိုင်းနေသည်။ သူ၏မျက်နှာထက်တွင်လည်း ကျေနပ်အပြုံးတို့က အပြည့်...။ ရှောင်းချင်းယန့်အတွက်တော့...ပထမဆုံးအကြိမ် ရှီချန်အန်း ဟန်ဆောင်မှုမရှိ လွတ်လပ်ပေါ့ပါးစွာ ပြုံးရယ်နေသည်အား မြင်ဖူးခြင်းပင်။ ထိုအရာသည် အပြုံးတပွင့်ထက် မပိုချေ။ သို့တိုင်...ယခု သူ၏အရှေ့တွင် ရှိနေသော ရှီချန်အန်းသည် အရင်က ရှီချန်အန်းနှင့် လုံးဝ မတူသည့်ခံစားချက်တရပ်အား ပေးနေသလိုပင်။ နောက်ဆုံးတော့...'လူ'တယောက်အဖြစ် အသက်ဝင်လှုပ်ရှားလာခဲ့ပြီပဲ...။ ယခုမှသာ သူ၏အသက်အရွယ်နှင့်ကိုက်ညီသော ခံစားချက်၊ပုံစံများ ပေါ်လာသလိုပင်။
“အဲ့ဒါက ဘာလဲ...”
မျက်စိထဲတွင် ရင်းနှီးနေသလို ခံစားရသော်လည်း လက်တွေ့တွင်တော့ ထိုဆေးပင်အား ဘယ်လိုခေါ်သည်အား သူ စဉ်းစား၍မရနိုင်ပေ။
"ကျွန်တော်လဲ မသိဘူး...ဒါပေမယ့် မောမော့ပြောတာကတော့ ဒီအရွက်တွေက ဝါပင်ရဲ့အရွက်တွေနဲ့ တူတယ်တဲ့...ပြီးတော့ ဒီအပင်က အလေ့ကျပေါက်နေတာဆိုတော့...ကျွန်တော်ကတော့ ဒီအတိုင်း တောဝါဂွမ်းရိုင်းပင်လို့ နာမည်ပေးထားလိုက်တာပဲ...ဒီအပင်ကလေ...တကယ် အသုံးဝင်တာ...တုန်းရွှယ်က ဒီအပင်နဲ့ပဲ ကျွန်တော့်ဒဏ်ရာတွေကို သွေးတိတ်အောင် လုပ်ပေးခဲ့တာ...ပြီးတော့ သူ့အရွက်တွေကိုချေပြီး ဒဏ်ရာပေါ်မှာ အုံပေးထားလိုက်ရင် ဘာအမာရွတ်မှ မကျန်လောက်အောင်ကို အစွမ်းထက်တာ...အရှင်မင်းသား...ဟိုဘက်ကို လှည့်လိုက်ပါလား..."
နောက်ဆုံးတော့ ရှောင်းချင်းယန့်အတွက် တခုခုလုပ်ပေးနိုင်ပြီဖြစ်၍ ရှီချန်အန်း ရင်ထဲ ပျော်ရွှင်ကျေနပ်မိသည်။ ထို့ကြောင့် သူ၏ လေသံနှင့် စကားတို့သည် တက်ကြွပျော်ရွှင်မှုတို့ အပြည့်နှင့်ပင်...။ အခြားတဖက်သို့ လှည့်ပေးလိုက်ရပြီဖြစ်သော ရှောင်းချင်းယန့်မှာတော့ ရှီချန်အန်း၏စကားများအား နားထောင်နေရင်း ယခု ရှီချန်အန်းသည် ဘယ်လိုပုံစံမျိုးများ ဖြစ်နေမလဲဟု သူ၏စိတ်ကူးထဲတွင် အတွေးပုံဖော်ကြည့်မိသည်။ သေချာသည်...ယခု သူ၏မျက်နှာထက်တွင် ကျေနပ်ဝင့်ကြွားမှုတို့ အပြည့်ဖြင့် ရှိနေမည်မှာ...။
ရှောင်းချင်းယန့် ထင်ပါသည်။ လက်ရှိရှီချန်အန်း၏မျက်နှာအမူအရာသည် မိမိကိုယ်ကို ကျေနပ်အားရမှုအပြည့်ဖြင့် ရှိနေမည်ဆိုတာ...။
ရှောင်းချင်းယန့် အခြားတဖက်သို့လှည့်ပေးပြီးနောက်...ရှီချန်အန်း သူ၏လက်ထဲရှိဆေးပင်များအား ကြည့်ရင်း မျက်မှောင်တချက်ကြုံ့မိသည်။ သို့သော် နှောင့်နှေးခြင်းမရှိဘဲ လက်ထဲရှိဆေးရွက်များအား သူ၏ပါးစပ်ထဲသို့ တခါတည်းထည့်လိုက်သည်။ ရှောင်းချင်းယန့်၏ကျောပေါ်ရှိအရှိုးရာများကား မနည်းလှချေ။ တခု ကံကောင်းသည်က...ထိုဒဏ်ရာများထဲမှ နေရာအနည်းငယ်မျှသာ အပေါ်ယံအရေပြားပေါက်ပြဲဒဏ်ရာများဖြစ်သည်။ ထိုအတွက်တော့ သူ၏လက်ထဲတွင်ရှိသောဆေးပင်များနှင့် လောက်နိုင်ကောင်းပါရဲ့...။ ပြီးတော့...ဒီလောက်နဲ့ဆို သူရဲ့လျှာလေးလဲ အရမ်းကြီးဒုက္ခခံစရာမလိုလောက်ပါဘူးလေ.....။
သူ နောက်လှည့်ပြီး သိပ်မကြာခင်မှာပဲ နောက်ကျောဘက်တွင် အေးမြသောခံစားချက်တခုအား ရှောင်းချင်းယန့် ခံစားမိလိုက်သည်။ ရှီချန်အန်းသည် သူ့အား ဆေးလိမ်းပေးနေသည်မှအပ အခြားမည်သည့်လှုပ်ရှားမှုမှ မလုပ်ကြောင်း ရှောင်းချင်းယန့် သိပြီးနောက်တွင်တော့...ရှီချန်အန်း သူ့အား ဆေးထည့်ပေးရာတွင် ပိုမိုလွယ်ကူသွားစေရန် ရှောင်းချင်းယန့်တယောက် သူ၏ခန္ဓာကိုယ်အား ရှေ့သို့ အနည်းငယ် ငုံ့ကိုင်းပေးလိုက်သည်။
"အရှင်မင်းသား...မလှုပ်နဲ့ဦးနော်...ကျွန်တော် ပတ်တီးစည်းဖို့ ပိတ်စ သွားရှာလိုက်ဦးမယ်..."
ကျောပေါ်တွင်လိမ်းထားသောဆေးမှာ လိမ်းဆေးမဟုတ်ဘဲ ဆေးရွက်များအုံထားခြင်းဖြစ်လေရာ...ပိတ်စဖြင့် သေချာစည်းထားပါမှ အဆင်ပြေလိမ့်မည်ဖြစ်သည်။
"အရှင်မင်းသား...ငြိမ်ငြိမ်နေနော်...ကျွန်တော် အခု အရှင်မင်းသားကို ပတ်တီးစည်းပေးထားမယ်...မနက်ဖြန်ကျရင်တော့ ဖြေလိုက်လို့ရပါပြီ..."
ပတ်တီးအဖြစ် အသုံးပြုရန်ပိတ်စ ရှာမတွေ့သည့်အဆုံး ရှီချန်အန်း သူ၏သေချာလျှော်ဖွတ်ထားသော အတွင်းဝတ်အကျႌအား ဆုတ်ဖြဲကာ ပတ်တီးအဖြစ် စည်းနှောင်ရန် ပြင်လေတော့သည်။ မဟုတ်ရင်တောင် သူ ခုနကပဲ...................။ နေဦး.......သူ ခုနတုန်းက အရူးအနှမ်းလုပ်ရပ်တွေ လုပ်လိုက်မိတာ မဟုတ်ဘူးလား...။
“မင်း...အဲ့ဒီလို ဆေးကို အရသာခံကြည့်စရာ မလိုဘူးလို့ ထင်တာပဲ...”
“အရှင်မင်းသား...ကျွန်တော်... ကျွန်တော် မစဉ်းစားဘဲ အဆင်အခြင်မဲ့ လုပ်မိသွားပါတယ်...”
ပါးစပ်ထဲစွဲကျန်နေသေးသော ဆေးရွက်၏အခါးဓာတ်ကြောင့် နဂိုကတည်းကပင် ရှီချန်အန်း၏မျက်နှာမှာ ရှုံ့မဲ့နေခဲ့တာဖြစ်သည်။ မိမိ ဘယ်လောက်တောင် အရူးထသည့်လုပ်ရပ်အား လုပ်မိသွားကြောင်း ပြန်စဉ်းစားမိလိုက်ချိန်မှာတော့ ထိုမျက်နှာသည် ထိန်းမရနိုင်စွာ ပို၍ပင် ရံှု့မဲ့သွားလေတော့သည်။
သူ ဘာလို့ ဒီလောက်တောင် တုံးအနိုင်ရတာလဲ...။ ရှောင်းချင်းယန့်နဲ့ သူက ဘယ်လိုလုပ်ပြီး နှိုင်းယှဉ်လို့ ရနိုင်မှာလဲ...။ အဲ့ဒီအချိန်တုန်းက သူတို့မှာ ဆေးဝယ်ဖို့ ပိုက်ဆံမရှိတာမို့လို့ တုန်းရွှယ်အနေနဲ့ သူ့ဒဏ်ရာ သွေးတိတ်ဖို့ တောရိုင်းဆေးပင်တွေကို အသုံးပြုရုံအပြင် မတတ်နိုင်ခဲ့တာ...။ ဒါပေမယ့်... ရှောင်းချင်းယန့်...သူက တန်ဖိုးကြီးမားလွန်းတဲ့ တာ့ရှောင်းတိုင်းပြည်ကြီးရဲ့ ပထမမင်းသားကြီးလေ...။ အိမ်တော်ထဲမှာ များပြားမရေတွက်နိုင်တဲ့ တန်ဖိုးကြီးဆေးပင်တွေက မကုန်မခမ်းနိုင်အောင်ပဲ...။ အဲ့ဒါတွေအပြင် အသင့်ဖော်စပ်ပြီးသား ဆေးဝါးကောင်းတွေ၊ အစွမ်းထက်လိမ်းဆေးတွေလဲ အလျှံပယ်ပင်...။ အဲ့ဒါကို.....သူက ဘယ်လိုတွေတောင် အရူးထပြီး တောရိုင်းဆေးပင်တွေကို အသုံးပြုပြီး ရှောင်းချင်းယန့်ရဲ့ဒဏ်ရာကို အုံပေးလိုက်ရတယ်လို့.....။ အခုတော့ ရှောင်းချင်းယန့်ရဲ့ နောက်ကျောတပြင်လုံး......ပေ ရေ ညစ် ပတ် ကုန် ပြီ.........။
ထင်မှတ်မထားစွာ ရှီချန်အန်းမှ ထိုဆေးရွက်များအား ပါးစပ်ထဲထည့်ကာဝါးလိုက်သည်ကို သိလိုက်စဉ်ခဏ ရှောင်းချင်းယန့်၏ ပထမဆုံးတုံ့ပြန်မည့်စကားမှာ 'ရှီချန်အန်း အခု ဆေးကို အဆိပ်ရှိမရှိ စမ်းနေတာလား'ဟုပင်...။ သို့သော် သူ၏ပြောစကား မဆုံးခင်မှာပဲ.....သူအရှေ့တွင်ရှိနေသော ထိုသူ၏မျက်နှာတွင် ချက်ချင်း တရိပ်ရိပ် ထင်ဟပ်လာတာက..... နောင်တရိပ်တွေလား..........။
"ဒါမှမဟုတ်ရင်.....ကျွန်တော် အခုပဲ အဲ့ဒီဆေးတွေကို သုတ်ပစ်ပြီး ပြန်သန့်ရှင်းပေးပါ့မယ်...ပြီးရင် သိုလှောင်ခန်းထဲသွားပြီးတော့ သွေးတိတ်ဆေးနဲ့ အမာရွတ်ပျောက်လိမ်းဆေး သွားရှာလာခဲ့ပါ့မယ်..."
“ဟား...”
“?”
သူက ဘာလို့ ရယ်ရတာလဲ..... ။
“မလိုတော့ဘူး...မင်းက ဒီဆေးကို ဒီလောက် နတ်ဆေးလို အမွှမ်းတင်နေမှတော့...ငါ ဒီဆေးကို စမ်းသုံးကြည့်တာပေါ့...”
ရှီချန်အန်း အာရုံစိုက်နေတဲ့ကိစ္စက အဲ့ဒီဖက်အပိုင်း* ဖြစ်နေလိမ့်မယ်လို့ ရှောင်းချင်းယန့် တကယ် ထင်မထားမိခဲ့ဘူး။ ဒီလူ...သူက တကယ့်ကို... ဘာစည်းမျဉ်းစည်းကမ်းမှ နားမလည်ဘူးပဲ.....။ သူက မင်းသားတပါး...။ သူ ငယ်စဉ်ကတည်းက သူရဲ့ စားမှု၊နေမှု၊ထိုင်မှု၊အဝတ်အစား အားလုံးက အထပ်ထပ် သေချာစစ်ဆေးပြီးမှ သူ အသုံးပြုရတာ...။ လာရာလမ်းကြောင်း၊ ဇာစ်မြစ်ခြေခြေမြစ်မြစ် မသိရတဲ့ အစားအသောက်၊ အဝတ်အထည်၊ အသုံးအဆောင်ဆိုတာ သူရဲ့နန်းဆောင်မှာ တခါမှ ပေါ်လာဖူး၊ ရှိဖူးတာ မရှိဘူး...။ တော်ဝင်စားဖိုဆောင်က ချက်ပြုတ်စီစဉ်ထားပါတယ်ဆိုတဲ့ စားကောင်းသောက်ဖွယ်တွေကအစ အရသာစစ်ဆေးတဲ့မိန်းမစိုးတွေဆီမှာ စနစ်တကျ စစ်ဆေးစမ်းသပ် ကျော်ဖြတ်ပြီးပါမှ သူ့ရှေ့ကို ရောက်လာနိုင်တာဖြစ်တယ်...။
အဲ့ဒါကို ရှီချန်အန်းက ဘယ်ကမှန်းမသိတဲ့ အမည်လဲ တိတိကျကျ မသိ၊ ဘာအစွမ်းအာနိသင်ရှိမှန်းတောင် သေချာနားမလည်တဲ့ ဆေးပင်ကို ယူလာပြီး သူ့ရဲ့ဒဏ်ရာအတွက် အသုံးပြုရဲသေးတယ်... ။ ဒါတောင် သူ့စိတ်ထဲမှာ ပူပန်နေတာက စကားထဲထည့်ပြောစရာတောင်မလိုတဲ့ ဘာမဟုတ်တဲ့အကြောင်းလေးအတွက်တဲ့လား...။
*(T/N: ရှောင်းချင်းယန့်က ရှီချန်အန်းက ဘယ်ကမှန်းမသိတဲ့အပင်ကို ရှာပြီး ဘာမှမစစ်ဆေးဘဲသုံးလိုက်တာကို ပြောချင်တာ။ ရှီချန်အန်းက အဲ့ဒါကို သတိထားမိပြီး တောင်းပန်တယ် ထင်နေတာ။ တကယ်တမ်းကျတော့ ရှီချန်အန်းက သူ့ဆေးပင်ကို နည်းနည်းမှမလျော့ဘဲ သုံးဖို့ကြံနေတုန်း။ သူက အပြင်ကတောရိုင်းပင်ဆိုတော့ တခြားတန်ဖိုးကြီးဆေးတွေလောက် တန်ဖိုးမရှိလို့ ရှောင်းချင်းယန့်ကို အားနာနေရုံ သက်သက်ပဲ။ ရှောင်းချင်းယန့်က အဲ့ဒါကို ရိပ်မိသွားလို့...😂)
"ဒါဆို...ကျွန်တော် ဒီဆေးကိုပဲ ဆက်သုံးလို့ရတယ်ပေါ့...အရှင်မင်းသား...စိတ်ချလိုက်စမ်းပါ...ရလာဒ် တကယ်ကောင်းမယ်ဆိုတာကို ကျွန်တော် ရဲရဲကြီး အာမခံတယ်...အိမ်တော်မှာရှိတဲ့ တခြားအမာရွတ်ပျောက်လိမ်းဆေးတွေအောက် အာနိသင် မလျော့စေရပါဘူး..."
ဒီရှောင်းချင်းယန့်က စကားပြောလို့ကောင်းလိမ့်မယ်လို့ ရှီချန်အန်း တကယ် ထင်ထားခဲ့တာမဟုတ်ဘူး...။ ယခင်က သူ ရှောင်းချင်းယန့်နှင့် အတူရှိနေချိန်များတွင်... သူ၏စိတ်ရောကိုယ်ပါ သတိကြီးစွာထား၍ ဆက်ဆံခဲ့ရတာဖြစ်သည်။ သူ၏ အပြောအဆို၊အပြုအမူ၊ အမူအရာအားလုံးတို့အား စိတ်ထဲတွင် အထပ်ထပ် စဉ်းစားလေ့ကျင့်ခဲ့ရသည်။ သူ တကယ် ထင်မထားခဲ့သည်က...ရှောင်းချင်းယန့်သည် သူ့စိတ်ထဲတွင် တွေးထားခဲ့သောပုံစံနှင့် အများကြီး ကွာခြားနေသည်ကိုပင်..... ။
ရှောင်းချင်းယန့်အား ဆေး သေချာလိမ်းပြီးချိန်တွင် ရှီချန်အန်း သူ၏ခြေထောက်များမှ မသက်မသာဖြစ်နေမှုအား စတင် ခံစားမိလာသည်။ စောစောတုန်းက သူ စိတ်လှုပ်ရှား၊ စိုးရိမ်နေမှုတို့ကြောင့် သတိမမူမိသော်လည်း...ယခု စိတ်အနားရသွားချိန်တွင်တော့ သူ၏ခြေထောက်နှစ်ဖက်သည် တဖက်စီတွင် ကျင်း*တထောင်မျှလေးသော ခဲကြီးများ ချိတ်ဆွဲခံထားရသလိုပင်။ သူ နည်းနည်းလေးမျှတောင် မလှုပ်ချင်တော့ပေ...။
*(ကျင်း = catty၊ တရုတ်ပြည်သုံး အလေးချိန်စနစ်။ တကျင်း = 0.5 kg။)
"အရှင်မင်းသား...ထိုင်လိုက်ပါလား...ကျွန်တော် အရှင်မင်းသားရဲ့ဒူးခေါင်းကို ကြည့်ပေးမယ်..."
သူသည်ပင် ဒီလောက် ပင်ပန်းနေမည်ဆိုလျှင်...အချိန်အကြာကြီး ဒူးထောက်နေခဲ့ရသည့် ရှောင်းချင်းယန့်အတွက်ဆိုလျှင် ဆိုဖွယ်ရာရှိတော့မည် မဟုတ်...။
ထင်သည့်အတိုင်းပင်...။ ရှောင်းချင်းယန့် ထိုင်ပြီး၍ သူ၏ဘောင်းဘီအား မတင်ပေးပြီးသည့်နောက်...တွေ့လိုက်ရသည်က သူ၏ နီရဲယောင်ယမ်းနေသော ဒူးခေါင်းနှစ်ဖက်ပင်...။
နွေးထွေးနူးညံ့သော လိမ်းဆေးအား အရေပြားပေါ်တွင် လိမ်းကျံပြီးနောက်တွင်တော့...အေးမြသောခံစားချက်ကြောင့် ရှောင်းချင်းယန့်၏ခြေထောက်များသည်လည်း စောစောကထက် ပို၍ နေရသက်သာလာသည်။ သူ နေရာမှ ထရပ်လိုက်ချိန်တွင် ရှီချန်အန်းသည်လည်း အတူ ထရပ်လိုက်သည်။ အစကတော့ ရှောင်းချင်းယန့် အိပ်သွားမည့်အချိန်အထိ စောင့်ပြီးမှ သူ့ကိုယ်သူ ဆေးလိမ်းမလို့ပင်။ သူ ဘယ်သိပါ့မလဲ... ရှောင်းချင်းယန့်က အပြင်မှာရှိနေတဲ့ယားထိုကို ခေါ်ပြီး သူ ရေချိုးဖို့အတွက် ရေနွေးပြင်ခိုင်းလိုက်မယ်လို့...။
"မင်းကိုယ်ပေါ်မှာ ဒဏ်ရာ မရှိဘူးဘဲ...အရင် ရေနွေးနွေးလေးနဲ့ ရေချိုးပြီးမှ အိပ်လိုက်...အဲ့ဒါမှ နေလို့ပိုကောင်းသွားမှာ..."
“…......ဟုတ်ကဲ့ပါ...”
အိမ်တော်တွင် ရေနွေးပူပူအား အချိန်မရွေး ရနိုင်သည်။ ထို့ကြောင့် သိပ်မကြာခင်မှာပဲ အလုပ်ကြမ်းလုပ်သည့်ယားထိုသည် ရှီချန်အန်းအတွက် ရေနွေးပြင်ဆင်ပြီးသွားပြီ ဖြစ်သည်။ ရေချိုးခန်း၏ အပြင်တံခါးရှေ့တွင် ရပ်ရင်း ရှီချန်အန်းတယောက် မိမိကိုယ်ကို မသိလိုက်စွာပင် ရှောင်းချင်းယန့် ရှိနေသည့် အတွင်းခန်းဘက်အား တချက်လှည့်ကြည့်မိလိုက်သည်။ ထို့နောက်တွင်တော့...သူ ရေချိုးရာတွင် အဝတ်အစားလဲ၊ ပြင်ဆင်ပေးရန် အပေါက်ဝတွင် စောင့်နေသော ယားထိုအား ရေချိုးခန်းအပြင်သို့ ထွက်ခိုင်းလိုက်သည်။
ရေနွေးနွေးလေးတွင် စိမ်လိုက်ရပြီးနောက်တွင်တော့ ရှီချန်အန်း သက်တောင့်သက်သာဖြစ်စွာ သက်ပြင်းရှည်ကြီးတချက် ချမိသည်။ သူ ဒီနေ့တနေ့လုံးအတွက် ပင်ပန်းနေပြီဖြစ်သည်။ မနက်ခင်း နန်းတော်တွင်းသို့ ဝင်လိုက်ရသည့်အချိန်မှစ၍ သူ စိတ်ရောလူရော အားတင်းထားရတာဖြစ်သည်။ ယခုတော့...နောက်ဆုံး သူ စိတ်လျော့ပစ်နိုင်ပြီဖြစ်သည်။ တကယ် နေရသက်သာသွားတာ ဖြစ်သည်။ သက်တောင့်သက်သာ ရှိလေစွ.....။
XXXXX
(T/N: Our lovely couple has finally entered their sweet moments officially!!! {without them knowing themselves})
XXXXX
No comments:
Post a Comment